Episode - 6
20:46, 13 June 2025အခန်း (၆)
(လွန်ခဲ့သော ၂နာရီခန့်က)
သစ်ရွက်ခြောက်များကို ဖြတ်နင်းရာမှ ထွက်ပေါ်လာသော အသံတို့ကိုနားဆင်ရင်း မက်သရူးနှင့် ဟာအိုတို့မှာ တောလမ်းတလျှောက် ခပ်ဖြည်းဖြည်း လမ်းလျှောက်လို့နေ၏။ ကိုယ်စီအတွေးများနေသဖြင့် တစ်ယောက်နှင့်တစ်ယောက်တော့ စကားမပြောမိကြ။ တခြားသူများလို တောတွင်း၌ ယောက်ယက်ခတ်ကာ ဆုကြေးငွေများကို ရှာချင်စိတ်လည်း နှစ်ယောက်လုံးတွင် ရှိမနေပေ။
အနားမှ ဖြတ်လျှောက်သွားကြသည့် လူများက သူတို့နှစ်ဦး၏ အေးဆေးစွာ နေနေသော ဟန်ပန်ကို အထူးအဆန်းလို ကြည့်သွားကြသည်ကိုပင် နှစ်ယောက်လုံးမှာ သတိမမူမိခဲ့။
တောထဲကို စဝင်ပါပြီဆိုတည်းက ရှုတည်တည်မျက်နှာလေးနှင့် ပထဝီမြေကြီးကိုသာ တစိုက်မတ်မတ် ကြည့်လို့နေခဲ့သော မက်သရူးကို စောင်းငဲ့ကြည့်ကာ အကဲခတ်လိုက်ပြီးနောက် ဟာအို စကားစပြောလိုက်သည်။
"ဟန်ဘင်းကို တကယ်ပဲ ပြန်မချစ်တော့ဘူးလား"
"အင်း"
"ဘာလို့လဲ" ဟူသောမေးခွန်းက ဟာအိုထံမှ ချက်ချင်းဆိုသလို ထွက်လာခဲ့သည်။ မက်သရူး ဟန်ဘင်းအပေါ်မှာ မေတ္တာရှိနေကြောင်း ဟာအို အသိဆုံးမလား..။ ချစ်လျက်နဲ့ဘာလို့များ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခခံနေတာလဲဆိုတာ သူတကယ်ကို နားမလည်နိုင်တော့..။
ဘာလို့လဲ.. တကယ်ပဲ ဘာလို့များလဲဆိုသည့် မေးခွန်းက မက်သရူးဆီမှ ပြန်ဖြေသံမကြားရမချင်း ဟာအိုခေါင်းထဲဝယ် လှည့်လည်လို့နေ၏။
"အရင်းနှီးဆုံးတွေ ဖြစ်ခဲ့ရပြီးမှ သူစိမ်းအဆန်ဆုံးတွေ မဖြစ်ချင်လို့ပါ"
ဖြည်းညင်းစွာ ထွက်ပေါ်လာသော မက်သရူးအသံ တိုးလျလျကို ကြားပြီးနောက် ဟာအို သက်ပြင်းကိုသာ ချလိုက်မိသည်။ မက်သရူးရဲ့ အချစ်နဲ့ပတ်သက်ပြီး မယုံကြည်မှုတွေက ကိုယ့်ကိုယ်ကိုရော သူချစ်ရတဲ့ ဟန်ဘင်းကိုပါ အဆိပ်ခတ်လို့နေလေပြီ။
"အချစ်ကလေ expired ရှိတယ်ဟျောင်းရဲ့"
"အချစ်က expired ရှိရအောင် ထုတ်ကုန်ပစ္စည်းမှ မဟုတ်တာ"
"ထုတ်ကုန်ပစ္စည်းဖြစ်နေရင်တောင်မှ ပိုကောင်းပါသေးတယ် ဟျောင်းရယ်"
"ဘာဖြစ်လို့လဲ"
"ထုတ်ကုန်ပစ္စည်းက သက်မဲ့ဖြစ်နေလို့ ဘယ်အချိန် သက်တမ်းကုန်မယ်ဆိုတာ ရက်သတ်သတ်မှတ်မှတ်ရှိတယ်မလား.. လူ့စိတ်ကျတော့ အကဲမရဘူးလေ.. ဘယ်အချိန်မှာ အချစ်တွေကုန်သွားမယ်ဆိုတာ ကြိုမသိရဘူး"
"ဟူး:: မင်းကိုလည်း ဘယ်လိုနားချရမှန်းကို မသိတော့ပါဘူး"
"အဟင်း.. ကျွန်တော့ကိုချစ်တယ်လို့ ပြောခဲ့တဲ့သူတွေကပဲ ကျွန်တော့ကို စွန့်ပစ်သွားကြတာကို ခံခဲ့ရတာမလို့ နားချဖို့ မကြိုးစားပါနဲ့တော့.. ဟျောင်းပဲပင်ပန်းလိမ့်မယ်"
"ဒါဆို မင်း ဟန်ဘင်းကို တကယ်ပဲ လက်လွှတ်လိုက်တော့မှာပေါ့"
"ဘာကိုပြောတာလဲ ဟျောင်း"
"ဟန်ဘင်း သူ့ကောင်လေးနဲ့ လက်ထပ်သွားရင်လေ.. ခုကရည်းစားတွေပဲမလို့ ကိစ္စမရှိပေမဲ့ အိမ်ထောင်သည်ဖြစ်သွားရင် မင်းနဲ့ခုလိုမျိုး ပတ်သက်နေလို့ ရပါဦးတော့မလား"
ဟာအိုစကားကို ကြားပြီးနောက် မက်သရူးရဲ့ လှမ်းလက်စ ခြေလှမ်းများမှာ ရပ်တန့်လို့ သွားခဲ့ရသည်။
ဒီကိစ္စကို သူတကယ်ကို မေ့နေခဲ့တာပဲ..။ ဟန်ဘင်းသာ အိမ်ထောင်ပြုသွားခဲ့ရင်..။
အတွေးနဲ့တင် မက်သရူး ရူးချင်လာသည်။ ရင်ဘတ်ထဲ၌လည်း ဘာနှင့်မှ မထိခိုက်မိသည့်တိုင် နာကျင်လို့လာ၏။ နောက်ဆုံး အသက်ရှူလို့ပင် အဆင်မပြေတော့သဖြင့် အနားမှာရှိနေသည့် သစ်ပင်ကို လက်ထောက်ကာ ခဏတာ ငြိမ်သက်စွာ နေနေလိုက်ရသည်။
"မင်း အဆင်ပြေရဲ့လား"
သူ့ကိုစိုးရိမ်စွာ မေးလာသော ဟာအိုကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ် ပြေပါတယ်"
"ငါ မင်းကို သတ္တိရှိစေချင်တယ်"
ခပ်ဝေးဝေးကို လှမ်းကြည့်၍ ဟာအိုက စကားဆိုသည်။ ဟာအိုကြည့်နေသောနေရာအား ဘာရယ်မဟုတ် မက်သရူးလည်း လိုက်လံကြည့်မိသွားသည်။ တိုက်ဆိုင်မှုပေပဲလား သူတို့ရှိနေသော နေရာနှင့် မလှမ်းမကမ်းတွင် ဟန်ဘင်းနှင့်အတူ သူ့ကောင်လေးတို့ ရှိနေကြ၏။ သူတို့ကိုတော့ မြင်ဟန်မတူ.. တစ်ခုခုကို အချေအတင် ပြောနေကြသည့်ပုံပင်။
ဒီအချိန်မှာ သူ့ကိုမြင်သွားလျှင် ဘာမှကောင်းကျိုးရှိမည် မဟုတ်သည်မို့ မက်သရူး ဟာအိုလက်ကိုဆွဲကာ နေရာမှ ခပ်မြန်မြန်ပင် ထွက်လာခဲ့လိုက်တော့သည်။
--------------------------------------------------------
"ကိုကို ကျွန်တော်မေးတာကိုဖြေလေ"
"မင်း ဆုကြေးရှာဖို့ မလုပ်တော့ဘူးလား"
"ဟင့်အင်း.. ကျွန်တော် ဘာဆုကြေးမှ စိတ်မဝင်စားဘူး.. ဒီတောထဲကို လာတယ်ဆိုတာလည်း ကိုကိုနဲ့ နှစ်ယောက်တည်း စကားပြောချင်လို့"
"........"
"ကျွန်တော်မေးတဲ့ မေးခွန်းက ကိုကို့အတွက် ပြန်ဖြေဖို့ ဒီလောက်တောင် ခက်ခဲနေတာလား"
မျက်ခုံးတွေကို စုကျုံ့ကာ မျက်နှာထား တင်းတင်းနှင့် သူ့အကြည့်တို့ကို မသိကျိုးကျွန်ပြု၍ အဝေးတစ်နေရာကိုသာ မမှိတ်မသုန်ကြည့်လို့နေသော ကိုကို့ကို ကြည့်နေရင်းမှ ယူဂျင်း ငိုချင်လာသည်။
သူနဲ့ဆော့မက်သရူးဆိုသည့်လူကြား ဘယ်သူ့ကို ကိုကိုရွေးမလဲဆိုသည့် မေးခွန်းက ကိုကို့အတွက် တကယ်ကို ပြန်ဖြေစရာ အဖြေမရှိတဲ့ ခက်ခဲတဲ့မေးခွန်းတစ်ခု ဖြစ်နေသတဲ့လား..။
သူစိတ်ချမ်းသာဖို့ လိမ်လည်ပြီးပဲဖြစ်ဖြစ် ကလေးငယ်ကို ရွေးမှာပေါ့ ဆိုတဲ့စကားလေးကိုတောင် ကိုကိုတစ်ယောက်ဟာ မပြောပေးနိုင်ခဲ့..။ ဒီလောက်တောင်ပဲ ဆော့မက်သရူးက ကိုကို့အပေါ်မှာ လွှမ်းမိုးလို့နေတာလား..။
ရင်ထဲမှာ စုပြုံလာသည့် ဝမ်းနည်းမှုများက အေးစက်စက် ကိုကို့အမူအရာများကြောင့် ဒေါသအဖြစ်သို့ ရောက်ရှိသွားပြီး ကျောက်ရုပ်ပမာ မတုန်မလှုပ်နေနေသော ကိုကို့လက်မောင်းတို့ကို ဆွဲကိုင်ကာ ယူဂျင်း အရူးတစ်ယောက်လို အော်ဟစ်မိသွားခဲ့သည်။
"ဆော့မက်သရူးက ကိုကို့အတွက် အရမ်းအရေးပါနေတာလား.. ဟုတ်လား.. ဟမ်! ကိုကို ဖြေပါဦး.. ကျွန်တော်မေးတာကို ဖြေပါဦး!!"
"ဟန်ယူဂျင်း!! မင်း ငါ့ကို ဒေါသထွက်အောင် လာလုပ်နေတာလား"
စိတ်ဆိုးမာန်ဆိုးဖြင့် မျက်နှာများနီမြန်းကာ သူ့ကိုပြန်အော်လာသော ကိုကို့ကြောင့် ယူဂျင်းမှာ စကားများဆွံ့အလို့ ကြက်သေသေသွားခဲ့ရသည်။
ဟန်ဘင်းက ယူဂျင်း၏ လက်မောင်းလေးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်းဖြင့်
"ဘာလို့ ဒီလိုမျိုး ဖြေရခက်တဲ့ မေးခွန်းတွေပဲ ငါ့ကိုလာမေးနေရတာလဲ"
"ရည်းစားနဲ့သူငယ်ချင်းကြားမှာ ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ မေးခွန်းက ကိုကို့အတွက် ဖြေရခက်နေတယ်တဲ့လား.. တခြားသူကြားရင် ရယ်နေပါဦးမယ် ကိုကိုရယ်"
"ဟန်ယူဂျင်း! မင်း တော်တော့နော်.. ငါစကား မများချင်ဘူး"
"အဲ့ဒါဆိုလည်း ကျွန်တော့ကိုရွေးမယ်လို့ ဖြေလိုက်လေ.. ဖြေလိုက်လေ ကိုကိုရဲ့.. ဒါမှမဟုတ် ဆော့မက်သရူးကို ရွေးမယ်လို့ ဖြေချင်ရင်လည်း ဖြေလိုက်ပေါ့.. ဘာလဲ ကိုကို သတ္တိမရှိဘူးလား"
"........"
ငြိမ်ကျလို့သွားတဲ့ ဟန်ဘင်းကိုကြည့်ကာ ယူဂျင်းငိုချင်လာသည်။
'မဟုတ်ပါဘူး' လို့ ကိုကိုဘာလို့ မငြင်းနိုင်ရတာပါလဲ..။ 'ကလေးကိုပဲ ကိုကိုရွေးမှာပါ' လို့ရော ဘာလို့ ကိုကိုမပြောနိုင်ရတာလဲ..။
အတွေးထဲမှာ တစ်ယောက်တည်း အလိုမကျစွာရေရွတ်နေရင်းမှ ဟန်ဘင်းကို လှမ်းအကြည့် မလှမ်းမကမ်းမှ ဖြတ်လျှောက်လို့သွားသည့် မက်သရူးကို မြင်လိုက်ရသည်။
ကိုကို့ကုတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ဆော့မက်သရူးက သူ့ကိုဂရုမပြုမိပေမဲ့လည်း ယူဂျင်းစိတ်ထဲတွင်တော့ အလှောင်ပြောင် ခံလိုက်ရသလိုပင်။ ကိုကို့ဆီက ဒီလိုနွေးထွေးမှုတွေက သူပဲရသင့်တာ မဟုတ်ဘူးလား..။ ကိုကို့ရည်းစားက သူမဟုတ်ဘူးလား..။
ရင်ထဲမှာ ပြည့်ကျပ်လာသည့် ဝမ်းနည်းမှုများက ယူဂျင်းပါးပြင်တလျှောက် မျက်ရည်များအဖြစ်နှင့် အသွင်ကူးပြောင်းကာ ထိန်းလို့မရအောင် စီးဆင်းလို့လာကြသည်။
"ဟင့်.. ဘာလို့ ကိုကို ကျွန်တော့ကို ချစ်ခဲ့တာလဲ..။ ဘာလို့ ကျွန်တော့ ဘဝထဲဝင်လာပြီး စိတ်ဒုက္ခတွေ လာပေးနေရတာလဲ ဟင့် ဟင့်"
ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ရင်း ငိုရှိုက်နေသည့် ယူဂျင်းကြောင့် ဟန်ဘင်းမှာ စိတ်မကောင်းဖြစ်လို့သွားရပြန်သည်။ ဒီအတိုင်း စကားနည်းရန်စဲသဘောမျိုးနှင့် ယူဂျင်းကိုသာ ရွေးချယ်လိုက်လို့ ရပါလျက်နှင့် ဘာလို့များ ခေါင်းမာစွာ နေနေမိမှန်း သူကိုယ်တိုင်လည်း နားလည်မနေ။
သူ့အတွက် မေတ္တာမတုံ့ပြန်နိုင်သူ အပေါ်မှာမှ သစ္စာစောင့်သိမိနေခြင်းပေပဲလား..။
"ကိုကို့ကို မုန်းတယ် ဟင့်ဟင့်.. ကိုကို့ကိုအရမ်းမုန်းတယ်.."
ကလေးငယ်တစ်ယောက်လို နှာဖျားလေးတွေ နီမြန်းနေသည်အထိ ငိုကြွေးလို့နေတဲ့ ယူဂျင်းကို ဟန်ဘင်းရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး
"ကိုကို တောင်းပန်တယ်နော်.. မငိုနဲ့တော့"
သူ့ရင်ဘတ်တွေကို ထုရိုက်ရင်း ယူဂျင်းက ရင်ခွင်ထဲမှ အတင်းရုန်းထွက်ကာ
"ဖယ်! လွှတ်!! ကိုကို ကျွန်တော့အသားကို လာမထိနဲ့.. သွား! ဆော့မက်သရူးဆီပဲသွား!"
"ကိုကို တောင်းပန်နေတယ်လေကွာ"
"မတောင်းပန်နဲ့! ကိုကို့စိတ်ထဲမှာ သူပဲရှိတာမလား!! အဟက်.. စိတ်ထဲမှ မဟုတ်ပါဘူး ကိုကို့ရင်ထဲမှာလည်း ဆော့မက်သရူးပဲရှိနေတာပါ.. ကိုကို့ဆီမှာ ကျွန်တော့အတွက် နေရာရော ရှိသေးရဲ့လား"
"ဘာဆိုင်လို့လဲ.. ဘာလို့တစ်ခုခုဆို မက်ချူးနဲ့ ကိုယ့်ကိုယ်ကို ယှဉ်နေရတာလဲ.."
"ဘာလို့မဆိုင်ရမှာလဲ.. ကိုကို့လုပ်ရပ်တွေကြောင့် မယှဉ်ချင်ပဲ ယှဉ်မိနေတာလေ!!"
"စကားကို တိုးတိုးပြောစမ်း ဟန်ယူဂျင်း..။ ဘာမှယှဉ်စရာမဟုတ်တာကို လိုက်ယှဉ်ပြီး ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးမနေနဲ့။ မင်းက ငါ့ချစ်သူ.. မက်ချူးက.. မက်ချူးက.."
စကားပြောနေရာမှ ရပ်တန့်သွားသော ကိုကို့ကြောင့် ယူဂျင်းစိတ်ထဲရှိ မက်သရူးနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်လို့နေသည့် အစိုင်အခဲများက ပေါက်ကွဲထွက်လာတော့သည်။
"ဘာလဲ!! ဆော့မက်သရူးက ကိုကို့ရဲ့ဘာလဲ! သူငယ်ချင်းလား!! အဟက် ရယ်ဖို့တောင် ကောင်းသေးတယ်။ မက်သရူးလို့တောင် မခေါ်နိုင်ပဲ မက်ချူး.. ချူးငယ်.. ချူးလေး နဲ့ဖြစ်ပျက်နေတာလေ.. အဲ့ဒါကို ဘာသူငယ်ချင်းလဲ"
ယူဂျင်းရဲ့စကားများက မှန်ကန်နေသည့်အတွက် ဟန်ဘင်းမှာ အရှိုက်ကို တည့်တည့်အထိုးခံလိုက်ရသလို အောင့်သက်သက်နှင့် ပြန်ချေပစရာ စကားလုံးများ ပျောက်ရှလို့သွား၏။
"အခုလည်း တောထဲလာခါနီးမှ ဘာလို့ ကိုကို့အင်္ကျီကို သူ့ကိုပေးဝတ်လိုက်ရတာလဲ"
"အေးနေလို့ပါ.. မက်ချူးက ဖျားလွယ်တယ်လေ"
ဟန်ဘင်းစကားအဆုံး ယူဂျင်းရဲ့ နှုတ်ခမ်းလေး၌ မဲ့ပြုံးတစ်ခုက ချိတ်တွယ်လို့သွား၏။
"အော် အော်.. ဟုတ်ပါပြီ အဟင်း"
ခနဲ့တဲ့တဲ့စကားဆိုပြီးနောက် ယူဂျင်းအနောက်သို့ လှည့်ထွက်လိုက်လျှင် ဟန်ဘင်းက ယူဂျင်း၏လက်ကို လှမ်းဆွဲကာ
"ဒါကဘယ်လဲ"
"ကျွန်တော့ဘာသာ ဘယ်သွားသွား"
ဟန်ဘင်းရဲ့လက်ကို ယူဂျင်း အားနှင့်ဆွဲဖယ်ချလိုက်သည့်အခိုက် ဟန်ဘင်းကလည်း အားနှင့်ပြန်ဆောင့်ဆွဲလိုက်သဖြင့် ယူဂျင်းမှာ ဟန်ချက်ပျက်သွားကာ ခန္ဓာကိုယ်မှာ တပတ်လည်၍ လဲကျသွား၏။
"အ!"
"ဟင်! ကလေး အရမ်းနာသွားလား"ခြေကျင်းဝတ်ဆီမှ နာကျင်မှုကြောင့်ရော ကိုကို့ဆီက ကလေးဆိုသော ခေါ်သံကို ပြန်ကြားလိုက်၍ရော ယူဂျင်းမှာ ထပ်မံကာ မျက်ရည်များ ရစ်ဝိုင်းလာရပြန်၏။
ဟန်ဘင်းက ယူဂျင်းမျက်နှာမှ မျက်ရည်စများကို တယုတယ ပွတ်သုတ်ပေးလိုက်ပြီး
"ဘာလို့ ငိုနေပြန်တာလဲ.. ကိုကို့ကို ကိုင်ပြီးထကြည့်စမ်း.. ထလို့ရလား"
ကိုကို့လက်မောင်းကို အားပြုကာ ယူဂျင်းမတ်တတ်ရပ်ကြည့်ပေမဲ့လည်း ချက်ချင်းဆိုသလို ပြန်လဲကြသွားသည်။
"မရဘူး ကိုကို.. ခြေထောက် ထောက်လို့မရဘူး.. အရမ်းနာနေတယ်"
"ကဲ ဒါဆို ကိုကိုကျောပေါ်တက်"
"ဟင် ဖြစ်ပါ့မလား.. ကိုကို့ရုံးကဝန်ထမ်းတွေလည်း ရှိနေတာ"
"ဖြစ်ပါတယ် တက်"
သူရှေ့မှာ ကျောပေးလျက် ထိုင်ချကာ ကျောပေါ်တက်ဖို့ပြောနေသော ကိုကို့ကိုကြည့်ရင်း ခုနက စိတ်တိုနေတာတွေရော ဝမ်းနည်းတာတွေရောက ဘယ်ရောက်ကုန်မှန်းပင်မသိတော့။ ယူဂျင်းနှုတ်ခမ်းလေးမှာ အပြုံးတချို့တို့က ချက်ချင်းဆိုသလိုရောက်ရှိလာပြီး ကိုကို့ကျောပေါ် ဖက်တွယ်ကာ ကိုကို့လည်တိုင်ကို ခပ်ဖွဖွနမ်းရင်း ကိုကိုခေါ်ဆောင်ရာနောက် လိုက်ပါခဲ့မိတော့သည်။
-------------------------------------------------------
(လက်ရှိအချိန်)
"ချူး!!! ချူးလေး!!!!"
အမှောင်ထုက ကြီးစိုးလာသည်နှင့်အမျှ ဟန်ဘင်းရင်တွင်းမှ ပူပန်မှုကလည်း ကြီးထွားလို့လာနေခဲ့သည်။ တောထဲမှာ မက်သရူးတစ်ယောက်တည်း လမ်းပျောက်လို့နေမည့်အဖြစ်ကို တွေးကြည့်လိုက်မိရုံနှင့်ပင် ဟန်ဘင်းရူးချင်လာသည်။ စိုးရိမ်စိတ်တို့က တရိပ်ရိပ်ထိုးတက်လာသလို သူ့အသံကလည်း တဖြည်းဖြည်း ကျယ်လောင်လို့လာ၏။
"ချူးရေ!!! ချူး!! ကိုယ့်အသံကို ကြားရင် ပြန်ထူးပါဦး"
ညဖက်ရောက်လာသဖြင့် ပတ်ဝန်းကျင်မှာ အေးစိမ့်လာသော်လည်း ဟန်ဘင်းနှဖူးစပ်တွင်တော့ ချွေးစက်များက တွဲလွဲခိုလို့။
ပေါက်ထွက်မတတ် ခုန်နေသောရင်က ပြေးလွှားနေခဲ့ရသောကြောင့်လား.. ဒါမှမဟုတ် မက်သရူးကို စိတ်ပူနေသောကြောင့်လား ဆိုသည်ကိုပင် ဟန်ဘင်းမှာ မဝေခွဲတတ်တော့..။ အသက်ကိုပါးစပ်မှတဆင့် ရှူသွင်းနေရသည်အထိ မောဟိုက်နေသော်လည်း သူ့ခြေလှမ်းများ၏ အရှိန်ကိုတော့ မလျှော့ချမိ။
"ချူးလေးရေ.. ကိုယ်ရူးတော့မယ်.. ကိုယ့်အသံကိုကြားရင် ပြန်ထူးပါဦး.. ချူးရေ ချူး!!!"
"ဘင်း!"
ပြေးလွှားနေရာမှ လူသွားလမ်းဘေးဘက်ရှိ တောအုပ်ထဲမှ အော်ခေါ်သံသေးသေးလေးကြောင့် ဟန်ဘင်းခြေလှမ်းများကို ရပ်တန့်ကာ အသံကို နားစွင့်လိုက်သည်။
"ဘင်း!! ငါ ဒီမှာ"
"ချူး!! ချူး ဘယ်မှာလဲ"
"ဒီမှာ.. အပင်တွေကြားမှာ"
အသံပိုင်ရှင်မှာ မက်သရူးဆိုတာ သေချာသွားသည့်နောက် မက်သရူးရှိနေသော တောနက်ထဲသို့ ဟန်ဘင်းပြေးဆင်းသွားလိုက်သည်။ မက်သရူး ရှိနေသောနေရာမှာ လူသွားလမ်းမှဆိုလျှင် ဆင်ခြေလျှောလိုဖြစ်နေသဖြင့် ဧကန္တ မက်သရူးမှာ လမ်းလျှောက်ရင်းမှ ချော်လဲကျသွားသည့်ပုံပင်။
"ချူး.. ဘယ်နားမှာလဲ"
"ဒီမှာ မင်းကိုငါမြင်နေရပြီ"
အမှောင်ထုထဲမှာ ဝိုးတဝါးမြင်လိုက်ရသော လက်ကလေးတစ်ဖက်။
ခြေလှမ်းများကို အရှိန်တင်ရင်း မက်သရူးရှိရာဆီ အပြေးလှမ်းခဲ့လိုက်ပြီး တဖြည်းဖြည်း နီးကပ်လာသည်နှင့် မက်သရူးရဲ့ ပုံရိပ်လေးမှာ ဟန်ဘင်းမြင်ကွင်းထဲ ထင်ရှားလို့လာ၏။
သူ့ချူးငယ်လေးမှာ သစ်ပင်တစ်ပင်အောက်၌ ထိုင်လျက်သားလေးရှိလို့နေလေသည်။
အနားသို့ရောက်သည်နှင့် မက်သရူး၏ ပုခုံးနှစ်ဖက်ကို ဖွဖွကိုင်လိုက်ပြီး
"ချူးရယ် ကိုယ်ဘယ်လောက်စိတ်ပူနေခဲ့ရလဲ မင်းသိရဲ့လား.. ဘာလို့တောထဲကို တစ်ယောက်တည်း ဝင်သွားရတာလဲ.. ဘယ်နေရာတွေ ထိခိုက်မိသွားသေးလဲဟင်"
အပြောနှင့်အတူ မက်သရူး တစ်ကိုယ်လုံးကို scan ဖတ်သလို ဟန်ဘင်း သိမ်းကျုံးကြည့်လိုက်သည်။
"ခြေထောက်"
နှုတ်ခမ်းလေးကို စူပွပွလုပ်ရင်းပြောလာသော မက်သရူးကိုကြည့်ကာ ဟန်ဘင်းမှာ ရင်တွေပူနေသည့်ကြားမှ အသဲယားသွားရသေးသည်။
ဒီကောင်လေးနဲ့တော့ ကြာရင်သူရူးမှာပါပဲ..။
"ခြေထောက်က ဘယ်လိုဖြစ်ပြီး ထိသွားရတာလဲ"
အဆူခံရတော့မည်မှန်း ရိပ်မိနေပုံပေါ်သည့် သူ့ချူးငယ်က မျက်လုံးဝိုင်းလေးများဖြင့် သူ့အားသနားစဖွယ်လေး စိုက်ကြည့်လာပြီး
"မင်းပေးထားတဲ့ ဟန်းချိန်းလေးလေ.. အဲ့ဒါသစ်ပင်မှာညှိနေတာ.. အဲ့ဒါလှမ်းဖြုတ်ရင်း ချော်လဲကျတာ"
"အဲ့ ဟန်းချိန်းက ဘယ်လောက် အရေးကြီးနေလို့လဲ!! ပျောက်သွားရင် ငါပြန်ဝယ်ပေးမှာပေါ့"
စိုးရိမ်စိတ်ကြောင့် ဟန်ဘင်းရဲ့ အသံမှာ မက်သရူးကို ဒေါသမထွက်နေသည့်တိုင် ကျယ်လောင်လို့သွား၏။ သူ့စကားကို မက်သရူးက တစ်ခွန်းမခံပင် နှုတ်ခမ်းလေးထော်ကာ ရန်ပြန်တွေ့လို့လာသည်။
"ဘာလို့အရေးမကြီးရမှာလဲ! မင်း မွေးနေ့လက်ဆောင်ပေးထားတာလေ အရေးကြီးတာပေါ့"
"မင်းတစ်ခုခုဖြစ်သွားရင် ရူးသွားမဲ့ငါ့ကိုရော မင်းမသနားတော့ဘူးလား ဟမ်! မင်းသာတစ်ခုခုဖြစ်သွားရင် ငါဘယ်လို အသက်ဆက်ရှင်ရမလဲ"
"......."
မထုံတတ်တေးနှင့် မြေပြင်ကိုသာ ငေးစိုက်ကြည့်နေသည့် မက်သရူးကို ဟန်ဘင်းရင်ခွင်ထဲထည့်ကာ အတင်းအကျပ် ပွေ့ဖက်လိုက်မိသည်။
သူ့ရင်ထဲက အချစ်တွေကို ချူးငယ် ဘယ်တော့မှ အသိအမှတ်ပြုပေးမှာလဲ.. သိသိရက်နဲ့ ဘယ်အချိန်ထိ မသိချင်ယောင်ဆောင်နေမှာလဲ..။
"ဟန်ဘင်း.."
သူ့ရင်ခွင်ထဲမှ ရုန်းထွက်ဖို့လုပ်နေသော မက်သရူးကို ပို၍တင်းကျပ်အောင် တိုးဖက်လိုက်ပြီး
"နောက်တစ်ခါ ဒီလိုမျိုး ငါ့ကိုစိတ်ပူရအောင် မလုပ်ပါနဲ့ကွာ.. ငါတောင်းပန်ပါတယ်..။ ငါအားလုံးကို အဆုံးရှုံးခံနိုင်တယ်.. ဒါပေမဲ့ မင်းကိုတော့ မဟုတ်ဘူး..။ မင်းကိုတော့ ငါလုံးဝ အဆုံးရှုံးမခံနိုင်ဘူး ချူးရယ်.."
"အင်း.."
ညအလင်းရောင်အောက်မှာ အစွမ်းကုန် ချောမောလို့နေတဲ့ သူ့ရင်ခွင်ထဲမှ မက်သရူးရဲ့ မျက်နှာဖူးဖူးလေးကို ငေးကြည့်ရင်း ဟန်ဘင်းရင်တွေခုန်လာသည်။
လူသူကင်းမဲ့လို့နေတဲ့ တောအတွင်းမှာ ချစ်ရသူနှင့် နီးကပ်စွာရှိနေရခြင်းက ဟန်ဘင်းရဲ့အတွင်းစိတ်ထဲမှာ ခိုအောင်းလို့နေတဲ့ စိတ်ရိုင်းအချို့ကို နိုးထလာအောင် နှိုးဆွပေးနေသည့်နှယ်။
သူ့ကိုမော့ကြည့်လို့နေတဲ့ မက်သရူးရဲ့ မျက်ဝန်းညိုတွေထဲမှ ကြယ်ပွင့်လေးများကို ငေးမောကြည့်နေရင်းမှ သတိလွတ်သွားသည့်အခိုက် သူ့နှုတ်ခမ်းပါးက မက်သရူးနှုတ်ခမ်းထက်၌ အနမ်းပွင့်တို့ကို ကျဲချပြီးဖြစ်လို့နေခဲ့လေသည်။
--------------------------------------------------------
tbc >>
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



