Fanfics

8

09:30, 15 September 2025

လီယို ဒီနေ့ နားရက် ဖြစ်တာမို့ တစ်နေကုန် အိမ်မှာပဲ စာအုပ်ဖတ် မုန့်စားရင်းသာ အလုပ်ရှုပ်နေသည်။အဖွားက မနက်စာ နေ့လည်စာ အကုန်ပြင်ပေးနေတာမို့ လီယို ဒီတစ်ရက်တော့ သေချာလေး အနားယူ ဖြစ်မည် ထင်သည်။

လီယိုရဲ့ အခန်းက သိပ်မကျယ်ပေမဲ့ စားပွဲခုံ၊စာအုပ်စင်နဲ့ ပန်းအိုးအနည်းငယ်က နေရာယူထားသည်။

အခန်းထဲက ထောင့်တစ်ဖက်မှာ စာအုပ်စင်သေးသေးလေးတစ်ခု တင်ထားပြီး စာအုပ်တွေ အလျားလိုက်သပ်သပ်ရပ်ရပ် ထားရှိထားသည်။ စာအုပ်တွေရဲ့ အလည်နေရာမှာ အကန့်လေး တစ်ခု ထပ်ရှိတာမို့ ပန်းအိုးအသေး တစ်ခုက နေရာတကျ ရှိနေသည်။ပန်းရဲ့ အနံ့ဟာ အခန်းတွင်း သိသာစွာ ဖြန့်လျားနေပြီး အခန်းလေးကို တိတ်တဆိတ်ပဲ ပြည့်စုံစေသည်။

ဝရံတာဘက်မှာ ရနံ့မွှေးတဲ့ ပန်းတွေဟာ ပန်းအိုးများဖြင့် အစီအရီ လှပနေသည်။လီယို့အတွက်တော့ အေးဆေး အပန်းဖြေလို့ရတဲ့ နေရာလေးဖြစ်သည်။

နေ့လည်စာ စားပြီးတဲ့နောက်မှာ လီယို ရေချိုးဖို့အတွက် ပြင်ဆင်ရသည်။ တစ်မနက်လုံး စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာမို့ အနည်းငယ် မှိုင်ထိုင်းထိုင်း ဖြစ်လာတာမို့ ခေါင်းကြည်စေဖို့ ရေချိုးရမည် ဖြစ်သည်။

ရေချိုးပြီး ထွက်လာတဲ့အခါမှာ လီယို့မျက်နှာထက် ရေစက်သေးသေးလေးတွေ ကပ်နေသေးပြီး ဆံပင် များကလည်း ရှေ့သို့ စိုစိုလေး ဝဲကျနေသည်။ သူတစ်ဆက်တည်းစာအုပ်စင်သေးသေးလေးရှိတဲ့ ထောင့်ကိုသွားကာ  ပန်းအိုးသေးသေးလေးကို ရေလောင်းသည်။

အဝတ်အစားဝတ်ပြီးတဲ့နောက် စီးကရက် သောက်ဖို့ ဆေးလိပ်ဗူးကိုလှမ်းယူသည်။ အခွံသာရှိတော့သည့် ဘူးကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ လမ်းထိပ်နားက စတိုးဆိုင်ဆီ သွားဖို့ ပြင်ရသည်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ယူကာ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။

လှေကားတစ်လျှောက်မှာ လီယို့ရဲ့ Shampoo အနံ့က သင်းပျံ့နေသည်။ မွန်းတည့်ချိန်ရောက်နေပြီမို့ နေသိပ််မပူတော့ ။

နေဝင်ခါနီးရဲ့ အလှဟာ အားလုံးအတွက် တိတ်တဆိတ် သဘောပေါက်စေတဲ့ အရာတစ်ခုပါ။ကောင်းကင်ထဲမှာ အနီရောင်နဲ့ လိမ္မော်ရောင်တို့ ပေါင်းစပ်သွားပြီး အပူနွေးနွေးလေးသာ ထုတ်ပေးတော့တဲ့ အခိုက်အတန့်ပေါ့ ။ နေဟာ တဖြည်းဖြည်း ချိုင့်နက်နက်ထဲကို ဝင်သွားသွားတဲ့အချိန်ဟာ အလှဆုံး ဖြစ်တာမို့ လီယို လမ်းလျှောက်နေရာမှ ကောင်းကင်ကို ခဏမော့ကြည့်လိုက်သည်။

ကားဟွန်းတီးသံကြောင့် လီယို အသံလာရာ နောက်ကို လှည့်ကြည့်လိုက်သည်။ ဆန်းဝန်းက ကားပေါ်က ဆင်းလာပြီး လက်ထဲမှာလည်း အထုတ်တွေပါသေးသည်။

လီယိုသူ့အနားကို လျှောက်သွားလိုက်ကာ

" ဘယ်ကိုလာတာလဲ "

ဆန်းဝန်းက အရင်ဆုံး တည်ငြိမ်စွာ ပြုံးပြသည်။

" အကို့ဆီလာတာ အဖွားကို မုန့်တွေပေးချင်လို့ "

" အာ ရပါတယ် အဲ့လိုတွေ မယူလာလဲ ဖြစ်ပါတယ်"

ဆန်းဝန်းက သူ့လက်ထဲက အထုတ်တွေကို လီယို့ လက်ထဲ ထိုးထည့်ကာ

" မရဘူး ဒါတွေအကုန် ပေးမှာ "

လီယို ဘာမှ ထပ်မပြောဖြစ်။ ဆန်းဝန်းက မျက်လုံးလေးများ မှေးသည်အထိ ထပ်ပြုံးလာကာ

" ဒါပေမဲ့ အကို့ကိုတော့မသယ်ခိုင်းပါဘူး ပြန်ပေး"

ချက်ချင်း လက်ထဲက အထုတ်တွေကို ပြန်လုယူနေတာမို့ လီယို ကြောင်အမ်းစွာပင် ကြည့်နေမိသည်။ဆန်းဝန်းက အထုတ်တွေကို ကားပေါ်ပြန်တင်လိုက်ပြီး

"အကို ဘယ်သွားမလို့လဲ "

"ဆေးလိပ်ဆင်းဝယ်တာ "

" ဆေးလိပ်တွေ သောက်တာ မကောင်းဘူးနော် "

လီယိုက ခပ်ဆတ်ဆတ်ခေါင်းညှိမ့်လိုက်ကာ

" မင်းရော မသောက်တတ်ဖူးလား "

ဆန်းဝန်းက သူ့အိပ်ကပ်ထဲက နာမည်ကြီး စီးကရက်ဘူးကို ထုတ်ပြကာ မျက်လုံးတစ်ဖက်ကိုလည်း မှိတ်ပြလိုက်သေးသည်။

" ဒါကတော့ သောက်လို့ကောင်းတယ်လို့ ပြောမလို့"

ဆန်းဝန်းက စသလို ရယ်မောကာ ပြောနေပြန်သည်။သူနဲ့စတွေ့ကတည်းက လီယိုက ပေါ့ပါးနေတတ်ပြီးဖော်ရွေတာတော့ သူသိသည်။ ဒါပေမဲ့ တစ်မျိုးတော့ ဖြစ်နေသလို ခံစားရသည်။

" အိမ်လိိုက်မှာမဟုတ်လား "

လီယိုက ဘာထပ်ပြောရမယ် မသိတာမို့ စကားလွှဲကာ ပြောလိုက်သည်။

" ဟုတ် လိုက်မှာ ဒါပေမဲ့ ဒီနားက ကြက်ကြော်ဆိုင်သွားရအောင် ဘီယာလဲရတယ်"

လီယိုခဏလောက် စဉ်းစားနေသည်။

"လာပါ လိုက်ခဲ့ပါနော်"

လက်မောင်းကိုဆွဲကာ မျက်နှာငယ်နဲ့ပြောလာသည်မို့ လီယို မငြင်းသာတော့ပဲ သူဆွဲခေါ်ရာ နောက်ကို ပါသွားသည်။ ရမြဲရဆဲဖြစ်တဲ့ ရေမွှေးနံ့က ကားအတွင်း ပျံ့နှံ့နေပြန်သည်။

ဆန်းဝန်းက လီယို့အား ရှေ့တွင်သာ ထိုင်စေပြီး ခါးပါတ်ကိုပါ တစ်ခါတည်း လာပတ်ပေးသည်။ နှစ်ယောက်ရဲ့ အကွာအဝေးက ဘယ်လောက်မှ မဝေးတာမို့ လီယို ငြိမ်သက်စွာပင် ထိုင်နေမိသည်။ ဆန်းဝန်းဆီမှ အသက်ရှုသံ ခပ်ပြင်းပြင်းကို သူကြားနေရသည်။

နှာခေါင်းနားကို ရစ်သီလာတဲ့ လည်ပင်းနားက အမွှေးရနံ့ကြောင့် လီယို ရုတ်တရက် တံတွေး မြိုချမိလိုက်သည်။

" ရေဆာလို့လား အကို "

ဆန်းဝန်းကြားသွားတာမို့ လီယို မျက်ခုံးများ ပင့်တက်သွားရသည်။

" မဟုတ်ပါဘူး"

ဆန်းဝန်းက ပြုံး၍သာ တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ကားအတွင်း တိတ်ဆိတ်နေပြီး လမ်းအချိုးအကွေ့တွေကို အတော်လေး ဖြတ်ကျော်လာရသည်။

" နီးတယ်ဆို"

ဆန်းဝန်းက အနားကဆိုင်လို့ပြောထားတာမို့ လီယို မေးလိုက်ခြင်း ဖြစ်သည်။

" နီးပါတယ် ရောက်တော့မယ်"

ဆန်းဝန်းက လမ်းကိုကြည့်၍သာ ကားကို ဂရုစိုက်မောင်းနေသည်။ လမ်းပေါ်မှာ ကားတစ်စီး နှစ်စီးစသာ ဖြတ်မောင်းသွားလာနေသည်။ ဒီဘက်တွေ လီယို အရင်ကမလာဖူးပေ။

" ဘယ်နေရာက ဆိုင်လဲ "

လီယို ထပ်မေးလိုက်တော့  ဆန်းဝန်းက ကားကို လမ်းဘေးချကာ ရပ်လိုက်သည်။

" ရောက်ပြီ "

လီယို မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း ကားပေါ်က ဆင်းသွားတဲ့ ဆန်းဝန်းအနောက်ကို လိုက်ဆင်းလိုက်သည်။ လမ်းသည်မှောင်မဲနေကာ ဘေးက နေရာတစ်ချို့ကိုပင် မမြင်ရပါ။ ဘေးမှာ ချောင်းတစ်ခုရှိနေပြီး ရေစီးသံကိုတော့ ကြားနေရသည်။

ဆန်းဝန်းက လီယို့အား ကားနောက်ဖုံးဖွင့်ပေး၍ ထိုင်စေကာ ကားပေါ်က အထုတ်တွေထဲက တစ်ချို့ကို လှမ်းယူလိုက်သည်။

ကြက်ကြော်နဲ့ ဘီယာ ဖြစ်ဟန်တူမည်။ လက်ထဲကို ကမ်းပေးလာတာမို့ လီယို အိတ်ကိုဖွင့်ကာ အထဲသို့ ကြည့်မိသည် ။

" ဒီလိုသောက်မယ်ဆိုရင် အကို ငြင်းမှာစိုးလို့ "

ဆန်းဝန်းက လီယို့ဘေးက နေရာလွတ်ကို ဝင်ထိုင်ကာ ဘီယာဘူးကို ကမ်းပေးလာသည်။ လီယို အထွေအထူး ပြောမနေတော့ပဲ လက်ထဲက ဖွင့်ထားပြီးသား ဘီယာဘူးကို တစ်ငုံမော့သောက်လိုက်သည်။

" ဒါ ကျွန်တော် တစ်ယောက်တည်း သိတဲ့နေရာ တိတ်ဆိတ်ပြီး နေလို့ကောင်းတယ်"

ဆန်းဝန်းက ကောင်းကင်ဘက် မော့ကြည့်ကာ ပြုံးစစဖြင့် ပြောလာသည်။ ဆန်းဝန်းက အမြဲ ပြုံးနေတတ်ပြီး စကားအပြောအဆိုလည်း နူးညံ့သေးသည်။ မိန်းကလေးတစ်ယောက်အတွက်တော့ ကောင်းမွန်တဲ့ အိမ်ထောင်ဖက် ဖြစ်နိုင်သည်။ ပိုက်ဆံရှိပြီး ငယ်ငယ်လေးဖြင့် အလုပ်ကို ဦးဆောင်နိုင်သည်။

" အကို့ကို အသိမပေးပဲ ခေါ်လာမိတာ Sorry ပါ"

" မင်း တောင်းပန်ဖို့ မလိုပါဘူး မကောင်းတဲ့အရာမှမဟုတ်တာ ကျွန်တော်လည်း နားအေးပါးအေးသောက်ရတာ ကြိုက်ပါတယ်"

လီယိုက ဆန်းဝန်းဘက်ကို လှည့်ကာ ပြုံးပြလိုက်ရင်းပြောသည်။

တစ်ဖြည်းဖြည်းနဲ့ ညက ပိုနက်လာပြီး အေးစိမ့်စိမ့် အနေအထားကို ခံစားမိလိုက်သည်။ဆန်းဝန်း ထိုင်သောက်နေသည်မှာ၄ဘူးမြောက် ဖြစ်နေလေပြီ ။ ဒီကြားထဲတော့ သူတို့အချင်းချင်း ဘာစကားမှ မပြောဖြစ်။

ဆန်းဝန်းသည် ကောင်းကင်ကို မော့ကြည့်နေရာမှ လီယို့ဘက်ကို မျက်နှာချင်းဆိုင် လှည့်ကြည့်လာသည်။ အမှောင်ထဲမှာ ဖြစ်ပေမဲ့ ထိုကောင်လေးရဲ့ မျက်လုံးလေးတွေက တောက်ပနေတာကို လီယိုခံစားမိလိုက်သည်။

ပကတိတည်ငြိမ်နေတဲ့ အကြည့်တွေက ဆွဲဆောင်နိုင်ပြီး တစ်ချိန်က ပက်သတ်ခဲ့ဖူးသည့် အမျိုးသမီးနဲ့ ဆင်တူသည်။ ဒါပေမဲ့ ဆန်းဝန်းရဲ့အကြည့်တွေက အေးချမ်းနေပြီး သူမနဲ့ ကွဲပြားသည်။ဒီတစ်ကြိမ်မှာတော့ လီယို သူ့အကြည့်တွေကို ရှောင်မလွှဲဖြစ်လိုက်ပါ ။

" ကျွန်တော် နမ်းလို့ရမလား"

ရုတ်တရက် ကြားလိုက်ရတဲ့ စကားကြောင့် လီယို လန့်သွားကာ တစ်ခြားတစ်ဖက်ကို အကြည့်ရွေ့လိုက်သည်။

"မူးနေရင် ပြန်ရအောင်နော်"

အကြည့်လွှဲလိုက်တဲ့လီယို့ရဲ့ မျက်နှာကို ဆန်းဝန်းကသူ့လက်တွေဖြင့် မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်သည်။

ရီဝေဝေ ဖြစ်နေတဲ့ ဆန်းဝန်းရဲ့ မျက်လုံးတွေကို လီယို စိုက်ကြည့်မိလိုက်သည်။ ဆန်းဝန်းရဲ့ တင်းကြပ်တဲ့လက်တွေကြားမှာ လီယိုငြိမ်သက်စွာပင် ရှိနေခဲ့သည်။

နှုတ်ခမ်းပေါ်ကိုကျရောက်လာတဲ့ စိုစွတ်စွတ် အထိအတွေ့ကြောင့် လီယို မသိလိုက်ခင်မှာပင် သူ့မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။

တစ်မိနစ် ။

တစ်မိနစ်အကြာလောက်မှာ ဆန်းဝန်းက လီယို့ရဲ့ ပုခုံးတွေပေါ် အထိန်းအကွပ်မဲ့စွာ လဲကျလာသည်။လီယို အသိစိတ်ပြန်ဝင်သွားကာ မျက်လုံးများကို အဆုံးထိ ပြူးပစ်လိုက်သည်။

ညသည် ဆက်လက်တိတ်ဆိတ်နေပြီး အိပ်ပျော်သွားသည့် ကောင်လေးကလည်း ငြိမ်သက်စွာပင် ရှိနေပါသည်။

ဆက်ရန်။

There are no comments yet. Log in to be the first to leave a review!

Similar stories