Fanfics

Episode - 5

20:32, 3 June 2025

အခန်း (၅)

"လက်ပါပေမဲ့ အရင်တည်းက မက်သရူးကို ငါကအမြဲလုပ်ပေးနေကျပဲ"

ဟန်ဘင်းရဲ့ စကားအဆုံး ယူဂျင်းထံမှ အသံစာစာလေးက ဆိုင်အတွင်းထဲ၌ ပျံ့နှံ့သွား၏။

"ကိုကို ကျွန်တော့ကို ဘယ်လိုပြောလိုက်တာလဲ.. ငါ ဟုတ်လား.. ငါ ဆိုပြီးသုံးရလောက်အောင် ကျွန်တော်ပြောတဲ့စကားထဲမှာ ဘာများစိတ်ဆိုးစရာပါသွားလို့လဲ"

"ယူဂျင်း-ရှီ, ကျွန်တော်ကပဲ ကြားထဲကနေ တောင်းပန်ပါတယ်.. ကျွန်တော် ကိုယ့်ဘာသာဖဲ့စားလိုက်သင့်တာပါ.. အကုန် ကျွန်တော့အမှားပါ.. စကားမများကြပါနဲ့တော့။ တခြားလူတွေလည်းရှိနေတယ်လေ"

တိုးဖွဖွ ထွက်ပေါ်လာသော မက်သရူးထံမှ စကားတို့က ယူဂျင်းရဲ့ဒေါသကို လာဆွနေသည့်နှယ်။ ဒီလူဟာ အမြဲ သူ့ကိုလူဆိုးဖြစ်အောင် လုပ်တဲ့နေရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်လွန်းပါ​၏။ ခုလည်း ကိုကို့အား မျက်နှာငယ်နှင့် လှမ်းကြည့်လို့နေသေးသည်။

"ချူး ဘာမှတောင်းပန်စရာမလိုပါဘူး.. ချူးခိုင်းလို့ ကိုယ်ကလုပ်ပေးတာလည်း မဟုတ်ဘူးလေ.. ကိုယ့်ဘာသာ လုပ်ပေးချင်လို့ လုပ်ပေးတာပဲဟာ.. ဘာမှမဖြစ်ဘူး.. မတောင်းပန်နဲ့"

ကိုကို့ထံမှ ဆော့မက်သရူးအား "ချူး" ဟူသော နာမ်စားကို ကြားလိုက်ရလေတိုင်း ယူဂျင်းနှလုံးသားမှာ နာကျင်သွားရမြဲ။ သူငယ်ချင်းဆိုတာထပ် ပိုနေသော ဒီအခေါ်အဝေါ်က ဘယ်သူကြားကြား မေးခွန်းထုတ်ချင်စရာပင်။ ယူဂျင်းက မကြိုက်ဘူး တခြားဟာ ပြောင်းခေါ်ပါလို့ ပြောခဲ့တာတောင် ကိုကိုဟာ ခေါင်းမာစွာပင် မပြောင်းမလဲ "ချူး"လို့သာ ခေါ်ခဲ့သည်။ ကိုကို့ ဆင်ခြေကတော့ဖြင့် ငယ်ကတည်းက ခေါ်ခဲ့၍ နှုတ်ကျိုးနေပြီဟူသတဲ့။

"ကလေး"

နားအနားတိုးကပ်ခါ ခေါ်လာသော ကိုကို့အသံ ချိုရှရှ။

တင်းခံကာ ငြင်းဆန်နိုင်စွမ်းမရှိသည်မို့ ယူဂျင်း ခေါင်းငဲ့ကြည့်ကာ မေးဆတ်ပြတော့ ကိုကိုက တခြားသူများ မကြားစေရန် လေသံမျှဖြင့် ခပ်ကြိတ်ကြိတ်သတိပေးလာ​၏။

"ကလေး.. မင်းမကြိုက်လည်း ကိုယ့်ကို တိုးတိုးတိတ်တိတ်ပြောလို့ရတယ်.. ခုလိုလူကြားထဲမှာ အကုန်အနေရခက်အောင် ထုတ်ပြောမှဖြစ်မှာလား..။ ဒီလို ကလေးဆန်တဲ့ အပြုအမူတွေ ကိုကိုမကြိုက်ဘူးနော်"

"ကျွန်တော်နဲ့ ဆော့မက်သရူးနဲ့ ယှဉ်လာရင် ကိုကို ဘယ်သူ့ကို ရွေးမှာလဲ"

"ဘာတွေလာမေးနေတာလဲ"

"ကျွန်တော်မေးတာကိုပဲဖြေပါ.. အခြေအနေတစ်ခုမှာ ကျွန်တော်တို့နှစ်ယောက်ကို ရွေးချယ်ရတော့မယ်ဆိုရင် ကိုကို ဘယ်သူ့ကိုရွေးမှာလဲဟင်"

".........."

"မင်းတို့ နှစ်ယောက်ပဲ တိုးတိုး တိုးတိုးနဲ့ ပြောမနေနဲ့လေကွာ.. ငါတို့ရှိတယ်ဆိုတာလည်း သတိရပါဦး"

နှစ်ယောက်သား ပူးကပ်ကာ အချေအတင် ပြောဆိုနေကြသော ဟန်ဘင်းနှင့်ယူဂျင်းတို့ကြားထဲသို့ ထယ်ရယ့်အသံက ထိုးဖောက်ကာ ဝင်ရောက်လို့လာခဲ့သည်။

ထိုအခါမှပင် ဟန်ဘင်းမှာ သူတို့နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသည်မှာ မက်သရူးအပြင် သူ့သူငယ်ချင်း ထယ်ရယ် နှင့် ဟာအိုဆိုသော သူတို့ပြခန်းမှ ပန်းချီဆရာတစ်ယောက်ပါ ရှိနေသေးကြောင်း သတိရသွားတော့သည်။ ထယ်ရယ်နှင့် မက်သရူးက အကြောင်းမဟုတ်ပေမဲ့ ပြခန်းပိုင်ရှင်တစ်ယောက်အနေနှင့် ဟာအိုကို အားနာကာမျက်နှာပူသွားသဖြင့် ချက်ချင်းပင် ယူဂျင်းဘက်သို့ ကိုယ်ကိုကိုင်းကာ စကားပြောနေရာမှ ကိုယ်ကိုတည့်မတ်စွာ ပြန်ထိုင်လိုက်ပြီး

"တောင်းပန်ပါတယ် ဟာအို-ရှီ"

"အာ ရပါတယ်.. ကျွန်တော် ဘာမှမဖြစ်ပါဘူး..။ ရည်းစားအချင်းချင်း ဒီလို ကတောက်ကဆတ်လေးတွေ ဖြစ်တတ်တာ ကျွန်တော်နားလည်ပါတယ်"

ခပ်ပြုံးပြုံး မျက်နှာလေးနှင့် ဟန်ဘင်းအား ချိုသာစွာ ပြောပြီးနောက် ဟာအိုက စားပွဲပေါ်မှ ရေခွက်ကိုလှမ်းယူကာ ကုန်စင်သွားသည်အထိ မော့သောက်သည်။ ပြီးနောက် မက်သရူးဘက်သို့လှည့်ကြည့်ကာ သက်ပြင်းတချက်ကိုချ​၏။

ထိုအရာအားလုံးကို လိုက်လံကြည့်ရှူရင်း ဟန်ဘင်းရင်တွေ မောလာရပြန်သည်။

--------------------------------------------------------

"ဘာလို့ မင်းကောင်လေးနဲ့ နှစ်ယောက်တည်း တစ်ခန်းထဲအတူမနေတာလဲ"

ထယ်ရယ့်မေးခွန်းကို ပြန်မဖြေခင် ဟန်ဘင်းလက်ထဲမှ စီးကရက်ကို တချက်ရှိုက်သွင်းကာ မီးခိုးငွေ့များကို လေထဲသို့ မှုတ်ထုတ်လိုက်သည်။ ပြီးနောက် တဖြည်းဖြည်း ပျယ်လွင့်သွားသည့် မီးခိုးငွေ့အမျှင်တန်းလေးများကို မျက်တောင်မခတ်တမ်း လိုက်လံငေးမောနေမိသည်။

"ဘာတွေ ဒီလောက် စိတ်ရှုပ်နေတာလဲ"

မေးခွန်းတစ်ခုပင် မဖြေရသေး.. နောက်ထပ်မေးခွန်းတစ်ခုကို ထယ်ရယ်က ထပ်မေးလာပြန်သည်။

"တစ်ခုပြီးမှ တစ်ခုမေးကွာ"

ဟန်ဘင်းရဲ့ပြန်ပြောသံတွေမှာ စိတ်ညစ်ညူးမှုများက ကပ်ညိကာ ပါလာကြ​၏။ ထိုသည်ကို သတိပြုမိသွားသည့် ထယ်ရယ်က မျက်မှောင်ကိုကြုတ်၍ ဟန်ဘင်းအား စေ့စေ့စိုက်ကြည့်ကာဖြင့်

"မက်သရူးကြောင့်လား"

အဖြေပင် ပြန်မပေးရသေးပဲ မေးခွန်းနှစ်ခုလုံး​၏ အဖြေကို ထယ်ရယ်က သိရှိသွားခဲ့သည်။

"အင်း.."

ရှည်ရှည်ဝေးဝေး ရှင်းပြမနေချင်တော့သဖြင့် ဟန်ဘင်းရဲ့ အဖြေစကားက တုံးတိတိနှင့်သာ။ နှစ်ဦးကြားက စကားဝိုင်းလို ပတ်ဝန်းကျင်လေထုကလည်း တောတောင်တို့နှင့် နီးစပ်နေ၍ထင် အေးစက်ကာ ချမ်းစိမ့်စိမ့်နှင့်။

"ငါသိချင်နေတာ.. မက်သရူးကို မင်းဒီလောက်ချစ်နေတာကို ဘာလို့ဖွင့်မပြောတာလဲ.. ဘာလဲ အငြင်းခံရမှာစိုးလို့လား"

လက်မောင်းနှစ်ဖက်ကို လက်ဖဝါးဖြင့် ဖိပွတ်ရင်း ထယ်ရယ်က မေးခွန်းများကို ထပ်ထုတ်လာပြန်သည်။

မက်သရူးနှင့်ပတ်သက်ပြီး မွန်းကျပ်လာလေတိုင်း ရင်ဖွင့်စရာ နေရာမရှိသည်မို့ သူ့ရင်ထဲမှ အစိုင်အခဲကို ထယ်ရယ့်အား ပြောပြခြင်းဖြင့် လျော့ချဖို့ရန် ဟန်ဘင်းဆုံးဖြတ်လိုက်မိသည်။

"အငြင်းကခံရပြီးပြီ"

သူ့ဆီမှ စကားကို ကြားပြီးနောက် ထယ်ရယ်မှာ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သူ့လက်မောင်းကို လှုပ်ယမ်းကာ

"ဟင်! အငြင်းခံရပြီးပြီ ဟုတ်လား.."

"အင်း" ဟူ ပြန်ဖြေပြီးနောက် ဟန်ဘင်းက ထိုင်ခုံနောက်မှီကို မှီထိုင်နေရာမှ ကိုယ်ကိုရှေ့သို့ကိုင်းကာ ဒူးနှစ်ဖက်ပေါ်သို့ လက်ထောက်လိုက်သည်။ သူ့လက်ကြားထဲမှ ဆေးလိပ်တိုလေးကတော့ဖြင့် နောက်ဆုံးလက်ကျန်အားလေးနှင့် တတ်စွမ်းသလောက် တောက်လောင်နေဆဲ..။

"ဘယ်တုန်းကလဲ.. မင်း သူ့ကို ဘယ်တုန်းက ဖွင့်ပြောလိုက်တာလဲ.. မက်သရူးကရော ဘာလို့ မင်းကို ငြင်းတာတဲ့လဲ"

"တိုးတိုးပြောစမ်းပါကွာ"

သူတို့ထိုင်နေရာ ထိုင်ခုံတန်းက အပန်းဖြေအိမ်​၏ အရှေ့ဘက်ရှိ မြက်ခင်းပြင်ထောင့်တွင် ရှိနေသဖြင့် အပန်းဖြေအိမ်နှင့် အနည်းငယ်ဝေးကွာသည်ဆိုသော်လည်း တခြားလူကြားသွားနိုင်သည်မို့ ဟန်ဘင်းမှာ ထယ်ရယ့်အား သတိပေးစကားဆိုလိုက်ရသည်။

ဒါကိုပင် သကောင့်သားက "မကြားပါဘူးကွာ" ဟူ၍ ပြန်ခံပက်နေခဲ့ပြီး သူ့ဆီမှ အဖြေပြန်မရမချင်း "ပြောပြ ပြောပြ" ဆိုကာ တတွတ်တွတ်ပြောရင်း နားပူနားဆာလုပ်နေလေ​၏။

ထယ်ရယ်မေးထားသော မေးခွန်းများကို ပြန်အဖြေမပေးမိပါက ဒီနေ့ ဒီနေရာက ထရတော့မည်မဟုတ်ကြောင်း ဟန်ဘင်း ခန့်မှန်းမိနေခဲ့လေပြီ။ ထို့ကြောင့် ဟန်ဘင်းလည်း လက်ထဲရှိ တငွေ့ငွေ့တောက်လောင်နေဆဲဖြစ်သည့် ဆေးလိပ်တိုလေးကို မြက်ခင်းပြင်ပေါ်သို့ ပစ်ချကာ ဖိနပ်ဖြင့်နင်းချေလိုက်ပြီးနောက် မြေသားထုကိုသာ မမှိတ်မသုန် စိုက်ကြည့်လျက်သားဖြင့် စကားစလိုက်သည်။

"ငါ မက်သရူးကို တက္ကသိုလ် ပထမနှစ်က ဖွင့်ပြောခဲ့တာ"

ဟန်ဘင်းထံမှ ကြားသိရသမျှနှင့် မက်သရူးအကြောင်း စေ့စေ့ငင မဟုတ်တောင် အတန်အသင့် သိနေပြီးသော ထယ်ရယ်က

"သူ့မိဘတွေ ကွာရှင်းပြီးမှပေါ့"

"အင်း ဟုတ်တယ်"

မက်သရူးရဲ့ မိဘများက မက်သရူး အထက်တန်း ဒုတိယနှစ်မှာပင် ကွာရှင်းခဲ့ကြပြီး အသီးသီး နောက်အိမ်ထောင်ပြုသွားကြကာ မက်သရူးအား အဝေးကနေသာ ငွေကြေးထောက်ပံ့နေခဲ့ကြခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက တကျက်ကျက်ရန်ဖြစ်နေတတ်ခဲ့သည့် မိဘနှစ်ပါးကြောင့် သူ့ချူးငယ်ထံ၌ စိတ်ဒဏ်ရာပေါင်းများစွာက ပြောပြလို့မကုန်နိုင်အောင် ရှိခဲ့ရ​၏။

အရွယ်လေးနှင့် မလိုက်အောင် ချူးငယ်တစ်ယောက် ဘယ်လောက် ပင်ပန်းခဲ့ကြောင်း သူသာလျှင် အသိဆုံးမလား..။ ဒါတွေကြောင့်လည်း မက်ချူးလေးကို အသနားပိုကာ သူငယ်ချင်းထပ် ပိုတွယ်တာကာ မြတ်နိုးခဲ့မိသည်လားတော့ မပြောတတ်။ သေချာသည်ကတော့ သူ မက်ချူးလေးကို အသည်းပေါက်လုမတတ် သိပ်ချစ်သည်ပင်။

"ဘာလို့ မက်သရူးက မင်းကိုငြင်းတာတဲ့လဲ"

"အချစ်ကို မယုံကြည်သလို ရည်းစားလည်း မထားချင်ဘူးတဲ့"

"ဘယ်လို အချစ်ကို မယုံလို့ ငြင်းတယ် ဟုတ်လား"

"အင်း"

"သူ့မိဘတွေကြောင့်များလား"

"ထင်တာပါပဲ"

"မင်းကြည့်ရတာ မက်သရူးကို အရမ်းချစ်တဲ့ပုံပေါ်ပေမဲ့ ရည်းစားကလည်း မပြတ်ဘူးနော်.. ငါကြည့်နေတာ ဟောတစ်ယောက် ဟောတစ်ယောက်ပဲ.."

"မက်သရူး ငါ့အနားမှာ အနေရမခက်အောင် တမင်ရည်းစားတွေ လျှောက်ထားနေခဲ့တာပါကွာ.. ငါတကယ်ချစ်တာ မက်သရူးပါ"

"ဒါပေမဲ့.. မင်း ဒီလိုတွေလုပ်နေတာ မက်သရူးက မင်းအချစ်ကို ပိုပြီးမယုံတော့ရင် ဘယ်လိုလုပ်မလဲ"

"မက်သရူးက ငါ့အချစ်ကို မယုံတာမဟုတ်ဘူး"

"အဲ့ဒါဆို ဘာကိုမယုံတာလဲ?"

"ဒီတိုင်း အချစ်ကို"

"မင်းတို့ဟာကြီးကလည်း နားကိုမလည်တော့ပါဘူး.. အဲ့တော့ မင်းကသူ့ကို ထပ်ပြီး ဖွင့်မပြောတော့ဘူးပေါ့"

"အင်း.."

ခပ်ဝေးဝေးမှ တောင်တန်းများကို ငေးမောကြည့်ရင်း ဟန်ဘင်းလေးတွဲ့စွာ ပြန်ဖြေလိုက်သည်။ ထယ်ရယ်လည်း သူ့စကားကြောင့် စိတ်ရှုပ်သွားပုံရသည်။ အတန်ကြာအောင် သူနှင့်အတူ တွေးငေးနေပြီးမှ သူ့ပေါင်ကို လက်ဖဝါးဖြင့် တချက်ရိုက်လိုက်ပြီး

"ဘာပဲဖြစ်ဖြစ် ခု မင်းလက်ရှိတွဲနေတဲ့ ယူဂျင်းလေးကတော့ မင်း သည်းညည်းကို အတော်ခံပြီး မင်းကိုလည်း တော်တော်ချစ်တယ်နော်..။ မင်းရော သူ့အပေါ် ခံစားချက်က ဘယ်လိုလဲ.. အရင်လူတွေလိုပဲလား"

"အရင်လူတွေထက်ပိုတာပေါ့..။ မလိမ်ညာတမ်း ဝန်ခံရရင် ယူဂျင်းကို ငါအရမ်းတွယ်တာနေမိပြီ"

"တကယ်လို့ ဆော့မက်သရူးနဲ့ယှဉ်လာမယ်ဆိုရင်ရော"

"ငါမဖြေချင်ဘူး ထယ်ရယ်"

ဒူးနှစ်ဖက်ပေါ် တံတောင်ထောက်ကာ နေနေရာမှ ခန္ဓာကိုယ်ကို ပြန်မတ်ကာ အကြည့်တို့ကို အိမ်မကြီးဆီသို့ ဟန်ဘင်းပို့လွှတ်လိုက်သည်။ ဘယ်အချိန်ကတည်းက သူတို့ကို စောင့်ကြည့်နေသည်မသိသော အိပ်ခန်းဝရန်တာရှိ ဖြူဖျော့ဖျော့ ပုံရိပ်လေးရဲ့မျက်ဝန်းညိုတို့က ဟန်ဘင်းနှင့် အကြည့်ချင်းဆုံမိသွားသည်နှင့် ချက်ချင်းဆိုသလို အကြည့်တို့ကို ပြန်လည်ရုတ်သိမ်းကာ အိမ်အတွင်းသို့ တိုးဝှေ့ပျောက်ကွယ်သွားလေ​၏။

"ရင်တွေမောလွန်းလို့ ရူးရပါတော့မယ် ချူးငယ်ရယ်"

--------------------------------------------------------

ခန္ဓာကိုယ်ကို ခပ်ကျုံ့ကျုံလေးလုပ်ရင်း အအေးဒဏ်ကို အံတုနေပုံပေါ်သည့် မက်သရူးကို ကြည့်ကာ ဟန်ဘင်းနှုတ်ခမ်းတို့က ပြုံးမိသွားသည်။ ညနေစောင်းလာပြီဖြစ်၍ အအေးထုကလည်း ပိုတိုးလို့လာလေပြီ။ မြို့ပြနှင့်ခြားနားစွာ သစ်ပင်များ ပေါများသည့် နယ်ဘက်ဖြစ်သောကြောင့် နွေရာသီပင် ဖြစ်လင့်ကစား အအေးဓါတ်ကတော့ ကျန်ရှိနေသေးသည်။

ရှပ်အင်္ကျီအစင်းလက်ရှည်ကလေးသာ ဝတ်ဆင်ထားသော မက်သရူးတစ်ယောက်တော့ ချမ်းနေပြီထင်သည်။ သူကြည့်နေတာကိုတော့ သူ့ချူးငယ်က သတိထားမိပုံမပေါ်။ ဘေးနားရှိ ပန်းချီဆရာ ဟာအိုနှင့်သာ စကားဖောင်ဖွဲ့လို့နေ​၏​။

ခဏအကြာမှာတော့ ဟာအိုမှာ နေရာမှ ထွက်သွားသဖြင့် ဟန်ဘင်းလည်း မက်သရူးရှိရာဆီထွက်လာခဲ့ပြီး အနားသို့ရောက်လျှင် သူဝတ်ထားသော ကုတ်အင်္ကျီကို ချွတ်ကာ မက်သရူးအပေါ်သို့ ခြုံပေးလိုက်သည်။

"ဟင်"

ရုတ်တရက် ရောက်ရှိလာသော နွေးထွေးမှုကြောင့် မက်သရူးရဲ့ မျက်လုံးလေးများက ခပ်ဝေးဝေးကို ငေးနေရာမှ ဟန်ဘင်းထံရောက်လာခဲ့ပြီး ဟန်ဘင်းကိုတွေ့လျှင် ကုတ်အင်္ကျီကို ပြန်ချွတ်လိုက်ပြီး

"မင်း ချမ်းနေမှာပေါ့"

"မချမ်းဘူး.. ငါအောက်မှာ ဆွယ်တာတစ်ထပ်ပါသေးတယ်.. မင်းအင်္ကျီက ပါးပါးလေး.. ဖျားသွားလိမ့်မယ် ဝတ်ထား"

ပြောပြောဆိုဆို ကုတ်အင်္ကျီကို မက်သရူးကိုယ်ပေါ်မှာ သေချာစွာ ဝတ်ဆင်ပေးလိုက်ပြီး ကြယ်သီးများကို တပ်ဆင်ပေးနေရင်းဖြင့်

"ခဏနေတောထဲမှာ ဆုကြေးငွေတွေ လိုက်ရှာရင် အရမ်းဝေးတဲ့ထိ မသွားနဲ့နော်"

"အင်း"

ခေါင်းလေးမော့ကာ သူ့ကိုငေးကြည့်လာသော မက်သရူးရဲ့ မျက်ဝန်းညိုတို့ကို တည့်တည့်ပြန်ကြည့်နိုင်စွမ်း ဟန်ဘင်းတွင်ရှိမနေ။ ဒီလိုနီးကပ်နေသည့် အနေအထားတိုင်းမှာ ထိုကောင်လေးရဲ့ မျက်ဝန်းတွေထဲ ခုန်ဆင်းကာ နှုတ်ခမ်းဖျားပေါ်မှာ အနမ်းဆေးစက်တို့ဖြင့် ခြယ်သပေးချင်မိမြဲ။ အုံကြွလာသည့် စိတ်ရိုင်း တစ်စွန်းတစ်စကို ပြန်လည်ကာ သိမ်းဆည်းလိုက်ပြီးနောက် မက်သရူး ပုခုံးစွန်းလေးနှစ်ဖက်ကို ဟန်ဘင်း ခပ်ဖွဖွ အုပ်ကိုင်လိုက်သည်။

"ငါ စိတ်ချမယ်နော်.. ဟာအိုဟျောင်း နားမှာပဲနေနော်.. တစ်ယောက်တည်း လျှောက်မသွားနဲ့ ကြားလား"

"အင်းပါ.. ဟိုမှာ မင်းကောင်လေး မင်းကိုလှမ်းကြည့်နေပြီ သွားတော့"

မက်သရူးစကားကြောင့် ဟန်ဘင်းနောက်လှည့်ကြည့်တော့ စူပုတ်ပုတ် မျက်နှာလေးဖြင့် ယူဂျင်းက သူတို့နှစ်ယောက်အား ရပ်ကြည့်လို့နေ​၏။ ထို့ကြောင့် ဟန်ဘင်းလည်း မက်သရူးအား "သွားတော့မယ်" ဟူ၍ နှုတ်ဆက်ပြီးနောက် နောက်ဆံတင်းတင်းနှင့်ပင် မက်သရူးအနားမှ ထွက်လာခဲ့ရတော့သည်။

-------------------------------------------------------

(အချိန် ၂နာရီခန့် ကြာပြီးနောက်)

"ဟင် ယူဂျင်း ဘာဖြစ်လာတာလဲ"

ယူဂျင်းကို ကျောပိုးလျက်သားဖြင့် စုရပ်နေရာဖြစ်သော အပန်းဖြေအိမ်ရှေ့ မြက်ခင်းပြင်သို့ ပြန်ရောက်လာသော ဟန်ဘင်းကြောင့် အားလုံးရဲ့ အာရုံတွေက သူတို့နှစ်ဦးထံသို့ရောက်လာခဲ့ပြီး နေရာမှာ ရှိနေနှင့်သော လူများမှာလည်း သူတို့အနားသို့ ဝိုင်းအုံလာခဲ့ကြ​၏။

"ယူဂျင်းဘာဖြစ်လို့လဲ"

"ချော်လဲပြီး ခြေထောက်ထိလာလို့"

အနားကပ်ခါမေးလာသော ထယ်ရယ့်ကို ပြန်ဖြေရင်း လူအုပ်ကြားထဲမှ မက်သရူးကို အသည်းအသန် ရှာရသည်။ မလှမ်းမကမ်းမှာ ဟာအိုနှင့်အတူ ရပ်ကြည့်နေသော မက်သရူးကိုတွေ့မှသာ ဟန်ဘင်းလည်း သက်ပြင်းချနိုင်တော့သည်။ လမ်းပျောက်တတ်သည့် ကလေး ချောချောချူချူ ပြန်ရောက်လာပြီဖြစ်၍ ယူဂျင်းကိုသာ ပြန်လည်ကာ အာရုံစိုက်ထားရတော့သည်။

စံအိမ်မှာရှိသည့် ဆေးများနှင့် မလုံလောက်သောကြောင့် ယူဂျင်းအား ဆေးရုံပို့ဖို့ရန် ဝိုင်းဝန်း၍ ပြင်ဆင်နေကြဆဲမှာပဲ ဟန်ဘင်းအကြည့်တွေက ခုနက မက်သရူးမတ်တတ်ရပ်နေခဲ့သော နေရာသို့ ရောက်သွား​၏။ ရှုပ်ယှက်ခတ်နေသော လူများကြားထဲ၌ မက်သရူးကို မတွေ့တော့သည်နှင့် ရင်တွင်းမှာ ပူလောင်လို့လာလေသည်။ ဟိုဒီလိုက်ကြည့်နေရင်းမှ ဟာအိုကို တွေ့လိုက်ရတဲ့ခဏ ဟန်ဘင်းတစ်ယောက် လေလိုအလျှင်နှင့် ဟာအိုအနား ရောက်လို့သွားခဲ့သည်။

"ဟာအို-ရှီ.. မက်သရူးရော"

"ဟန်းချိန်း ပြုတ်ကျခဲ့လို့ သွားရှာမယ်ဆိုပြီး တောထဲပြန်ဝင်သွားတာပဲ"

"ဘာ.. ဟန်းချိန်း ဟုတ်လား"

"အင်း.. သူအမြဲဝတ်ထားတဲ့ ဟန်းချိန်း"

ဟာအိုစကားအဆုံး ရင်တွင်းက ပူပန်မှုက ခေါင်းကိုပင် မိုက်ကနဲဖြစ်သွားစေလေသည်။ ပတ်ဝန်းကျင်မှာလည်း အမှောင်ထုက တဖြည်းဖြည်း ဝါးမျိုလာပြီဖြစ်၍ အလင်းရောင်ပင် သိပ်မကျန်ချင်တော့။ တရိပ်ရိပ်ထိုးတက်လာသည့် မက်သရူးအတွက် စိုးရိမ်စိတ်က လက်တွေ့ကမ္ဘာနှင့် သူ့အား အဆက်ပြတ်သွားစေခဲ့သည်။ ဘာကိုမှ မစဉ်းစားနိုင်ခင်မှာတင် သူ့ခြေလှမ်းများက မက်သရူးရှိရာ တောတွင်းသို့ ဦးတည်ပြီးဖြစ်လို့နေ​၏။ နောက်ကျောဖက်ဆီမှ ယူဂျင်းရဲ့ အော်ခေါ်သံတို့ကိုလည်း ယခုချိန်တွင် သူ့ထံ၌ ကြားနိုင်စွမ်း မရှိနေတော့ပေ..။

--------------------------------------------------------

tbc >>

There are no comments yet. Log in to be the first to leave a review!

Similar stories