Fanfics

23

18:28, 17 July 2025

နံနက်ပိုင်းတွင် လူကြီးစုံရာဖြင့် လက်မှတ်ထိုးအပြီးတွင် နှစ်ဖက်မိဘအား ကန်တော့ကြသည် ။ ဒီတစ်ကြိမ်တွင်လည်း မေမေတို့၏ စီစဉ်မှုအရ အဖြူရောင်သတို့သားလေးနှစ်ယောက်သည် ထိုင်းရိုးရာဝတ်စုံများဖြင့် ကျက်သရေရှိလှပါသည် ။

" ခုလိုမျိုးမြင်ရတာ မေမေ တကယ်ပျော်တယ်သိလား ၊ Ta လေးကို သားမက်တော်ရတာ မေမေအတွက် တကယ်ကံကောင်းမှုလေး ၊ သား Perth က တဇွတ်ထိုးဆန်တတ်တာကလွဲရင် Ta လေးအပေါ် ဘယ်လောက်ချစ်လဲဆိုတာ မေမေ အသိဆုံးပါကွယ် ၊ ပြီးတော့ Ta လေးကို မေမေကျေးဇူးတင်တယ်နော် "

တီ Ning ရဲ့ စကားသံအဆုံး Santa ဘေးရှိလူကို လှည့်ကြည့်မိသည် ။ ထိုအခါ သူ့အား အဓိပ္ပာယ်များစွာ ရွှန်းလဲ့နေသော မျက်ဝန်းဖြင့် ကြည့်နေသည့်လူသည် နှုတ်ခမ်းထက်မှာလည်း အပြုံးတစ်ခုဆင်မြန်းထားသည် ။ ခဏသာ အကြည့်ချင်းဆုံမိလိုက်ကြပြီး Santa ကပဲ အကြည့်လွှဲလိုက်ပါသည် ။ ယခု၌ သူ့ရင်ထဲရှိ ခံစားချက်သည် ယခင်နေ့များကဲ့သို့ လေးလံထုံထိုင်းနေခြင်းမရှိပါ ။ သို့သော် ကိုယ့်ကိုကိုယ်တော့ အပြစ်ကင်းလွှတ်သည်ဟု မတွေးမိပါချေ ။ ဘေးကလူကရော တစ်ခုခုအတွက် အားနာမိတာ မရှိလေဘူးလား ။

" တစ်ခုခုဆို ချက်ချင်းလာတိုင် အဖေ ဒီကောင့်ကို ထပ်ထိုးပေးမယ် "

" ဖေဖေ ! "

ဦးလေး၏စကားကြောင့် ဘေးကလူ၏အသံသည် အလိုမကျစွာထွက်ပေါ်လာလေသည် ။

" ကျွန်တော် လာတိုင်ပါ့မယ် ဦးလေး "

" ဦးလေးလား ၊ အဖေလို့ ပြောင်းခေါ်သင့်နေပြီနော် Ta "

ဒါကတော့ တီ Ning မှ ဝင်ပြောခြင်းဖြစ်လေသည် ။ ထိုစကားကြောင့် Santa နေရခက်သွားတာတော့အမှန်ပါ ။ တစ်သက်လုံး ဦးလေးနဲ့တီ Ning ဟုခေါ်လာခဲ့ပြီး ယခုပြောင်းခေါ်ရမည်က နည်းနည်းတော့ တစ်မျိုးဖြစ်နေလေသည် ။ အဲ့တာအပြင် ထိုကဲ့သို့ပြောင်းခေါ်ခြင်းသည် phi Perth သည် သူ၏ခင်ပွန်းဖြစ်ကြောင်းကို ပိုပြီးထင်ရှားစေသည် ။ ထို့ကြောင့် Santa အတွက် စိတ်လှုပ်ရှားစေခြင်းနှင့် အနည်းငယ်ရှက်မိစေသည် ။

သို့သော်

" ဟုတ် အဖေ ၊ Ta လာတိုင်ပါ့မယ် "

" ဒီလိုမှပေါ့ Ta လေးက မေမေတို့ရဲ့ သားအရင်းလေးလိုပါပဲ "

Santa ရှက်ရွံစွာ ခေါင်းငုံ့ထားမိလိုက်သည် ။ ဘယ်လိုပဲဆိုဆို ဒီအခြေအနေက Santa ကို နည်းနည်းတော့ ရှက်သွေးကြွစေလေသည် ။

" သား Perth ၊ Ta လေးကို အပ်ပါတယ်နော် ၊ အမေ့အစားစောင့်ရှောက်ပေးမယ်မလား "

" ဟုတ် ကျွန်တော် Tata ကို တစ်သက်လုံး စောင့်ရှောက်သွားမှာပါ "

ဒေါ်လေး Saung စကားကို Perth ချက်ချင်းဖြေလိုက်ပြီး ဘေးရှိကောင်လေးအား ကြည့်လိုက်သည် ။ ထိုအခါ ခေါင်းငုံ့လျက် ငြိမ်နေသည့်ကောင်လေးက ရှက်နေပုံရပါသည် ။ Perth ကြည့်နေတာသိတော့ ပို၍ ရှက်ဟန်တူပြီး နားရွက်ဖျားလေးတွေ ရဲတက်လာသည် ။ ထိုမြင်ကွင်းလေးကြောင့် Perth မပြုံးဘဲ မနေနိုင်ပေ ။ ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးကို သူပိုင်ဆိုင်ရပြီလေ ။ အမုန်းတွေကိုတော့ ခဏဖယ်ထားကြတာပေါ့ ။

" Perth ! ငါ့ညီ တစ်ခုခုဖြစ်တာနဲ့ ဟိုကနေ ချက်ချင်းပြန်လာခေါ်မှာနော် ! "

ပြောလိုက်သူကတော့ တစ်ချိန်လုံးအထင်လွဲခဲ့တဲ့ ယောက်ဖလောင်းလျာ ဖြစ်လေသည် ။ Perth မော့ကြည့်လိုက်တော့ တည်တင်းနေသော မျက်နှာထားဖြင့် ထိုင်နေသူသည် Perth ကို အခဲကျေသည့်ပုံပေါ်မနေပါ ။ ဘာဂရုစိုက်ရမှာလဲ ။ Tata က သူတရားဝင်လက်မှတ်ထိုးထားတဲ့ သူ့ခင်ပွန်းလေးတောင် ဖြစ်နေပြီလေ ။ ပြီးတော့ အစ်ကိုဝမ်းကွဲလို့ သိပြီးထားတာတောင် Tata အဲ့ဒီကောင်ရဲ့ လက်မောင်းကို တွဲချိတ်လိုက်တာကို မြင်ယောင်မိတိုင်း သူ့ရင်ထဲ ပူလောင်လာဆဲဖြစ်သည် ။

" လာခေါ်လည်း မထည့်ပါဘူး "

" သား Perth! "

ဘောက်ဆတ်ဆတ်ပြန်ဖြေသည့် သူ့ကို မေမေက ဝင်ဟန့်လေသည် ။ ထို့ကြောင့်

" Tata ဘာမှမဖြစ်စေရဘူး ၊ ဖြစ်ခဲ့ရင် မင်း ငါ့ကိုသတ်လိုက် "

" မင်းစကားမင်း တည်ရင် ပြီးတာပဲ "

အနည်းငယ်တင်းမာချင်နေသော လေထုကို မိဘတွေကပဲ ဝင်ဖြေလိုက်ရင်း စကားလမ်းကြောင်းသည် ပြန်၍ တည်ငြိမ်သွားသည် ။ ဘေးတွင် ငြိမ်နေသည့်ကောင်ငယ်လေးကတော့ တစ်ချက်တစ်ချက်လိုက်ပြုံးရုံသာ ။ သူ့ဘက်က အတင်းလုပ်ယူခဲ့တာမှန်ပေမယ့် ဒီတစ်ခါ နောက်ဆုံးအတ္တဖြစ်ကြောင်း ဒီကောင်လေးကို သိစေချင်ပါသည် ။

လက်မှတ်ထိုးပွဲလေးသည် အေးချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့လေသည် ။

----

ခြံထဲတွင်ကျင်းပသော အကျဉ်းရုံး dinner ဟု ခေါင်းစဉ်တပ်ထားသော်လည်း အကျဉ်းရုံးလေးမဟုတ်တော့ကြောင်းကို ဧည့်သည်တွေကို ကြည့်ရုံဖြင့် Santa သိလိုက်သည် ။ အသိုင်းအဝိုင်းကြောင့် ကြီးကျယ်သွားတာလည်း ဖြစ်နိုင်ပါသည် ။ ထိုဧည့်သည်တွေကို မြင်မိတော့ သူ့ရဲ့လိပ်ပြာမလုံခြင်းက ပို၍များပြားလာခဲ့သည် ။ သို့သော် ဘာမျှမတတ်နိုင်ပါ ။ သက်ပြင်းယဲ့ယဲ့ချရင်းဖြင့် တစ်စုံတစ်ယောက်အား အားနာနေမိတော့သည် ။

" Tata တစ်ခုခုဖြစ်လို့လား "

ငြိမ်ကျကာ မှိုင်တွေသွားသည့်ကောင်လေးကြောင့် Perth စိတ်ပူစွာမေးမိသည် ။ ဒီရက်ပိုင်းအလုပ်တွေရှုပ်နေခဲ့ကြတော့ ပင်ပန်းပြီး ဒီကောင်လေး နေမကောင်းဖြစ်မှာကို စိုးရိမ်မိသည် ။ သို့သော် သူ့မေးခွန်းကို ဘာမှပြန်မဖြေပဲ မျက်နှာပိုပျက်သွားသည့် ကောင်လေးကြောင့် Perth ရဲ့ စိတ်ပူနှုန်းက ပို၍မြင့်တက်လာသည် ။

" နေလို့မကောင်းဘူးလား "

နဖူးပြင်နုနုဆီ လက်ဖြင့်တို့ထိမယ်ကြံလိုက်တော့ ခေါင်းလုံးလုံးလေးသည် ချက်ချင်းတိမ်းရှောင်သွား၏ ။ ဟုတ်သား ။ ဒီကောင်လေးက သူ့အသားကို မထိဖို့ပြောထားသည်လေ ။

" မင်း နေမကောင်းဖြစ်မှာစိုးလို့ "

ပြီးနောက် နှစ်ယောက်ကြား တိတ်ဆိတ်သွားခြင်းနှင့်အတူ နေရာတွင် ငြိမ်လျက်သာ ရပ်နေမိကြသည် ။ နံနက်က အခြေအနေများသည် အဝေးဆီသို့ လွင့်သွားသကဲ့သို့ပင် ။

" ဧည့်သည်တွေကို ဧည့်ခံရအောင် ဖေဖေ့အသိတွေရောက်နေတယ် "

ထိုအခါ ခေါင်းငြိမ့်ပြပေမယ့် ဘာမှတော့ပြန်မပြောပေ ။ ပြီးနောက် နှစ်ယောက်သား ဧည့်သည်များအား လိုက်ဧည့်ခံရင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်ပင် စကားမပြောမိကြပါ ။ အလှဆုံးပြုံးရင်း သူ့လက်အားတွဲချိတ်ပေးထားတာနဲ့တင် ကျေးဇူးတင်လှပါပြီ ။ မထိချင်တဲ့လူကို အချိန်ကြာကြာထိကိုင်ထားဖို့ လွယ်ပါ့မလား ။

ညနေခြောက်နာရီတွင် စတင်ကျင်းပသောပွဲလေးသည် ပွဲချိန်တစ်လျှောက်လုံး ဧည့်မပြတ်ပါချေ ။ တစ်ချက်တစ်ချက် ဧည့်သည်တွေထံမှ ကြားရသော စကားလုံးအချို့၏ဝေဖန်မှုများကြောင့် မျက်နှာပျက်သွားတတ်သော ကောင်လေးကို အားနာစွာကြည့်တတ်သော ကောင်လေးတစ်ယောက်ကိုလည်း မြင်ရပါလိမ့်မည် ။

လူတွေစကားကို ဂရုမစိုက်နဲ့လို့ ပြောချင်ပေမယ့် ဒီလိုစကားတွေဖြစ်လာဖို့ သူကိုယ်တိုင် လုပ်ခဲ့မိသလိုဖြစ်နေခြင်းသည် ကောင်လေးအပေါ် ပို၍ အပြစ်ရှိသလိုခံစားရသည် ။ ထိုသို့ခံစားရတိုင်းလည်း ဒီကောင်လေးအပေါ် ပိုပြီးပေးဆပ်ချင်သည် ။ မသိခဲ့ဖူးတဲ့အချိန်တွေအတွက် အချစ်ဆိုတဲ့အရာကို ဒီကောင်လေးယုံလာအောင် ပြပေးချင်သည် ။ ကိုယ်မင်းကို ချစ်တယ်ဆိုတဲ့ စကားလုံးထက် ကိုယ်မင်းကို ဘယ်လောက်ချစ်တာ ဆိုတာမျိုးကို လက်တွေ့ကျကျပြပေးချင်သည် ။ အကယ်၍များ တစ်နေနေ့တစ်ချိန်ချိန်အထိ ဒီကောင်လေးသာ သူ့ကိုခွင့်မလွှတ်ပေးတော့ဘူးဆိုရင်တောင် ဒီအမုန်းတရားတွေကြားမှာ မေတ္တာတစ်ခုကို ပေါ်လွင်အောင် ဖော်ပြခဲ့ရမယ်မဟုတ်လား ။ အဲ့ဒီမေတ္တာတရားမှာ အတ္တဆိုတဲ့အရာ ကင်းဝေးစေဖို့ကိုတော့ ကတိပေးနိုင်ပါသည် ။

" Ta ! "

နောက်မှခေါ်သံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်သည် ။

" congratulation Ta ! "

" phi Boom ! phi Aou ! ကျွန်တော် phi တို့ကို မလာတော့ဘူးထင်နေတာ "

" အမယ် ! မလာစရာအကြောင်းမရှိပါဘူးနော် "

ထိုနှစ်ယောက်ကို Perth သိသည် ။ ထို့ကြောင့် ပို၍ အကဲခတ်နေစဉ်မှာပင် စာပွဲဝိုင်းတစ်ခုသို့ ဆွဲခေါ်သွားပြီ ဖြစ်တဲ့ကောင်လေးကြောင့် သူတစ်ယောက်သာ နေရာမှ ရပ်ကျန်ခဲ့တော့သည် ။ ထို့ကြောင့် ခဏသာ ကြည့်နေလိုက်ပြီး ခုဏက စကားပြောလက်စလူများကိုသာ ဆက်၍စကားပြောရင်း ဧည့်ခံနေလိုက်တော့သည် ။ မိတ်ဆက်ပေးပါလို့ ပြောရအောင်ကလည်း အဲ့ဒီလောက်ပြောဖို့သူ့မှာ အခွင့်အရေးမရှိနေဘူးမဟုတ်လား ။

" ပြောပါအုံး လျှိုထားရတဲ့အကြောင်းအရင်း အခုလက်ထပ်တော့မှပဲ သိရတယ် "

phi Boom က သူ့အား စသလိုလိုဖြင့် မျက်စောင်းခပ်ပါးပါးလေး မကျေမနပ်ဟန်ဖြင့် ပြောလေသည် ။

" ဟုတ်တယ်နော် Ta ! ဖိတ်စာရောက်လာတော့ တကယ်ကြောင်သွားတာ တကယ် surprise ပဲ "

" Ta လည်း ရုတ်တရက်မို့ အဲ့လိုပဲဖြစ်သွားတာ တမင်လျှိုထားတာ မဟုတ်ပါဘူး "

phi Aou ကပါ ဝင်ပြောလာတာမို့ Santa ပြာပြာသလဲ ရှင်းပြမိသည် ။ တကယ်လည်း တမင်လျှိုထားခဲ့ခြင်းမဟုတ်ပါ ။ ပြီးတော့ အခြေအနေတွေက သူကိုယ်တိုင်အတွက်ပါ ရုတ်တရက်ဆန်လွန်းသည်လေ ။

" ထားပါတော့ အခုက phi တို့ကို သူနဲ့မိတ်မဆက်ပေးတော့ဘူးလား "

phi Boom က Santa အနေခက်နေမှန်းသိလို့ ထိုသို့ပြောရင်း phi Perth ရှိရာဆီသို့ မျက်စပစ်ပြသည် ။  ထိုကြောင့် Santa လှည့်ကြည့်လိုက်တော့ သူရှိရာသို့ လှည့်ကြည့်လာသည့်လူနှင့် အကြည့်ချင်းဆုံသွားသည် ။ ထို့ကြောင့် ချက်ချင်းအကြည့်လွှဲလိုက်ပြီး

" ဒါဆို ခဏစောင့်နော် Ta သွားခေါ်လိုက်အုံးမယ် "

phi Boom တို့ကို ထိုသို့ပြောပြီး Santa နေရာမှ ထလာခဲ့သည် ။ ပြီးနောက် ခပ်လှမ်းလှမ်းရှိလူဆီသို့ လျှောက်သွားလိုက်တော့ သူပြောမည့်စကားကို အဆင်သင့်စောင့်နေဟန်ရှိသည့်လူကြောင့် တော်သေးသည်ပြောရမည် ။ မဟုတ်လျှင် ဘယ်လိုစခေါ်လိုက်ရမှန်းကို သူ့အတွက်အခက်တွေ့နေမိသည် ။ ဘာကြောင့်ရယ်မသိ ။ အရာရာဟာ သူ့အတွက်လေးဖင့်ကာ ခက်ခဲနေပါသည် ။

" ဟို ... "

" .... "

" မိတ်ဆက်ပေးမလို့ ခဏလိုက်ခဲ့ပေးမလား "

ကောင်လေး၏ စကားသံကြောင့် Perth ပြုံးမိသွားသည် ။ သူနဲ့ဝေးရာဝိုင်းထိ ခေါ်သွားတော့ စိတ်ထဲနေရခက်နေခဲ့တာ ။ အခုလို စကားသံလေးကြားရတော့ အနည်းငယ် အရေးပါသလိုခံစားလိုက်ရခြင်းနဲ့အတူ ဒီကောင်လေးနဲ့ မိတ်ဆွေတွေကိုလည်း သူသိကျွမ်းချင်မိသည် ။

" အွန်း သွားမယ်လေ "

ထို့နောက် နှစ်ယောက်အတူ phi Boom တို့ရှိရာဝိုင်းဆီ လျှောက်လာခဲ့ကြသည် ။

" အောဝ်း ! လက်လေးတွဲပြီး လျှောက်လာရမှာကို "

အနားရောက်သည်နှင့် phi Boom က ထိုသို့စလေသည် ။ phi Perth ကတော့ ပြုံးနေပေမယ့် ရှက်မိသွားသူက Santa သာ ဖြစ်သည် ။ ထို့ကြောင့်

" phi Perth ! ဒါက phi Aou နဲ့ phi Boom တဲ့ ကျွန်တော့် စီနီယာတွေ "

" ဟုတ်ကဲ့ မင်္ဂလာပါဗျ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က Perth ပါ Tata ခင်သလိုပဲ ခင်လို့ရပါတယ်ဗျ "

" phi တို့လည်း တွေ့ရတာဝမ်းသာတယ်နော် ကမ္ဘာကြီးရဲ့ sunshine လေးကို အပိုင်ရသွားတာလည်း ဂုဏ်ယူပါတယ် "

ထိုစကားကြောင့် phi သဘောမကျပဲမနေနိုင် ။ ဘေးကကောင်လေးကို လှည့်ကြည့်တော့လည်း ရှက်နေသည့်ပုံလေးဖြင့် ချစ်စရာအတိ ။

" Perth ထက် ကိုယ့်အချစ်က ပိုပျော်နေသလိုပဲနော် "

" Aou ! ပျော်ရမယ်လေ ညီလေးတို့က ဒီလောက်လိုက်ဖက်တာကို "

ရှေ့ကနှစ်ယောက်၏ စကားအသွားအလာကြောင့် ပတ်သက်မှုကို Perth ရိပ်မိလိုက်ပါသည် ။ ထို့ကြောင့် တစ်ချိန်က အထင်လွဲပြီး ပြောခဲ့မိခြင်းကိုပါ အားနာလာမိသည် ။ သူထင်ရာကို စွပ်စွဲခဲ့ခြင်းသည် ဒီကောင်လေးအပေါ် ဘယ်လောက်မလေးစားရာရောက်ခဲ့သလဲ ။

" Tata ဒီမှာဆက်နေရင်နေခဲ့မယ်မလား ကိုယ်ဟိုဘက်ကို ခဏသွားအုံးမယ် "

Tata နားကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့ ခေါင်းသာငြိမ့်ပြပြီး ဘာမှပြန်မပြောပါ ။

" ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံးဗျ အေးဆေးနေပြီးမှ ပြန်ကြပါနော် "

" ဟုတ်သား သတို့သားနှစ်ယောက်လုံးကို ခေါ်ထားလို့ ဘယ်ဖြစ်မလဲ "

ထို့နောက် Perth သေချာ ပြန်နှုတ်ဆက်လိုက်ကာ နေရာမှ ထွက်လာခဲ့လိုက်သည် ။ စကားအေးဆေးပြောချင်ကြမှာမို့ သူရှိနေရင် အားနာမှာစိုးမိသည်ကြောင့်ဖြစ်သည် ။ ပြီးတော့ ကောင်လေးအတွက် နေရခက်မှာ စိုးတာကြောင့်လည်း ပါသည် ။

Santa ထွက်သွားသူအား ခဏကြည့်ပြီး phi Boom တို့ ဝိုင်းမှာဝင်ထိုင်လိုက်သည် ။ ပြီးနောက် phi Boom တို့နဲ့ စကားပြောရင်း အချိန်ကြာကြာ ထိုင်နေမိလိုက်သည် ။

" အာလုံးပဲ မင်္ဂလာပါဗျ ! "

ခက်လွင်လွင်ဖွင့်ထားသော သီချင်းသံပိတ်ကျသွားပြီးသည့်နောက် ထွက်ပေါ်လာသည့် ရင်းနှီးလှသည့်အသံကြောင့် Santa မော့ကြည့်လိုက်သည် ။ ထိုအခါ ခပ်သေးသေးပြင်ဆင်ထားသည့် စင်နိမ့်လေးပေါ်ရှိလူကို တွေ့လိုက်ရသည်ကြောင့် အနည်းငယ်မှင်သက်မိသွားသည် ။

" ပထမဆုံးအနေနဲ့ ဒီနေ့ပွဲလေးကို တက်ရောက်ပေးကြတဲ့လူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် "

စကားသံအဆုံး ဧည့်သည်အားလုံး၏ လက်ခုပ်သံနှင့် ဆူပူသံတစ်ချို့ထွက်လာသည် ။ စင်ပေါ်ရှိလူကတော့ ခုံနိမ့်လေးတစ်ခုမှာ ဂီတာတစ်လက်ချိတ်လွဲထားရင်း ထိုင်နေသည် ။ ရှေ့ရှိမိုက်ကိုလည်း အနေတော် အနေအထားဖြစ်အောင် ရွေ့ပြောင်းနေသေးသည် ။

" Perth က တကယ်ချောတာပဲ Ta နဲ့တကယ်လိုက်တယ် ! "

ဘေးရှိ phi Boom ရဲ့ အသံကြောင့် Santa ပြုံးရုံသာတုံ့ပြန်မိပြီး စင်နိမ့်လေးဆီသို့ အကြည့်ပြန်ပို့လိုက်သည် ။ ထိုအခါ မိုက်ကို စိတ်ကြိုက်နေရာ ချပြီးသွားဟန်တူသည့် လူသည်

" ဒီနေ့ဒီနေရာမှာ ဒီလိုအခြေအနေရောက်လာဖို့အတွက် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ် ၊ အဲ့ဒီအခက်အခဲတွေထဲက မှားယွင်းမှုတွေအတွက် ကျွန်တော် ပြန်ပေးဆပ်ချင်ပေမယ့် ကောင်ငယ်လေးဟာ ကျွန်တော့်ကို စိတ်ဆိုးနေတယ် "

စကားသံအဆုံး ဧည့်သည်တွေရဲ့အာပေးဆူညံသံက ခြံဝန်းတစ်ခုလုံး ပြည့်သွားသလို Santa ထံသို့ စူးစိုက်ဝင်လာသည့် မျက်ဝန်းတစ်ခုကြောင့် Santa ခေါင်းကို ငုံ့ချလိုက်မိသည် ။ သူက စိတ်ဆိုးနေတာမှ မဟုတ်ဘဲ ။

" ပြန်အဆင်ပြေလာဖို့ ကျွန်တော် ကြိုးစားနေပါတယ် ၊ ပြီးတော့ ပိုင်ဆိုင်ခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

Santa မနေနိုင်စွာဖြင့် ထပ်မံ၍ မော့ကြည့်လိုက်လျှင် ရင်ထဲအထိ လှိုက်ဝင်လာသည့် စကားလုံးများ ။

" ဒီနေ့ဟာ ကိုယ့်ဘဝရဲ့အပျော်ဆုံးနေ့တစ်ခုပါ Tata "

နှလုံးအိမ်ထဲထိ နွေးကနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ စင်ပေါ်ရှိလူဆီက အကြည့်မလွှဲပစ်မိပါချေ ။ ပြီးနောက် သိသိသာသာခုန်လာသည့် ရင်ဘတ်ကြောင့် Santa မျက်နှာပင် ပူနွေးလာခဲ့သလို ခံစားလိုက်ရသည် ။

" ချိုမြိန်လိုက်တာနော် ! "

ဘေးရှိ phi Boom ၏ စကားကိုကြားမှ Santa အသိဝင်လာကာ အကြည့်လွှဲလိုက်ပြီး ခေါင်းကိုငုံ့ထားမိသည် ။ သူတကယ် ရင်တွေခုန်လွန်းလို့ နေရခက်နေပြီလေ ။ အခြေအနေအရပ်ရပ်ကိုပင် သူမေ့သွားခဲ့ပြီး နှုတ်ခမ်းထက်ကပင် အလိုလိုလိုက်ပြုံးမိနေသည်အထိ ။ ထို့ကြောင့် အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်လိုက်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းလိုက်သည် ။

ထိုအချိန် မသိစိတ်ထဲအထိ ဝင်ရောက်လာသော သီချင်းသံ ။ ပြီးနောက် ပိုင်ပိုင်နိုင်နိုင်ဖြင့် ထွက်ပေါ်လာသော သီချင်းစာသားတို့နှင့် ကြည်လင်ပြတ်သားလှသော အသံကြောင့် Santa  ၏ ရင်ခုန်နှုန်းကို ပို၍ မြင့်တက်လာစေသည် ။

Baby, life was good to me But you just made it better

I love the way you stand by meThrough any kind of weather

သူ့မော့မကြည့်မိပါ ။ သီချင်းသံကိုသာ နာစွန့်ရင်း အောက်နှုတ်ခမ်းအား ဖိကိုက်ထားမိတုန်း ။

I don't wanna run awayJust wanna make your day

When you feel the world is on your shoulders

စားသားအဆုံး သူ့ကိုယ်သူပင် မသိတော့ပဲ စင်ပေါ်ရှိလူထံသို့ မော့ကြည့်မိပြန်သည် ။ ထိုအခါ သူ့အား လေးလေးနက်နက်ကြည့်ကာ ကော့တက်သွားသည့် နှုတ်ခမ်းတစ်ဖက်အား သေချာမြင်လိုက်ရသည်ကြောင့် တုံ့စိုင်းခြင်းမရှိသည့်ရင်ခုန်မှုသည် လှိုက်ကနဲ ။

I don't wanna make it worseJust wanna make us work

Baby,tell me I will do whatever

It feels like nobody ever knew me until you know me Feels like nobody ever loved me until you loved meFeels like nobody ever touched me until you touched meBaby, nobody, nobody until you ...

စာသား၏အဓိပ္ပာယ်တို့သည် သူ့အား တစ်ချိန်လုံးစိုက်ကြည့်ကာ သီဆိုသွားသူကြောင့် ပိုပြီးလေးလေးနက်နက်ရှိလာခြင်းနှင့်အတူ Santa ရင်ထဲ နွေးထွေးမှုရှိလာခြင်းသည် တစ်စထက်တစ်စ တိုးတက်လာခဲ့သည် ။ ဘာကြောင့်လဲ ။ သီချင်းလေးတစ်ပုဒ်နဲ့လေ ။ သူ့အတွက်ရည်ရွယ်ပြီးဆိုတယ်ဆိုတဲ့ ခံစားချက်ကြောင့်လား ။

Baby, it just took one hit of you Now I'm addicted

You never know what's missing Till you get everything you needed

I don't wanna run awayJust wanna make your day

When you feel the world is on your shoulders

I don't wanna make it worseJust wanna make us work

Baby,tell me I will do whatever

It feels like nobody ever knew me until you know me Feels like nobody ever loved me until you loved meFeels like nobody ever touched me until you touched meBaby, nobody, nobody until you ...

နားထဲစိမ့်ဝင်လာသည့် သီချင်းသံတို့အား စိတ်လိုလက်ရ နှစ်သက်နေမိခြင်းသည် လိမ်၍မရတော့ပါ ။ တစ်ချို့စသားများတွင် လိုက်၍ပြုံးမိနေခြင်းကိုပင် ကိုယ့်ကိုကိုယ် မနည်းထိန်းနေရပြန်သည် ။

See it was enough to know,if I ever let you go I would be no one

'Cause I never thought I'd feelAll the things you made me feel Wasn't looking for someone Oh .... until you

It feels like nobody ever knew me until you know me Feels like nobody ever loved me until you loved meFeels like nobody ever touched me until you touched meBaby, nobody, nobody

until you ... !

အဆုံးသတ် စာသားအား ပို၍လေးနက်စွာသီဆိုလိုက်ဟန်သူသည့်လူက သီချင်းအဆုံးသတ်သွားခဲ့တာတောင် သူ့ထံမှ အကြည့်မလွှဲသွားပါ ။ ထို့အတူပင် သူသည်လည်း အကြည့်မလွှဲမိတော့ပေ ။ သီချင်းလေးတစ်ပုဒ်ကြောင့် ခွင့်လွှတ်ချင်နေပြီလားလို့ ကိုယ့်ကိုကိုယ်ပြန်မေးလိုက်ရင်းဖြင့် နှလုံးသား၏နွေးထွေးမှုအား ရပ်တန့်ရပြန်သည် ။ ဘာကြောင့် ဒီလူကသူ့အပေါ် အဲ့ဒီလောက်လွယ်ကူနေရသလဲ ။

Santa အတွေးများရှုပ်ထွေးသွားချိန်တွင် စင်ပေါ်မှ ဆင်းလာပြီဖြစ်သည့်လူကိုမြင်မှ အသိဝင်လာသည် ။ ထို့ကြောင့် ကြောင်ကာငေးနေမိစဉ် အားလုံးရဲ့အကြည့်သည်လည်း သူတို့ထံတွင်ရှိလေသည် ။ အဲ့တာထက် အလင်းရောင်သည် သူတို့ရှိသာထံသို့သာ ကွက်ကာမီးထိုးထားပြန်သည် ။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ့အနားသို့ ရောက်နေပြီဖြစ်သည့်လူ ။ အဖြစ်အပျက်အားလုံးကို မျက်လုံးဝိုင်းများဖြင့် လိုက်ကြည့်နေမိလျှင် သူ့ပါးပြင်ထက်သို့ ရောက်လာသော ခပ်နွေးနွေးလက်ဖဝါး ။ သူမရုန်းမိပဲ ရှေ့ကလူကိုသာ မော့ကြည့်လိုက်မိသည် ။

" လာမယ့်ရက်တွေမှာ ကိုယ့်အတွက်အများကြီးပြုံးပေးပါဆိုတာမျိုးတော့ ကိုယ်မတောင်းဆိုတော့ဘူးနော် အဲ့ဒီအစား မျက်ရည်မကျအောင်ထားပါ့မယ်လို့ ကိုယ်ကတိပေးပါတယ် "

" phi Perth .... "

" ကိုယ့်အပိုင်ဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ် "

စကားသံအဆုံး ဘေးရှိဧည့်သည်များသည် အသံသည် ဆူညံသွားပါသည် ။ ထို့အတူ အချိန်ကိုက်ဖွင့်လိုက်သော ခုဏက phi Perth ဆိုတဲ့သီချင်း ။ အရာရာဟာ ရပ်တန့်သွားသလိုခံစားမိသည် ။ သူ့အသိစိတ် မသိစိတ်နှစ်ခုလုံးတွင် ရှေ့ကလူကိုသာ မြင်နေမိတော့ခြင်းနှင့်အတူ ဘာဆိုဘာမှ မသိတော့သည့် လူတစ်ယောက်လို ။ Santa ရဲ့ ကမ္ဘာကြီးသည် တသိမ့်သိမ့်တုန်ယင်နေသော နှလုံးသား၏ စည်းချက်နောက်သာ လိုက်နေမိခဲ့တော့သည် ။

ထိုကဲ့သို့ ခံစားချက် ၊ အဖြစ်အပျက် နှင့် လေးနက်မှုများသည် အပြစ်ကင်းကင်းနဲ့ဖြစ်တည်မှုသာဖြစ်ခဲ့လျှင် ဘယ်လောက်များကောင်းလိုက်မလဲ ။ အခုတော့ .... ။

Perth Tanapon ခင်ဗျားဟာလေ ..... ။

------

" Ta ၊ phi တကယ်တောင်းပန်တယ်သိလား ၊ မကူညီရင် အဲ့ကောင် Perth က သေမလိုဖြစ်နေလို့ "

" ရပါတယ် phi ၊ ကျွန်တော် စိတ်မဆိုးပါဘူး "

" တော်ပါသေးတယ် ၊ Ta အရမ်းကြီး စိတ်ဆိုးနေမယ်ထင်တာ "

ည 10 နာရီကျော်နေပြီမို့ ခြံထဲတွင်ဧည့်သည်တွေသိပ်မရှိတော့ပါ ။ တစ်ချို့တစ်လေ အရမ်းရင်းနှီးသူများသာ ရှိတော့သည် ။ ထို့ကြောင့် ဝိုင်းတစ်ခုတွင် ထိုင်ရင်း phi Phu ၏ စိုးရိမ်တကြီးတောင်းပန်မှုကို ဘာမှမဖြစ်ကြောင်းနဲ့စိတ်မဆိုးကြောင်းကို ပြောပြနေရသည် ။ တကယ်လည်း Santa စိတ်မဆိုးမိပါ ။ အဓိကကျသည့် လူကိုသာ .... ။ အင်း အဲ့ဒီလူကိုလည်း Santa စိတ်ဆိုးနေခြင်းမဟုတ်ပါ ။

" အခုလို အဆင်ပြေသွားကြတော့လည်း ဝမ်းသာပါတယ် ၊ အရင်ကတည်းက အဲ့ကောင် Perth က Ta ကိုပဲ ချစ်ခဲ့တာ phi တို့ အသိပဲ "

ဒီတစ်ခါတော့ Santa ဘာမှ ပြန်မဖြေမိတော့ပါ ။ အားလုံးက အဲ့ဒီစကားကို ပြောတတ်ကြပေမယ့် တကယ်ဟုတ်ပါတယ်လို့ Santa လက်ခံဖို့ခဲယဉ်းလွန်းသေးသည် ။ တကယ်ပဲ phi Perth သာ သူ့ကို အရင်ကတည်းက ချစ်ခဲ့တယ်ဆိုရင် အခုလိုမျိုး ....

" Santa ! "

အတွေးပင် မဆုံးသေး ကြားလိုက်ရသော မိန်းကလေးတစ်ယောက်၏ အသံကြောင့် Santa လှည့်ကြည့်လိုက်ချိန် မျက်ခုံးတွေပင် ပင့်သက်မိသွားသည်အထိ ။ ပြီးနောက် တစ်ပြိုင်နက် လှိုက်တက်လာသည့် ခံစားချက်အချို့

" phi Wan .... "

" ဟုတ်တယ် ၊ တို့ပဲ သိပ်လန့်သွားတာလား "

Santa လန့်နေခြင်းဆိုတာထက် ရှေ့က မိန်းကလေးကိုကြည့်ရင်း မလုံမလဲစိတ်က ပို၍ ကြီးစိုးလာခဲ့သည် ။ ပြီးနောက် သူ့ရင်ထဲ၌ သူခိုးတစ်ယောက်ကို ပိုင်ရှင်က ဖမ်းမိသွားတဲ့ခံစားချက်မျိုး ၊ အတင်းလုယူလိုက်ပြီး ပိုင်ရှင်က လာပြန်တောင်းသည့် ခံစားချက်မျိုး ။ သူက ခိုးယူခဲ့သူလည်း မဟုတ်သလို ၊ အတင်းလုယုလိုက်သူလည်း မဟုတ်ပါသည့်တိုင် ထိုမိန်းကလေးကိုမြင်ရခြင်းသည် သူ့ရင်ထဲမှ ဖော်မပြတတ်သော ခံစားချက်များသည် အသွေးအသားထဲအထိ စိမ့်တက်လာကာ နေရခက်လာစေသည် ။

" မင်းကိုတို့ သေသေချာချာ သတိပေးပြောပြခဲ့ရဲ့သားနဲ့ ၊ မင်းမို့လို့ လုပ်ရက်တယ် ! "

ထိုမိန်းကလေး၏အသံသည် နာကျင်ခြင်းပြည့်ဝနေကာ ထိုနာကျင်ခြင်းများကို ဒေါသသံဖြင့်ထိန်းထားသကဲ့သို့ တုန်ယင်နေသည် ။ ပြီးနောက် သူ့ထံသို့ လက်ညှိုးထိုးကာ ပြောလိုက်ခြင်းသည် သူ့ကိုပိုပြီး အပြစ်သားတစ်ယောက်လိုခံစားရစေသည် ။ သူဘာပြန်ပြောရမှာလဲ ။ မဟုတ်ဘူးလို့ ငြင်းရမှာလား ။ ဟင့်အင်း ။ ဒီလိုငြင်းရမယ့်အစား တောင်းပန်သင့်တာ မဟုတ်လား ။ သူကျူးလွန်မိခဲ့တာတွေအတွက် ၊ သူလုပ်ခဲ့တာတွေအတွက် ။

" တောင်းပန်ပါတယ် ၊ ကျွန်တော် မရည်ရွယ်ပါဘူး phi Wan "

အားတင်းကာ ပြောလိုက်သော်လည်း တုန်ယင်သွားသည့် သူ့အသံသည် သူ၏ကျူးလွန်မှုကြောင့် ကြောက်လန့်နေတဲ့လူတစ်ယောက်ကဲ့သို့ ။ သို့သော် သူကြောက်နေခြင်းမဟုတ် ။ အားနာမိခြင်းနှင့် ပေးထားသော ကတိအား မတည်မိသည့်အတွက် ထိုမိန်းကလေးအပေါ် ရင်မဆိုင်ရဲခြင်းဖြစ်လိမ့်မည် ။

" မင်းက တို့ဘဝတစ်ခုလုံးကို စုတ်ပြတ်သတ်အောင် ဖျက်ဆီးခဲ့တာ ၊ တို့အိမ်မက်တွေ ၊ တို့ချစ်ရတဲ့လူ အားလုံးကို မင်းက ဖျက်ဆီးပစ်လိုက်တာ ၊ တို့မင်းကို အရမ်းမုန်းတယ် Santa !! "

ဒေါသတကြီးပြော​လိုက်သော စကားသံအဆုံး ထိုမိန်းကလေး၏ လက်တစ်ဖက်သည် လေပေါ်သို့မြှောက်တက်သွားပါသည့်တိုင် Santa မျက်လုံးတို့ မှိတ်ချလိုက်ပြီး နေရာတွင်ပေကာ ရပ်နေမိဆဲ ။ ရှောင်လိုက်၍ ရသော်လည်း သူမရှောင်ချင်မိပါ ။ သူ့တစ်ကိုယ်လုံး သူမရဲ့ စကားတွေကြား ခြေချုပ်မိသွားခဲ့ပြီ ။ ထိုလက်ဖဝါးတစ်ဖက် သူ့ပါးသို့ ကျရောက်လာဖို့ ထိုက်တန်သည်ဟု ခံစားမိသည် ။

ထို့ကြောင့် .... ထို့ကြောင့် ရိုက်ချင်သလောက် ရိုက်သွားပါစေတော့ဟုသာ စိတ်ထဲရေရွက်နေမိတော့သည် ။

သို့သော် အချိန်တစ်ခုကြာတဲ့အထိ သူ့ပါးပေါ်သို့ ဘာခံစားချက်မှ ရောက်မလာသည်မို့ မျက်လုံးတို့အား ပြန်ဖွင့်လိုက်ချိန်တွင်

" မင်း ဘာလုပ်တာလဲ Wan !! "

ဘယ်အချိန်က ဘေးသို့ရောက်လာလိုက်မှန်း မသိသော phi Perth သည် သူ့အားရိုက်ရန် ချိန်ရွယ်ထားသော phi Wan ၏ လက်တို့အား တားဆီးဖမ်းချုပ်ထားပြီး

" အပြစ်ရှိတဲ့လူက ကိုယ်မို့လို့ မင်းရိုက်ချင်ရင် ကိုယ့်ကိုရိုက် Wan ! ၊ အားလုံးကို ကိုယ်လုပ်ခဲ့တာ Tata မှာ ဘာအပြစ်မှ မရှိဘူး ! "

ထိုသို့ပြောကာ ထိုမိန်းကလေး၏ လက်အား လွှတ်ပေးလိုက်သည် ။ ထိုအခါ ဒေါသများဖြင့် ရှူးရှူးရှဲရှဲဖြစ်နေသည့် သူမသည် နှစ်ယောက်လုံးကို စူးရဲစွာ စိုက်ကြည့်ပြီးနောက်

" ကောင်းပြီလေ ! ရိုက်ဆိုတော့လည်း ရှင့်ကိုရိုက်ရမှာပေါ့ "

စကားသံအဆုံး ထပ်မံ၍မြှောက်တက်သွားသည့် Wan ရဲ့ လက် ။ ဒီတစ်ကြိမ်တွင် မည်သူမျှ ဝင်တားမည့်လူမရှိပါ ။ Perth အနေနဲ့လည်း သူလုပ်ခဲ့ဖူးတဲ့ အပြစ်အတွက် ဒီလောက်လေးအရိုက်ခံရတာက ဘာမှမဖြစ်ဟု ယူဆသည် ။ အဓိကက သူချစ်ရတဲ့ Tata ကို မထိခိုက်စေဖို့သာဖြစ်သည် ။

သို့သော်

" ရှင်တို့ !! ရှင်တို့ရဲ့ ကစားပွဲမှာ ကျွန်မကို ထည့်ကစားခဲ့ကြတာ ပျော်ရဲ့လား ဟမ် !! ရှင်တို့နှစ်ယောက်လုံး ကျွန်မကို အခုလိုလုပ်ရတာ ပျော်ကြရဲ့လား "

အားပြင်းပြင်းနဲ့ ရည်ရွယ်ကာ ရိုက်လိုက်ဖို့ စိတ်ကူးခဲ့ပေမယ့် သူ့မလက်တွေဟာ ချစ်ရသူပါးပြင်ပေါ် ဘယ်လိုနည်းနဲ့မှ မသက်ရောက်နိုင် ။ ဘယ်သူက ကိုယ်ချစ်တဲ့လူရဲ့ပါးပြင်ကို နာနာကျည်းကျည်းနဲ့ ရိုက်ရက်ပါ့မလဲ ။ သူ့မ နှလုံးအိမ်တစ်ခုလုံး သွေးထွက်မတတ်နာကျင်လာခဲ့သည် ။ သူမချစ်ရသူ၏ တစ်ဖက်ကောင်လေးအပေါ် ကာကွယ်ပေးမှုကို ကြည့်ရင်း ပို၍အောင့်သက်လာသည့် ခံစားချက်တွေ ။ ထို့ကြောင့် သူမလက်အား ပြန်ရုတ်သိမ်းလိုက်ရင်း မဟုတ်သော စကားလုံးများကိုသာ ပြောလိုက်မိသည် ။ သူမသိသည် ။ ဒီကစားပွဲထဲကို သူမကိုယ်တိုင် ဇွတ်ဝင်ခဲ့တာ ။ အနိုင်ရသူကို အရင်ကတည်းက သိခဲ့ပေမယ့် သူမ ကိုယ်တိုင် ဇွတ်တိုးဝင်ခဲ့တာ ။ သို့သော် သူမခံစားရတာတွေအတွက် နည်းနည်းလောက်တော့ ပြောခဲ့သင့်တယ်မလား ။ သူမရဲ့ အချစ်တွေအတွက် နည်းနည်းလောက် နာကျင်သွားရင်ပဲဖြစ်ဖြစ် ပြောခဲ့သင့်တယ် မဟုတ်လား ။

" ရှင်တို့မှတ်ထားကြ ! ကျွန်မခံစားရသလိုမျိုး ရှင်တို့လည်း ပြန်ခံစားကြရအုံးမှာပါ ! ၊ ရှင်တို့ရဲ့ လုပ်ရပ်တွေကြောင့် ဘယ်တော့မှ ကောင်းကောင်းပျော်ရမှာမဟုတ်ဘူး ၊ ရှင်တို့ စောင့်ကြည့်နေ ! "

ထိုကဲ့သို့ ပြောပြီး သူမထိုနေရာမှ လှည့်ထွက်လာလိုက်သည် ။ ဆက်၍ ထိုနေရာတွင် မနေဝံ့တော့ပါ ။ သူမမှာ ဘာအားမှ ရှိမနေတော့ပါချေ ။ သူမသည် ထိုပွဲတွင် အတိအကျ ရှုံးခဲ့လေပြီ ။ အရင်ကတည်းက မနိုင်မှန်း သိသိရက်နဲ့ ဝင်ပြိုင်ခဲ့ခြင်းသည် သူမ အပြစ်သာဖြစ်ပေလိမ့်မည် ။ ပါးပြင်ပေါ်သို့ ဆက်တိုက်ဆီးကျလာသော မျက်ရည်များကိုလည်း မတားမိပါ ။ အခုအချိန် သူအသိစိတ်ထဲတွင် တစ်ခုသာရှိသည် ။ ထိုသည်က သူမ၏ချစ်ရသူကို ဘယ်လိုပဲပိုင်ဆိုင်နိုင်အောင် ကြိုးစားခဲ့ပါစေ သူမချစ်ရသူသည် သူမကိုလုံးဝကြီးဥပက္ခာပြုလိုက်ပြီ ဆိုသည်သာ ဖြစ်သည် ။

ကြေကွဲစို့နစ်မှုများနှင့်အတူ ခြေတစ်လမ်းလှမ်းလိုက်ပါတိုင်း ဓားသွားကဲ့သို့ စူးရှသော နာကျင်မှုများကြောင့် သူ့မ ခြေလှမ်းတွေ ယိုင်နဲ့နေသည် ။ နာကျင်နေသည် ။ သို့သော် ခြံပြင်ရောက်သည်အထိ တစ်ချက်ကလေးမျှ လှည့်မကြည့်မိအောင် လျှောက်လာခဲ့ပြီး ခြံရှေ့တွင်အဆင်သင့်ရပ်ထားသော ကားဖြူလေးပေါ်သို့ တက်လိုက်၏ ။ ကားလေးသည် သူမတက်ပြီးသည်နှင့် ဝေါကနဲမောင်းထွက်သွားသည် ။ သို့သော် သူမ၏စိတ်များသည် ထိုကားထံ၌ ပါမလာပါချေ ။ အရှုံးများတပွေ့တပိုက်ကြီးဖြင့် သူမ ရင်နှင့်သည်အထိ ငိုရှိုက်မိသည် ။ ရင်အစုံသည် အရှင်လတ်လတ်ပဲ ကွဲကျတော့မတတ်နာကျင်လွန်းလှသည် ။

တိတ်တိတ်ကလေးပဲ ဆက်ချစ်ခဲ့လျှင်သူမသာ ရှေ့ဆက်မတိုးခဲ့လျှင်အဆုံး၌ရွေးချယ်ခံရသူသည် Santa ဖြစ်မယ်ကိုသိသိရက်နဲ့ မရူးမိုက်ခဲ့လျှင်သူမသာ အဲ့ဒီအမျိုးသားအပေါ်ဘာမျှော်လင့်ချက်မှ မထားခဲ့ပါလျှင်

အစ စသော ဖြစ်ပျက်မှုအားလုံးသည် ဇွတ်အတင်းတိုးဝင်ခဲ့သော သူမအပြစ်သာဖြစ်ခဲ့ပါလိမ့်မည် ။

ဒီနေ့ပြီးလျှင် သူမ ဒီနိုင်ငံက ထွက်သွားတော့မည် ။ ဒီနေ့သည် ချစ်ရသူမျက်နှာအား နောက်ဆုံးအနေနဲ့ လာကြည့်ခြင်းဖြစ်ပါသည် ။ ပြောခဲ့သော စကားများသည်လည်း သူမ၏အလေးမထားခံရသော ချစ်ခြင်းမေတ္တာတို့အတွက် အလွန်တော့ရှိဟန်မတူပါ ။ သူမမှာ ဒီလောက်တော့ လုပ်ပိုင်ခွင့်ရှိမယ်မလား ။

သူမ အပြစ်လို့များ ဆိုချင်ကြအုံးမလားဟင် ။

အနည်းဆုံးတော့တို့ မင်း မင်္ဂလာပွဲကို မပျက်စေခဲ့ပါဘူး Ta ရယ်မင်းက လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရတဲ့လူတို့က လွတ်လွတ်ကျွတ်ကျွတ် ရှုံးရတဲ့လူ

မင်းနိုင်ပါတယ်ဟိုးအစကတည်းက မင်းနိုင်ခဲ့ပါတယ်တို့ကသာလေ .... ။

-----

" Tata .... "

ထွက်သွားသော Wan ကိုသာ ကြည့်လျက် ငြိမ်သက်နေသည့်ကောင်လေး၏ မျက်နှာသည် သွေးမရှိတော့ဟန် ဖြူလျော့နေ၏ ။ ပြီးတော့ အဓိပ္ပာယ်ကင်းမဲ့သွားသော မျက်ဝန်းများကြောင့် Perth ၏ စိုးထိတ်မှုသည် ပို၍မြင့်တက်လာခဲ့ရသည် ။

" Tata ... ကိုယ်တောင်းပန်တယ် "

ထိုသို့ပြောလိုက်ကာ ပြာပြာသလဲဖြစ်နေသည့် သူ့အား စူးကနဲစိုက်ကြည့်လာသည့် မျက်ဝန်းများသည် မျက်ရည်တို့ရစ်သိုင်းနေကာ အံကိုတင်းတင်းကြိတ်ထားဟန်သူသည့် နှုတ်ခမ်းလေးသည် တည်တင်းလျက်ရှိသည် ။ မငိုမိအောင် ထိန်းထားခြင်းလည်း ဖြစ်နိုင်သည်မို့ ဒီကလေးကို နာကျင်စေမိပြန်ပြီဆိုတာ သိလိုက်ရသည် ။ သို့သော် ထိုကဲ့သို့ အကြည့်များသည် သူ့ရင်တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် နာကျင်စေသည် ။

" တောင်းပန်ပါတယ် ကိုယ်တကယ် တောင်းပန်ပါတယ် "

" ကျေနပ်ပြီလား "

" ဟင် "

မထင်ထားတဲ့ မေးခွန်းကြောင့် Perth ကြောင်အသွားမိသည် ။ မဟုတ်ဘူး သူက ဘာကိုကျေနပ်ရမှာလဲ ။

" Tata ... "

" ခင်ဗျား ဖြစ်စေချင်တဲ့အတိုင်းလေ ကျေနပ်တယ်မလား ! ကျွန်တော့်ကို အဲ့ဒီလိုလူ ဖြစ်စေချင်ခဲ့တာမလား ၊ အခုဖြစ်နေပြီလေ ခင်ဗျား ကျေနပ်လား ! "

တစ်လုံးချင်းကို ခပ်ပါးပါးလေးပြုံးကာ အေးစက်စက်ပြောနေသူသည် မျက်ဝန်းတွေကတော့ နာကျည်းခြင်းနှင့် ခံပြင်းရိပ်သန်းနေသည် ။ ထို့ကြောင့် Wan ပြောသွားသော စကားများအား နားထဲပြန်ဝင်လာခဲ့ပြီး သူ့ရင်ဘတ်တွေ အောင့်သက်လာသည် ။ မဟုတ်ဘူး ။ မဟုတ်တဲ့အကြောင်းကို သူဘယ်လိုရှင်းပြရမှာလဲ ။ သူဖြစ်စေချင်ခဲ့တာ ၊ သူဖြစ်ချင်ခဲ့တာတွေက ဒီကောင်လေးကို အဆုံးရှုံးမခံနိုင်တာ တစ်ခုထဲကြောင့်သာဖြစ်သည် ။ ထိုကဲ့သို့ ဆိုးဝါးသည့် အခြေအနေများအား တစ်ခုလေးတောင် ဖြစ်ပါစေဆိုတဲ့စိတ် မပါခဲ့ပါချေ ။

" Tata ... ကိုယ်က ဘာလို့ကျေနပ်ရမှာလဲကွာ "

သို့သော် လက်နက်ကဲ့သို့ အကြည့်လေးများသည် သွေးအေးတိုက်ခိုက်နေကြသလို ၊ ရင်ထဲသို့ ဓားဖြင့်နုတ်နုတ်စင်းနေကြသလို ။ ထို့ကြောင့် ကောင်လေး၏ လက်များအား အရူးတစ်ယောက်နှယ် ဖမ်းဆွဲတော့ ချက်ချင်းဖယ်ချပစ်သည့် ကောင်လေးကြောင့် သူဘာလုပ်ရမည်မသိတော့ပါ ။ ခုဏကအထိ အဆင်ပြေကြမယ်လို့ထင်ထားခဲ့တာ ။ အခုတော့ .... အခုတော့ အရာရာဟာ ဘာမှရှိမနေတော့ပေ ။

အတင်းရုန်ဖယ်နေသော လက်ကလေးများအား မရမက ဖမ်းချုပ်လိုက်တော့ ငြိမ်ကျသွားသည့်ကောင်လေးက တင်းထားဟန်တူသည့် မျက်ရည်များအား ကျဆင်းခွင့်ပေးလိုက်ပုံလည်း တူသည် ။ သူကိုယ်တိုင်လည်း မျက်ရည်ဝဲလာရသည်အထိ ဖြစ်မိသည်မို့ ကောင်ငယ်လေးအား အတင်းဆွဲဖက်ထားမိသည် ။

ဒီလိုနဲ့ထပ်ပြီး ခွဲရမှာကြောက်တယ် ။ပိုင်ဆိုင်ခွင့်ရနေတာတောင်သူကြောက်နေတယ် ။

သူလုပ်ခဲ့သော အပြစ်တွေကြောင့် ဒီကောင်လေးနာကျင်နေရသည်ကိုလည်း တွေးမိတိုင်း သေမတတ်ခံစားရလွန်းလို့ ရူးတော့မည် ။ ဘာလုပ်ရမလဲ ။ အပြစ်တွေသည် သူ့မှာသာ ရှိကြောင်းကို ဒီကောင်လေး နားလည်အောင် ဘယ်လိုပြောရပါ့မလဲ ။

မျက်ရည်မကျစေရဘူးလို့ကတိပေးပြီးချက်ချင်းပဲ မျက်ရည်ကျစေမိပြန်သည် ။

ကိုယ်ဘယ်လောက် ပေးဆပ်ရမလဲသံသရာတွေအထိလား ကလေးရယ်မင်းပြောစမ်းပါကိုယ်မင်းအပေါ်ကို ဘယ်လောက်ထိပေးဆပ်မှကျေနိုင်ပါတော့မလဲ ။

" မငိုပါနဲ့ကွာ ! ကိုယ့်အပြစ်ပါ ကိုယ်လုပ်ခဲ့တာတွေမို့ မင်းက မငိုပါနဲ့တော့ ကလေးရယ် "

ဘေးရှိလူများသည် စိတ်မကောင်းပေးရုံမှ လွဲ၍ ဘာမျှ မတတ်နိုင်ပါ ။ အခြေအနေအရပ်ရပ်အား သေချာသုံးသပ်မည်ဆိုလျှင် ဘယ်သူ့အမှားပါလို့ ခေါင်းစဉ်တပ်၍ပင် မရတော့ဘူးမဟုတ်လား ။

အချစ်ဆိုတာကပဲမှားနေခဲ့လေသလားကွယ် ။

----

( ဒီအပိုင်းမှာ Wan ကို နှုတ်ဆက်ကြရအောင်နော်ဗီလိန်တစ်ယောက်အဖြစ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်ဆိုပေမယ့် ဒီဇာတ်အိမ်လေးမှာ ဒီကောင်မလေးကြောင့် ပိုပြီးပြည့်စုံစေခဲ့တာပါ 😭

ဒီလိုပြောတော့ နည်းနည်းချောင်းရိုက်ချင်ကြမလား မသိဘူး

နေမကောင်းတာတောင် ရေးချင်တာမထိန်းနိုင်လို့ ထရေးလာတာပါ နည်းနည်းပေါ့သွားရင် ကျွန်မအပြစ်ပါနော် 🤍 Until You ဆိုတဲ့ Song လေးကိုလည်း နားထောင်ကြည့်ဖို့ ပြောချင်ပါသေးတယ် )

There are no comments yet. Log in to be the first to leave a review!

Similar stories