Fanfics

[15]

19:07, 15 July 2024

Love At First Sight

ပထမနှစ်တက္ကသိုလ်ကျောင်းသားလေးအဖြစ် တက်တက်ကြွကြွလှမ်းလာတဲ့ကောင်လေးက မျက်မှန်လေးတစ်ချက်ပင့်တင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ သူ့နားပတ်ဝန်းကျင်မှာရှိတဲ့ စီနီယာတွေရော သူနဲ့နှစ်တူကျောင်းသားတွေကိုပါ စူးစမ်းကြည့်နေတယ်။ ကျောင်းပျော်တတ်ပြီး ဖော်ရွေတတ်တဲ့သူဆိုပေမဲ့ အလယ်တန်းတည်းက အတူသွားလာခဲ့တဲ့သူငယ်ချင်းလေးက မေဂျာမတူတော့ အခုလက်ရှိမှာ တစ်ယောက်တည်းတစ်ခုခုလိုနေသလိုတော့ ခံစားနေရတာပေါ့။

"ဟူး... ဟိုကောင်တော့ ဘယ်လိုနေတယ်မသိ ကျောင်းတော့တူသေးလို့တော်သေးတယ် ဖုန်းခေါ်ကြည့်ရမယ်"

သူငယ်ချင်းဖြစ်သူကို သတိတရနဲ့ဖုန်းခေါ်ကြည့်ပေမဲ့ မကိုင်တော့ တစ်ယောက်တည်းပွစိပွစိပြောတော့တာပဲ။

"မကိုင်ပြန်ဘူး အသံပိတ်နေပြန်ပြီလားမသိဘူးအရူးက အမြဲတမ်းစစ်ကြည့်ပါဆိုလည်း မစစ်ဘူး အရေးအကြောင်းများရှိရင်တော့ ဖုန်းခေါ်မရတာနဲ့သေမှာပဲ"

တစ်ခေါက်ထပ်ခေါ်ဖို့ ဖုန်းကိုကြည့်ရင်းလမ်းဆက်လျှောက်လိုက်တော့ ခလုတ်တိုက်ပြီးရှေ့ကိုယိုင်သွားပါရော။ ဒါပေမဲ့ အဲ့လောက်နဲ့မပြီးလိုက်ဘဲ တစ်ယောက်ယောက်ကိုပါ တွန်းမိသွားသေးတော့ ဘယ်သူဆိုတာ မျက်နှာမမြင်ခင်တည်းက သူစပြီးတောင်းပန်တော့တာပဲ။

"အာ.. တောင်းပန်ပါတယ်ဗျ တောင်း..."

[သေပါပြီ ဟို အရမ်းချောတဲ့..]

သူတွန်းမိသွားတဲ့သူရဲ့မျက်နှာကိုမြင်တာနဲ့ ထပ်ထွက်လာမဲ့ တောင်းပန်စကားရော သူ့လှုပ်ရှားမှုတွေပါ ရပ်တန့်သွားမိရတယ်။

"Hi အစွာလေး"

"ဟို ဟို တောင်းပန်ပါတယ်ဗျ"

လက်အုပ်လေးချီလို့ တောင်းပန်ပါတယ်အော်ပြီး လှည့်ပြေးဖို့လုပ်ပေမဲ့ ဟိုကလက်ဦးသွားပြီး သူ့လက်ကိုဆွဲထားလိုက်တယ်။

"ထွက်ပြေးဦးမလို့လား ဒီလောက်ကြာနေပြီ တောင်းပန်ပြီးထွက်ပြေးတာကတော့ အရင်အတိုင်းပဲနော်"

"ဟဲ ဟဲ... မရိုက်ပါနဲ့နော်"

"ဟင်.. ကိုယ့်ရုပ်က ကိုယ့်ဂျူနီယာကို အနိုင်ကျင့်ပြီးရိုက်မဲ့ပုံပေါ်နေတာလား"

"မ မဟုတ်ဘူးလေ ကျွန်တော်ကအရင်.."

"မရိုက်ဘူး ထွက်မပြေးနဲ့တော့ ဂျူနီယာအစွာလေးရဲ့"

"နေ နေဦး အစ်ကိုက ဘယ်ဌာနကလဲ"

"မင်းအခုရပ်နေတဲ့နေရာကပဲ"

[ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့တိုက်ဆိုင်မှုကြီးလဲဟ]

အပြုအမူလေးတွေတည်ငြိမ်သွားပေမဲ့ စိတ်ထဲမှာတော့ အော်ဟစ်နေတဲ့ကောင်လေးက သူအရမ်းချောပါတယ်လို့ သတ်မှတ်ထားတဲ့ကောင်လေးကို ငိုင်ကြည့်နေမိတယ်။ သူကြိုးကြိုးစားစားကို ရှောင်ပြေးခဲ့တဲ့သူက ဒီလောက်သဘောကောင်းတဲ့သူဖြစ်နေတာလေ။ ခုနလေးတင် သူအများကြီးလန့်သွားပေမဲ့ အခုတော့ သူအံ့ဩသလို အများကြီးစိတ်အေးသွားရပြီ။

"ဟေး.. ထပ်ပြီးထွက်မပြေးတော့ဘူးဆို သေချာပြန်မိတ်ဆက်ရမယ်လေ ကိုယ့်နာမည်မသိဘူးမလား"

"....."

"P O N D"

နာမည်ကိုတစ်လုံးချင်းပေါင်းပြနေတော့ သူသဘောကျပြီး ရယ်မိသွားတယ်။

"ခေါ်ကြည့်လေ P'Pond လို့"

ချိုသာတဲ့ မိတ်ဆက်မှုအပြင် ဖော်ရွေတဲ့စကားပြောပုံက သူအရင်က ကြောက်လန့်မိခဲ့တာတွေကို ခဏတွင်းချင်းပျောက်ကွယ်သွားစေတယ်။

"P'Pond.. ကျွန်တော်ကလည်း အစွာလေးမဟုတ်ပါဘူးနော်"

"Phuwin.."

"ဘယ်လိုသိတာလဲ"

"အကြားအမြင်ရတာလေ"

သူဘာမှပြန်မပြောနိုင်ဘဲ ကြောင်ကြည့်နေတော့ Pond ကရယ်တယ်။

"အဲ့တုန်းက မင်းသူငယ်ချင်းက ကိုယ့်ရှေ့မှာတင် အော်ခေါ်သွားတာလေ"

တစ်နှစ်ကျော်လောက်ကြာနေပြီကို လူကိုမှတ်မိတာကတော့ သူတို့တွေ့ခဲ့ပုံအရဖြစ်သင့်ပေမဲ့ အမှတ်တမဲ့ပဲတစ်ခါလောက်ကြားဖူးမဲ့သူ့နာမည်ကို မှတ်မိနေတာကိုတော့ Phuwin တကယ်အံ့ဩရဆုံးဖြစ်သွားရတယ်။

❛⁠ ⁠ᴗ⁠ ⁠❛⁠ ❛⁠ ⁠ᴗ⁠ ⁠❛⁠ ❛⁠ ⁠ᴗ⁠ ⁠❛⁠

သူ့ရှေ့မှာ ခေါက်ဆွဲကိုခေါင်းမဖော်တမ်းစားနေတဲ့ အစွာလေးကို Pond ထိုင်ကြည့်နေမိတာ သူစားစရာရှိတာစားဖို့တောင် သတိမရတော့ဘူး။

ဒီအစွာလေးနဲ့ပြန်တွေ့ဖို့ အမြဲမျှော်လင့်ခဲ့တာကို သူ့ရှေ့ကိုဒီလိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ ဒီတစ်ခါ ထွက်မပြေးနိုင်အောင်ဆွဲထားမှရမယ်ဆိုပြီး စိတ်ထဲကဆုံးဖြတ်လိုက်သလို အမီဆွဲထားလို့ရလိုက်တာပဲ။ အဲဒီလိုဆွဲထားပြီးတဲ့နေ့ကနေ နည်းနည်းချင်းစီ ပိုပြီးရင်းနှီးဖို့ကြိုးစားလာတာ ရက်နည်းနည်းကြာပြီးတဲ့ဒီနေ့မှာတော့ ဒီအစွာလေးကို သူနေ့လယ်စာလိုက်ကျွေးနိုင်ပြီလေ။

"P'Pond မစားဘူးလား ဘာကြည့်နေတာလဲ"

"ဟင်.. စားမှာပါ ဘာမှမကြည့်ပါဘူး"

"စားလို့ကောင်းတာကို ဘာလို့ငေးနေတာလဲ ကျွန်တော်ပေကျံနေလို့လား"

"မပေပါဘူး မင်းကောင်းကောင်းစားနေလို့ ကြည့်မိတာ"

"ဗိုက်လည်းဆာနေလို့လေ ဟီး.."

[ရယ်ပြနေလိုက်တာများ ချစ်ဖို့ကောင်းချက်]

အရင်က သူ့ဆီကဒီလိုအပြုံးအရယ်လေးတွေကို ခပ်လှမ်းလှမ်းကပဲမြင်ဖူးခဲ့တာ။ တစ်ခါလေးဆုံဖူးတာကို အဲ့တစ်ခါကလည်း ရယ်ပြဖို့ဝေး သူ့ကိုရန်တွေချည်းတွေ့သွားတာလေ။ အခုတော့ သူ့ကိုမြင်ရင်လည်းထွက်မပြေးတော့ဘဲ စကားလည်းကောင်းကောင်းပြောပြီး ရယ်လည်းရယ်ပြနေပြီ။ ဒီလို နှစ်ယောက်အဆင်ပြေပြေရှိနေတော့ ဘာမှမသိဘဲရန်တွေ့ခံလိုက်ရတဲ့ ပထမဆုံးတွေ့ဆုံမှုလေးကို ပြန်တွေးမိသွားတယ်။

<<< <<< flashback <<< <<<

ဘတ်စ်ကတ်ဘောကွင်းထဲကသူငယ်ချင်းကို လက်လှမ်းပြပြီးတော့ ဘောလုံးလေးပိုက်လို့ကွင်းဆီလှမ်းဝင်လာနေတုန်း..

ဘုတ်!

"အာ့ ဘယ်သူ.."

နောက်ကနေခေါင်းကိုလာမှန်တဲ့ ပြင်းထန်တဲ့ထိခိုက်မှုကြောင့် ခေါင်းနောက်ကိုစမ်းကြည့်ရင်း နောက်လှည့်ကြည့်လိုက်တော့ သူ့ခြေထောက်နားမှာကျသွားတဲ့ကျောပိုးအိတ်လေးကို လာကောက်တဲ့ကောင်လေးတစ်ယောက်။ သူနဲ့မျက်နှာချင်းဆိုင်မိချိန် စိတ်ဆိုးမာန်ဆိုးဖြစ်နေပုံမျက်နှာနဲ့ကောင်လေးက စကားပြောဖို့ပါးစပ်ပြင်နေရာက ရပ်သွားတယ်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေမှာတော့ အံ့ဩသွားတဲ့အရိပ်ကလေး ဖြတ်ပြေးသွားသလိုလို။

[ချစ်စရာလေး]

စိတ်ထဲမှာတော့ စကားတစ်ခွန်းက လွှတ်ခနဲထွက်သွားသေးတယ်။

"မင်း ဘာလုပ်တာလဲ"

ပါးစပ်ကလည်းမေးလိုက်ရင်း စိတ်ထဲမှာ အခုကိုယ့်ဘာသာနေရင်း အိတ်နဲ့အပေါက်ခံလိုက်ရတာလားလို့ တွေးလို့မှမဆုံးသေးခင် အရှေ့ကကောင်လေးရဲ့မျက်နှာက ပထမတုန်းကလို စိတ်ဆိုးနေတဲ့မျက်နှာလေးပြန်ဖြစ်သွားပြီး သူ့ကိုလက်ညှိုးတထိုးထိုးနဲ့ ရန်စတွေ့တော့တာပဲ။

"ဒီမှာ အစ်ကို့ဘာသာ စီနီယာတန်းကပဲဖြစ်ဖြစ် လူကောင်ပဲပိုကြီးကြီး ကျွန်တော့်သူငယ်ချင်းကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ်ထင်နေလား"

"ဘာပြောတာ.."

"မနေ့ကကျောင်းဆင်းတော့ သူ့ဘာသာ အေးအေးဆေးဆေးလမ်းလျှောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့လွယ်အိတ်ကို လုပြေးသွားပြီး အဲ့နားကအမှိုက်ပုံးတစ်ခုပေါ်တင်ခဲ့တာဆို ပြီးတော့ စာသင်နှစ်တောင်ကုန်ခါနီးနေပြီ ဒါကပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူးကို အဲ့အရူးကလည်း အခုမှသေချာပြောပြတယ်"

"ဪ.. သူငယ်ချင်းက အနိုင်ကျင့်ခံရလို့လားဒါပေမဲ့.."

"ဘာကို သူငယ်ချင်းက အနိုင်ကျင့်ခံရလို့လားလဲ အစ်ကိုလုပ်တာ အစ်ကိုကပိုသိမှာပေါ့ လူကိုပိုပြီးရိုင်းအောင်လုပ်နေတာပဲ အရူးကောင်လား"

"မဟုတ်သေးဘူးလေ..."

"PhuPhu Phuwin မှားနေပြီ မှားနေပြီ"

သူရှင်းပြဖို့ပြင်တုန်း မျက်မှန်ကောင်လေးရဲ့နာမည်လို့ထင်ရတဲ့နာမည်ကို အသည်းအသန်ခေါ်ရင်းပြေးလာတဲ့ကောင်လေးဆီကို နှစ်ယောက်လုံးလှည့်ကြည့်မိသွားတယ်။

"ဘာလဲ Tang ငါဒီမှာပြောနေတယ်လေ"

"မဟုတ်ဘူး မှားနေပြီ သူမဟုတ်ဘူး မှားနေပြီ"

"ခုနက မင်းဟိုးနားကပြတာ ဘောလုံးပိုက်ထားတဲ့သူလေ"

သူတို့သူငယ်ချင်းနှစ်ယောက်ငြင်းနေတာကို သူ့မှာအကြောင်သားရပ်ကြည့်နေရသေးတုန်း။ သူတို့နှစ်ယောက်လုံးကိုလည်း သေချာကြည့်မိတော့မှ ကျောင်းဝတ်စုံကတူသလိုလိုနဲ့ အရောင်နည်းနည်းကွဲနေတာ သူတို့ကျောင်းကမှမဟုတ်ဘဲ။

"ငါပြောတာ ဟိုဘက်ကတစ်ယောက်"

[အဲ့တော့ငါက လူမှားပြီး အရိုက်ခံလိုက်ရတာလား]

Tang ဆိုတဲ့ကောင်လေးပြတဲ့ဘက်ကို လှမ်းကြည့်တော့ သူတို့နဲ့နည်းနည်းလေးလှမ်းတဲ့ကွင်းနားမှာ သူ့လိုပဲဘောလုံးပိုက်ပြီးရပ်နေတဲ့သူကို တွေ့လိုက်ရတယ်။ အဲဒီတော့မှ အခုဖြစ်ပျက်နေတာတွေကို သေချာရှင်းတော့တာ။

"W လား"

သူ့ရှေ့က အစွာကောင်လေးနဲ့သူ့သူငယ်ချင်းကို ပြန်လှည့်မေးတော့ ခုနက အားရပါးရရန်တွေတွေ့ခဲ့တဲ့ပါးစပ်လေးက အဟောင်းသားပွင့်လို့ မျက်မှန်အောက်ကမျက်ဝန်းလေးတွေကတော့ ပြူးကျယ်နေပြီ။

"မှားသွားပြီ.. တောင်းပန်ပါတယ်ဗျ"

လက်အုပ်ချီလို့ တောင်းပန်ပါတယ်ဗျဆိုတဲ့စကားဆုံးတာနဲ့ သူ့သူငယ်ချင်းရဲ့လက်ကိုဆွဲပြီး ပြေးသွားပါရော။

"နေဦးလေ.. မြန်လိုက်တာ"

အစကနေအဆုံးထိ သူပဲစိတ်ရှိတိုင်းပြောသွားပြီး အခုလည်းပြေးသွားလိုက်တာ ဘာမှမဆိုင်ဘဲအရိုက်ခံလိုက်ရတာအတွက်လည်း ဘာမှပြန်ပြောချိန်မရလိုက်ဘူး။

"ဟေ့ရောင် Pond ကြာလိုက်တာ ဘာလုပ်နေတာလဲ"

ကြာနေလို့လိုက်လာတဲ့ သူ့သူငယ်ချင်းကတော့ ဘာမှမသိလိုက်ဘူးပေါ့။

"အမ်... Juneရေ ငါ့ကို ဟိုကောင်နဲ့လူမှားပြီးရိုက်သွားတယ် ဘောလုံးပိုက်ထားတာတဲ့လေ"

အစွာကောင်လေး သူနဲ့မှားသွားတဲ့ ဘောလုံးပိုက်ပြီးရပ်နေတဲ့ W ကသူတို့အတန်းထဲကပဲလေ။

"W လား.. ဟေ့ရောင် မင်းဘာလို့ဘောလုံးပိုက်ထားတာလဲ ဒီမှာ Pond ကမှားရိုက်ခံလိုက်ရပြီ"

"မင်းဘောလုံးကိုပိုက်နေလို့လား"

တကယ့်တရားခံက ပက်ခနဲပြန်အော်ပြောပြီး သူနဲ့ဘာမှမဆိုင်သလိုမျက်နှာလွှဲသွားပြန်တယ်။ June တစ်ယောက် W ကိုလှမ်းပြောနေတာတွေကို Pond ကတော့ အာရုံမရနိုင်တော့ဘူး။

သူ့ခြေထောက်အောက်မှာ တစ်ခုခုကိုဖိမိလိုက်သလိုခံစားရလို့ ငုံ့ကြည့်လိုက်တော့ အနက်ရောင်ပိုက်ဆံအိတ်လေးတစ်ခု။ အိတ်လေးကိုကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ သူထင်မိတဲ့အတိုင်း မျက်မှန်ကောင်လေးဟာ။

"သူများကိုအိတ်နဲ့ရိုက်ပြီး သူ့အိတ်လေးကျခဲ့ပြီပဲ"

သူဖွင့်ကြည့်လိုက်တဲ့အိတ်လေးထဲမှာ ဓာတ်ပုံလေးတစ်ပုံထည့်ထားတယ်လေ။ ကျောင်းဝတ်စုံနဲ့ကောင်လေးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပခုံးဖက်ထားကြပြီး အားရပါးရကိုရယ်နေကြတဲ့ပုံလေး။ ဓာတ်ပုံပေါ်က တစ်ယောက်စီရဲ့အင်္ကျီရင်ဘတ်နေရာလေးတွေမှာ သူတို့နာမည်လေးတွေကို မင်နဲ့ရေးထားသေးတယ်။

"Phuwin လား.. သူငယ်ချင်းကိုအနိုင်ကျင့်မခံဘူးပေါ့လေ ချစ်စရာလေး လက်ဆကတော့ ပြင်းသား"

ဘယ်ကိုထွက်ပြေးသွားလဲမသိတဲ့ကောင်လေးနောက်ကို သူချက်ချင်းမလိုက်သွားဘဲ နောက်မှပြန်ပေးဖို့ သိမ်းထားလိုက်တော့တယ်။

❛⁠ ⁠ᴗ⁠ ⁠❛⁠ ❛⁠ ⁠ᴗ⁠ ⁠❛⁠ ❛⁠ ⁠ᴗ⁠ ⁠❛⁠

Pond တစ်ယောက် သူများကျောင်းထိကျော်လာပြီး Phuwin ဆိုတဲ့ မျက်မှန်နဲ့အစွာလေးကိုလာလာရှာနေတာ တစ်ပတ်လောက်ရှိပြီဆိုပေမဲ့ မတွေ့သေးဘူး။

"ဟူး... ဘယ်မှာများလဲ အစွာကောင်လေးရယ်"

ကျောင်းအပြင်နားမှာ သက်ပြင်းဖွဖွချပြီး ခဏရပ်နေလိုက်တုန်း ရင်းနှီးနေတဲ့စကားသံကြားလာရတယ်။ လှည့်ကြည့်တော့ တကယ်ကို အစွာကောင်လေးဖြစ်နေလေရဲ့။

"ငါ့အိတ်လေး တကယ်ပြန်မတွေ့တော့ဘူး Tang နှမြောလိုက်တာ"

"ဒီတစ်ပတ်လုံးပါ ငါဝယ်ကျွေးပါ့မယ် စိတ်မကောင်းဖြစ်မနေပါနဲ့တော့ကွာ"

"ငါနှမြောတာ ပိုက်ဆံမဟုတ်ဘူးလေ ငါတို့ဓာတ်ပုံလေး မနှစ်ကပထမဆုံးကျောင်းဖွင့်ရက်မှာ မာမီရိုက်ပေးထားတဲ့ဟာလေးကို"

"အေး ဟုတ်သား ငါ့မှာရှိသေးတယ်လေ"

သူတွေ့ခဲ့တဲ့ Tang ဆိုတဲ့ကောင်လေးနဲ့ပဲပေါ့။ သူရှာတွေ့သွားလို့ ပျော်ပြီးရပ်ကြည့်နေမိတဲ့ခဏလေးမှာပဲ စကားတပြောပြောနဲ့အစွာကောင်လေးကလည်း သူ့ကိုတွေ့သွားတယ်။

သူစကားစဖို့ ပါးစပ်ဟရုံပဲရှိသေး အစွာကောင်လေးက သူ့သူငယ်ချင်းလက်ကိုဆွဲပြီး ပြေးတော့ပြန်တာပဲ။ သူလည်းကြောင်သွားတာနဲ့ ချက်ချင်းမလိုက်မိဘဲ ခဏလေးနေမှ သတိဝင်ပြီးပြေးလိုက်သွားလိုက်တယ်။ ဒါပေမဲ့ လမ်းဆုံနေရာဆီရောက်သွားတော့ မယုံနိုင်လောက်အောင်လျင်လွန်းတဲ့ အစွာကောင်လေးကလည်း ဘယ်လမ်းကိုပြေးသွားမှန်းမသိတော့ပြန်ဘူး။

"ဟား... တွေ့နေပြီကို"

နှမြောသလိုညည်းညူရင်းပဲ ပြန်ခဲ့ရတာပေါ့။

နောက်ရက်တွေမှာလည်း သွားထပ်ရှာပြီး တစ်ခါတလေတွေ့ပေမဲ့ သူ့အရိပ်မြင်တာနဲ့ပြေးဖို့ လမ်းစကြိုရှာထားသလို ဘယ်လိုပျောက်ပျောက်သွားမှန်းမသိ ဖမ်းလို့ကိုမရတာ။ ဒါနဲ့ပဲ သူအတွေးတစ်ခုစဉ်းစားမိခဲ့တယ်။ သူနဲ့ထပ်ဆုံခွင့်ကံမပါတာလားပေါ့လေ။ ဒါပေမဲ့ သူကလည်းအထက်တန်းပြီးတော့မှာဆိုတော့ အခုလိုသွားလိုက်ရှာဖို့က ပိုပြီးဝေးသွားမယ်ထင်လို့ ဘာပဲဖြစ်ဖြစ်ဆိုပြီး နောက်ဆုံးတစ်ခေါက်သွားရှာမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျောင်းမဆင်းခင် နည်းနည်းစောပြီးခိုးထွက်လာတာမို့ သိပ်မဝေးတဲ့ဒီကျောင်းရှေ့ရောက်တော့ ကျောင်းဆင်းခါစလေးပဲ။ လမ်းထောင့်အကွယ်လေးမှာရပ်ပြီး ချောင်းကြည့်နေတုန်း ကံကောင်းစွာပဲတွေ့လိုက်ရတာက သူ့ရဲ့အစွာကောင်လေးပဲ။ ချက်ချင်းသူ့ရှေ့ထွက်မသွားသေးဘဲ ရပ်နေတာက သူ့မြင်တာနဲ့ပြေးတာမို့ အခွင့်အရေးရရင် နောက်ကနေအလစ်ဖမ်းမလို့လေ။ ရပ်ပြီးချောင်းနေတုန်း နောက်ကနေ Tang ဆိုတဲ့ကောင်လေးကပြေးလိုက်လာပြီး သူတို့စကားသံကို ရှင်းရှင်းလင်းလင်းကြားရတဲ့အကွာအဝေးဆီ ရောက်လာကြတယ်။

"Phuwin Phuwin ဟိုကောင်က ဒီနေ့မအားတော့လို့ မနက်ဖြန်မှသွားရအောင်တဲ့"

"ဘာလဲ ကောင်မလေးနဲ့ပဲ သွားတွေ့ပြန်ပြီလားဟ"

"အေး သွားခါနီးမှရွှေ့လိုက်လို့ ဒီလမ်းထိပ်ကဟိုဆိုင်မှာ သူမုန့်ဝယ်ကျွေးမယ်တဲ့"

"ကျွေးရမှာပေါ့"

"ငါတော့လေ ရည်းစားထားဖို့ မစဉ်းစားမိသေးဘူး မင်းလည်းတူတူပဲမလား"

"အင်းလေ ဟိုးတလောကပဲ ငါ့ကို ဟိုကောင်မလေး ပန်းလေးနဲ့လာဖွင့်ပြောတာမမှတ်မိဘူးလား"

"မှတ်မိတယ်လေ မင်းကိုပန်းနဲ့ပစ်ပေါက်သွားတာလေ ဟား ဟား.. မင်းက မာမီတို့ ပြောထားသလိုပြောလိုက်လို့မလား"

"အေး.. မာမီက ရည်းစားမထားနဲ့ဦး နောက်တစ်နှစ်ပြီးရင် တက္ကသိုလ်တက်ရမှာ အဲ့မှာပိုပြီးချောတဲ့သူတွေများတယ်လို့ ပြောထားတယ်ဆိုပြီးပြောလိုက်ရော ငါ့ကိုအော်တာလေ အဲ့တော့ငါ့ကိုရုပ်ဆိုးတယ်လို့ပြောတာလား ဆိုပြီးပေးတဲ့ပန်းနဲ့ပြန်ပေါက်သွားတာလေ"

"ငါလည်းတကယ် အဲ့တုန်းက ဘာလုပ်ရမှန်းတောင် မသိလိုက်ဘူး ကြောင်ကြည့်နေတာ"

"ငါလည်း သူ့ကိုစိတ်တော့မဆိုးပါဘူး သူလည်းဝမ်းနည်းသွားမှာပေါ့.. ဘာပဲဖြစ်ဖြစ် မာမီ့စကားအတိုင်းလုပ်ဖို့ ဆုံးဖြတ်ထားတယ်"

သူတို့ပြောတဲ့စကားတွေကိုနားထောင်ပြီးတဲ့နောက် Pond စိတ်ပြောင်းသွားပြီး သူတို့နှစ်ယောက်ကျော်သွားတဲ့အထိ တိတ်တိတ်လေးပဲပုန်းနေခဲ့လိုက်တယ်။

"ရည်းစားမထားသေးဘူးပေါ့လေ"

လက်ထဲက အစွာကောင်လေးရဲ့အိတ်လေးကိုပြန်ကြည့်ပြီး သူဆုံးဖြတ်ချက်တစ်ခုလည်း ချလိုက်သေးတယ်။

"ငါတော့ love at first sight ကိုယုံသွားပြီထင်တယ်"

နောက်တစ်နေ့ကျောင်းဆင်းချိန်မှာ သူကြားခဲ့တဲ့အတိုင်း Phuwin ရှိနေမဲ့ဆိုင်နားကို သွားချောင်းတော့ တကယ်ပဲရှိနေကြတယ်။ သူပြုံးလိုက်မိတာကတော့ သူစဉ်းစားထားတဲ့အတိုင်းလုပ်နိုင်တဲ့ အခြေအနေမို့လို့ပဲ။ Phuwin တို့ထိုင်နေတာက ပန်းချုံလေးတွေရဲ့ဘေးမှာလေ။ သူပုန်းကွယ်သွားပြီး ပန်းချုံလေးရဲ့ဘေးမှာ ပုန်းထိုင်နေလိုက်တော့ နေရင်းထိုင်ရင်း ရင်ခုန်လာတယ်။ သူနဲ့ Phuwin နဲ့ကြားမှာ ပန်းချုံလေးပဲခြားနေတာကိုး။

ခဏလေးစောင့်နေအပြီးမှာ ကံတရားကသူ့ဘက်မှာနေပြီး စကားတွေပြောလိုက် ရယ်လိုက်မောလိုက်လုပ်နေကြတဲ့ Phuwin တို့ကမုန့်ထပ်ယူဖို့ ထသွားကြတော့ သူ့အချိန်ကျလာပြီပေါ့။ Phuwin ထိုင်သွားတဲ့ခုံပေါ်မှာ ပိုက်ဆံအိတ်လေးကိုတင်ပြီးတော့ အဲဒီကမြန်ထွက်လာခဲ့လိုက်ပြီး သူတို့မမြင်နိုင်တဲ့တစ်နေရာကနေ စောင့်ကြည့်နေလိုက်တယ်။ ခဏလေးအတွင်းပြန်ရောက်လာကြတော့ အိတ်ကိုအရင်မြင်သွားတဲ့ Tang ကထအော်ပါရော။

"Phuwin Phuwin ကြည့်ဦး"

"ဟမ် ငါ့အိတ်လေး"

"နေဦး မကိုင်နဲ့ဦး ရုတ်တရက်ကြီးအိတ်က မင်းရှိတဲ့နေရာကို ဘယ်လိုရောက်လာတာလဲ သရဲများလား"

"အရူး ပေါက်ကရတွေမပြောစမ်းပါနဲ့ ငါကြည့်မှာ"

သူ့မှာ လှမ်းကြည့်ပြီးပြုံးနေရသေးတယ်။

"တကယ်ငါ့အိတ်ဟ ငါတို့ပုံလည်းရှိသေးတယ်"

"ပိုက်ဆံရော ပိုက်ဆံရော"

"ပိုက်ဆံလည်း ဒီအတိုင်းပဲ ပုံတောင်မပျက်ဘူး"

"ဟင်.."

"နေဦး Tang ဒီမှာစာရွက်လေး"

"ဖတ်ပြလေ"

"အရေးကြီးတဲ့ဟာလေးဆို သေချာဂရုစိုက်သိမ်းလေအချိန်ကျရင် ဆုံကြရအောင်နော်"

သူကျေနပ်သွားပြီး ပြုံးရင်းလှည့်ထွက်လာခဲ့တယ်။ အဲ့နေ့ကစပြီး Phuwin ကို Pond သွားထပ်မရှာတော့ဘူး။

>>> >>> flashback end >>> >>>

မနက်တည်းက ပျာယာခတ်နေတဲ့ Phuwin လေးတစ်ယောက် Tang ကို သူ့ဌာနရှေ့ထိသွားစောင့်နေဖို့ လုပ်နေတာ။ မိသားစုအရေးဘာညာနဲ့ရှုပ်နေတဲ့ Tang ကဒီရက်တွေထဲ ခရီးထွက်သွားလို့ သူနဲ့လာတွေ့ဖို့မအားတော့ ပြောပြစရာတွေအများကြီးရှိနေတယ်လေ။ ပျာယာခတ်ရတဲ့အကြောင်းကတော့ တစ်လတောင်မရှိသေးတဲ့အချိန်မှာ ထူးထူးခြားခြားအရမ်းကြီးရင်းနှီးလာပြီး နေ့တိုင်းစကားပြောဖြစ်နေတဲ့လူကြောင့်ပဲ။

ကျောင်းတက်တဲ့နေ့တိုင်းလည်း အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့လာရှာပြီးတွေ့တတ်တယ်။ သူကိုယ်တိုင်ကလည်း အဲ့ဒါကို မျှော်နေတတ်တယ်လေ။ ဒါကြောင့် သူငယ်ချင်းအရင်းကြီးနဲ့ စကားပြောမှ ဖြစ်တော့မှာပေါ့။

ဒါပေမဲ့ သူဘယ်လိုမှမထင်ထားတဲ့သူနဲ့ အတူရောက်လာတဲ့သူငယ်ချင်းကိုမြင်ပြီး သူ့မှာပါးစပ်အဟောင်းသားဖြစ်သွားရတယ်။ အနားရောက်လာတဲ့သူငယ်ချင်းကိုကြည့်လိုက် သူဆင်းလာတဲ့ကားပေါ်ကလူကိုကြည့်လိုက်နဲ့ပေါ့။

"Tang မင်းကဘာလို့ သူ့ကားပေါ်ကဆင်းလာတာလဲ ငါအမြင်မှားတာလို့တော့ မထင်ဘူး အဲ့ဒါသူဟုတ်တယ်မလား"

"အင်း P'W လေ"

"သူကမင်းကို အမြဲလိုနှောင့်ယှက်နေတာမဟုတ်ဘူးလား ဘာတွေဖြစ်ကုန်တာလဲ"

"တကယ်တော့ အများကြီးပြောပြရမှာ"

"ရတယ် များပါစေ နားထောင်မယ် အချိန်ရတယ်"

သူအရမ်း အသည်းအသန်ဖြစ်နေရတာကတော့ W ဆိုတာ သူ P'Pond နဲ့လူမှားရိုက်မိစေခဲ့တဲ့သူ Tang ကို ထိခိုက်နာကျင်အောင်အနိုင်ကျင့်တာမျိုးတော့မဟုတ်ပေမဲ့ တစ်မျိုးမဟုတ်တစ်မျိုး နှောင့်ယှက်နေခဲ့တဲ့သူမလို့ပဲ။

"အတိုချုံးပြောပြမယ် သူကတကယ်တော့ ငါ့ကိုအမြဲနှောင့်ယှက်တာက ရည်ရွယ်ချက်ရှိရှိလုပ်တာ.. ဘာလဲဆို ငါကသူနဲ့ အိမ်လည်းသိပ်မဝေးသလို လူချင်းလည်းသိပေမဲ့ ဘယ်တော့မှသူ့ကိုအဖက်မလုပ်ဘူးတဲ့ သူဘာလုပ်လုပ် ငါကဂရုမစိုက်ဘူးတဲ့"

"အင်း အဲ့တော့.."

"ငါသူ့ကို အာရုံစိုက်မိအောင် ငါ့ကိုလိုက်နှောင့်ယှက်တာတဲ့"

"ဘာလို့ မင်းရဲ့ အာရုံစိုက်မှုကို သူကလိုချင်ရတာလဲဟ"

"ဘာလို့ဆို ငါ့ကိုကြိုက်နေလို့လေ"

"ဘာ"

"မင်းလည်းသိတာပဲ သူငါ့ကိုမနှောင့်ယှက်တော့တာ ကြာပြီဆိုတာ ငါတို့အထက်တန်းပြီးခါနီးက သူလာရှုပ်လို့ ငါတစ်ခါငိုလိုက်ကတည်းကလေ"

"အင်းလေ"

"အဲ့နောက်ပိုင်းတည်းကတွေ့ရင် စကားကောင်းကောင်းပြောပြီး ဟိုတစ်နေ့ကမှ ငါ့ကိုအကုန်ရှင်းပြတယ်"

"အဲ့တော့ မင်းကလည်းကြိုက်လို့ အခုတွဲနေပြီလို့တော့ ငါ့ကိုမပြောနဲ့နော် ငါရူးသွားလိမ့်မယ်"

"မတွဲသေးပါဘူး ငါကကြိုက်လား မကြိုက်လားသေချာမှမသိတာ အဲ့တော့ သူကလည်းတောင်းဆိုလို့ အခွင့်အရေးပေးထားတာ"

"ဪ.... အဲ့လိုတောင်လားအယ်.. ငါလည်းပြောစရာရှိတယ် လာလိုက်ခဲ့ တစ်ခုခုဝယ်တိုက်မယ်"

"အင်း"

"မင်း ဟိုအရမ်းချောတဲ့အစ်ကိုကို မှတ်မိလား ငါ W နဲ့မှားရိုက်မိခဲ့တဲ့သူလေ"

"မှတ်မိတာပေါ့ မင်းရန်တွေ့ခါနီး သူ့မျက်နှာမြင်ပြီး ချောလိုက်တာဆိုပြီး ပြောမဲ့စကားတောင်ရပ်သွားတယ်ဆိုတာလေ.. အဲ့နောက်လည်း တွေ့တိုင်းကြောက်လို့ထွက်ပြေးခဲ့ပေမဲ့ မင်းသူချောတာကို အမြဲပြောခဲ့တာပဲ ငါတောင် love at first sight ဆိုပြီးပြောခဲ့တာကို မင်းကလက်မခံဘူးလေ အဲ့လူကို ငါကမမှတ်မိဘဲနေပါ့မလား"

Tang ပြောတာမမှားပါဘူး။ နာမည်မသိခဲ့တဲ့ Pond ကိုသူအမြဲပြောခဲ့တာက ဟိုအရမ်းချောတဲ့အစ်ကိုလေ ဆိုပြီးတော့ပေါ့။ အဲ့တုန်းက သူ့ဘက်ကမှားခဲ့တာမို့ Pond ကိုမြင်တိုင်းကြောက်ပြီးထွက်ပြေးခဲ့တာလေ။ သူ့ကိုပြန်ရိုက်မယ်လို့လည်း ထင်မိတာကိုး။ အဲ့လိုကြောက်ပြီးပြေးတာနဲ့ တစ်ဆက်တည်းမှာပဲ Pond ကသူ့စိတ်ထဲနေရာတစ်ခုရှိနေခဲ့တယ်။ အခုပြန်တွေ့ပြီး ရင်းနှီးလာရချိန်မှာတော့ သူ့စိတ်ထဲရှိနေတဲ့ Pond ရဲ့နေရာကို သူသိသွားပြီ။

Tang ကိုတစ်ခုခုဝယ်တိုက်မယ်ဆိုပြီး ခေါ်သွားရင်းနဲ့ လမ်းမှာ Pond နဲ့ပြန်တွေ့ပုံတွေရော Pond ကဘယ်လိုသဘောကောင်းကြောင်းတွေပါ သူပြောပြလိုက်တယ်။ Tang ကတော့ တအံ့တဩတွေဖြစ်လို့ပေါ့။

"အဲ့တော့ အခုသူနဲ့အဆင်ပြေနေတယ်ပေါ့လေ"

"အေး.. ဘာလို့လည်းမသိ သူကလည်း ငါ့ကိုဂရုစိုက်နေသလိုပဲ"

"ရူးချင်စရာပဲ.. ကြည့်ရတာ ငါတို့နှစ်ယောက်လုံး ရည်းစားထားဖြစ်တော့မယ် ထင်တယ်နော်"

"မင်းပြောတာ အဝေးကြီးတွေရောက်ကုန်ပြီ Tang"

"ဖြစ်နိုင်တာကို ပြောကြည့်တာပါပိုက်ဆံပေးဦးလေ ဝယ်ရအောင်လို့"

"အေး ခဏ.."

အိတ်ထဲကိုနှိုက်ပြီး ပိုက်ဆံအိတ်ရှာနေတဲ့ Phuwin တဖြည်းဖြည်းမျက်နှာပျက်လာတယ်။

"ဘယ်ရောက်သွားလဲ"

"ပျောက်ပြန်ပြီလား ပိုက်ဆံအိတ်က"

"အေး သွားပြီထင်တယ်"

"အိမ်ကနေရောပါလာရဲ့လား ပြန်စဉ်းစားကြည့်ဦး ဟေ့ရောင်"

"ပါလာတယ် ငါ စောစောကတောင် ထုတ်သုံးသေးတယ်ဟ"

"ဘယ်မှာထုတ်တာလဲ"

"ငါတို့ဌာနမှာတုန်းကလေ"

"အဲ့မှာကျခဲ့ပြီထင်တယ် သွားရှာမယ်လာ"

Tang ဆွဲခေါ်တဲ့အတိုင်း သူလည်းပြန်ပါလာပြီး သူသွားဝယ်ခဲ့တဲ့ဆိုင်နားကို အရင်သွားရှာကြည့်ရတယ်။ ဒါပေမဲ့ အဲဒီမှာမတွေ့လို့ ပြန်စဉ်းစားကြည့်တော့ သူထိုင်ခဲ့တဲ့နေရာလေးရှိသေးတာကို သတိရမိသွားလို့ အဲဒီကိုပြေးရပြန်ရော။

"ဒီနားသေချာလား ဟေ့ရောင်"

"ဟုတ်တယ် ဒီနားမှာ ငါအိတ်ဖွင့်သေးတယ်"

နှစ်ယောက်သား စားပွဲအောက်တွေရော အပင်တွေနားပါ လှည့်ပတ်ရှာနေတုန်း ရင်းနှီးပြီးသားအသံလေးကို ကြားလိုက်ရတယ်။

"ဘာတွေရှာနေလဲ အစွာလေး"

"အယ် P'Pond.. ဟို ပိုက်ဆံအိတ်ဘယ်နားကျသွားလဲ မသိလို့"

"ဪ.. ဒီနားမှာ ကျခဲ့တယ်ထင်ရင် ဒီနားဝန်းကျင်မှာပဲ ရှိမှာပါ ဒီနားက နည်းနည်းလူရှင်းတယ်လေ"

"အင်း..."

"အာ.. အစ်ကိုက အတန်းရှိသေးလို့ သွားရဦးမယ် မကူပေးတော့ဘူးနော်"

"ဟုတ် သွားပါ"

Pond ထွက်သွားတာကို တစ်ချက်ငေးပြီး ရှာစရာရှိတာပြန်ရှာနေတဲ့ Phuwin နဲ့မတူဘဲ Tang ကတော့ Pond ပြောသွားတာကို ထူးဆန်းနေသလိုခံစားရတာနဲ့ Pond ကိုလိုက်ငေးနေမိတယ်။ သူက စားပွဲနားမှာ ငုတ်တုတ်လေးထိုင်နေတာဆိုတော့ Pond ကမမြင်ဘူးထင်ပါရဲ့။

Pond သွားရင်းနဲ့ Phuwin ကိုအရိပ်အခြည်ကြည့်ပြီး သူ့ကိုကြည့်မနေတာသေချာတော့မှ တစ်ဖက်ကနောက်စားပွဲတစ်ခုပေါ်မှာ အိတ်လေးကိုတင်ပေးသွားတယ်။ ဒါကို Tang က မြင်ဖြစ်အောင် မြင်သွားတယ်လေ။

"အဲဒါပဲ ငါထင်နေတယ်"

Pond ဝေးသွားတော့မှ Tang ကထအော်တယ်။

"ဘာလဲဟ"

"ဟိုမှာ မင်းအိတ်"

Tang ပြတဲ့စားပွဲပေါ်က သူ့အိတ်လေးကိုမြင်တော့ Phuwin မျက်လုံးပြူးသွားတယ်။

"ဟင် ခုနကမရှိဘူးလေ မင်းပြောဖူးသလို သရဲများလား"

"ဘာသရဲမှမဟုတ်ဘူး မင်းရဲ့ချောလှပါတယ်ဆိုတဲ့လူ"

"ဟမ်.."

"သူကောက်ရထားတာနေမှာပေါ့ မင်းကိုစချင်လို့ မပြောဘဲ အဲ့မှာတင်ထားခဲ့တာဖြစ်မယ်"

"ဟီး.. "

"တော်တော်သဘောကျနေလား ငါ့ကိုမုန့်လိုက်ကျွေးတော့ မောသွားပြီ"

ဒီလိုနဲ့ မုန့်စားဖို့တစ်ဖန်ပြန်ရောက်လာကြပြီး ပိုက်ဆံရှင်းတော့မှ အိတ်လေးထဲမှာပိုနေတာလေးကို Phuwin သတိထားမိသွားတယ်။

"Tang ဒီမှာကြည့်ဦး"

"ဘာလဲ"

ပိုနေတာကတော့ စာရွက်လေးတစ်ရွက်ပါပဲ။

"အရေးကြီးတဲ့ဟာလေးဆို သေချာဂရုစိုက်သိမ်းလေလို့ ပြောထားတယ်လေ"

စာလေးကိုဖတ်ကြည့်လိုက်တာနဲ့ သူရင်ခုန်စိတ်လှုပ်ရှားသွားတယ်။ ချက်ချင်းမှတ်မိလိုက်တာက လွန်ခဲ့တဲ့တစ်နှစ်ကျော်က ပျောက်သွားပြီး ပြန်ရခဲ့ဖူးတဲ့အိတ်လေးထဲမှာလည်းပါလာခဲ့တဲ့ ဒီလိုတူညီတဲ့စာလေးကိုပဲ။

"Tang မင်းမှတ်မိလား အရင်ကလည်း ဒီလိုတူတူပဲမင်းအားလား ငါနဲ့အိမ်ခဏပြန်လိုက်ခဲ့"

"ငါ့သူငယ်ချင်းအတွက်ပဲ အားရမှာပေါ့"

အတန်းတွေဘာတွေ မသိတော့ဘဲ နှစ်ယောက်သားအိမ်ပြန်ချလာပြီး Phuwin အခန်းထဲမှာ ဘူးလေးတစ်ဘူးကို မွှေနှောက်ရှာတော့တာပဲ။ မကြာလိုက်ဘဲ ဘူးလေးကိုရှာတွေ့သွားတယ်။ ဂရုတစိုက်ထုတ်လာပြီးဖွင့်ကြည့်တော့ အထဲမှာ အကောင်းတိုင်းရှိနေသေးတဲ့စာရွက်လေးကို တွေ့လိုက်ရတယ်။

အကြောင်းအရင်းမသိဘဲ သိမ်းထားသင့်တယ်လို့ ခံစားရလို့ သိမ်းထားခဲ့တဲ့စာရွက်လေးနဲ့ ဒီနေ့တွေ့ရတဲ့စာရွက်လေးပေါ်က စာနဲ့လက်ရေးတွေက အတူတူပဲ။

"ဒါဆို သူပဲလား"

"ဟုတ်တယ်ထင်တယ်"

"တစ်ခုခုတော့ရှိမယ်ထင်တယ် လာ ကျောင်းပြန်သွားကြမယ်"

Tang ရဲ့ဆွဲခေါ်မှုနဲ့ပဲ နှစ်ယောက်သားကျောင်းကိုပြန်ရောက်လာကြတော့ အချိန်ကတော်တော်ကုန်သွားပြီးပြီ။ Pond ကိုလည်း ဘယ်သွားရှာရမယ်မသိဘူး။

"တကယ်တော့ ငါသူ့ကိုတွေ့ရင်လည်း ဘာပြောရမလဲမသိဘူး Tang"

"ဘာမှပြောမနေနဲ့ အဲ့စာရွက်နှစ်ခုသာ ပြလိုက်"

"ဟင်"

"ငါပြောတာ ယုံစမ်းပါ အခုမင်းသူ့ကိုသာ တွေ့ရအောင်လုပ်"

"ဖုန်းခေါ်လိုက်ရမလား"

"ကောင်းတာပေါ့အရူးရဲ့ မေးနေရသေးလား"

Tang အော်တာခံလိုက်ရပြီး ဖုန်းကိုချက်ချင်းထုတ်လိုက်ရတယ်။ သူဖုန်းခေါ်လိုက်တော့ Pond ကချက်ချင်းကိုင်ပါတယ်။ ဘယ်မှာရှိနေလဲမေးပြီး အဲ့မှာစောင့်နေပေးပါဆိုတော့လည်း မဆိုင်းမတွပြန်ပြောလာတာ စောင့်နေပါ့မယ်တဲ့လေ။

Phuwin အိတ်လေးပျောက်ခဲ့တဲ့နေရာမှာပဲ Pond ထိုင်နေတာပါ။ ရောက်ခါနီးတော့ Tang ကလိုက်မသွားတော့ဘဲ အလိုက်တသိနဲ့ရပ်ကျန်နေခဲ့တယ်။

"P'Pond.."

"ပြောလေ.."

"ဒါလေးတွေကို သိတယ်မလား"

စာရွက်လေးနှစ်ရွက်ကို စားပွဲပေါ်တင်ပေးလိုက်တော့ Pond ကကြည့်ပြီး ပြုံးသွားတယ်။

"ဒီလောက်ကြာနေပြီကို မင်းသိမ်းထားခဲ့တာလား"

"တကယ်ပဲ အစ်ကိုလား.. ဘာလို့ ကိုယ်တိုင်မလာခဲ့တာလဲ"

"မင်းက ကိုယ့်မျက်နှာမြင်တာနဲ့ ထွက်ပြေးနေခဲ့တာကို ကိုယ်ဘယ်လိုလာရပါ့မလဲ"

"ဒါဆို အချိန်ကျရင် ဆုံကြရအောင်နော် ဆိုတာက ဘာကိုပြောချင်တာလဲ"

"မင်းနဲ့တွေ့ဖို့ အခေါက်ခေါက်အခါခါကြိုးစားခဲ့တာ မင်းကအမြဲထွက်ပြေးနေတော့ ကိုယ်တို့အတွက်အချိန်မကျသေးဘူးလို့တွေးမိလို့.. အတင်းမကြိုးစားတော့ဘဲ ကိုယ်တို့နှစ်ယောက်ဆုံရမဲ့အချိန်ကိုပဲ မျှော်နေခဲ့လိုက်တာ"

"..."

"အခုဆို မင်းလည်းရည်းစားထားဖို့ စဉ်းစားနိုင်ပြီမလား"

"အဲ့ဒါကို အစ်ကိုဘယ်လိုသိ.."

"မင်းပြောတာကြားခဲ့တာ ကိုယ်ခိုးနားထောင်တာပေါ့လေ ဟဲဟဲ"

"ဪ... ဘာမှမသိလိုက်ဘူး"

"ဒါဆို အခုသိပြီဆိုတော့ ကိုယ်မင်းကိုပြောပြတော့မယ်နော်.. မင်းကိုယ့်ကို အိတ်နဲ့ပေါက်ပြီး ရန်တွေ့သွားကတည်းက ကိုယ်မင်းကိုချစ်မိသွားတာ မင်းစဉ်းစားပေးနိုင်မလား ကိုယ့်ချစ်သူဖြစ်ပေးဖို့"

"တကယ်တော့.."

Phuwin နည်းနည်းလေးတုံ့ဆိုင်းနေပြီးမှ ဆက်ပြောမိတယ်။

"ကျွန်တော်လည်း အဲ့တုန်းက P'Pond လှည့်ကြည့်လာကတည်းက ရင်ခုန်သွားခဲ့တာ"

"တကယ်ကြီးလား"

Pond ကတကယ်ကို မမျှော်လင့်ထားတာမို့ အရမ်းပျော်သွားတာသိသာတယ်။

"အင်း"

"ဒါဆို ဘာစောင့်နေမှာလဲ အခုပဲ ချစ်သူဖြစ်လိုက်မယ်လေနော်"

"..... အင်း"

နည်းနည်းလေးတုံ့ဆိုင်းနေသေးပေမဲ့ Phuwin ခေါင်းညိတ်လိုက်ပါတယ်။ ဟုတ်တယ်လေ သူ့ရဲ့ P'Pond ပြောသလိုပဲ ဘာကိုစောင့်နေမှာလဲ။ သူလည်း အများကြီးထွက်ပြေးခဲ့ဖူးပြီးပြီ။ Pond လည်း သူတို့နှစ်ယောက်ရဲ့အချိန်ကို အကြာကြီးစောင့်စားပြီးပြီပဲ။ အခုက ဆုံရမဲ့အချိန်ဆိုတာ သေချာနေပြီလေ။

"ကိုယ့်ရဲ့အစွာလေး.."

"ဟင်.."

"နမ်းလို့ရလား"

"အမ်..."

မျက်လုံးလေးထောင့်ကပ်လို့ စဉ်းစားနေပြီးတဲ့နောက် ပါးလေးတစ်ဖက်လှည့်ပေးလိုက်တော့ ညင်ညင်သာသာလေး နမ်းရှိုက်သွားတယ်။

အချစ်က နူးညံ့လိုက်တာ...။

-End-

There are no comments yet. Log in to be the first to leave a review!

Similar stories