Fanfics

ep47

15:50, 12 January 2024

အချိန်အားဖြင့် ရှစ်နာရီကျော်လာပြီ။ ဆော့ဂျင်ဟိုလှည့်ဒီလှည့်ဖြင့် အိပ်လို့မပျော်နိုင်။ ဘယ်လိုလုပ်အိပ်ပျော်နိုင်အုံးမလဲ ဂျွန်ဂျောင်ဂုအခုထိ ပြန်မရောက်လာသေးဘူး။ သူပြန်လာရင်ရော တစ်ယောက်တည်းပြန်လာပါ့မလားဆိုတဲ့စိတ်နဲ့ ဆော့ဂျင်အိပ်မရဖြစ်နေသည်။ သူက သူ့စကားအတိုင်း လုပ်လိမ့်မယ်ဆိုတာ ဆော့ဂျင်သိနေသည်။ သူဘယ်အချိန် ဘယ်လိုပြန်လာမလဲဆိုတာသာ ဆော့ဂျင်ရင်တမမနဲ့ စောင့်နေရသည်။

သူတို့သွေးအေးစစ်ပွဲက တစ်ပတ်ကျော်လာခဲ့သည်။ ဆော့ဂျင်တစ်ရက်မှ စိတ်အေးရတယ်ဆိုတာ မရှိ။ အချိန်တစ်ပတ်လောက်အတွင်းကို သူကသူ့မိန်းကလေးတွေကို အိမ်တော်ခေါ်လာခဲ့ပြီးပြီ၊ သူတို့နဲ့ညစာအတူစားခဲ့ပြီးပြီ၊ ဧည့်သည်တွေကို ဖိတ်ခေါ်လေ့မရှိတဲ့ သူတို့အပေါ်ထပ်ကိုပါ ခေါ်လာပြီး သူကြိုက်သလိုလုပ်ခဲ့ပြီးပြီ။ သူထပ်ပြီး ဘာများလုပ်ချင်သေးသလဲ သူ့အိပ်ရာပေါ်တင်ဖို့ပဲ ကျန်တော့တယ်။

ဆော့ဂျင်ထိုသို့အတွေးဝင်မိသွားတော့ အိပ်ရာပေါ်က ထထိုင်လိုက်မိသည်။ သူသာ အဲလိုတကယ်လုပ်မယ်ဆိုရင် သေမယ်! သူမသတ်ရဲဘူးများထင်နေလား သူတွေးမိရုံနဲ့တင် ဒေါသထွက်ချင်နေပြီ။ သူဆော့ဂျင်ကို တမင်ရွဲ့ပြီး လုပ်နေတယ်ဆိုရင်တောင် တချို့ဟာတွေက သူသည်းခံနိုင်တာထက် ကျော်လွန်နေပြီ။ သူမနည်းသည်းခံပြီး ဒီရက်တွေကို ဖြတ်သန်းနေရတာ သူသာမိန်းမတွေခေါ်လာပြီး အိပ်ခန်းထဲခေါ်သွင်းချင်နေတယ်ဆိုရင်တော့ သူနှစ်ယောက်စလုံးကိုသတ်ပြီး မြေမြှုပ်ပေးလိုက်မယ် တော်ရုံပဲအရွဲ့တိုက်!

ဆော့ဂျင်စိတ်တွေက စိုးရိမ်စိတ်ကနေ ဒေါသအဖြစ်ပြောင်းလဲသွားပြီး သူ့လက်ဆစ်တွေကိုတောင် ချိုးချင်သွားသည်။ ဂျွန်ဂျောင်ဂု တကယ်အဲလိုလာလုပ်ရင် သူတကယ်သည်းမခံနိုင်တော့ဘူး။ သူအရွဲ့တိုက်သမျှကို ကြည့်ကောင်းလို့ကြည့်နေတယ်များထင်နေတာလား ဒီလိုမျိုး သူတစ်ယောက်ပဲလုပ်တတ်တယ်များထင်နေလား..

ဆော့ဂျင် တွေးလေ ဒေါသထွက်လေမလို့ ဖန်ခွက်နဲ့ရေနှစ်ခွက် ဆင့်သောက်လိုက်သည်။ အချိန်အနည်းငယ်ကြာသွားပြန်တော့ သူ့ဒေါသတွေ အနည်ထိုင်သွားကာ သူလည်း ပြန်အိပ်ဖို့ပြင်လိုက်သည်။ သူအိပ်ရာပေါ်လှဲရုံရှိသေး ကားဝင်လာသံ ကြားလိုက်ရသည်။ ကားသံကြောင့် သူဆတ်ခနဲပင် ထထိုင်လိုက်သည်။ သူအောက်ထပ်ကိုတော့ ဆင်းသွားချင်စိတ်မရှိဘူး။ ဂျွန်ဂျောင်ဂုက သူ့ကိုမြင်လျှင် ပိုလို့အရွဲ့တိုက်ပြီး နေပြနေမှာသိတာကြောင့် သူသာ အပေါ်ကောင်းကောင်းရောက်လာပြီး အိပ်ရာထဲအေးဆေးရောက်သွားလျှင် သူအပြင်ထွက်စရာမလိုတော့ဘူး။

သူခုတင်အောက် ခြေထောက်စုံချထိုင်လိုက်ပြီး အပြင်ကအသံတွေကို နားစွင့်နေလိုက်သည်။ မိန်းကလေးပါလာသည်က အသေအချာ။ မိန်းကလေးတစ်ယောက်ရဲ့ ရယ်သံလွင့်လွင့်ကြားရပြီး နောက်ပိုင်း မစ္စမာရင်းရဲ့ အသံပါကြားလိုက်ရသည်။ သူအပေါ်ထပ်ကနေတောင် အသံတချို့ကို ရှင်းရှင်းလင်းလင်းကြားနေရတာမလို့ အောက်ထပ်ကသူတွေ နိုးသွားပြီး ထကြည့်လာကြသည်ထင်။ မစ္စမာရင်းက ဂျွန်ဂျောင်ဂုကို အထဲလိုက်ပို့မယ်ပြောပြီး ပါလာတဲ့မိန်းကလေးကို နောက်ကျနေပြီဖြစ်တာကြောင့် ပြန်လိုက်ဖို့ရာ ပြောနေသည်။ ဂျွန်ဂျောင်ဂုအသံကို မကြားရပေမဲ့ ထိုမိန်းကလေးရဲ့အသံလွင့်လွင့်ကိုတော့ ကြားနေရသေးသည်။ သူမက မစ္စမာရင်းကိုတောင် အကြောက်အလန့်မရှိ ပြန်ပြောနေသည်။ မစ္စမာရင်းက အပေါက်ဆိုးဆိုးအဒေါ်ကြီးဆိုပေမဲ့ ဧည့်သည် အထူးသဖြင့် ဂျွန်ဂျောင်ဂုနဲ့ပတ်သက်တဲ့ဧည့်သည်တွေကိုတော့ ရိုင်းရိုင်းစိုင်းစိုင်းမပြောရဲပေ။ သူမကိုလည်း ရည်ရည်မွန်မွန်ပြောနေတဲ့အသံကို ဆော့ဂျင်ကောင်းကောင်းကြားရသည်။ ထိုမိန်းကလေးကသာ ဘဝင်ကိုင်ပြီး မောက်မာပြနေသည်။ သူမ မောက်မာပြနေတာ အဆန်းတော့မဟုတ် ဒါတွေက ဂျွန်ဂျောင်ဂုမျက်နှာသာပေးထားလို့ အခုလိုဖြစ်ရတာ။ အိမ်ကိုဝင်ထွက်ခွင့်ရတာနဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုများထင်‌နေကြလဲ!

သူထရပ်လိုက်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။ ထိုအချိန် အောက်ထပ်ကသူတွေက လှေကားထစ်ကို စတက်နေပြီဖြစ်သည်။ သူလှေကားကို ချိုးကွေ့လာခဲ့ပြီး လှေကားထိပ်တွင် ရပ်လိုက်သည်။ မစ္စမာရင်းနဲ့ဟယ်လင်က လှေကားရင်းတွင်သာ ကျန်ရှိနေပြီး ထိုမိန်းကလေးတစ်ဦးတည်းကသာ ဂျွန်ဂျောင်ဂုကို တွဲလာသည်။ ဂျွန်ဂျောင်ဂုတကယ်ပဲသောက်လာသလားမပြောတတ် သူ့ကိုယ်တစ်ခုလုံးက အားတစ်စက်မှမရှိတော့သလို မိန်းကလေးကပဲ ထိန်းကိုင်ထားရသည်။

ထိုမိန်းကလေးကလည်း ညနေခင်းက စန္ဒရားတီးခတ်နေသည့်မိန်းကလေးသာ.. သူ့ကို နှစ်ခါဆက်တိုက်အခွင့်အရေးပေးပြီး အိမ်ခေါ်လာတော့ တော်တော်လေးကို ဘဝင်ကိုင်နေပုံပေါ်တယ် အိမ်တော်ကသူတွေကိုတောင် မလေးစားတော့ဘူး။ ဆော့ဂျင်ဒေါသထွက်ရလွန်းလို့ အံကိုတင်းတင်းကြိတ်ထားရရင်း သူ့ဒေါသတွေစိတ်ရှိတိုင်းပေါက်ကွဲထွက်လာတော့မှာ.. ထိုအမျိုးသမီးနဲ့ဂျွန်ဂျောင်ဂုသာ တခုခုသူ့ရှေ့ မဖွယ်မရာလုပ်ပြလာကြည့် မဟုတ်ဘူး ထိုအမျိုးသမီးရဲ့ ကနွဲ့ကလျစကားသံပဲ ထွက်လာရင်တောင် သူပေါက်ကွဲလာတော့မှာ..

" မဒမ်.. "

လှေကားထစ်အနည်းငယ်ကို တက်လာပြီးတော့ ထိုမိန်းကလေးက သူ့ကိုမြင်သွားသည်။ သူ့ခေါ်သံကြောင့် ဂျွန်ဂျောင်ဂုကလည်း ကြားသွားပုံပေါ်သည်။ ခေါင်းငိုက်စိုက်ကျနေရာကနေ ပျင်းယွဲ့ယွဲ့နဲ့ ခေါင်းထောင်ကြည့်လာသည်။ ဆော့ဂျင်ထိုနေရာတွင်သာ ရပ်မြဲရပ်နေရင်း မသုန်မမှိတ်ကြည့်နေသည်။ သူ့အကြည့်တွေကိုမြင်တော့ မူးနေတဲ့ကောင်က မဲ့ရွဲ့ပြုံးလာပြီး ရယ်သံပင်ထွက်လာသည်။ သူ့အပြုအမူကြောင့် ဘေးကအမျိုးသမီးနဲ့ လှေကားရင်းကနေ သူတို့ကိုကြည့်နေတဲ့ ဟယ်လင်တို့သားအမိကတော့ တစ်မျိုးထင်သွားနိုင်လောက်သည်။ ဒါပေမဲ့ သူရယ်တာက ဆော့ဂျင်ရဲ့ အတိုင်းအဆမဲ့ဒေါသတွေကို မြင်လိုက်လို့သာ.. သူဖြစ်စေချင်တာ ဒီလိုပဲလေ ဆော့ဂျင်ရဲ့ဒီလိုမျိုးတုံ့ပြန်မှုကိုပဲ သူလိုချင်တာ..

" မဒမ် အောက်ထပ်ဆင်းမလို့ထင်တယ် ခဏလေးနော် မေရီတို့အရင်တက်လိုက်မယ် သခင်လေးဂျွန်က အမြန်အိပ်ရာဝင်ချင်နေပြီပြောလို့ "

ဆော့ဂျင် ဂျွန်ဂျောင်ဂုနဲ့ ပြိုင်ကြည့်နေခြင်းဖြစ်၍ စကားသံတွေကို မတုံ့ပြန်နိုင်သေး။ သူအကြည့်နဲ့ ဂျွန်ဂျောင်ဂုကို ဒီလောက်နဲ့တော်တော့လို့ သတိပေးလိုက်သည်။ သူ့အကြည့်တွေကို နားလည်တဲ့ ဂျွန်ဂျောင်ဂုက သဘောကျထပ်ရယ်သည်။ သူ့ရယ်သံကြောင့် ဘေးကမိန်းကလေးက သူ့စကားတွေကို သဘောကျလို့ ထောက်ခံတယ်ထင်သွားလောက်နိုင်တယ်။

" သခင်လေးဂျွန် အဲလောက်သဘောကျနေလား မေရီမြန်မြန်ပဲ ခေါ်သွားပေးပါ့မယ် ပြီးရင် မေရီ့ကိုတော့ အိမ်ပြန်လွှတ်မယ်မဟုတ်လား.. "

ထိုမိန်းကလေးရဲ့ နားယားချင်စဖွယ် အသံအနေအထားနဲ့ ကလူ၏မြူ၏ပြောနေပုံကိုကြည့်ပြီး သူချုပ်တည်းထားရတဲ့ဒေါသတွေနဲ့ လှေကားထစ်တွေပေါ် တစ်လှမ်းချင်း ခြေချလိုက်သည်။ သူ့ရွှေ့လျားမှုကြောင့် ထိုမိန်းကလေးက သူ့ကိုမော့ကြည့်လာသည်။ သူလှေကားထစ်အနည်းငယ်ထိ ဆင်းလိုက်ပြီး ထိုမိန်းကလေးအရှေ့တွင် ရပ်လိုက်သည်။ မျက်လုံးကို ခေတ္တမျှဖိမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်ကာ အတတ်နိုင်ဆုံး ဒေါသကို ချုပ်ထိန်းထားရင်း ပါးစပ်ကိုဟလိုက်သည်။

" ပြန်တော့ "

သူ့လေသံ‌သည် ဒေါသတွေမပါပေမဲ့ အေးစက်စက်နဲ့ စိမ်းသက်နေသည်။ ဧည့်သည်တွေကို နှင်တဲ့လေသံမျိုးမဟုတ်။ သူ့အကြောင်းသေချာသိတဲ့သူဆို ဒီလိုလေသံနဲ့ပြောတာက သူဒေါသထွက်နေပြီဆိုတာ သိနိုင်သည်။ သေချာပေါက် သူမဘေးကသူကတော့ သိသည်။ သူက ဆော့ဂျင်ထိုသို့ဝင်စွက်ဖက်မှုကို တော်တော်လေးသဘောကျနေတာ မြင်နေရသည်။ သူသာနည်းနည်းလောက် စိတ်ကြည်နေသေးရင်း ထိုမိန်းကလေးကို ဘေးကမင်းလူကို တစ်ချက်ကြည့်လိုက်ပါအုံးလို့ပင် ပြောချင်မိသည်။

သူ့ရဲ့မထင်မှတ်ထားတဲ့စကားကြောင့် ထိုမိန်းကလေးက အနည်းငယ်တော့ ကြောင်စီသွားသည်။ ဒါပေမဲ့ လွယ်လွယ်တော့ နာခံမည့်ပုံမပေါ်ဘူး။ သူမက တစ်နေ့တည်းနဲ့ ဂျွန်ဂျောင်ဂုရဲ့ အလေးပေးခြင်းကို နှစ်ကြိမ်တိတိ လက်ခံရထားသူဖြစ်ပြီး အိမ်တော်ထဲ စိတ်ကြိုက်ဝင်ထွက်နေရထားသည်မလို့ တော်တော်လေး ဘဝင်ကိုင်နေပြီဖြစ်သည်။

" ရှင်ကကျွန်မကိုမောင်းထုတ်နေတာလား သခင်လေးဂျွန်ကိုယ်တိုင်က ကျွန်မကို လိုလိုလားလားနဲ့ ဖိတ်ထားတာ သိရဲ့လား ရှင်ကဘာမလို့-.. "

" မင်းကို ဒီထက်ဆိုး‌‌ဆိုးမောင်းမထုတ်ခင် ပြန်လိုက်လို့ပြောနေတယ်! "

" ဟက် ရှင်က.. "

" ဂျွန်ဂျောင်ဂု မင်းလူကိုငါ‌ဆွဲထုတ်ပြီး နှင်ရမလား မင်းကိုယ်တိုင် ငါ့ရှေ့ကခေါ်ထုတ်သွားမလား ပြောလိုက် "

သူဂျွန်ဂျောင်ဂုကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။ သူဒေါသကို ထိန်းချုပ်ရလွန်းလို့ သွားကြားထဲက အသံသာ ထွက်တော့သည်။ ဆော့ဂျင်ဒေါသထွက်လေ သူက ပိုကျေနပ်လေ အခုထိ ဖက်တွယ်ထားတဲ့လက်တွေကို မဖယ်ချသေးသလို လွှတ်လည်းမလွှတ်ပေးသေး သူစေ့စေ့ကြည့်နေတာမြင်တော့ ပိုလို့ပင် တိုးဖက်လာခဲ့သေးသည်။

" မရီး ဒါကကျုပ်ဧည့်သည်လေ မရီးကိုယ်တိုင် ညနေက တွေ့ချင်ပါတယ် ဧည့်ခံချင်ပါတယ်ဆိုတဲ့ မိန်းမလှလေးလေ မရီးပဲ တွေ့ချင်လှချည်ရဲ့ဆို ဘာလို့များအခုမှဖြင့် မောင်းထုတ်နေရသေးတာလဲ.. "

" ဂျွန်ဂျောင်ဂု!! မင်းကိုငါပြောနေတယ် မင်းကောင်မကို အခုချက်ချင်း ငါ့မျက်စိရှေ့က ခေါ်ထုတ်သွား "

သူဒေါသကြောင့် တစ်ကိုယ်လုံးလည်း တုန်ရီလို့နေပြီ။ သူထိုမျှ တစ်ခါမှ ဒေါသမထွက်ဖူးတော့ အိမ်တော်ကသူတွေကပင် ထိတ်လန့်သွားကြသည်။ သူဒေါသထွက်နေရတဲ့ တရားခံကတော့ တုတ်တုတ်ပင်မလှုပ်။ သူ့ဖြစ်အင်တွေကို ကြည့်နေရင်း ပေါ့ပေါ့တန်တန် ရယ်လာသည်။

" ဟက် မရီးနဲ့ဘာဆိုင်လဲ ကျုပ်ဟာကျုပ် မိန်းမတွေနဲ့ ဘယ်လိုနေနေ ဘယ်လိုတွဲတွဲ မရီးနဲ့ဘာဆိုင်လဲ! မရီးနဲ့ဘာဆိုင်လို့ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါနဲ့ ဝင်စွက်ဖက်ချင်နေရတာလဲ ကျုပ်ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်တယ်ဆိုရင် အရင်ဆုံး ကျုပ်တို့က ပတ်သက်မှု ရှိနေမှပေါ့ တစ်ယောက်ကိစ္စတစ်ယောက် ဝင်စွက်ဖက်နိုင်တဲ့ ပတ်သက်မှုမျိုး .."

" ရှိလို့လား ဟမ်! မရီးနဲ့ကျုပ်ကြားမှာ အဲလိုမျိုးပတ်သက်မှုရှိရဲ့လား ဟမ် ခင်ဗျားနဲ့ကျုပ်က ဘယ်လိုပတ်သက်မှုမျိုးလဲ မရီးနဲ့မတ်လေးလား ခုတင်ပေါ်က အိပ်ဖော်အိပ်ဖက်လား ဒါမှမဟုတ် လူသိရှင်ကြား တရားဝင်လက်ထပ်ထားတဲ့ဆက်ဆံရေးမျိုးလား .. ခင်ဗျားကိုယ်တိုင် ကျုပ်နဲ့ဘယ်လိုပတ်သက်ချင်လဲ သေချာစဉ်းစားပြီးမှ ကျုပ်ကိစ္စတွေမှာ ဝင်စွက်ဖက်ခွင့်ပေးမယ် "

ဂျွန်ဂျောင်ဂုက ထိုစကားတွေကို သူ့မျက်ဝန်းထဲ သေချာစိုက်ကြည့်ပြောသည်။ သူ့လိုဒေါသတကြီးပြော‌တာမျိုးမဟုတ်ဘဲ သူ့မျက်ဝန်းတွေထဲ လေးနက်မှုဆိုတာကို မြင်နေရပြီး ခက်ထန်မှုအနည်းငယ်လည်း ရှိနေသည်။ ဆော့ဂျင်သူ့ကို ဘာမှပြန်မပြောနိုင်တော့တဲ့အခါ သူက သူ့ကိုကျော်တက်ကာ ထွက်သွားဖို့ပြင်သည်။

ဆော့ဂျင် သူ့ခြေလှမ်းတွေရှေ့ ပိတ်ရပ်လိုက်သည်။ သူက ဆော့ဂျင်ကို အရှိန်မသေသေးတဲ့ မျက်ဝန်းတွေနဲ့ ပြန်ကြည့်နေသည်။ ဆော့ဂျင် သူ့အကြည့်တွေကို လျစ်လျှူရှုထားလိုက်ပြီး ထိုမိန်းကလေးဘက်ကို တစ်ချက်ကြည့်ကာ,

" သူ့ကိုပြန်ပို့ပေးလိုက် "

" ရှင်!! "

" ပြီးမှမင်းနဲ့ငါနဲ့ဆက်ပြောမယ် "

ထိုမိန်းကလေးပါးစပ်တပြင်ပြင်လုပ်နေတာတွေကို လျစ်လျှူရှုပြီး သူဂျွန်ဂျောင်ဂုကိုကြည့်ပြီးသာ ပြောလိုက်သည်။ သူက သူ့ကိုမျက်လုံးလှန်ကြည့်လာတဲ့အခါ ဆော့ဂျင်အလေးအနက်ပြန်ကြည့်လိုက်သည်။ ခဏလောက် သူတို့ အကြည့်ချင်းဆုံနေကြပြီးတော့ သူက အရင်အကြည့်လွဲသွားပြီး လှည့်ထွက်သွားသည်။ ထိုမိန်းကလေးကိုလည်း ဆတ်ခနဲခေါ်ထုတ်သွားတာမလို့ ထိုမိန်းကလေးက သူ့ဆွဲခေါ်ရာနောက် ယိုင်နှဲ့နှဲ့နှင့် ပါသွားရသည်။ ထိုမိန်းကလေးနဲ့သူတို့မြင်ကွင်း သူ့မျက်စိရှေ့မှ ပျောက်သွားတော့မှ သူသက်ပြင်းချနိုင်တော့သည်။

ဆော့ဂျင်အပေါ်တက်ခဲ့လိုက်ပြီး အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။ သူခုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး ခုနကအဖြစ်အပျက်ကို ပြန်တွေးရင်း စိတ်နဲ့ကိုယ်နဲ့မကပ်သေး။ သူဤမျှ တစ်ခါမှ ဒေါသမထွက်ဖူးခဲ့။ ဒေါသကြောင့် သူ့ခန္ဓာကိုယ်က တုန်ရီနေသေးသလိုပင် ခံစားနေရသည်။ သူခုတင်ထက်ခဏမျှထိုင်နေခဲ့ပြီးနောက် တံခါးဖွင့်သံကြောင့် တံခါးဆီ မော့ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုအခန်းထဲဝင်လာသည်။ သူကတံခါးကို သေချာပိတ်ပြီး သူရှိရာဘက် လျှောက်လာသည်။ ဆော့ဂျင်သည်လည်း သူ့ကိုသေချာကြည့်နေမိသည်။

" ပြန်ပို့ခဲ့ပြီလား "

" အင်း.. "

သူကသူ့အမေးကို ပြန်ဖြေပြီး သူ့အိပ်ရာဘေးစားပွဲက ရေခရားထဲမှ ရေတစ်ခွက်ငှဲ့နေသည်။ ဆော့ဂျင်သူလုပ်သမျှကို အခုထိမျက်နှာမလွဲ ကြည့်နေမိတုန်း..

" မင်းသူ့ကိုတောင်းပန်ခဲ့သေးလား "

" ဘာအတွက်လဲ "

သူက ရေတစ်ခွက်ငှဲ့ယူခဲ့ပြီးတော့ ဆော့ဂျင်ဘက် ပြန်လှည့်လာကာ ပြန်မေးသည်။ ဆော့ဂျင်သူ့အမေးကြောင့် ပြန်ပြောဖို့ရာ ပါးစပ်ဟလိုက်ပေမဲ့ သူ့ရှေ့ကိုရောက်လာတဲ့ ရေခွက်ကြောင့် ပြောရမဲ့စကား တန့်သွားပြီး ရေခွက်ကို အရင်လှမ်းယူလိုက်သည်။ ဆော့ဂျင်သူ့လက်ထဲကရေခွက်ကို ခဏမျှငုံ့ကြည့်ပြီး တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ သူတကယ်ရေဆာနေခဲ့တာဖြစ်သည်။ ရေတစ်ခွက်လုံးကို နားပင်မနားဘဲ အကုန်မော့သောက်လိုက်သည်။ တစ်ခွက်လုံး ကုန်စင်သွားတဲ့အခါမှာတောင် သူထပ်သောက်ချင်စိတ် ရှိနေသေးသည်။ သူခုနက ဘာလို့ ရေသောက်ဖို့ သတိမရရတာပါလိမ့်..

ရေတွေကုန်စင်အောင်သောက်ပြီးတော့ ခွက်ကို သူ့ဆီပြန်ပေးလိုက်သည်။

" လိုချင်သေးလား "

ဆော့ဂျင်ခေါင်းယမ်းပြလိုက်တော့ သူက ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။ ဆော့ဂျင်နှုတ်ခမ်းပေါ်က ရေစတချို့ကို လက်နဲ့သုတ်သင်လိုက်ပြီး ခုနကအကြောင်းအရာကို ပြန်ဆက်လိုက်သည်။

" မင်းသူ့ကိုသေချာရော လိုက်ပို့ခဲ့ရဲ့လား မင်းကိုယ်တိုင် သူ့ကိုခေါ်လာခဲ့ပြီး အခုလို ပြန်လွှတ်ချင်တိုင်းပြန်လွှတ် ..နှင်ထုတ်ချင်သလိုက နှင်ထုတ်မိသွားသေးတယ် "

ဆော့ဂျင်သက်ပြင်းချလိုက်သည်။ သူအခုမှ မှားသလိုခံစားမိနေသည်။ သူမကို မောက်မောက်မာမာနဲ့ သူနှင်ထုတ်မိလိုက်သည်။ တကယ်ဆို ဒါက ကိုယ့်အိမ်ကလူရဲ့ အမှားတစ်ခုပဲဆိုတာ သူသိပေမဲ့ သူသည်းမခံနိုင်ဖြစ်သွားပြီး သူမကို ပိုမဲမိသွားသည်။

" မင်းသူ့ကိုပြန်တောင်းပန်လိုက်အုံး သူက ကြားကဘာမှမသိဘဲ ဝင်ပါရတာ.. မောင်းထုတ်မိတာ ငါ့အမှားဆိုပေမဲ့ မင်းကြောင့်သာမဟုတ်ရင်.. "

" တောင်းပန်ရမှာက နှင်ထုတ်မိလို့လား ဒါမှမဟုတ် ကျုပ်ကသူ့ကို ကျုပ်တို့ကြားထဲ ဆွဲခေါ်မိလို့လား "

" နှစ်ခုစလုံးပဲမဟုတ်ဘူးလား မင်းကတအားမှန်နေပြီထင်နေလား မိန်းကလေးတွေက ဘယ်လောက်ပဲမင်းကိုချစ်လို့ တွယ်ကပ်ချင်အုံးတော့ မင်းအခုလိုလုပ်တာက သူတို့သိက္ခာကို ချလိုက်တာနဲ့ အတူတူပဲ ဟမ် မင်းအစတည်းက မိန်းကလေးတွေကို မင်းအလိုအတွက် စိတ်ကြိုက်အသုံးမချရဘူး သူတို့ကမင်းကို မေတ္တာရှိလို့သာ သည်းခံနေတာ ဘယ်သူကဒီလိုမျိုးကြိုက်မှာလဲ "

" သူတို့ဘာမှမပြောဘူး ခင်ဗျားပဲပြောနေတာ အခုခင်ဗျားဘာဖြစ်ချင်လဲသာ ပြောစမ်းပါ ခင်ဗျားကျုပ်နဲ့ ဘယ်လိုပတ်သက်ချင်လဲဆိုတာ စဉ်းစားပြီးပြီလား "

" ငါမစဉ်းစားရသေးရင် မင်းကမိန်းမတစ်ယောက်ခေါ်လာခဲ့အုံးမလို့လား မင်းအခုတောင် ငါ့ကိုရွဲ့ဖို့အတွက်နဲ့ ဘယ်အထိဆက်သွားဖို့စဉ်းစားထားတာလဲ ဟမ် တကယ်ပဲ မင်းသူနဲ့အိပ်ဖို့တွေးနေတာလား.. "

" အင်း ... ခင်ဗျားဂရုစိုက်တဲ့အထိ လုပ်ဖို့တွေးထားတယ် ဒါကြောင့် ခင်ဗျားမြန်မြန်ဆုံးဖြတ် ခင်ဗျားကျုပ်နဲ့လက်ထပ်မှာလားပြော "

" မင်း တကယ်.. "

ဆော့ဂျင်သူ့ကိုဩချမိသွားသည်။ သူနဲ့လက်ထပ်ဖို့ငြင်းလို့ အခုလိုမျိုး တခြားတစ်ယောက်နဲ့ အရွဲ့တိုက်ပြတယ် သူဒီလိုမျိုးကိုမကြိုက်လို့ သူနဲ့လက်ထပ်ဖို့ ငြင်းခဲ့တာကို သူကဒီလိုမျိုးနည်းနဲ့ပဲ သူ့ကိုစိတ်ဒုက္ခလိုက်ပေးပြီး လက်ခံဖို့တွန်းအားပေးနေသေးတယ်။ ဒီလိုလူမျိုး ဘယ်မှာရှိသေးလို့လဲ.. ဒီလိုလူမျိုးကိုပဲသူက သဘောကျနေခဲ့သေးတယ် ဟမ်

" မင်း .. သိလား ငါတကယ်မင်းနဲ့လက်ထပ်ဖို့ဆန္ဒရှိခဲ့တယ် ငါဘာလို့ငြင်းခဲ့မိလဲသိလား "

" ကျုပ်သိတယ်.. အရေးမပါတဲ့ကိစ္စ! "

" မင်း! ဘယ်မှာအရေးမပါတဲ့ကိစ္စလဲ မင်းလက်ထပ်ပြီးမှ အခုလိုလုပ်ရင် ငါခွင့်ပြုနိုင်မယ်ထင်လား "

" မထင်ဘူး အခုတောင် ခွင့်ပြုလို့လား "

" မင်း.. "

သူထပ်ပြီး ပြောစရာစကားပျောက်ရှသွားရပြန်သည်။ ဘယ်လိုတောင် သူက ဒီလိုမျိုးကိစ္စတွေကို ဘာမှမဟုတ်သလို ပြောနိုင်နေရတာလဲ.. ဟမ် သူဘယ်လိုခံစားရလဲ ဘာကိုပူပန်နေလဲလည်း သူသိတယ်သားနဲ့ သူ့ကိုတမင် စိတ်ဒုက္ခပေးဖို့ရာ မိန်းမတွေနဲ့ အရွဲ့တိုက်ပြဖို့ သူ့မျက်စိရှေ့ ခေါ်လာခဲ့သေးတယ်။ ဒီလိုလူကို ဘယ်သူကများ လက်ထပ်ဖို့တွေးနေတာလဲ ဟမ်

" မင်းငါ့ကိုတကယ်လက်ထပ်ချင်တဲ့ဆန္ဒရောရှိရဲ့လား ငါမကြိုက်ဘူးဆိုတဲ့ဟာတွေကို ဘာလို့များ လျစ်လျှူရှုပြီး ဘာမှမဖြစ်သလို နေနိုင်နေရတာလဲ လက်ထပ်ပြီးမှ ငါမင်းကိုချုပ်ချယ်မှာမစိုးရိမ်ဘူးလား အဲအချိန်ကြမှ မင်းစိတ်ကုန်တယ်ဆိုရင် ငါတို့ဒီထက်ပိုစကားများရလိမ့်မယ် သိရဲ့လား "

" ဘယ်သူက စိုးရိမ်နေလို့လဲ အခုရော ခင်ဗျားချုပ်ချယ်တာ မခံနေလို့လား ခင်ဗျားမကြိုက်တဲ့ဟာကို လုပ်ပြမိတယ် ခင်ဗျားကိုစိတ်ဆိုးပါတယ်ပြောမိလို့လား ခင်ဗျားချုပ်ချယ်တာကို မကြိုက်ပါဘူးလို့ ဒေါသထွက်ပြခဲ့လို့လား ခင်ဗျားတစ်ယောက်တည်းကပဲ ဒေါသဖြစ်ပြီး စကားများနေတာလေ.. ကျုပ်ဘက်က ခင်ဗျားလက်ခံပါတယ်တစ်ခွန်းပဲ လိုချင်တာ ခင်ဗျားသာ မငြင်းခဲ့ရင် အခုလိုအရွဲ့တိုက်နေတာတွေလည်း ဖြစ်လာမှာမဟုတ်ဘူး "

ဆော့ဂျင်ဘယ်လိုပဲ သူ့သဘောထားကို မြင်သာနေအုံးတော့ ရာနှုန်းပြည့်ဘယ်ယုံရဲပါ့မလဲ။ အနည်းဆုံးတော့ သူကိုယ်တိုင်ထုတ်ပြောတာမျိုး လိုချင်ခဲ့တာပေါ့.. သူတို့ရှေ့ဆက်သွားပြီးကာမှ သူမပြောထားဖူးတဲ့စကားတွေအတွက်နဲ့ ဆော့ဂျင်ဘယ်လိုအာမခံချက်နဲ့ သူ့ကိုပြန်ငြင်းနိုင်ရမှာလဲ..

" မင်းအဲတော့ ငါက မစိုးရိမ်ရဘူးလား မင်းလက်ထပ်ပြီးကာမှ မင်းအခုလိုမိန်းမရှုပ်နေရင်ရော.. ငါတကယ် သည်းခံနိုင်မှာမဟုတ်ဘူး။ မင်းငါ့ကိုမင်းအဲလိုမလုပ်ပါဘူးလို့ ငါစိတ်ချမ်းသာအောင်တောင် မင်းမပြောပေးနိုင်ဘူးလား အဲအစား မင်းက အရွဲ့တောင်ပြန်တိုက်ပြသေးတယ် မင်းအရွဲ့တိုက်ပြနေတာတောင် ငါသည်းမခံနိုင်တာ မင်းတကယ်လုပ်ခဲ့ရင် ငါဘယ်လိုများသည်းခံနိုင်မလဲ အဲခါကျရင် အလဲလဲအကွဲကွဲဖြစ်ရမှာဘယ်သူလဲ ငါပဲဖြစ်မှာ "

" ကျုပ်မိန်းမတွေကို တန်းတန်းစွဲလိုအပ်နေပါတယ်ပြောမိလို့လား ခင်ဗျားအတွေးထဲမှာသာ ကျုပ်ကမိန်းမရှုပ်တဲ့သူဖြစ်နေတာ တကယ်တမ်းမိန်းမတွေကသာ ကျုပ်ကိုလာလာရှုပ်နေတာ ကျုပ်ဘယ်သူ့ကိုမှ ခေါင်းထဲမှာတောင် ရှိမနေဘူး။ သူတို့က ကျုပ်လက်မထပ်ရသေးလို့သာ အခုလိုလာရှုပ်ချင်နေကြတာ ကျုပ်လက်ထပ်ပြီးသွားရင် အလိုလိုကျုပ်နားက ပျောက်သွားလိမ့်မယ် ဒါကိုရော ခင်ဗျားသိလား .. "

" ဒါဆိုမင်းက အာမခံတာလား မခံတာလား "

" ခင်ဗျားသဘောလေ ခင်ဗျားပေါ်မှာပဲ မူတည်တယ် ခင်ဗျားကိုမကျေနပ်ရင် မပြောနိုင်ဘူး "

ပခုံးတွန့်ကာ ဘာမှမဟုတ်သလို ပြောနေတဲ့သူက တကယ်အချိုးမပြေပါ။ လောကမှာ ဒီလိုလူမျိုးရှိသေးတယ်လားလို့တောင် တွေးမိသွားတယ်.. ရတယ်လေ သူကဒီလိုလူမျိုးကိုမှ သဘောကျမိတော့လည်း..

" ဒါဆို ငါလည်းမင်းလိုပဲ.. မင်းမိန်းမတစ်ယောက်နဲ့ရှုပ်တဲ့အချိန် ငါလည်းမင်းလိုမရှုပ်နိုင်ဘူးလို့ အာမ,မခံနိုင်ဘူး "

ဆော့ဂျင်သူ့နည်းတူ ဘာကိစ္စမှမရှိသလိုပြောလိုက်တော့ သူက မျက်လုံးတွေမှေးစင်းပြီး ကြည့်လာသည်။ သူ့အကြည့်တွေက ဆော့ဂျင်ထိုသို့လုပ်နိုင်မည်မဟုတ်ဘူးလို့လည်း ထင်ဟပ်နေသလို တစ်ချိန်တည်း ဒေါသလည်း အနည်းငယ်ရှိနေသည်။

" ခင်ဗျားလုပ်ရဲလို့လား "

" ငါမလုပ်ရဲစရာအကြောင်းရှိလို့လား မင်းတောင်လုပ်ရဲနေတာလေ.. "

သူက ဆော့ဂျင်အကျင့်စရိုက်ကို သိနေတဲ့သူမလို့ စိန်ခေါ်သည်။ ဆော့ဂျင်ထိုသို့လုပ်နိုင်မည်မဟုတ်မှန်း သူသိသည်လေ..

" ဟုတ်ပြီ ငါနည်းနည်းတော့ ကသိကအောက်ဖြစ်နိုင်ပေမဲ့ ငါ့မှာမင်းဆီက လက်ဆောင်ရထားတဲ့ ရေမွှေးလည်းရှိနေတာပဲ ငါအဲဒါကို ဆွတ်ထားလိုက်ရင် သူ့အလိုလိုစိတ်ပါလာခဲ့လိမ့်မယ် ဟုတ်တယ်မလား "

" ခင်ဗျားမလုပ်ရဘူး! ဘာထင်နေလဲ "

ဆော့ဂျင်သူ့ကို ပခုံးတွန့်ပြလိုက်သည်။ ထိုအခါမှ ရှုးရှုးရှားရှားဖြစ်လာပြီး မျက်လုံးတွေက စူးရဲကာ သူ့ကိုကြည့်လာသည်။ ဒီနည်းလမ်းက ထိရောက်ပုံပဲ သူအနှောင့်အယှက်ဖြစ်နေသည်ကို ဆော့ဂျင်မြင်နေရသည်။ သူဘာလို့အရင်က မတွေးမိခဲ့ရတာလဲ သူတစ်ယောက်တွဲပြတဲ့အခါ ကိုယ်တစ်ယောက်ပြန်တွဲပြလိုက်ရင် ပြီးနေတာပဲမလား..

ဒါပေမဲ့ ဒါက အတွေးသက်သက်သာ သူတကယ်လုပ်လျှင် ဂျွန်ဂျောင်ဂုသူ့ကိုစိတ်တိုပြီး သူတို့ဆက်ဆံရေးကလည်း ပိုဆိုးရွားသွားလိမ့်မည်ဆိုတာ သူသိသည်။ ဒါပေမဲ့ သူ့ကိုအခုလိုမျိုး ပြောလိုက်ရတာလည်း မဆိုးဘူး။ သူလက်တွေ့မလုပ်နိုင်ပေမဲ့ ပါးစပ်ကနေတော့ သူ‌စိတ်မချမ်းမသာဖြစ်‌အောင် လုပ်နိုင်ပါသေးသည်။

" လက်ထောက်ကိန်းဝပ်ဆိုရင်ရော ဘယ်လိုထင်လဲ မဆိုးဘူးမလား သူနဲ့မင်းနဲ့က တူတဲ့အချက်တွေလည်း များတယ်လေ ငါသူ့ကို မင်းအစား အစားထိုးလို့ ရချင်ရနိုင်မှာ "

" ခင်ဗျားတော်တော့!! မလုပ်ရဘူး ဘာမှမလုပ်ရဘူး ကျုပ်လည်းမလုပ်ဘူး ခင်ဗျားလည်းမလုပ်ရဘူး မဟုတ်ဘူး ခင်ဗျားက စဉ်းတောင်မစဉ်းစားရဘူး ခင်ဗျားစဉ်းစားရမှာက ကျုပ်တစ်ယောက်တည်းပဲ ကျုပ်တစ်ယောက်တည်း ခင်ဗျားအတွေးထဲမှာ ရှိနေရမယ် တခြားတစ်ယောက်အကြောင်း တွေးမိတဲ့နေ့ ခင်ဗျားအသေပဲ "

သူ့ရဲ့ အံကြိတ်ကြိမ်းဝါးနေတဲ့စကားတွေကြောင့် ဆော့ဂျင်ခပ်သာသာရယ်မောလိုက်မိသည်။ သူဒီရက်တစ်ပတ်လုံးမှာ ရယ်မောဖို့အကြောင်းအရင်း မရှိခဲ့သလို တစ်ချိန်လုံး အလိုမကျ သုန်သုန်မှုန်မှုန်နဲ့ ဖြတ်သန်းခဲ့ရသည်။ သူအခုမှပဲ စိတ်လွတ်ကိုယ်လွတ် ရယ်မောနိုင်တော့သည်။ သူက သဘောတကျရယ်မောနေတဲ့ဆော့ဂျင်ကို ရှုတင်းတင်းပြန်ကြည့်နေတော့ ဆော့ဂျင်ပိုရယ်ချင်သွားသည်။ သူအတန်ကြာအောင်ထိ ရယ်မောနေခဲ့ပြီး သူ့ကိုဖြည်းဖြည်းချင်းကြည့်လိုက်ကာ သူ့လက်တစ်ဖက်ကို ဖွဖွဆုပ်ကိုင်လိုက်ပြီး ရယ်မောခြင်းကို အရှိန်သတ်လိုက်သည်။ ဒီရက်တစ်ပတ်လုံး ပူပန်မှုတွေက အခုမှပင် စိတ်သက်သာရာ ရသွားတော့သည်။

" ငါကတိပေးတယ် ငါ့အတွေးတွေရော ငါ့စိတ်ဝိဉာဉ်တွေရော မင်းပိုင်တယ် မင်းတစ်ယောက်တည်းပိုင်တယ် "

ဆော့ဂျင်သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်ပြီး အလေးအနက်ပြောလိုက်တော့ ခုနကရှုတင်းတင်းဖြစ်နေတဲ့မျက်နှာလေးသည် နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကျသည်အထိ ပြုံးစေသွားပြီး မျက်နှာက တဖြည်းဖြည်းသူ့မျက်နှာနား တိုးကပ်လာသည်။ နှုတ်ခမ်းချင်းထိကပ်သွားကြတဲ့အခါ လက်တစ်ဖက်က သူ့မျက်နှာကိုထိန်းကိုင်လာပြီး ပြင်းပြတဲ့အနမ်းတွေရောက်လာခဲ့သည်။ ဆော့ဂျင်တန်ပြန်နမ်းရှိုက်လိုက်တော့ အနမ်းတွေက အရှိန်မြင့်လာပြီး ခံတွင်းနှစ်ခုပေါင်းစပ်ဖို့ လျှာဖျားတွေအချင်းချင်းတိုးဝှေ့နေကြသည်။ အတန်ကြာအောင် အနမ်းတွေကူးလူးပြီးတော့မှ ထိကပ်နေတဲ့နှုတ်ခမ်းတွေ တဖြည်းဖြည်းအရှိန်လျှော့သွားကြသည်။ အနမ်းတွေအရှိန်လျော့သွားပေမဲ့ တစ်ချက်တစ်ချက်တော့ စုပ်ယူလာနေသေးသည်။ သူတို့ဘာစကားမှမဆိုကြသေးဘဲ အချိန်အကြာကြီး ထိုအတိုင်း နဖူးချင်းထိကပ်လျက် ငြိမ်နေကြသည်။ နှစ်ယောက်သားရှူထုတ်နေတဲ့ အသက်ရှူသံတွေသာ ထွက်ပေါ်နေသည်။

"ကျုပ်အတွေးနဲ့ စိတ်ဝိဉာဉ်အားလုံးလည်း ခင်ဗျားပိုင်တယ် ခင်ဗျားတစ်ယောက်တည်းအတွက် အပိုင်ပေးထားမယ် "

__________TBC

😛 အိုင်ဟိုနေ့က ကြီးကြီးကျယ်ကျယ်တွေ ပြောထားလို့ အရမ်းများ စိတ်ပူနေကြမလား တကယ်တော့ အသေးအဖွဲလေးပါ 😛နှစ်ယောက်စလုံးက ရင့်ကျက်ပြီးသား သူတွေမလို့ ပြဿနာဖြစ်လည်း အသေးအမွှားလေးပါပဲ ရှင်တို့ ကျွန်မဗိုလ်မှူးကို လွန်ထားကျွံထားတာရှိရင် ပြန်တောင်းပြန်ပေးပါ ကျွန်မဗိုလ်မှူးက သဘောမထားပေမဲ့ ဗိုလ်မှူးကတော်ကျွန်မကတော့ အရမ်းစိတ်ဆိုးနေတယ်!!

ဇာတ်လမ်းအဆစ်ချိုးတွေဆိုတာ အိုင့်ဟာအိုင် သတ်မှတ်ထားတာတွေပါ ဘာဖြစ်မယ် ညာဖြစ်မယ်မျိုးတွေ မဟုတ်ဘဲ ဆက်ဆံရေး တစ်ခုစီကို ဦးတည်ပေးလိုက်တဲ့ သဘောမျိုးအဖြစ် အိုင့်ဟာအိုင် သတ်မှတ်ပစ်လိုက်တာပါ။ နောက်တစ်ဆစ်ချိုးက ဘာဖြစ်မယ်ထင်လဲ ခန့်မှန်းကြည့် အနီးစပ်ဆုံး မှန်တဲ့သူများရင် မြန်မြန်အပ်ပေးမယ်

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories