Fanfics

6

17:32, 9 September 2025

ဆန်းဝန်းက တစ်ချက်တစ်ချက် လှည့်ကြည့်နေတာကို ကျွန်တော်ခံစားမိသည်။အမြဲရနေကြ ဖြစ်တဲ့ ရေမွှေးနံ့က ကားအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည်။

ကားက ဆိုင်တစ်ဆိုင်ရှေ့မှာ ထိုးရပ်လိုက်ပြီး ကျွန်တော့်အား ဆင်းစေသည်။ ဆိုင်အပြင်အဆင်က ခမ်းနားလွန်းပြီး နိုင်ငံခြားသားတွေလည်း အလာများသည်ထင်သည်။ဆိုင်မှ ဖွင့်ပေးထားတဲ့ နောက်ခံတီးလုံးက ငြိမ့်ငြိမ့်လေးနဲ့ နားထောင်လို့ကောင်းသည် ။

ဆိုင်ရဲ့ ထောင့်ကျကျ နေရာမှာ ကျွန်တော်တို့ဝင်ထိုင်လိုက်ကြပြီး Waiter ကောင်လေးက မှာဖို့အတွက် မီနူး ယူလာပေးသည်။

" အကို သောက်တတ်လား "

"ဟင် ညစာ စားမှာဆို အရက်သောက်မလို့လား"

"ညစာ စားမှာလေ ဒီဆိုင်က သောက်လို့လဲ ရတယ် နည်းနည်းတော့သောက်ပါ စားကောင်းတာလည်း မှာပေးမယ်နော်"

ဆန်းဝန်းက မျက်နှာလေး နုသလို စကားကိုလည်း နူးညံ့အောင်ပြောတတ်သေးသည်။အရက်မသောက်ချင်လို့ ရှောင်ထွက်လာပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် အရက်ရတဲ့ ဆိုင်ကိုမှ ရောက်နေပြန်သည်။ သောက်ရမဲ့ကံပါနေလို့များလား ။

ကျွန်တော်တွေးနေရင်းမှ ရယ်သံခပ်တိုးတိုး ပင်ထွက်သွားသည်။ခဏအကြာ မှာထားတဲ့ ညစာရပြီမို့ သူကျွန်တော့်ရှေ့ကို အရင်ချပေးလာသည်။ဆန်းဝန်းက အသား၊ပေါင်မုန့် နဲ့ တစ်ခြား Dessert တို့လောက်သာ ကြိုက်ပုံရသည်။

ခရီးသွားတုန်းကလည်း ထမင်းမစား အခုလည်းထမင်းမှာထားခြင်းမရှိ။

" အကို မြည်းကြည့်နော် အရသာမကြိုက်ရင် နောက်တစ်မျိုး ပြောင်းပေးမယ်"

ကျွန်တော်ခေါင်းငြှိမ့်လိုက်ရင်း ရှေ့မှာ အသင့်ရှိတဲ့ Steak ကို ဓားနဲ့ဖြတ်လှီးကာ တစ်ဖဲ့စားလိုက်သည်။ အသားက နူးညံ့နေပြီး မွှေးသည်။အရသာကတော့ ပြောစရာကိုမလိုအောင် ကောင်းလွန်းသည်။

"အကို ကြိုက်ရဲ့လား"

ဆန်းဝန်းက ကျွန်တော့်အား တစ်ရိပ်ရိပ်ကို လိုက်ကြည့်နေသည်ဟု ခံစားမိလာသည်။ကိုယ့်အတွေးတဲ့ကိုယ် အနည်းငယ် ရှက်လာတာမို့ ဘီယာတစ်ခွက်ကို တစ်ဝက်အရင် မော့ချလိုက်သည်။

" အင်း ကောင်းပါတယ် မင်းလည်း စားတော့လေ"

ဆန်းဝန်းက ခေါင်းငြှိမ့်ပြပြီး ခပ်သွက်သွက်လေး ပြုံးပြသည်။

" ဖြည်းဖြည်းသောက်နော်"

ကျွန်တော် စိတ်အနည်းငယ် လှုပ်ရှားနေတာမို့ ရှေ့မှာရှိနေတဲ့ ဘီယာခွက်ဆီကိုသာ လက်က လှမ်းနေမိသည်။ သူ့ဆီက ဖြည်းဖြည်းသောက်နော် ဆိုတဲ့ စကားသံကြောင့်လက်ထဲမှ ဖန်ခွက်ကို ခုံပေါ်ကို ချလိုက်၏ ။

ည၇နာရီကျော်ကျော်လောက်ရောက်သည်ထိ ကျွန်တော်တို့ ဆိုင်ထဲက မထွက်ဖြစ်သေး။ ဆန်းဝန်းက အသက်ငယ်ပေမဲ့ အရက်တော့ သိပ်ပြီးသောက်နိုင်ပုံ မပေါ်ပါ ။ အမြဲ ပြုံးပြုံးလေး ရှိနေတတ်ပြီး ကျွန်တော့်အား တွေ့တိုင်း ဖော်ရွေနေတတ်သည်။

" မင်း သောက်နိုင်သေးရဲ့လား "

နာရီအတော်ကြာအောင် သောက်ပြီးတဲ့နောက်မှာ ဆန်းဝန်းတစ်ယောက် အာလေး လျှာလေး ဖြစ်စပြုလာပြီမို့ ကျွန်တော် သူ့အား ပုခုံးလှုပ်၍ မေးလိုက်သည်။

"အေးဆေးပါ"

အေးဆေးလို့သာ ပြောနေပေမဲ့ သူ မျက်လုံးပင် သိပ်မပွင့်ချင်တော့ပါ ။ ယိုင်နဲ့နဲ့ ကိုယ်လုံးကို ထိန်းကာ ထရပ်လိုက်သည်မို့ သူမူးနေပြီဆိုတာ ကျွန်တော် သတိထားမိလိုက်သည်။

-----

လီယိုချက်ချင်းလိုက်ထမိကာ ဆန်းဝန်းကို တွဲပေးလိုက်၏ ။အိမ်သာထဲကို အထိအခိုက်မရှိ ပို့ပေးပြီးတဲ့နောက်မှာတော့ လီယိုနံရံကိုမှီပြီး ရပ်စောင့်နေလိုက်သည် ။

" အဆင်ပြေရဲ့လား "

တံခါးပြန်ပွင့်လာတဲ့အတွက် လီယို့ သူ့နား သွားလိုက်ကာ ပြန်ထိန်းပေးလိုက်ရင်း မေး၏ ။

ဝေဝါးနေတဲ့ အကြည့်တွေက လီယို့ ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လာ၏ ။ နီးကပ်လာတဲ့ အကွာအဝေးနဲ့အတူ လက်တွေရဲ့ နွေးထွေးမှုကို လီယို တင်းကြပ်စွာ ခံစားလိုက်ရ၏ ။

"----"

ကိုယ်ပေါ် လှဲချလာပြီး ဖက်ခံလိုက်ရတာမို့ လီယိုလန့်သွားသည် ။ အိပ်ပျော်သွားတာဖြစ်မယ်လို့တွေးရင်း ဆန်းဝန်းရဲ့ မျက်နှာကိုအနည်းငယ် တွန်း၍ ဖယ်ကြည့်မိသည် ။

" လှတယ် "

ခပ်တိုးတိုး ဖွင့်ဟလာတဲ့ စကားသံကြောင့် လီယို မျက်ခုံးတွေ တွန့်ချိုးလိုက်၏ ။ 'ဘယ်သူ့ကိုပြောနေတာလဲဟ လူများ မှားပြောတာလား ။ မဟုတ်ရင်ရော ငါ့ကို ဘယ်လိုရည်ရွယ်ပြီးပြောတာလဲ'

ထိုနေရာမှာပင် လီယို့ ခေါင်းထဲကို အတွေးပေါင်းစုံက ဝင်ရောက်လာသည် ။ အချိန်လဲ နောက်ကျနေပြီမို့ ဆန်းဝန်းကို တွဲ၍ အပြင်ဘက် ပြန်ခေါ်လာခဲ့၏ ။

-----

ဆိုင်အတွင်းက ထွက်လိုက်တာနဲ့ လေပူနွေးနွေးလေးက လီယို့ရဲ့ မျက်နှာထက် ဖြတ်ပြေးသွား၏ ။

လက်တစ်ဖက်က ဆန်းဝန်းရဲ့ ကိုယ်ကို ထမ်းထားပေးရတာမို့ ကားသော့ကို သူ့ဘောင်းဘီအိတ်ထဲကနေ သူ လက်တစ်ဖက်ဖြင့် နှိုက်လိုက်၏ ။

ဆန်းဝန်းကို ခေါင်းခန်းမှာအသာအယာ နေရာချကာ ကားမောင်းရမဲ့ တစ်ဖက်ခုံကို သူဝင်ထိုင်လိုက်လိုက်သည် ။

ကားပြတင်းကနေတစ်ဆင့် ဝင်ရောက်လာတဲ့ မာကျူရီ ဝါကျင့်ကျင့်မီးရောင်တွေက ဆန်းဝန်း ရဲ့ မျက်နှာပေါ် ဖျာကျနေတာမို့ သူခဏ စိုက်ကြည့်နေလိုက်မိ၏ ။ အဲကွန်းဖွင့်ထားတာတောင် ချွေးစို့နေတဲ့ သူ့ပုံစံက တကယ်ကို လူမသိ သူမသိ မူးနေဟန်တူသည် ။ မဲနက်နေတဲ့ မျက်ခုံးတွေက ပကတိ ငြိမ်သက်နေပြီး အသက်ရှူသံ တိုးတိုးလေးပင် ကြားနေရ၏ ။

ခဏတာ စိုက်ကြည့်နေမိပြီးနောက်မှာ ဘယ်ကို ပို့ပေးရမှန်းမသိတဲ့အတွက် လီယို သူ့အိမ်ကိုသာ မောင်း၍ ခေါ်လာခဲ့လိုက်ပါသည် ။ လမ်းတစ်လျှောက်လုံး ချောင်းထဟန့်တာကလွဲရင် ဆန်းဝန်း က ခဏမျှပင်နိုးမလာပါ ။

လီယိုက ကားမောင်းလေ့ မရှိပေမဲ့ သင်ထားဖူး၍သာ တော်သေးသည်။ ကားကို ငြိမ်သက်အောင် ထိန်းမောင်းကာ ဂရုတစိုက်မောင်းနှင်လာခဲ့၏ ။ ၁၀မိနစ်လောက်မောင်းပြီးတဲ့နောက်တော့ အိမ်ဝကိုရောက်သည် ။

လီယို့ရဲ့ အိမ်က ခြံထဲမှာ ဆောက်ထားတဲ့ တစ်ထပ်အိမ်ကလေး ဖြစ်သည် ။ ကားဝင်ဖို့လည်း ဆံသည်။ဟွန်း ၂ ချက်လောက်တီးပြီးတဲ့နောက်မှာ အဖွားက ဘယ်သူလဲဟု မေးကာ ခြံတံခါးလာဖွင့်ပေးတာမို့ ကားကို ခြံထဲမှာ ထိုးရပ်လိုက်သည် ။

" အဖွား သားဧည့်သည်ပါ သူနေလို့သိပ်မကောင်ူလို့ အခန်းလေးပြင်ထားပေးပါဦးနော် ကြိုပြီးဖုန်းဆက်ဖို့ မေ့နေလို့ပါ "

သူ့အိမ်မှာ အခန်းအပိုတွေ ရှိပေမဲ့ ဧည့်သည်လာခါနီးတိုင်း အခန်းကို စစ်ဆေးသည့်အကျင့်ရှိသည် ။ သန့်ရှင်းပြီးပြောင်လက်နေမှ လီယို က ကျေနပ်တတ်သည်။

အဖွား က ကားပေါ်ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်၏ ။ 

" ယောကျ်ားလေးပါ အဖွား ဂေဟာက အသိပါ"

"စားဖို့တစ်ခုခုရော ပြင်ပေးရမလား သား အခန်းရှင်းပြီးရင် သံပုရာရည်တော့ ဖျော်ထားပေးမယ် "

လီယိုက ခေါင်းတစ်ချက် ငြှိမ့်ပြလိုက်ပြီး

" လောလောဆယ် သား အခန်းဆီခဏ ခေါ်ထားလိုက်မယ်နော် "

အဖွားက နားလည်ဟန် ခေါင်းငြှိမ့်ပြကာ မီးဖိုခန်းဘက်ကို ထွက်သွား၏ ။

အိမ်သည် သိပ်မကြီးသော်လည်း  မျက်စိအေးအေးရှိလှသည်။ ခြံထဲမှာ ပန်းပင်တွေ အစုအရုံးနဲ့ စိုက်ထားပြီး အရိပ်ရ အပင် အတော်များများလည်း ရှိသည်။

ဧည့်ခန်းတွင် ပရိဘောဂပစ္စည်းတွေ သိပ်မရှိပေမဲ့ မြေးဖွားနှစ်ယောက်နေဖို့ အတွက်တော့ လုံလောက်လှပါသည်။

စာအုပ်များကို အလှဆင်ထားသည့် နံရံကပ် ထောက်တိုင်ပေါ်တွင် စာအုပ်မျိုးစုံက နေရာယူနေသည် ။ ထိုအရှေ့တွင်တော့ ခေါင်းအုံးများပါသည့် ဆိုဖာတစ်ခု ဖြစ်သည်။

အပြင်ဘက်မှာ နည်းနည်းအေးနေသည်မို့ လီယိုပြတင်းတခါးများကို အစိပိတ်လိုက်သည် ။ ဝါဖျော့ဖျော့မီးရောင်ကို ဖွင့်လိုက်တာ အခန်းအနှံ့ နွေးထွေးသော အရိပ်များကို လွှမ်းခြုံထားလိုက် သည်။ ဆယ်မိနစ်နီးပါးကြာအောင် ကုတင်ဘေးက စားပွဲတွင် သူစာထိုင်ဖတ်နေမိသည် ။

- အဖွားက ကြာလိုက်တာ -

စိတ်ထဲမှရေရွတ်လိုက်ပြီး ဆန်းဝန်းဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၏ ။ အရက်မူးနေတဲ့အရှိန်ကြောင့် ချွေးတို့က နဖူးထက် စို့နေသည် ။ အနည်းငယ် စိုစွတ်နေဟန်ပေါ်တဲ့ င်္အကျီကို စမ်းကြည့်မိတော့ ချွေးတွေက နစ်ရွှဲလို့နေသည် ။

" သား အခန်းရပြီနော်"

တံခါးခေါက်သံ ၃ ချက်နှင့်အတူ အဖွားကပြော၏ ။

" နေပါစေတော့ သား ဒီမှာပဲ ထားတော့မယ် ကျေးဇူးပါနော် အဖွား"

"အေးအေး"

ချွေးအမြဲ ထွက်နေလောက်မယ်ထင်တာမို့ အဝတ်လဲပေးလို့ရအောင် အခန်းထဲပဲ သိပ်လိုက်ခြင်းဖြစ်၏ ။

------------ ၁၁ နာရီ ၂၃ မိနစ် ။

အရက်သောက်ထားတဲ့အရှိန်နဲ့မို့ထင်သည် ။ ကုတင်ပေါ်မှာ ငြိမ်သက်စွာအိပ်နေတဲ့ ဆန်းဝန်းက အသက်ပုံမှန် ရှူသံကလွဲ၍ တစ်ရေးမျှ နိုးမလာပါ ။

လီယိုက စားပွဲပေါ်ထိုင်ရင်း ဖတ်လက်စ စာအုပ်ကို လက်စ သပ်လိုက်သည် ။ နာရီကို ကြည့်မိရင်း သူထိုင်နေတာ ကြာသွားတာကို သတိပြုမိလိုက်သည် ။

" ဟင် ၁၁ တောင်ကျော်သွားပြီပဲ "

သူ ကုတင်ဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်သည် ။ ကျောပေး၍ အိပ်နေသည်မို့ ချွေးမထွက်တော့တာကိုတော့ မြင်နေရ၏ ။ သူ အနားကို သွားလိုက်ကာကိုယ်ကိုကွေးညွတ်လိုက်ပြီး မျက်နှာဘက် ငုံ့ကြည့်လိုက်သည် ။

ဖြောင့်စင်းနေတဲ့ နှာတံတစ်လျှောက် ဖွဖွလေး တို့ထိမိတော့ သူအနည်းငယ် လှုပ်လာသည် ။ လီယို ချက်ချင်း ဘေးကို ဖယ်လိုက်ကာ စားပွဲပေါ်ကို ပြန်သွားထိုင်နေလိုက်သည် ။

" ဟွတ် "

ချောင်းဆိုးသံနဲ့အတူ မျက်လုံးများကို သူ့လက်နှစ်ဖက်ဖြင့် ဆွဲပွတ်လိုက်သည် ။ အချိန်အတော်ကြာ ပွတ်သပ်နေပြီးမှ ဆန်းဝန်းရဲ့မျက်လုံးတွေက ဟဟလေး ပွင့်လာ၏ ။ သူ မျက်နှာကျက်ကို မမှိတ်မသုန်ကြည့်နေကာ ကောဘေးဘက်ကို ထပ်ကာာလှည့်ကြည့်လာ၏ ။

" နိုးပြီလား "

လီယိုက မျက်ခုံးတွေကို တွန့်ချိုးလိုက်ရင်း ဆန်းဝန်းဘက်ကို စိုက်ကြည့်နေ၏ ။

" မင်းအရမ်းမူးနေလို့ ဘယ်ပြန်မှာလဲ မသိတာနဲ့ ခေါ်လာလိုက်တာ "

အဲ့ဒီဖြေရှင်းချက်ကိုကြားလိုက်မှ သူ နားလည်ဟန်နဲ့  ခေါင်းလှည့်သွားသည် ။ ထို့နောက် မျက်ခုံးတွေကို လက်နဲ့ဖိ၍ ထိုင်ဖို့အတွက် ထလိုက်၏ ။

" မူးနေတုန်းလား သံပုရာရည် သောက်ချင်လား"

လီယို နဖူးကို စမ်းရန် သူ့အနားထိ တိုးလာ၍ မျက်နှာရှေ့ ငုံ့မိုး၍ မေးလိုက်၏ ။

ဆန်းဝန်းက ချက်ချင်းဆိုသလို ပြန်မော့ကြည့်လာတော့ အချင်းချင်း အကြည့်ချင်း တိုက်ဆိုင်သွား၏ ။ ပုံမှန် ညိုစွေးစွေး မျက်စံတွေက မူးနေတာကြောင့်လားတော့ မသိ အနည်းငယ် နီရဲလို့နေ၏ ။

သူ့ကို မမှိတ်မသုန်စိုက်ကြည့်လာတဲ့အတွက် လီယို တစ်ခဏမျှ မှင်သက်၍ ငြိမ်သွား၏ ။၃ မိနစ်လောက်အကြာမှာ လိယို့ဘက်မှ အရင်ဆုံး မျက်လုံးအကြည့်တွေကို ရှောင်လွှဲလိုက်၏ ။

" သောက်ချင်လား သံပုရာရည် "

" ဟင့်အင်းရတယ် ကျေးဇူးပဲနော် အကို မအိပ်ရသေးဖူးလား "

ဆန်းဝန်းက စားပွဲပေါ်က ၁၂ နာရီကျော် ရှိပြီဖြစ်တဲ့ နာရီကို မေ့ငေါ့ပြကာ ပြောလာ၏ ။

"အိပ်တော့မှာပါ မအိပ်ခင် ဘာလုပ်ပေးရဦးမလဲ "

" ရပါတယ် ကောင်းသောညနော်"

လီယိုက နားလည်ဟန် ခေါင်းငြှိမ့်ပြကာ အခန်းတံခါးဆီ လျှောက်လာလိုက်၏ ။ အဲ့ဒီနောက် ဆန်းဝန်းနားဖို့အတွက် ရှင်းထားတဲ့ အခန်းကို ဝင်လိုက်၏ ။

တစ်နေကုန်ပင်ပန်းထားပြီး သောက်ထားတဲ့အရှိန်ကြောင့် လီယိုလည်း အိပ်ယာပေါ် ဘုန်းခနဲ လှဲချလိုက်၏ ။

---------------

ဆက်ရန် ။

There are no comments yet. Log in to be the first to leave a review!

Similar stories