9
13:09, 15 September 2025လီယို ဆန်းဝန်းကို အသာလေး တွဲမပေးတာ ကားရှေ့ခန်းဆီကို ပို့ပေးလိုက်သည်။ သူ့ကိုယ်လုံးလေးက ပေါ့ပါးနေတယ်လို့ ထင်ရပေမဲ့ တွဲတင်လိုက်တော့မှ တစ်ကိုယ်လုံးရဲ့အလေးချိန်က လီယို့ကိုယ်ပေါ်ကို ရောက်လာသည်။ ကိုယ်သင်းနံ့သင်းသင်းလေးက ရင်ထဲကို တိုးဝင်လာပြီး ရင်ခုန်သံတွေ ပိုမြန်လာတာကို သူသတိထားမိသည်။
ဆန်းဝန်းရဲ့ လက်မောင်းတစ်ဖက်က လီယိုရဲ့လည်ပင်းပေါ်ပတ်ပြီး ကျန်လက်တစ်ဖက်က လီယို့ ခါးကို ဖက်တွယ်ထားတာကြောင့် နီးကပ်လွန်းတဲ့အနေအထား ။ ကားပေါ်ကို အသာအယာ မတင်လိုက်တော့ ဆန်းဝန်းဆီမှ ချောင်းဆိုးသံတစ်ချို့ ထွက်လာသည်။
လီယို ကားပေါ်ရောက်တော့ ဆန်းဝန်းရဲ့ ခေါင်းကခုံနှစ်ခုကြား ကျနေတာမို့ သက်တောင့်သက်သာ ရှိအောင် သူ့ပုခုံပေါ် ဆွဲတင်ပေးလိုက်သည်။
လီယို့ ပခုံးပေါ်မှာ ဆန်းဝန်းရဲ့ ပေါ့ပါးတဲ့အသက်ရှူသံလေးတွေ ထွက်ပေါ်လာသည် ။ လီယို သတိမထားမိခင်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးကို ရင်ထဲထည့်ထားသလို လုံခြုံနွေးထွေးတဲ့ခံစားချက်နဲ့ ရင်ခုန်မှုတွေ မသိမသာ ရောထွေးနေသည်။
လီယို အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုလိုက်ကာ ဘေးက ကောင်လေးကို စောင်းငဲ့၍ ကြည့်မိသည်။
ဖြတ်ကနဲလင်းလာတဲ့ လမ်းမီးတိုင်ရဲ့ ဝါကျင်ကျင်အလင်းရောင်က သူ့မျက်နှာပေါ် ဖြတ်သန်းသွားတဲ့အခါ သူ့ရဲ့နှာတံစင်းစင်းနဲ့ ထူထဲတဲ့ မျက်တောင်ရှည်လေးတွေက ပိုပြီးပေါ်လွင်လာတယ်။ အိပ်ပျော်နေတာတောင် အပြစ်ကင်းစင်နေတဲ့ပုံစံက အထင်းသား ။
သူ့နှုတ်ခမ်းလေးတွေက ခပ်ဟဟလေး ပွင့်နေပြီး နူးညံ့တဲ့အသက်ရှူသံလေးကို ကြားနေရသည်။ ဒီအသံလေးက ကားထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သလို။ ညနေက ရယ်မောပြောဆိုခဲ့တဲ့ သူ့ရဲ့မျက်နှာဟာ အခုတော့ အပြုံးအရိပ်လေးတွေနဲ့ ငြိမ်းချမ်းစွာ အိပ်ပျော်နေသည်။
ညရဲ့ လရောင်နဲ့ လမ်းမီးရောင်က ဆန်းဝန်းမျက်နှာပေါ် ဖြတ်သန်းသွားတဲ့အခါ သူ့ရဲ့ မျက်တောင်ရှည်တွေက အရိပ်ခိုနေပြီး ကြည့်ကောင်းလွန်းလှပါသည်။
လီယို အတော်ကြာ စိုက်ကြည့်နေပြီးမှ ကိုယ်တိုင် သတိထားမိသည်။ နောက်ထပ် ထပ်ပြီး ရင်မခုန်လောက်ဘူးလို့ ထင်ထားပေမဲ့ ဒါက ဒုတိယ အကြိမ် ရင်ပြန်ခုန်လာခြင်းကို သူသတိထားမိလိုက်သည်။
လမ်းမီးရောင် မှိန်မှိန်အောက်က ကားတစ်စီးထဲမှာ ညရဲ့အေးစိမ့်မှုနဲ့အတူ ငြိမ်သက်ခြင်းက နေရာယူထားသည်။
ဆန်းဝန်းနိုးသွားမှာစိုး၍ ကားကို အတန်ကြာ ရပ်ထားပြီးကာမှ နာရီကို တစ်ချက် ငုံ့ကြည့်မိသည်။ အချိန်က ည၁၂ ကျော်နေပြီဖြစ်သည်။
သန်းခေါင်ကျော်ပြီဖြစ်တဲ့ အတွက် ကားရဲ့အင်ဂျင်သံဟာ လမ်းမပေါ်မှာ ပဲ့တင်ထပ်နေသည်။ မြို့ပြရဲ့ ဆူညံသံတွေဟာလည်း ငြိမ်သက်နေပြီ။ ရှေ့မီးရောင်က လမ်းကိုထိုးထားပေမယ့် ကားရဲ့ရှေ့မျက်နှာစာက မှောင်မိုက်နေသည် ။
မှောင်နေတဲ့လမ်းက ဖြတ်သွားရတာမို့ လမ်းရဲ့ဘေးမှာရှိတဲ့ သစ်ပင်တွေက အရိပ်တွေအဖြစ် ရွေ့လျားသွားနေကြသည်။ ညရဲ့တိတ်ဆိတ်မှုက ကားထဲမှာ နေရာယူထားပြီး သီချင်းသံလည်း ပျံ့လွင့်မနေပါ။
ဆန်းဝန်းကတော့ အိပ်မြဲတိုင်း အိပ်နေပြီး တစ်ချက်မှပင် တစ်ရေးမနိုးလာပါ ။လီယို သူ့အိမ်ကိုတစ်ခါရောက်ဖူးတာမို့ ဆန်းဝန်းရဲ့ အိမ်ကိုသာ မောင်းပြီး ပို့ပေးဖို့ ဆုံးဖြတ်ရသည်။
လေအေးအေးက ကားပြတင်းပေါက်ကနေ တိုက်ခတ်လာပြီး လီယို့ ရဲ့ အတွေးတွေကို ဆွပေးနေယောင် ။ သောက်ထားတဲ့အရှိန်ကြောင့် ရီဝေဝေ ဖြစ်နေပေမဲ့ ကားကို သတိထားမောင်းဖို့ စိတ်ကို စုစည်းထားမိသည်။
ကားလေးက ခြံဝန်းတစ်ခုထဲကို ချိုးကွေ့ဝင်လိုက်တော့ ခြံထဲက အပင်တွေရဲ့ ရနံ့က မွှေးကြိုင်နေသည်။
ဆန်းဝန်းပြန်မရောက်သေးတာမို့ အိမ်ထိန်းက ခြံတံခါးကို သော့မခတ်ထားတာမို့ လိယို ဟွန်းတီးနေစရာမလိုပဲ ဝင်လာနိုင်ခဲ့သည်။
ကားရပ်လိုက်တဲ့အခါ အိမ်ထိန်းဦးလေးက ပြေးလာပြီး ကူပေးရမလားဟု မေးသည်။လီယို လက်ကာပြလိုက်ကာ တံခါးဖွင့်ပေးဖို့သာ ပြောလိုက်သည်။
ရောက်ပြီဖြစ်တဲ့အတွက် ဆန်းဝန်းကို ဖြည်းဖြည်းချင်း လှုပ်နိုးလိုက်သည်။ သူကတော့ အိပ်ရာထဲက ကလေးငယ်လေးလို မျက်စိကို မဖွင့်ချင်ဘဲ မျက်မှောင်ကြုတ်နေသည်။ အဲ့ဒီပုံစံကြောင့် လီယို ခပ်ဖွဖွ ပြုံးလိုက်မိသည်။
သူ အဆင်ပြေပြေ ကားပေါ်ကနေ ဆင်းနိုင်ဖို့အတွက် သူ့ရဲ့ပခုံးတစ်ဖက်ကို ဖေးမတွဲခေါ်လိုက်ရတယ်။ မူးနေပေမယ့် ဆန်းဝန်းက လီယို့ကိုမှီကာခပ်တိုးတိုးရယ်သေးသည် ။ သူ့ရဲ့ အနွေးဓာတ်က လီယို့ ဆီကို ကူးစက်လာပြီး လီယို့ ရင်ထဲ သိမ့်ခနဲ ဖြစ်သွားရသည်။
သစ်သားတံခါးကြီးကို ဖွင့်လိုက်တာနဲ့ ကြီးမားကျယ်ပြောတဲ့ ဧည့်ခန်းကြီးက အရင်ဆုံးကြိုဆိုနေသည်။ မျက်နှာကျက်ကနေ တွဲလောင်းကျနေတဲ့ အနုပညာလက်ရာမြောက်တဲ့ မီးဆိုင်းကြီးက ဧည့်ခန်းတစ်ခုလုံးကို ရွှေအိုရောင်အလင်းရောင်တွေနဲ့ လွှမ်းခြုံထားပါသည် ။
ကြမ်းပြင်ပေါ်မှာတော့ အီရန်လက်မှုပညာ ပိုင်ရှင်ရဲ့ပန်းထိုးဖော်ပြချက်တွေနဲ့ အနုစိတ်ပန်းချီကားတစ်ချပ်လိုပဲ လှပတဲ့ ကော်ဇောတွေ ခင်းထားသည် ။ နံရံတစ်ခုလုံးမှာတော့ သက်ရှိသတ္တဝါတွေပုံဖော်ထားတဲ့ ပန်းချီကားတွေနဲ့ အလှဆင်ထားပြီး ထောင့်တစ်နေရာမှာတော့ ပန်းအိုးကြီးတစ်ခုထဲကနေ သက်တမ်းကြာပန်းပင်တစ်ပင်က ခမ်းနားစွာ ရပ်တည်နေသည်။
ဧည့်ခန်းရဲ့ အလယ်မှာတော့ အနက်ရောင် ဆိုဖာခုံတွေက တည်ရှိနေပြီး ဇိမ်ခံပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့ အရာတွေက အိမ်ရဲ့ အလှကို ပိုပြီးပြည့်စုံစေသည်။ ပြတင်းပေါက်ကြီးတွေကနေတဆင့် ညဘက် မြို့ရဲ့အလှကို မြင်နေရသေးသည်။
"ချော်လဲမယ်နော်"
လီယို အနည်းငယ်နိုးနေတဲ့ ဆန်းဝန်းကို ထိန်းထားပေးရင်း ခပ်တိုးတိုးပြောလိုက်သည်။
ဆန်းဝန်းက သူ့ရဲ့ ပခုံးပေါ်မှာ တွဲခိုရင်း လှေကားထစ်တွေအတိုင်း တဖြည်းဖြည်းတက်လာကြသည်။ ဆန်းဝန်း ရဲ့ ကိုယ်က ပူနွေးနေပြီး ဝိုင်နံ့သင်းသင်းလေးက ရစ်သိုင်းနေတယ်။ အိပ်ခန်းတံခါးကိုရောက်တော့ သူ့ကိုယ်ကို နံရံဘက်တွန်းပြီး တံခါးဖွင့်လိုက်သည်။
အလင်းရောင်မှိန်မှိန်လေးနဲ့ အခန်းက နွေးထွေးနေသည်။
ဆန်းဝန်းက နံရံကို မှီနေရင်းမှ လီယိုရဲ့ အနားကို တိုးကပ်လာသည်။
"သဘောကျတယ်"
ရုတ်တရက် ဆန်းဝန်းက ပြောလာတာမို့ လီယို့ ရဲ့ ရင်ထဲမှာ ရုတ်တရက် လှုပ်ခတ်သွားသည်။ သူ့ရဲ့ စကားသံက တိုးလွန်းပေမဲ့ လီယို့ ရဲ့ နှလုံးသားထဲကို တည့်တည့်ရောက်လာဟန်တူသည်။ ဒါပေမဲ့ မူးနေလို့ လူမှားပြောတာပဲဟုသာ သူတွေးလိုက်သည်။
သူ့ကို အိပ်ရာပေါ် ဖြည်းဖြည်းချင်း တွဲတင်ပေးလိုက်တယ်။ လီယို ဆန်းဝန်းရဲ့ ဖိနပ်တွေကိုချွတ်ပြီး ခေါင်းအုံးကို သေချာပြင်ပေးလိုက်သည်။
လီယို သူ့မျက်နှာကို ငေးကြည့်ရင်း ညင်သာစွာ ပြုံးလိုက်မိသည်။
လီယို ဆန်းဝန်းကို အိပ်ရာပေါ်သေချာ ချထားပြီးပြီမို့ အောက်ထပ်ကို ပြန်ဆင်းရန် ထလိုက်သည်။
ဆန်းဝန်း မျက်လုံးမှိတ်ထားရင်းကနေ လက်တစ်ဖက်ကိုဆန့်ပြီး လီယို့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ လီယို ထွက်သွားလို့မရအောင် ဆွဲထားသည်။
"မပြန်နဲ့"
သူ့ရဲ့ အသံက တိုးလွန်းလို့ လီယို ကောင်းကောင်းမကြားလိုက်ပါ ။ လီယို သူ့မျက်နှာကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ မျက်လုံးတွေက လေးလံနေပေမဲ့ အမိန့်ဆန်တဲ့ အကြည့်တွေနဲ့ လီယို့ကို ကြည့်နေသည်။
"မပြန်နဲ့တော့နော်"
သူ့ရဲ့အသံက ခွင့်တောင်းနေသလို ရှိနေပေမဲ့ ပြတ်သားနေသည်။ လီယို သူ့ကို မငြင်းနိုင်တော့ဘဲ သူ့အနားမှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ လက်ကို ပြန်လည် ဆုပ်ကိုင်ပေးထားလိုက်သည်။
အပြင်မှာ မိုးဖွဲဖွဲလေးကျနေတဲ့ အသံနဲ့ သူ့ရဲ့ ငြိမ်သက်စွာ အသက်ရှုနေတဲ့ အသံရယ်က အခန်းလေးကို ပိုပြီး တိတ်ဆိတ်စေသည် ။ လီယို သူ့ရဲ့ခေါင်းကို အသာလေး ပွတ်သပ်ပေးလိုက်သည်။
" ကျွန်တော် မပြန်ပါဘူး မင်းနိုးလာရင်စားဖို့ တစ်ခုခုယူပေးမလို့ပါ "
လီယိုရဲ့စကားသံကို ကြားတော့ သူက ကျေနပ်စွာ မျက်လုံးမှိတ်လိုက်ပြီး လီယို့ရဲ့ လက်ကို တင်းတင်းဆုပ်ထားရင်း အိပ်ပျော်သွားပြန်သည်။
ဆက်ရန်။
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)