Fanfics

1

19:45, 7 September 2025

မိုးရွာပြီးတစ်ခဏအတွင်းမှာပင် အေးစက်တဲ့ လေညင်းလေးနဲ့အတူ မြေနံ့သင်းသင်းလေးကနှာခေါင်းတစ်ဝိုက် ရစ်သီဝေ့ပျံ့လာသည်။

မာကျူရီ မီးရောင်တွေအောက်မှာ ကော်ဖီဆိုင် ခပ်သေးသေးလေးက ငြိမ်သက်စွာ ရှိနေသည်။လီယို ဒီနေ့ သိပ်နေမကောင်းချင်တာကြောင့် ဆိုင်ကနေ စောစောလေး ခွင့်ယူပြီး ပြန်လာခြင်း ဖြစ်သည်။ ရာသီဥတုရဲ့ အအေးဓာတ်ကြောင့်လည်ပင်းထက်က မာဖလာကို အဆုံးထိ ဆွဲပတ်ကာ ခပ်သွက်သွက် လျှောက်လာခဲ့သည်။

လီယိုက အရပ်အမောင်း အတော်အသင့် ရှည်ပြီး ရုပ်ရည်ဆိုချင်လည်း အပြစ်ပြောစရာပင် မရှိ။ သို့သော် မိသားစုရဲ့ အခြေအနေကြောင့် တက္ကသိုလ် ဆက်မတက်ဖြစ်ပဲ အချိန်ပိုင်း အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည် ။

မိဘတွေက ငယ်ငယ်ကတည်းက ဆုံးသွားတာမို့ အဖွားနဲ့သာ အတူနေခဲ့ပြီး အခုဆိုရင် အတော်အသင့်လေးတော့ အဆင်ပြေနေပြီဟု ပြောရမည် ။ အဖွားကို အိမ်ခေါက်ဆွဲဆိုင်လေး တစ်နိုင်တစ်ပိုင် ဖွင့်ပေးနိုင်ပြီး ပိုက်ဆံအနည်းငယ်လည်း စုထားနိုင်သည် ။

ဟိုဟိုဒီဒီတွေးကာ လီယို ခပ်သွက်သွက် ဆက်လျှောက်လာသည် ။ Mall တစ်ခုအနား အရောက်မှာတော့ သူ့ခြေလှမ်းတွေက တစ်ခဏ ရပ်တန့်သွားသည် ။

လီယိုရဲ့ ကျောင်းတုန်းက အသိတွေ ညစာ စုစားနေကြတာမျိုး ဖြစ်နိုင်သည်။ ကျောင်းတည်းက မတွေ့ဖြစ်ကြတော့တာမို့ မည်သူကမျှလည်း အဆက်အသွယ်မလုပ်သလို သူကလည်း မဆက်သွယ်ဖြစ်။ အမှတ်တမဲ့တွေ့လိုက်ရတာမို့ သွားပြီး နှုတ်ဆက်လိုက်ရမလား ဆိုတာ သူသေချာမသိ ။

အတော်ကြာရပ်နေပြီးမှ ခေါင်းကို ခပ်ဆတ်ဆတ်ခါကာ ထွက်သွားမိပါသည် ။

-------ဆန်းဝန်းက နိုင်ငံခြားမှာ အတော်ကြာနေခဲ့ပြီး လိုချင်တဲ့ Diploma လည်း ရလာပြီးပြီမို့ မွေးရပ်မြေ Korea ကို ပြန်လာခဲ့ခြင်းဖြစ်သည် ။ သူ့စိတ်ကူးက မိဘရဲ့ စီးပွါးရေးကို ပြန်ဦးဆောင်ရမှာ ဖြစ်ပြီး အဆင်ပြေရင်အမွေတွေကိုပါ လွှဲယူရတော့မှာမျိုး ဖြစ်တယ် ။

လေယာဉ်ဆင်းတဲ့အချိန်က မနက်စောစော ဖြစ်နေပြီး မြို့အဝင် ဆောင်းရဲ့ အငွေ့အသက်တွေကတော့ မပြောပြတတ်အောင်ကို ခိုက်ခိုက်တုန်လှသည် ။ လေယာဉ်ကွင်းရောက်တာနဲ့ အိမ်က စီစဉ်ပေးထားတဲ့ ကားကို တက်မောင်းပြီး သူလစဉ်ထောက်ပံ့နေကြ ဂေဟာကို အရင် လာခဲ့သည်။

တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ကားလမ်းတွေက သတိထားရသည် ။ တောင်တက်တောင်ဆင်းတွေမှာ မမောင်းတာကြာပြီ ဖြစ်တာကြောင့် ဆန်းဝန်း အနည်းငယ်တော့ လက်တုန်သည် ။ ဘုရားတပြီးမောင်းလာပြီးတဲ့နောက် ဂေဟာကို ရောက်သည်။

"ဟာ ရောက်လာပြီလား "

ကောင်တာကို စစဝင်ခြင်းမှာပင် အလှူငွေ လက်ခံပေးတဲ့ တာဝန်ခံနဲ့ ဆုံသည် ။ဖုန်းကြိုဆက်ထားပေမဲ့ ဒီနေ့လိုကြီး ချက်ချင်းရောက်လာမယ်လို့ မထင်ထားမိတာကြောင့် တာဝန်ခံက တအံ့တဩ ပြေးလာပြီး ကြိုသည်။

"အကိုလေး နေရာတော့ ဖြောင့်ဖြောင့်တန်းတန်းရောက်လာသားပဲ "

တာဝန်ခံက မျက်ခုံးနှစ်ဖက်ကိုပင့်ကာ အားရဝမ်းသာနဲ့ပြောသည် ။ ဆန်းဝန်း က ခပ်ဖွဖွပြန်ပြုံးပြကာ လိပ်စာအတိုင်း GPS ထောက်လာသည်ကို ရှင်းပြသည် ။သူ င်္အကျီလက်တွေကို အပေါ်ဆွဲတင်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တဲ့အချိန်မှာ ကောင်တာထောင့်က သူတစ်ယောက်ကို သတိထားမိသည် ။

ဂျူတီဝတ်စုံ အပြာ အပွကို ဝတ်ထားပြီး သူ့ကို ကြည့်နေခြင်းဖြစ်သည် ။ ဆန်းဝန်း အကြည့်ရောက်တဲ့အချိန်မှာ ထိုသူက မျက်နှာ လွှဲသွားသည် ။ ရပ်ပြီးငေးနေတုန်းမှာပဲ တာဝန်ခံက လမ်းပြကာ ရုံးခန်းဆီ သွားဖို့အတွက်ပြောသည် ။

သူခေါင်းညှိမ့်ပြလိုက်ပြီး ထိုကောင်လေးဆီမှ အကြည့်လွှဲလိုက်သည် ။

-----------------

"ကဲ အားလုံးပဲ ဒါက ကျွန်တော်တို့ဂေဟာ ရဲ့ လစဉ် မတည် အလှူရှင် ဖြစ်ပါတယ် ခင်ဗျ ဒီနေ့ရောက်တုန်း အားလုံးနဲ့ မိတ်ဆက်ပေးတာပါ ကျွန်တော်မအားတဲ့အခါမျိုးမှာ ဝန်ထမ်းတွေနဲ့လည်း ကိစ္စရှိရင် ပြောလို့ရအောင်ပါ "

တာဝန်ခံ က မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာ အားလုံးက ဝမ်းပန်းတသာနဲ့ ကြိုဆိုကြပြီး နှုတ်ဆက်ကြသည်။အများစုက သူ့ထက် အသက်ကြီးပုံပေါ်ပြီး အနေအေးကြသည် ။ မိတ်ဆက်ပြီးတဲ့နောက်မှာတော့ အသီးသီးက သူ့နေရာ သူပြန်ကာ ကျရာအလုပ်ကို ပြန်လုပ်နေကြသည်။

ဒီနေ့ သိပ်ပြီး အထွေအထူးလည်း မရှိသေးတာမို့ ဂေဟာမှာပဲ  ရှိဆဲ အဖိုး အဖွားတွေ ဘက်ကို သူလျှောက်ပတ်ကြည့်နေလိုက်သည် ။ မလာတာ အတော်ကြာနေပြီမို့ ဒီဂေဟာ ဘယ်လို လည်ပတ်နေသလဲဆိုတာ သူသိချင်သည် ။

နေရာတစ်ချို့မှာတော့ တာဝန်ကျတဲ့ Nurse တွေက လိုအပ်တဲ့ အဖိုး အဖွားတွေကို Oxygen တပ်ပေးတာမျိုး ဆေးထည့်ပေးနေတာမျိုး ရှိနေပြီး ထောင့်ကျကျ ကုတင်တစ်ခုဘက်မှာတော့ တစ်ယောက်ယောက်က စာအုပ်ဖတ်ပြနေဟန် ရှိသည် ။ ပိုသေချာအောင် ဆန်းဝန်း အနားကို တိုးကြည့်လိုက်သည် ။

"စာအုပ်ဖတ်ပြနေတာလား "

အသံလာရာဘက်ကို လီယို မော့ကြည့်မိသည် ။ သူ့မျက်လုံးတွေနဲ့ ဆုံတဲ့အခါ လီယို ရင်ထဲ ဆစ်ခနဲ ဖြစ်သွားရသည် ။ အဲ့ဒီ အကြည့်တွေ.....။ တစ်ခါက တစ်စိမ့်စိမ့်ကြည့်ရင်း ရင်ခုန်ခဲ့ရဖူးတဲ့ အမျိုးသမီးနှင့် ဆင်တူသည် ။ တိုက်ဆိုင်မှု ရှိလာတိုင်းမှာ နှလုံးပေါက်ထွက်မတတ် ဖြစ်လာသည့် သူ့အဖို့ အတိတ်က အကြောင်းအရာတွေကို ပြန်လည်း မသိချင်တော့သလို တွေးလည်း မတွေးချင်တော့ပါ ။

"ဟုတ်တယ်ဗျ "

လီလိုက ဖြေပြီးတစ်ဖက်သို့ပြန်လှည့်သွားတာမို့ ဆန်းဝန်း ဘာမှ ဆက်မပြောတော့ပဲ နောက်တစ်နေရာသို့ ဆက်လျှောက်လာလိုက်ပါသည်။----------

"ကျွန်တော် တစ်ခုလောက် မေးချင်လို့ "

Computer Dashboard ကိုကြည့်နေတဲ့တာဝန်ခံကို ဆန်းဝန်း ဘေးကနေဝင်ထိုင်၍ ပြောလိုက်သည် ။

" ဟုတ် မေးဗျ "

" သူကဒီမှာလုပ်တာ ကြာပြီလား "

ကုတင်ဘေးမှာရှိနေတဲ့ စာအုပ်ဖတ်ပြနေတဲ့ သူကို မေးငေါ့ပြ၍ သူမေးလိုက်ခြင်း ဖြစ်သည် ။ ထိုသူက အမြဲ အလုပ်ရှုပ်နေပုံပေါ်သည် ။

" ဪ အီလီယို ကိုပြောတာလား သူက ဒီမှာလုပ်တာ ၅လလောက်တော့ ကြာပြီ ဇာတိက ဒီကပဲလေ အနေတော့အေးတယ် ဒါပေမဲ့ အချိန်ပိုင်းပဲ ခေါ်ထားတာဗျ "

ဆန်းဝန်းက မျက်ခုံးနှစ်ဖက်ကိုပင့်ပြီး ဟုတ်လားဆိုသည့်အမူအယာဖြင့် ခေါင်းငြှိမ့်သည် ။ထို့နောက် အဝတ်ကို ပြင်ဝတ်ကာ ကိုယ်ပေါ်က အမှုန်တွေကို ဖယ်ချပြီး လက်ခေါက်တင်ထားတဲ့ င်္အကျီကို ဖြေချကာ နေရာချသည် ။

" ကဲ ကျွန်တော် ပြန်ဦးမယ်ဗျ "

ဆန်းဝန်းက တာဝန်ခံကို သေချာ နှုတ်ဆက်ကာ ပြုံးပြသည်။

" လီယို အဆင်ပြေမယ်ဆိုရင် ကားနားလေး ဧည့်သည်ကို လိုက်ပို့ပေးပါဦးနော် "

တာဝန်ခံက အကူအညီတောင်းလိုက်တော့ လီယိုက ခေါင်းငြှိမ့်ပြကာ နေရာမှ ထလာသည်။

တာဝန်ခံ ပြော၍သာ လိုက်လာရသည်။ ကိုယ်နဲ့ မတိမ်းမယိမ်း အသက်အရွယ်မို့ လမ်းမှာ အနေတော့ ခက်လှသည်။ သူဌေးသား ပီပီ မာနကြီးလောက်မလား ။ အဆင့်အတန်းရော ခွဲခြားတတ်လား ။ သူဌေးသား အများစုက ဒီလိုပဲဟာ သူလည်း ပါနိုင်တာပဲ ။

လီယို ဟိုဟိုဒီဒီလျှောက်တွေးနေပြီးဘေးချင်း ယှဉ်လျှောက်ရသည့် အနေအထားဖြစ်တဲ့အတွက် သူ့ကိုယ်ပေါ်က ရေမွှေးနံ့က နှာဖျားတစ်လျှောက် ရစ်သီနေသည် ။ လီယို မျက်လုံးထောင့်ကနေ ကြည့်လိုက်မိသည် ။ သူ့အား ပြုံးပြနေသည့် အနေအထားမှာ မျက်လုံးများကလည်း ပကတိ ကြည်လင်နေသည် ။

အသားများက ဖြူဖွေးနေပြီး မေးရိုးကလည်း အထင်းသား ပေါ်နေသည်။

ထိုကောင်လေးက လီယို့ကို နှုတ်ဆက်ပြီး ကားမောင်းထွက်သွားသည် ။ လီယို ရပ်ကျန်နေခဲ့သည်။ သူတို့ရဲ့ ဘဝတွေများ ကောင်းလိုက်တာကွာ ။ ပညာသင်ဖို့အသင့် အလုပ်အဆင်သင့်။ ကြီးပြင်းခဲ့ရတဲ့ ဘဝတွေဟာလည်း ဒီလိုပဲကွဲပြားတတ်တယ်ဆိုတာကို ပိုပြီး နားလည်စေခဲ့ပါတယ်။

----

ညနေ ၄နာရီ ။

Duty ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် လီယို ကော်ဖီဆိုင် သွားဖို့ ပစ္စည်းသိမ်းရသည် ။ တစ်နေကုန် စစ်ထားသည့် အရေအတွက်နှင့် အခြေအနေကို Handover Book မှာ ချရေးသည် ။ယူနီဖောင်းကို နံရံဘေးက Locker ထဲ ထည့်သိမ်းကာ အဝတ်အစားလဲသည် ။

အသင့်ရှိနေတဲ့ နာရီကို ကောက်ပတ်ကာ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ကိုလည်း သပ်တင်လိုက်သည် ။ ဖိနပ်လဲစီးပြီးတဲ့နောက် အိတ်ကို ယူကာ အခန်းပြင်ကို ထွက်လာခဲ့သည် ။

Duty လဲမည့် အမတွေနဲ့ လမ်းမှာ ဆုံတဲ့အခါမှာတော့တွေ့သမျှကို သူပြုံးပြပြီး နှုတ်ဆက်ခဲ့သည်။ နောက်ထပ် အလုပ်ရှိရာကို သွားဖို့ Bus ကားစောင့်ရသည်။ လီယိုက မနက်ပိုင်းအိမ်မှာ ပန်းချီဆွဲတတ်ပြီး အလုပ်အတွက် ဂေဟာနဲ့ ကော်ဖီဆိုင်ကို နေ့လည် ညနေ ကူးပြောင်းရသည်။

Bus ကားပေါ်မှာ နည်းနည်း ပျင်းလာတာကြောင့် နားကြပ်ထုတ်ကာ အနှောင်းပိုင်း သီချင်းကို ရွေးချယ်လိုက်သည် ။ သီချင်းသံက နားတစ်ဝိုက် စီးမျောနေပြီး လီယို ကိုယ်တိုင်ကပင် တိုးတိုးလေး လိုက်ဆိုနေမိသည်။

လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေတ်ပေါ်သီချင်းတွေထက် အနှောင်းပိုင်းသီချင်းတွေက သူ့နားထဲ စီးမျော ခံစားရလွယ်သည် ။ တီဗီတွေ ဂိမ်းစက်တွေအစား စာအုပ်တွေ ပန်းချီ ပစ္စည်းတွေကသာ နေရာ ယူခဲ့သည် ။

ပန်းချီလည်း တော်ပြီး လူမှုဆက်ဆံရေးလည်း ကောင်းတဲ့ ကောင်လေးတစ်ယောက်က အခုချိန်ထိ အဆင်ပြေပြေနဲ့ နေနိုင်သေးတာဟာ ကျေနပ်စရာပဲ မဟုတ်လား ။---------

ဆက်ရန် ။

There are no comments yet. Log in to be the first to leave a review!

Similar stories