Episode - 4
20:37, 25 May 2025အခန်း (၄)
"ချူး.. တစ်ယောက်တည်းလား"
ယူဂျင်းနှင့်အတူရှိနေရာမှ ရုတ်တရက်ရောက်လာသော မက်သရူးကို ဟန်ဘင်း မယုံနိုင်စွာ ငေးကြည့်နေမိသည်။ ပုံမှန်ဆို သူ့ချူးငယ်က ခုလိုမျိုး ညဖက်တွေမှာ အပြင်ကို ထွက်လေ့ထွက်ထ မရှိဘူးမလား..။
"အင်း.. အိမ်ထဲမှာ နေနေရတာ ပျင်းတာနဲ့ ထွက်လာတာ.. တိုက်တိုက်ဆိုင်ဆိုင် မင်းတို့နဲ့လာတွေ့နေတာပဲ"
"ငါတို့နဲ့ တစ်ဝိုင်းတည်း ထိုင်လိုက်လေ"
ထိုစကားကို ပြောပြီးမှ ယူဂျင်းကို ဟန်ဘင်းသတိရသွားသည်။ ခေါင်းငဲ့ကာ လှမ်းကြည့်တော့ ယူဂျင်းက ဘာမှမဖြစ်သလို ပုံစံမျိုးဖြင့် အသားဖတ်တချို့ကို ဆလတ်ရွက်နှင့် ထုတ်ကာစားနေ၏။
ဒါပေမဲ့လည်း ယူဂျင်းမျက်ဝန်းတွေကတော့ မက်သရူးနှင့် တစ်ဝိုင်းတည်း အတူမထိုင်လိုကြောင်း လှစ်ဟပြနေကြသည်။
"ချူး.. ထိုင်လေ ဘာရပ်လုပ်နေတာလဲ"
ယူဂျင်းရဲ့ ခံစားချက်များကို လျစ်လျူရှုကာ သူလုပ်ချင်ရာကိုသာ လုပ်မြဲလုပ်တတ်သည့် ဟန်ဘင်းဟာ ဒီတခါမှာလည်း ယူဂျင်းမကြိုက်မှန်း သိလျက်နှင့်ပင် မက်သရူးအား အတူထိုင်ဖို့ ထပ်ခေါ်နေပြန်သည်။
"ဟင်း::"
သက်ပြင်းကို မသိမသာချရင်း ယူဂျင်း စားလက်စကိုရပ်၍ မက်သရူးကို မော့ကြည့်လိုက်ပြီး
"ထိုင်လေ ဟျောင်း.. ဘာမှမဖြစ်ပါဘူး။ ဟျောင်းနဲ့ကိုကိုက သူငယ်ချင်းတွေပဲဟာ.. ကျွန်တော့ကို အားနာမနေပါနဲ့"
သူ့ထံမှ 'သူငယ်ချင်း'ဆိုသည့် စကားလုံးကြောင့် ဆော့မက်သရူးဆိုသောလူရဲ့ မျက်နှာမှာ အနည်းငယ်မျှ ပျက်ယွင်းသွားကြောင်း ယူဂျင်းရိပ်မိလိုက်သားပင်။ ဒီလူဟာ ကိုကို့ကို ကြိတ်ကြိုက်နေတယ်ဆိုတာ ဟိုးအရင်တည်းက ယူဂျင်းသတိထားမိခဲ့သည်။ ဒါပေမဲ့ ကိုကို့ဖက်ကတော့ ဒီလူ့ကို သူငယ်ချင်းသပ်သပ်ပဲလား.. ဒါမှမဟုတ် သူငယ်ချင်းဆိုတာထပ် ပိုနေလေသလားဆိုတာတော့.. သူလည်း သေချာစွာသိမနေ။ တကယ်တမ်း ပိုတယ်သာဆို ကိုကိုနဲ့ မက်သရူးတို့ ကြိုက်နေကြလောက်ပြီ မဟုတ်လား..။
ခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့တဲ့ ယူဂျင်းဟာ သူ့မျက်စိရှေ့မှာ ခေါက်တုံ့ခေါက်ပြန် အလုပ်များလို့နေတဲ့ ဟန်ဘင်းရဲ့ လက်တွေကြောင့် အတွေးတွေကို ခဏရပ်လိုက်ပြီး ပတ်ဝန်းကျင် လေထုကို အကဲခတ်လိုက်သည်။
မက်သရူး သူတို့ဝိုင်းမှာ ထိုင်ပါပြီဆိုကတည်းက တူချပေး၊ ရေခပ်ပေး၊ ကင်ထားသမျှထဲ အကောင်းဆုံးအသားများကို မက်သရူး ပန်းကန်ထဲထည့်ပေးနှင့် ဂနာငြိမ်မနေသော ဟန်ဘင်းကို ကြည့်ကာ ယူဂျင်းရင်ထဲသို့ လက်မခံချင်မိတဲ့ သံသယက ဝင်ရောက်လို့လာခဲ့၏။
မဖြစ်နိုင်ပါဘူးဆိုကာ ကိုယ့်စိတ်ကို ဖြေသိမ့်ရင်း ကိုကို့ကို လှမ်းအကြည့် အစာစားခြင်းကိုသာ အာရုံစိုက်ထားသော မက်သရူးကို ငေးစိုက်ကြည့်နေခဲ့သည့် ကိုကိုရဲ့ နက်ရှိုင်းနေသော အကြည့်တို့ကြောင့် ယူဂျင်းရဲ့ သံသယတွေဟာ ပိုလို့ပင် ကြီးထွားလာရတော့သည်။
"ကိုကိုက သူ့သူငယ်ချင်းကို သူငယ်ချင်းအချစ်ထပ် ပိုနေတာလား"
--------------------------------------------------------
"လိုက်ခဲ့ပါ ချူးရယ်.. ပြခန်းက လူတွေကြီးပဲ.. မင်းမသိတဲ့လူ တစ်ယောက်မှမပါဘူး"
တိတ်ဆိတ်ကာ ပန်းချီကားချပ်များမှလွဲ၍ တခြားပရိဘောဂများ ရှိမနေသည့် ပြခန်းအတွင်းဝယ် ဟန်ဘင်းရဲ့ အသံက ဟိန်းကာထွက်လာ၏။
သူ့ထံသို့ အကြည့်တို့ကို တချက်မှ ပေးသနားခြင်းမရှိပဲ ပန်းချီကားချပ်ကိုသာ အသည်းအသန် ကြည့်လို့နေခဲ့တဲ့ သူ့ချူးငယ်က သူ့စကားအဆုံး ခပ်ဟဟရယ်လေသည်။
"မသိတဲ့လူတွေပါလည်း ဘာမှမဖြစ်ပါဘူး.. ဒါပေမဲ့ မင်းရဲ့"
မက်သရူးက ပြောလက်စ စကားကိုရပ်ကာ သက်ပြင်းချလိုက်ပြီး အကြည့်တွေက ပန်းချီကားပေါ်မှ ဟန်ဘင်းထံသို့နေရာရွှေ့လာ၏။ မက်သရူး ဘာကိုပြောချင်နေမှန်း သိနေခဲ့သော ဟန်ဘင်းက
"ဘာလဲ.. ငါ့ရည်းစားပါနေလို့လား"
"မဟုတ်ပါဘူး"
"မဟုတ်ပါဘူး" ဆိုတာ "ဟုတ်တယ်" ဖြစ်ကြောင်းဟန်ဘင်း သိသားပင်။ သူ့ချူးငယ်ရဲ့ မျက်နှာကိုကြည့်လိုက်တာနဲ့ ဘာတွေဖြစ်နေမှန်း ဘာတွေပြောချင်နေမှန်း ဒီကောင်က အသိဆုံးမလား။
"သူပါလည်း ဘာဖြစ်လဲ..။ သူကသူ့ဘာသာနေနေမှာပဲဟာ"
"သူက သူ့ဘာသာနေတာ ဟုတ်ပါတယ် ဒါပေမဲ့ မင်းကရော မင်းဘာသာနေနေမှာလား"
ရီဝေဝေ အကြည့်တို့နှင့် ငေးကြည့်ကာ ပြောလာသော မက်သရူးကို ပြန်ဖြေဖို့ရန် ဟန်ဘင်းမှာ စကားလုံးများ ပျောက်ရှလို့နေ၏။
ပြခန်းနှင့် စာအုပ်တိုက်မှ ဝန်ထမ်းများနှင့်အတူ နှစ်စဉ်သွားနေကျ ၁ညအိပ်၂ရက် အပန်းဖြေခရီးမှာ မက်သရူးကို လိုက်ခဲ့ဖို့ရန် ဟန်ဘင်းခေါ်နေခြင်းဖြစ်သည်။ ယခင်နှစ်တွေက ဟန်ဘင်းရဲ့ အစွယ်အပွားတွေ ပါလေ့မရှိပေမဲ့ ဒီတခေါက်ခရီးမှာတော့ ယူဂျင်းက လိုက်ချင်သည်ဆို၍ ယူဂျင်းကိုပါ အတူခေါ်ခဲ့ဖို့ရန် ဟန်ဘင်းစီစဉ်လိုက်ရခြင်းပင်။
ထိုအကျိုးဆက်နှင့် နှစ်တိုင်းလိုက်နေကျ မက်သရူးက ခရီးကိုလိုက်ဖို့ အင်တင်တင်ဖြစ်လို့နေလေပြီ။ တခြားသော ဝန်ထမ်းများလည်း ပါသည်မို့ ခရီးတလျှောက်လုံး ရည်းစားကိုဘေးမှာထားပြီး မက်သရူးကို သည်းသည်းလှုပ်နေလို့တော့ မဖြစ်ဘူးမလား။ သူကအကြောင်းမဟုတ်ပေမဲ့ သူ့ကြောင့် မက်သရူး အပြောအဆိုခံရမှာမျိုးကိုတော့ ဟန်ဘင်း မလိုလားမိ။ ပြီးတော့ ယူဂျင်း.. သူထားခဲ့ဖူးတဲ့ တခြားရည်းစားတွေနဲ့မတူစွာ သူ့အပေါ် နားလည်ပေးနိုင်လွန်းသော ယူဂျင်းကို သူသနားနေမိသည်။
ရည်းစားနဲ့ ချစ်ဦးသူကြား ရှုပ်ထွေးလာတဲ့ စိတ်တွေကြောင့် ဟန်ဘင်း အသက်ရှူများပင်ကျပ်လို့လာခဲ့သည်။ ထို့ကြောင့် ရင်ထဲမှ မွန်းကြပ်နေမှုများကို ပင့်သက်နှင့်အတူ ရှိုက်ထုတ်လိုက်ပြီးနောက်
"ငါ မင်းအနားမှာ အချိန်ပြည့်ရှိမနေပေးနိုင်ပေမဲ့ ပစ်မထားပါဘူးကွာ.. မင်းပျင်းရင် မင်းအသိ ပန်းချီဆရာ ဟာအိုကိုလည်း ခေါ်ခဲ့လိုက်လေ"
ဟန်ဘင်းစကားအဆုံး မက်သရူးရဲ့ နှုတ်ခမ်းစွန်းလေးတဖက်က အပေါ်သို့ ကွေးတက်လာပြီး ပြုံးရုံမျှသော မှိန်ဖျော့ဖျော့ အပြုံးလေးနှင့် ဟန်ဘင်းကိုစိုက်ကြည့်ကာ
"အင်း.. ကောင်းသားပဲ"
-------------------------------------------------------
"ကိုကို ဟိုရောက်ရင် ဘာလုပ်ကြမှာလဲ"
"လမ်းမှာ ထမင်းအရင်ဝင်စားမယ်.. အပန်းဖြေအိမ်ရောက်ရင် ခဏနားပြီး ဂိမ်းဆော့မယ်"
"ဘာဂိမ်းလည်း"
"ဆုကြေးငွေရှာတဲ့ ဂိမ်း"
"ဆုကြေးငွေကို ဘယ်လိုရှာရမှာလဲ"
"တောထဲမှာရှာရမှာ.."
"တောထဲမှာ ဟုတ်လား"
"ကလေး နောက်မှမေးကွာ.. ကိုကိုကားမောင်းနေရတာ အာရုံစိုက်လို့ မရလို့"
ဘေးကနေ တတွတ်တွတ် မေးခွန်းပေါင်းများစွာ မေးလို့နေသော ယူဂျင်းကို ဟန်ဘင်းစိတ်မရှည်စွာ ပြောလိုက်ပြီးမှ သနားသွားရပြန်သည်။ သူ့ထံမှ အဆူခံရပြီးနောက်ပိုင်း ငြိမ်ကျသွားတဲ့ ယူဂျင်းရဲ့ ဆံပင်များကို လှမ်းဖွဖို့ လက်ရွယ်လိုက်ပြီးမှ ချက်ချင်းဆိုသလို လက်ကိုပြန်ရုတ်သိမ်းမိသွားပြီး အကြည့်တွေက ကားနောက်မှန်မှတဆင့် မြင်နေရသော မက်သရူးထံသို့ ရောက်သွား၏။
ကားစထွက်ပါပြီ ဆိုကတည်းက မှုန်ကုပ်ကုပ် မျက်နှာလေးနှင့် အုံ့မှိုင်းလို့နေတဲ့ မက်သရူးရဲ့ မျက်နှာလေးကို နောက်ကြည့်မှန်ကနေ ခိုးကြည့်ရင်း ဟန်ဘင်း သက်ပြင်းချလိုက်မိပြီး တဆက်တည်းဆိုသလို မေးခွန်းပေါင်း များစွာကလည်း ခေါင်းထဲမှာ ဟိုမှဒီမှ ပေါ်လာလေသည်။
ညကအိပ်ရေးမဝလို့များလား.. ဒါမှမဟုတ် ကားမူးနေတာလား..။ ဗိုက်ဆာနေလို့လား.. ဘာလို့ ချူးငယ်လေး မျက်နှာက မလန်းရတာလဲ။
ဘေးဘက်မှ ယူဂျင်းအသံက တိတ်ဆိတ်နေတဲ့ ကားအတွင်းခန်းလေထုကို ဖြိုခွဲကာ ထွက်လာသဖြင့် ဟန်ဘင်းရဲ့ ခေါင်းထဲရှိ အမေးဝါကျများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်လို့သွားကြ၏။
"ကိုကို"
ခဏတာ ငြိမ်သက်သွားတဲ့ လေအိုးလေး ယူဂျင်းက ကြာကြာတော့ စကားမပြောပဲ နေနိုင်ပုံမရ။ အရောင်လက်လို့နေတဲ့ မျက်လုံးတောက်တောက်လေးတို့နှင့်အတူ ဟန်ဘင်းအား မေးခွန်းများ ပြန်မေးလာပြန်သည်။
"ကျွန်တော်တို့ ထမင်းဘယ်မှာစားကြမှာလဲ"
"အပန်းဖြေအိမ်နားမှာ ကိုကိုတို့ စားနေကျဆိုင်ရှိတယ်.."
"ဘာရောင်းတာလဲ"
"ကြက်ပေါင်း"
"ဟင်! ကြက်ပေါင်းကြီး ကျွန်တော်မှ မကြိုက်တာ"
"တခြားဟာတွေလည်း ရပါတယ်.. တခြားဟာစားပေါ့"
ပြောရင်းဖြင့် ဟန်ဘင်းအကြည့်တွေက မက်သရူးထံရောက်သွားပြန်သည်။
စာအုပ်တိုက်နှင့်ပြခန်းမှ ဝန်ထမ်းများကို ဟန်ဘင်းတို့ မိသားစုပိုင် အပန်းဖြေအိမ်တွင် ၁ညအိပ်၂ရက် ရက်တိုခရီးလေးထွက်ခြင်းဖြင့် ဝန်ထမ်းစုံညီပွဲပုံစံ ပြုလုပ်ပေးခဲ့သည်မှာ ဟန်ဘင်းစာအုပ်တိုက်ကို လက်လွှဲမယူခင် သူ့အဖေလက်ထက်ကတည်းကဖြစ်သည်။
ထိုသို့ခရီးထွက်တိုင်းလည်း သူနှင့်မက်သရူးမှာ အမြဲလိုက်ပါလေ့ရှိပြီး အဖေ့လက်ထက်မှာတော့ ကြုံသည့်ဆိုင်မှာ ထမင်းစားခဲ့ကြသော်လည်း မက်သရူးက အပန်းဖြေအိမ်နားရှိ ကြက်ပေါင်းဆိုင်မှ ကြက်ပေါင်းကို ကြိုက်သည်ဆို၍ သူစာအုပ်တိုက်ကို ဦးစီးသည့်အချိန်မှစကာ ခရီးထွက်တိုင်း ထိုကြက်ပေါင်းဆိုင်တွင်သာ ထမင်းစားဖို့ အမြဲလိုလို စီစဉ်နေခဲ့ခြင်းပင်။
ဒါတွေကို သူ့ချူးငယ်လေးကတော့ဖြင့် သိနိုင်လိမ့်မည်မထင်ပါ။
-------------------------------------------------------
ကြက်ပေါင်းဆိုင်ကိုရောက်တော့ အချိန်မှာ အတော်ပင် လင့်နေလေပြီ။ အစာစားတာ နောက်ကျရင် ကတုန်ကယင် ဖြစ်လာတတ်သော မက်သရူးကို စိတ်ပူသောကြောင့် ကားကိုအရှိန်တင်ကာ မောင်းရင်း မျက်လုံးကလည်း အကြည့်တို့ကိုမခွာခဲ့မိသော ဟန်ဘင်းမှာ ကြက်ပေါင်းဆိုင်ရောက်မှပင် သက်ပြင်းချနိုင်တော့သည်။
ပါးစပ်ထဲ အစားဝင်သွားသည်နှင့် ရွှင်လန်းလို့လာတဲ့ မက်သရူးရဲ့ မျက်နှာချောချောလေးကိုကြည့်ရင်း ခုနကပူပန်မှုတွေဟာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြန်သည်။ နှုတ်ခမ်းထက်မှာ အပြုံးပန်းတို့ပင် ဖူးပွင့်လို့နေပြီဖြစ်တဲ့ မက်သရူးကြောင့် ဟန်ဘင်း နှုတ်ခမ်းပါးတို့မှာလည်း ခပ်ပြုံးပြုံးဖြစ်လာကြ၏။
သူ့ရဲ့ပျော်ရွှင်မှုဟာ မက်သရူးအပေါ်မှာ မူတည်နေခဲ့တာ အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။ မက်သရူးကို ချစ်မိပါပြီဆိုကတည်းက သူ့ရဲ့ရာသီဥတုက မက်သရူးဖြစ်နေခဲ့ပြီး နေ့စဉ်မိုးလေဝသကလည်း မက်သရူးဖြစ်နေခဲ့တာပဲမလား။ ရှင်းရှင်းပြောရရင် သူ့ကမ္ဘာဟာ မက်သရူးကို ဗဟိုထားပြီး လည်ပတ်နေတယ်လို့တောင် ပြောလို့ရလောက်ပါရဲ့။
ခုလည်း သူ့ရဲ့ကမ္ဘာငယ်လေးဟာ ကြက်ပေါင်တစ်ချောင်းနဲ့ တိုင်ပတ်နေပြန်လို့ ဟန်ဘင်းတစ်ယောက် အသံထွက်လို့ ရယ်မောလိုက်ပြီး ကြက်ပေါင်ကိုလက်နဲ့ ဖဲ့ယူပေးလိုက်ရသည်။
"ကိုကို့လက်တွေပေကုန်ပြီ.. မက်သရူးဟျောင်းလည်း လက်ပါတာပဲ.. ကိုယ့်ဘာသာဖဲ့စားပါလား"
ယူဂျင်းရဲ့ ငြူစူစူစကားသံကြောင့် မက်သရူးကို ကြက်သားအရိုးနွှင်ပေးနေတဲ့ ဟန်ဘင်းရဲ့ လက်တွေဟာ ရပ်တန့်သွားကြရသလို ဟန်ဘင်းထည့်ပေးနေသော ကြက်သားများကို ပါးစပ်ထဲ ထည့်လုဆဲဆဲ မက်သရူးမှာလည်း ကျောက်ရုပ်လေးလို ငြိမ်သက်သွားလေ၏။
ထို့နောက် အနေရခက်မှု ကြီးစိုးသွားသော စားပွဲဝိုင်းရဲ့လေထုကို ဟန်ဘင်းရဲ့ ဒေါသသံစွက်နေသော အသံက ဖြိုခွဲလိုက်လေသည်။
"လက်ပါပေမဲ့ အရင်ထဲက မက်သရူးကို ငါကအမြဲလုပ်ပေးနေကျပဲ"
-------------------------------------------------------
tbc >>
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



