Fanfics

7

19:51, 14 September 2025

နေရောင်သည် အခန်းပြတင်းမှ တစ်ဆင့် ဝင်ရောက်လာကာ ဆန်းဝန်းရဲ့ မျက်နှာပေါ်သို့ကျ၏ ။ တစ်ဆစ်ဆစ်ကိုက်နေသောခေါင်းကို လက်ဖြင့် ဖိကာ ကုတင်ကို ကျောမှီဖို့အတွက် အားပြု၍ ထလိုက်သည်။

စားပွဲပေါ်မှ လေးထောင့်ဆန်ဆန် စားပွဲတင် နာရီက ၁၀ နာရီသို့ ပြသနေ၏ ။ အခန်းတွင်းစီး ဖိနပ်ကို သူထိုးစီးလိုက်သည် ။ အဲ့ဒီနောက် ဘေးက စားပွဲတွင် ညကတည်းက တင်တာဟန်တူသည့် ရေကို မော့သောက်လိုက်သည် ။

ညက အရမ်းမူးလာတဲ့အတွက် လီယို ကူသယ်ပေးတာကိုပဲ သတိရသည်။ဘယ်လို မူးသွားလဲဆိုတာ သူ့ခေါင်းထဲ ပြန်ပြီးပုံဖော်မရ ။ အဲ့ဒီလောက်တောင် လူမသိသူမသိ မူးလာခြင်းဖြစ်၏ ။

တွန့်ကျေနေတဲ့ အဝတ်အစားတွေကို ကိုယ်ပေါ်မှာတင် လက်ဖြင့် အသာအယာ လိုက်ဖိကာ ပြင်သည်။ အခန်းတံခါးကို လက်ဖြင့်အသာအယာ တွန်းဖွင့်ပြီး လှေကား အတိုင်း ဆင်းလာလိုက်၏ ။

ထမင်းစားခန်းဆီမှ ထူးဆန်းတဲ့အသံများကြားရသည် ။ ရယ်သံများဖြစ်ပါ၏ ။

လှေကားအောက်ခြေကနေ လီယို့ကို လှမ်းကြည့်မိ၏ ။ ဘေးတွင် အဖွားတစ်ယောက်လည်း ရှိနေပြီး လီယိုနဲ့ အတူ ရယ်မောနေပါသည် ။လက်ထဲက လှီးလက်စ ပေါင်မုန့်ကို ကိုင်ထားကာ အဖွားနှင့်စကားလုပြောနေခြင်းဖြစ်၏ ။ သူဒီလို ရယ်မောနေပြီး ပေါ့ပါးနေတာမျိုး ဆန်းဝန်းမမြင်ဖူးပါ။

ဆန်းဝန်း ကိုယ့်ဘာသာ ခေါင်းတစ်ချက်ကုတ်လိုက်ကာ ထမင်းစားခန်းထဲ ဝင်လာလိုက်သည် ။

"ဪ မင်း နိုးလာပြီလား မနက်စာ အဆင်သင့်ပဲနော်"

လီယိုက သူ့အား ထိုင်ခုံနေရာ ထလုပ်ပေး၍ ပြောလာ၏ ။ နေရာတွင် သူဝင်ထိုင်လိုက်ကာ

" ကျေးဇူးပဲနော် ညက ကျွန်တော် အတော်မူးသွားပုံပဲ sorry ပါ"

နေရထိုင်ရခက်စွာမျက်နှာထားနဲ့ပြောလာတာမို့ လီယို ခေါင်းတွင်တွင်ခါ၍ ပြုံးပြလိုက်သည် ။

" မဟုတ်တာ ရပါတယ် မင်း ပြန်ချင်ရင် ကျွန်တော်လိုက်ပို့ပေးမယ် "

"အင်း ဒါ ဘယ်နေရာလဲ "

" ကျွန်တော့်အိမ်ပါ "

ဆန်းဝန်းက နားလည်သလို ပြောလိုက်ပြီး စားပွဲပေါ်က ပေါင်မုန့်တစ်ချပ်ကို ယို သုတ်ရန် ယူလိုက်၏ ။

"ဪ ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက ကျွန်တော့အဖွား အဖွားကိုတော့ ပြောပြထားပြီးပြီ"

" သား နောက်ကြုံလည်း လာလည်နော်"

အဖွားက မျက်လုံးများ မှိတ်သည်အထိ ပြုံးပြကာ ဆန်းဝန်းလက်ကို ဖွဖွလေး ပုတ်သည်။

" ဟုတ်ဗျ အခုတောင်အားနာနေတာ"

"မဟုတ်တာကွယ် ကဲ စားစား အေးကုန်မယ်"

------

Leo's pov

ဆန်းဝန်းရဲ့အိမ်က ၃လမ်းကျော်လောက်မှာမို့ ကျွန်တော်တို့ ကားမစီးတော့ပဲ လမ်းသာ လျှောက်လာခဲ့သည်။

အိမ်နီးနေမယ်လို့ ကျွန်တော် မထင်ထား။ အခုမနက်မှ ဆန်းဝန်းပြောပြလို့ အနည်းငယ်တော့ တိုက်ဆိုင်လိုက်တာလို့ ခံစားမိသည်။

ကောင်းကင်မှာ တိမ်လည်း ထူနေပြီး နေရိပ်နေတာကြောင့် လိုရမယ်ရ ထီးတစ်ချောင်းကို အိတ်ထဲ ကောက်ထည့်ကာ ယူသွားလိုက်၏ ။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ကောင်းကင်တွင် ငှက်များ အစုအရုံးဖြင့် ကူးလူးနေကြသည်။လမ်းသည် ၃ လမ်းလောက်သာ ဝေးသော်လည်း အကွေ့အပါတ်တွေကြောင့်ထင်ထားတာထက်ဝေးသည် ။ လက်ရှိအထိတော့ စကားမပြောဖြစ်။

ပါးပြင်ပေါ်သို့လွင့်စင်လာသော မိုးအမှုန်အဖွားလေးကြောင့် ကျွန်တော် ကောင်းကင်ကို မော့ကြည့်မိ၏ ။

" ဟင် မိုးရွာလာတာပဲ မိုးဖွားကျလာတာ "

ကျွန်တော် သူ့အားကြည့်၍ ပြောလိုက်သည် ။သူ့တွင်တော့ ထီးပါမည့်ဟန်မတူ ။ တစ်လက်စတည်း ကြိုထည့်လာခဲ့သည့် ထီးကို အမြန်ထုတ်ကာ သူ့အပေါ် ကိုပါ အတူ အုပ်မိုးလိုက်သည်။

" ထီးကသေးပေမဲ့ နည်းနည်းတော့ အထောက်အကူ ဖြစ်မှာပါ "

ဆန်းဝန်းက ကျွန်တော့်အား ခေါင်းငြှိမ့်ပြသည်။ ရုတ်တရက်ရွာချလာတဲ့မိုးက အားအတော်ပြင်း၏ ။မိုးဖွားများက ထီးအောက်မှတစ်ဆင့် မျက်နှာတစ်ဝိုက်ကို တစ်ချက်တစ်ချက် လာလာလွင့်စင်၏ ။

မိုးက ပို၍ သာ များလာသည် ။ လုံးဝ စဲမသွားချေ။သူမိုးမလုံပဲ အေး၍ ထင်သည် ။ ကျွန်တော့်ဘက်ကို အနည်းငယ်တိုးလာတော့ သူ့လက်မောင်းသားနဲ့ ထိမိ၏ ။ သူ့လက်မောင်းရဲ့နွေးထွေးမှုနဲ့အတူ ကျွန်တော့ ရင်ထဲ နွေးကနဲ ဖြစ်သွားရသည် ။

ကျွန်တော်က ထီးကို သူ့ဘက်ကိုပိုတိုးဆောင်းပေးလိုက်တဲ့အခါ သူကျွန်တော့်ဘက် လှည့်ကြည့်လာ၏ ။

" အကိုရရဲ့လား ? "

" ရပါတယ် မိုးရေချိုးမလို့ "

သူကျွန်တော့်ကို ကလေးကလားပဲ ဆိုတဲ့အကြည့်ဖြင့် ကြည့်သည်ကို သဘောပေါက်သည်။ သူ့လက်တွေက ကျွန်တော့်ပါးပြင်ကို ခပ်ဖွဖွ လာတို့ထိသည်။ ကျွန်တော် ဟန်ချက်ပျက်ကာ နောက်ကို ခြေတစ်လှမ်းဆုတ်မိသည်။

"မိုးတွေ မျက်နှာထိ စင်နေတာနော် ဖျားဦးမယ်"

"ရပါတယ် မိုးရေချိုးမှာပဲ "

သူခပ်သွက်သွက် ပြုံးသည် ။ အဲ့ဒီနောက် ကျွန်တော့်ရဲ့ လက်ထဲက ထီးကို သူလွှဲကိုင်သည်။

လမ်းချိုးအဆုံးကိုရောက်တဲ့အခါ သူ့အိမ်ကိုလှမ်း၍ မြင်နေရ၏  ။ ကျွန်တော့်လက်တစ်ဖက်က ရွှဲစိုနေပြီး တစ်ခါတစ်ခါ မိုးမှုန်လေးတွေလာစင်တာကြောင့် ရင်ထဲ စိမ့်စိမ့်တက်သွားသည် ။ သူ့ဘက်ကို အသာအယာ စောင်းငဲ့ကြည့်မိသည် ။ သူ့ဆံပင်အဖျားတွေက ချွေးစို့နေဟန်တူပြီး ရှေ့သို့ခပ်တွဲတွဲလေး ကျနေသည် ။

ဆံပင်အစပ်နားလေးမှာ မိုးရေ ရွှဲစိုလို့နေပြီ။ ထိုအခါ ထင်းထွက်နေတဲ့ သူ့မျက်ခုံးလေးတွေကို ခဏ စိုက်ကြည့်မိသည်။ အနီးကပ်မြင်နေရတဲ့ အနေအထားမှာ ဆန်းဝန်းရဲ့ မျက်နှာကို အကြည့်မလွှဲနိုင်စွာ ကျွန်တော်စောင်းငဲ့ ကြည့်နေမိသည်။နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

ဖြူနုနေတဲ့ ပါးပြင်ထက်ကို မိုးဖွားတွေ လာစင်နေသည်။ သူလက်ခုံဖြင့် ပင့်သုတ်လိုက်သည်။ကျွန်တော် ခဏ စိုက်ကြည့်မိတာကို သူသတိထားမိသွားသလားတော့ မသိ ။သူ့မျက်နှာများ နီရဲလာတာ ကျွန်တော် သတိထားမိသည်။

သူ့အိမ်ရှေ့ကိုရောက်တဲ့အခါ ကျွန်တော်တို့ ကားပါကင်အောက်မှာ အရင်ဝင်ခိုလိုက်ပြီး ထီးကို ပိတ်သည်။မိုးက မစဲသွားသေးပဲ မိုးကြိုးတွေပါချိန်းနေသည်။

" အိမ်ထဲ ခဏဝင်ဦး ရေခြောက်အောင် "

ဆန်းဝန်းက ထီးကို ကျွန်တော့်လက်ထဲကနေတစ်ဆင့် ပြောင်းယူပြီး ထီးပုံးထဲကို ထည့်လိုက်၏ ။

" ချော်လဲမယ်နော် "

ကျွန်တော် သူ့အား နားလည်ဟန် ခေါင်းညှိမ့်ပြလိုက်သည်။ ဒီနေ့က ပိတ်ရက်ဖြစ်ပေမဲ့ သူ့အိမ်နဲ့ ကိုယ့်အိမ် အကူးအပြောင်းလုပ်တာနဲ့တင် နေ့တစ်ပိုင်း ကျိုးနေလေပြီ ။

" ကြီးကြီးရေ ကော်ဖီလေး မရိုမသေ ဖျော်ပေးပါဦးဗျ "

ဆန်းဝန်းက လှေကားကနေ မီးဖိုခန်းထဲကို လှမ်းပြောလိုက်၏ ။ အဲ့ဒီနောက် သူ့အခန်း ဖြစ်ဟန်တူမည့် အခန်းကို တက်လာ၏ ။ ကျွန်တော်လည်း တိတ်တဆိတ်ပဲ အနောက်ကနေ လိုက်လာခဲ့၏ ။

အိမ်သည် ကျယ်ဝန်းပြီး အတွင်းပိုင်းမှာ ပြောင်လက်နေ၏ ။ စတီခုံကြီးတွေက ထုထည် ကြီးပြီး တောင့်တောင့်ဖြောင့်ဖြောင့်ရှိလာသည် ။ အိမ်အဝင်ဝက မီးဆိုင်းကြီးကပင် သိန်းချီလောက်မည် ။

အခန်းတွေလည်း အများအပြားရှိပြီး အတွင်းပိုင်းတွင် မီးအလင်းရောင်များ အဆင့်မြင့်ပစ္စည်းများဖြင့်ပြုလုပ်ထားသော နံရံများ ရှိသည် ။ကြီးမားခလွန်းတဲ့ နေရာကျယ်ခန်းမနှင့် စားဖိုချောင်တို့ပါဝင်သည်။ မျက်နှာကျက်ပုံစံများကို ဂန္ဓဝင်ပန်းချီလက်ရာများဖြင့် အလှဆင်ထားပြီး၊ ကြွေပြား ကြမ်းခင်းတွေနဲ့ ပစ္စည်းများတွေက အိမ်၏ ခမ်းနားမှုကို ထင်ရှားစေသည်။

" ရော့ သုတ်ထားနှင့်နော် အဝတ်အစားထုတ်ပေးမယ်"

ကျွန်တောာ့်လက်ထဲကို တဘတ်အဖြူ တထည် လာပေးကာ သူ ဘီရိုအနားလျှောက်သွားသည်။

အခန်းဖွဲ့စည်းပုံက ကျယ်ပြီး အမြင်ရှင်းသည်။ကုတင်ကြီးကြီးတစ်ခုရှိပြီး ဘေးတွင် ကြီးမားတဲ့ စာအုပ်စင်လည်းရှိသေးသည်။ စာရေးစာပွဲပေါ်တွင်တော့ pc တစ်လုံးစင်ထားပြီး ပစ္စည်းများက သပ်သပ်ရပ်ရပ် ရှိလှ၏ ။

" ရော့ "

တီရှပ်နှင့် ဘောင်းဘီရှည်တစ်ထည် ထုတ်ပေးလာ၏ ။

" ထမင်းစားသွားပါလား "

" ရပါတယ် ကျွန်တော်မဆာဘူး "

"ကျွန်တော် က သူစိမ်းတွေ အိမ်ခေါ်လာလေ့မရှိဘူးနော် အကိုကံကောင်းတာ "

ဟက်ခနဲတစ်ချက်ရယ်ပြီး ဆန်းဝန်းက ပြုံးသည်။အဲ့ဒီနောက် စားပွဲခုံပေါ် ဝင်ထိုင်ကာ လပ်တော့ထဲ ဟိုဟိုဒီဒီ ပို့နေသည် ။ သူဘာလုပ်နေသည်ကိုတော့ သေချာ မကြည့်မိ ။

သူ့အဝတ်အစားတွေက ကိုယ်နဲ့ ကွက်တိမဖြစ် သေး၍ နေသည် ။ ကျွန်တော်က သူ့ထက်လူကောင်ကြီး၍ ဖြစ်မည် ။ သတိထားမိတာတစ်ခုကတော့ ဆန်းဝန်းဆီက ရနေကြ အနံ့သင်းသင်းတစ်ခုက ထိုင်္အကျီမှာလဲ စွဲနေသည် ။ သူ့ရေမွှေး စွတ်ပေးထားတာ ဖြစ်နိုင်မလား ဒါမှမဟုတ် ဆပ်ပြာဆီ အနံ့လား ။

ကျွန်တော် Sofa ပေါ်ထိုင်နေရင်းနဲ့ ဟိုဟိုဒီဒီတွေးနေမိသည် ။

ခေါင်းပေါ်ကို ကျလာတဲ့ လက်နွေးနွေးကြောင့် ကျွန်တော် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။

" --- "

ဆံပင်တွေသိပ် မခြောက်သေးဘူး Dryerသုံးချင်လား"

" ဟင့်အင်း ရပြီ "

ကျွန်တော်သူ့အား မော့ကြည့်လိုက်တော့ သူ့ရဲ့ ခပ်ညိုညိုမျက်လုံးတွေနှင့် အကြည့်ချင်းဆုံသည်။ အဲ့ဒီအကြည့်တွေက အရင်က တစ်စုံတစ်ယောက်ကို သတိရစေတာမို့ ကျွန်တော် ချက်ချင်း အကြည့်လွှဲလိုက်မိသည်။ ဆန်းဝန်းအပေါ် ဘယ်လိုခံစားနေရလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိတော့ ။

အခုမှ စသိကြတဲ့ သူစိမ်းနှစ်ယောက် ဖြစ်ပေမဲ့ ဆန်းဝန်းက ကျွန်တော့်စိတ်ထဲကို အတော်လေး နေရာယူတတ်ပါသည်။ အမြဲ အမှတ်မထင် ပေါ်လာတတ်ပြီး တစ်ခါတစ်လေဆို နူးညံ့လွန်းတဲ့ စကားတွေလည်း ပြောတတ်သေးသည်။

" အောက်ဆင်းပြီး ကော်ဖီသောက်ရအောင်"

ကျွန်တော်ထိုင်နေရာမှ ဆတ်ခနဲ ထထိုင်လိုက်ပြီး သူ့နောက်ကို လိုက်သွားလိုက်သည် ။

အောက်ထပ်မှာ ကြီးကြီးတစ်ယောက်က ကော်ဖီနဲ့ မုန့်တွေ မျိုးစုံ ပြင်ပေးထားတာကိုတွေ့ရတဲ့အခါ ကျွန်တော် အံ့ဩမိသည်။ အထွေအထူးရောက်လာတဲ့ ဧည့်သည်မဟုတ်ပဲ ပြင်ဆင်ထားတာက များလွန်းနေ၍ ဖြစ်သည်။

" ဘုန်းကြီး ကပ်တာလား "

ကျွန်တော် ဆန်းဝန်းကို ကြောင်အမ်းအမ်း ရွဲ့ပြီး မေးလိုက်မိ၏ ။

သူခပ်ညစ်ညစ်ပြုံးပြကာ နေရာတွင် ဝင်ထိုင်စေသည်။

" အကို အကုန်စားရမှာ "

ပြင်ဆင်ပေးထားတဲ့ မုန့်တွေကို အရသာ လိုက်မြည်းရင်း အတော်များများပင် ကျွန်တော် စားမိလိုက်၏ ။ကော်ဖီအရသာကလည်း ကောင်းပြီး မုန့်တွေကလည်း အရသာရှိသည် ။ နာရီကိုကြည့်မိတော့ ညနေ၃ နာရီပင် ရှိနေပြီမို့ ပြန်ဖို့ သူ့အားပြောလိုက်သည် ။

" ကားနဲ့ လိုက်ပို့ပေးမယ် "

" ရပါတယ် လမ်းလျှောက်မှာ သူပို့ ကိုယ်ပို့ ဖြစ်နေပြီ "

" မရပါဘူးဗျာ စိတ်မချဘူး"

ကားသော့ကိုဆွဲယူကာ ကျွန်တော့်ကို ထိုသို့ ပြော၍ ထားခဲ့ခြင်း ဖြစ်၏ ။ "သူပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကိုရော သိရဲ့လား။ စိတ်မချရအောင် ဘာမို့လို့လဲ " ဟု ကျွန်တော်တွေးရင်း စိတ်ထဲ မတင်မကျ ဖြစ်နေသည်။ ပုံးထဲမှ ထီးကို အမြန်ကောက်ယူကာ ကားထဲကို အကျအနဝင်ထိုင်လိုက်၏ ။

ဆန်းဝန်းသည် အသက်ငယ်သော်လည်း သူ့ရာထူးနဲ့ လိုက်အောင်ကို အနေအထိုင်လည်း စည်းကမ်းရှိသည်။ အိမ်ကလည်း ကောင်းပြီး ဈေးကြီးမည့်ပုံရှိသည် ။ လူကတော့ တစ်ခါတစ်ရံပြောရဆိုရခက်လောက်မည့်ပုံ ဖြစ်သည် ။ လီယို သူ့ဘက်ကို စောင်းငဲ့ကြည့်ပီး ခေါင်းကို ခါယမ်းလိုက်သည် ။

--

ဆက်ရန် ။

There are no comments yet. Log in to be the first to leave a review!

Similar stories