Fanfics

Episode - 9

21:53, 27 July 2025

(အခန်း ၉)

ယူဂျင်း ပြန်သွားပြီဖြစ်သော်လည်း ဟန်ဘင်းမှာတော့ အတွေးတွေများကာ ကျန်ခဲ့ရလေသည်။

ဒီကောင်လေး ဘာတွေစိတ်ရူးပေါက်ကာ လက်ထပ်ဖို့ လာပြောသည်မသိ။ "ကိုကိုစီစဉ်ပါမယ် ခဏစောင့်ပါ" ဆိုသော သူ့စကားကို မျက်နှာလေးရှုံ့မဲ့ရှုံ့မဲ့လုပ်ရင်း "ကိုကိုအချိန်ဆွဲနေရင် ကျွန်တော်စီစဉ်ရလိမ့်မယ်" ဟုပြောကာ ပြန်သွားသည့် ယူဂျင်းအကြောင်းကို တွေးနေရင်းမှ သူ့ခေါင်းထဲသို့ မက်သရူးက တိုးဝင်လာခဲ့သည်။

ချူးငယ်လေး အိမ်မှာတစ်ယောက်တည်း ပျင်းနေရှာပြီလား.. ဘာတွေများ လုပ်နေလေမလဲ..။

အတွေးနဲ့ထပ်တူ သူ့လက်များက ဖုန်း screen ပေါ်ဝယ် ပြေးလွှားသွားကြပြီး မက်သရူးထံ ဖုန်းခေါ်လိုက်လေသည်။

ဖုန်းဝင်သံ တူတူ အသံကို စိတ်မရှည်စွာ နားထောင်နေရာမှ "ဟယ်လို" ဆိုသည့် မက်သရူးအသံချိုချိုကို ကြားလိုက်ရသည်နှင့် ဟန်ဘင်းနှုတ်ခမ်းတို့က အလိုလိုပြုံးယောင်သန်းလာကြ​၏။

"ချူး.. ဘာတွေလုပ်နေလဲ"

"အင်း.. ဒီတိုင်းထိုင်နေတာ.. မင်းဘယ်ချိန်ပြန်လာမှာလဲ"

"ခဏနေရင် ပြန်လာတော့မယ်.. ဘာဖြစ်လို့လဲ ချူး"

"ဘာမှမဖြစ်ပါဘူး.. ဒါနဲ့.. မင်းပြန်လာရင် ငါ့ဆီမဝင်လာနဲ့ဦး"

"ဟင်! ဘာလို့လဲ"

"ငါပင်ပန်းနေလို့ ခဏအိပ်ဦးမယ်.. နိုးရင်ဖုန်းဆက်လိုက်မယ် အဲ့ကျမှလာခဲ့.. ဒါပဲနော်"

မျက်နှာမမြင်ရပေမဲ့လည်း အသံကြားရရုံနှင့်ပင် မက်သရူး စိတ်အခြေအနေ မကောင်းနေမှန်း ဟန်ဘင်းရိပ်စားမိသည်။ ဘာတွေများ ဖြစ်နေလို့လဲဆိုသည့်အတွေးက မရပ်မနား ခေါင်းထဲ ပြေးလွှားလို့နေပြီး စိတ်တွေလည်းရှုပ်လာသည်။ မက်သရူးမျက်နှာ မမြင်ရမချင်း သူ့စိတ် အေးနိုင်လိမ့်မည်မထင်။ ဒါပေမဲ့လည်း ချစ်ရသူရဲ့ စကားကို လွန်ဆန်နိုင်စွမ်း သူ့တွင်မရှိသည်မို့ မက်သရူး ဖုန်းဆက်လာမည့်အချိန်ထိ ထိုင်စောင့်နေရုံသာပင်။

"ဟူး ရင်မောလိုက်တာ မက်သရူးရယ်"

--------------------------------------------------------

(ရက်အနည်းငယ် ကြာပြီးနောက်)

"ရင်မောလိုက်တာကွာ မင်းကိစ္စကြီးကလဲ"

ထယ်ရယ်က စားပွဲပေါ်မှ အရက်ခွက်ကို ယူကာ ရေခဲတုံးလေးများကို ငေးကြည့်နေပြီးမှ ဟန်ပါပါနှင့် အရက်ကို မော့သောက်လိုက်သည်။ ပြီးနောက် သူ့ရှေ့ကခုံမှာ ခေါင်းငိုက်စိုက်နှင့် ရှိနေလေသော ဟန်ဘင်းကိုကြည့်၍ သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဟန်နှင့် ခေါင်းကို ဘယ်ညာယမ်းခါသည်။

"မက်သရူးကိုပဲ ထပ်ဖွင့်ပြောလိုက်ပါတော့လား"

"ယူဂျင်းကရော"

"မင်း ယူဂျင်းနဲ့မက်သရူးမှာ မက်သရူးကိုပိုချစ်မှန်း ဒီလောက်သိသာနေတာလေကွာ.. ဘာလဲ မင်းကငါးရံ့နှစ်ကောင်ကို တစ်ခါတည်းဖမ်းချင်နေတာလား"

ဟန်ဘင်းက ခေါင်းမှဆံပင်များကို ဆွဲဖွလိုက်ပြီး

"မဟုတ်ပါဘူးကွာ.. ငါယူဂျင်းကိုလည်း သနားတယ်.. ပြီးတော့.. ချူးကို"

"ဘာဖြစ်လဲ"

"ချူးကိုငါချစ်တဲ့အချစ်က ဘယ်လိုပြောရမလဲ.. လုံးဝမထိရက် မကိုင်ရက်လောက်အောင် တန်ဖိုးထားပြီး ချစ်တာကွာ.. ငါ့ကြောင့် သူပင်ပန်းနေရတာမျိုး မဖြစ်စေချင်ဘူး"

"အဲ့တော့ မင်းက သူ့ကိုဖွင့်လည်းမပြော.. အဲ မှားလို့.. ထပ်ပြီးဖွင့်မပြောတော့ပဲ အလှပဲထိုင်ကြည့်နေတော့မယ်ပေါ့"

"ငါမသိတော့ဘူးကွာ.. ရူးချင်နေပြီ ငါလည်း"

"ခု ယူဂျင်းက လက်ထပ်ချင်နေပြီလေ.. မင်းဘယ်လိုလုပ်မှာလဲ"

"အဲ့ဒါကြောင့် တိုင်ပင်ရအောင် မင်းကိုခေါ်တာပေါ့"

"မင်း ယူဂျင်းနဲ့ လက်ထပ်လိုက်ရင် မက်သရူးကို ခုလိုစောင့်ရှောက်ပေးနေလို့ မရတော့ဘူးနော်.. ပတ်ဝန်းကျင်အမြင်ကလည်း ရှိသေးတယ်"

"......."

"မက်သရူးဘက်ကရော မင်းအပေါ် သဘောထား နည်းနည်းလေးတောင် မပြောင်းလာဘူးလား"

"မသိဘူး.. ဒါပေမဲ့ ဒီရက်တွေမှာ ချူးက ငါ့ကိုရှောင်နေသလိုပဲ.. ငါသူ့အိမ်သွားရင် အလုပ်ခန်းထဲကကို မထွက်လာဘူး"

"ပြပွဲကြောင့်နေမှာပါကွာ"

"မသိဘူးကွာ.. သူ့မျက်နှာလေးကို သေချာမမြင်ရတာကြာတော့ လူကရူးချင်လာပြီ"

"ဒါနဲ့များ ယူဂျင်းကို လက်ထပ်ဦးမတဲ့လား"

"ငါ ယူဂျင်းလက်ကို ဘယ်လိုလွှတ်ရမလဲ.. ဘာအပြစ်မှ မရှိတဲ့ အဲ့ကောင်လေးကို ငါဘယ်လိုစကားတွေနဲ့ ထိုးနှက်ပြီး လမ်းခွဲရမလဲ.. မင်းပြော"

အကြံတောင်းသလိုလို ရွဲ့သလိုလိုနှင့် ပြောလာသော ဟန်ဘင်းကို ထယ်ရယ် မျက်လုံးထောင့်ကပ်ကာကြည့်လိုက်သည်။

"မင်းရှုပ်ထားတဲ့ ဇာတ်လေ.. မင်းဘာသာရှင်းပေါ့"

"မရှင်းတတ်တော့လို့ပေါ့"

"စိတ်ညစ်ပါတယ် ဆောင်းဟန်ဘင်းရယ်.. ကြာရင် ဘာမဆိုင် ညာမဆိုင်နဲ့ ငါကကြားထဲကနေ ရူးသွားမယ်ထင်တယ်"

"ဟူး::::"

ဟန်ဘင်း မှုတ်ထုတ်လိုက်သည့် လေပူက အခန်းတွင်းရှိ အအေးငွေ့များကိုပင် ပူလောင်သွားစေသယောင်။

သူသိပ်မြတ်နိုးရတဲ့ မက်သရူးနဲ့ သူ့အပေါ် အနွံတာခံလွန်းတဲ့ ယူဂျင်းကြား ဘယ်သူ့လက်ကို ဖမ်းဆုပ်ထားရမလဲဆိုတာ သူမဝေခွဲတတ်တော့ပါ။

-------------------------------------------------------

မက်သရူးခြေထောက်လည်း သက်သာလာပြီဖြစ်သလို ပန်းချီပြပွဲနှင့် စာအုပ်ထုတ်ဝေရေး ကိစ္စများကြောင့် အလုပ်များ တစထက်တစ စုပုံလာသဖြင့် ဟန်ဘင်းတစ်ယောက် အလုပ်ပြန်ဆင်းနေရပြီဖြစ်သည်။

မက်သရူးမှာလည်း ပြပွဲကြောင့်ဟု ခေါင်းစဉ်တပ်ကာ အလုပ်ခန်းထဲက မထွက်လာတော့..။ မက်သရူးမျက်နှာ မမြင်ရသည်ပင် တပတ်ခန့်ရှိပေတော့မည်။

ဒီကြားထဲ ယူဂျင်းကလည်း လက်ထပ်ဖို့ကို တဂျီဂျီလုပ်နေပြန်သဖြင့် ဟန်ဘင်းမှာ စိတ်ရောလူရောပင်ပန်းကာ မျက်နှာများပင် ချောင်ကျလုနေလေပြီ။

ယခုလည်း များပြားလှသော အလုပ်တာဝန်များကြား ဟန်ဘင်းတစ်ယောက် ပိတ်မိနေပြီး စိတ်ရှုပ်ထွေးနေမှုကြောင့် မျက်မှောင်တို့မှာလည်း အလိုလို စုကျုံ့လို့။

*တီ တီ တီ တီ.. တီ တီ တီ တီ

စာရွက်လှန်သံ တဖြတ်ဖြတ်ကြား တိုးဝင်လာသည့် ဖုန်းမြည်သံသဲ့သဲ့။

လက်ထဲမှ စာချုပ်တစ်ခုကို ဘေးချကာ စားပွဲပေါ်တင်ထားသော ဖုန်းကို ဟန်ဘင်း လှမ်းယူလိုက်သည်။

(Chu)

ph screen မှာမြင်လိုက်ရသည့် စကားလုံးလေးကြောင့် ဟန်ဘင်းရင်ထဲ နွေးကနဲဖြစ်သွားကာ နှုတ်ခမ်းပါးတို့က အပေါ်သို့ ကော့ညွှတ်သွားကြသည်။

"ဟယ်လို ချူး"

"အလုပ်တွေများနေလား"

"သိပ်မများပါဘူး ချူးရဲ့.. ဘာဖြစ်လို့လဲ ပြောလေ"

"ဒီနေ့ မင်းနဲ့ငါ ဒိတ်ရအောင်"

ထူးထူးဆန်းဆန်း မက်သရူးထံမှ "ဒိတ်ရအောင်" ဆိုသည့်စကားကြောင့် ဟန်ဘင်း ရင်တွေအခုန်မြန်လာသည်။

"အင်း အင်း ဒိတ်မယ်လေ.. မင်း ဘယ်သွားချင်လဲ.. ပြီးတော့ ဘာစားချင်လဲ.. ချူး ကြိုက်တာအားလုံးလုပ်.. ကိုယ်အကုန်လိုက်လုပ်ပေးမယ်"

"ㅎㅎ ဖြည်းဖြည်းပြောပါကွာ.. ဘယ်သူမှမင်းနဲ့ လုမပြောပါဘူး.. ငါ မင်းကို *** ဆိုင်ကနေ စောင့်နေမယ်လေ"

ဟန်ဘင်းလက်မှ နာရီကို တချက်ကြည့်လိုက်ပြီးနောက်

"အင်း အဲ့ဒါဆို မင်းပြောတဲ့ဆိုင်မှာ ငါ ညနေ ၅နာရီလောက် စောင့်နေမယ်နော်.. ငါအလုပ်တွေ မြန်မြန် လက်စသတ်လိုက်မယ်"

"အင်း.."

ဖုန်းချပြီးသည်နှင့် ဟန်ဘင်းတစ်ယောက် မရပ်မနားပြုံးရင်း အလုပ်များကို ခပ်သွက်သွက် အပြတ်ဖြတ်လေသည်။ မျက်လုံးနှင့် လက်များကို မနားတမ်း အလုပ်ပေးကာ လုပ်စရာအလုပ်များကို အပြီးသတ်ပြီးချိန်၌ ဟန်ဘင်းခေါင်းထဲသို့ မှတ်ဉာဏ်တစ်ခုက လက်ကနဲ ဖြတ်ပြေးသွား​၏။

ယူဂျင်းနှင့် စတင်ဆုံစည်းခဲ့သောဆိုင်။ တိကျစွာပြောရလျှင် ယူဂျင်းအား အဆိုပါဆိုင်တွင် blind date လုပ်ခဲ့ရာမှ ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။

မက်သရူးက ဘာလို့ ဒီဆိုင်မှာတွေ့ဖို့ရွေးရတာလဲ.. ဒါဟာတိုက်ဆိုင်မှုတစ်ခုပဲလား..။

ရှုပ်ထွေးကာ နောက်ကျိလာသော အတွေးစတွေကို ခေါင်းကိုခါယမ်း၍ ရှင်းထုတ်ပစ်လိုက်ပြီးနောက် ဟန်ဘင်း ကားသော့နှင့် ဖုန်းကိုကောက်ယူကာ ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။

--------------------------------------------------------

သီချင်းသံခပ်အေးအေးက ဆိုင်အတွင်းဝယ် တိုးတိုးကလေး ပျံ့ဝဲလို့နေ​၏။ ညနေစောင်းအချိန်ဖြစ်သော်လည်း ဆိုင်ထဲ၌ လူသိပ်မများလှ။

ဆိုင်အတွင်းပိုင်းကို ဟန်ဘင်း မျက်လုံးတချက်ဝေ့ကြည့်လိုက်လျှင် ဆိုင်ထောင့်နေရာရှိဝိုင်းတွင် ထိုင်နေသော မက်သရူးကို မြင်လိုက်ရသည်။

တီရှပ်အဖြူအပေါ်ကနေ coat အနက်ရောင်ကို ထပ်ဝတ်ထားသည့် မက်သရူးရဲ့ပုံစံက ရိုးရှင်းသော်လည်း ဟန်ဘင်းမျက်လုံးထဲတွင်တော့ နတ်သားလေးတမျှ.. ကြည့်မဝနိုင်အောင် သူ့ကောင်လေးက ချောလွန်းသည်။

တခုခုကို စဉ်းစားနေဟန်ရသော မက်သရူးက သူ့ကိုတွေ့လျှင် လှစ်ကနဲ ပြုံးပြလို့လာ​၏။

မျက်ဝန်းလေးတွေ မှိတ်ကျလုမတတ် ပြုံးနေခဲ့သော မက်သရူးရဲ့ ထိုအပြုံးလှလှလေးတွေအောက် ဟန်ဘင်းမှာ အခါခါ ကျရှုံးမိခဲ့ရမြဲ။

"ချူး.. ရောက်နေတာကြာပြီလား"

ခုံမှာထိုင်လျှင်ထိုင်ချင်း ဟန်ဘင်းမေးလိုက်သည်။ ဟန်ဘင်းရဲ့မေးခွန်းကို မက်သရူးက ပြုံး၍ခေါင်းခါပြ​၏။

"မကြာသေးပါဘူး.."

".........."

"ဒီဆိုင်ကို မင်း မှတ်မိလား"

မက်သရူးကို ဟန်ဘင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် waiter ကိုခေါ်ကာ မှာစရာရှိတာများ မှာယူလိုက်သည်။ မက်သရူးကတော့ ထိုင်ခုံနောက်မှီကို မှီထိုင်လို့ မှန်ပြတင်းမှတဆင့် အပြင်ကို ငေးနေ​၏။

မက်သရူးမှာ လူကသာငြိမ်နေသော်လည်း ခေါင်းထဲမှာတော့ အတွေးတို့ဖြင့် လှုပ်ခတ်လို့..။

'အဲ့နေ့က ငါသာမင်းကို မသွားခိုင်းခဲ့ရင်.. ငါသာ သတ္တိနည်းနည်းပိုရှိခဲ့ရင်.. ဒါမှမဟုတ် ငါတို့နှစ်ယောက်က အစောကြီးထဲက မသိခဲ့ကြရင် ငါဒီလောက် ပင်ပန်းနေမယ်မထင်ဘူး'

စိတ်ထဲက တီးတိုးရေရွတ်လိုက်သံကို ဟန်ဘင်းများကြားသွားလေမလားဆိုသည့် စိုးရိမ်စိတ်ကြောင့် မက်သရူးအကြည့်တွေက ဟန်ဘင်းထံသို့ ရောက်သွားသည်။ သူ့ကို မမှိတ်မသုန် ငေးစိုက်ကြည့်နေသော ဟန်ဘင်းရဲ့ ရီဝေဝေမျက်ဝန်းတို့ကြောင့် မက်သရူးရင်ထဲ လှိုက်ကနဲ။

"ဘာတွေစဉ်းစားနေတာလဲ"

မက်သရူးက မလုံမလဲဖြင့် ရယ်သွမ်းသွေးရင်း

"အဟင်း ဘာမှမဟုတ်ပါဘူး.. ပြပွဲအကြောင်းခေါင်းထဲရောက်လာလို့ပါ"

"ဘာလိုလိုနဲ့ ပြပွဲတောင်သိပ်မလိုတော့ဘူးနော်"

"အင်း.. တပတ်ပဲလိုတော့တယ်.. ငါ့ပန်းချီကားတွေက တခြားပန်းချီဆရာတွေရဲ့ လက်ရာတွေကြား ပျောက်နေမယ်ထင်တယ်"

မျက်နှာလေးညှိုးငယ်စွာဖြင့် ပြောလာသော မက်သရူးကို ဟန်ဘင်းက ပြုံး၍ကြည့်လိုက်ပြီး

"ဘာလို့ပျောက်နေရမှာလဲ.. မင်း ပန်းချီကားတွေကို ထင်းနေအောင် ဝင်ဝင်ချင်းမှာထားပေးမယ်"

"ㅎㅎ"

သူ့စကားကို သဘောတကျ အသံထွက်အောင် ရယ်နေသော မက်သရူးကို ဟန်ဘင်းမှာ ငေးမောမိသွားရပြန်သည်။

"မင်းကရယ်လိုက်ရင် သိပ်လှတာပဲ"

"ဟေ့ ယောကျ်ားလေးတစ်ယောက်ကို လှတယ်လို့ သုံးနှုန်းစရာလား"

"အင်း.. ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့ သုံးလို့ရမရ ငါသေချာမသိပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းကအရမ်းလှတယ်"

ထိုစဉ်မှာပဲ စားစရာများရောက်လာ၍ သူတို့စကားဝိုင်းမှာ ခေတ္တခဏ ရပ်တန့်သွားခဲ့သည်။

စားစရာများကို တွေ့လိုက်သည်နှင့် မျက်ဝန်းလေးများ အရောက်တောက်လာလေသော မက်သရူးရဲ့ မျက်နှာနုနုလေးကို ငေးကြည့်ရင်း ဟန်ဘင်းမှာ ဘာမှမစားရသေးပဲနဲ့တောင် ဗိုက်ဝသည့်ခံစားချက်မျိုးကို ခံစားနေမိသည်။

"ဒီလောက်ပဲကြည့်ပြီး အစားကိုစားတော့"

ရုတ်တရက် ထွက်ပေါ်လာသော မက်သရူးရဲ့ အသံချိုချိုလေးကြောင့် ဟန်ဘင်းတစ်ယောက် ရှက်ကိုးရှက်ကန်းနှင့် သူ့အကြည့်တို့ကို မက်သရူးထံမှ အမြန်နေရာရွှေ့ရတော့သည်။

မက်သရူးက steak ကိုသေသပ်စွာ စားနေရာမှ

"ယူဂျင်းနဲ့စတွေ့ခဲ့တာ ဒီမှာပဲဟုတ်တယ်မလား"

"အင်း.. မင်းကိုယ်တိုင် သွားခိုင်းခဲ့တဲ့ blind date လေ"

ဟန်ဘင်းရဲ့စကားက အငေါ်တူးခြင်းလား သို့မဟုတ် ကျေးဇူးတင်၍ပြောခြင်းလားဆိုတာကို မက်သရူး မဝေခွဲတတ်။ သေချာသည်က အဆိုပါ blind date ကိုသွားခိုင်းခဲ့မိသည့်အတွက် အခုချိန်မှာ သူနောင်တရမိနေသည်ကတော့ အသေအချာပင်။

"အဲ့တုန်းက မင်းအသိ ပန်းချီဆရာက လာပြောတာမလား ယူဂျင်းနဲ့ ငါ့ကို ဆက်ပေးဖို့"

ဟန်ဘင်းရဲ့မေးခွန်းကို ပြန်မဖြေချင်၍ မက်သရူး ခေါင်းသာညိတ်ပြလိုက်သည်။

ဘာလို့များ အဲ့တုန်းက ဟန်ဘင်းနဲ့ တစ်ခြားတစ်ယောက်ကို အောင်သွယ်ပေးဖို့ လွယ်လင့်တကူ လက်ခံလိုက်ရတာလဲ.. မိုက်လိုက်တာ ဆော့မက်သရူးရယ်..။

စိတ်ထဲကနေ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း မက်သရူး ဟန်ဘင်းကို လှမ်းကြည့်လိုက်သည်။

သူသိပ်ချစ်ရတဲ့ ဒီလူသားအနားမှာ သူဘယ်ချိန်ထိ ကပ်တွယ်နေနိုင်မှာတဲ့လဲ.. ယူဂျင်းပြောခဲ့ဖူးသလို ဟန်ဘင်းကလည်း တချိန်မှာ သူ့အနားကနေ ထွက်သွားမှာပဲလား..။

မွန်းကြပ်လာသဖြင့် မက်သရူး ရေခွက်ကိုယူကာ တရှိန်ထိုး မော့သောက်လိုက်သည်။ ဘာကိုမှလည်း စားချင်စိတ်ရှိမနေတော့။

"ဟန်ဘင်း-ရှီ, မက်သရူး-ရှီ"

ဘေးနားမှ ခေါ်သံကြောင့် ဟန်ဘင်းရော မက်သရူးပါ အသံပိုင်ရှင်ဆီ လှမ်းကြည့်လိုက်ကြသည်။

ယခင်က ဟန်ဘင်းတို့ ပြခန်းမှ ပန်းချီဆရာတစ်ဦးလည်းဖြစ်သလို မက်သရူးနှင့်လည်းရင်းနှီးလေသော ပတ်ဂွန်းဝု။

"ဟာ.. ဂွန်းဝု-ရှီ မတွေ့ရတာတောင်ကြာပြီ"

ယဉ်ကျေးမှုအရ ဟန်ဘင်း ထိုင်နေရာမှထကာ နှုတ်ဆက်လိုက်သည်။ မက်သရူးကတော့ ထိုင်လျှက်နှင့်ပင် ပြုံးပြနေ​၏။

"ကျွန်တော် သတင်းတွေကြားတယ်နော်"

"ဘာသတင်းတွေလည်းဗျ"

"ယူဂျင်းနဲ့ ယူတော့မယ်ဆို.. ကျွန်တော် အောင်သွယ်ပေးခဲ့ရကျိုးနပ်တော့မှာပေါ့လေ"

"အာ.. ဟို.."

ဟန်ဘင်းမှာ သူ့ရဲ့ဦးနှောက် ခဏတာ ရပ်တန့်သလို ဖြစ်သွားသဖြင့် ဂွန်းဝုစကားကို ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိတော့။ ကြောင်အအနှင့် "အင်း အဲ" လုပ်ရင်း မက်သရူးကို လှမ်းအကဲခတ်တော့ မက်သရူးက အပြင်ကိုသာ ငေးကြည့်လို့နေ​၏။

"မင်္ဂလာဆောင်ရင် ဖိတ်စာပို့ဖို့ မမေ့နဲ့နော်.. ကဲ ကျွန်တော်သွားပြီ"

ဟန်ဘင်းနှင့်မက်သရူးတို့ နှစ်ယောက်လုံးကို နှုတ်ဆက်၍ ဂွန်းဝုထွက်သွားပြီးနောက် သူတို့နှစ်ယောက်ကြား၌ တိတ်ဆိတ်မှုကသာ ထီးထီးကြီး ကျန်ခဲ့လေသည်။

မျက်နှာလေးတည်တင်းရင်း စိတ်ရှုပ်နေပုံရသည့် မက်သရူးအား တခုခု ရှင်းပြရမည်မှန်း ဟန်ဘင်းကို သူ့ဦးနှောက်က အသိပေးနေသော်လည်း သူ့နှုတ်ခမ်းတို့ကတော့ အာစေးမိနေသလို စကားတစ်လုံးမှ ထွက်ကျမလာနိုင်ခဲ့။

ခဏအကြာမှာတော့ မက်သရူးထံမှ သက်ပြင်းချသံဖွဖွလေးနှင့်အတူ အသံတိုးတိုးလေး ထွက်လာခဲ့သည်။

"ငါ ပင်ပန်းလာလို့ အိမ်ပြန်ချင်ပြီ"

ပြောပြီးနောက် မက်သရူးမှာ နေရာမှ ထထွက်သွားသဖြင့် ဟန်ဘင်းမှာလည်း အမြန်ပင် မက်သရူးနောက်သို့ လိုက်ရလေတော့သည်။

--------------------------------------------------------

*ဒေါက် ဒေါက် ဒေါက်

"ချူး.. အခန်းထဲမှာလား.. ချူး.. !! ၁ ၂ ၃ ရေပြီးလို့မှ တံခါးလာမဖွင့်ရင် ငါဝင်လာတော့မှာနော်"

မက်သရူးရဲ့ အလုပ်ခန်းတံခါးကို ဟန်ဘင်း အချိန်အတော်ကြာအောင် ခေါက်နေသော်လည်း ပြန်ဖြေသံမကြားရသဖြင့် ဟန်ဘင်းမှာ ရင်တွေပူနေလေပြီ။ မက်သရူးက သူ့အလုပ်ခန်းကို ခွင့်မရှိပဲ ဝင်တာမျိုး မကြိုက်သည်မို့ ဟန်ဘင်းမှာ ကြို၍ခွင့်တောင်းလိုက်ခြင်းပင်။

"၁ ၂ ၃"

သူ့ဆီမှ နံပါတ်စဉ်ရေသံ ပြီးသည်အထိ အလုပ်ခန်းတံခါးမှာ ပွင့်မလာခဲ့။ ထို့ကြောင့် သူ့တွင်ရှိနေသော သော့အပိုဖြင့် အလုပ်ခန်းအတွင်းသို့ တံခါးဖွင့်ကာဝင်လိုက်သည်။

အလုပ်ခန်းအတွင်းတွင်တော့ မက်သရူးရေးဆွဲထားသည့် ပြပွဲအတွက်ဖြစ်ဟန်တူသော ပန်းချီကားများက အစီအရီ။ စုစုပေါင်း ၁၃ချပ်တိတိ.. အားလုံးမှာ dream catcher ပုံများဖြစ်ပြီး အရောင်မျိုးစုံဖြင့် ခြယ်သထားသည်။ easel ပေါ်တွင်ရှိနေသော ပန်းချီကားချပ်မှာတော့ dream catcher ပုံမဟုတ်ပဲ မက်သရူးရဲ့ လက်ရေးစာတိုဖြစ်သည်။

ထိုစာကို မြင်ပြီးသည့်နောက် ဟန်ဘင်းမှာ နေရာတွင်ပင် ထိုင်ချလျက်သားဖြင့် ချုံးပွဲချငိုကြွေးမိသွားလေတော့သည်။

--------------------------------------------------------

tbc >>

Note : နောက်တစ်ပိုင်းဆို ဒီ fic လေးကို နှုတ်ဆက်ရတော့မယ်ရှင် ㅠ ㅠ

There are no comments yet. Log in to be the first to leave a review!

Similar stories