Fanfics

3

12:19, 8 September 2025

ဒီနေ့ လီယို အချိန်ပိုင်းလုပ်နေရတဲ့ ဂေဟာကနေ တောင်တက်Tripလေး တက်ကြဖို့ အကြောင်းဖန်လာသည်။ ဒီမှာက နှစ်လကို တစ်ခါ အဖိုးအဖွားတွေကို အပြင်လိုက်ပို့ပေးနေကြဖြစ်သည်။

ဒီတစ်ခေါက်တော့ တောင်တက်ခရီး တက်ကြဖို့ သဘောတူကြသည်။ အသက်ကြီးကြလို့ မောမှာစိတ်ပူပေမဲ့အဖိုး အဖွားတွေကလည်း တက်ဖို့ စိတ်အားထက်သန်နေတာမို့ တာဝန်ခံကလည်း မငြင်းသာတော့ပဲ လက်ခံရသည်။

ဒီတစ်ခေါက်မှာ ဟိုရက်ကလာတဲ့ ကောင်လေး ပါလိုက်မယ်ဟု သိရသည်။ "ဒီကောင်လေးက အတော်လေး ရှုပ်တာပဲ" ဟု လီယို့စိတ်ထဲမှ ရေရွတ်မိသည်။ သူကတော့ သူ့ကားနဲ့သူ တောင်ခြေထိ လိုက်လာလောက်မည်ဟု သူတွေးမိသည်။

လီယိုက အဖိုးအဖွားတွေကို နေရာ ချပေးလိုက်ပြီး နောက်ဆုံးမှ တက်ဖို့ပြင်သည်။ နောက်ဆုံးတန်းက နှစ်ခုံတွဲတစ်ခုကလွတ်နေသည်။လီယို အတော်ပဲလို့ တွေးပြီး အနောက်ဆုံးခုံဆီသို့ လျှောက်လာလိုက်သည်။

"ကဲ လူစုံပြီဆို ကားထွက်ပြီနော်"

တာဝန်ခံရဲ့ အသံကို အားလုံးကထောက်ခံလိုက်သည်။

တောင်ပေါ်ခရီးဖြစ်တဲ့အတွက် လမ်းမှာ မြင်တွေ့ရတဲ့ တောင်အချိုးအကွေ့တွေက အတော်လေးကို လှသည် ။ လမ်းဘေးတစ်လျှောက်တွင် နီးစပ်ရာ ရွာများမှ စိုက်ထားတဲ့ ရွှေဝါရောင်၊ အနီရောင်ပန်း များ အစုံအလင် ပွင့်နေသည့်အပြင် အလေ့ကျ တောရိုင်းပန်းများလည်း ပွင့်နေသည် ။

လမ်းတစ်လျှောက် ရှုခင်းတွေ ကြည့်နိုင်ရန် မှန်ကိုချပြီး စီးလာကြတာမို့ လေအေးအေးလေးက လီယို့ ပါးပြင်ထက် ဖြတ်တိုက်သွားသည် ။လေပြေညှင်းသည် စိုစွတ်တဲ့ မြေဆီလွှာရဲ့ ရနံ့နဲ့အတူ သစ်ပင်ပန်းမန်များကို သယ်ဆောင်လာတာကြောင့် ကြည်လင်ပြီး လန်းဆန်းစေသည်။

အဲ့ဒီ့နောက် ရှုခင်းတွေက သစ်တောထူထပ်တဲ့ တောများအဖြစ်သို့ ပြောင်းလဲသွားသည်။ အကွေ့အပါတ်တွေ အတော်များများ ဖြတ်ပြီးတဲ့နောက်မှာ တောအုပ်အစွန်နားကို ရောက်သည် ။

ကားက ရုတ်တရက် ရပ်သွားတာမို့ မှေးစင်းစ ပြုလာတဲ့ လီယို့ မျက်လုံးတွေအားယူကာ ဖွင့်ကြည့်လိုက်သည်။ ကားပေါ်ကို လူတစ်ယောက်တက်လာသည်။ လီယို ခေါင်းထောင်ကာ ကြည့်မိသည်။

" လီယို အကိုလေး ကားက ရုတ်တရက် ရပ်သွားလို့ ဘေးက ခုံအလွတ်ကို ခေါ်ထိုင်လိုက်နော် "

"ဟုတ်ဗျ"

ဆန်းဝန်းက ပြုံးပြကာ သူ့ဘေးနား ဝင်ထိုင်လိုက်သည်။ ရေမွှေးနံ့က လီယို့နှာခေါင်းနား ရစ်သီ ပျံ့လွင့်လာသည်။

ကားလေးက ဆိတ်ငြိမ်စွာပင် မောင်းနှင်နေသည်။နေရောင်ခြည်သည် သစ်ပင် များကိုဖြတ်ပြီးလီယို့မျက်နှာပေါ်ကို ဖြတ်ခနဲ ကျလာတာကြောင့် မျက်လုံးတို့ ကျိမ်းစပ်သွားသည် ။

"အ "

" ဘာဖြစ်လို့လဲဗျ "

တွန့်ချိုးနေတဲ့ မျက်ခုံးထူထူတွေအောက်က ဝိုင်းစက်နေတဲ့မျက်လုံးများသည် သူ့အားစိုက်ကြည့်လာသည် ။

လီယို က ခဏကြာအောင် ပြန်လည်စိုက်ကြည့်မိပြီးတဲ့ နောက်မှာတော့ ချောင်းတစ်ချက် ဟန့်လိုက်သည်။

" နေထိုးလို့ပါ ရတယ် "

" ကျွန်တော်အဲ့ဒီဘက် ပြောင်းထိုင်ပေးရမလား"

"နေပါစေ ကျေးဇူးပါဗျ "

လီယို ငြင်းပြီးသည်အထိ ထိုကောင်လေးက မကြာမကြာ လှည့်ကြည့် လှည့်ကြည့်လုပ်လာသည် ။ လီယို လည်း မျက်လုံးကို စုံလိုက်မှိတ်ချကာ ခုံကို မှီပြီး ငြိမ်နေလိုက်သည် ။

" ကဲ အားလုံးပဲ တောင်ခြေရောက်ပြီ ဒီကနေစပြီး လမ်းလျှောက်တက်ရမယ် "

ခဏအကြာမှာ တာဝန်ခံရဲ့ အသံက ကားတစ်စီးလုံးလွှမ်းမိုးသွားသည် ။ ကားပေါ်ကနေ လူတစ်စုလုံး ဆင်းဖို့ ပြင်ကြသည် ။ လိုအပ်တဲ့ ပစ္စည်းတွေ စစ်ဆေးပြီး ကိုယ့်အိတ်ကိုယ်ဆွဲကာ ကားပေါ်က ဆင်းလိုက်ကြသည်။

တောင်ခြေကနေ အုပ်စုလိုက် စတက်ရတာဖြစ်တဲ့အတွက် အစပိုင်းကတော့ စကားပြော ဘာညာနဲ့ မမောမပန်း တက်နိုင်ကြသည်။

လမ်းတစ်လျှောက် တောပန်းနံ့တွေက သင်းကြူနေပြီး လေအေးအေးကလည်း တိုက်ခတ်နေသည် ။သစ်ကိုင်းများကြားတွင် ငှက်ကလေးများ ပျံဝဲကာ အနီးနားရှိ စမ်းချောင်းတစ်ခုရဲ့ ရေစီးသံကို ကြားရသည် ။

မြင့်လာသည်နှင့်အမျှ ထင်းရှူးပင်၏ရနံ့နှင့် သင်းပျံ့သောလေသည် ပိုအေးလာပြီး ကြည်လင်လာသည်။

ခဏကြာကြာလောက် လျှောက်လာပြီးတဲ့အခါမှာတော့ အလယ်နားလောက်ကိုရောက်ပြီ ဖြစ်သည် ။ နေဝင်စပြုနေပြီး အားလုံးလည်း မောပန်းနေလုလု ဖြစ်နေတာကြောင့်အားလုံးက အခုနေရာတွေပဲ ညအိပ်နားရန် သဘောတူလိုက်ကြသည် ။

"လီယို မင်းမှာ အိပ်ဖို့ အစုံအလင်ပါရဲ့လား "

တဲထိုးဖို့နေရာ လိုက်ရှာနေတဲ့ လီယို့ ကို ယူ က နောက်မှ ပခုံးကို သိုင်းဖက်၍ မေးလိုက်သည်။

" ပါတယ် ဒီနားပဲ ထိုးလိုက်မယ်ကွာ မြေမာတယ် မင်းရော "

" ငါလား ငါက ကင်မ်ဆူရီ နားမှာရွေးထားတာ ဟဲဟဲ "

" ဟ မင်းက အတော်လက်မြန်တဲ့ကောင်ပဲကွ "

လီယို က ဟက်ခနဲ တစ်ချက်ရယ်ကာ ယူ့ရင်ဘတ်ကို ဖွဖွလေး ထိုးလိုက်သည် ။

" ဟေ့ မင်းရော မရှာတော့ဘူးလား "

မျက်ခုံးနှစ်ဖက်ကို ပင့်ကာပင့်ကာလုပ်၍ ပြောလာတဲ့ ယူ့ ကို လီယို ခေါင်းကိုတွင်တွင်ခါပြကာ

"တော်ပါပြီ မိိန်းမတွေ စိတ်ကုန်တယ် "

မျက်နှာအနည်းငယ် ပျက်သွားတဲ့ လီယို ကြောင့် သူ ဘာမှထပ်မဟတော့ပဲ နေရာသို့ ပြန်လာလိုက်သည် ။

"ဒါဆို တဲသွားထိုးပြီ "

" အင်း အိုကေ "

----------------------

ညသည် တိတ်ဆိတ်နေသော်လည်း လရောင်သည် အေးချမ်းနေပြီး ရွက်တဲများပေါ်ကို ဖျာကျနေသည် ။ တောပိုးကောင်များရဲ့ စုတ်သတ် သံများကိုကြားရပြီး တစ်ခါတစ်ရံ ငှက်များရဲ့ တောင်ပံခတ်သံတွေကိုပါ ညရဲ့ တိတ်ဆိတ်မှုကြားမှာ အတိုင်းသား ကြားနေရသည်။

ညဉ့် သိပ်မနက်သေးတာကြောင့် အုပ်စုဖွဲ့ကာ ထိုင်၍ ဟိုဟိုဒီဒီ စုရုံးပြောနေကြသည် ။ လီယို က မီးတောက်များကြားသို့ သစ်ကိုင်းခြောက်များ ပစ်ထည့်လိုက်သည် ။ တစ်ခါတစ်ရံ လေကတဟူးဟူးတိုက်နေတတ်ပြီးသစ်ပင်တွေရဲ့ အအေးဓာတ်က အကြောထဲထိ ချမ်းဆိမ့်စေသည် ။

အသက်ငယ်တဲ့ ဝန်ထမ်းလေးတွေကတော့ သူတို့ဘာသာ သူတို့ စုဖွဲ့၍ ရယ်မောနေကြသည် ။ထိုအထဲတွင် အီဆန်းဝန်း လည်း ပါသည် ။ ချည်သားခေါင်းစွပ်ကို ဝတ်ထားပြီး လက်များကိုလည်း မီးစာလှုံနေသည်။

ညစာအတွက် အသင့်ပါလာတဲ့ ပစ္စည်းတွေကို လီယိုက ကူ၍ နေရာ ချသည်။ ည၇နာရီလောက် ခန့်တွင် ညစာအတွက် အားလုံးကညအဆင်သင့် ဖြစ်နေလေပြီ။

------- ဆက်ရန် ။

There are no comments yet. Log in to be the first to leave a review!

Similar stories