Fanfics

ep45

15:12, 4 January 2024

" ဆော့ဂျင် ကိုယ့်မွေးနေ့ပွဲကို လာပေးလို့ ကျေးဇူးတင်ပါတယ် ကိုယ့်အသက်လေးဆယ်ပြည့်မွေးနေ့က ဆော့ဂျင်နဲ့တင် ပြည့်စုံသွားပြီ "

" မွေးနေ့ကိုဂုဏ်ပြုပါတယ် ဦးစီးယွန် ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ခွင့်ရပါစေ "

" ကျေးဇူးတင်ပါတယ်ဆော့ဂျင် ကိုယ့်ဘဝက တော်တော်လေးပြည့်စုံနေပြီဆိုပေမဲ့ လစ်လပ်နေသေးတဲ့နေရာလေးကိုတော့ မွေးနေ့မှာ ဖြည့်ဆည်းခွင့်ရချင်မိတယ် ဆော့ဂျင်ပေးတဲ့ဆုနဲ့ ‌ပြည့်ပါရစေ "

" အဟမ်း "

သက်ကြီးကောင်နဲ့ကင်မ်ဆော့ဂျင်တို့ အပြန်အလှန် အချိုအသာစကားလှတွေနဲ့ အလှဆင်နေကြတုန်း သူ့ချောင်းသံက ထိုစကားဝိုင်းကြားမှ ဖြတ်ပေါ်လာခဲ့သည်။ ထိုအခါမှ နှစ်ယောက်သားက သူရှိနေမှန်း သိပုံရသည်။ အထူးသဖြင့် အဲဒီသက်ကြီးကောင် ရောက်ကတည်းက ကင်မ်ဆော့ဂျင်ကို မြင်တော့ အလွန်တရာပီတိဖြစ်သွားပြီး အသက်အရွယ်နဲ့မလိုက်တဲ့ အနုအရွစကားတွေနဲ့ သူ့အပျော်တွေကို ဖော်ပြနေသည်။ မျက်လုံးတွေကလည်း ကင်မ်ဆော့ဂျင်‌ကိုယ်ပေါ်က တစ်စက်မှမခွာသေး။ သူအမြင်ကတ်ကတ်နဲ့ သူတို့စကားဝိုင်းကြား တမင်ချောင်းဟန့်သံပေးလိုက်မှ သူရှိနေမှန်း သိပုံပေါ်ပြီး သူ့ကိုတော့ အနှောင့်အယှက်ပေးမဲ့သူလိုမျိုး အတင်းဖုံးဖိထားရတဲ့အပြုံးတွေနဲ့ နှုတ်ဆက်လာသည်။

" ဗိုလ်မှူးဂျွန်ပါ ကျွန်ုပ်ရဲ့မွေးနေ့ကို တက်ရောက်ပေးတယ်ဆိုတော့ ဒါက ဂုဏ်ယူစရာကိစ္စလို့ ဆိုလို့ရနိုင်တယ်မလား.. ပုံမှန်ဆို ဗိုလ်မှူးက မိန်းမလှလေးတွေရဲ့မွေးနေ့တွေကိုပဲ ဂုဏ်ပြုပေးလေ့ရှိတယ်လို့ ကျွန်ုပ်ကြားဖူးတယ် "

" အိုး... "

သူ ထိုသူအပြောကို ထောက်ခံသလို မှန်ကန်သွားသလို သံရှည်ဆွဲတုံ့ပြန်လိုက်သည်။ သူ ထိုသူရဲ့ရည်ရွယ်ချက်ကို မြန်မြန်သဘောပေါက်ပါသည်။ သူက ဒီစကားကို ကင်မ်ဆော့ဂျင်ရှေ့မှာ တမင်ပြောချင်တာ ထိုသူက ကင်မ်ဆော့ဂျင်ကို ကျားချောင်းချောင်းနေတဲ့သူဆိုတော့ သူနှင့်ကင်မ်ဆော့ဂျင်နဲ့ပတ်သက်မှုကိုလည်း အနည်းအကျဉ်း သိထားတော့မှာပဲ။ ဒီလူကသူ့ကို ပြိုင်ဘက်လိုသဘောထားပြီး သူ့ရဲ့ပြစ်ချက်တချို့ကို ကင်မ်ဆော့ဂျင်ရှေ့မှာ ချနင်းပြီး အမှတ်ယူချင်နေတာ.. အိုး ပြစ်ချက်ဆိုတာက သူ့အပြစ်လုပ်ထားတာတော့ ဘယ်ဟုတ်မလဲ ကင်မ်ဆော့ဂျင်က ဒါတွေကြိုက်ပုံမရတာကို ဒီလူကသိပြီး ပြစ်ချက်လို ဖန်တီးလိုက်တာပဲ.. အခုဒီလူက သူ့ကို တည့်စိန်ခေါ်ချင်တဲ့သဘောလား..

" ကျုပ်ရဲ့သဘောထားက မပြောင်းလဲသေးပါဘူး ယောကျာ်းကြီးတွေရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုချင်စိတ် မရှ်ိသေးဘူး.. ဒါပေမဲ့လည်း ကျုပ်မရီးက လိုက်ပို့ဆိုတော့လည်း လိုက်ပို့ရတာပေါ့ "

သူကင်မ်ဆော့ဂျင်ကိုကြည့်ရင်း ခပ်ပြုံးပြုံးလေး ပြန်ချေပလိုက်တော့ ထိုသူမျက်နှာက တော်တော်လေးအဆင်မပြေ ဖြစ်သွားပေမဲ့ လူကောင်းပုံစံကိုတော့ ထိန်းထားနိုင်တုန်းပဲ..

" မင်းဘာတွေလျှောက်ပြောနေတာလဲ ငါကမင်းကိုခေါ်တယ်ပေါ့လေ ငါလက်ထောက်ကိန်းဝပ်နဲ့သွားလိုက်မယ်လို့ မပြောဘူးလား ဒီမတိုင်ခင်တောင် ငါဒန်နဲ့အတူသွားမယ်လို့ ပြောခဲ့သေးတယ် "

" အင်း ဟုတ်တယ်လေ ကျုပ်ကလိုက်ချင်တာလေ မရီးရှိနေလို့ ကျုပ်ကလိုက်ချင်တာမဟုတ်ဘူးလား ကျုပ်ဟာကျုပ်ဆို ခြေလှမ်းတောင်လှည့်ပါမလား "

မူလက ကင်မ်ဆော့ဂျင်က သက်ကြီးကောင်မျက်နှာပျက်သွားမှာစိုးတာကြောင့် ဖာထေးစကားဆိုချင်ပေမဲ့ အခုပိုလို့တောင် ဆိုးသွားသေးသည်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက လက်လျှော့သွားကြပြီး ထိုလူက တခြားဧည့်သည်တွေဆီရောက်သွားရင်း သူတို့လည်း နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။

" မင်းပြဿနာရှာဖို့လိုက်ခဲ့တာလား ဘာလို့ရန်စချင်နေတာလဲ "

" ဘယ်နားက ရန်စတဲ့စကားလဲ ပြောစမ်းပါအုံး ကျုပ်သူ့ကို ထိုးမယ် ရိုက်မယ်ပြောလိုက်လို့လား ခင်ဗျားအဲလိုကြားလိုက်လို့လား "

" မင်းစကားတတ်တယ်ဆိုတိုင်း လျှောက်ပြောမနေနဲ့ မင်းမျက်နှာအရည်ထူနေပေမဲ့ ငါတို့နေရခက်တယ် မင်းရန်စချင်ရင် နှစ်ယောက်တည်းရှိတဲ့အချိန် ပြော ကြားထဲကငါ့ကို ဆွဲမထည့်နဲ့ "

" ခင်ဗျားမပါလို့ ဘယ်လိုရမလဲ ဒါက ခင်ဗျားကြောင့်ဖြစ်တာလေ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်လိုလူက အဲလိုအဘိုးကြီးတွေနဲ့ အာရုံနှောက်ခံနေမလား "

ဆော့ဂျင်ပြောစရာပင် ပျောက်ရှသွားသည်။ အခုသူက သူ့ကိုပြဿနာမလုပ်ဖို့ သတိပေးနေကာရှိသေး တကယ်တမ်း ပြဿနာက သူအရင်းခံ ဖြစ်နေခဲ့မည်မထင်ခဲ့။ သူကသူ့အပြစ်ကို ဘာမှမဟုတ်သလိုပင် ရှောင်လွဲပြီး သူ့အပေါ် တလွဲခေါင်းစဉ်တောင် တပ်လိုက်သေးတယ်။ တကယ်ပဲ ဆော့ဂျင်ကြောင့်ဆိုအုံးတော့ သူကပဲတစ်ဖက်သတ်ပြဿနာလိုက်လုပ်နေတာမဟုတ်ဘူးလား။ သူ့စကားကြောင့် ဦးစီးယွန်မျက်နှာပျက်ရသလို ဆော့ဂျင်လည်းအနေခက်လှသည်။ ဒါကြောင့် သူ့ကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ပြောရတာကို အခု‌တော့ ဆော့ဂျင်ကပင် အမှားလုပ်နေသူ ဖြစ်သွားခဲ့ရသေးသည်။

" ငါတို့တစ်ယောက်နဲ့တစ်ယောက်က နှုတ်ဆက်နေတာရှိသေးတယ်  မင်းကလိုက်နှောင့်ယှက်နေတာမဟုတ်ဘူးလား ငါလည်း သူ့ကို တခြားဘာမှပြောရသေးတာမဟုတ်သလို သူလည်းငါ့ကို တခြားဘာမှပြောနေတာမဟုတ်ဘူး ကြားထဲ မင်းကပဲ ငါတို့စကားပြောနေတုန်း ဝင်ဝင်နှောင့်နေတာမဟုတ်ဘူးလား အဲဒါကောင်းတဲ့အပြုအမူလား "

" အဲဒီလူရဲ့အကြံတွေကို ကျုပ်ကမသိဘူးထင်နေလား မွေးနေ့လက်ဆောင်အဖြစ် ခင်ဗျားကို လိုချင်တယ်လို့ ပြောနေတာ မသိတာလား ကျုပ်တောင် ခင်ဗျားကို လိုချင်တယ်လို့ မပြောဖူးဘူး.. ပြောကြည့် သူကမှ မျက်နှာအရည်ထူနေတာမဟုတ်ဘူးလား သူ့ကိုငြင်းထားတဲ့သူကိုမှ အရှက်မရှ်ိ လမ်းဖောက်လို့မပြီးနိုင်တော့ဘူး ကျုပ်သာအဲလိုအငြင်းခံရရင် ရှက်လို့သေသွားနိုင်တယ်သိရဲ့လား "

" အဲဒါမင်းလေ သူနဲ့ဘာဆိုင်လဲ သူ့ကိစ္စနဲ့သူ မင်းရှက်ပေးနေစရာမလိုဘူး ဝေဖန်နေစရာလည်း မလိုဘူး "

ဆော့ဂျင်ပြောချင်တာက ဦးစီးယွန်က ဘယ်လိုပဲသူ့အပေါ် ချစ်ကြိုက်ကြောင်း ဖော်ပြအုံးတော့ အဲဒါသူ့ကိစ္စပင်။ ဦးစီးယွန်က သူနှင့်ဂျွန်ဂျောင်ဂု ဆက်ဆံရေးကို အနည်းငယ်ရိပ်ဖမ်းမိထားပေမဲ့ သူတို့က အခုထိ လူသိရှင်ကြားဆက်ဆံ‌ရေးမဟုတ်တဲ့အတွက် ဦးစီးယွန်က ဂျွန်ဂျောင်ဂုကို အချစ်ပြိုင်ဘက်အနေဖြင့် မှတ်ယူထားသည်။ အခုချိန်ထိ ဆော့ဂျင်ကလည်း လူလွတ်ဖြစ်နေသေးတော့ ဦးစီးယွန်ဘက်က ရှေ့ဆက်တိုးဖို့ အခွင့်အရေးအပြည့်ရနေသေးသည်။ ဆော့ဂျင်လည်း ထိုသို့ပဲထင်မှတ်သည်။ ဦးစီးယွန်သူ့ကို ဘယ်လိုပိုးပန်းချင်လဲက သူ့ကိစ္စ၊သူ့အခွင့်အရေးဖြစ်သည်ဟု ထင်မှတ်၍ သူ့ဘက်က ခါးခါးသီးသီးတုံ့ပြန်နေစရာအကြောင်းမရှိဘူးလို့ ထင်မှတ်သည်။ ထိုကြောင့် သူ့ကိုလည်း ထိုသို့ပြောလိုက်မိသည်။ ဒါပေမဲ့ သူကတော့ ထိုသို့ထင်မှတ်လိုက်ပုံမရ ဆော့ဂျင်ကို အကြည့်စူးစူးတွေနှင့် ပြန်ကြည့်လာသည်။

" ဒါဆိုခင်ဗျားက အခုလို ခင်ဗျားကို ရေကုန်ရေခမ်း ပိုးပန်းပေးတဲ့သူရှိလို့ ကျေနပ်နေတာလား အဲလို‌အပြောတွေ‌ကို သာယာနေတာလား ခင်ဗျားကပြန်မကြိုက်ပေမဲ့ အဲလိုအပြောတွေကိုတော့ သာယာချင်သေးတယ်ပေါ့ ဟမ် ကျုပ်အခုလိုလုပ်လို့ ခင်ဗျားက အနှောင့်အယှက်ဖြစ်တယ်ပေါ့ "

" မင်းမဆိုင်တာတွေမပြောချင်နဲ့ ငါက မျက်နှာပျက်အောင်မလုပ်ဖို့ဘဲပြောတာ.. "

" အေး ခင်ဗျားက ကျုပ်မျက်နှာပျက်အောင်လုပ်တာပဲခင်ဗျားမြင်တယ်လေ ခင်ဗျားလူပြောတဲ့စကားတွေကြတော့ နားထောင်ကောင်းတယ်ပေါ့ "

" ကျစ် မင်းကပြဿနာရှာဖို့ ငါနဲ့အတူလိုက်ခဲ့တာလား မင်းဒေါသကို တခြားနေရာရောက်တဲ့အထိ မမျိုသိပ်ထားနိုင်ဘူးလား သူများပွဲမှာ ငါမင်းနဲ့စကားမများချင်သေးဘူး။ "

တဖြည်းဖြည်းနဲ့တင်းမာလာမဲ့အခြေအနေကို သူရပ်တန်ဖို့ကြိုးစားလိုက်သည်။ သူတကယ်လည်း သူနဲ့စကားများချင်လို့မဟုတ်ပါဘူး။ သူကသာ အစသေးသေးလေးကို အဆုံးထိဆွဲဆန့်ပြီး မရှည်ရှည်အောင် ရစ်ပတ်နေတာမဟုတ်ဘူးလား အခုလည်းသူက တစ်စက်မှအလျှော့ပေးလိုဟန်မရှိ။

" ခင်‌ဗျားက ကျုပ်လုပ်သမျှကို ပြဿနာဖန်တီးပြီး ဒေါသထွက်ချင်နေတယ်ပဲ ထင်နေတာ.. ခင်ဗျားက အဲလိုချိုသာတဲ့စကားတွေကိုပဲ လိုချင်တာ ဟုတ်တယ်မလား "

" အဲလိုဆိုရင် ငါမင်းကို သဘောကျနေမှာတောင်မဟုတ်ဘူး "

သူခပ်‌ဖြည်းဖြည်းနဲ့ အေးအေးလေးသာ ပြောလိုက်သည်။ သူအခုလိုနေရာမှာ ထိုလိုစကားတွေ ကတိုက်ကရိုက် ပြောချင်တာမဟုတ်ပေမဲ့ သူ့ပါးစပ်က အလိုအလျောက်တုံ့ပြန်မှုနဲ့ တစ်ခါတည်းထွက်သွားခဲ့သည်။ ရလဒ်အနေနဲ့ ဒေါသဆူချင်နေတဲ့သူက အနည်းငယ်ငြိမ်ကျသွားတော့  ဆော့ဂျင်လည်း မသိမသာ သက်ပြင်းချလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ငါသူ့ကိုသဘောကျလာမှာမဟုတ်လို့ မင်းကအနိုင်ရနေတဲ့သူပဲ မင်းဘက်က နည်းနည်းလောက် မျက်နှာသာပေးလို့မရဘူးလားလို့ ငါပြောချင်တာကို နားလည်လား "

" ဟွန်း.. "

ဆော့ဂျင်တောင်းဆိုသလို ညှိနှိုင်းပြောဆိုလိုက်တော့မှ သူက နှာတစ်ချက်မှုတ်ကာ ဘာမှထပ်မပြောလာခဲ့တော့။ သူတို့ အငြင်းပွားခြင်းက အဆုံးသတ်သွားတော့မှ အစားအသောက်နဲ့ ဘေးပတ်ဝန်းကျင်ကို သေချာအာရုံပြန်စိုက်နိုင်သည်။ မွေးနေ့ပွဲရဲ့ အစည်ကားဆုံးအချိန်ကို ရောက်နေပြီမလို့ ပါတီပွဲအတွင်းတွင် အစားအသောက်စားသံ ခွက်ခြင်းတိုက်သံ စကားပြောသံ လေတိုးသံစသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်။ သူတို့စားသောက်ပြီး အသိတွေနှင့် ခဏမျှအချိန်ဖြုန်းပြီးသွားကြတော့ ပြန်ဖို့ရာပြင်လိုက်သည်။ ဂျွန်ဂျောင်ဂုက ခဏလေးအတွင်းမှာကို သူ့ကိုလာနှုတ်ဆက်တဲ့ မိန်းမပျိုလေးတွေက မနည်းမနှော..

" ငါတို့ပြန်ကြရအောင် ငါဦးစီးယွန်ကို သွားနှုတ်ဆက်လိုက်အုံးမယ် "

သူ စကားလက်ဆုံကျနေတဲ့ ဂျွန်ဂျောင်ဂုနား တိုးကပ်ပြောလိုက်တော့ သူက လှည့်ကြည့်လာပြီး ခေါင်းညိတ်ပြလာသည်။ ဆော့ဂျင်နေရာမှထကာ ဦးစီးယွန်ကို ရှာလိုက်သည်။ ဧည့်သည်တွေကြားမှာ ဦးစီးယွန်ကို ရှာတွေ့သွားတော့ ဦးစီးယွန်က သူ့အတွက်ပြင်ဆင်ထားတဲ့လက်ဆောင်ပေးချင်သေးတယ်ဟုဆိုလာ၍ သူအိမ်တော်ထဲကို ခဏလိုက်လည်ဖြစ်လိုက်သည်။ ဦးစီးယွန်က အိမ်တော်ရဲ့သီးသန့်ခန်းထဲတွင် လက်ဆောင်သွားယူနေတဲ့အချိန် သူဧည့်ခန်းတွင် ထိုင်စောင့်နေလိုက်သည်။ ခဏနေတော့ ဦးစီးယွန်က လက်ထဲ ပစ္စည်းတချို့ကိုင်ကာ ပြန်ရောက်လာခဲ့သည်။

" ဆော့ဂျင် ဒါက ကိုယ်ကိုယ်တိုင်လုပ်ထားတဲ့ အသီးဝိုင်လေ သက်တမ်းအားဖြင့် ဆယ်နှစ်လောက် ရှိတော့မယ်သိလား "

" အာ.. ဒီလိုလက်ဆောင်ကောင်းကို ကျွန်ုပ်လက်ခံလို့ ဖြစ်ပါမလား "

" လာ ကိုယ်တို့တစ်ခွက်လောက် အတူတူသောက်ရအောင် "

ဦးစီးယွန်က တစ်ပါတည်းယူဆောင်လာတဲ့ ဝိုင်ခွက်အလှလေးဖြင့် တစ်ယောက်တစ်ခွက်‌စီငှဲ့ကာ သူ့ဘက်တစ်ခွက်ကမ်းပေးလာသည်။

" ဒီအသီးဝိုင်က အရက်ပါဝင်မှုနည်းလို့ ဆော့ဂျင်ကြိုက်မှာပါ။ ဒီဝိုင်မှာ ကိုယ်ပိုင်ဇာတ်လမ်းလေးရှိတယ် ဆော့ဂျင်သိချင်လား "

" သိခွင့်ရမယ်ဆိုရင် သိချင်မိပါတယ် "

ဆော့ဂျင်ပြန်ဖြေလိုက်တော့ ဦးစီးယွန်က ဝိုင်ခွက်ကို ခဏမျှစိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ ခေါင်းကိုငုံ့သွားသည်။

" ဒါကလေ ကိုယ်နဲ့ကိုယ့်ဇနီးသည် အတူတူတည်ခဲ့ကြတဲ့ဝိုင်လေးပဲ  ကိုယ်တို့ အတူတည်ပြီး နောက်ဆယ်နှစ်ကနေစပြီး ကိုယ်တို့နှစ်ပတ်လည်နေ့တွေမှာ အတူသောက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ အကောင်အထည်ဖော်ခဲ့ကြတာလေ .. အခုမှပထမဆုံးအကြိမ် ထုတ်ဖောက်မိသလို ဒီအကြောင်းတွေကိုလည်း ဆော့ဂျင်ကိုပဲ ပထမဆုံးပြောပြဖူးတာပဲ.. "

ဆော့ဂျင်ဝိုင်ခွက်ကို တင်းတင်းဆုပ်ကိုင်ထားမိပြီး သူဘာပြန်ပြောရမလဲမသိ။ ဦးစီးယွန်ကိုနှစ်သိမ့်ပေးဖို့ ကြည့်လိုက်ပေမဲ့ ဦးစီးယွန်ရဲ့မျက်ဝန်းတွေက အရမ်းကြီးအထီးကျန်မနေတာမြင်ရတော့ စိတ်သက်သာရာရသွားပြီ။ သူလူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ မသိဘူး။

" ဆော့ဂျင်ကို ကိုယ်ဘာလို့ဒီ‌အကြောင်းတွေပြောပြနေမိလည်းဆိုတာ မသိတော့ဘူး စိတ်ရှုပ်သွားပြီထင်တယ်.. "

" ဆော့ဂျင် ဒီနေ့ကိုယ့်မွေးနေ့ပွဲကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် ကိုယ့်မွေးနေ့ကို မင်းနဲ့အတူ ဖြတ်သန်းချင်တာမလို့ ကိုယ့်ဆန္ဒတစ်ဝက်ပြည့်သွားပြီလို့ ပြောလို့ရမယ်.. "

" တကယ်က.. "

ဦးစီးယွန်က ခဏရပ်သွားပြီးမှ အဝေးကိုကြည့်ကာ ဆက်ပြောလာသည်။

" ကိုယ်မင်းနဲ့ မွေးနေ့တင်ပဲမဟုတ်ဘဲ နေ့ရက်တိုင်းမှာ အတူရှိချင်တာက ကိုယ့်ရဲ့အမြဲတမ်းရှိ‌နေတဲ့ ဆန္ဒပါ ကိုယ်မင်းကို နောက်တစ်ကြိမ်ထပ်ပြီး ဖွင့်ပြောပါရစေ.. ဆော့ဂျင်.. ကိုယ့်ကိုလက်ထပ်နိုင်မလား "

" ဦးစီးယွန်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ ကျွန်ုပ်တောင်းပန်ပါတယ်.. "

" အမြဲတမ်း ကိုယ့်ကို ငြင်းခဲ့ပေမဲ့လည်း ဒီနေ့မှာတော့ အပြီးအပိုင်စွန့်လွှတ်ရတော့မယ်မှန်းသိလို့ထင်တယ်  ပိုနာကျင်ရတယ် "

" တောင်းပန်ပါတယ် ကျွန်ုပ်ဘက်က ဦးစီးယွန်ကို နာကျင်စရာတွေပဲ ပေးနေခဲ့မိပြီ.. "

ဆော့ဂျင်သူ့မှာတောင်းပန်ရုံကလွဲပြီး ပြောစရာစကားရှာမတွေ့ခဲ့.. သူ့မှာဆယ်ခါပြောဖို့အခွင့်အရေးရှိရင်တောင် တောင်းပန်စကားနဲ့ ကျေးဇူးတင်စကားကလွဲရင် ဘာမှထွက်လာမှာမဟုတ်ဘူး..

" ဆော့ဂျင်တောင်းပန်စရာမလိုပါဘူး ဆော့ဂျင်ကိုယ့်ကိုသဘောမကျနိုင်တာက အမှားမှမဟုတ်တာ.. ဒါက ဘယ်သူ့အမှားမှ မဟုတ်ပါဘူး ကိုယ်ကသာ သိလျက်နဲ့ အနာကျင်ခံပြီး မြူမှုန်တစ်မှုန်လေးဖြစ်ဖြစ် မျှော်လင့်ချက်နဲ့ ဖွင့်ပြောချင်ခဲ့တာပါ ကိုယ်နောက်ဆုတ်တဲ့အခါ ပိုပြီးသေချာချင်လို့.. "

" ကိုယ်မင်းနှလုံးသားကို မြင်နေရတယ် မင်းဘယ်သူ့အပေါ်စိတ်‌ယိုင်ပြီး မေတ္တာသက်ဝင်နေလဲဆိုတာ ကိုယ်မြင်လိုက်ရတယ် "

" ဆော့ဂျင်.. ဘယ်သူနဲ့ပဲ ရှိနေနေ ပျော်ရွှင်နေဖို့က အဓိကပါ။ ကိုယ့်ကိုအားနာတယ်၊ ကိုယ်နာကျင်ရတယ်လို့ ခံစားရရင် ကိုယ်စိတ်ချရအောင် ဆော့ဂျင်က ပျော်ရွှင်နေပေးပါ.. ဒါမှ ကိုယ်လည်းနောင်တတရားမရှိ လက်လွှတ်လိုက်နိုင်မှာ  ကိုယ်မပိုင်ဆိုင်ရပေမဲ့ မင်းပျော်နေတာမြင်ရတဲ့အခါ ကိုယ်လည်းပျော်မိမယ်ထင်တယ် ကိုယ်မင်းကိုပိုင်ဆိုင်ချင်တာက မင်းကိုပျော်ရွှင်စေချင်လို့လေ မင်းကိုယ်နဲ့အတူမရှိတဲ့အခါလည်း မင်းသာပျော်နေမယ်ဆိုရင် ကိုယ်မပိုင်ရလည်း ဘာမှမဖြစ်ဘူး။ ဒါကြောင့် ကိုယ်မင်းကို တစ်သက်လုံးပျော်ရွှင်စေချင်တယ် ဆော့ဂျင်.. "

__________________________

အပြန်လမ်းက တိတ်ဆိတ်လို့နေသည်။ သူမကြာခဏဆိုသလို ကားမောင်းနေရင်း ကင်မ်ဆော့ဂျင်ဘက်ကို တကြည့်ကြည့်နဲ့ အကဲခတ်နေပေမဲ့ ထိုလူက ကားအပြင်ဘက်ကိုသာ အကြည့်ပို့ထားသည်။ သူတို့မပြန်ခင် ကင်မ်ဆော့ဂျင်က ထိုသက်ကြီးကောင်ကို သွားနှုတ်ဆက်မည်ဖြစ်ကြောင်း ပြောပြီး ထသွားတော့ ခဏကြာလာပြီလို့ ခံစားရတဲ့အခါ သူကင်မ်ဆော့ဂျင်ကို ပြန်ခေါ်ဖို့ ထိုသူနောက်ဆိုပြီး ထလိုက်ခဲ့သည်။ သူခြံအလုပ်သမားတစ်ယောက်ကို ထိုသက်ကြီးကောင်ဘယ်မှာရှိနေလဲ မေးကြည့်တော့ ထိုသူက အိမ်တော်ထဲတွင် ရှိနေသည်ဆိုတာနဲ့ သူအိမ်တော်ထဲသို့ ထွက်လာခဲ့သည်။ ထိုအခါ သူကြားလာခဲ့တဲ့ စကားတွေကြောင့် ကင်မ်ဆော့ဂျင်ကို သွားခေါ်ဖို့ခြေလှမ်းတွေ ရပ်လိုက်ပြီး သူတို့စကားစမပြတ်ခင် ပြန်လာခဲ့လိုက်သည်။

ထိုဘိုးတော်က ကင်မ်ဆော့ဂျင်ကို လက်ထပ်ခွင့်တောင်း‌ဆိုနေတာကို သူကြားခဲ့သည်။ သူဒေါသမထွက်မိတာက ကင်မ်ဆော့ဂျင်က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်တာကြောင့်ပင်။ ချက်ချင်းငြင်းဆန်ခဲ့ပေမဲ့ အခုလိုမှိုင်တွေသွားတာက ဘာဖြစ်ချင်နေပြန်တာလဲ.. ပြောပြီးမှ နောင်တရနေတာလား

ထိုလူပုံမှန်ဟုတ်မနေတာကိုမြင်တော့ သူစိတ်မသက်မသာဖြစ်နေ‌မိသည်။ ငြင်းလိုက်ရလို့ ပြီးမှနောင်တရနေတာတော့ မဟုတ်ဘူးမလား။ သက်ကြီးကောင်က လူကသာ လူအိုစာရင်းထဲရောက်နေတာ အနုအရွစကားတွေက လူနဲ့မလိုက်အောင် ပြောတတ်သေးသည်။ ထိုသူရဲ့ သနားကမားအပြောတွေကြောင့် သူပင် မျက်ရည်ကျတော့မတတ်ဖြစ်သွားတော့မလို့.. ကင်မ်ဆော့ဂျင်သာ‌ဆိုရင် ပြောစရာမလိုလောက်အောင် ရင်ထဲထိနေနိုင်တယ်။ အခုလိုမှိုင်တွေနေတာက ထိုဘိုးတော်ကို ငြင်းလိုက်ပြီးမှ သနားနေတာလား.. နောင်တရနေတာလား..

" အဟမ်း.. "

သူရှေ့တူရှုကိုကြည့်ရင်း ချောင်းတစ်ချက်ဟန့်လိုက်ပေမဲ့ သူ့ဘေးက ဘာလှုပ်ရှားမှုမှ မခံစားလိုက်ရတော့ သူမျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်သည်။ ကင်မ်ဆော့ဂျင်က မူလကအတိုင်း တုတ်တုတ်မလှုပ် အသက်တောင်ရှူရဲ့လားမသိ..

" အဟမ်း! "

သူဆက်တိုက်ကြည့်နေရင်း ခုနကထက်ကျယ်တဲ့ လုပ်ချောင်းတစ်ခု ထပ်ဟန့်လိုက်သည်။ ထိုအခါတွင်တော့ အနည်းငယ်လှုပ်ရှားသွားပြီး အကြည့်တွေက ကားတံခါးဘက်ကနေ ခေါင်းပြန်လှည့်လာသည်။ ဒါပေမဲ့ သူကြည့်နေမှန်းကိုတော့ သိပုံမပေါ်တော့ သူစိတ်မရှည်တော့!!

" ခင်ဗျားဘာဖြစ်နေတာလဲ "

" ဟမ် "

" ကျုပ်ဒီလောက်ချောင်းဆိုးနေတာ ခင်ဗျားမကြားဘူးလား "

" ငါမကြားဘူး.. မင်းနေမကောင်းလို့လား "

" မဟုတ်ဘူး.. ခင်ဗျားပြန်မယ်ဆိုပြီး သွားနှုတ်ဆက်နေတာ အကြာကြီးပဲ သူနဲ့ဘာတွေပြောနေတာလဲ သူကခင်ဗျားကို မွေးနေ့လက်ဆောင်ဆိုပြီး သူဖြစ်ချင်တဲ့ဆန္ဒကို အတင်းဖြည့်ဆည်းခိုင်းနေတာမလား "

သူတမင်စကားလမ်းကြောင်းပေးလိုက်တော့ ထိုသူက ရှေ့ကိုပြန်ကြည့်ပြီး မျက်လုံးတွေက မှိုင်တွေသွားပြန်သည်။ အနည်းငယ်ကြာတော့မှ အသံတိုးတိုးက ထွက်ပေါ်လာသည်။

" အဲလို မဟုတ်ပါဘူး.. "

" အဲလိုကဘာလဲ "

" အတင်းအကြပ်မဟုတ်ဘူး.. ဒီအတိုင်းပဲ အားလုံးပြီးသွားပါပြီ "

" ဘာကိုပြောချင်တာလဲ "

" ရှေ့လျှောက် သူငါ့ကိုထပ်ပြီး တွယ်ကပ်နေတော့မှာမဟုတ်ဘူး‌ဆိုတာ.. "

" အဲဒါကို ခင်ဗျားက စိတ်မကောင်းဖြစ်နေတာလား အဲဒီဘိုးတော်က ထပ်ပြီးမတွယ်ကပ်တော့မှာကို စိတ်မကောင်းဖြစ်ပြနေတာလား "

" မင်းနားလည်မဲ့ကိစ္စမဟုတ်ဘူး ငါတို့ဒီ‌အကြောင်းမပြောကြနဲ့စို့  ဘာပဲပြောပြော ထပ်ပြီး ငါတို့ဒီကိစ္စအတွက်နဲ့ ငြင်းခုံစရာအကြောင်းမရှိတော့ဘူး ငါတို့အကြောင်းပြောတဲ့အခါ သူ့ကိုဆွဲမထည့်ကြနဲ့စို့ သူကငါတို့ကြားကနေ နောက်ဆုတ်ပြီးကျန်ထားခဲ့ပြီ ငါတို့စကားဝိုင်းထဲ သူ့ကိုဆွဲမခေါ်ဘဲနေရအောင် "

" ကျစ်! ကျုပ်နားလည်မဲ့ကိစ္စမဟုတ်ဘူးဆိုတာက ဘာလဲ ခင်ဗျားဘိုးတော်ပြောသလို အနုအရွစကားတွေ နားမလည်နိုင်ဘူးလို့ ပြောချင်တာလား "

ထိုအခါ ကင်မ်ဆော့ဂျင်က သူ့ကိုကြည့်လာသည်။ သူကားကို လမ်းဘေးနေရာမှာ ထိုးရပ်လိုက်သည်။

" ခင်ဗျားကိုလက်ထပ်ခွင့်တောင်းတာနဲ့ပတ်သက်ပြီး ကျုပ်နားမလည်ပေးနိုင်မှာကို ပြောချင်တာလား.. အခုခင်‌ဗျားက ငြင်းပြီးမှ သနားနေတာလား ငြင်းလိုက်ရလို့ နောင်တရနေတာလား.. ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်အုံး ကျုပ်ကိုဘယ်လိုနားလည်စေချင်နေတာလဲ "

" မင်းနားမလည်ဘူးလို့ ငါပြောသားပဲ မင်းသိတာ သူများခံစားချက်ကိုလှောင်ဖို့ အားနည်းချက်ကို ချနင်းဖို့ မင်းထင်သလိုစွပ်စွဲဖို့.. မင်းဘဝတစ်လျှောက်လုံး မင်းစိတ်ကြိုက်ထင်သလိုနေခဲ့ရလို့ ငါဘာမှမပြောလိုပေမဲ့ တစ်ပါးသူကို မင်းထင်သလိုခေါင်းစဉ်တပ်စွပ်စွဲနေတာကိုတော့ ငါဘယ်အချိန်ထိ နားလည်ပေးနေရမှာလဲ "

" အခုပြဿနာက ခင်ဗျားဘိုးတော်ကို ငြင်းခဲ့ရလို့လား! ခင်ဗျားနောင်တရသလို မှိုင်တွေနေတာကို ကျုပ်ကနားမလည်ပေးနိုင်လို့လား!! ဘာကပြဿနာလဲရော ခင်ဗျားကိုယ်ခင်ဗျားသိရဲ့လား.. ခင်ဗျားအဲဘိုးတော်ဆီကပြန်လာကတည်းက အခုလိုဖြစ်နေတာကို ကျုပ်ကဘယ်လိုနားလည်ပေးရမှာလဲ ဟမ် "

" မင်းက မင်းထင်သလိုစွပ်စွဲပြောဖို့ပဲ မင်းသိတာ မင်းငါ့ကို ဘာဖြစ်နေတာလဲဆိုတာ တစ်ခွန်းမေးလား မင်းကမင်းထင်သလို စိတ်ကြိုက်ခေါင်းစဉ်တပ်ဖို့လောက်ပဲ စိတ်ထဲရှိနေတာလေ ငါဘာတွေတွေးနေလဲ မင်းသိလား မင်းသိရောသိချင်ရဲ့လား ဟမ် "

" ခင်ဗျားစောက်ပြဿနာက အဲလူနဲ့ပတ်သက်ပြီးမဟုတ်ရင်ဘာလဲ သူကလက်ထပ်ခွင့်တောင်းလိုက်တာနဲ့ ခင်ဗျားအခုလိုဖြစ်နေတာမဟုတ်ဘူးလား ခင်ဗျားမှာ ဆင်ခြေအသင့်ရှိနေသေးရင်လည်း  ပြောလိုက်လေ "

" ငါကဘာလို့အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရနေရမှာလဲ ငါသာနောင်တရနေမှာကြောက်ရင် အရင်ကတည်းကဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် ငါအချိန်မရွေးလက်ခံလိုက်လို့ရနေတာပဲမလား ငါနောင်တရမဲ့ရ မင်းနဲ့ပတ်သက်ပြီးပဲ နောင်တရမိမယ်ထင်တယ် မင်းနဲ့ပတ်သက်ခဲ့လို့ ငါအခုလိုတွေဖြစ်နေခဲ့တာမလား မလိုအပ်တဲ့အတွေးတွေ စိုးရိမ်စိတ်တွေ စွပ်စွဲချက်တွေ အားလုံးက မင်းနဲ့မှ! မင်းနဲ့မှ! သိရဲ့လား!! မင်းကသာအမြဲ ငါ့ကိုအဲလိုဖြစ်အောင်လုပ်နိုင်တာ.. "

ဆော့ဂျင်စိတ်ထဲရှိသလို အော်ဟစ်ပြီးတဲ့နောက် သူရဲ့စူးရဲရဲဒေါသမျက်ဝန်းတွေကိုမြင်တော့ သူစိတ်ပြန်လျှော့လိုက်သည်။

" ဒါကြောင့် မင်းနားမလည်ဘူးလို့ပြောတာ ငါ့ခံစားချက် အတွေးတွေကို မင်းဘယ်တုန်းကမှ နားမလည်သလို နားလည်ကြည့်ဖို့လည်း မင်းစိတ်မဝင်စားဖူးဘူး မင်းမှာလေးနက်တဲ့ဘာခံစားချက်မှမရှိဘူး "

ဆော့ဂျင် သူကိုယ်သူဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်တော့ဘူး။ ဦးစီးယွန်ရဲ့စကားတွေက သူ့ကိုအားနာတာကလွဲရင် ဘယ်လိုမှခံစားရမှာမဟုတ်ဘူး။ ဒါပေမဲ့ ထိုစကားတွေကနေ သူနှင့်သူ့လက်ရှိဆက်ဆံရေးကို တွေးမိစေသည်။ သူဟာဂျွန်ဂျောင်ဂုနဲ့ အဆင်ပြေနေပြီလို့ထင်‌ရပေမဲ့ ဘယ်အထိလဲ ဘယ်လောက်အတိုင်းအတာထိလဲ..တစ်သက်လုံးဆိုတာက ဖြစ်နိုင်မှာတဲ့လား.. သူ့ဘက်က သူနဲ့အဆင်ပြေသလောက် သူ့သဘောကျနေလိုက်မယ်လို့ အမြဲတွေးထားပေမဲ့ သူ့စိတ်အနက်ရှိုင်းဆုံးတစ်နေရာမှာ ကွက်ဝှက်ထားတဲ့သူ့အတွေးတွေရှိတယ်ဆိုသာ သူသာလျှင်သိသည်။ သူထိုအတွေးတွေကို သူ့ကိုမသိစေချင်ဘူး။ သိအောင်ပြဖို့လည်း သူ့မှာစိတ်ကူးမရှိဘူး။

ဒီနေ့မှ.. ဒီနေ့မှ.. သူ့ခံစားချက်တွေ အဆုံးအစွန်ထိ ပွင့်ထွက်ကုန်သည်။ သူတစ်ခါမှ ပြောဖို့စိတ်မကူးဖူးတဲ့စကားတွေက ဖိနှိပ်ခံရပါများပြီး စိတ်ရှုပ်ထွေးရလွန်းလို့ ပြောရမဲ့စကားလား ထိန်းချုပ်ထားရမဲ့စကားလား သူခွဲခြားလို့မရနိုင်တော့ဘူး။ သာမန်အချိန် သူဒီလိုစကားမျိုးပြောဖို့ ဘယ်တော့မှစိတ်ကူးမရှိခဲ့ဘူး။ သူထုတ်ပြောဖို့မရှိတဲ့အတွေးတွေက ဟိုးအောက်ခြေမှာ နစ်မြှုပ်နေရာကနေ ဒီနေ့မှာတော့ အရာအားလုံးက အလွယ်တကူပွင့်ထုတ်လာပြီး ထိုစကားတွေက သူ့ပါးစပ်ကနေ ထွက်ကျလာခဲ့ပြီ.. သူဘယ်လိုမြင်နေမလဲ သူ့အတွေးတွေကို သူဘယ်လိုထင်မြင်သွားမလဲ။

" ခင်ဗျားက.. တောက်ခ်! ခင်ဗျားကရော ကျုပ်အကြောင်းဘယ်လောက်သိလို့ ဝေဖန်နေရတာလဲ ဟမ် ကျုပ်အကြောင်း သိပ်သိလှနေပြီပေါ့.. ကျုပ်သာခင်ဗျားအပေါ် လေးနက်တဲ့ခံစားချက်ရှိမနေရင် ခင်ဗျားနဲ့ကျုပ် ဒီလိုအခြေအနေအထိတောင် ရောက်လာမှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိရဲ့လား ဟမ် ကျုပ်အကြောင်း သိပ်တွေသိနေပြီပေါ့လေ ဟမ် ခင်ဗျားမှတ်ဉာဏ်ထဲမှာ ကျုပ်က မိန်းမရှုပ်တတ်တဲ့ လူရှုပ်လူပွေ ဘာအတွေးမှမရှိတဲ့ လူပေါ်လူညံ့ပဲလို့ ခင်ဗျားမှတ်ထားတာမလား ဟမ် ကျုပ်လိုလူက ခင်ဗျားလိုယောကျာ်းနဲ့ ဒီလောက်အချိန်အထိ ခင်ဗျားအနားမှာရှိနေခဲ့တာတောင် ခင်ဗျားကကျုပ်ကို အခုလိုထင်မြင်နေသေးတယ် ဟမ် ခင်ဗျားကရော ဘာများကောင်းနေခဲ့လို့လဲ ဟမ် ခင်ဗျားကိုကြိုက်နေတဲ့လူက ကျုပ်ထက်သာတဲ့နေရာတွေကြည့်ပြီး ခင်ဗျားကကျုပ်ကို အပြစ်ရှာချင်နေတာလား ဟမ် ပြောပါအုံး "

ဆော့ဂျင်အားလုံးကို ရပ်တန့်ချင်ရင်တောင် အချိန်မမီတော့ဘူး။ သူဘာ‌လို့ဒီလိုအတွေးတွေကို ထိန်းချုပ်ထားခဲ့လဲဆိုတာ သိပြီမလား.. ဖြစ်ပျက်သမျှ သူနောင်တမရချင်တော့ဘဲ ဒီနေ့ကိစ္စကို အဆုံးထိသွားလိုက်ဖို့ပဲ သူတွေးလိုက်သည်။ အားလုံးက သူ့အပေါ်မှာပဲမူတည်တယ် သူသာလျှင် ဖြေရှင်းနိုင်လိမ့်မယ်။

" အဲတော့ မင်းဘယ်လိုလုပ်ချင်လဲ မင်းအတွေးနဲ့မင်းဆိုရင်လည်း မင်းမှန်တယ် ငါ့အတွေးနဲ့ငါဆိုရင်လည်း ငါမမှားဘူး ဒါကြောင့် မင်းဘာလုပ်ချင်လဲ ငါတို့ဆက်ဆံရေးက ငါ့ဘက်က ဆုံးဖြတ်လို့ရတာမျိုးမရှိဘူးမလား မင်းဆုံးဖြတ်လိုက် မင်းထင်သလိုလုပ်လိုက်လို့ရတယ် လမ်းခွဲတာပဲဖြစ်ဖြစ် ရှေ့ဆက်သွားတာပဲဖြစ်ဖြစ် မင်းသဘောကျလုပ် "

" ခင်ဗျားက!!! ဟမ် အကြောင်းပြချက်ကဘာလဲ ရှေ့ဆက်သွားတာပဲဖြစ်ဖြစ် လမ်းခွဲတာပဲဖြစ်ဖြစ် အကြောင်းပြချက်ကဘာလဲ ဟမ် ခင်ဗျားကျုပ်ကို ပိုက်ဆံကြောင့် အနားကပ်ခံခဲ့တာသိပေမဲ့ ကျန်တဲ့အပြုအမူနဲ့ခံစားချက်တွေက လုပ်ယူခဲ့တာမလို့လား ဟမ် ပြောစမ်း!! "

" မင်းကိုသဘောကျတာက စိတ်ရင်းအမှန်ပဲ ငါမင်းကိုသဘောကျလွန်းလို့ အခုလိုမျိုးတွေဖြစ်နေတာ မင်းမသိဘူးလား ဦးစီးယွန်က ငါ့အပေါ်တကယ်ကောင်းပြီး ကြင်နာတတ်တဲ့သူဆိုတာတောင် ငါသူ့အပေါ် တစ်ချက်မှ စိတ်မယိုင်ဘူး။ ဒီနေ့သူ့စကားတွေက ငါ့စိတ်ကိုအတွေးများသွားအောင် လုပ်နိုင်စေလို့ အခုလိုဖြစ်သွားရတာ.. အဲဒါကလည်း မင်းကြောင့်ပဲ မင်းကိုတွေးမိသွားလို့ .. "

" မင်းနဲ့ငါ‌ရဲ့အနာဂတ်ကို ငါတွေးမိသွားလို့.. ငါတို့တစ်သက်လုံးပျော်နိုင်ပါ့မလား မင်းကို မိန်းမနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ငါ့အရင်ကသဘောထားက ရိုးရှင်းပေမဲ့ ငါမင်းရဲ့ပထမ ဒုတိယ တတိယ နောက်လူ.. တစ်ခုမှမဖြစ်ချင်ဘူး အဲဒါကြောင့် အနာဂတ်မှာ အဲလိုတွေရှိလာရင် ငါ့အတွက်ပိုခက်ခဲမှာမလို့ အခုကတည်းက ငါတို့ဆက်ဆံရေးကို ပြန်သုံးသပ်ကြည့်ကြမလား တကယ်လို့ မင်းအတွက် ငါတစ်ယောက်တည်းက အဆင်မပြေဘူးဆိုရင် ငါတို့ရှေ့ဆက်မတိုးတာ ကောင်းလိမ့်မယ် ငါတခြားတစ်ယောက်နဲ့အတူရှိနေမှာမျိုးကို မင်းစိတ်ပူစရာမလိုဘူး မင်းတစ်ယောက်တည်းအတွက် ရှိနေပေးမယ် ခံစားချက်တွေကိုတော့ ဒီလောက်နဲ့ပဲ ရပ်တန့်ထားလိုက်မယ် အဲဒါက ငါ့အတွက် သက်သာမယ်ထင်တယ် "

" ခင်ဗျားစကားကို ဘယ်လိုယုံရမှာလဲ ဟမ် သဘောကျတယ် ဟက် ဟုတ်ရဲ့လား ကျုပ်ကိုသဘောကျတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ဟမ် ကျုပ်က ခင်ဗျားအတွက် အကူအညီဖြစ်ခဲ့လို့ ခင်ဗျားအခုလိုဖာထေးပြောနေခဲ့တာမလား ဟမ် ခင်ဗျားသာကျုပ်ကိုသဘောကျတယ်ဆိုရင် ခင်ဗျားပါးစပ်က ဒီလိုမျိုးထွက်လာပါ့မလား.. "

" ငါမင်းကိုသဘောကျ‌လို့ပဲ အခုလိုဆုံးဖြတ်ချက်မျိုး.. "

" ဒါဆိုဘာလို့ လက်ထပ်မယ်ဆိုတာမျိုး ခင်ဗျားပါးစပ်က တစ်ခွန်းမှမထွက်ရတာလဲ "

ထိုစကားတစ်ခွန်းက ဆော့ဂျင်ပါးစပ်ကို အာစေးမိသွားအောင် လုပ်နိုင်စေသည်။ လက်ထပ်တယ်.. ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတဲ့ဘဝက ဘဝမှာပျော်ရွှင်စရာအကောင်းဆုံးကိစ္စပဲ ဟုတ်တယ်မလား..

" ခင်ဗျားကျုပ်နဲ့လက်ထပ်ချင်လား "

" ငါ.. "

သူချက်ချင်းပြန်မဖြေနိုင်။ အဖြေနှစ်ခုကြားမှာ သူလွန်ဆွဲလို့နေသည်။ သူငြင်းဆန်ရမဲ့စကားတွေ ပျောက်ရှချ‌င်နေပြီ။ ငြင်းဆန်ရမဲ့စကားတွေက အချိန်အကြာကြီးနေမှ ခက်ခက်ခဲခဲနဲ့ သူ့နှုတ်ဖျားက ထွက်လာခဲ့သည်။

" ငါ.. မင်းနဲ့ လက်မထပ် ချင်ဘူး "

သူ့အဖြေစကားကြောင့် သူ့မျက်လုံးထဲက စူးနစ်စိုက်ဝင်နေတဲ့ ဒေါသတွေကို မြင်လိုက်ရသည်။

" ကောင်းပြီလေ ခင်ဗျားသဘောထားကို ဘာမှပြောနေစရာအကြောင်းမရှိတော့ဘူး ခင်ဗျားနေရာခင်ဗျားသိတာကောင်းတယ် ခင်ဗျားပြောသလို ကျုပ်က ရှုပ်ပွေတတ်တဲ့ယောကျာ်းတစ်ယောက်ပဲ ကျုပ်ဗီဇအတိုင်းပဲ ကျုပ်က ဆက်ပြီးပွေရှုပ်နေအုံးမှာမလို့ ခင်ဗျားဆန္ဒအတိုင်း ဖြစ်စေရမယ် "

____________TBC 

ဘယ်လိုထင်လဲ ဘာတွေဆက်ဖြစ်မယ်ထင်လဲ ဒါက ဇာတ်လမ်းရဲ့ သုံးဆစ်ချိုးလို့ ပြောလို့ရတယ် ပထမတစ်ဆစ်ချိုးက သူတို့နှစ်ယောက် ဆက်ဆံရေးအစပျိုးခဲ့တာလေးကို ပြောလို့ရတယ် ဒုတိယကတော့ သူတို့အချင်းချင်း ခံစားချက်တိုးပြီး နားလည်မှုလွဲကြတဲ့အပိုင်းလေး ဒါက တတိယအဆစ်ချိုး နောက်တစ်ဆစ်ချိုး ကျန်သေးတယ် မကြာခင်တွေ့မယ်

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories