Fanfics

Final Episode

20:42, 2 August 2025

(ဇာတ်သိမ်းခန်း)

{ဘင်း.. မင်းအနားမှာ ဆက်နေနေရင် မင်းကိုပိုင်ဆိုင်ချင်စိတ်နဲ့ထပ်တူ ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်က ဆတူကြီးထွားလာတာမလို့ ငါကပဲအရင်ဆုံး မင်းအနားကနေ ထွက်သွားလိုက်ပါတော့မယ်..။ တခါတလေ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားရတာထက် လက်လွှတ်လိုက်ရတာက ပိုပြီးတော့လွယ်ကူတယ်မလား.. ငါ့ကိုလိုက်မရှာပါနဲ့နော်.. ငါမင်းကို အဝေးကနေပဲ တိတ်ဆိတ်စွာနဲ့ ချစ်နေပါ့မယ်.. သိပ်ချစ်တယ် ဘင်း}

မက်သရူးထံမှ သူအကြားချင်ခဲ့ဆုံးဖြစ်သည့် 'ချစ်တယ်' ဆိုသောစကားလေးကို နားနှင့်ဆတ်ဆတ် ကြားခွင့်မရခဲ့ပေမဲ့ သိရှိခွင့်တော့ ဟန်ဘင်း ရလိုက်လေပြီ။ ဒါပေမဲ့လည်း သိခွင့်ရလိုက်တဲ့အချိန်မှာ မက်သရူးက သူ့အနားမှာ ရှိမနေတော့။

မက်သရူး သူ့အနားက ထွက်သွားပြီဆိုသည့်အသိက သူ့ရင်ကို ဓါးနဲ့အစိမ်းလိုက်မွှန်းနေသလို နာကျင်လာစေသည်။ မျက်လုံးများက မျက်ရည်များစီးကျနေသော်လည်း ရှိုက်သံကတော့ ကင်းမဲ့လို့နေ​၏။

အသက်မရှိတော့သည့် လူတစ်ယောက်လို မက်သရူးရဲ့ လက်ရေးစာတို ပန်းချီကားကို ဟန်ဘင်း အချိန်ဘယ်လောက်ကြာအောင် ထိုင်ငေးကြည့်နေမိသည်မသိ။ ဘောင်းဘီအိတ်ကပ်ထဲမှ ထွက်ပေါ်လာသော ဖုန်းမြည်သံကို ကြားမှပင် ဟန်ဘင်းမှာ အသိစိတ်ပြန်ဝင်လာခဲ့သည်။ ဖုန်းပြန်ဖြေဖို့အတွက် ထိုင်ရာမှထလိုက်သည့်အခိုက် ခြေထောက်ဆီမှ ထုံကျဉ်မှုကို ခံစားလိုက်ရ၍ "အာ့" ဟု အသံထွက်ကာ ညည်းညူရင်း ဟန်ဘင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်။

"ဟယ်လို"

"ဟန်ဘင်း.. မင်း ဒီနေ့အလုပ်မလာဘူးလား"

တဖက်မှ ကြားလိုက်ရသော ထယ်ရယ့်အသံ။

ထိုအခါမှ လက်ကနာရီကို ဟန်ဘင်းကြည့်လိုက်မိသည်။ နေ့လယ် ၁၂နာရီပင် ထိုးလုပြီ။ ထုံးစံအတိုင်း မက်သရူးကို ရုံးမသွားခင် မနက်စာ လာပြင်ပေးသည့် မနက်၈နာရီလောက်ကတည်းက သူဒီနေရာမှာ ထိုင်နေမိကြောင်း ခုမှပင် ဟန်ဘင်းသိသွားတော့သည်။ ခြေထောက်တွေ ကျဉ်နေသည်မှာလည်း မထူးဆန်းတော့။

"ငါ.. ငါ.."

ဝမ်းနည်းမှုက လည်ချောင်းမှတဆင့် လှိုက်တက်လာသဖြင့် ဟန်ဘင်းမှာ စကားကို တော်တော်နှင့် ​ရှေ့ဆက်မပြောနိုင်ခဲ့။

"ဟေ့ကောင် မင်းအဆင်ပြေရဲ့လား"

ငိုချင်ရက် လက်တို့ဆိုသလို ထိလိုက်ရုံနဲ့ ပြိုကျဖို့ အသင့်ဖြစ်နေလေသော ဟန်ဘင်းမှာ ထယ်ရယ့်ထံမှ စကားကြောင့် တအိအိနှင့် ငိုမိသွားတော့သည်။

"ဆောင်းဟန်ဘင်း! မင်းဘာဖြစ်နေတာလဲ.. ငိုနေတာလား.. ငါမင်းဆီလာခဲ့မယ်။ မင်းခုဘယ်မှာလဲ"

"ငါ.. ငါ ချူးငယ်လေး အိမ်မှာ.. ချူး ချူး မရှိတော့ ဟေ့ကောင်ရ.. ချူး ထွက်သွားပြီ အီးဟီး::"

"မင်း အဲ့မှာပဲနေနေနော်.. ငါ အခုလာပြီ"

တဖက်မှ ဖုန်းချသွားသည်လား မချသေးသည်လား သူမသိတော့..။ ခုချိန်မှာ သူဘာကိုမှလည်း မတွေးနိုင်..။ သူသိပ်ချစ်ရတဲ့ ချူးငယ်လေး ဘယ်နေရာကို ထွက်သွားလဲဆိုတာကိုသာ သိချင်နေမိတော့သည်။

"မင်းရဲ့နှုတ်ထွက်စကား မှန်သမျှကို နာခံခဲ့တဲ့ငါ.. ဒီတခါမှာတော့ မင်းရဲ့ လိုက်မရှာပါနဲ့ဆိုတဲ့ စကားကို နားမထောင်နိုင်တော့တာ တောင်းပန်ပါတယ် အချစ်ရယ်.. ငါကမင်းမှ အနားမှာမရှိရင် မဖြစ်ဘူး.."

--------------------------------------------------------

(၁လခန့်ကြာပြီးနောက်)

ပြခန်းအတွင်းမှ 'Not For Sale' စာတန်း ချိတ်ဆွဲထားသည့် မက်သရူးလက်ရာ Dream Catcher ပုံ ပန်းချီကားကို ဟန်ဘင်း ငေးကြည့်ရင်း ထုံးစံအတိုင်း မျက်ဝန်း၌ မျက်ရည်များက ရစ်ဝိုင်းလို့ လာကြပြန်​၏။

မျက်ရည်စတို့ကြောင့် သူ့အမြင်အာရုံမှာ ထင်ဟပ်နေသော အပြာရောင် Dream Catcher လေးရဲ့ပုံရိပ်က ဝေဝါးသွားခဲ့ပြီး ဝေ့သီကာ ကျလုဆဲဆဲ ထိုမျက်ရည်တို့ ပါးပြင်ပေါ်မကျရောက်စေရန် လက်ဖမိုးနှင့် ပွတ်သုတ်ကာ ဟန်ဘင်း ဟန့်တားလိုက်သည်။

"ဟန်ဘင်း-ရှီ"

ကျောအနောက်ဖက်ဆီမှ ကြားလိုက်ရသည့် ခေါ်သံ။

သူလှည့်ကြည့်လိုက်တော့ ပန်းချီဆရာ ဟာအိုက သူ့ကိုစိတ်မကောင်းဖြစ်ဟန်များ ရောယှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေ​၏။

"ဟာအို-ရှီ"

"ကျွန်တော် ဟန်ဘင်း-ရှီကို ပြောစရာလေးရှိလို့ပါ"

"ဘာများလဲ ခင်ဗျာ"

ဟာအိုမှာ မက်သရူးနှင့်ရင်းနှီးသောလူဖြစ်နေသဖြင့် ဟန်ဘင်း စိတ်တွေလှုပ်ရှားလာသည်။ ဟာအိုဆီကနေ မက်သရူးအကြောင်း ဘာတွေများ သိရလေမလဲဆိုသည့် မျှော်လင့်ချက်လေးကလည်း ထွက်ပေါ်လို့လာ​၏။

"ဟို မက်သရူးအကြောင်း ပြောချင်လို့ပါ"

မျှော်လင့်ထားသည့်အတိုင်း မက်သရူးအကြောင်းဖြစ်နေသဖြင့် ဟန်ဘင်းရင်ထဲမှ နှလုံးသားမှာ တဒုတ်ဒုတ်နှင့် အခုန်မြန်လာခဲ့သည်။

"ချူး.. ချူး နဲ့ အဆက်အသွယ်ရလို့လားဟင်"

"မဟုတ်ပါဘူး"

ဟာအိုရဲ့စကားကို ကြားပြီးနောက် ဟန်ဘင်းမှာ ဖမ်းမိလုဆဲဆဲ ပိုးစုန်းကြူးလေးကို လွတ်သွားသည့်ကလေးငယ်လေးလို စိတ်ပျက်မှုကို ခံစားလိုက်ရပြန်သည်။

"ဒါဆို မက်ချူးအကြောင်း ပြောစရာရှိတယ်ဆိုတာက"

"ဒီလိုပါ.. မက်သရူးရဲ့ သီးသန့်အခန်းထဲကို ဟန်ဘင်းရောက်ဖူးလား သိချင်လို့ပါ"

သူတခါမှ ဝင်ခွင့်မရခဲ့သော အပြာနုရောင် တံခါးချပ်ရဲ့ တဖက်ခြမ်း..။ မက်သရူး ဘာတွေများ ဖွက်ထားလဲဆိုတာ အမြဲလိုလို သိချင်နေမိသော ထိုအခန်း။

"ဟင့်အင်း မရောက်ဖူးဘူး.. ဘာဖြစ်လို့လဲ"

"အဲ့အခန်းထဲမှာများ မက်သရူးရှိနေနိုင်မဲ့နေရာရဲ့ သဲလွန်စလေးများ ရှိနေမလားလို့လေ"

"အဲ့အခန်းက အမြဲသော့ခတ်ထားတာလေ"

"အခန်းသော့ ထားထားတဲ့နေရာကို ကျွန်တော်သိတယ်.. ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ"

"မက်သရူးက သော့ကို မီးခံသေတ္တာထဲထည့်ထားတာ.."

"မီးခံသေတ္တာထဲဟုတ်လား.."

--------------------------------------------------------

ဟာအိုပြောပြလိုက်သော မီးခံသေတ္တာရှေ့တွင်ထိုင်ကာ နံပါတ်များကို ဟန်ဘင်းနှိပ်ကြည့်နေသည်မှာ အတော်ကြာနေပြီဖြစ်ပြီး သူတို့နှစ်ယောက် အခန်းတံခါး password ၊ မက်သရူးမွေးနေ့၊ မက်သရူး မိဘများမွေးနေ့ နှင့် မက်သရူး မိဘများ ကွာရှင်းသည့်နေ့တွေပါ စုံနေအောင် ရိုက်ကြည့်ပြီးလေပြီ။ ခုချိန်ထိ မီးခံသေတ္တာမှာ ပွင့်မလာခဲ့။ ဆော့မက်သရူးတို့ password ကို ဘာနံပါတ်များ ထားထားသည်မသိ။

"ဟူး::::"

စိတ်အိုက်လာမှုကြောင့် ဟန်ဘင်း သူဝတ်ဆင်ထားသည့် necktie ကို လက်နှင့်ဆွဲဖြည်ကာ အနည်းငယ် အသက်ရှူချောင်သွားစေရန် ရှပ်အင်္ကျီကြယ်သီးတချို့ကိုလည်း ဖြုတ်လိုက်သည်။ ထို့နောက် နှဖူးစပ်မှ ချွေးစက်အနည်းငယ်ကို လက်ဖျံနဲ့ ပွတ်သုတ်လိုက်ပြီး ဖြစ်နိုင်ချေရှိသည့် နံပါတ်တစ်ခုကို ဘုရားတရင်း ရိုက်နှိပ်လိုက်သည်။

*တီ တီ တီ တီ

*ကလစ်

နောက်ဆုံးမှာတော့ မီးခံသေတ္တာမှာ ပွင့်လို့သွားခဲ့ပြီး အထဲတွင်တော့ ငွေရောင်သော့လေးတစ်ချောင်းက ထီးထီးရှိလို့နေ​၏။

"ချူးငယ်က ငါ့မွေးနေ့ကို ဘာလို့ password လုပ်ထားတာလဲ.."

ဟန်ဘင်းရဲ့ တီးတိုးရေရွတ်သံက အလုပ်ခန်းအတွင်းမှာ ပျံ့ဝဲသွားသည်။

သိချင်စိတ်က နှိုးဆွလာသဖြင့် အပြာနုရောင်တံခါးချပ်ဆီ လှမ်းလို့နေတဲ့ ဟန်ဘင်းရဲ့ခြေလှမ်းတွေက သွက်လက်နေသည်။

တံခါးဖွင့်ပြီးလို့ အခန်းထဲရောက်လျှင်ရောက်ခြင်း အမှောင်ထုက ဖုံးလွှမ်းနေသဖြင့် မီးခလုတ်ကို အရင်ရှာရသေးသည်။ အခန်းမီးများကို ထွန်းပြီးသည့်အခါမှာတော့ ဟန်ဘင်းမှာ ပါးစပ်အဟောင်းသားနှင့် အခန်းတွင်းရှိ ပန်းချီကားများနှင့် ပစ္စည်းများကို လိုက်လံကြည့်ရှုနေမိသည်။ ထို့နောက် 'ချစ်သော' ဟူ၍ အမည်ပေးထားသော သူ့ပုံတူ ပန်းချီကားကို ကြည့်နေရင်းနှင့် မျက်ရည်များက တားဆီးမရအောင် စီးကျလာတော့သည်။

"ဘာလို့လဲ.. ဘာလို့လဲ ချူးရယ်.. မင်းလည်း ငါ့ကိုချစ်ရဲ့သားနဲ့ ဘာလို့ ကိုယ့်ကိုယ်ကို လိမ်လည်ခဲ့ရတာလဲ.. ဘာလို့များလဲကွာ"

--------------------------------------------------------

"မင်း သူ့အနားက ထွက်သွားမှာစိုးတဲ့စိတ်က သူ့ရဲ့အချစ်စိတ်ကို အနိုင်ယူသွားတယ်ထင်တယ်"

"ငါကဘာလို့ သူ့အနားက ထွက်သွားရမှာလဲကွာ.. ငါသူ့ကို ဒီလောက်ချစ်တာ မင်းလည်းသိတာပဲမလား"

"အေးပါ.. ဟုတ်ပါတယ် ဒါပေမဲ့ မက်သရူးမှာက စိတ်ဒဏ်ရာတွေနဲ့လေ"

သူ့စကားကို နားဝင်ဟန်လည်းမပြသော ဟန်ဘင်းကိုကြည့်ကာ ထယ်ရယ်သက်ပြင်းတွေသာ ချနေမိသည်။ ချစ်လျှက်နဲ့ ဝေးဖို့လမ်းကို ရွေးချယ်ခဲ့လေသော မက်သရူးကို နားမလည်သော်လည်း လတ်တလော ဆောင်းဟန်ဘင်း စိတ်သက်သာဖို့အရေး တတ်သလောက် မှတ်သလောက်လေးနှင့် သူဖျောင်းဖျပေးနေမိသည်သာ။

"မက်သရူး ဘယ်ကိုထွက်သွားလဲဆိုတာ မင်း ခုထိမသိသေးဘူးပေါ့"

"အင်း::"

"သူ့သီးသန့်ခန်းဆိုတာမှာရော.. ဘာသဲလွန်စမှ မတွေ့ဘူးလား"

ဟန်ဘင်းက သူ့မေးခွန်းကို ပြန်မဖြေခင် ဧည့်ခန်း စားပွဲပေါ်တွင်ရှိနေသော အရက်ခွက်ကိုယူကာ တရှိန်ထိုးမော့ချလိုက်​၏။ ပြီးမှ စကားကိုဆက်ပြောသည်။

"ဘာမှ မတွေ့ဘူး.. ငါရူးတော့မယ် ထယ်ရယ်ရာ.. ငါရူးတော့မယ်.. ချူးနဲ့ ဒီဘဝမှာ မဆုံစည်းနိုင်တော့ဘူးလားဆိုတဲ့ အသိက ခေါင်းထဲဝင်လာတာနဲ့ ငါ သွက်သွက်ခါအောင် ရူးချင်လာတယ်"

မျက်နှာကို လက်နဲ့ပွတ်ရင်း ညည်းညူနေသော ဟန်ဘင်းရဲ့ကျောကို ပွတ်သပ်ပေးရင်းဖြင့် ထယ်ရယ်က

"အားမလျော့ပါနဲ့ကွာ တချိန်ချိန်တော့ မက်သရူးက မင်းအနား ပြန်ရောက်လာမှာပါ"

"ကိုကို့အနားမှာ ကျွန်တော်ကလွဲပြီး ဘယ်သူ့မှ မရှိရဘူး"

အခန်းတံခါးဝဆီမှ ကြားလိုက်ရသော ယူဂျင်းအသံကြောင့် ထယ်ရယ်မှာ အသည်းများပင် ပြုတ်ကျလုမတတ် ထိတ်လန့်သွားရသည်။ ထို့နောက် အရက်မူးကာ အသိစိတ်ဝင်လိုက်ထွက်လိုက် ဖြစ်လို့နေသော ဟန်ဘင်းကို လှုပ်နှိုးလိုက်ပြီး

"ဟေ့ကောင် ဟန်ယူဂျင်းရောက်နေတယ်.. ထဦး"

ယူဂျင်းနာမည်ကို ကြားသည်နှင့် ဟန်ဘင်းမှာ ခေါင်းထောင်ထလာ၍

"ယူဂျင်း.. ယူဂျင်း မင်းရောက်လာတာ အတော်ပဲ မင်းကို ကိုယ်ပြောစရာရှိတယ်"

"ဟင့်အင်း ကိုကိုမပြောနဲ့ ကျွန်တော်ပဲ ပြောမယ်!!"

စူးရှနေသည့် ယူဂျင်း​၏အသံလေးကြောင့် ဟန်ဘင်းနှင့် ထယ်ရယ်တို့ နှစ်ဦးသားမှာ ကြောင်အအဖြစ်ကာ ယူဂျင်းကိုသာ မမြင်ဖူးသည့်လူနှယ် ငေးစိုက်ကြည့်မိသွားကြသည်။

ယူဂျင်းရဲ့ ဖြူနုနုမျက်နှာလေးက ဒေါသကြောင့် နှင်းဆီနီရောင်တို့ ပက်ဖြန်းခံရထားသလို နီစွေးလို့နေ​၏။ စိတ်တိုနေမှုကြောင့် ရင်ဘတ်လေးကလည်း နိမ့်ချည်မြင့်ချည်။

"ကိုကို ကျွန်တော်နဲ့ပဲ လက်ထပ်ရမယ်.. ကျွန်တော်တို့ မင်္ဂလာပွဲကို ကျွန်တော် အမြန်ဆုံးစီစဉ်မှာ"

"မဟုတ်ဘူး ကလေး.. ကလေး ကိုယ့်စကားကို အရင်နားထောင်ပါဦး"

"ဟုတ်ပါတယ် ယူဂျင်းရယ်.. ဟန်ဘင်းပြောမဲ့ စကားတွေကိုလည်း အရင်နားထောင်ပေးလိုက်ပါ"

"ဘာပြောမလို့လဲ ပြော"

စိတ်ကိုအနည်းငယ်လျှော့လိုက်ပုံရသော ယူဂျင်းက ဟန်ဘင်းတို့ အရက်ထိုင်သောက်နေရာ ဧည့်ခန်းဆက်တီမှာ ဝင်ထိုင်လေသည်။

"ကိုယ်မင်းနဲ့ လက်မထပ်နိုင်ဘူး ယူဂျင်း"

"ဘာ!!! ကျွန်တော်နဲ့ လက်မထပ်နိုင်ဘူး ဟုတ်လား!! ဘာလို့လည်း ဆော့မက်သရူးကြောင့်လား"

".........."

ယူဂျင်းရဲ့မေးခွန်းကို ဟန်ဘင်းက နှုတ်ဆိတ်၍သာနေသည်။

ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတစ်မျိုးဖြစ်ကြောင်း ယူဂျင်းသိနေသည်မို့ တခဏတာ ငြိမ်သက်သွားသည့် စိတ်ရေပြင်မှာ ပြန်လည်ကာ လှိုင်းထလာရပြန်သည်။

"ဆော့မက်သရူးက ကိုကို့အနားမှာ မရှိတော့ဘူးလေ!"

"ဟုတ်တယ် ဒါပေမဲ့ ကိုယ်မင်းကို လက်မထပ်နိုင်ဘူး"

"ဘာလို့လဲ!! ဘာလို့လဲ!! ဟင့်ဟင့်"

ပူနွေးလာသည့် ပါးပြင်ထက်ဆီမှ မျက်ရည်တွေက ဒေါသစိတ်ကြောင့်လား ဒါမှမဟုတ် ဝမ်းနည်းစိတ်ကြောင့်လားဆိုတာကိုတော့ ယူဂျင်းမဝေခွဲတတ်။ ဒါပေမဲ့ သူ့ရင်ထဲရှိ နာကျင်နေမှုကတော့ သွေးစိမ်းရှင်ရှင်ထွက်လုမတတ် စူးနင့်လို့နေ​၏။

"မင်းကိုတော့ ကိုယ်အားနာပါတယ်.. ဒါပေမဲ့.. ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ!!"

" ကိုယ်မပြောရက်ဘူး ကလေးရယ်"

"ပြောလိုက်ပါ ကိုကိုရဲ့ ခုမှတော့ ကျွန်တော့ကို မသနားနေပါနဲ့တော့! ဟင့်ဟင့်.. ကိုကို့ကြောင့် ကျွန်တော်ရင်တစ်ခုလုံး စုတ်ပြတ်သတ်နေခဲ့ရတာ ထပ်ပြီးနာစရာလည်း မကျန်တော့ပါဘူး"

"ကိုယ် မက်ချူးမရှိပဲ မနေနိုင်ဘူး ယူဂျင်းနီး.. ကိုယ် မက်ချုူးကို သိပ်ချစ်တယ်.."

"ဒါပေမဲ့ ဆော့မက်သရူးမှ မရှိတော့တာလေ"

"သူ ကိုယ့်အနားမှာမရှိမှ ကိုယ့်စိတ်ကို ကိုယ်သေချာသိသွားခဲ့တာ.. ကိုယ့်ဘဝမှာ မက်ချူးမှမဟုတ်ရင် မဖြစ်ဘူးဆိုတာကိုပဲ"

"ကျွန်တော်ကရော.. ကျွန်တော့ အချစ်တွေကရော.. ကိုကို့ကို ချစ်ပေးနေတဲ့ ကျွန်တော့ အချစ်တွေကိုရော ကိုကို နည်းနည်းလေးမှ ငဲ့မကြည့်တော့ဘူးလား.. ဟင့်ဟင့်"

မျက်ခမ်းလေးတွေ နီရဲကာ နှာဖျားထိပ်လေးတွေ နီစွေးကုန်သည်အထိ ငိုကြွေးနေခဲ့သော ယူဂျင်းကို ဟန်ဘင်း အားနာစွာဖြင့် ကြည့်လိုက်ပြီး

"ကိုယ်တောင်းပန်ပါတယ်.. ကိုယ်တကယ်တောင်းပန်ပါတယ် ယူဂျင်းရယ်"

"မုန်းတယ်!! ကိုကို့ကို အရမ်းမုန်းတယ်.. ကိုယ်ချစ်တဲ့သူရဲ့ ချစ်ခြင်းကို မခံရတာဟာ ဘယ်လောက်နာကျင်စရာကောင်းတယ်ဆိုတာ ကိုကိုတစ်ယောက် သိနိုင်ပါ့မလား.."

"ကိုယ်သိတာပေါ့ ယူဂျင်းရယ်.. အဲ့ခံစားချက်ကို တခြားသူထက် ကိုယ်အသိဆုံးပါ.."

"ဟင့်အင်း ကိုကို မသိပါဘူး.. ကိုကိုဘာမှမသိပါဘူး.. ကိုကိုတို့နှစ်ယောက်ရဲ့ အချစ်စမ်းပွဲမှာ ကျွန်တော့အချစ်တွေက မြေစာပင်ဖြစ်ခဲ့ရတာ.. မုန်းတယ် ကိုကို့ကိုရော ဆော့မက်သရူးကိုရော ကျွန်တော်သိပ်မုန်းတယ်"

"မဟုတ်ပါဘူး ယူဂျင်းရယ်.. မင်းကိုနစ်နာစေလိုစိတ် ကိုယ်တကယ်မရှိခဲ့ပါဘူး"

"ဘာမှလာရှင်းပြမနေနဲ့.. ကျွန်တော်ခံစားခဲ့ရသလို ကိုကိုလည်း မခံစားရပါစေနဲ့လို့ပဲ ကျွန်တော်ဆုတောင်းပေးနေပါ့မယ်.. ဟင့်ဟင့်"

ပါးပြင်ပေါ်မှ မျက်ရည်များကို လက်ဖမိုးလေးနှင့် ပွတ်သုတ်ပစ်လိုက်ပြီးနောက် ယူဂျင်းမှာ အိမ်ထဲမှ ပြေးထွက်သွားတော့သည်။

ယူဂျင်းရဲ့ကျောပြင်ကို ငေးကြည့်ရင်းဖြင့် ဟန်ဘင်းမှာလည်း ရူးမတတ်အော်ငိုနေမိသည်။ ယူဂျင်းကို သနားစိတ်ရော မက်သရူးကို လွမ်းဆွတ်သည့်စိတ်ကပါ သူ့စိတ်နှလုံးကို နွမ်းလျလာစေသဖြင့် ဟန်ဘင်းမှာ ခုံပေါ်တွင်ထိုင်နေရင်းမှ လဲပြိုကျလုမတတ် ဖြစ်သွားရသည်။

"ဟန်ဘင်း.. အရမ်းမငိုနေနဲ့လေကွာ.. ခေါင်းတွေကိုက်လာလိမ့်မယ်"

ဟန်ဘင်းရဲ့ခန္ဓာကိုယ်ကို ထိန်းကိုင်ပေးရင်း ထယ်ရယ်ပြောတော့ ဟန်ဘင်းက ထယ်ရယ့်ပုခုံးပေါ် ခေါင်းမှီတင်ကာဖြင့် တရှုံ့ရှုံ့ငိုကြွေးလေ​၏။

"ငါ ဘာဆက်လုပ်ရမလဲကွာ.. ချူး မရှိပဲငါအသက်ဆက်မရှင်နိုင်ဘူးကွ.. ချူးမရှိပဲ ငါဘယ်လိုမှ မနေနိုင်ဘူး"

ဟန်ဘင်းကိုကြည့်ကာ ချလိုက်သော ထယ်ရယ့်ရဲ့ သက်ပြင်းချသံက ဧည့်ခန်းတွင်းဝယ် တိုးလျစွာဖြင့် ဝေ့ဝဲသွားလေတော့သည်။

--------------------------------------------------------

(၃လခန့်ကြာပြီးနောက်)

Florence.

အလုပ်ကိစ္စအတွက် Italy ကိုလာခဲ့ရာမှ Florence မြို့သို့ စိတ်ပြေလက်ပျောက်အဖြစ် ဟန်ဘင်းရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ စိတ်ပြေလက်ပျောက်ဆိုသည်ထက် သူ့စိတ်က ထူးဆန်းစွာပင် တစ်ယောက်ယောက်က စောင့်နေသလိုမျိုး ဒီမြို့ကို မသွားမဖြစ် သွားချင်နေ၍ ရောက်လာခဲ့ခြင်းဟုပြောလျှင်က ပိုမှန်ပေလိမ့်မည်။

ဒီရက်တွေမှာတော့ မက်သရူးထံမှ အဆက်အသွယ်မပြောနှင့် သတင်းသဲ့သဲ့မျှပင် မကြားခဲ့ရ။ မက်သရူး မရှိလျှင် အသက်မရှင်နိုင်တော့ပါဘူးဟု ကြွေးကြော်ခဲ့သော်လည်း မက်သရူးကို ရှာဖွေဖို့ဆိုသည့် စိတ်ဆန္ဒနှင့် ယခုချိန်ထိ သူအသက်ရှင်နေခဲ့သေးသည်။

လူကရှင်သန်နေသော်လည်း စိတ်တွေကတော့ သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရင်းဖြင့် မက်သရူးကိုလည်း ရှာဖွေကာ သူ့ရဲ့မပျော်တဲ့စိတ်ကို လှည့်ဖျားကာ နေနေရသည်။

မက်သရူးအကြောင်း ခေါင်းထဲရောက်လာသည်နှင့် အတွေးတွေက မရပ်တော့သလို စိတ်တွေဟာလည်း နွမ်းလျလို့သွားရမြဲ။ ယခုတော့ သေဆုံးလုနီးနီး သူ့စိတ်လေးကို တခဏတာ အနားပေးဖို့ ဟန်ဘင်း ဒီ Florence ကိုထွက်လာခဲ့ခြင်းဖြစ်သည်။

လမ်းမတဖက်တချက်မှာရှိနေသော မီိးရောင်ထိန်ထိန်နှင့် ဆိုင်ခန်းများကိုငေးရင်း မက်သရူးအကြောင်းတွေးရင်းနှင့် ဟန်ဘင်း လမ်းလျှောက်လာလိုက်သည်မှာ Piazza della square သို့ပင်ရောက်ရှိလာခဲ့​၏။

မှောင်ရီပျိုးစအချိန်မှာ ရင်ပြင်အလယ်၌ရှိနေသော carousel ဆီမှမီးရောင်များက လင်းထိန်လို့နေပြီး busking လုပ်နေသောလူများကြောင့်လည်း ရင်ပြင်မှာ လှုပ်ရှားသက်ဝင်လို့နေသည်။

အပျင်းပြေအနေဖြင့် ပျားပန်းခပ် များပြားနေသောလူများကို ထိုင်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်ပြီးနောက် အနီးဆုံး ကော်ဖီဆိုင်တစ်ဆိုင်တွင် ဟန်ဘင်းဝင်ထိုင်လိုက်သည်။

ညလေနုအေးအေးတို့ ပက်ဖြန်းမှုကို ခံယူရင်း ရင်ပြင်ဆီမှပျံ့လွင့်နေသော သီချင်းသံကိုနားဆင်ကာ ကော်ဖီကို ဇိမ်ဆွဲသောက်နေမိသည်။

carousel ဆီမှတချက်တချက် ထွက်ပေါ်လာသော ရယ်သံများကြောင့် ဟန်ဘင်းရဲ့စိတ်တွေဟာလည်း အနည်းငယ် ကြည်လင်ကာ လန်းဆန်းလာသလို။

ညမီးရောင်အောက်က အရောင်စုံလူတွေကို လိုက်ကြည့်နေရာမှ ဟန်ဘင်းအကြည့်တွေက carousel ဘေးနားလောက်၌ အစီအရီရှိလို့နေသော ပုံတူပန်းချီရေးဆွဲပေးရာနေရာသို့ ရောက်သွား​၏။

များပြားလှသော လူများကြားမှ သူနှင့်အလွန်တရာမှ ရင်းနှီးနေလေသော အပြုံးလှလှလေးကို မြင်လိုက်ရသည့်အခိုက် ဟန်ဘင်း အသက်ရှူဖို့ကိုပင် မေ့လျော့သွားရတော့သည်။

"ချူး"

အရူးတစ်ယောက်လို မက်သရူးနာမည်ကို အော်ခေါ်ရင်း မက်သရူးရှိရာဆီ ဟန်ဘင်းပြေးသွားမိသည်။ သူ့ကိုအထူးအဆန်းသဖွယ် လိုက်ကြည့်နေကြသော မျက်လုံးများကိုလည်း သူဂရုမပြုအား။

မက်သရူးက ဧည့်သည့်တချို့ကို ပုံတူပန်းချီရေးဆွဲပေးနေရာမှ ဟန်ဘင်းကို မြင်လိုက်လျှင် ထိုင်နေရာမှ ထလာပြီး

"ဘင်း.. မင်းရောက်လာတယ်"

မက်သရူး အနားသို့ရောက်လျှင် ဟန်ဘင်းမှာ မက်သရူးလက်ကိုအတင်းအကျပ် ဆုပ်ကိုင်လိုက်ပြီး

"ချူး.."

တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြပဲ အကြည့်ချင်းဖလှယ်နေမိကြသည်မှာ အချိန်အတော်ကြာသည်အထိ။ ခုချိန်မှာ သူတို့ကြား၌ ပြောစရာစကားမလိုအပ်တော့သလို နှလုံးသားချင်း ထပ်တူကျနေပြီဖြစ်ကြောင်း နှစ်ယောက်လုံး သိရှိနေခဲ့ပြီးဖြစ်သည်။

မျက်တောင်ခတ်လိုက်လျှင် ပျောက်ကွယ်သွားလေမလားဆိုသည့် စိုးရိမ်စိတ်တို့ဖြင့် တစ်ယောက်မျက်နှာကိုတစ်ယောက် ငေးစိုက်ကြည့်နေခဲ့ကြပြီး ခဏအကြာမှာတော့ မက်သရူးက အပြုံးလှလှလေးတစ်ခုကို နှုတ်ခမ်းမှာ ချိတ်ဆွဲလိုက်ပြီး

"ဘင်း.. မင်းရောက်လာမယ်ဆိုတာကို ငါသိနေခဲ့တယ်လို့ပြောရင် မင်းယုံမလား"

"ယုံတာပေါ့ အချစ်ရယ်.. မင်းဘယ်မှာပဲရှိနေရှိနေ ငါ့နှလုံးသားက မင်းရှိရာကို အမြဲလမ်းညွှန်ပေးတတ်ခဲ့တာပဲလေ"

"............"

"ချူး.. ငါ့အနားက ထွက်မသွားပါနဲ့တော့နော်"

"အင်း.. မင်းရော ဘယ်အချိန်ထိ ငါ့အနားမှာ ရှိနေပေးမှာလဲ"

"ငါ့ရဲ့နှလုံးခုန်သံတွေ ရပ်တန့်သွားတဲ့အထိ"

"သိပ်ချစ်တယ် ဘင်း"

"ငါလည်းမင်းကို အရမ်းချစ်တယ်"

ထို့နောက် ဟန်ဘင်းနဲ့မက်သရူးတို့ရဲ့ နှုတ်ခမ်းသားနှစ်ခု​မှာ တသားတည်းဖြစ်လုနီးနီး နီးစပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် တေးသီချင်းသံနှင့် လက်ခုပ်သံများက နောက်ခံတေးဂီတအဖြစ် ပံ့ပိုးပေးသည့်နှယ် ရင်ပြင်တခွင်ဝယ် ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည်။

_____________ The End _____________

Note : အစက SE ဖို့စဉ်းစားထားပေမဲ့လည်း သဲတို့အလိုကိုလိုက်ပြီး HE လိုက်ပါတယ်နော် <3

အချိန်ပေးပြီး အဆုံးထိဖတ်ပေးခဲ့ကြသူများ၊တစ်ပိုင်းချင်းစီကို vote ပေးခဲ့ကြသူများနှင့် စိတ်ဝင်တစားနဲ့ comment လေးတွေ မန့်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် .. ۶ৎ⋆.ᡣ𐭩

နောက် fic တွေမှာ တန်ခူးတို့ ပြန်တွေ့ကြမယ်နော် 🩷

TAGU

There are no comments yet. Log in to be the first to leave a review!

Similar stories