Fanfics

22

17:42, 14 July 2025

လူကြီးတွေပြောနေသော စကားများကို နားထောင်အပြီးတွင် ဒီကိစ္စအတွက် ဆုံးဖြတ်ဖို့တာဝန်သည် Santa ထံသို့ရောက်လာလေသည် ။ ဝန်ခံရလျှင် Santa ခေါင်းထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ယခင်ကတည်းက ခိုင်မာစွာချထားခဲ့ပြီးဖြစ်ပါသည် ။ ထို့ကြောင့် မေးခွန်းတို့အား အဖြေမပေးမှီ phi Perth ထံသို့ လှမ်းကြည့်မိသည် ။ ထိုသို့ကြည့်မိသည်ဆိုလျှင်ပဲ သူ့အသိစိတ်တစ်ခုလုံး ဝေဝါးလျက်ရှိလာရခြင်းနှင့်အတူ မွန်းကျပ်သွားသည့် စိတ်တွေ ။ phi Perth ၏ စိုးရိမ်နေသော မျက်ဝန်းနက်နက်တို့သည် တောင်းဆို ၊ တောင်းခံမှုများစွာပါဝင်နေလေသည် ။ ထိုမျက်ဝန်းများသည် သူ့ထံသို့ မှိုင်းကျလျက်ရောက်ရှိနေကြပြီး အကူအညီမဲ့နေကြသလိုပင် ။အဲ့ဒီလောက်တောင်ပဲ သူထွက်သွားမှာကို ကြောက်တာလား ။

Santa ကိုယ်တိုင်ပင် မွန်းကျပ်မှုမြင့်တက်လာခဲ့ပြီး ထိုမျက်ဝန်းများထံမှ ရှောင်ပြေးလိုက်သည် ။ သိတယ်မလား ။ သူသည် ဟန်ဆောင်ကောင်းသူဖြစ်ချင်ဖြစ်နိုင်ပေမယ့် သူ့နှလုံးသားက မသန်မာသေးဘူးလေ ။ ပြီးတော့ စိတ်ချပါ ။ သူပြောခဲ့ဖူးသည်လေ ။

ခင်ဗျားဖြစ်စေချင်တဲ့အတိုင်း နေမှာပါလို့ ။

" Ta .... "

" ..... "

" Ta စိတ်ဆန္ဒအတိုင်း လိုက်သွားတာပါ "

အဖြေအဆုံး အားလုံးအံ့အားသင့်သွားပုံဖြင့် သူ့အားကြည့်လာကြသည် ။ ထိုအထဲတွင် phi Perth ၏ သူ့အဖြေအား မယုံနိုင်သော မျက်ဝန်းတွေကို လှည့်မကြည့်ပါဘဲနဲ့တောင် ခံစား၍ ရလေသည် ။

" Ta စိတ်လိုလက်ရ phi Perth နောက်ကို လိုက်သွားခဲ့တာပါ ပြီးတော့ "

စကားသံအဆုံး phi Perth ရှိရာဆီသို့ စူးစိုက်ကြည့်လိုက်သည် ။ ပြီးနောက် တမင်တကာရည်ရွယ်ပြီး အံ့ဩမှင်သက်နေသော မျက်ဝန်းနက်နက်များအား

" phi Perth ဘက်က အတင်းအကျပ်လုပ်ယူခဲ့တာ ဘာမှမရှိပါဘူး "

ထိုအခါ တုန်ယင်သွားသော phi Perth ရဲ့မျက်ဝန်းများသည် ခဏသာ ကြောင်အနေခဲ့ပြီး သူ့ထံမှ တိတိကျကျ ရှောင်ထွက်သွားလေသည် ။ ဘာကြောင့်လဲ ။

ဘာလို့ရင်မဆိုင်ရဲရတာလဲ ။ခင်ဗျားဖြစ်စေချင်တာ ဒီလိုမဟုတ်ဘူးလား ။

Perth တစ်ယောက် Santa၏စကားကြောင့် အသွေးအသားထဲအထိ တုန်ယင်သွားခြင်းနှင့်အတူ အဲ့ဒီမျက်ဝန်းငယ်လေးများကိုပါ ရှောင်လွှဲမိလိုက်သည် ။ သေချာပေါက် ပျော်သင့်တဲ့အဖြေဆိုပေမယ့် သူ့ရင်ထဲ ဘာကြောင့် မွန်းကျပ်ပိတ်လှောင်လာခဲ့ရသနည်း ။ အဲ့ဒီမျက်ဝန်း ။ အဲ့ဒီမျက်ဝန်းငယ်တွေဆီက ဘာကြောင့်ထွက်ပြေးချင်နေရပါသနည်း ။ ပြီးတော့ သူသိနေသည် ။ အဲ့ဒီမျက်ဝန်းငယ်တွေက သူသိကျွမ်းခဲ့ဖူးသော မျက်ဝန်းငယ်တွေအဖြစ် ပြန်မမြင်နိုင်တော့ဘူးဆိုတာ ။

ယခု၌ သူသည် အပြစ်သားတစ်ယောက်ဖြစ်နေခဲ့လျှင် ထိုအပြစ်တွေကနေ လွှတ်မြောက်ချင်စိတ် သေးသေးလေးပင် မရှိပါ ။ အမုန်းတို့ကို ချေဖျက်နိုင်ဖို့ နည်းလမ်းကိုလည်း သူမရှာချင်တော့ပါ ။ သို့သော် အဲ့ဒီမျက်ဝန်းငယ်ဖြင့် သတ်သော နာကျင်ပြတ်ရှမှုများကိုတော့ တွေးကြည့်ရုံဖြင့် သူကြောက်ပါသည် ။

ရှေ့လျှောက်ရက်တွေမှာ အမုန်းပင်ပျိုးနေပြီဖြစ်သော ချစ်ရသူ၏လက်နက်သည် သေချာပေါက် ထိုမျက်ဝန်းတွေဖြစ်မယ်မှန်းကိုလည်း သူသိနှင့်ပြီးဖြစ်ပါသည် ။

-----

" မေ့သားက ဆိုးလိုက်တာ ၊ ဒီတစ်ခါတော့ မေမေ မင်းကို စိတ်ဆိုးတယ်နော် Perth "

မေမေက Perth၏ဒဏ်ရာအား ဆေးလာထည့်ပေးရင်း ထိုသို့ဆိုလေသည် ။ ပြီးနောက် မေမေ့မျက်နှာသည် စိတ်မကောင်းဟန်ဖြင့် မသာမယာရှိလှပါသည် ။ သူလုပ်သွားသည့်ကိစ္စသည် မေမေ့အနေနဲ့ ဒီထက်ပို၍ စိတ်ဆိုးသင့်သော်လည်း မေမေသည် ဘယ်လိုအကြောင်းကြောင့်နဲ့မှ သူ့ကို ပစ်ပယ်တတ်သူ မဟုတ်ပေ ။ သူမှားနေရင်တောင် မှားတဲ့ဘက်မှာ ရှိနေတတ်တဲ့ အမေမျိုးဖြစ်သည် ။ သို့သော် ဒီတစ်ကြိမ်တွင်တော့ မေမေက စိတ်ဆိုးသည်တဲ့ ။

" ဘာလို့ စိတ်ထင်ရာတွေ လျှောက်လုပ်ရတာလဲ ၊ Ta လေး ဘယ်လိုပြောပြော မေမေ မင်းအကြောင်းသိတယ် "

" ကျွန်တော်မှ Tata နဲ့မခွဲနိုင်တာ "

သူ့ဖြေသံအဆုံး မေမေက သက်ပြင်းဖွဖွချသည် ။

" နှစ်ယောက်ကြား ဆက်ဆံရေးက အဆင်ရောပြေရဲ့လား "

" Tata က ကျွန်တော့်ကို စိတ်ဆိုးနေတယ် "

" စိတ်ဆိုးသင့်တာပေါ့ မေမေသာဆို မင်းကို ထောင်ထဲထည့်ပစ်မှာ ! ၊ အခု သားကို Ta ဘက်က ဒီလောက်ခွင့်လွှတ်ပေးနေတာတောင် လွန်လှပြီလို့မှတ် "

မေမေပြောတာလည်း ဟုတ်ပါသည် ။ သို့သော် သူဒီလိုမလုပ်လို့လည်း မရတော့သည့် အခြေအနေမဟုတ်လား ။ သူလည်း သေချာပေါက်တော့ နောင်တရနေပြီလေ ။ ဒီလိုလုပ်ရင် ရလဒ်က ဘာဖြစ်မယ်ဆိုတာ သိနေခဲ့တာတောင် Tata ကိုပဲ သူလိုချင်ခဲ့တာ ။ Tata ဆီမှာ ပါလာမည့် အမုန်းတွေကို သူထည့်မတွက်ချင်ခဲ့ဘူး ။ မေမေပြောသလို Tata ဘက်က ခွင့်လွှတ်ပေးနေတယ်လို့ ယူဆရပေမယ့် တကယ်တမ်း Tata က ထောင်ထဲထည့်ပစ်တာထက် ပိုဆိုးမယ့်လမ်းကို ရွေးချယ်လိုက်မှန်းကို မေမေက သိမည်မဟုတ်ပါ ။

" မင်္ဂလာပွဲကို အချိန်မှီဖျက်ဖို့ ကျွန်တော်ကြိုးစားသေးတယ် Wan က လက်မခံဘူး မေမေရ ၊ ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့သလို ခံစားရတယ် ၊ ဒီထက်အချိန်လွန်ရင် ကျွန်တော် Tata ကို ဆုံးရှုံးရမှာ "

ငိုချတော့မတတ် တုန်ယင်နေသည့် သားအသံကြောင့် သူမ စိတ်မကောင်းဖြစ်ရပြန်သည် ။ သူမသားသည် ဘယ်လောက်ပဲ လူကြီးလို ပြုမူတတ်ပါစေ စိတ်သည် ကလေးဆန်ပြီး လုပ်ချင်ရာ လုပ်တတ်မှန်း သူမ သိထားခဲ့ပြီးသားဖြစ်သည် ။ အထူးသဖြင့် သူမသားက Ta လေးနဲ့ပတ်သက်ရင် ပိုပြီးတောင် တဇွတ်ထိုးဆန်လွန်းသည် ။ အရာအားလုံးသည် သားက သူ့စိတ်သူ မမြင်ခဲ့ရာကနေ စတာဖြစ်ပါလိမ့်မည် ။

" ပြီးတော့ ၊ ပြီးတော့ Tata မှာ ချစ်သူရှိနေတယ်လေ ကျွန်တော့်ကို မရွေးချယ်မှာ ကြောက်တယ် "

" ဟေ ... "

စကားဆုံးသည်နှင့် မျက်ရည်ဝေ့သီသွားသော သားမျက်လုံးတွေနှင့်အတူ ကြားလိုက်ရသော စကားကြောင့် သူမ အံ့ဩမိသွားသည် ။ Ta လေးမှာ ချစ်သူရှိတယ်တဲ့လား ။

" ဟုတ်တယ် မေမေ ၊ Joong ဆိုတဲ့ကောင်က Tata ချစ်သူတဲ့ "

" ဘယ်လို ! "

မဟုတ်သေး ။သူမသိထားသလောက် Joong က phi Saung ရဲ့ တူဝမ်းကွဲပါ ။ Tata ရဲ့ အစ်ကိုဝမ်းကွဲတော်လိမ့်မည် ။အို ... သူမ သိတာ မမှားပါဘူး ။ ဒါဖြင့် သားက ဘာလို့ Tata ချစ်သူလို့ထင်ရတာတဲ့လဲ ။

" နေအုံး ၊ မေ့သားကို ဘယ်သူပြောတာတုန်း "

သားပုံစံက ဒီကိစ္စကြောင့် လုံးဝခြေကုန်လက်ပန်းကျပြီး အသဲကွဲနေတဲ့လူလို ဖြစ်နေသည် ။ သားက ဘယ်က ကြားလို့ မဟုတ်တာကို လိုက်အသဲကွဲနေသလဲ သူမလည်း မသိပါ ။ ပြီးတော့ Ta လေးကလည်း သားအပေါ်မှာ စိတ်ပြတ်နေတဲ့ပုံမပေါက်ပါ ။ Ta လေးသာ တကယ်စိတ်ပြတ်သွားရင် ၊ သားပြောသလို ချစ်သူရှိနေတယ်ဆိုရင် ဘာကြောင့် သားဘက်ကနေ မိဘတွေကို ကူလိမ်ပါ့မလဲ ။

" Tata ပြောတာ ! "

" ငတုံး ! မေမေ့သားက တကယ်တုံးတာပဲ "

မျက်ရည်တွေကျလုဆဲဆဲဖြစ်နေတဲ့သားက ငယ်ငယ်က ဖြစ်ချင်တာမဖြစ်ရလို့ မအေဆီမှာ လာဂျီတိုက်တဲ့ ကလေးနဲ့တူနေသည် ။

" Joong က Ta လေးရဲ့ အစ်ကိုပါ UK မှာနေတာ ၊ အဲ့တာမို့ သားက မသိတာ "

" ဒါပေမယ့် Tata က ... "

" အဲ့တာ သားကို Ta လေးက အမြင်ကပ်လို့ တမင်ပြောလိုက်တာဖြစ်မှာပေါ့ "

" မေမေ တကယ်ပြောတာလား "

သူက ခေါင်းငြိမ့်ပြတော့ သားရဲ့မျက်နှာက သိသိသာသာ လန်းလာသည် ။ ထိုအခါမှသာလျှင် သူမ ရင်ထဲက အပူလှိုင်းသည် သေးသေးငြိမ်သွားသလိုပင် ။ ဘာဘဲလုပ်လုပ် သားကို သူမအနေနဲ့ လုံးဝ အပြစ်မမြင်နိုင် ။ တကယ်တော့ သားက ဆိုးတာမဟုတ်ပဲ သူလိုချင်တာကို ရအောင်ယူသွားတာ မဟုတ်လား ။ ချစ်ရတဲ့လူကို ဆုံးရှုံးချင်တဲ့လူ ဘယ်သူရှိပါ့မလဲ ။

" တကယ်ပြောတာပေါ့ ၊ အဲ့လို မျက်နှာလုပ်မနေနဲ့တော့ ၊ လုပ်ချင်တာလည်း လုပ်ခဲ့ပြီးပြီ ၊ ရှေ့လျှောက်ရက်တွေမှာ သားက အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရှင်သန်ရတော့မှာ ၊ သူများ သားသမီးကို လက်ထပ်ယူထားပြီးရင် တစ်ဘဝလုံးစာအတွက် မေ့သားက တာဝန်ယူရတော့မှာ ၊ အခုလို ကလေးဆန်နေရင် မဖြစ်ဘူးနော်သား ၊ မေမေပြောတာ နားလည်လား Perth "

" ကျွန်တော် နားလည်ပါတယ် "

" လာပါအုံး မေမေဖက်အုံးမယ် ၊ မေမေ့သားလေးက နောက်ကျ ဒီမအေကို ခုလို လာချွဲမှာမဟုတ်တော့ဘူး "

Perth လျှင်မြန်စွာဖြင့် မေမေ့ရင်ခွင်ထဲ တိုးဝင်လျက် ဖက်ထားမိသည် ။ သူတစ်ယောက်ထဲဆိုရင် စိတ်တွေကယောင်ချောက်ချားနှင့် လမ်းပျောက်နေပါလိမ့်မည် ။ မေမေသည် သူ့စိတ်ကို အမြဲနားလည်တတ်ပြီး သူ့ခံစားချက်တွေ သက်သာလာအောင် ကူညီပေးတတ်တဲ့ အမျိုးသမီး ။

ပြီးတော့ မေမေပြောသလို သူကလေးဆန်နေလို့မဖြစ်ဘူး ။ ဝမ်းနည်းနေလို့မဖြစ်ဘူး ။ စိတ်ဓာတ်ကျနေလို့လည်း မဖြစ်ဘူး ။ ဖြစ်ချင်တာကိုလည်း ရအောင်လုပ်ခဲ့ပြီးပြီ ။ ရှေ့လျှောက်ရက်တွေမှာ Tata အားကိုးနိုင်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် သူကြိုးစားရမည် ။ ချစ်ရသူကို မျက်နှာတစ်ချက် မညှိုးရတဲ့ဘဝမှာ ထားချင်သည် ။ သူဆိုးခဲ့သမျှကို ချစ်ရသူထံ ပြန်ပေးဆပ်ရင်းနဲ့ အစစအရာရာဖြည့်ဆည်းပေးပြီး သူရှင်သန်မည် ။ အဲ့ဒီရှင်သန်မှုမှာ Tata ရဲ့ အမုန်းတွေပါနေခဲ့ရင်တောင် သူရင်ဆိုင်ပါမည် ။

ကိုယ် ကြိုးစားပါ့မယ် ကိုယ့်မှာ မင်းအတွက်အချစ်တွေအပြည့်ရှိကြောင်းကိုမင်းသိအောင် ကိုယ်ပြပါ့မယ် ။

-----

ဦးလေးက မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ပေးဖို့ ပြောခဲ့ပေမယ့် Santa ငြင်းခဲ့ပါသည် ။ ဦးလေးရဲ့ စေတနာကိုသိပေမယ့် သူဒီထက်ပိုပြီး မျက်နှာပြောင်မတိုက်ချင်ပါ ။ ဦးလေးနဲ့ တီ Ning က သူ့ကို တော်တော်လေး အားနာနေကြဟန်လည်း တူပါသည် ။ ထို့ကြောင့် ခြံထဲ၌သာ dinner အနေနဲ့ အကျဉ်းရုံးလေးတော့ ပြုလုပ်ပေးပါရစေတဲ့ ။ Santa အနေနဲ့ လက်မှတ်ထိုးရုံလောက်သာ စိတ်ကူးခဲ့ပေမယ့် ဦးလေးနဲ့တီ Ning က လုံးဝလက်မခံခဲ့ပါ ။ မေမေကလည်း တစ်ယောက်ထဲရှိတဲ့ သားလေးရဲ့ မင်္ဂလာပွဲကို အဖြစ်သဘောနဲ့ မမြင်ချင်ပါဘူးတဲ့ ။ ပြီးတော့ phi Perth ။ phi Perth ကတော့ ဒီကိစ္စတွေမှာ Tata ဖြစ်စေချင်တဲ့အတိုင်း ဟူသည့်စကားဖြင့် ငြိမ်နေလေသည် ။

" အဖြူလေးဆို Ta လေးနဲ့ ပိုလိုက်မယ်ထင်တယ်နော် phi Saung "

" နှစ်ယောက်လုံး အဖြူလေးတွေနဲ့ဆိုရင် ပိုပြီးကျက်သရေရှိတာပေါ့ "

" ဟုတ်ပါ့ ဒါပေမယ့် ကျွန်မတို့သားတွေက ဘာဝတ်ဝတ်ချောပြီးသားပါနော် "

Wedding photos ရိုက်ဖို့ ဝတ်စုံရွေးပေးနေကြသော အမေနှစ်ယောက်သည် စကားတပြောပြောဖြင့် ပြုံးရွှင်လျက်ရှိကြသည် ။ ထိုအနောက်တွင် ပြုံးလျက်ရပ်နေသူကိုလည်း Santa တွေ့နေရပါသည် ။ နှစ်ယောက်သား အဲ့ဒီနေ့ကတည်းက စကားသေချာပြောဖြစ်သည်ဆိုတာ မရှိပါ ။ ကိစ္စအဝဝကို တီ Ning ကသာ ဦးဆောင်၍ စီစဉ်သည် ။ အင်း phi Perth လည်း ပါချင်ပါမှာပေါ့ ။ Santa အနေနဲ့ကတော့ လူကြီးတွေစီစဉ်သမျှ ငြိမ်နေလိုက်ဖို့သာ စိတ်ကူးထားပါသည် ။ ဘာလုပ်ချင်တယ် ၊ ဘာလုပ်မယ်ဆိုပြီး ပြောရလောက်အောင် ဒီမင်္ဂလာပွဲအပေါ် သူလိပ်ပြာမလုံပေ ။

အတွေးများနေမှုတို့သည် တစ်ဖက်လူက သူ့အားလှည့်ကြည့်လာမှသာ အသိဝင်လာသည် ။ ထို့ကြောင့် ချက်ချင်းအကြည့်လွှဲပစ်မိသည် ။ သို့သော် အချိန်တော်တော်ကြာတဲ့အထိ စိတ်ထဲနေရခက်နေတာကြောင့် ပြန်၍ မော့ကြည့်လိုက်စဉ် သူအား အဓိပ္ပာယ်ဖော်မရသော မျက်ဝန်းများဖြင့် ကြည့်နေသည့်လူ ။ နေရခက်လာသည်မို့ မျက်ခုံးတွေတွန့်ချိုးလိုက်မိသည် ။ ထိုအခါမှ အကြည့်ပြန်လွှဲသွားသူသည် မျက်နှာအမူအရာကအစ ပြောင်းလဲသွားလေသည် ။ Santa သိပ်တွေးမနေတော့ဘဲ မေမေတို့အနားသာ တိုးကပ်သွားလိုက်၏ ။ ပြီးသည့်နောက် မေမေတို့၏ ရွေးချယ်ပေးမှုအဆုံး ဓာတ်ပုံရိုက်ရန် ပြင်ဆင်ရတော့သည် ။

နှုတ်ခမ်းနီ ခပ်ပါးပါးအား နှုတ်ခမ်းပေါ်တင်လိုက်ချိန်တွင် Santa ကိုယ့်ကိုကိုယ်မှန်ထဲကြည့်ရင်း မနေတတ်မထိုင်တတ်ဖြစ်လာရတော့သည် ။ make up လိမ်းထားရသည့်အတွက်ကြောင့် သူ့မျက်နှာသည် ပုံမှန်ထက် တစ်မျိုးပြောင်းလဲနေခြင်းနှင့်အတူ make up artist ၏ ပြင်ဆင်ပေးမှုကြောင့် ရှေ့သို့ချထားသော ဆံပင်ခပ်အုပ်အုပ်ကလည်း ပုံစံကျကျရယ် ။ ဝတ်ထားသော wedding suit အဖြူရောင်လေးသည် သူသည် သတို့သားလောင်းတစ်ယောက်ဖြစ်နေကြောင်းကိုပါ တိတိကျကျဖော်ပြနေပြန်သည် ။

" ချစ်ဖို့ကောင်းလိုက်တာ ယူ့ ခင်ပွန်းလောင်းကတော့ သဲသဲလှုပ်နေတော့မှာပဲ "

make up artist ၏ စကားသံအဆုံး Santa နားရွက်ဖျားတွေ ရဲတက်လာသည် ။ ခင်ပွန်းလောင်းဆိုတော့ စကားကို သူ မရင်းနှီးနိုင်သေးပါ ။

" ဟယ် Ta ၊ မေ့သားမက်လေးက ချစ်စရာလေးကွယ် "

အခန်းထဲဝင်လာသည့် တီ Ning ကပါ ထိုသို့ဆိုလာသည်မို့ Santa ခပ်ယေးယေးလေးပြုံးရင်း နားရွက်တင်မက မျက်နှာကလေးပါ နီရဲချင်လာသည် ။ သမက်ဆိုသည့် နာမ်စားသည်လည်း သူ့အတွက် နေရခက်စေသေးသည် မဟုတ်လား ။

" ဟုတ်ပါ့ တို့အန်တီကတော့ သားမက်ရ ကံကောင်းလိုက်တာနော် "

ပြီးနောက် တီ Ning က ပီတိပြည့်နေသော အပြုံးဖြင့် Santa အနားသို့ရောက်လာကာ ဒီသားမက်လေးကို ခက်ခက်ခဲခဲရထားပါတယ်ဆိုပြီး အရွှန်းဖောက်လေသည် ။ Santa ကတော့ ဘာမှဝင်မပြောမိပါ ။ အဲ့ဒီအစား ခပ်ပြုံးပြုံးလုပ်ရင်းသာ ငြိမ်နေလိုက်သည် ။ တကယ်လည်း ခက်ခဲခဲ့တဲ့ အခြေအနေတွေပဲ မဟုတ်လား ။

" မေမေ ၊ ဒေါ်လေး Saung က အရင်ဓာတ်ပုံရိုက်ရအောင်တဲ့ "

တံခါးဖွင့်သံနှင့်အတူ ဝင်လာသည့် အရင်းနှီးဆုံးအသံတစ်ခု ။ Santa သတိမထားမိလိုက်ခင်မှာပင် အသံလာရာသို့ လှည့်ကြည့်ပြီးသားဖြစ်နေသည် ။ သို့သော် တီ Ning က ကွယ်ထားတာမို့ တံခါးဖွင့်နေသော လက်တစ်ဖက်ကိုသာ မြင်ရသည် ။ ထို့ကြောင့် မြန်မြန်အကြည့်လွှဲလိုက်ကာ မသိချင်ယောင်ဆောင်လိုက်သည် ။

" ဟုတ်သား ၊ ဒါဆို မေမေသွားလိုက်အုံးမယ် ၊ သားက Ta လေးနဲ့ နေခဲ့အုံး "

ပြီးနောက် တီ Ning ထွက်သွားပြီမှန်းသိလိုက်ပေမယ့် လှည့်မကြည့်လိုက်ပါ ။

" အယ် ! တို့လည်း ရှောင်ရမယ်ထင်တယ်နော် "

ပြောပြီး make up artist အစ်မကပါ အခန်းထဲကထွက်သွားတာမို့ Santa အနေပိုကျုံ့သွားသည် ။ အခန်းထဲတွင် သူနဲ့ phi Perth သာ ကျန်ခဲ့သည်မလား ။ ဘယ်လိုပဲဆိုဆို ဒီအခြေအနေသည် သူ့အတွက် များစွာနေရခက်စေသလို စိတ်လှုပ်ရှားစေသည် ။ အတွေးများနေတုန်းမှာပင် Santa နောက်တွင်လာရပ်သော လှုပ်ရှားမှုကို သတိထားမိလိုက်သည် ။ ထို့အတူ ထိုလူဆီက ရနေကျ ရေမွှေးနံ့သည်လည်း Santa အနီးနားတွင် ပျံ့နှံ့သွားသည် ။ ထို့ကြောင့် ငုံ့ထားသောခေါင်းအားမော့ကြည့်လိုက်စဉ် မှန်ထဲမှ တစ်ဆင့် နောက်ကလူ၏ ပုံရိပ်အား သဲကွဲစွာမြင်လိုက်ရ၏ ။

ဆင်တူအဖြူရောင် wedding suit ကို ဝတ်ထားပါသော်လည်း ချစ်ဖို့ကောင်းနေခြင်းမဟုတ်နေပဲ ချောမောပြေပြစ်နေသည် ။ လှန်တင်ထားသော ဆံပင်တွေနဲ့ နဖူးပေါ်ချထားသော ဆံစအချို့ ။ တည်တင်းနေသည့်မျက်ခုံးတန်းများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်း ။ လက်တစ်ဖက်အား ဘောင်ဘီအိတ်ကပ်ထဲထည့်ကာ ရပ်နေသည့်လူ ။ဝန်ခံရလျှင် ဒီလောက်ပြည့်စုံလွန်းတဲ့ယောက်ျားကို Santa မငေးမိဘဲ မနေနိုင်ပါ ။ သို့သော် ခဏသာ ဖြစ်ပြီး ချက်ချင်းခေါင်းကို ငုံ့ချလိုက်သည် ။

အချိန်အတော်ကြာတဲ့အထိ နောက်ကလူသည် တုတ်တုတ်မျှ မလှုပ်ပါ ။ ထို့ကြောင့် Santa အနေတတ်စွာဖြင့် ပြန်၍မော့ကြည့်လိုက်လျှင် သူ့အားသတိလက်လွတ်ငေးလျက်ရှိသော မျက်ဝန်းများဖြင့် ဆုံလေသည် ။ ထိုမျက်ဝန်းများသည် Santa ၏ စိတ်လှုပ်ရှားမှုကို ပို၍မြင့်တက်စေသည် ။ ထို့ကြောင့် နှုတ်ခမ်းကိုဖိကိုက်လိုက်ကာ ထိုလူ၏မျက်ဝန်းအား အလိုမကျဟန်ဖြင့် စိုက်ကြည့်ပေးလိုက်သည် ။

" အဲ့လိုဆက်ကြည့်နေရင် ကျွန်တော်အခုထပြန်မှာ ! "

အသံစွာစွာလေးကို ကြားလိုက်မှ Perth အသိဝင်လာခဲ့သည် ။ ထိုအခါမှသာလျှင် တွန့်ချိုးလျက်ရှိသော မျက်ခုံးများနှင့်ဆူပုတ်ပုတ်မျက်နှာလေးအား အတိအကျမြင်မိသည် ။ ခုဏက အထိသူ့စိတ်အာရုံမှာ ထိုဆူပုတ်ပုတ်ကလေးကိုပင် သတိမထားမိလောက်အောင် အလှတရားလေးအောက် လွင့်မျှောမိသွားခြင်းဖြစ်လိမ့်မည် ။

အခန်းထဲဝင်ဝင်လာခြင်း မေမေကာနေတာကြောင့် ဒီကောင်လေးကို သူမမြင်ရပါ ။ သို့သော် မေမေ အခန်းထဲကထွက်သွားချိန်တွင် ဘေးတိုက်မြင်နေရသော ကောင်လေး၏ပုံရိပ်သည်ပင် သူ့နှလုံးတစ်ခုလုံးကို ကိုင်လှုပ်လိုက်သလို လှုပ်ခတ်သွားစေသည် ။ ပြီးနောက် အခန်းထဲ နှစ်ယောက်ထဲရှိသည်ဟု အသိဝင်ချိန်တွင် ကောင်လေး၏အနားသို့ တိုးကပ်သွားသော ခြေလှမ်းများသည် ထိန်းချုပ်မှုမဲ့စွာဖြင့် ။ မှန်ထဲတွင်ပေါ်နေသော အလှတရားလေးအား အနီးကပ်မြင်တွေ့လိုက်စဉ်တွင် သူ့ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားခဲ့လေသည် ။

အဖြူရောင်လေးနှင့်လိုက်ဖက်လွန်းသော ချစ်ရသူသည် ပိုးသားလုံးလေးလိုဖြူဝင်းမွက်နေသည် ။ ဆေးကူထားသည်ကြောင့် ပို၍ဥနုနေသော မျက်နှာလေးသည် သူ့အတွက်အရာရာဖြစ်နိုင်သည် ။ ခပ်ရဲရဲနှုတ်ခမ်းပါးလေးထံမှလည်း သူရုန်းမထွက်နိုင်ပေ ။ ပြီးနောက် ပုံသွင်းထားသည့်ဆံပင်ခပ်အုပ်အုပ်လေးများနှင့် ဖြာကျနေတဲ့နဖူးပေါ်ကဆံနွယ်တွေ ။ သူဘယ်လိုမှ အကြည့်မလွှဲနိုင် ။ မရပ်တန့်ပစ်နိုင် ။

Santa Pongsapak က တကယ့်ကို လှတာ ။သေလောက်တဲ့ အလှတရားမျိုး ။

သူဘယ်လောက်တောင် သတိလက်လွတ်ငေးမိသည်လည်း မသိပါ ။ ကောင်ငယ်လေး၏ စိတ်ရှုပ်စွာ ပြောလိုက်သံကို ကြားမှ အသိဝင်ရသည်အထိ ။

" နေရခက်သွားလား ၊ ကိုယ် တောင်းပန်ပါတယ် "

" ..... "

" လှလို့ ၊ လှလို့ မငေးပဲ မနေနိုင်ဘူး "

သူ့စကားအဆုံး ရဲတက်သွားတဲ့ မျက်နှာလေးက သိသိသာသာဖြစ်လွန်းသည် ။ တကယ်ပါ ဒီကောင်လေးကို အပိုင်ရတော့မယ်ဆိုတာ သူ့အတွက် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။ အခြေအနေတွေကို ခဏမေ့ထားရင် တကယ် Tanapon ဆိုတာ အပျော်ဆုံးလူတစ်ယောက်ပဲ ။

နှစ်ယောက်သား ဘာစကားမှ ဆက်မပြောမိကြတော့ပါ ။ ရှက်သွားဟန်တူသည့် ချစ်ရသူသည် သူ့ကိုလည်း မကြည့်လာတော့သလို ခေါင်းကိုလည်း ငုံ့ထားလေသည် ။ သို့သော် မှန်မှတစ်ဆင့် အောက်နှုတ်ခမ်းအား ဖိကိုက်ထားသည်ကို မြင်ရချိန်တွင် Perth ရင်ခုန်နှုန်းဟာ ချက်ချင်းမြင့်တက်လာခဲ့ပြီး မသိလိုက်ခင်မှာပင် ထိုအမူအယာငယ်လေးအားကြည့်ရင်း ပြုံးနေမိသည် ထင်ပါသည် ။

ခဏအကြာတွင် ဓာတ်ပုံရိုက်ရန်လာခေါ်သည်မို့ ဖော်မပြတတ်သော အခြေအနေသည် ရပ်တန့်သွားသည် ။ Santa အတွက်ကတော့ နေရခက်သည့် အခြေအနေမှ လွှတ်မြောက်သွားလို့ ဝမ်းသာပေမယ့် အလှတရားလေးအား ငေးမဝသော Perth အတွက်ကတော့ ဝမ်းမသာနိုင် ။

သို့သော် အခြေအနေများသည် ဒီနေ့က Perth ထံသို့ အများကြီး မျက်နှာသာပေးနေသလိုပင် ။ အကြောင်းအရင်းသည်

" နည်းနည်းလောက်ထပ်ကပ်လိုက်ဗျ "

မကြားချင်ယောင်ဆောင်ကာ ငြိမ်လျက်ရပ်နေသော ကောင်လေးသည် သူ့နားကို ကပ်ချင်ဟန်မတူ ။ Perth အနေနဲ့ အတင်းတိုးကပ်ဖို့ရန်လည်း ကောင်လေးပြောထားသော " ကျွန်တော့်အသားကို မထိနဲ့ " ဟူသော အသံကို ပြန်ပြန်ကြားယောင်လာမိသည် ။ သို့သော် သူတို့ရိုက်နေတာသည် wedding photo ဖြစ်လေသည် ။

" Tata ... "

တိုးဖွဖွခေါ်တော့ အလိုမကျသော မျက်နှာဖြင့် လှည့်ကြည့်လေသည် ။

" ကိုယ် မင်းအသားကို ထိမှရမယ်ထင်တယ် "

ထိုသို့ပြောလိုက်ပြီး ခါးမှတစ်ဆင့် ချစ်ရသူအား သူ့အနီးသနားသို့ ဆွဲကပ်လိုက်သည် ။ ခွင့်တောင်းခြင်းမဟုတ် အသိပေးရုံဖြစ်သည် ။ မဟုတ်လျှင် ပုံလှလှလေးရမည်မဟုတ်ပါ ။ ချစ်ရသူကတော့ ရုတ်တရက်မို့ မျက်လုံးတွေဝိုင်းစက်သွားပြီး သူ့အားအလန့်တကြားကြည့်လာသည် ။ သူကလည်း ငုံ့အကြည့်နဲ့မို့ အကြည့်ချင်းဆုံသွားရပြီး ရင်ခုန်နှုန်းသည် ဒုန်းစိုင်းပြေးလွှားကုန်လေသည် ။

*ချပ်!*

အမိအရဖမ်းလိုက်နိုင်သည့် ကင်မရာမှထွက်လာသည့်အသံ ။

" ဒီပုံလေးကောင်းတယ် ၊ ငြိမ်ငြိမ်နေအုံးနော် နောက်တစ်ပုံထပ်ရိုက်အုံးမယ် "

ဓာတ်ပုံဆရာ၏ စကားသံကြောင့် ခါးသိမ်သိမ်လေးအား ပို၍တင်းကျပ်စွာဖက်တွယ်လျက် အနီးသို့ ပို၍ဆွဲယူလိုက်သည် ။ ထိုအခါ ကောင်ငယ်လေး၏ လက်သည်လည်း Perth ရင်ဘတ်တွင် အလိုလိုရောက်ရှိလာသည် ။ နီးကပ်သွားသည့် မျက်နှာနှစ်ခုသည်လည်း ထိလုမတတ် ။

" ချစ်ဖို့ကောင်းလိုက်တာ !! "

ဒါကတော့ မေမေ့အသံမှန်း Perth သိတာမို့ အနည်းငယ်ပြုံးလိုက်မိသည် ။ ကောင်လေးကတော့ အကြည့်လွှဲသွားကာ ရှက်သွားဟန်တူလေသည် ။

*ချပ်!*

ထို့နောက် တစ်ပုံပြီးတစ်ပုံသည် Perth အတွက် အခွင့်ထူးခံဖြစ်နေလေသည် ။ ခါးသွယ်သွယ်၌ လက်တို့အား ပို၍ အသားယူနေခြင်းအပေါ် ကောင်လေးသည် သိပုံပေါ်ကာ တစ်ချက်တစ်ချက် မျက်စောင်းခဲလေသည် ။ မတတ်နိုင် ။ မဟုတ်လျှင် ဒီလိုဖက်ရဖို့ မလွယ်လှဘူးမဟုတ်လား ။

" သား Perth ! ဒီတိုင်းပဲဆို ပုံကရိုးတယ်နော် "

" နမ်းလိုက် ! နမ်းလိုက် ! "

မေမေရဲ့အသံကြောင့် ဓာတ်ပုံဆရာကပါ နောက်ကလိုက်၍ ရယ်မောကာဆိုလေသည် ။ ဒေါ်လေး Saung ကတော့ ပြုံးလျက်ကြည့်နေခဲ့ပြီး ဖေဖေလည်း ထိုနည်းတူဖြစ်သည် ။

Perth လည်း ပြုံးလျက်ဖြင့် နီးကပ်လျက်ရှိသော ကောင်လေး၏ မျက်ဝန်းတွေကိုကြည့်လိုက်သည် ။ ထိုအခါ ရှောင်ပြေးချင်နေသော ကောင်လေးက မေမေ့စကားကြောင့် နားရွက်တွေတောင်ရဲချင်နေပြီ ။ ထို့ကြောင့် နားရွက်ဖျားလေးထံ တိုးကပ်သွားလိုက်ပြီး

" ကိုယ်တို့ အခုမနမ်းရင် မေမေတို့ စိတ်မကောင်းဖြစ်လိမ့်မယ် ၊ ပုံလှလှလေးလည်း ရမှာမဟုတ်ဘူး "

သူ့စကားအဆုံး အောက်နှုတ်ခမ်းအား ထပ်မံ၍ဖိကိုက်လိုက်ပြန်သည့်ကောင်လေးကြောင့် Perth သဘောမကျဘဲ မနေနိုင်ပါ ။

" နမ်းလို့ရလား "

ထိုအခါ မျက်ဝန်းဝိုင်းလေးများသည် သူ့ထံသို့ရောက်ရှိလာသည် ။ ထိုမျက်ဝန်းဝိုင်းလေးများအား သူဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ ။ နာကျည်းချက်အတိကင်းမဲ့သော ၊ ရင့်သီးမှုမပါသော အဲ့ဒီ မျက်ဝန်းငယ်လေးတွေ ။ သူ့ထိန်းချုပ်မထားနိုင်တော့ပါ ။ ထို့ကြောင့် ကောင်ငယ်လေး၏ ခပ်ရဲရဲနှုတ်ခမ်းပါးတို့အား ဖိကပ်နမ်းရှိုက်လိုက်၏ ။ ခွင့်ပြုချက်ရသည် မရသည် သူမသိတော့ပါ ။ သူအသိတွင် လွမ်းစွတ်ခြင်းများနဲ့ နူးညံ့မှုလေးအား ဖမ်းဆုပ်ထားချင်စိတ်သာ ရှိလေသည် ။

*ချပ်!*

ဒီနေ့အတွက် အလှဆုံးပုံလေး ဖြစ်ပေလိမ့်မည် ။

------

( ဒီအပိုင်းလေး နည်းနည်း sweet ပေးထားတယ်နော်အချစ်ကလေးတို့ကို နောက်မှ ဆက်ငိုခိုင်းပါ့မယ်ဘာလို့ဆို ကိုကို့ကို ခွင့်မလွှတ်ပေးစေချင်သေးဘူးဇာတ်လမ်းကို နည်းနည်းဆွဲခေါ်အုံးမယ်ရှင့် 🤍

မန့်လေးတွေလည်း အကုန်ဖတ်ပါတယ်နော်လိုင်းကောင်းတာနဲ့ အကုန်လိုက်ပြန်ပေးပါ့မယ် )

There are no comments yet. Log in to be the first to leave a review!

Similar stories