ep48
15:54, 17 January 2024နေ့ရက်တိုင်းက အဆင်ပြေပြေပဲ ပြန်ဖြစ်လာသည်။ ထိုနောက်ပိုင်း သူတို့ စကားများကြတာမျိုးလည်း ထပ်ပြီးမရှိတော့။ သူတို့ကိုယ်တိုင်ကလည်း ကိုယ်စီအလုပ်တွေဖြင့် မအားလပ်နေသဖြင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်ပင် ဆုံဖို့ခက်ခဲနေသည်။ လူတိုင်းညအိပ်ရာဝင်ချိန်မှသာ တယ်လီဖုန်းနဲ့ဆက်သွယ်တာမျိုးရှိသည်။ ဆော့ဂျင်ဘက်က ညအချိန်အားလပ်ပေမဲ့ သူ့ဘက်ကတော့ အိပ်ချိန်ပင်လျှင် အိပ်ရာထဲမှာ ရှိမနေသေး။ မြို့တော်ရဲ့ စစ်ရေးအခြေအနေကို သိသင့်သလောက် သိတာမလို့ ဆော့ဂျင်လည်း ခဏမျှစကားပြောဆိုပြီးနောက် အိပ်ရာဝင်လိုက်သည်။ နေ့ရက်တိုင်း ထိုအတိုင်းဖြတ်သန်းနေရသည်မှာ အနည်းငယ်ကြာမြင့်နေပြီမလို့ ဆော့ဂျင်ကျင့်သားပင် ရနေပြီ။
သူလည်း တစ်နေကုန်မအားလပ်တဲ့ကြားက ညအိပ်ရာဝင်ချိန်တစ်ထောက်သာ အပြည့်အဝအနားယူရသည်မလို့ သူနှင့်စကားခဏမျှပြောပြီးလျှင် တန်းအိပ်ပျော်သွားတော့သည်။ မနက်မိုးလင်းလာလျှင် ပုံမှန်အတိုင်း အိပ်ရာကထ စက်ရုံသွားဖို့ပြင်နှင့် နေ့စဉ်ကိစ္စဝဝလုပ်ရင်းသာ လည်ပတ်နေသည်။ စက်ရုံသစ်ဆောက်လုပ်ရေးက အားလုံးပြီးလုဖြစ်နေပြီ။ ဒီနှစ်အတွင်းမှာပဲ အားလုံးအပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ စက်ရုံအသစ်ဆောက်လုပ်ပြီးစီးလို့ လုပ်ငန်းလည်ပတ်အခြေကျပြီးလျှင်တော့ သူအလုပ်တွေလျှော့လုပ်တော့ဖို့ စဉ်းစားထားသည်။ စဉ်းစားထားတာတော့ အမြဲစဉ်းစားထားတာတွေရှိပေမဲ့ စီစဉ်ထားသလိုလုပ်ဖို့က ခဲယဉ်းလွန်းသည်။ သူလုပ်နိုင်သေးတဲ့အချိန်အထိတော့ လုပ်ငန်းတွေကို ဆက်လက်တိုးချဲ့သွားဖို့ရာ ဆန္ဒရှိနေသည်။
လက်ထပ်ပြီးသွားရင်ရော သူဒီလိုမျိုး အလုပ်တွေလုပ်နိုင်အုံးမလား တွေးကြည့်ဖူးသည်။ ဝန်ကြီးချုပ်နဲ့လက်ထပ်လိုက်ရတုန်းကတော့ သူ့အချိန်တော်တော်များများက ဝန်ကြီးချုပ်ကို ပြုစုပေးရင်းသာ ကုန်ဆုံးခဲ့ရသည်။ ဝန်ကြီးချုပ်ရောဂါက သူနှင့်လက်ထပ်ပြီးနောက်ပိုင်း ပိုကျွမ်းလာတာမလို့ ဘေးတွင် အစဉ်တစ်စိုက်ရှိနေပြီး အဖော်ပြုပေးနေမှသာ အဆင်ပြေသည်။ အခုဂျွန်ဂျောင်ဂုကတော့ အကောင်းကြီးမလား သူအဲလိုပြုစုပေးရမဲ့သူမျိုးလည်းမဟုတ်တော့ ပုံမှန်အတိုင်း အလုပ်တွေကို အချိန်ပေးလို့ ရကောင်းပါရဲ့။ သူကိုယ်တိုင်လည်း အားနေတာမှမဟုတ်တာ.. ဆော့ဂျင်လက်ထပ်ပြီးလျှင်လည်း အလုပ်တွေကို ပုံမှန်အတိုင်းလုပ်ဖို့ရာကိုပဲ အားသန်သည်။ တခြားအရာရှိကတော်တွေလိုမျိုး အငြိမ်းစားနေဖို့ရာ သူ့တွင်ဆန္ဒမရှိ။ သူအဲလိုမျိုးလည်း မနေနိုင်ဘူး။ ဒါကိုသူလည်းသိမှာပါ။ ဆော့ဂျင်အလုပ်တွေလုပ်နေတာကို သူကန့်ကွက်လိမ့်မယ်လို့မထင်ဘူး။
သူအောက်ထပ်ကိုဆင်းလာပြီး မနက်စာစားဖို့ပြင်လိုက်သည်။ အောက်ထပ်အိမ်တော်ရှေ့တွင် ဒန်နဲ့အလုပ်သွားဖို့ရာ ကားက အဆင်သင့်ဖြစ်နေပြီ။ ဒန်ပြန်ရောက်လာတော့ လက်ထောက်ကိန်းဝပ်က မူလနေရာကို ပြန်ရောက်သွားသည်။ စစ်တပ်မှာ စစ်မက်ရေးရာကိစ္စတွေနဲ့ ပြည်တွင်းမငြိမ်မသက်ဖြစ်နေတာကြောင့် လက်ထောက်ကိန်းဝပ်လည်း အိမ်တော်ကို တစ်ကြိမ်မျှပင် ပြန်မလာတော့။ သူတစ်ခါတလေ သတိရလို့ သူ့သခင်ကိုမေးကြည့်လျှင်တောင် အလုပ်များလွန်းနေတယ်ပဲ ပြောသည်။ အင်းလေ ဒီလိုအချိန်မှာ အရာရှိတွေတောင် ဒီလောက်အလုပ်များနေရတာ လက်အောက်ငယ်သားတွေဆို မေးကြည့်နေစရာတောင် မလိုတော့ချေ။
သူမနက်စာစားပြီးတော့ အဝတ်အစားလဲကာ စက်ရုံသွားဖို့ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဒန်က ကားနားတွင် အဆင်သင့်ရောက်နေပြီ။ သူဒန်ကို မနက်ခင်းနှုတ်ဆက်နေကြအတိုင်း နှုတ်ဆက်လိုက်သည်။ ဒန်ကလည်း သူ့ကိုတစ်ဖန်ပြန်နှုတ်ဆက်လာသည်။ သူတို့ကားထဲဝင်လိုက်ကြပြီး နေ့စဉ်ဘဝလည်ပတ်ပုံအတိုင်း လည်ပတ်ဖို့ရာ စတင်လိုက်သည်။
" မဒမ်ကင်မ် မဒမ်ကင်မ် ခဏလေးနေပါအုံး "
သူတို့ကားမထွက်ခင်မှာပင် အမောတကောပြေးလာတဲ့ အယ်ရိုနဲ့ အစေခံမလေးတစ်ဦး။ နှစ်ယောက်စလုံးက အလောတကြီးဖြစ်နေတာကြောင့် သူကားပေါ်က ခဏဆင်းလိုက်သည်။
" ဘာဖြစ်လို့လဲ "
ပြေးဝင်လာတဲ့အယ်ရိုကို သူဆီးဖမ်းရင်း မေးလိုက်သည်။ မြို့တော်က အခြေအနေတွေကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ထားတာမလို့ အယ်ရိုက ကျောင်းမသွားရပေ။ တခြားဆိုးဝါးတဲ့ကိစ္စမျိုးတွေ မရှိသေးပေမဲ့ မိဘတွေက စိတ်မချဖြစ်နေခြင်းကြောင့် လူထုရဲ့စကားသံတွေကို နားထောင်ပြီး ယာယီပိတ်သိမ်းပေးလိုက်ရတာဖြစ်သည်။
" ဦးလေးငယ်ဆီက ဖုန်းရတယ် ဒီနေ့ဘယ်သူမှ အပြင်မထွက်နဲ့လို့ပြောတယ် "
အယ်ရိုစကားကြောင့် ဆော့ဂျင် အယ်ရိုကိုကြည့်ရင်း အယ်ရိုနဲ့အတူပြေးလာတဲ့ အစေခံမလေးကိုပါ ကြည့်လိုက်သည်။ ထိုကောင်မလေးကလည်း ထောက်ခံကာ ခေါင်းညိတ်ပြနေသည်။ ထိုစကားတွေက အမှန်ဖြစ်ကြောင်း ကောင်မလေးမျက်နှာက စိုးထိတ်မှုတွေကို ကြည့်ရုံနှင့် သိနိုင်သည်။
" ဟုတ်ပါတယ် ခုနကတင် သခင်လေးဂျွန်က ဖုန်းဆက်လာတယ် မဒမ့်ဖုန်းကိုလည်း ဆက်လိုက်တာ မဒမ်မကိုင်လို့ဆိုပြီး မဒမ်အလုပ်မသွားခင် အပြေးလာပြောတာပါ "
" တခြားဘာပြောခဲ့သေးလဲ "
" သခင်လေးဂျွန်က မဒမ့်ဆီက ဖုန်းမရတာကြောင့် မဒမ့်အလုပ်သွားပြီလား အရင်စစ်ဆေးခိုင်းပြီး အချိန်မီတားနိုင်အောင် ဒါပဲအရင်ပြောသွားတာပါ အခုထိ တယ်လီဖုန်းမချရသေးပါဘူး။ မဒမ်ထွက်သွားလိုက်ရင် အကြောင်းပြန်လို့ ပြောလိုက်ပါတယ် "
ဆော့ဂျင် အိမ်ထဲပြန်ဝင်လိုက်ပြီး တယ်လီဖုန်းရှိရာနား သွားလိုက်သည်။ ဒန်ကိုတော့ အားလုံးသိအောင် အပြင်မထွက်ဖို့နဲ့ သတိရှိရှိနေကြဖို့ ဆော်ဩခိုင်းလိုက်သည်။
" ဟယ်လို "
သူဘေးမှာချထားတဲ့ တယ်လီဖုန်းကို ကောက်ကိုင်ကာ အသံပြုလိုက်သည်။ လက်ကိုင်ကို နားနားကပ်လိုက်တာနဲ့ တစ်ဖက်က ရှုပ်ထွေးဆူညံနေတဲ့ အသံတွေကို ကြားလိုက်ရသည်။ ဒါပေမဲ့ သူအသံပြုလိုက်သည်နှင့် ချက်ချင်းဖြေဆိုလာခဲ့သည်။
" ခင်ဗျား.. အိမ်တော်မှာ အားလုံးရှိနေရဲ့လား "
" ရှိနေတယ် အားလုံးက မနက်ခင်းပဲရှိနေလို့ တော်သေးတာပေါ့ ငါလည်းမင်းဆက်သွယ်လာတဲ့အချိန် ကားပေါ်ရောက်နေပြီ မင်း တစ်ခုခုထူးခြားလို့လား "
ဆော့ဂျင်စဉ်းစားရင်း မေးလိုက်သည်။ သူ့ဘက်က အရမ်းအလုပ်များနေတယ်ဆိုတာ သူ့အကြားအာရုံကတစ်ဆင့်ပင် ခံစားနေရသည်။
" တစ်ဖက်က နိုင်ငံထဲအထိ ကျူးကျော်လာခဲ့ပြီ မကြာခင် စစ်ပွဲကြေညာလိမ့်မယ် ဒီအချိန်အထိ ဘယ်မှမထွက်တာ အကောင်းဆုံးပဲ အိမ်ကနေပဲ သတင်းတွေကို နားစွင့်နေပါ အရေးကြီးရင် ကျုပ်ကိုယ်တိုင်ဆက်သွယ်လိုက်မယ် "
ကြားလိုက်ရတဲ့စကားတွေကြောင့် သူအေးခဲသွားကာ ထိုနေရာမှာတင် တောင့်တောင့်တင်းတင်း ဖြစ်သွားသည်။ မြို့တော်က မအေးချမ်းတာ နိုင်ငံမှာစစ်မက်ရေးရာကိစ္စတွေနဲ့ ရှုပ်ထွေးနေတာသိနေပေမဲ့ အခုလို အရေးပေါ်အခြေအနေကို ရောက်လာတော့မည်လို့ ကြားလိုက်ရတော့ သူထိတ်လန့်သွားမိသည်။ သူပထမဆုံးတွေးမိတာက သူတို့ဘေးကင်းဖို့၊အစားအသောက်၊အသွားအလာ၊လုပ်ငန်းလည်ပတ်ဖို့ တစ်ခုမှမဟုတ်ဘဲ စစ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ရမဲ့ သူ့ကို အရင်ဆုံးတွေးပြီး တုန်လှုပ်သွားတာဖြစ်သည်။
" မင်း မင်း အဲဒါက.. ဘယ်လိုဖြစ်သွားမှာလဲ "
သူဘယ်အကြောင်းအရာကို မေးလို့မေးရမှန်းပင် မသိတော့။ သူသေချာပေါက် ရှေ့တန်းကလိုက်ပါပြီး တိုက်ပွဲဝင်ရမှာသိပေမဲ့ ဘယ်အချိန်လဲ ဘယ်နေရာမှာလဲ ဘယ်တော့လဲ ဘယ်လောက်ထိကြာမှာလဲ ဘယ်အချိန်မှပြီးမှာလဲ သူဘာအရင်မေးရမှန်းပင် မသိတော့။
" အရင်ဆုံးဘာကိုမှ သေချာမပြောနိုင်ပေမဲ့ ကျုပ်ကိုစိတ်ပူစရာမလိုဘူး။ ခင်ဗျားသာ အိမ်တော်ကသူတွေကိုစောင့်ရှောက်ရင်း ဘေးကင်းအောင်နေပါ။ စစ်ပွဲက တစ်ချိန်ချိန်ဖြစ်လာမှာ သိနေပြီးသား အခုက မထင်မှတ်ထားတဲ့အချိန် ကျူးကျော်ခံလိုက်ရလို့ ထင်ထားတာထက် စောသွားရုံပဲ။ အခုသိသိချင်းပဲ ခင်ဗျားကိုအသိလှမ်းပေးတာ စိုးရိမ်ဖို့မဟုတ်ဘူး။ ဘေးကင်းအောင်နေဖို့ ခဏနေဆိုရင်ပဲ တစ်မြို့လုံးကို စစ်ကြောင်းအခြေအနေ အသိပေးကြေညာလိမ့်မယ် ကျုပ်က ခင်ဗျားအလုပ်မသွားနိုင်အောင် အရင်ကြိုအသိပေးလိုက်ချင်လို့ "
ဆော့ဂျင်ဘာပြန်ပြောရမလဲပင် မသိတော့။ သူဘယ်လိုလို့ မစိုးရိမ်နိုင်ဘဲ ရှိမလဲ။ သူအရင်ကလိုဆို စစ်ပွဲနေနေ ဘာနေနေ ဘာမှအဲလောက်ထိစိုးရိမ်နေမှာမဟုတ်ဘူး။ ပြည်သူလူထုကိုကာကွယ်ဖို့ အစိုးရနဲ့စစ်သားတွေကို အပြည့်အဝယုံကြည်၍ စစ်ပွဲတွေကို မစိုးရိမ်ခဲ့။ ယခုအခါ မတူညီနိုင်တော့ဘူး။ သူစိုးရိမ်တယ် သူအများကြီးစိုးရိမ်နေတယ်။ ဘယ်လောက်ပဲ သူစိတ်ချရအောင် ပြောနေပါစေ သူ့စိုးရိမ်မှုတွေက လျော့မသွားပါချေ။ သူဘယ်လောက်ပဲ တော်နေတတ်နေပါစေ အခုလိုအခြေအနေကို ဘယ်သူက မစိုးရိမ်ဘဲနေမည်လဲ။
" မရီး "
ဆော့ဂျင်ထံမှ အသံတိတ်နေတော့ သူ့ဘက်က သက်ပြင်းတိုးလျလျချပြီး အခေါ်ပြုလာသည်။ ဆော့ဂျင်စိတ်အခြေအနေကြောင့် ပြန်ပင်အသံမပြုနိုင်တော့။
" ကျုပ်ကိုစိုးရိမ်စရာမလိုဘူးဆိုတာ အလကားပြောတာမဟုတ်ဘူး "
" မရီးသိချင်လား ဘာလို့လဲဆိုတာ "
သူမမြင်ရပေမဲ့ ခေါင်းညိတ်ပြလိုက်မိသည်။ တစ်ဖက်ကသည်လည်း သိသည့်အလား ဆက်ပြောလာခဲ့သည်။
" ကျုပ်အခုထိ လက်မထပ်ရသေးဘူးလေ ကျုပ်မရီးကိုလက်မထပ်ရသေးဘဲနဲ့ စိတ်ဖြောင့်မှာမဟုတ်ဘူး ကျုပ်မရှိတော့ဘူးဆိုပြီး ဟိုအသက်ကြီးကြီးအဘိုးကြီးက ပြန်မျက်စောင်းထိုးနေရင် ဘယ်လိုလုပ်မလဲ ဒါကြောင့် သေရာကနေတောင် ပြန်ရှင်လာနိုင်တာမလို့ မရီးစိတ်မပူနဲ့ "
ဒီလိုစစ်ပွဲကို နဖူးတွေ့ဒူးတွေ့ ကြုံနေပြီကို ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးရယ်သံနဲ့ ဟာသလုပ်ပြောနေတာကို သူဒေါသမဖြစ်နိုင်သေး။ သူရန်လည်းမတွေ့နိုင်သေး။ သူစိတ်တွေက ကန်ရေပြင်အလား ငြိမ်သက်လို့နေပြီး လေးနက်တဲ့အတွေးတချို့ဝင်နေသည်။
" အင်း.. ငါစိတ်မပူတော့ဘူး မင်း မင်းတာဝန်ကို အကောင်းဆုံးကျေပွန်အောင် ထမ်းဆောင်ပြီးရင် ငါတို့လက်ထပ်ကြမယ် "
ဆော့ဂျင်စိတ်အခြေအနေအနည်းငယ်ကောင်းမွန်လာခဲ့သည်။ ဒီကိစ္စတွေပြီးရင် လက်ထပ်ဖို့ အချိန်တွေမဆွဲတော့ဘူးလို့ သူဆုံးဖြတ်လိုက်သည်။ သူတို့လက်ထပ်ဖို့အတွက် အလုပ်တွေ အလုပ်တွေကို ဖြတ်ရင်း နောက်ဆုတ်ထားခဲ့တာမလို့ လက်ထပ်ဖို့ဆိုတာ ပါးစပ်ကနဲ့တင် ပြီးသွားခဲ့သည်။ ဒီတစ်ခါတွင်တော့ သူအခိုင်အမာ ဆုံးဖြတ်ချက်ချက်ထားလိုက်တော့သည်။ ဘယ်လောက်အရေးကြီးတဲ့အလုပ်နေနေ လက်ထပ်ဖို့ကို နောက်မဆုတ်တော့ဘူး။
" မရီး .. "
" အင်း.. "
" စိတ်အခြေအနေကောင်းသွားပြီလား "
" အင်း.. မင်းကစိုးရိမ်စရာမလိုဘူးလို့ အထပ်ထပ်ပြောနေတော့လည်း ငါမင်းစကားနားထောင်ပါ့မယ် "
" အင်း.. တကယ်တမ်း ကျုပ်ကသာ စိတ်ပူရမှာပါ ကျုပ်တို့က စစ်မြေပြင်မှာ လက်တွေ့တိုက်ရမဲ့သူတွေ ကျုပ်မှာစစ်ပွဲအတွေ့အကြုံလည်းရှိသလို စစ်တိုက်ရမှာကိုလည်း မကြောက်ဘူး။ ကျုပ်ကြောက်တာက ခင်ဗျားတို့အဆင်ပြေပြေနေနိုင်ပါ့မလား အန္တရာယ်ကင်းကင်းရှိပါ့မလားပဲ "
" မင်းစိတ်ပူစရာမလိုဘူး အဲဒါတွေအတွက် မင်းစိတ်ပူစရာမလိုဘူး ငါစိတ်ပူတာ မင်းကိုပဲ မင်းအန္တရာယ်ကင်းပြီး ကျန်းမာနေဖို့ပဲ.. "
ဘော်.. ဘော်.. ဘော်..
ရုတ်တရက်လေလိုင်းထဲကနေဖြတ်ပြီး ဆွဲဆွဲငင်ငင်အချက်ပေးသံကြီး ထွက်ပေါ်လာတော့ သူတို့စကားသံတွေ တိတ်သွားကြသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်လို့ ဖြစ်သွားကြသည်။
" အာ.. အခုမှ စိတ်ငြိမ်ကာစကို "
သူဘာဖြစ်သွားတာလဲဆိုတာ အတွေးမရစဉ် တစ်ဖက်မှ ကြားလိုက်ရတဲ့ ညည်းညူသံတိုးတိုးကြောင့် သူကိုယ်တိုင်လည်း ခန့်မှန်းမိလိုက်သည်။ စစ်ပွဲအချက်ပြတဲ့ ဥဩဆွဲသံပင်။ ထိုဥဩဆွဲသံကြီးကို မိနစ်အနည်းငယ်လောက် ထုတ်လွှင့်ပြီးမှ လေထုထဲမှ အသံလှိုင်းတချို့ ထွက်ပေါ်လာသည်။ အရေးပေါ်အခြေအနေအထွက် စားစရာရိက္ခာအထုတ်အပိုးတွေ ပြင်ဆင်ထားရန်ဆောင်ရန်ရှောင်ရန်များကို မိုက်ကလိုဖုန်းမှတစ်ဆင့် အများပြည်သူသိကြားရအောင် ဖြန့်ဝေနေသည်။ ဆော့ဂျင်ထိုအသံများကို တစ်ဖက်မှ ချောင်းရှင်းသံမကြားမချင်း နားထောင်နေခဲ့သည်။
" ခဏနေ ကျုပ်လူတချို့ ရောက်လာတော့မှာဆိုပေမဲ့ ကျုပ်လာခဲ့ရမလား "
" ဟင်.. မဟုတ်ဘူး .. မင်းမလာလည်းအဆင်ပြေတယ် ငါတို့အဆင်ပြေတယ် မင်းလူတွေက ဘယ်အချိန်လာမှာလဲ ငါသူတို့အတွက် အစားအသောက်လုပ်ထားဖို့ လိုသေးတယ်မလား "
" ဟုတ်ပြီ ခင်ဗျားအဆင်ပြေတယ်ဆိုရင်ရပြီ ကျုပ်စစ်တပ်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ခင်ဗျားကိုတွေ့ဖို့ ပြန်လာခဲ့မယ် "
" အင်း ငါမင်းကိုစောင့်နေမယ် "
ဆော့ဂျင်တယ်လီဖုန်းပြောပြီးတော့ တယ်လီဖုန်းဒိုင်ခွက်ကို အချိန်အတော်ကြာ ငေးကြည့်နေမိသည်။ သူ့ရင်ထဲ ဘယ်လိုဖြစ်နေလဲပင်မသိတော့။ ပူပင်တာလား စိုးရွံ့နေလား ထိတ်လန့်ခြောက်ခြားနေလား ဒါပေမဲ့ သူတင်ပဲမဟုတ် အိမ်တော်ကသူတွေအားလုံးက ထိတ်လန့်ခြောက်ခြားနေကြသည်။ ခုနက အချက်ပေးဥဩဆွဲသံက တော်တော်လေး ကြက်သီးထဖွယ်ကောင်းပြီး တုန်လှုပ်စရာကောင်းလှသည်။ အိမ်တော်ကသူတွေအားလုံးက သခင်လေးဂျွန်နဲ့ဖုန်းပြောနေတဲ့သူ့ကို တိတ်တဆိတ် အကဲခတ်နေကြသည်။ သူတို့ဘာဆက်လုပ်ရမလဲ ဘယ်လိုနေထိုင်ရမလဲ စသဖြင့်အတွေးတွေဖြင့် သူ့ကို တမေ့တမော့ ကြည့်နေကြသည်။ ထိုမှ သူအတွေးပြန်ဝင်တော့သည်။ သူ့အာရုံအလုံးစုံကို စုစည်းလိုက်ပြီး လုပ်ဆောင်ရမဲ့ကိစ္စတွေကို ခေါင်းထဲထည့်လိုက်ကာ စီမံလိုက်သည်။
" အားလုံးပဲ ကြားလိုက်တဲ့အတိုင်းပါပဲ စစ်ပွဲဖြစ်ချေရှိတယ်တဲ့ တစ်ဖက်နိုင်ငံက ဆိပ်ကမ်းတွေကနေ ကျူးကျော်ဝင်လာပြီး မြို့တချို့မှာ တပ်စွဲထားကြပြီမလို့ စစ်ပွဲအတွက် ခုနက သတိပေးချက်အတိုင်း သတိဝိရီယရှိရှိနေကြမယ် အသွားအလာအနေအထိုင် ဒီရက်ထဲ အထူးဂရုစိုက်ရမယ် မလိုအပ်ဘဲ အပြင်ထွက်တာမျိုး မလုပ်ကြပါနဲ့ "
အားလုံးက ခေါင်းတညိတ်ညိတ်နဲ့ထောက်ခံပြီး ငြိမ်သက်နေကြသည်။ တိတ်ဆိတ်နေခြင်းတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းတို့က ကပ်ပါလာကြသည်။ ပုံမှန် အမိန့်ပေးတာလက်မခံတတ်တဲ့ မစ္စမာရင်းတို့သားအမိပင်လျှင် ငြိမ်သက်နေကြသည်။ အားလုံးတွင် အကြောက်တရားကိုယ်စီရှိနေကြသည်။ ဒီကလူတွေထဲမှာ စစ်ပွဲကို မကြုံဖူးတဲ့သူတွေ မရှိသလောက်ဘဲ စစ်ပွဲအရသာသိတဲ့သူတိုင်း စစ်ပွဲကို မလိုလားကြဘူး။ ပင်ပန်းဆင်းရဲဒုက္ခ ထိတ်လန့်မလုံခြုံမှု အားလုံးက စစ်ပွဲရဲ့အရသာတွေပဲ။ စစ်ပွဲက အိုးမဲ့အိမ်မဲ့ဖြစ်အောင်လည်း ဖျက်ဆီးနိုင်သလို နေ့ချင်းညချင်းသေအောင်လည်း မျက်လှည့်ပြနိုင်တဲ့အစွမ်းရှိသည်။ ဒီရက်ကလေးကို တောင့်ခံကျော်လွှားပြီးလျှင် သူတို့အားလုံး လွတ်လွတ်လပ်လပ်ပျော်ရွှင်ခွင့်ရမှာပါဆိုပြီး တောင့်ခံထားလိုက်လျှင် အဆင်ပြေသွားမှာပါ။ ခဏလေးပါ။
" အားလုံးလည်း ထိတ်လန့်နေကြမှာသိပေမဲ့ အများကြီးမစိုးရိမ်ကြပါနဲ့ အိမ်တော်ရဲ့အကြီးအကဲက မြို့တော်မှာအထူးချွန်ဆုံးဗိုလ်လောင်းဖြစ်ခဲ့တယ်ဆိုတာ မေ့နေကြသလား.. ငါတို့အိမ်သားတွေမှ ကြောက်လန့်နေရင် တခြားအိမ်တော်ကသူတွေ ဘယ်လိုနေကြမလဲ ဟုတ်တယ်မလား "
သူအရွန်းဖောက်ပြောလိုက်တော့ ထိတ်လန့်နေတဲ့သူတချို့က အနည်းငယ်စိတ်သက်သာရာ ရသွားကြသည်။ ဂျွန်ဂျောင်ဂုရဲ့အရည်အချင်းကို ယုံလို့ပဲလားဒါ..
" သခင်လေးဂျွန်က အိမ်တော်ကိုစောင့်ကြပ်ဖို့ အစောင့်အရှောက်တွေ စေလွှတ်လိုက်မှာမလို့ ကြောက်နေကြမဲ့အစား တိုက်ပွဲဝင်မဲ့ စစ်သားတွေအတွက်သာ ဆုတောင်းပေးကြရအောင်လား "
အစောင့်အရှောက်တွေပါ စေလွှတ်လိုက်မည်ဆိုတော့ အားလုံးက စိတ်သက်သာရာ ရလာကြသည်။ ထိုအချိန် အိမ်တော်ထဲကို စစ်သုံးယာဉ်များ ဆက်တိုက်ရောက်လာခဲ့သည်။ စုစုပေါင်းလေးစီးရှိသည်။ စစ်သားတိုင်းတွင် ဝတ်စုံအပြည့်ပါပြီး လက်နက်ကိရိယာများ ကိုင်ဆောင်ထားကြသည်။ အားလုံးရဲ့မျက်နှာက ဖော်ပြထားခြင်းမရှိ ရုပ်ဖျက်သဏ္ဍန်ဆောင်ထားကြသည့်နှယ် မျက်နှာတွင် ပျောက်ကြားမည်းစက်တွေ ခြယ်သထားကြသည်။ အားလုံးက စီစီညီညီရပ်လိုက်ကြပြီး ထိုသူများကြားတွင် ရင်းနှီးနေတဲ့ကိုယ်ဟန်နှင့် တစ်ယောက်က ဦးဆောင်ကာ သူတို့ရှိရာဆီသို့ ခြေလှမ်းမှန်မှန်နှင့် လျှောက်လာခဲ့သည်။
" လက်ထောက်ကိန်းဝပ်နဲ့ လက်ရွေးစင်တပ်သားနှစ်ဆယ် "
စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာတဲ့အသံကြောင့် သူတို့အားလုံး အသံလာရာဆီကို ကြည့်လိုက်ကြသည်။ ထိုအသံက သူ့ဘေးနားဆီမှ ထွက်လာတာဖြစ်သည်။အယ်ရိုက အော်မိတဲ့ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စစ်သားတန်းရှည်ကြီးကို မှင်သက်စွာ ကြည့်နေသည်။
" မင်းသိလား "
သူအယ်ရိုကို စောင်းငဲ့မေးလိုက်တော့ အယ်ရိုက အံ့အားသင့်နေရင်းကနေ ခေါင်းကို အကြိမ်ကြိမ်ညိတ်ပြနေသည်။
" သူတို့လက်မောင်းက အမှတ်အသားတွေကိုကြည့်လိုက် လက်ရွေးစင်တပ်သားတွေပဲ အထူးလေ့ကျင့်ရေးဆင်းထားရတဲ့တပ်သားတွေ "
ဆော့ဂျင်အယ်ရိုပြောတဲ့လက်မောင်းနေရာကို ကြည့်လိုက်တော့ ရွှေရောင်ကြယ်ပွင့်လေးတွေ ရှိနေသည်။ အယ်ရိုက ကြည့်နေရင်း သူ့နားတိုးကပ်လာပြီး စိတ်အားထက်သန်စွာ လေသံတီးတိုးဖြင့်..
" သူတို့အားလုံး လက်ထောက်ကိန်းဝပ်ကိုယ်ပွားတွေလိုပဲ လက်ထောက်ကိန်းဝပ်အယောက်နှစ်ဆယ် အိမ်တော်ကို ရောက်နေတာလို့ ပြောလို့ရတယ် "
အယ်ရို့အပြောကြောင့် သူလည်း အံ့အားမသင့်ဘဲမနေနိုင်။ လက်ထောက်ကိန်းဝပ်အယောက်နှစ်ဆယ်ဆိုတာ နည်းတဲ့အင်အားတော့မဟုတ်ဘူး။ မမြှောက်ပင့်ဘဲပြောလျှင်တောင် မြို့တစ်ဝက်ကို သိမ်းနိုင်သည်။ သူထိုအကြောင်းတွေကြားပြီးသွားတော့ သူသည်လည်း အယ်ရိုလို မအံ့ဩတော့ဘဲမနေနိုင်တော့။ သူတို့ဆီ ညီညီညာညာလျှောက်လာတဲ့စစ်သားတန်းကြီးကိုကြည့်ရင်း သူလည်းအကြောင်သားငေးနေမိသည်။
" အလေးပြုပါတယ် "
တပ်သားနှစ်ဆယ်နဲ့လက်ထောက်ကိန်းဝပ်က တစ်ညီတစ်ညွတ်တည်း အော်လာတော့ အားလုံးက အနည်းငယ် လန့်ထိတ်သွားကြသည်။ သူတို့အားလုံးသည်လည်း အကြောင်သားကြည့်နေကြခြင်းကနေ တစ်ညီတစ်ညွတ်တည်း တန်ပြန်ဦးညွတ်လိုက်မိကြသည်။
" ကြို ကြိုဆိုပါတယ် လက်ထောက်ကိန်းဝပ် ငါသူ့ဆီက နည်းနည်းတော့သိထားပြီးပြီ "
" မဒမ်နဲ့အိမ်တော်ကိုစောင့်ရှောက်ဖို့ တာဝန်အပြည့်ရှိပါတယ် "
" ကျေး ကျေးဇူးတင်ပါတယ် လက်ထောက်ကိန်းဝပ်နဲ့ တပ် တပ်သားနှစ်ဆယ်.. အားလုံးကို ကြည့်ရှုစောင့်မပေးပါအုံး လိုအပ်တာရှိရင် အချိန်မရွေးပြောပါ "
ဆော့ဂျင်တပ်သားတွေကိုကြည့်ရင်း ဘာပြောရမှန်းမသိသလို ဘယ်လိုခေါ်ရမှန်းလည်းမသိ၍ အဆင်ပြေသလိုသာ ပြောလိုက်တော့သည်။ သူနှင့်လက်ထောက်ကိန်းဝပ် စကားအနည်းငယ်ပြောပြီးနောက် လက်ထောက်ကိန်းဝပ်က တပ်သားတွေကို မည်သို့မည်ပုံ တာဝန်တွေကို စီမံခန့်ခွဲနေစေသည်။ သူသည်လည်း အိမ်တော်က အလုပ်သမားတွေကို တပ်သားတွေကို မနှောင့်ယှက်ဖို့နဲ့ ဝန်မပိစေဖို့ မှာကြားလိုက်သည်။ တပ်သားတွေက သူတို့လုံခြုံရေးအတွက်နဲ့ အိမ်တော်ထိ လာရောက်ကြီးကြပ်ပေးရသည်က အနည်းငယ်မသက်မသာဖြစ်စေသည်။ သူတို့က သိပ်ပြီးအရေးကြီးပုဂ္ဂိုလ်တွေလည်းမဟုတ်၍ အလုပ်ပိုစေမှာ စိုးနေမိသည်။ ဘာလို့အထူးတပ်သားတွေကိုမှ အိမ်တော်ကိုစောင့်ကြပ်ဖို့ လွှတ်ပေးလိုက်ရသည်လဲ။ ဒါက အရမ်းအာဏာသုံးလွန်းရာ ကျမနေဘူးလား.. သူအိမ်တော်ပတ်ပတ်လည်တွင် နေရာယူနေကြတဲ့ တပ်သားတွေကို လိုက်ကြည့်ရင်း စိတ်ထဲက အားနာမိသလို လုံခြုံသလိုလည်း ခံစားနေရသည်။
သူတို့တောင် ဒီလောက်တော်တာ သူတို့ရဲ့အထက်လူကြီးဖြစ်တဲ့ ဗိုလ်မှူးဂျွန်က စစ်ပွဲလောက်ကို ဘာမှသဘောထားနေမည်မဟုတ်ဘူးမလား.. ဟင်။
__________TBC
ခန့်မှန်းတာ အရမ်းတော်ကြတယ် တစ်ယောက်မှ မမှန်ကြဘူး မင်္ဂလာဆောင်မဲ့သူနဲ့ အဟုဟုမဲ့သူနဲ့ အရမ်းတော် ဘာမင်ဂါမှဆောင်ဝူး အဟုလည်း မဟုဘူး 😏 ဒီတောင်ကိုကျော်နိုင်မှ အားလုံးအိုခေမှာ ဒါကတော့ ဇာတ်လမ်းရဲ့ နောက်ဆုံးအဆစ်ချိုးလို့ ပြောလို့ရတယ် စပွိုင်ဖြစ်သွားမှာဆိုးလို့ ဘာဘာညာညာ ဘာမှမပြောတော့ဘူး အားလုံးကျေနပ်မဲ့အဆုံးသတ်တော့ ဖြစ်မှာပါ အပ်ကြာတာတွေ အန်တာတွေ သည်းခံရင်း စောင့်ဖတ်ရတာနဲ့ တန်အောင် ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်
ကိုယ်လည်း ထုတ်တော့မပြောခဲ့ပေမဲ့ ဒီဇာတ်လမ်းအပေါ် အများကြီးအာရုံစိုက်ပြီး ဦးနှောက်တွေရော အချိန်တွေရော တတ်နိုင်သမျှ သေချာအားစိုက်ထုတ်ပြီး ရေးသားခဲ့တာကို စာဖတ်သူတွေ မြင်နိုင်မယ်လို့ ထင်ပါတယ် ဟဲဟဲ နိဂုံးချုပ်မဟုတ်သေးဘူး ကြုံတုန်း ကြိုတင်အင်ထရိုဝင်ထားတာ
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



