Fanfics

ep43

16:12, 22 December 2023

ဒီနေ့သူ သူပါဝင်တည်ထောင်ထားတဲ့ လူမှုအသင်းကြီးရဲ့ လုပ်ငန်းဆောင်တာကိစ္စရပ်များနှင့်ပတ်သက်ပြီး တစ်ဖက်မြို့ဆီသို့ ရောက်နေတာဖြစ်သည်။ အသင်းက သူတို့မြို့လေးတွင် ကောင်းစွာအခြေကျနေပြီးတော့ တစ်ဖက်မြို့မှ လုပ်ငန်းရှင်အချို့ကလည်း  သူတို့အသင်းအား စိတ်ဝင်စား၍ ပူးပေါင်းဆောက်ရွက်မှုများ ကမ်းလှမ်းလာကြသည်။

လူမှုအသင်းတည်ထောင်ရခြင်း ရည်ရွယ်ချက်က သူတို့လို မျိုးရိုးနိမ့်တွေနဲ့ အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်သည်။ အလုပ်အကိုင်ရှာဖွေရေးနှင့် အရင်းအနှီးချေးငွေသတ်မှတ်ပေးပြီး လူတိုင်းအလုပ်အကိုင်ရရှိပြီး ဆင်းရဲသားလူတန်းစားပပျောက်စေရန် ရည်ရွယ်သည်။ အသင်းစတင်တည်ထောင်တုန်းက လုပ်ငန်းရှင်တချို့ကို ပါဝင်ဖို့စည်းရုံးခဲ့ကြသေးပေမဲ့ ငြင်းပယ်မှုများနှင့်သာ ကြုံခဲ့ရပြီး သူနှင့်လက်တွဲချင်သူ လေးငါးယောက်လောက်နှင့်သာ ရုန်းခဲ့ရသည်။ မမျှော်လင့်ဘဲ အသင်းက အချိန်အနည်းငယ်နှင့် အခြေကျလာပြီး ကောင်းကောင်းလည်ပတ်လာနိုင်ခဲ့သည်။

ကြာလေ ကြာလေ တိုးတက်မှုအလားအလာရှိလာခဲ့ပြီး တော်တော်များများက ဒီလူမှုကူညီရေးအသင်းကြီးရဲ့ ဖြစ်တည်မှုကို သိရှိလာကြသလို အခြေခံလူတန်းစားတွေအတွက် အကူအညီဖြစ်တယ်ဆိုတာ လက်တွေ့ခံစားလာရတဲ့အခါ သူတို့အသင်းက တော်တော်လေး အသိအမှတ်ပြုခံလာရသည်။ လုပ်ငန်းပညာပေး ဝင်ငွေစီမံရေး စသည့်စသည့် ပို့ဆောင်ချက်များကို အလျားသင့်သလို မျှဝေကူညီပေးသည်။

အချိန်အနည်းငယ်အတွင်းမှာပင် လူထုရဲ့အသိအမှတ်ပြုထောက်ခံမှုကို ရခဲ့ပြီး အစိုးရဆီက အသိအမှတ်ပြု သဝဏ်လွှာ‌ချီးမြှင့်ခြင်းခံထားရသည်။ ထိုသို့အသိအမှတ်ပြုလုပ်ဆောင်ချက်တွေကြောင့် လူကုံထံလုပ်ငန်းရှင်များက မျက်စိကျလာကြသည်။ အခုဆိုရင် ရန်ပုံငွေအမြောက်အမြား လက်ခံထားရပြီး ကောင်းကောင်းလည်ပတ်လာနိုင်ပြီဖြစ်သည်။

ဒီနေ့အသင်းတည်ထောင်သူအနေနှင့် သူရှေ့ဆက်လုပ်ရမည့် လုပ်ဆောင်ချက် ရည်ရွယ်ချက်တွေနှင့် လိုအပ်ချက်များကို ‌ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲက နှစ်နာရီမျှ အကြာတွင် ပြီးဆုံးသွားခဲ့သည်။ ဆွေးနွေးပွဲပြီးတော့ သူသူ့အခန်းဆီသို့ ပြန်လာခဲ့သည်။ တစ်ဖက်မြို့နဲ့ အသွားအလာက ခရီးထောက်လှသည်မလို့ ချက်ချင်းပြန်ဖို့မရှိဘဲ သူတစ်ယောက်တည်းလာသည်လည်း မဟုတ်၍ အဆင့်မြင့်ဇိမ်ခံတည်းခိုခန်းတစ်ခန်း ငှားယူထားလိုက်သည်။

သူ့နားနေခန်းပြန်ရောက်တော့ အိပ်ရာပေါ်တွင် မျက်လုံးတွေမှိတ်လျက် လဲလျောင်းနေတဲ့ တစ်ယောက်သောသူကို အရင်တွေ့လိုက်ရသည်။ အိပ်ပျော်နေလား‌ဆိုတာကိုတော့ သူလည်းမသိ။ သူအနားကို လျှောက်သွားလိုက်ပြီး အနီးနားက စားပွဲတွင် သူ့အိတ်ကို ချလိုက်ပြီး ဝတ်ထားတဲ့ အပေါ်ဝတ်ကို ချွတ်ကာ လွှားတင်လိုက်သည်။ ထိုအခါ သူ့လှုပ်ရှားမှုကြောင့်လား အိပ်မပျော်နေ၍လား အိပ်ရာပေါ်ကသူက မျက်လုံးတွေပွင့်လာသည်။

" နိုးသွားတာလား "

မနက်က တစ်ဖက်မြို့ကိုသွားစရာရှိတာမလို့ အိပ်ရာမှ စောစောထထွက်လာခဲ့ရသည်။ ကားက ခန့်မှန်းခြေ နှစ်နာရီလောက် မောင်းခဲ့ရသေးသည့်အပြင် သူတစ်ယောက်တည်းကသာ မောင်းလာခဲ့သည်ဖြစ်၍ ဆော့ဂျင်သူအိပ်ချင်နေအုံးမည် ထင်လိုက်သည်။ ပုံမှန်အတိုင်းပွင့်လာတဲ့မျက်လုံးတွေကြောင့် အိပ်ပျော်နေခဲ့တာလား‌‌ဆိုတာကိုတော့ ခန့်မှန်းရခက်သည်။ သူပုံအတိုင်းဆို အိပ်ပျော်မနေတာက ဖြစ်နိုင်သည်။

" ထတော့ ဗိုက်မဆာဘူးလား နေ့လယ်စာသွားစားမယ် အချိန်ရတုန်း မြို့ထဲလျှောက်ပတ်ကြည့်ရအောင် "

" ဘယ်အချိန်ရှိပြီလဲ "

" နေ့လယ်စာစားရမဲ့အချိန် "

" ပြီးသွားပြီလား ခင်ဗျားကိစ္စက "

သူက အိပ်‌ရာပေါ်က ခပ်ဖြည်းဖြည်းထထိုင်ပြီး မေးလိုက်သည်။ ဂျောင်ဂုက သူအလုပ်တွေရှုပ်နေတဲ့အပေါ် အကောင်းအမြင်တော့ သိပ်မရှိဘူး။ သူမေးတဲ့ ဘယ်အချိန်ရှိပြီလဲနဲ့ သူ့အလုပ်ပြီးသွားပြီးလား ဆိုတဲ့ အမေးက ဘယ်လောက်ထိကြာနေပြီလဲဆိုတဲ့ အဓိပ္ပာယ်ပဲ။

" ပူးပေါင်းဆောင်ရွက်မှုက ပြီးသွားပြီ ခဏနေ သူတို့စက်ရုံတွေလိုက်ကြည့်ဖို့ အလည်အပတ်ခေါ်ထားတယ် ထတော့ နေ့လယ်စာအရင်သွားစားကြမယ် မင်းမအိပ်နေဘူးမလား "

" သူဟာသူအိပ်ပျော်သွားတာ ပျင်းလွန်းလို့ "

ဆော့ဂျင် သူအိပ်ပျော်နေတာမဟုတ်ဘူးဆိုတာ သိသည်။ ဂျောင်ဂုက လွယ်လွယ်ကူကူမအိပ်ပျော်တတ်ဘူး။ သူက ညပိုင်းအချိန်တွေ‌မှာတောင် စောစောအိပ်လေ့မရှိဘူး။ မနက်ဆိုလည်း သူထတာက စောသည်။ အစက ဆော့ဂျင်သူပြောတဲ့ အိပ်မပျော်လို့ မနက်စောစောထသွားတယ်ဆိုတာကို မယုံခဲ့ဘူး။ အခုနောက်ပိုင်း သူတို့ တစ်အိပ်ရာထဲ အတူတူအိပ်ခဲ့ပြီးနောက်ပိုင်းမှ သူလက်တွေ့မြင်လိုက်ရသည်။ ဆော့ဂျင် သူ့နေထိုင်မှုပုံစံကြောင့် သူ့ကျန်းမာရေးကို စိုးရိမ်မိသည်။ အအိပ်နည်းသလို အစားအသောက်လည်းမမက်ဘူး။ အစားအသောက်ဆိုတဲ့ထဲမှာ ဆေးလိပ်နဲ့အရက်သေစာတွေကိုတော့ ထည့်တွက်လို့မရဘူး။ သူကအစားအသောက်မမက်ပေမဲ့ အရက်နဲ့ဆေးလိပ်ကိုတော့ စွဲစွဲလန်းလန်းသုံးတတ်လို့ သူသူ့ကျန်းမာရေးကို စိုးရိမ်နေရခြင်းဖြစ်သည်။ နေတာက စစ်တပ်မှာ အလုပ်ကစစ်သား လိုအပ်ရင်လိုအပ်သလို အားအင်အလွန်အကျွံသုံးစွဲမှုတွေက ပြုလုပ်ရသေးသည်။

အစားအသောက် ပုံမှန်စားပေမဲ့သူတစ်နေ့တာဖြုန်းတီးနေတဲ့အားအင်နဲ့ ပြန်လည်ဖြည့်တင်းလည်ပတ်ဖို့ဆိုတာက မမျှတသလိုခံစားရပြီး ဒီကြားထဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မူးယစ်သေစာတွေ မှီဝဲတတ်၍ ကြာရင် သူ့ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်မိသည်။ ဒါကြောင့် ဆော့ဂျင်သူ့ကို နည်းနည်းစားတာချင်းအတူတူ အားဖြစ်စေမဲ့ အ‌စားအသောက်တွေကိုသာ ရွေးချယ်ပေးထားလိုက်သည်။ အိပ်ချိန်ကိုလည်း သူကစောစီးစွာအိပ်ချင်လျှင် ဆော့ဂျင် အလုပ်တွေပစ်ထားလိုက်တော့ပြီး သူနှင့်အတူ အိပ်ရာဝင်လိုက်တော့သည်။ ချက်ချင်းမအိပ်ကြပေမဲ့လည်း သူတို့အတူအိပ်တာက သူ့အတွက်အိပ်ရေးဝစေသည်။ သူတို့တခုခုလုပ်ပြီးမှ အိပ်ရာဝင်ကြတယ်ဆိုလျှင် ပိုလို့ပင်  နှစ်နှစ်ခြိုက်ခြိုက်ရှိစေပြီး ပုံမှန်အချိန်ထဖို့ပင် ခက်ခဲလိမ့်မည်။

ဆော့ဂျင်ကသာ သူ့ကိစ္စအဝဝကို စိတ်ပူပြီး လိုက်ညှိပေးနေပေမဲ့ သူက သူ့ကိုယ်သူ ဘယ်လိုနေထိုင်ရမလဲဆိုတာ အတွေးပင်မရှိ။ ဒါပေမဲ့ သူဘက်က အလကားသက်သက် စိတ်ပူနေတာမျိုးလည်း ဖြစ်နိုင်ပါသည်။ အပေါ်ယံကြည့်လိုက်ရုံနှင့် သူက ဆော့ဂျင်ထက်အများကြီးပိုကျန်းမာပုံပေါ်နေမှန်း သိသာလှသည်။

" သွားကြမယ် "

သူတို့ အပေါ်ဝတ်အင်္ကျီထပ်‌ဝတ်လိုက်ကြပြီး ဇိမ်ခံတည်းခိုခန်းမှ ထွက်လာခဲ့ကြသည်။ နေ့လယ်စာအတွက် စားသောက်ဆိုင်ကောင်းကောင်းတစ်ဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။ သူရော ဆော့ဂျင်ရော ဒီမြို့တော်ကို အကြိမ်ရေတော်တော်များများ ရောက်ဖူးကြ၍ နေရာကောင်းတော်တော်များများကို သိထားနှင့်နေပြီ။ စားသောက်ပြီးသွားကြတော့ မြို့တော်ရဲ့ အထင်ကရနေရာများကို သွားရောက်လည်ပတ်ခဲ့ကြသည်။

သူတို့နေရာတော်တော်များများ လည်ပတ်ခဲ့ကြပြီးတော့ နေ့လယ်အချိန်လွန်သွားတဲ့အခါ ဂျောင်ဂုက သူအစီရင်ခံစာအချို့အတွက် မြို့တော်ရဲ့ အခြေစိုက်တပ်စခန်းဆီသို့ သွားဖို့လိုအပ်လာတဲ့အကြောင်း ပြောလာသည်။ သူတို့ကားလေး မြို့တော်ရဲ့တပ်မဟာဆီသို့ မောင်းနှင်လာခဲ့ကြသည်။ ဂျောင်ဂုအလုပ်တွေ များနေလားသူမသိ။ လတ်တလောတော့ သူအိမ်ကို ပြန်လာချိန်နည်းနေတာကိုတော့ သတိထားမိသည်။ သူဂျောင်ဂုကို အလုပ်နှင့်ပတ်သက်ပြီး တစ်ခါမှ အမေးအမြန်းမလုပ်ဖူးဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေက လျှို့ဝှက်လုပ်ဆောင်ရတယ်ဆိုတာကိုတော့ သူသိထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့တစ်ယောက်အလုပ်အကြောင်း တစ်ယောက်သိဖို့မလိုဘူးမလား.. ဂျောင်ဂုကိုယ်တိုင်ကလည်း သူ့အလုပ်တွေမှာ ဝင်စွက်ဖက်ခြင်းမရှိ။ သူတို့အပေးအယူစတင်တဲ့အချိန်ကတည်းက သူငွေသုံးစွဲမှုအပေါ် မည်မျှသုံးစွဲကြောင်း တစ်ခါမှတောင် မစစ်ဆေးခဲ့ဖူးဘူး။

သူတို့ကားလေး အနည်းငယ်မောင်းနှင်လာပြီးတော့ မြို့တော်ရဲ့တပ်မဟာနယ်နမိတ်အတွင်းသို့ ရောက်လာခဲ့ကြသည်။ သူတို့ကားလေး စစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့အခါ တာဝန်ကျစစ်သားက ဂျွန်ဂျောင်ဂုကို မြင်သည်နှင့် ချက်ချင်းအရိုအသေပေးလာပြီး အကူအညီ‌လိုသေးလား မေးလာသည်။ ဂျောင်ဂုက သူသွားလိုတဲ့နေရာကို ပြောပြလိုက်ပြီး ထိုစစ်သားက သူတို့ကို ခေါ်ဆောင်ပေးသွားသည်။ သူတို့အဆောက်အဦးတစ်ခုရဲ့ ဧည့်သည်တွေစောင်းဆိုင်းရမည့်နေရာ ရောက်လာတော့ ဂျောင်ဂုက သူ့ဘက်လှည့်လာသည်။

" ခင်ဗျားဒီမှာခဏစောင့်နေမလား ကျုပ်အခြေအနေကို စစ်ဆေးပြီးရင် ပြန်လာခဲ့မယ် "

" အင်း "

ဆော့ဂျင်သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး ခုံအလွတ်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ သူဝင်ထိုင်လိုက်ပြီးခဏတွင် သူတို့ကိုလိုက်ပို့သည့်စစ်သား‌သည်လည်း ပြန်ထွက်လာပြီး လာရာအတိုင်း ပြန်သွားလိုက်သည်။ သူခဏမျှစောင့်နေရပြီးတော့ ဂျောင်ဂုပြန်ထွက်လာခဲ့သည်။

" ပြီးသွားပြီလား "

" အင်း ထွေထွေထူးထူးမရှိပါဘူး ပြန်ကြမယ် ဒီကပြန်ပြီးရင် ဘယ်သွားချင်သေးလဲ "

" မရှိတော့ဘူး ‌.. ပြန်ပြီးပဲ အနားယူကြမလား "

သူတို့နှစ်ယောက် တည်းခိုခန်းဆီသို့ ပြန်ကြဖို့ကို သဘောတူလိုက်ကြပြီး လာရာလမ်းဆီသို့ ဦးတည်လိုက်ကြတဲ့အခါ ရင်းနှီးနေတဲ့ မျက်နှာတချို့နှင့် မျက်နှာချင်းဆိုင်မိသွားသည်။

ရေတပ်ဗိုလ်မှူးနှင့်ဇနီးသည်..

သူတို့က သူတို့နှင့် မလှမ်းမကမ်းကနေ အဆောက်အဦးဆီသို့ လာနေကြပုံရသည်။ ဆော့ဂျင်တို့ကို မြင်တော့မှ ခြေလှမ်းတွေ ရပ်လိုက်ပုံပဲ..

" အဟမ်း.. "

သူတို့လှည့်လာတာမြင်တော့ အကြည့်ချင်းဆုံလိုက်ကြပြီး ရေတပ်ဗိုလ်မှူးက ချောင်းတစ်ချက်ကို ဟန့်လိုက်သည်။

" အာ.. မင်္ဂလာပါ ရေတပ်ဗိုလ်မှူး.. မဒမ် မင်္ဂလာပါ.. "

သူအမြန်ပဲ နှုတ်ဆက်လိုက်တော့ တစ်ဖက်လူတွေကလည်း တန်ပြန်နှုတ်ဆက်လာကြသည်။ ဗိုလ်မှူးက သူ့ကိုနှုတ်ဆက်လာပေမဲ့ အကြည့်တွေက ဂျွန်ဂျောင်ဂုဆီမှာသာ ‌ရှိနေသည်။ ဂျွန်ဂျောင်ဂုကို ရန်သူတော်တစ်ယောက်လို မျက်မုန်းကျိုးစွာ ကြည့်နေသည်မှာ သူပင် အနေရခက်လှသည်။ သူဂျွန်ဂျောင်ဂုကို မသိမသာ ကြည့်လိုက်မိသည်။ ဂျွန်ဂျောင်ဂုက မနှုတ်ဆက်လာသေးသလို သူ့ကိုကြည့်နေတဲ့ ရေတပ်ဗိုလ်မှူးအကြည့်နဲ့ ပြိုင်ကြည့်နေသည်။ ထိုအရှိန်အဝါကြီးမားတဲ့ ဗိုလ်နှစ်ဦးက အပြန်အလှန်အကြည့်ချင်းစစ်ခင်းနေကြတော့ သူတို့ကြားက လေထုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် စိမ်းသက်လာသည်။

ဆော့ဂျင် အတိတ်တုန်းက အဖြစ်အပျက်တစ်ခုကို ပြန်အတွေးဖော်မိသွားသည်။ ဂျွန်ဂျောင်ဂုရဲ့ နာမည်ကြီးလှတဲ့ ရေတပ်ဗိုလ်မှူးရဲ့ ဇနီးသည်နဲ့သမီးကို တစ်ပြိုင်နက်ပိုးပန်းခဲ့တယ်‌ဆိုတဲ့ အကြောင်းက သူ့အတွေးထဲ ပျံ့နှံ့လာသည်။ ပိုးပန်းခဲ့ရုံတင်ကမ ရေတပ်‌ဗိုလ်မှူးရဲ့နားထဲမျက်မြင်တွေ့ခဲ့ပြီးနောက် သူစစ်တပ်ထဲ ပို့ခံလိုက်ရသည်ပဲလေ.. အခုလို သုံးယောက်သား မျက်နှာချင်းဆိုင်ပြန်တွေ့ရတော့ ဂျွန်ဂျောင်ဂု ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ သူသိချင်မိသွားသည်။

" ဗိုလ်မှူးတို့မိသားစု အရေးကြီးကိစ္စများ ရှိလေသလား "

ငြိမ်သက်နေတဲ့လေထုကို သူအရင်ဖြိုခွင်းလိုက်သည်။ ထိုအခါ ဗိုလ်မှူးက သူ့ကိုတစ်ချက်ကြည့်လာပြီး ဒီအနားမှာ  ရန်သူတော်အပြင် ဘာမှမသက်ဆိုင်တဲ့ သူစိမ်းတစ်ယောက်ရှိနေသေးသည်ဆိုတာကို သတိရသွားဟန်ဖြင့် အကြည့်တွေကို ထိန်းလိုက်သည်။

" ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရသွားပြီလို့ သတင်းကြားတယ် ဂုဏ်ယူပါတယ် "

ရေတပ်ဗိုလ်မှူးကအရင် လေသံမာမာဖြင့် ဝတ္တရားရှိသလို စတင်နှုတ်ဆက်လာခဲ့သည်။ ထိုအခါ ဂျွန်ဂျောင်ဂုကလည်း သူ့နည်းတူ လက်တစ်ဖက်ကို ဆန့်တန်းလာခဲ့သည်။

" ကျုပ်လည်း ဗိုလ်မှူးရဲ့ဒုတိယကိုယ်ဝန်ဆောင်အတွက် ဂုဏ်ယူပါတယ် "

ရေတပ်ဗိုလ်မှူးရဲ့မျက်လုံးတွေက ခက်ထန်သွားသည်။ သူသည်လည်း အခုမှသတိပြုမိသလို မဒမ်ရဲ့ဗိုက်နေရာကို ကြည့်လိုက်မိသည်။ ဂါဝန်ပွပွဝတ်ဆင်ထားတာမလို့ ချက်ချင်းဆိုလျှင် မည်သူမှ သတိပြုမိလိမ့်မည်မဟုတ်ဘူး။ ဂျွန်ဂျောင်ဂုက ကြိုသိနေတာမလို့ အခုလိုအတိအကျပြောနိုင်လိုက်တာလား.. သေချာတာတော့ ‌ဂျွန်ဂျောင်ဂုရဲ့ ထိုစကားကို ရေတပ်ဗိုလ်မှူးက နှစ်သက်လိုဟန်မရှိ။ သူက ဒေါသချောင်းချောင်းထွက်နေပြီး ဘေးကမဒမ်က အနားတိုးလာကာ အကျယ်အကျယ်မဖြစ်ရအောင် လက်မောင်းကို ခပ်ဖွဖွထိကိုင်လာသည်။ ရေတပ်ဗိုလ်မှူးက မဒမ့်ကို သိပ်ချစ်မှန်း သိသာလှသည်။ မဒမ်က အနည်းငယ်ဟန့်တားလိုက်သည်နှင့် မျက်နှာကြောက အနည်းငယ်ပြေလျော့သွားသည်။

" ဗိုလ်မှူးဂျွန် ဓားပြတွေကို သုတ်သင်လိုက်တဲ့ သတင်းကြားလိုက်တယ် အရင်လို ဆိုးသွမ်းတဲ့လူငယ်လေးမဟုတ်တော့ဘဲ ဆိုးသွမ်းတဲ့သူတွေကို ကိုင်တွယ်နိုင်တဲ့ လူကောင်းလေးဖြစ်လာပြီပေါ့ "

ရေတပ်ဗိုလ်မှူးက ချီးကျူးခြင်းမမည်တဲ့ စကားနှင့် သူတို့ကြားက တင်းမာနေမှုကို စတင်ဖာထေးလိုက်သည်။ ထိုစကားကြားတော့  ဂျွန်ဂျောင်ဂုက လစ်ခနဲလှောင်ရယ်လိုက်ကာ,

" ဗိုလ်မှူးနဲ့ မဒမ်တို့ကောင်းမှုကြောင့်လို့ ပြောလို့ရတယ်.. မဟုတ်လား "

ထိုစကားကြောင့် ခုနက ပြေလျော့စပြုနေတဲ့ ရေတပ်ဗိုလ်မှူးရဲ့ မျက်နှာက ပြန်လည်တင်းမာသွားသည်။  သူနှင့်မဒမ်ကပါ ဘေးကနေ နေရခက်နေမိသည်။ မဒမ်က ရေတပ်ဗိုလ်မှူးရဲ့လက်မောင်းကို ဆုပ်ကိုင်ထားရင်း ဗိုလ်မှူးရဲ့ဒေါသကို ခံစားမိသည်ထင် မျက်နှာပျက်ချင်နေသည်။ ထိုစကားကိုပြောတဲ့သူကတော့ မည်သို့မျှပင်မနေ။ တမင်ဒေါသထွက်ရအောင်ပင် လုပ်ပြုံးတစ်ခုနဲ့ ကြည့်နေပြီး တစ်ခါတစ်ရံအကြည့်တွေက မဒမ့်ဆီမှာဝဲနေပြီး အနေခက်အောင် မထီတထီ စိုက်ကြည့်နေတတ်သည်။ ထိုအချက်ကြောင့် ရေတပ်ဗိုလ်မှူးက ပိုလိုပင် သည်းမခံနိုင်လောက်အောင် ဒေါသထွက်သွားသည်။

" မင်းရဲ့စွမ်းဆောင်ရည်နဲ့ ကိုယ်ကျင့်တရားက ဆန့်ကျင်ဘက်ပဲ မင်းဗီဇကြောင့် မင်းရဲ့စွမ်းဆောင်ရည်က နှမြောစရာပဲ "

" အိုး.. "

ဂျွန်ဂျောင်ဂုက အမြင်ကတ်စရာကောင်းလောက်အောင် သံရှည်ဆွဲလိုက်ပြီး ဘာမှပြန်မပြော။ ထိုသည်က ရေတပ်ဗိုလ်မှူးကို ပိုဒေါသထွက်စေသည်။ ဂျွန်ဂျောင်ဂုက လူတွေကို မထီမဲ့မြင်လုပ်တဲ့နေရာ၊ ဂရုမစိုက်တဲ့နေရာမှာ သူ့အတိုက်အခိုက်စွမ်းရည်တွေလိုပင် ထူးချွန်လှသည်။ ရေတပ်ဗိုလ်မှူးက သူ့ကိုဒေါသထွက်စွာ စိုက်ကြည့်ပြီး သူဇနီးသည်ကိုဆွဲခေါ်ကာ သူတို့ရှေ့မှ ထွက်သွားခဲ့သည်။ သူတို့ထွက်သွားပြီးတော့ ဆော့ဂျင်လည်း သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီး ကားဆီသို့ ထွက်လာခဲ့လိုက်သည်။

သူကြားခဲ့ဖူးတာ အမှန်ဖြစ်လောက်မည်။ ရေတပ်ဗိုလ်မှူးရဲ့ဇနီးနဲ့သမီးကို တစ်ပြိုင်နက်တည်း ကြာကူလီလုပ်ပြီး စစ်တပ်ထဲအပို့ခံလိုက်ရသည်ဆိုတာ.. ဗိုလ်မှူးက ဇနီးကို စိတ်မချဖြစ်ပြီး ဝန်ကြီးချုပ်ကို တိုင်တန်းကာ ဂျွန်ဂျောင်ဂုကို စစ်တပ်ထဲ မရအရပို့ဆောင်ခဲ့သည်ပေါ့.. ဒါကိုသူအရင်ကလည်း ကြားဖူးခဲ့ပေမဲ့ အခုလိုကာယကံရှင်တွေရှေ့မှာ ကိုယ်တိုင်ကြားလိုက်ရတော့ သူ့ခံစားချက်က မသက်မသာဖြစ်မိသည်။ တကယ်ပဲ သူက ဇနီးနဲ့သမီးကို ကောလဟာလအတိုင်း တစ်ပြိုက်နက်ရှုပ်ပွေခဲ့တာလား။ သမီးနဲ့ဇာတ်လမ်းတွေရှိခဲ့တာကို သူနားလည်ပေးနိုင်ပေမဲ့ သူများဇနီးကိုပါ အခုလိုစည်းကမ်းမရှိ ပေါ်တင်ဇာတ်လမ်းရှုပ်ခဲ့တာက သူတကယ်စိတ်ဝင်စားမှုရှိနေလို့လား..

" မရီး "

ဆော့ဂျင်သူ့ခေါ်သံကို မကြားချင်ဟန် ဆောင်ထားလိုက်ပြီး သူ့ခြေလှမ်းတွေက ခပ်သွက်သွက်ပင် လျှောက်နေသည်။ သူက သူ့ကိုမီလာပြီး ဘေးကနေ တိတ်တဆိတ်ပါလာသည်။ အတန်ကြာသည်အထိ ဘာအသံမှ ထွက်မလာတဲ့အခါ  သူအလိုမကျ ဖြစ်မိလာသည်။ သူ့မှာ ပြောစရာစကား နည်းနည်းလေးတောင် မရှိဘူးလား.. အတိတ်က အတိတ်ကကိစ္စဆိုပေမဲ့ အခုလိုမျက်နှာချင်းဆိုင် နှစ်ဦးနှစ်ဖက် ဆုံလာရတဲ့အခါ သူ့မှာ ဘာပြောစရာမှရှိမနေဘူးလား။ အတိတ်ကအကြောင်းအရာတွေအတွက် ရှင်းပြဖို့မလိုအပ်ဘူး‌ဆိုရင်တောင် သူ့စိတ်အခြေအနေကို ထည့်မတွက်တော့ဘူးလား။ သူသာ သူ့လိုပတ်သက်မှုမျိုးနဲ့ ပတ်သက်ခဲ့ဖူးတဲ့သူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ဆုံတဲ့အခါကြရင်ရော သူဘယ်လိုတုံ့ပြန်မလဲ ဒီအတိုင်းပဲ ပြီးသွားလေမလား... အိုး.. ဟုတ်တာပဲ သူ့မှာ ပတ်သက်မှုအကြီးကြီး ရှိခဲ့တာပဲ သူ့အစ်ကိုဖြစ်သူနဲ့ လက်ထပ်ထားတဲ့ ပတ်သက်မှုမျိုးလေ.. ဒါကြောင့် သူက အခုလိုအတိတ်က ကိစ္စတွေကို အဆန်းမထင်တော့တာလား.. အဲဒါဆိုရင်တော့ သူပါးစပ်ပိတ်နေရုံပဲ ရှိတော့မယ်..

" လျှောက်တွေးမနေနဲ့ ခင်ဗျားထင်သလိုမဟုတ်ဘူး "

ဆော့ဂျင်အတွေးတွေထဲ နစ်မြှုပ်နေတုန်း ခပ်ဩဩထွက်လာတဲ့အသံကြောင့် သူသတိဝင်သွားသလို အတွေးစတွေသည်လည်း ပြတ်တောက်သွားသည်။

" ငါဘာတွေးနေတယ်ထင်လို့လဲ "

သူဘေးကိုလည်း မကြည့်သလို ထိုအမေးပေါ်မှာလည်း အာရုံမရှိသလို ရှေ့တူရှုကိုသာ အကြည့်ပို့ရင်း ခြေလှမ်းတွေကိုလည်း မရပ်မိ။ အခုသူ့ပုံစံက ဘာမှအာရုံမရှိပုံပေါ်နေပေမဲ့ အတွင်းပိုင်းမှာတော့ ရှုပ်ထွေးလို့နေသည်။ သူ့အတွက် မိန်းမကိစ္စက အဆန်းမဟုတ်ဘူးဆိုတာ သူလက်ခံနိုင်တယ်၊ အခုဟာကလည်း အတိတ်ကဖြစ်ရပ်တွေဆိုတာ သူသိနေအုံးတော့ သူ့စိတ်ထဲမှာ ဘဝင်ကျမနေဘူး။ ဘာလို့လဲ အတိတ်ကသူ့ဖြစ်ရပ်တွေကလည်း သူ့ထက်တောင် ဆိုးဝါးခဲ့တာတွေရှိနေသေးတာပဲ။ လူတိုင်းသိနေတဲ့ ဝန်ကြီးချုပ်နဲ့လက်ထပ်ထားတဲ့ကိစ္စ.. သူအပါအဝင် လူအနည်းငယ်လောက် သိခဲ့ကြတဲ့ ဦးစီးယွန်နဲ့ဆက်ဆံရေး.. ဒါတွေက သူတို့နှစ်ယောက်မှာ တူညီတဲ့အတိတ်ကဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ ဆိုလိုနေတာလား.. သူ့အတွက်မိန်းမရှုပ်တာက ဘာမှဆန်းကြယ်တဲ့ကိစ္စမဟုတ်ဘူးဆိုရင် ဆော့ဂျင်ရဲ့အတိတ်က ယောက်ကျာ်းနှစ်ယောက်ကို ချဉ်းကပ်ခဲ့တဲ့ကိစ္စတွေသည်လည်း အဆန်းတကြယ် မဟုတ်ခဲ့။

" ခင်ဗျား.. "

ရုတ်တရက် သူ့လက်ကနေ တားဆီးကာ ခြေလှမ်းတွေ ရပ်လိုက်စေတာမလို့ သူအတွေးတွေပျံ့လွင့်နေရာကနေ လက်ရှိဘဝဆီ ပြန်ရောက်လာခဲ့သည်။ သူသူ့လက်ကောင်ဝတ်ကို ငုံ့ကြည့်ရင်း သူ့ကိုပြန်မော့ကြည့်လိုက်သည်။

" ခင်ဗျားဆက်သွားနေလို့.. ကားကဒီမှာ.. "

ဆော့ဂျင်ထိုမှ သူကားနားရောက်နေသည်ကို သတိပြုမိလိုက်သည်။ သူ့ဘေးတွင် သူတို့မောင်းနှင်လာတဲ့ ကားက ရပ်မြဲအတိုင်း ရှိနေသည်။ သူထိုကားကို ကြည့်ရင်း အနည်းငယ်ဒေါသထွက်လာခဲ့သည်။ သူကားကိုမမြင်ဘဲ ကျော်တက်ခဲ့တာမလို့ သူ့ကိုယ်သူဒေါသထွက်နေတာလား ထိုသို့သူသတိပေးရလောက်အောင်ထိ သူ့အတွေးတွေများနေလို့ သူ့ကိုယ်သူရှက်ရွံ့နေမိလား မသိတော့။

" ဒါဆိုလည်း ဝင်မယ်လေ "

သူကားကို သုန်သုန်မှုန်မှုန်ကြည့်ရင်း တစ်ဖက်နေရာဆီသို့ လှည့်သွားဖို့ပြင်လိုက်သည်။ သူ့ခန္ဓာကိုယ် လှည့်ဖို့ပြင်ရန်ရှိသေး သူ့ကိုယ်တစ်ခုလုံး ကားနောက်ခန်းက တံခါးနားတွင် ဖိထားခြင်းခံလိုက်ရသည်။ သူဘာစကားမှမပြောဘဲသာ သူ့အနားကပ်လာတဲ့သူကို မှုန်ကုတ်ကုတ်ပြန်ကြည့်လိုက်သည်။

" ဘာလို့ဒီလောက်တောင် စိတ်နဲ့ကိုယ်နဲ့မကပ် ဖြစ်နေရတာလဲ.. မျက်နှာကလည်း သုန်မှုန်နေတာပဲ.. "

ဆော့ဂျင်သူ့ကို တုံ့ပြန်ချင်စိတ်မရှိသေး၍ ငြိမ်နေလိုက်သည်။

" အရင်တုန်းက ခင်ဗျားဒီလို ဒေါသထွက်သွားတဲ့အခါတိုင်း ခင်ဗျားရဲ့သုန်မှုန်နေတဲ့ မျက်နှာကိုမြင်ရတာ သဘောကျမိတယ် အခုလည်း သဘောကျတယ်ဆိုပေမဲ့.. "

ဆော့ဂျင်စိတ်ဝင်တစားနားထောင်နေရာကနေ သူကဆက်မပြောဘဲ ရပ်သွားတာမလို့ သူမျက်လုံးပင့်ကြည့်လိုက်သည်။ ထိုအခါသူက သက်ပြင်းခပ်သာသာချပြီး အနည်းငယ်ပြေလျော့နေတဲ့မျက်ဝန်းတွေနဲ့ သူ့မျက်လုံးအိမ်ထဲသို့ စိုက်ကြည့်လာသည်။

" နောက်ထပ် စိမ်းသက်သွားမဲ့ဆက်ဆံရေးမျိုး မလိုချင်တော့ဘူး.. ဘာကိုပြောချင်တာလဲသိတယ်မလား အဲတုန်းက ခင်‌ဗျားနဲ့ကျုပ်ကြားမှာ မပွင့်လင်းခဲ့လို့၊ ဒေါသကို ရှေ့တန်းတင်ခဲ့ကြလို့၊ ပြောစရာရှိတဲ့စကားတွေကိုရေငုံနှုတ်ပိတ်နေခဲ့ကြလို့၊ ဟုတ်တယ်မလား "

" အင်း.. "

ဒီတစ်ခါတွင်တော့ သူအသာအယာ ပြန်ဖြေလိုက်သည်။ သူတို့စိတ်ထဲမှာ အလိုမကျတဲ့ အစိုင်အခဲတစ်ခုခုရှိနေပေမဲ့ တိတ်ဆိတ်နေဖို့ကို ရွေးချယ်လိုက်တဲ့အခါ ထိုအစိုင်အခဲက တဖြည်းဖြည်း ကြီးထွားလာခဲ့လိမ့်မယ်။

" ကျုပ်အတွက် မိန်းမတွေနဲ့ ပတ်သက်ခဲ့တာက ဘာမှမဟုတ်ဘူး ဘယ်မိန်းမနဲ့မှ ခံစားချက်ချင်းဖလှယ်ခဲ့တာမျိုးမရှိဘူး။ ကျုပ်သူတို့အပေါ် လေးနက်တဲ့ခံစားချက်တွေ ရှိနေမှာကို ခင်ဗျားစိတ်အနှောင့်အယှက်ဖြစ်စရာမလိုဘူး "

" အင်း.. "

" ဒီမိန်းမနဲ့ပတ်သက်မှုကလည်း ဘာမှစိတ်ပူစရာမရှိဘူး အဲဒီအဘိုးကြီးကသာ မိန်းမငယ်လေးယူထားပြီး စိတ်မချဖြစ်နေတာ ကျုပ်အိမ်ထောင်ရှိအမျိုးသမီးတွေကို သဘောကျတယ်ဆိုတာ အတင်းအဖျင်းသက်သက်ပဲ ကျုပ်မှာအဲလိုအတွေးမျိုးမရှိဘူး။ အဲတုန်းက အဲအဘိုးကြီးက သူ့သမီးနဲ့ကျုပ်ကို မတူမတန်ပြောတာနဲ့ ကျုပ်သူ့ရဲ့မိန်းမငယ်ကို နည်းနည်းလောက် ချဉ်းကပ်ခဲ့ရုံပဲ သူ့သမီးနဲ့မိန်းမငယ်က မတည့်ကြလို့ အခြေအနေတွေက ပိုဆိုးသွားတာ။ နောက်ပိုင်း သူ့မိန်းမငယ်ကို စိတ်မချလို့ ကျုပ်ကို မဟုတ်တဲ့သတင်းတွေနဲ့ ဝန်ကြီးချုပ်ကို တိုင်တန်းခဲ့တာ "

ဆော့ဂျင်အမှန်တကယ် ထိုသို့ရှင်းပြမှုမျိုး လိုအပ်နေခဲ့တာ။ သူအခုလို မှန်သည်မှားသည် သူလုပ်ခဲ့သည်မလုပ်ခဲ့သည်များကို ရှင်းပြပြောဆိုလာတဲ့အခါ သူခုနက ခံစားနေမိတဲ့ မသက်မသာခံစားချက်မျိုး မရှိတော့..

" အဲဒါနဲ့ မင်းစစ်တပ်ကို ရောက်လာခဲ့တယ်ပေါ့ "

" အင်း.. ဒါပေမဲ့ အဲဒါကလည်း အတင်းအဖျင်းသက်သက်ပဲ ကျုပ်စစ်တပ်ကို ဝင်ဖို့အစီအစဉ်က ရှိပြီးသား အနှေးနဲ့အမြန် ဖြစ်သွားတာပဲရှိတယ် "

ဆော့ဂျင်ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူခုနတုန်းကလို မကြည်မလင်ဖြစ်နေတဲ့စိတ်တွေ လုံးလုံးမရှိတော့ဘူး။ သူတို့ကြားက ကိစ္စတွေက စကားအနည်းငယ်ထုတ်ပြောလိုက်ရုံနဲ့တင် စိတ်သက်သာရာ ရနိုင်တယ်ဆိုတာ သူနားလည်သွားရသည်။

" ဒါဆို နားလည်သွားပြီလား "

သူက ပြုံးစစမေးလာတဲ့အခါ ဆော့ဂျင်ပြန်မဖြေဘဲ ခုနကနာခံနေတာနှင့် ဆန့်ကျင်စွာ မျက်လုံးလှန်ကြည့်လိုက်သည်။ ထိုအခါ သူ့အပြုံးတွေက ပိုထင်းလာခဲ့သည်။

ပြွတ်စ်!

သူမထင်မှတ်ထားတဲ့အချိန် သူက ခေါင်းကိုငုံ့ကိုင်းပြီး သူ့နှုတ်ခမ်းပေါ် နှုတ်ခမ်းချင်းထိတွေ့လာတဲ့အခါ သူတောင့်တင်းသွားပြီး အနည်းငယ်လည်း ထိတ်လန့်သွားခဲ့သည်။ သူတို့ရောက်နေတဲ့နေရာက လူအများရှိတဲ့ စစ်တပ်လိုနေရာက ကားဆိုက်ကပ်ရာနေရာမှာ..

" မင်းရူးသွားပြီလား တစ်ယောက်ယောက်သာမြင်သွားရင်.. "

သူဆက်မပြောတော့ဘဲ သူ့ကိုတွန်းထုတ်ဖို့လုပ်ရင်း ဘေးဘီကို ကြည့်လိုက်သည်။

" ဘယ်သူ့ကိုကြောက်နေရမှာလဲ ဘယ်သူမြင်မြင်ဂရုစိုက်ရအုံးမှာလား "

" အရူးပဲ ငါ့ရှေ့ကဖယ်တော့ "

" မဖယ်ဘူး ထပ်နမ်းချင်သေးတယ် "

" ဒါဆိုလည်း ဘာလို့ကားပေါ်မတက်သေးလဲ "

" တခြားနေရာရောက်ဖို့ထိ မစောင့်နိုင်တော့ဘူး ဘယ်နေရာမှာဖြစ်ဖြစ် ကျုပ်တို့နမ်းလို့မဖြစ်တဲ့ အကြောင်းပြချက်ရှိလို့လား "

" တစ်ယောက်ယောက်မြင်သွားရင် ကိစ္စသေးသေးလေးကနေ အကြီးကြီးထိ ဖြစ်လာလိမ့်မယ် လူတွေလျှောက်ပြောကြမှာ မင်းမစိုးရိမ်ဘူးလား မင်းက တစ်သက်လုံးအတင်းအဖျင်းတွေကြားမှာ နေခဲ့ရလို့ မထူးဆန်းတော့တာလား "

" အတင်းအဖျင်းတွေထွက်လာရင် အမှန်ဖြစ်အောင် လုပ်လိုက်လို့ရတာပဲ ဘာလို့စိတ်ပူနေ‌အုံးမှာလဲ ဘယ်သူက အတင်းအဖျင်း ပြောနိုင်အုံးမလဲ ကြည့်လိုက်လေ မရီးနဲ့ကျုပ်ကို လူတွေက သူတို့ထင်တဲ့အတိုင်း ပေးစားနေကြတဲ့အခါ ကျုပ်မရီးနဲ့ လက်ထပ်လိုက်မယ် ဟုတ်တယ်မလား "

ဆော့ဂျင်ထိုစကားကြောင့် အေးခဲသွားတော့သည်။ သူစနှောက်ပြီးပြောလားတောင် သူ့ခေါင်းထဲ မတွေးခေါ်နိုင်တော့တဲ့အထိ ထိုစကားလုံးနှစ်လုံးက သူ့ရင်ဘတ်ထဲက အစိုင်အခဲတစ်ခုကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေသည်။ ဒါပေမဲ့ ခုနတုန်းကအဖြစ်အပျက်နဲ့ သူ့‌သဘောထားတွေကို ဦးနှောက်က အချက်အလက်နဲ့တကွ ဖော်ပြလာတဲ့အခါ သူ့ရင်ဘတ်အစုံက လှုပ်ခတ်မှုက အနည်းငယ်အရှိန်ကျသွားပြီး နှေးကွေးလာသည်။ သူအတန်ကြာမှ ခပ်လေးလေးစကားတစ်ခွန်းသာ ပြန်တုံ့ပြန်နိုင်တော့သည်။

" ဘယ်သူက မင်းနဲ့လက်ထပ်မယ် ပြောလို့လဲ "

___________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories