Fanfics

ep46

16:00, 9 January 2024

ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတဲ့ဘဝက ဘဝမှာ အပျော်ရွှင်ရဆုံးကိစ္စပဲဆိုလျှင် လက်ထပ်ပြီးကာမှ သူက ကိုယ်တစ်ယောက်တည်းနဲ့ မပျော်ရွှင်နိုင်ခဲ့ရင်တော့ မပျော်ရွှင်ရတဲ့သူက ကိုယ်ပဲဖြစ်နေလိမ့်မယ်..

_______________________________

မွေးနေ့ပွဲနေ့က ဖြစ်ပျက်သွားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ဆော့ဂျင်နဲ့သူ သွေးအေးစစ်ပွဲဖြစ်နေကြသည်။ အရင်ကလို ရှောင်ဖယ်ပြီး တစ်ယောက်မြင်ကွင်းထဲတစ်ယောက် ပေါ်မလာတာမျိုးမဟုတ်ဘဲ တစ်အိမ်တည်းနေပြီး နေ့စဉ်နဲ့အမျှ တွေ့နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ နှစ်ယောက်တည်းသာ နားလည်တဲ့ သွေးအေးစစ်ပွဲ ဆင်နွှဲနေကြသည်။ ဆော့ဂျင်အနေနဲ့ ထိုနေ့ကကိစ္စမှာ သူလွန်ခဲ့တယ်ဆိုရင်တောင် အလျှော့ပေးလိုက်ဖို့ စိတ်ကူးမရှိတော့ဘူး။ သူတို့တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေတူကြတယ်၊အပေးအယူမျှကြတယ်ဆိုတာက အခုလိုအခြေအနေနဲ့ပဲ သင့်တော်မည်။ သူတို့အနေနဲ့ လက်မထပ်ဖြစ်ကြဘူးဆိုလျှင်က အဆင်ပြေပါသည်။ သူတို့တစ်ယောက်ကိုတစ်ယောက် ချစ်ခင်နှစ်သက်ပြီး တစ်သက်လုံးအတူနေဖို့ ကတိကဝတ်တွေနဲ့ သစ္စာခံပြီးကြတဲ့အခါမှ ဆော့ဂျင်သူ့အကျင့်တွေမပြောင်းလဲပေးနိုင်မှာကြောက်သည်။ ဒါကြောင့် ဆော့ဂျင်သူနဲ့လက်ထပ်ဖို့ကို ခက်ခက်ခဲခဲနဲ့ ငြင်းစေခဲ့ရသည်။

သူကတော့ သူ့အကျင့်အတိုင်း များများစားစားမတွေးဘူး။ အလေးအနက်မထားဘူး။ သူတို့အခုအဆင်ပြေနေကြရင် ပြီးတာပဲဆိုတဲ့ သူ့အတွေးတွေကို ဆော့ဂျင်သိသည်။ သူတို့တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေရှိပြီးနောက်ပိုင်း သူတခြားမိန်းမတွေနဲ့အိပ်ရာ‌ပေါ်က ပတ်သက်ဆက်နွယ်မှုတွေ မရှိတော့တာသိပေမဲ့ သူ့အကျင့်နဲ့ ခံယူချက်တွေ မပြောင်းလဲသေးဘူး။ မိန်းမတွေနဲ့ပတ်သက်ရင် သူက ဘာခံစားချက်မှမရှိဘဲ အိပ်ရာပေါ်ကကိစ္စတွေ လုပ်နိုင်တယ်ဆိုတဲ့ သူ့ခံယူချက်က မပြောင်းသေးဘူး။ သူတို့က အခုမှ ခံစားချက်တွေရှိရုံလောက်အခြေအနေလေးမှာမလို့ သူ့အကျင့်တွေကို နားလည်ပေးနိုင်ပေမဲ့ ‌ရေရှည်လက်တွဲဖို့ရာမှာတော့ ဆော့ဂျင်သူ့အကျင့်တွေကို လက်ခံပေးနိုင်ဖို့ရာ မလွယ်ကူဘူးဆိုတာ သူ့ကိုယ်သူသိသည်။ ဆော့ဂျင်သူ့ကို တခြားမိန်းမတွေနဲ့ မျှတူမချစ်ချင်ဘူး။ ကိုယ်ချစ်တဲ့သူကို တခြားမိန်းမတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ သူမြင်ယောင်ကြည့်လို့ပင် မရဘူး။ ဒါကြောင့် ဒီ‌တစ်ခေါက်ကိစ္စမှာ သူအရှုံးမပေးချင်ဘူး..

သူက ထိုနေ့က ဆော့ဂျင်သဘောထားကို သိလိုက်ရပြီးနောက် အရွဲ့တိုက်မှုတွေ စတင်လာသည်။ သူ့စကားအတိုင်း သူက မိန်းမတွေနဲ့ ပေါ်တင်ပတ်သက်ပြလာသည်။ အိမ်တော်ကိုခေါ်လာတယ်။ မိန်းမတွေ မထပ်စေရဘူး။ ဆော့ဂျင်ရှေ့မှာတင် သူတို့သမီးရည်းစားတွေလို ပွေ့ဖက်ကျီစယ်နေကြတယ်။ ဆော့ဂျင် သူ့စိတ်ကြိုက် သူ့ကို သူလုပ်ချင်ရာလုပ်ဖို့ လွှတ်ထားလိုက်တယ်.. သူလုံးဝမတားနိုင်ဘူး။ ဒီလိုနေရင်းကနေ သူထိုမြင်ကွင်းတွေကို လုံးဝလျစ်လျှူရှုသွားနိုင်ခဲ့တော့လည်း ကောင်းတာပေါ့ဆိုပြီး သူသည်းခံထားလိုက်သည်။

တကယ် သူ့ကိုလျစ်လျှူရှုပြီး မေ့ထားနိုင်လိုက်ရင် သူ့ဘဝကြီးက လုံးဝကောင်းသွားပြီ။ သူလုပ်ချင်တာမှန်သမျှလည်း လုပ်ပြီးသွားပြီ ပိုက်ဆံအတွက်လည်း စိတ်ပူစရာမလိုတော့ဘူး။ သူဘယ်သူ့ကိုမှလည်း ငွေရေးကြေးရေးအရ ပတ်သက်နေစရာမလိုတော့ဘဲ ကိုယ့်ဟာကိုယ်နေလို့ရနေတဲ့အချိန်မှာမှ သူ့နှလုံးသားက ပြဿနာရှိလာခဲ့တယ်.. သူ့မှာသာ သူနဲ့ပတ်သက်ပြီး ဘာခံစားချင်မှ မရှိနေခဲ့ရင် အခုချိန်မှာ ဆော့ဂျင်ဘဝကြီးက အေးချမ်းလို့ရှိနေရတော့မည့်အချိန်ပင်။ သူဘာအပူအပင်မှ မရှိတော့တဲ့အချိန်ရောက်တော့ လူတစ်ယောက်ကို ချစ်မိလို့ ပူ‌ပင်သောက ရောက်ခဲ့ရပြန်တယ်.. လောကကြီးက မျှတပါတယ် လိုချင်တာတစ်ခုဖြည့်ဆည်းပေးပြီးရင် ထိုအတွက် ထိုက်တန်တဲ့အဖိုးအခကို ပြန်နုတ်ယူသွားတတ်တယ်.. သိပ်ကို မျှတပါတယ်..

_____________________________

" မဒမ်ကင်မ် မဒမ်ကင်မ်နဲ့ဦးလေးငယ် ရန်ဖြစ်ထားကြတာလား "

" မဟုတ်ဘူး "

" ဒါဆိုဦးလေးငယ်က မဒမ်ကင်မ်ကို ဘာလို့စိတ်ဆိုးနေတာလဲ ရန်လည်းမဖြစ်ထားဘဲနဲ့.. "

" ငါမသိဘူး "

ဆော့ဂျင် အယ်ရိုနောက်မေးလာမဲ့အမေးတွေကို ထပ်မကြားချင်တော့၍ လက်ထဲကသေနတ်မောင်းတံကို ဆက်တိုက်နှိပ်ချပစ်လိုက်သည်။ သူ့စိတ်တည်ငြိမ်မှုရှိမနေ‌တာကြောင့် တစ်ခုမှ ပစ်မှတ်ကိုထိမည်မဟုတ်ဆိုတာ သိသည်။ သူစပစ်ကတည်းက အခုထိတစ်ချက်မှ မမှန်သေးဘူး။ သူစိတ်ပါလွန်းလို့ လုပ်နေတာလည်းမဟုတ်တော့ ဘယ်နှချက်ထိမှန်လည်း‌ဆိုတာကိုလည်း စိတ်မဝင်စားဘူး။ ဒီအတိုင်း သူ‌စိတ်ဖြေဖျောက်ချင်လို့သာ လုပ်မိလုပ်ရာလုပ်နေမိတာ.. သူ့မှာအလုပ်ကလွဲပြီး တခြားဝါသနာဆိုလို့ သေနတ်ပစ်တာတစ်ခုပဲ သင်ယူဖူးတာဖြစ်၍ သူ့အတွက် တခြားရွေးချယ်စရာလည်း ရှိမနေ။

" မဒမ်ကင်မ် ဦးလေးငယ်က လက်ထပ်တော့မှာလား "

ထိုစကားကို မထင်မှတ်ဘဲ ကြားလိုက်ရတော့ သူ့စိတ်အခြေအနေက တိုးမြှင့်လာပြီး ပစ်မှတ်ကိုချိန်ရွယ်နေတဲ့လက်တွေက စကားသံရှိရာ ဦးတည်သွားလိုက်မိသည်။ ထိုအခါ အယ်ရိုက အရှုံး‌‌ပေးသလို လက်ကိုပင့်မြှောက်လာသည်။ ထိုတော့မှ သူသေနတ်ကိုင်ထားတဲ့ လက်တွေကို ချလိုက်မိသည်။

" ခုနက ဘာပြောတာလဲ "

" ဦးလေးငယ်လက်ထပ်တော့မယ်ထင်တယ်လို့ "

" ဘာလို့လဲ "

" ဦးလေးငယ်အိမ်ကို မိန်းမတစ်ယောက် ခေါ်လာတယ် "

သူမျက်မှောင်တွေ ကျုံ့ဝင်သွားသည်။ မိန်းမတစ်ယောက်အိမ်ခေါ်လာတယ်! ဒါကထူးဆန်းနေသေးလို့လား.. သူနှင့်စကားများပြီးကတည်းက သူက သူ့စကားအတိုင်း နေပြသည်။ အိမ်တော်သို့ ပြန်လာတိုင်း မတူညီတဲ့မိန်းမတစ်ယောက်က ပါလာသည်။ အရင်တုန်းက သူမိန်းမရှုပ်တယ်ဆိုတာ သူ့ဟာသူဘယ်လောက်ရှုပ်ရှုပ် အိမ်တော်ကိုတစ်ခါမှ ခေါ်မလာခဲ့ဖူးဘူး။ အိမ်တော်မှာ သူ့ကိုသဘောကျတဲ့ မိန်းကလေးနှစ်ယောက်ရှိတာတောင် သူကစည်းစောင့်ပြီး ထိုမိန်းကလေးတွေကို လက်ဖျားနှင့်တောင် ထိခဲ့တာမဟုတ်ဘူး။ အခုသူအိမ်တော်ကို မိန်းမတွေခေါ်လာတယ်ဆိုတာက ဆော့ဂျင်ကိုသိစေချင်၊မြင်စေချင်လို့သာ.. ဆော့ဂျင်ကို သိစေချင်လို့ သူကတမင် သူဘယ်လိုနေနေလဲဆိုတာ သူ့မျက်စိရှေ့မှောက်ကို ရောက်လာခဲ့တာ ဆော့ဂျင်အတတ်နိုင်ဆုံးတော့ မသိချင်ယောင်ဆောင်ထားစဲပဲ။ သူသူ့ကိုတမင်လုပ်ပြနေတာ သိတာကြောင့်မလို့ သူလျစ်လျှူရှုထားနိုင်သေးတယ်။ သူသာတကယ်လုပ်ချင်ရင် ဟယ်လင်နဲ့နေပြတောင် ရသေးတာပဲ သူ့ကိုရွဲ့ချင်လို့ ဟယ်လင့်ကို အရေးမပေးပြတာကိုပဲ ကျေးဇူးတင်ရအုံးမည်။

ဟယ်လင်တို့သားအမိက သခင်လေးဂျွန်က အခုလိုဆော့ဂျင်ကို လျစ်လျှူရှုပြီး တခြားမိန်းမတွေနဲ့ပျော်ပါးနေတာမြင်တော့ ပေါ်တင်ပင် ဝမ်းသာအားရနေကြသည်။ ဆော့ဂျင်ကို သူတို့ထင်တဲ့အတိုင်း ပစ်ခံထားလိုက်ရပြီဆိုပြီး လှောင်ပြောင် သနားပြနေကြသည်။ ဆော့ဂျင် သူတို့ကို ဉာဏ်ရည်မမီတဲ့သူတစ်စုလိုသာ မှတ်ယူထားတာမလို့ လျစ်လျှူရှုထားနိုင်သည်။ သူ့မှာ ဂျွန်ဂျောင်ဂုတစ်ယောက်နဲ့တင် ဦးနှောက်ခြောက်လွန်းလို့ တခြားကိစ္စတွေ ခေါင်းအပူခံပြီး လိုက်မတွေးနိုင်သေးဘူး။

" ဦးလေးငယ်ထူးဆန်းနေတယ်လို့ မဒမ်ကင်မ်မထင်ဘူးလား.. "

" မထင်ဘူး မင်းဦးလေးငယ်က မိန်းမတွေနဲ့နေရတာ သဘောကျတယ် အဆန်းမှမဟုတ်တာ "

သူရွဲ့ဖြေလိုက်ပေမဲ့ အမှန်တရားပဲမလား.. သူလည်း သူ့ကိုရွဲ့ပြီး တွဲပြနေတယ်ဆိုရင်တောင် သူသဘောကျတာကတော့ အမှန်တရားပဲလေ.. ဒီလိုလူမျိုးကို ဘယ်သူက ယုံယုံကြည်ကြည်လက်‌ထပ်ချင်မှာလဲ.. သူက သူ့ကိုတမ်းတမ်းစွဲသဘောကျနေတဲ့မိန်းကလေးတွေနဲ့မတူဘူး။ သူ့ကိုသဘောကျတယ်ဆိုရုံနဲ့ သူ့အကျင့်တွေကို လက်ခံပေးနိုင်ဖို့အထိတော့ နှလုံးသားက မာမနေဘူး။ မင်းနဲ့ငါ ဘယ်သူကပိုပြီးမာကြောနိုင်မလဲ ကြည့်ကြမယ်..

______________________________

ဆော့ဂျင်အိမ်ထဲဝင်လာတော့ ဧည့်ခန်းတွင် မစ္စမာရင်းတို့သားအမိရှိနေသည်။ ထိုသားအမိက သူဝင်လာတာမြင်တော့ စိတ်ဝင်စားဖွယ် ကိစ္စတစ်ခုရှိသည့်နှယ် မျက်လုံးတွေက အရောင်တလက်လက် တောက်နေကြသည်။ သူဂရုမစိုက်ဘဲ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ သူအပေါ်ထပ်ကိုတက်နေတဲ့ လှေကားတစ်လျှောက်တွင် စန္ဒရားသံသဲ့သဲ့ကြားလာရသည်။ ထိုစန္ဒရားကို အရင်က ဝန်ကြီးချုပ်ကတော်သာ အသုံးပြုလေ့ရှိပြီး အပေါ်ထပ်ဧည့်ခန်းရဲ့ ထောင့်ကျတဲ့နေရာတွင် ထားရှိထားသည်။ မဒမ်မရှိတော့ကတည်းက ထိုစန္ဒရားကို ထိတဲ့သူမရှိတော့။ အမြဲသန့်ရှင်းရေးလုပ်၍သာ သန့်ရှင်းနေလိမ့်မည်။ အခုထိုစန္ဒရားကို မည်သူတီးခတ်နေလဲဆိုတာ မှန်းကြည့်စရာပင်မလို့ ဂျွန်ဂျောင်ဂုခေါ်လာတဲ့မိန်းမပျိုပဲ ဖြစ်လိမ့်မည်။

သူအပေါ်ထပ်သို့မတက်ခင် မြင်ရမည့်မြင်ကွင်းတချို့ကို ပုံဖော်ရင်း စိတ်တင်းထားလိုက်သည်။ သူတို့ဘယ်လိုပဲ ရှိနေပါစေအုံး ဆော့ဂျင်ဂရုမစိုက်ဘဲ ရှိနေရမည်။ သူအဆိုးဆုံးအခြေအနေကို ပြင်ဆင်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။

သူအပေါ်ထပ်ရောက်တော့ အသံတွေက ပိုကြည်ကြည်လင်လင်ကြားလိုက်ရပြီး အဖြူရောင်နံရံတွေသာ အသုံးပြုထားတဲ့ အလည်တွင် စန္ဒရားခုံရှိနေပြီး တီးခတ်သူနေရာတွင် အနီရောင်ဂါဝန်ဝတ်စုံဖြင့် မိန်းကလေးက ထိုင်နေပြီး စန္ဒရားကိုယ်ထည်ပေါ်တွင် လက်တံတောင်ဖြင့် ခေါင်းကိုထောက်လျက် သက်သောင့်သက်သာလဲလျောင်းနေပါတဲ့ သူ.. အဖြူရောင်နောက်ခံတွေကြားတွင် အနီနှင့်အနက်ကိုယ်ထည်က ထင်းလျှက်ရှိနေပြီး ‌သူသေချာမကြည့်ပါဘဲနဲ့တောင် ထင်းခနဲသူ့မျက်လုံးထဲ ပေါ်နေသည်။ ဆော့ဂျင်တစ်ချက်မျှသာကြည့်ပြီး သူတို့သူ့ကိုသတိမထားမိခင် အခန်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်..

" မဒမ် "

သူအခန်းထဲဝင်ဖို့ရာ ခြေလှမ်းတွေပြင်နေတုန်း ချိုလွင့်လွင့်အသံတစ်ခုကြောင့် သူခြေလှမ်းတွေ ရပ်လိုက်မိသည်။ သူလှည့်ကြည့်လိုက်‌တော့ စန္ဒရားခုံပေါ်ထိုင်နေတဲ့ မိန်းကလေးက သူ့ဘက်လှည့်ကြည့်နေသည်။

" မဒမ့်ကိုခွင့်မတောင်းဘဲ စန္ဒရားထုတ်တီးမိလို့ စိတ်မရှိပါနဲ့ ထပ်ပြီးတီးခတ်ဖို့ ခွင့်တောင်းချင်လို့ပါ သခင်လေးဂျွန်က ထပ်ပြီးနားဆင်ချင်နေသေးလို့ မေရီ့ကိုပူဆာနေတာလေ.. "

ထိုအမျိုးသမီးက သူ့ကိုခွင့်တောင်းလာပြီး စန္ဒရားခုံပေါ် လဲလျောင်းနေတဲ့သူဘက်ကြည့်ကာ သဘောတကျနဲ့ဆိုလာသည်။ သူစန္ဒရားခုံပေါ်ကသူဆီ အကြည့်ရောက်သွားသည်။ ထိုအခါသူက သူ့ကိုကြည့်မနေဘဲ စန္ဒရားခုံပေါ်က အမျိုးသမီးကိုသာ တစ်စိုက်မတ်မတ်ကြည့်နေသည်။ ထိုအမျိုးသမီးနဲ့ဂျွန်ဂျောင်ဂုက အကြည်စိုက်နေကြပြီး သူ့ဘက်လှည့်မလာတော့.. ဆော့ဂျင်သူတို့ကို ဂရုစိုက်မနေတော့ဘဲ လှည့်ထွက်ခဲ့ဖို့သာ ပြင်လိုက်သည်။ သူတို့က သူ့ကိုအသိပေးချင်တာရော ခွင့်တောင်းချင်တာရော တစ်ခုမှဟုတ်မနေ.. ဒီအတိုင်း သူတို့အခြေအနေကို ဆော့ဂျင်ကိုမြင်စေချင်ရုံသာ..

" ခင်ဗျားတစ်ခုခုပြောလိုက်အုံးလေ ခွင့်ပြုတာပဲဖြစ်ဖြစ် ခွင့်မပြုတာဘဲဖြစ်ဖြစ်.. ပြောစရာမရှိဘူးလား.. "

ထိုစကားသံကြောင့် သူ့ခြေလှမ်းတွေရပ်သွားသည်။ သူနောက်လှည့်ကြည့်လိုက်တော့ ခုနကလို အကြည်စိုက်နေတာမျိုးမဟုတ်တော့.. ဂျွန်ဂျောင်ဂုမျက်လုံးတွေက သူ့ကို အလိုမကျကြည့်နေသည်။ ဘေးကအမျိုးသမီးငယ်ကတော့ သူ့ရဲ့ပ,စားပေးမှုကြောင့် မထီတထီအပြုံးနဲ့ သူ့ကိုပြန်ကြည့်နေသည်။ ခုနကသူ့ကို ရိုရိုကျိုးကျိုးပြောနေတယ်ဆိုတာ မျက်နှာဖုံးသက်သက်သာ.. သူ့ကိုလှောင်ပြောင်ချင်နေမှန်း သိသာသည်။ ထိုအမျိုးသမီးတွေကို သူသနားမိသည်။ ဂျွန်ဂျောင်ဂုက မည်သည့်ရည်ရွယ်ချက်ကြောင့် သူတို့ကိုပ,စားပေးနေမှန်းလည်း သိပုံမပေါ်။ ယခုလိုအခြေအနေကိုသာ အပျော်ကြီးပျော်မွေ့နေကြသည်ကို သူသနားမိသည်။ သူသာ ထိုမိန်းမတွေကို အမှန်တကယ်မမြင်ချင်ရင် သူတို့အိမ်တော်ကနေ လာရာအတိုင်းပြန်သွားရအောင်လည်း သူလုပ်နိုင်သည်။ သူမလုပ်ချင်သေးလို့သာ..

" ဒီစန္ဒရားက ကျွန်ုပ်ပိုင်တာမဟုတ်လို့ တီးခတ်သည်ဖြစ်စေ ဖျက်ဆီးချင်‌သည်ဖြစ်စေ မိန်းကလေးရဲ့သဘောပါ။ အိမ်တော်မှာ သာယာတဲ့တေးသွားသံတွေ နားမဆင်ရတာကြာပြီ မိန်းကလေးစိတ်ကြိုက်တီးခတ်ပါ ကျွန်ုပ်အလုပ်လေးတွေရှိသေးလို့ မနှောင့်ယှက်တော့ပါဘူး ကောင်းကောင်းပျော်ကြပါ "

ဆော့ဂျင်ခပ်ပြုံးပြုံးလေးပြန်ပြောလိုက်ပြီး စကားစဖြတ်ကာ အခန်းထဲဝင်လာခဲ့လိုက်သည်။ သူအခန်းထဲရောက်တော့မှ သူ့မျက်နှာထားက တည်သွားသည်။ သူတံခါးပိတ်လိုက်ပြီး တံခါးနားကနေ မရွေ့သေးဘဲ အပြင်ကအသံတချို့ကို နားစွံ့နေလိုက်သည်။ ခဏကြာတော့ စန္ဒရားသံတချို့ထွက်ပေါ်လာသည်။ သူခဏမျှတံခါး‌နားတွင် ရှိနေခဲ့ပြီးမှ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ သူရေချိုးခန်းထဲတွင် တတ်နိုင်သမျှအချိန်‌ဆွဲနေခဲ့သည်။ ရေချိုးခန်းထဲတွင်တော့ ရေသံကြောင့်ရော ဝေးကွာလှတဲ့ အကွာအဝေးကြောင့်ရော အပြင်ကအသံတွေ မကြားနိုင်တော့။

သူရေချိုးခန်းထဲက ထွက်လာခဲ့တော့ အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်နေတဲ့သူကြောင့် တံခါးပိတ်နေရင်း ခေတ္တမျှပင် တန့်သွားခဲ့သည်။ သူအခန်းထဲရောက်နေခဲ့လိမ့်မည်လို့ မထင်မှတ်ထားသည့်အတွက် သူ့ကိုမြင်တော့ သူအံ့ဩသွားမိသည်။ သူက ဆော့ဂျင်ပုံစံကို ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်ပြီး လှောင်ရယ်လာသည်။ သူသူ့ကိုယ်သူ စစ်ဆေးကြည့်ဖို့ ငုံ့ကြည့်လိုက်တော့ ရေချိုးဝတ်က ရင်ဘတ်လည်းစေ့မနေသလို ပေါင်လယ်ကနေလည်း ကွဲဟနေပြီး ခါးစီးကြိုးကိုလည်း ချည်ရုံချည်ထားသည်။ သူသူ့အခန်းထဲမှာ တစ်ယောက်ယောက်ရောက်နေလိမ့်မည်မထင်မှတ်ထား၍ အခုလို ကပိုကရိုနဲ့ ဖြစ်ကတတ်ဆန်း ထွက်လာခဲ့ခြင်းသာ.. သူထင်သလို သူ့ကိုမြူဆွယ်ဖို့ရာ အတွေးတစ်စက်လေးတောင် မရှိဘူး။ သူတို့ပြဿနာက အိပ်ရာပေါ်တက်လိုက်လို့ ပြီးသွားမဲ့ကိစ္စမှမဟုတ်တာ သူသိတာပေါ့.. သူ့ကိုမြူဆွယ်လိုက်ရုံနဲ့ သူတို့အိပ်ရာပေါ်ရောက်ပြီး ပြေလည်သွားကြအုံးတော့ သူတို့ကြားကကိစ္စက ပြီးသွားအုံးမည်မဟုတ်။ အရင်အခြေအနေအတိုင်း ဒုံရင်းဒုံရင်းသာ ဖြစ်နေလိမ့်အုံးမည်။

" မင်းဧည့်သည်က ပြန်သွားပြီလား.. "‌ဆော့ဂျင်အဝတ်ဗီရိုဘက် လျှောက်သွားလိုက်ပြီး ပုံမှန်အတိုင်းသာ မေးလိုက်သည်။

သူဗီရိုထဲက သင့်တော်မည့်အဝတ်အစားတစ်စုံ ထုတ်ယူလိုက်ပြီး သူ့ဘက်လှည့်လာလိုက်တော့ သူ့ကို မသုန်မမှိတ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူလည်း သူ့မျက်လုံးတွေထဲ ပြန်စိုက်ကြည့်လိုက်ပြီး..

" ငါအမြန်ကိုယ်လက်သန့်စင်ပြီး ဧည့်ဝတ်ကျေဖို့ ထွက်လာအုံးမလို့ဘဲ.. နောက်တစ်ခေါက်မှပေါ့.. "

ဆော့ဂျင်ထိုစကားတွေကို သူ့မျက်လုံးတွေထဲစိုက်ကြည့်ပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။ သူက သူ့မျက်လုံးတွေထဲ အတန်ကြာအောင်ထိ စိုက်ကြည့်နေပြီးမှ ဟက်ခနဲတစ်ချက်ရယ်ကာ သူ့ဆီမှအကြည့်လွဲလိုက်ပြီး ထရပ်လာသည်။ သူက ဆော့ဂျင်ရှိရာနား တစ်လှမ်းချင်းလျှောက်လာပြီး သူ့အရှေ့တည့်တည့်တွင် လာရပ်သည်။ ဆော့ဂျင်သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီး သူ့ကိုမသုန်မမှိတ်စိုက်ကြည့်နေမိသည်။ သူ့လက်တွေက ပင့်မြှောက်လာပြီး သူ့မျက်နှာကို မေးဖျားကနေ ‌ဆွဲယူစေလိုက်တဲ့အခါ သူတို့မျက်နှာချင်း နီးနီးကပ်ကပ်ဖြစ်သွားသည်။ သူက သူ့ကိုစေ့စေ့ကြည့်ရင်း ခပ်ရွဲ့ရွဲ့ပြုံး၏။ဆော့ဂျင်ထိုအပြုံးတွေကို ခန့်မှန်းလို့ရသည်။ ကောင်းတာတစ်ခုမှမဖြစ်လာနိုင်ဘူး..

" ခင်ဗျားကတွေ့ချင်သေးတယ်ဆိုရင် နောက်တစ်ခေါက်ဘယ်ဟုတ်မလဲ အခုပဲတွေ့ကြမလား.. "

" သိပ်ကိုဧည့်ဝတ်ကျေချင်တယ်ဆိုတော့ ကျုပ်တို့အတွက် အိပ်ရာအဆင်သင့်‌ပြင်ပေးထားလိုက်ပေါ့ အကာအကွယ်ပါ အသင့်ပြင်ထားလိုက်ရင် ပိုကောင်းတယ် "

_________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories