Fanfics

24

14:32, 31 July 2025

အချိန်အားဖြင့် ည ၁၂ နာရီခွဲ ။

လမ်းမပေါ်ပြေးနေသည့် ကားအနက်တစ်စီးသည် ပုံမှန်ထက် တိတ်ဆိတ်လွန်းနေကာ ကားအတွင်းလေထုသည်လည်း အေးစက်စက် ။ ဘေးရှိကောင်လေးအား လှည့်ကြည့်မိတာလည်း အကြိမ်ကြိမ် ။ သို့သော် ကားမှန်မှတစ်ဆင့် အပြင်ဘက်သို့သာ ငေးရင်းလိုက်ပါလာဟန်ရှိသည့် ကောင်လေးသည် ငြိမ်သက်လျက်သာ ။ ထိုအခြေအနေအားကြည့်ရင်း သက်ပြင်းယဲ့ယဲ့ချမိပြန်သည် ။

ဘယ်လိုလုပ်လျှင် ဒါတွေကို ရပ်တန့်နိုင်မှာလဲ ။

အတွေးများစွာဖြင့် မောင်းလာခဲ့ပြီးနောက် နှစ်ယောက်အတူတူနေရန် ပြင်ဆင်ထားသည့် အိမ်သို့ရောက်လေသည် ။ ခြံရှေ့သို့ကားရပ်လိုက်သည်နှင့် ခြံတံခါးကို အရန်သင့်ဖွင့်ပေးလာသည်မို့ သူတို့အလာကို ကြိုစောင့်နေတာ ဖြစ်ပေလိမ့်မည် ။ မေမေက သူတို့နှစ်ယောက်အဆင်ပြေစေဖို့ အိမ်အကူတွေကိုပါ တစ်ခါတည်း ခေါ်ပေးထားသည် ။ Perth အိမ်ရှေ့ရောက်သည်အထိ ကားမောင်းဝင်လာပြီးသည့်တိုင်အောင် ဘေးက ကောင်လေးသည် ငြိမ်နေဆဲဖြစ်သည် ။ ဖြစ်ပျက်သွားသော အခြေအနေတစ်ခုကြောင့်လည်း ဖြစ်နိုင်သလို ၊ ဒီကောင်လေး ပင်ပန်းနေခြင်းလည်း ဖြစ်နိုင်ပါသည် ။

ငြိမ်နေသော ကောင်လေးအား ဘာမှမပြောဘဲ အကဲခတ်နေချိန်မှာပင် ပို၍တည်တင်းသော မျက်နှာထားလေးဖြင့် ကားပေါ်မှ ဆင်းသွားလေသူကြောင့် သူငေးမိလိုက်တာကို မကြိုက်မှန်း သိလိုက်သည် ။ ထိုအခါမှ Perth လည်း ကားပေါ်မှ ဆင်းလိုက်ပြီး အိမ်ထဲလိုက်ဝင်ခဲ့သည် ။

" Tata ... "

သူခေါ်လိုက်တော့ ကောင်လေး၏ ခြေလှမ်းများသည် ရပ်တန့်သွားကာ အေးစက်လွန်းသော မျက်နှာဖြင့်လှည့်ကြည့်လာသည် ။ မျက်ဝန်းများသည် အသက်မဲ့လွန်းနေကာ မည်သည့်အရာကိုမျှ ရေရေရာရာ ဖမ်းဆုပ်မရပါချေ ။ အချိန်အတော်လေးကြာတဲ့အထိ ထိုမျက်ဝန်းများထံ၌ သူခြေချုပ်မိသွားသည် ။ ပြောရန်စကားကိုပင် ရှာမရတော့ပဲ တစ်ကိုယ်လုံးအား ချုပ်ကိုင်ထားလိုက်သလိုမျိုး ။ ဘာကြောင့်ရယ်မသိ နှုတ်ခမ်းတစ်ခုလုံး အာစေးနေမိသလို လည်ပင်းတစ်လျှောက် လှိုက်တက်လာသော မွန်းကြပ်မှုသည် သူ့အားအဝေးဆုံးနေရာသို့ ခေါ်ဆောင်သွားလိုက်သလိုပင် ခံစားမိသည် ။ ထိုမျှလောက်အထိ အဲ့ဒီမျက်ဝန်းလေးများဟာ အစွမ်းထက် နာကျင်စေပါသည် ။

" ကျစ် !! "

စုတ်သတ်သံတစ်ချက်အဆုံး တွန့်ချိုးသွားသော မျက်ခုံးများကြောင့် ရှေ့ကချစ်ရသူ စိတ်မရှည်တော့မှန်း Perth သိလိုက်ပါသည် ။ ထို့ကြောင့် အကြည့်တစ်ချက်လွှဲလိုက်ကာ နှလုံးအိမ်ထံမှအားကို ခက်ခက်ခဲခဲယူလိုက်ကာ

" ကိုယ် .... ကိုယ် တစ်ခုလောက် တောင်းဆိုလို့ရမလား "

သူပြောလိုက်သည်ဆိုရင်ပဲ ပို၍တင်းတင်းစေ့သွားသည့် နှုတ်ခမ်းပါးလေးကြောင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည် ။

" ကိုယ်လုပ်ခဲ့သမျှ မင်းအတွက်မတရားမှန်းသိပါတယ် ၊ ဒါပေမယ့် မင်းအနားပြန်ရောက်နိုင်ဖို့ ကြိုးစားခွင့်လေးပဲ ဖြစ်ဖြစ်ပေးပါ "

သူ့စကားသံသည် တုန်ယင်ကာ သိမ်ဝင်နေသည် ။ သို့သော် နှစ်ယောက်ကြား ပြတ်ပြတ်သားသားကြားရဖို့တော့ လုံလောက်ပါသည် ။

" ကိုယ်တောင်းဆိုတာပါ ၊ ကိုယ် အစကနေ ပြန်ကြိုးစားကြည့်ချင်တယ် ၊ မင်းအဆင်ပြေမယ်ဆိုရင် "

" ဟွန်း ! "

သူ့စကားမဆုံးခင်မှာပင် လှောင်ရယ်သံကဲ့သို့ အသံလေးဖြင့် နာနာကျည်းကျည်းပြုံးလိုက်သော နှုတ်ခမ်းပါးလေး ။ တစ်ပြိုင်နက်ဆိုသလို Perth ရင်ထဲသို့ ဓားသွားတစ်စင်းသည် စူးစူးနစ်နစ် ဝင်ရောက်လာခဲ့သလိုမျိုး နာကျင်လာခဲ့သည် ။

" အစကနေ ပြန်စမယ်တဲ့လား ၊ ခင်ဗျား ကျွန်တော့်ကို လိုချင်တာမလား အခုရနေပြီလေ ၊ ပြန်စဖို့လိုသေးရဲ့လား "

" ... "

" အနီးဆုံးမှာနေရင်းနဲ့ပဲ ကျွန်တော်တို့ ဝေးကြရအောင် Perth Tanapon "

တစ်ချက်မှ တွန့်ဆုတ်ခြင်းမရှိပဲ လေပြေအေးအေးလေးဖြင့် ပြောသွားသော စကားသံတို့သည် သူ့တစ်ကိုယ်လုံးနှင့် နှလုံးသည်းပွတ်အား ပူလောင်လာစေသည် ။ ဘာဆိုဘာမှ ပြန်မပြောနိုင်ပဲ နေရာတွင် ကြက်သေ သေနေမိခဲ့ပြီး အေးစက်လွန်းသည့် မျက်ဝန်းလေးတွေအောက် သူကျရှုံးလာခဲ့သည် ။ ပြီးနောက် အခါခါပြန်ကြားလာတဲ့ စကားသံလေး ။

အနီးဆုံးမှာနေရင်းနဲ့ပဲ ကျွန်တော်တို့ဝေးကြရအောင်တဲ့ ။ဒါက မင်းကိုယ့်ကိုပေးတဲ့ အပြစ်ဒဏ်ပေါ့ ။

ကြိုက်သလောက် ထိုးလိုက်စမ်းပါလား ။သေသွားရင်တောင် ဖြစ်တာမို့ဒီလိုစကားတွေအစား မင်းကြိုက်သလောက် ထိုးပစ်လိုက်စမ်းပါ ။တစ်ချက်တောင် မရုန်းဘဲ ပြုံးပြုံးလေးနဲ့ငြိမ်ခံနေမယ့် ကောင်ပါကွာ ။

သို့သော် ချစ်ရသူသည် ထိုကဲ့သို့ ထိုးနက်ခြင်းထက် အဆိပ်ပြင်းလှသောလက်နက်ဖြင့်သာ တမြေ့မြေ့သတ်ဖို့ ရည်ရွယ်ထားခဲ့ပုံပေါ်ပါသည် ။

ကျောခိုင်း၍ အိမ်ပေါ်သို့တက်သွားပြီဖြစ်သော ကျောပြင်ငယ်လေးအား ငေးကြည့်လျက် တဆစ်ဆစ်ကိုက်ခဲလာသော နှလုံးအိမ်သည် သွေးမထွက်ပေမယ့် သေလောက်အောင် ခံရခက်လွန်းသည် ။

မဟုတ်ဘူး ။ကိုယ်ဖြစ်ချင်ခဲ့တာ ဒီလိုမဟုတ်ဘူး ကလေးရယ်ကိုယ်မင်းကို လိုချင်ခဲ့တာမှန်ပေမယ့်အခုလိုပုံစံနဲ့မဟုတ်ဘူးပြုခဲ့ဖူးတဲ့ အပြစ်တွေအတွက်မင်းအနားမှာ လိုလေသေးမရှိလိုက်ချစ်ပြချင်ခဲ့တာပါ အနီးဆုံးနေရာမှာနေပြီး အဝေးဆုံးလူတွေလိုစိမ်းသက်ချင်ခဲ့တာ မဟုတ်ဘူးကွ ။

ဒုန်းကနဲမြည်အောင် ဆောင့်ပိတ်သွားသော တံခါးသံအဆုံး သူ့မျက်ရည်တွေသည် တားဆီးမရအောင် ပြိုကျလာခဲ့သည် ။ ကြေကွဲသည် ။ နာကျင်သည် ။ ပြတ်ကျလုမတတ်ဖြစ်နေသည့် နှလုံးသားသည် နာကျင်မှုကို ဘယ်လိုဖြေသာရမည်မသိပါ ။

ဘာလုပ်ရမလဲ ။ပြင်းထန်လွန်းတဲ့ အဲ့ဒီအမုန်းလှလှလေးတွေပြေဖို့အတွက်လေ ။

တံခါးကို အသံမြည်အောင် တမင်ဆောင့်ပိတ်လိုက်ပြီး တံခါးကိုမှီလျက်ပဲ ထိုင်ချလိုက်မိသည် ။ သူဆက်မလျှောက်နိုင်တော့ပါ ။ သူ့အားအင်တွေ ကုန်ဆုံးသွားခဲ့ပြီ ။ မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုမိသည်အထိ သူ့ရင်ထဲ ဗလောင်ဆူနေခဲ့ပြီ ။

ဘာကြောင့်လဲ ။ဘယ်လိုပဲ ကြိုးစားကြိုးစား အဆုံး၌ သူသည် နာကျင်နေရဆဲဖြစ်သည် ။

တစ်ဖက်လူအား နာကျင်စေဖို့ ရည်ရွယ်သော်လည်းသူပြောသမျှစကားတိုင်းအတွက် သူကိုယ်တိုင်ကပါ ထပ်တူ နာကျင်နေခဲ့ရသည် ။ ရုန်းလေနစ်လေတဲ့ ။ ဒီနွံငယ်ထဲက ရုန်းထဖို့ ကြိုးစားတိုင်း ပို၍ နစ်မွန်းနေမိပြန်သည် ။

နာတယ် ။ ရင်ဘတ်တွေ သေလောက်အောင်နာတယ် ။ အဲ့ဒီလူကို စိမ်းသက်သက်စကားတွေပြောရတိုင်းအောင့်သက်လာသည့် ရင်ဘတ်တွေကြောင့် ။မစွန့်လွှတ်နိုင် ၊ မမုန်းနိုင် ၊ ကိုယ်လွှတ်မရုန်းနိုင်အဲ့ဒီလို စိတ်တွေကြောင့် ။ သူ့နှလုံးအိမ်တစ်ခုလုံး တသိမ့်သိမ့်တုန်ယင်လာတဲ့အထိ နာကျင်ရတယ် ။

ဘယ်လိုနည်းနဲ့မှ ဒီလူဆီကထွက်ပြေးလို့မရဘူး ။သေလောက်အောင် နာကျင်နေရတာတောင်ဒီလူကို ကျောခိုင်းမပြစ်နိုင်ခဲ့ဘူး ။

ခင်ဗျားသိလား ။တကယ်တော့ ကျွန်တော် ခင်ဗျားနဲ့ဝေးရာကိုမပြေးရဲသေးပါဘူး ။အဲ့ဒီလိုပဲ ခင်ဗျားဆီ ပြေးလာဖို့သတ္တိလည်း ကျွန်တော့်မှာ ရှိမနေတော့ဘူး ။

အချစ်တဲ့ နှစ်လုံးထဲဆိုပေမယ့်ချစ်သူနှစ်ဦးကိုတော့ လုံလောက်တဲ့နာကျင်မှုပေးနိုင်ခဲ့ပုံပဲ ။

-----

အိပ်နေရင်းပင် မျက်လုံးပေါ်သို့ ဖြတ်ပြေးနေကြသော အလင်းရောင်တို့ကြောင့် Santa နိုးလာခဲ့သည် ။ မျက်လုံးအား ဖြေးဖြေးအားယူဖွင့်တော့ အနည်းငယ်မူးနောက်နေသည့် ခေါင်းသည် ညက ငိုထားလို့ဖြစ်ကြောင်း သိလိုက်ပါသည် ။ ထို့ကြောင့် အိပ်ရာမှဖြေးဖြေးချင်းထလိုက်ကာ ဘေးသို့လှည့်ကြည့်လိုက်သည် ။ ထိုအခါ ပျက်ယွင်းမှုမရှိသော ခေါင်းအုံးနှင့်စောင်ကြောင့် ညက ဘယ်သူမှအခန်းထဲရောက်မလာမှန်း သိလိုက်၏ ။

Santa စိတ်ထဲဆက်မထားတော့ဘဲ လန်းသွားအောင် ရေချိုးဖို့ တွေးလိုက်ပါသည် ။ ရေချိုးပြီးသည့် အချိန်တွင်တော့ အခန်းထဲမှထွက်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည် ။ သူအောက်ထပ်သို့ရောက်ချိန်တွင် kitchen ထဲတွင် အလုပ်ရှုပ်နေသူအား တန်းတွေ့လိုက်ရသည် ။

" Tata နိုးပြီလား ၊ ကိုယ်မနက်စာ ပြင်ထားပေးတယ် "

သူ့ကိုမြင်သည်နှင့် ပြုံးလျက်ဆိုလာသူက ဘာမှ မဖြစ်ခဲ့သည့်အတိုင်း အပြစ်ကင်းလွန်းနေသည် ။ Santa ဘာမှပြန်မဖြေပဲ kitchen ထဲသို့ လျှောက်သွားလိုက်စဉ် စားပွဲပေါ်တွင် အငွေ့တထောင်းထောင်းဖြင့်ရှိလှသော စားစရာများကို တွေ့ရသည် ။ အားလုံးကို ကိုယ်တိုင်ချက်ပြုတ်ထားဟန်တူပါသည် ။

" မင်းဘာစားချင်လဲ မသိလို့ အဆင်ပြေမယ်ထင်တာ အကုန်ပြင်ပေးထားတာ ၊ ကြိုက်တာကို ရွေးစားလို့ရတယ် "

ပြောပြီး သူ့ရှေ့သို့ ရောက်လာသည့် Milo တစ်ခွက် ။ထို့ကြောင့် Santa ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ထိုလူထံတစ်ချက်ကြည့်လိုက်သည် ။ ထိုအခါ သူ့ရှေ့ခုံတွင် ဝင်ထိုင်လိုက်သူသည် မျက်နှာထက်လည်း ပြုံးလျက် ကြည်လင်နေသည် ။

" မကြိုက်လို့လား ၊ Tata မကြိုက်ရင် ကိုယ်နောက်ထပ် "

" ရတယ် ! "

ထိုသို့ ပြောပြီး ရှေ့ရှိစားစရာများမှ တစ်ခုအား ရွေးချယ်လျက် စားလိုက်သည် ။ Santa ဒီလူနဲ့ စကားများများ မပြောချင်သေးပါ ။ ရှေ့ကလူသည်လည်း ငြိမ်လျက် ဘာမှမပြောလာပေ ။ ခဏကြာသည့်အခါမှ

" နောက်တစ်ခါ တကူးတက မချက်လည်းရတယ် "

" ဘာလို့လဲ စားလို့မကောင်းလို့လား "

မနက်စောစောထကာ ချစ်ရသူစားဖို့ရန် တစ်ခုချင်းအသေးစိတ်ပြင်ဆင်ပေးခဲ့မိသည် ။ သေးသေးလေးကအစ နီးကပ်ဖို့ကြိုးစားချင်ပြီး ဒီကောင်လေးစိတ်ထဲ နေရာတစ်ခုတော့ ပြန်ရချင်မိပါသည် ။ သို့သော် သူသည် အချက်အပြုတ်ကျွမ်းကျင်သူ မဟုတ်တာမို့ ကောင်လေး စားရအဆင်မပြေဖြစ်သလား ဟူ၍ စိတ်ပူသွားမိခြင်းဖြစ်သည် ။

" ကျွန်တော် မနက်စာကို အပြင်မှာစားမယ်လို့ စိတ်ကူးထားတဲ့နေ့တွေ ခင်ဗျားကို အားမနာချင်ဘူး "

ထိုစကားကြောင့် တကယ်အားနာမိသွားသူက Perth သာဖြစ်သည် ။ ဟုတ်ပါရဲ့ ။ မမေးမိဘဲ လုပ်ပေးမိခဲ့ခြင်းကြောင့် ဒီကောင်လေး အားနာပြီး စားပေးဟန်တူပါသည် ။ သူ့အသားကိုတောင် မထိချင်တာ ။ သူချက်ထားတဲ့ အစားအစာဆိုရင် ဘယ်စားချင်ပါ့မလဲ ။

" တောင်းပန်ပါတယ် "

ဘာကြောင့်ရယ်မသိ ။ ဝမ်းနည်းလာသလိုခံစားရသည်ကြောင့် အသံသည် အနည်းငယ်တုန်ယင်သွားမိသည် ။ ထိုအချိန်မှာပင် ကြားလိုက်ရသော သက်ပြင်းချသံယဲ့ယဲ့လေးကြောင့် ကောင်ငယ်လေးထံသို့ Perth ကြည့်လိုက်သည် ။ ထိုအခါ တွန့်ချိုးနေသော မျက်ခုံးတန်းများသည် အလိုမကျဟန်ရှိလေသည် ။ သို့သော် စားလက်စ စားစရာကိုတော့ ကုန်အောင်စားမည့်ပုံ ပေါ်ပါသည် ။

အခြေအနေသည် ခဏသာ တိတ်ဆိတ်သွားခဲ့၏ ။

" ကျွန်တော် phi Joong ရဲ့ Company ခွဲမှာပဲ အလုပ်ဝင်မယ် "

အတော်ကြာတိတ်ဆိတ်ပြီးမှ တိုးထွက်လာသည့် လေသံခပ်ပါးပါးသည် သူ့အားတိုင်ပင်ခြင်းမဟုတ် ။ အသိပေးခြင်းသာ ဖြစ်ပေလိမ့်မည် ။ မဟုတ်လျှင်လည်း ကိုယ်နဲ့အတူတူ အလုပ်လုပ်ပါလို့ ပြောပိုင်ခွင့်မရှိမှန်းသိပါသည် ။ သူ့ဆန္ဒအရ ဖေဖေ သူ့ကို CEO ရာထူး လွဲပြောင်းပေးတဲ့အခါ သူ့ဘေးမှာ Secretary အဖြစ်နေပေးစေချင်ပေမယ့်လည်း သူတောင်းဆိုဖို့ မဝံ့ရဲတော့ပါ ။

" Tata သဘောပါ ၊ ကိုယ့်မှာ တားပိုင်ခွင့်မှမရှိဘဲ "

ထိုသို့ပြောလိုက်တော့ ခပ်ထေ့ထေ့လေးပြုံးလိုက်သည့် ကောင်လေးကြောင့် Perth ပိုပြီးသိလိုက်သည် ။ ဒီလို ပြောခွင့်တောင် သူမှာရှိနေပုံမပေါ်ပေ ။

" အင်း သိရင် ပြီးရော "

ပြောပြီးသည်နှင့် Santa ထိုင်နေရာမှ ထလိုက်ကာ စားပြီးသော ပန်းကန်ကိုပါ ယူပြီးဆေးဖို့ ပြင်လိုက်စဉ်

" ပန်းကန်ထားခဲ့လိုက် ၊ ကိုယ်ဆေးလိုက်မယ် "

Perth ကပါ ထိုင်နေရာမှထရင်း Santa လက်ထဲမှ ပန်းကန်ကို ယူဖို့ပြင်လိုက်သည် ။ သို့သော် အယူမခံဘဲ တစ်ဖက်သို့ ပြောင်းရွေ့လိုက်သည်ကြောင့်

" ကိုယ့်ကို အားမနာနဲ့ Tata ၊ ပေးပါ ကိုယ်ဆေးလိုက်မယ် "

" ခင်ဗျားကို အားနာတယ်လို့ ဘယ်သူကပြောလို့လဲ ! ၊ အသေးစိတ်ကအစ ခင်ဗျားလိုက်လုပ်ပေးနေစရာမလိုဘူး ၊ ဒီလိုတွေလုပ်ပေးရုံနဲ့ ကျွန်တော် ခင်ဗျားကို မမုန်းတော့မှာမဟုတ်ဘူး ၊ ပြီးတော့ ကျွန်တော်ထပ်ပြောမယ် ဘာကိုမှမကြိုးစားပါနဲ့တော့ "

Perth ကြောင်အစွာဖြင့် ရှေ့ရှိကောင်လေး၏ မျက်နှာကိုသာ ကြည့်နေမိခဲ့သည် ။ ပြီးနောက် တစ်လုံးချင်းဝင်လာသည့် စကားသံများသည် ကြိုးစားပြီးပြုံးခဲ့သမျှတို့အား ပယ်ကျစေရန် ဒဏ်ရာကို ဆွလေသည် ။ တနုတ်နုတ်တိုးဝင်လာသည့် နာကျင်မှုသည် တစ်ကိုယ်လုံးထံသို့ တရိပ်ရိပ်တက်လာလေသည် ။

ဒီကောင်လေးစိတ်ထဲမှာ နေရာတစ်ခု ပြန်ရချင်ခဲ့တာမှန်ပေမယ့် မမုန်းပါစေနဲ့တော့ဆိုတဲ့ ရည်ရွယ်ချက်တော့ပါမနေခဲ့တာ အမှန်ပါ ။ ဒါသည် ဒီကောင်လေးအတွက် အနှောက်အယှက်တစ်ခု ဖြစ်နေခဲ့ခြင်းအပေါ် သူမည်သို့တုံ့ပြန်ရမည် မသိတော့ပါချေ ။ တစ်ခါတစ်ရံမှာတော့ ဘာကြောင့်ကြိုးစားခွင့်လေးတောင် မပေးနိုင်ရတော့တာလဲလို့ စိတ်လိုက်မာန်ပါ မေးလိုက်ချင်ပေမယ့် အရာရာကို အတင်းမြိုချပြီး အောင့်အီးပစ်လိုက်မိသည် ။

အရာအရာမှာ မှားခဲ့တဲ့လူဟာ သူမို့လို့ ။ဟုတ်တယ် အဲ့ဒီစိတ်နဲ့ ။

အသိစိတ်ပြန်ကပ်လာချိန်တွက် ပန်းကန်ဆေးပြီးဟန် တူသော ကောင်လေးသည် kitchen ထဲကပါ ထွက်ရန်ပြင်နေလေသည် ။ ထို့ကြောင့် သူသိချင်သော ကိစ္စရပ်တစ်ခုအား အရဲစွန့်၍ မေးကြည့်ချင်လာသည် ။ အကဲ၍များ စိတ်ဆိုးခဲ့သည်ရှိသော် ၊ အကယ်၍များ စကားလုံးများဖြင့် ကိုင်ပေါက်ပစ်ခဲ့သည်ရှိသော် ဒဏ်ရာအသစ်မဟုတ်ပဲ ဒဏ်ရာဟောင်းတွင်သာ နာကျင်စေချင်ခြင်းကြောင့် ။

" ကိုယ်တစ်ခုလောက် မေးလို့ရမလား "

သူ့အမေးကြောင့် ခြေလှမ်းတွေရပ်တန့်သွားပြန်သည့် ကောင်လေးသည် ချက်ချင်းပြန်လှည့်ကြည့်လာပေမယ့် မျက်နှာတစ်ခုလုံး အေးစက်စက်သာ ။

" Joong က မင်းချစ်သူပါလို့ ဘာလို့လိမ်ခဲ့တာလဲ "

ဟုတ်တယ် အမြဲတမ်းသိချင်နေခဲ့တဲ့ မေးခွန်းတစ်ခု ။ ထိုမေးခွန်းကြောင့် သူ့ထံသို့ရောက်နေသော အေးစက်စက်အကြည့်များသည် တစ်ချက်တွေဝေသွားဟန်ရှိခဲ့ပြီး ချက်ချင်းပြန်တည်တင်းလာ၏ ။ ပြီးနောက်

" ခင်ဗျားသိပြီမဟုတ်လား ၊ အဲ့တာက ဘယ်လောက်နာကျင်ရသလဲဆိုတာ "

Perth နားမလည်၍ ကောင်လေးထံမှ ဆက်ပြောလာသော စကားကို စောင့်နေမိသည် ။ ထိုအခါ ကောင်လေးက ရိပ်မိပုံပေါ်ပြီ ခနဲ့သလို တစ်ချက်ပြုံးပြန်သည် ။ ပြီးကာမှ

" ကိုယ်ချစ်တဲ့လူအနားမှာ တခြားတစ်ယောက်ရှိနေတဲ့ခံစားချက်လေ ၊ ခင်ဗျားနားလည်ပြီမဟုတ်လား "

စကားသံအဆုံး Perth ထံသို့ ရင့်သီးစွာ တစ်ချက်စိုက်ကြည့်၍ နေရာမှထွက်သွားသော ကျောပြင်ငယ်လေးအား ငြိမ်လျက်ရပ်ကြည့်ရင်းသာ ကျန်ခဲ့မိသည် ။ သူ့ထံတွင် ဘာစကားမျှ ရှိမနေတော့ပါ ။ ချစ်ရသူသည် သူ့အားနာကျင်စေဖို့ လိမ်ခဲ့သည်တဲ့ ။ ထိုနာကျင်မှုသည် သူကြောင့် ဒီကောင်လေးလည်း ခံစားခဲ့ရဖူးကြောင်းကိုပါ တိတိကျကျ ထည့်ဖော်ပြသွားတယ် မဟုတ်လား ။

သူပြုခဲ့ဖူးသော အပြစ်ကျွေးတွေနဲ့ ယှဉ်လျှင် ၊ ကောင်ငယ်လေးအားနာကျင်စေခဲ့တာတွေနဲ့ ယှဉ်လျှင် ဒီနာကျင်မှုများသည် ဘာမှမဟုတ်တော့ကြောင်းကိုလည်း သူသိလိုက်ပြီဖြစ်သည် ။

ဒီလောက်ဆို လုံလောက်ပါပြီ ။ဒီကောင်လေးပေးသမျှ ဆက်ပြီးနာကျင်သွားဖို့ အတွက်လေ ။

----

ဆိုင်အတွင်းရှိ သီချင်းသံခပ်အေးအေးသည် တငြိမ့်ငြိမ့်ဖြင့် မူးချင်သူများအတွက် ကွက်တိဖြစ်လို့နေသည် ။ သို့သော် အအေးတစ်ခွက်သာမှာပြီး ဖင်တကြွကြွဖြစ်နေသူလည်း ရှိသေးသည် ။

" Perth ! ဘာဖြစ်နေတာလဲ "

" ပြန်ရတော့မလားလို့ "

Perth ၏ စကားကြောင့် Pond နဲ့ Phuwin တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြောင်အလျက် ။ အခုလေးတင်မှရောက်တဲ့လူက ပြန်တော့မည်ဆိုတော့ မထူးဆန်းပေဘူးလား ။ လက်ကနာရီကိုလည်း တကြည့်ကြည့်နဲ့ တကယ် ဂဏာမငြိမ်ဖြစ်နေတာ ။

" မင်းအခုမှ ရောက်တာလေ ၊ ဘာလို့ပြန်မှာလဲ "

ထိုအခါ လက်က နာရီကိုတစ်ချက်ပြန်ကြည့်၍ သက်ပြင်းချသူသည် ရှေ့ရှိအအေးခွက်ကိုလည်း တစ်ဂျိုက်တည်း မော့သောက်ပစ်သည် ။

" ၄ နာရီခွဲတော့မှာ ၊ Tata ပြန်ရောက်တဲ့ချိန် ငါအိမ်မှာမရှိမှာစိုးလို့ "

ထိုအခါမှ သူငယ်ချင်းဖြစ်သူနှစ်ယောက်သည် ပိုလိုက်တာဟူသော အကြည့်ဖြင့် Perth ကို ကြည့်ကြလေသည် ။ မတတ်နိုင် ။ သူတကယ်လည်း နေမထိထိုင်မသာဖြစ်နေတာ မဟုတ်လား ။ မနက်စာစားပြီးချိန်ကတည်းက အိမ်ကထွက်သွားတဲ့ ကောင်လေးသည် သူ bar ကိုမလာခင်အထိ အိမ်ပြန်မလာသေးပါ ။ ထို့ကြောင့် အခုများပြန်ရောက်နေမလား သိချင်မိသည် ။ ပြီးတော့ Tata ပြန်ရောက်လို့ သူ့ကိုမတွေ့ရင် စိတ်များဆိုးလေမလား ။ အခု bar ကို လာခဲ့တယ်ဆိုတာကလည်း Pond တို့ အတင်းခေါ်လို့သာဖြစ်သည် ။ သောက်စရာတောင် အအေးတစ်ခွက်သာမှာပြီး ချက်ချင်းပြန်ရန် စိတ်ကူးခဲ့သည် ။

" ငါပြန်တော့မယ် ၊ နောက်မှ အေးဆေးတွေ့ကြတာပေါ့ "

" ဟာ ဟေ့ နေအုံးလေ "

သို့သော် ကားသော့ဆွဲကာ ထွက်သွားပြီဖြစ်သောလူကို ဘယ်သူမှ မတားလိုက်နိုင်တော့ပါ ။

ကားကိုလည်း အိမ်ကိုရောက်တဲ့အထိသာ စိတ်လောစွာဖြင့် တောက်လျှောက်မောင်းလာခဲ့လိုက်သည် ။ သို့သော် အိမ်ရောက်သည့်အချိန်တွင် ကားဖြူလေးအား မတွေ့ရသေးပါ ။ ထို့ကြောင့် Tata ပြန်မရောက်သေးမှန်း သူသိလိုက်သည် ။ နာရီကို တစ်ချက်ပြန်ကြည့်ချိန်တွင် ၅ နာရီကျော်နေပြီဖြစ်သည် ။

အိမ်ထဲသို့ ဝင်လိုက်ပြီး ဧည့်ခန်းထဲ၌သာ ထလိုက်ထိုင်လိုက် သူအလုပ်ရှုပ်နေမိပြန်သည် ။ ဘယ်သွားသည် ။ ဘယ်လာသည် သူမသိပါ ။ မေးဖို့ရာလည်း သူမဝံ့ရဲပေ ။ မေးခွင့်လည်း သူ့မှာရှိနေမည်ဟု မထင် ။

နာရီသံသည် တချက်ချက် လည်ပတ်နေခဲ့ပြီး သူဧည့်ခန်းထဲတွင် ထိုင်လိုက်ထလိုက် အလုပ်ရှုပ်နေခဲ့တာကလည်း နာရီအတော်ကြာခဲ့လေပြီ ။ သို့သော် တိတ်ဆိတ်လွန်းလှသည့် အိမ်ကြီးတွင် ကားဝင်လာသံလည် မကြားမိ ။ မည်သူမျှလည်း ရောက်မလာပေ ။ သူ့စိတ်ထဲ အပူလုံးဟာ စို့တက်လာခဲ့သည် ။

တစ်နေနေရာရာမှာ တစ်ခုခုများဖြစ်နေလေမလား ။

စိုးရိမ်စိတ်များဖြင့် မဝံ့မရဲစွာ * Tata 🐶* ဟုမှတ်ထားသော contact လေးအား ခေါ်ဆိုလိုက်မိသည် ။

တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်

ဖုန်းဝင်သော်လည်း ပြန်ဖြေမည့်လူ မရှိခဲ့ပါ ။

မဟုတ်သေး ။ ဘာမှတော့ ဖြစ်မည့်ဟန်မတူ ။နာရီကို ပြန်ကြည့်တော့ ၈ နာရီကျော်နေပြီ ။

ဒီကောင်လေး ပြန်လာရင် ဗိုက်ဆာလာမည်လား ။အပြင်မှာ တစ်ခုခုစားလာခဲ့မှာလား ။မစားလာခဲ့ရင်ရော

အတွေးအဆုံး သူ့ခြေလှမ်းများသည် kitchen ဆီသို့ ဖြစ်လေသည် ။ စိုးရိမ်စိတ်ကို ထိန်းလိုက်ရင်း အကယ်၍များ ဘာမှမစားလာခဲ့ရင်ဆိုသော စိတ်ဖြင့် ညစာပြင်ပေးနေမိသည် ။

သို့သော် သူသာ ညစာပြင်လို့ ပြီးသွားတယ်ချစ်ရသူသည် ပြန်ရောက်မလာသေးပါ ။သက်ပြင်းကို ယဲ့ယဲ့ချပြီး ဟင်းနံ့များစွဲကျန်နေသည့် သူ့ကိုယ်အား အရင်သန့်စင်ရန် ဆုံးဖြတ်ပြီး အိမ်ပေါ်သို့ တက်လာခဲ့သည် ။

ရေချိုးပြီးသွားချိန်တွင်တော့ နာရီသည် ၁၀ ဟူသော ကိန်းဂဏန်းအား ရောက်လုဆဲဆဲဖြစ်နေလေပြီ ။ ထို့ကြောင့် အောက်ထပ်သို့ဆင်းလာခဲ့ပြီး ခြံထဲအထိပါ ဆင်း၍ စောင့်မိပြန်သည်အထိ ။

မရတော့ပါ ။သူ၏ပူပန်မှုသည် သတ်မှတ်ချက်ကို ကျော်လွန်နေပြီ ။

ထို့ကြောင့်မကိုင်သော ဖုန်းအား အကြိမ်အရေများစွာဆက်သွယ်နေမိခဲ့ပြန်သည် ။

နာရီသည် တဖြေးဖြေးနှင့် ၁၁ နာရီရှိခဲ့ပါပြီ ။ခြံထဲကနေ အိမ်ထဲသို့ ပြန်ဝင်စောင့်နေသော သူသည်လည်း ဆိုဖာပေါ်တွင် ဖင်တကြွကြွ ။မေမေတို့ကိုပဲ ဆက်သွယ်လိုက်သင့်လား ။သူကိုယ်တိုင် လိုက်ရှာလိုက်သင့်ပြီလား ။

စုတ်တစ်ချက်သတ်ပြီး စားပွဲရှိကားသော့ကိုယူကာ ချစ်ရသူကို လိုက်ရှာရန်ထလိုက်စဉ် ခြံထဲသို့ဝင်လာသော ကားသံကို ကြားလိုက်ရပြီမို့ သူ့ခြေလှမ်းများသည် အိမ်တံခါးမကြီးဆီသို့ ချက်ချင်းရောက်သွားသည် ။

ထိုအခါ ကားပေါ်မှ ဆင်းကာ အေးဆေးလျှောက်လာသူ ကောင်လေးကို မြင်လိုက်ရပြီး သူ့ရင်ထဲ ဟာတာတာကြီးဖြစ်လာခဲ့သည် ။ ကောင်လေးသည် သူ့အားရှိသည်ဟုတောင် မထင်ပါ အိမ်တံခါးမကြီးအား ဖြတ်ကျော်၍ သူ့ထံသို့ တစ်ချက်ပင်လှည့်မကြည့် ။ ခုဏကအထိ စိုးရိမ်ပူပန်စိတ်များသည် ပျောက်လုဆဲဆဲဖြစ်သွားကာ မွန်းကျပ်မှုတို့သည်သာ စို့တက်လာတော့သည် ။

သူဖုန်းတွေခေါ်နေခဲ့တယ်စိုးရိမ်နေခဲ့တယ်အရာရာဟာ ဥပက္ခာပြုခြင်းခံလိုက်ရချေပြီ ။

အနည်းဆုံးတော့ တစ်ချက်လောက်လေး လှည့်ကြည့်သွားသင့်တယ်မလား ။ အဲ့လောက်ကလေးဆိုရင်တောင် သူသက်ပြင်းဖွဖွချရင်း စိုးရိမ်လွန်လိုက်တာ ဆိုပြီး ကိုယ့်ကိုကိုယ် ဖြေသိမ့်မိအုံးမှာ ။ အခုတော့ ....

သူ့ရင်ဘတ်တစ်ခုလုံး ကြေကွဲသွားဟန်တူသည် ။မသိကျိုးနွံပြုသွားသော ကျောပြင်ငယ်အားကြည့်လျက် အရာအရာပျက်ဆီးနေသလိုခံစားလာရသည် ။

" Tata ... "

သူ့ခေါ်သံသည် အနည်းငယ် အက်ကွဲစို့နစ်နေလေသည် ။

" ကိုယ်ဖုန်းတွေ တောက်လျှောက်ခေါ်နေတာ "

ဘာလို့မကိုင်တာလဲ ဟူသော နောက်ဆက်တွဲမေးခွန်းကိုတော့ ထုတ်မပြောမိတော့ပါချေ ။ ဒီတိုင်း သူ့ဖုန်းcall တွေကို မမြင်တာ ၊ မသိလိုက်တာ ဟုပဲ တွေးမှတ်လိုက်ချင်သည် ။ ထို့ကြောင့် အသိပေးရုံသက်သက်ဟု ကြိုးစား၍ ပြောခဲ့သော်လည်း ချစ်ရသူ၏ အဖြေသည် သူ့ကို ချောက်နက်ထဲသို့တွန့်ချလိုက်လေသည် ။

" မြင်တယ် ၊ မကိုင်ချင်လို့ မကိုင်တာ "

" .... "

" အာရုံနောက်တယ် "

ထိုစကားကိုတော့ Perth ရှိရာဘက်လှည့်ပြီး စိတ်ရှုပ်စွာဖြင့် ပြောလာသည် ။ နှလုံးအိမ်အား ပြင်းပြင်းထန်ထန်လာရောက် ရိုက်ခတ်သော ထိုစကားသည် အာရုံနောက်ပါသည်တဲ့ ။

" မင်းအတွက် ကိုယ်ညစာ ပြင်ပေးထားတယ် "

သေချာပေါက် နာကျင်သွားရသော်လည်း မူမပျက်အောင်ထိန်းရင်း တိုးဖွဖွပြောလိုက်မိသည် ။ ဘာမျှမစားခဲ့ပါလျှင် ဒီကောင်လေး တစ်ခုခုထိခိုက်မည်ကို စိုးမိ၍ ။

" မလိုဘူး ကျွန်တော် စားခဲ့ပြီးပြီ "

ပြောပြီးသည်နှင့် နေရာမှထွက်သွားသော ကျောပြင်ငယ်လေးကြောင့် Perth ခပ်ဖွဖွပြုံးမိလိုက်သည် ။ ပျော်လို့ပြုံးတာတော့ မဟုတ်ပါ ။ ပြောမပြတတ်အောင် ရင်ထဲမှ ပိတ်လှောင်သွားလို့ ဒီတိုင်း သက်သာလို့သက်သာငြား ပြုံးလိုက်ခြင်းဖြစ်ပါလိမ့်မည် ။ ပြီးနောက် kitchen ထဲသို့ သွား၍ ချက်ပြုတ်ထားခဲ့သော အေးစက်စက်ဟင်းခွက်များအား သွန်ပစ်လိုက်ပါသည် ။ ပြီးနောက် ထိုပန်းကန်များအား ဆေးရင်း ထိုးအောင့်နေသည့် ရင်ဘတ်ကိုလည်း မကျေမနပ် စိတ်တိုလာရသည် ။

ဘာကို နာကျင်နေတာလဲ ကိုယ့်အပြစ်နဲ့ကိုယ်လေ ခံလိုက်စမ်းပါဘာကို မင်းက မျှော်လင့်နေခဲ့တာလဲမင်းချက်ထားတဲ့ ထမင်းနဲ့ဟင်းကိုအားရပါးရစားပေးမယ့်လူကိုလား Tata က မင်းကို ထိတောင်မထိချင်တာသေလောက်အောင် မုန်းနေတာလေဒါနဲ့များ ဖုန်းမကိုင်လို့စိုးရိမ်နေခဲ့တာတွေကို ဥပက္ခာပြုလို့အဲ့ဒီလို အကြောင်းပြချက်တွေနဲ့တစ်ခုခုကို မျှော်လင့်ခဲ့မိတာလားTanapon မင်းက အရူးပဲတကယ့် အရူး ။

အတွေးတို့တွင် ကိုယ့်ကိုကိုယ် အပြစ်တင်မိရင်းသာ လှောင်ရယ်နေခဲ့၏ ။

အပြစ်ဒဏ်သည်သေအောင်သတ်သည်ထက်ပင်ဆိုးလွန်းလှပါသေးသည် ။

----

Santa အိပ်ရာပေါ်လှဲနေခဲ့တာ အတော်လေးကြာပြီ ။ သို့သော် အိပ်မပျော်ပါ ။ ဘာကြောင့်လဲ ဆိုသည့် အကြောင်းပြချက်မရှိ ။ သူ့ရင်ဘတ်ထဲ တင်းကျပ်နေသောခံစားချက်နှင့် လေးဖင့်နေမှုသာရှိလေသည် ။

မနက်ကတည်းက အိမ်မှာနေချင်စိတ်မရှိတာမို့ phi Aou တို့ဆီသွားလည်ရင်း တစ်နေကုန်အချိန်ဖြုန်းခဲ့သည် ။ ညနေအရောက်တွင် အိမ်ပြန်ခဲ့သော်လည်း သူ့စိတ်များသည် ထိုင်းမှိုင်းနေတာမို့ အိမ်နားက ပန်းခြံတစ်ခုတွင် တစ်ယောက်ထဲ သွားထိုင်နေမိခဲ့ပြန်သည် ။

အိမ်ကလူကို သူမတွေ့ချင်ပါ ။တွေ့ဖို့ မဝံ့ရဲနေတာလား သူကိုယ်တိုင်းလည်း မသိပေ ။

တောက်လျှောက်ဝင်နေသော ဖုန်း call များကိုပါ လစ်လျှူရှုပစ်ခဲ့ပါသည် ။ သူအိမ်ပြန်ခဲ့ချိန်တွင် စိုးရိမ်တကြီးဖြစ်နေသော လူကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ခဲ့လိုက်သည် ။ ပြီးနောက် စကားကိုလည်း ပြီး ပြီးရော ပြောပစ်ခဲ့သည် ။ ညစာ ပြင်ပေးထားတယ်တဲ့ ။ တကယ်တော့ သူဘာမှမစားရသေးပါ ။ စားချင်စိတ်လည်း ရှိမနေ ။ ထို့ကြောင့် ပါးစပ်ထဲရှိရာ ကောက်ပြောပြီး အိပ်ပေါ်သို့တက်ခဲ့လိုက်သည် ။

ယခုတွင် ထိုအရာများကို ပြန်စဉ်းစားပြီး နေရခက်လာရသည် ။ ဘာက အဆင်မပြေနေလဲ ။ ဘာက ပူလောင်စေတာလဲ ။ ဘာကိုမှ မသိတော့တဲ့အထိ သူ့အသိစိတ်တွေ ရှုပ်ထွေးနေရပါသည် ။

တွေးနေတုန်းမှာပင် တံခါးဖွင့်သံကြားလိုက်တာမို့ Santa မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည် ။

ခဏအကြာတွင် နောက်ကျောထံမှ တစ်ယောက်ယောက် ငေးစိုက်နေသလို ခံစားရပြီး မွေ့ရာတစ်ဖက်တွင် ဝင်အိပ်လိုက်သည်ကို သိလိုက်ရသည် ။ ထို့နောက် သိပ်မကြာလိုက် ။ သူ့တစ်ကိုယ်လုံးအား နောက်မှ သိုင်းဖက်လိုက်ခြင်းကို လုံးလုံးလျားလျားခံလိုက်ရသည် ။ သို့သော် သူမရုန်းမိပါချေ ။ ငြိမ်မြဲငြိမ်လျက် နောက်ကလူ ဘာလုပ်မလဲကိုသာ သိချင်နေမိခဲ့သည် ။

ထိုအချိန်မှာပင် နားရွက်ဖျားထံသို့ နမ်းရှိုက်လိုက်သော အထိအတွေ့ ။ ရုတ်တရက်မို့ မှိတ်ထားသော မျက်လုံးပင် ဖွင့်လိုက်မိတဲ့အထိ ။ ကျောပေးထားသည့် အနေအထားမို့ တော်သေးသည် ပြောရမည် ။

" အများကြီး စိတ်မဆိုးပါနဲ့တော့လား အချစ်ရယ် ၊ မင်းပြောသလို အနီးဆုံးမှာနေပြီး ဝေးရတာက သေလောက်တယ် "

တိုးဖွဖွလေးပါ ။ တိုးဖွဖွအသံလေးသည် တုန်ယင်လှုပ်ခတ်နေသည် ။

ထို့နောက် လည်ဂုတ်သို့ထိစပ်လာသော ဝင်သက်ထွက်သက် နွေးနွေးလေး ။ Santa ခပ်ယေးယေးပြုံးမိပြန်သည် ။ သဘောကျလွန်း၍ မဟုတ်ပါ ။ ဒီအခြေအနေတွေမှာတောင် အထိအတွေ့တိုင်းကို အသေးစိတ်သတိထားနေမိပြီး ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုကိုယ် အံ့ဩမိလွန်းလို့ပါ ။

ဘာမှတွေးမနေတော့ဘဲ Santa မျက်လုံးတွေကိုသာ မှိတ်ထားလိုက်တော့သည် ။ မုန်းတယ်လို့ ပြောခဲ့ပေမယ့် မုန်းနိုင်ရဲ့လားဆိုတာ သူ့ကိုယ်သူအသိဆုံးပဲလေ ။ ဒီရင်ခွင်နွေးနွေးကိုလည်း သူမလွန်ဆန်နိုင်ဘူးမဟုတ်လား ။

ဒီညက သိပ်တော့မလှပေမယ့်အိပ်မက်လှလှလေးမက်ဖို့တော့ဆန္ဒရှိခဲ့ပါတယ် ။

-----

( team နှစ် team ခွဲပေးမယ်နော်

ကိုကိုနဲ့အတူတူ ဘေဘီ့ကို လိုက်ချော့မယ့် teamရယ်ဘေဘီနဲ့အတူတူ ကိုကို့ကို လိုက်ကောက်မယ့် teamရယ် 🫢

ဒါနဲ့ ခဏခဏကျို့တွေကို ပြောပေးအုံးကြိုက်တယ်လို့ 🥹 )

There are no comments yet. Log in to be the first to leave a review!

Similar stories