Fanfics

10 [Sad Ending]

18:24, 10 January 2025

"ငါ့ကို ဘာလို့ ဒါတွေလာပြောပြနေရတာလဲ Kim Mingyu"

"တောင်းပန်ပါတယ် ကျွန်တော်...ကျွန်တော် တကယ် တောင်းပန်ပါတယ်"

ချစ်ရသူ၏ လက်လေးကို တင်းနေအောင် ပြန် ဆုပ်ကိုင်လိုက်ရင်း တောင်းပန်စကားကိုသာ တဖွဖွ ပြောနေမိသည်။

"ဒီအချိန်မှ ဒါတွေလာပြောပြနေလဲ အပိုပဲ Mingyu ငါဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲ မင်းသိလား"

~~~

ဝမ်းနည်းမှုကို မျိုသိပ်ကာ ရင့်မာလှသော စကားလုံးများ ပြောထွက်လို့လာသည်။ ဒါဟာလည်း မကျက်သေးသော နှလုံးသားဒဏ်ရာကြောင့် ဖြစ်မည်။

"ကျွန်တော် သိပါတယ် နာကျင်ခဲ့ရမယ်ဆိုတာ ဒါပေမယ့်လေ ကျွန်တော့် အတွက်လဲ လွယ်ကူမနေခဲ့ပါဘူး"

"..."

ဆုပ်ကိုင်ထားသော လက်ကလေးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

နှစ်ဦးလုံး၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

Mingyu ကျလာသော မျက်ရည်များကို ခပ်မြန်မြန် သုတ်လိုက်သည်။

ထို့နောက် ဟန်ဆောင်ကာ ပြုံးရင်း

"အဟင်း... ကျွန်တော် ပြောပြချင်တဲ့ စကားတွေလဲ ပြောပြပြီးပြီ ဆိုတော့ ကျွန်တော် ပြန်တော့မယ် Hyung ကျန်းမာရေး ဂရုစိုက်နော်"

တစ်ခွန်းမှ ပြန်မပြောတော့တာကြောင့် နှုတ်ဆက်ကာ လှည့်ပြန်ခဲ့တော့သည်။

ကျန်ရစ်ခဲ့သော ကျောပြင်ငယ်အား ရင်ခွင်ထဲတွင် ထွေးပွေ့ ထားလိုက်ချင်ပါသော်လည်း မဖြစ်နိုင်တော့ပေ။

မှန်တာပေါ့။ Wonဟာ သေချာပေါက် မောင့်ကို နာကြည်းနေမှာ။

မုန်းလိုက်စမ်းပါ Won။ မောင့်လို မကောင်းတဲ့ သူမျိုးကို ရဲရဲကြီး မုန်းပစ်လိုက်စမ်းပါ။

Won မောင့်ကို မမုန်းနိုင်ဘူးဆိုရင်တောင် မောင်က Won မောင့်ကို မုန်းသွားအောင် လုပ်ပေးမှာမို့

မောင့်ကို

.

ရဲရဲကြီးသာ

.

မုန်းပစ်လိုက်စမ်း...

.....

ဒါဟာ Won ကို နာကျင်စေခဲ့မိလို့ မောင့်ကိုယ် မောင်ပေးတဲ့ အပြစ်ဒဏ်ပဲ။

အဝေးကနေ လှမ်းမြင်နေရသော ချစ်ရသူ၏ ပုံရိပ်ရေးရေးအား နောက်ဆုံးအနေနဲ့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။

သူဟာ သတ္တိမရှိဘူး။ အရာအားလုံးကို ရင်ဆိုင်ဖို့ သူ့မှာ လုံလောက်တဲ့ သတ္တိဆိုတဲ့ အရာ မရှိခဲ့ပေ။

ထို့ကြောင့် နှုတ်ဆိတ်စွာနဲ့ပဲ တိတ်တိတ်လေး လှည့်ပြန်ထွက်ခဲ့တော့၏။

သူ လှမ်းမျှော် ကြည့်ရှုလို့နေတဲ့ ပုံရိပ်ငယ်လေးဟာလည်း နီဆွေးနေသော မျက်ဝန်းထောင့်ကနေ သူ့ကို မသိမသာလေး ကြည့်လို့နေခဲ့တာကိုတော့ သူသိမည်မဟုတ်ချေ။

"နောက်ဆုံး အထိကို မောင်ဟာ သတ္တိမရှိခဲ့ဘူးပဲ"

.......

>>>>

Wonwoo ဒီနေ့ အိမ်ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။

ကားဆိုက်ပြီး နွမ်းနယ်လှသော ခြေလှမ်းများဖြင့် အိမ်ထဲတွင် အထုတ်တွေ ချနေတုန်း

"Wonwoo hyung"

"Seokmin?? မတွေ့ရတာတောင်ကြာပြီ။ ဘယ်လာတာလဲ"

"Hyung ဆီပဲလာတာ"

"ဟင်...ငါ့ဆီ"

"ဟုတ်"

Seokmin ပုံစံကလည်း ချီတုံချတုံနဲ့ တစ်ခုခုကို စိတ်မောနေသည့်ပုံပင်။

"လာ...ထိုင်"

"ဟုတ်"

Wonwoo, Seokmin ကို အိမ်ထဲခေါ်သွားသည်။

"ဘာကိစ္စရှိလို့လဲ Seokmin"

"ဟိုလေ...ကျွန်တော်.... ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်စွက်ဖက်တယ်လို့တော့ မထင်နဲ့နော် Hyung"

"အွန်း"

Wonwoo ခေါင်းကိုသာ ငြိမ့်ပြသည်။

"ဟို... ဖြစ်ရပ်မှန်တွေ အကုန်လုံးကိုလည်း Mingyu ပြောပြလို့ Hyung သိပြီးသားဖြစ်မှာပါ"

Mingyu ဆိုသော အမည်နာမကြောင့် မျက်နှာထက်က မျက်ခုံးတို့ အနည်းငယ် တွန့်ချိုးကာ ပျက်ယွင်းသွားသည်။

"အင်း...သိတယ်"

"အဲ့တာ Hyung ဘယ်လို သဘောရလဲဟင်"

"ဘာကိုပြောချင်တာလဲ Seokmin"

"ဟို Hyung , Mingyu ကို ပြန် လက်ခံနိုင်မခံနိုင်"

Wonwoo ခေါင်းရမ်းကာ

"ပြီးခဲ့တာတွေ ပြီးခဲ့ပြီ Seokmin"

Wonwoo ငြင်းပါသော်လည်း Seokmin က လက်လျော့မည့်ပုံ မပေါ်

"ဒါပေမယ့်လဲ တစ်ယောက်ကို တစ်ယောက် ချစ်နေကြသေးတာပဲမလား။ နောက်တစ်ကြိမ် Mingyu ကို အခွင့်ရေးပေးလို့ရမလား Hyung"

"ဒီလိုတွေ Mingyu က လာပြောခိုင်းလိုက်တာလား"

လေသံဟာ အနည်းငယ် တင်းမာလာသည်။

"မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာ လာပြောတာ Hyung တို့နှစ်ယောက် အခုလိုတွေဖြစ်နေကြတာကို မကြည့်ရက်တော့လို့။"

Seokmin ပွင့်ပွင့်လင်းလင်း ပြောသည်။

"ငါတို့ အဆင်ပြေနေပါတယ်။ Mingyu လည်း သူ့ဘဝနဲ့သူ ငါလည်း ငါ့ဘဝနဲ့ငါ အဆင်ပြေနေတာပဲ။ ငါတို့ အဆင်ပြေနေကြတာပဲလေ။ စိတ်မပူပါနဲ့"

"ဒါပေမယ့်..."

"Seokmin အခုလို စေတနာနဲ့ လာပြောတာကို Hyung နားလည်ပါတယ်။ ကျေးဇူးလည်း တင်တယ်။ အတိတ်ကို အတိတ်မှာပဲထားလိုက်ရအောင်။ ဒါက နှစ်ယောက်လုံး အတွက် အဆင်ပြေစေမယ့် နည်းလမ်းပဲလို့ Hyung ထင်တယ်။ ပြတ်စဲပြီးသား ဆက်ဆံရေးတစ်ခုဟာ ပြန်တည်ဆောက်လို့လဲ မကောင်းဘူးလေ။"

"ကျွန်တော် နားလည်ပါပြီ Hyung။ ဒါဆို ကျွန်တော်ပြန်တော့မယ်"

"ကော်ဖီလေးသောက်ပြီးမှပဲဖြစ်ဖြစ် ပြန်ပါ့လား Seokmin"

"ရတယ် နေပါစေ။ ကျွန်တော်လည်း ဝင်စရာလေး တစ်ခုရှိသေးလို့"

"အင်း နောက်ခါတွေ လမ်းကြုံလည်း Hyung ဆီလာလည်လို့ရတယ်နော်"

"ဟုတ်... ဒါဆို ခွင့်ပြုပါအုံး"

"ကောင်းပါပြီ"

Seokmin ထွက်သွားသည့်အခါ Wonwoo ဆိုဖာပေါ်တွင် လှဲချလိုက်သည်။ မျက်နှာနုနုကိုလည်း လက်ဖဝါးနှင့် ကြမ်းကြမ်း ပွတ်လိုက်ပြီး တွေးမိသည်က

ဟုတ်တယ် ဒါက အကောင်းဆုံး နည်းလမ်းပဲ။ နာကျင်စရာကောင်းတဲ့ အတိတ်ကို ဘာလို့ အစပြန်ဖော်နေအုံးမှာလဲ။

ဒီတိုင်းလေးကလည်း အဆင်ပြေတာမို့ မလှပခဲ့တဲ့ နေ့ရက်တွေတုန်းက စူးနက်စွာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို မေ့ထားလိုက်ကြရအောင်။

>>>

.....

Wonwoo တစ်ယောက် ဒီနေ့ Jihoon က သွားစရာရှိတယ် ဆိုတာကြောင့် Studio သို့ ထွက်ခဲ့တော့သည်။ ဆိုင်မှာက Jihoon မရှိရင် သူရှိနေမှ ဖြစ်မည်။

"Wonwoo hyung ဘယ်တုန်းကပြန်ရောက်တာလဲ"

"အင်း မနေ့ကပဲ Seungkwan"

"Hyung ကလည်း ပြန်လာမှာကို ဖုန်းလေးဘာလေး ဆက်တာတော့ မဟုတ်ဘူး"

"ဘာလို့"

"ကျွန်တော် ကားဂိတ်ကို လာကြိုပေးမှာပေါ့"

"ရပါတယ် ကားက အိမ်ထိလိုက်ပို့ပေးတယ်"

"အော်"

Wonwoo  ခုံပေါ်ကို ဖိုင်တွေကို ကြည့်လိုက်ပြီး

"ဒီနေ့ လုပ်စရာရှိလား"

"ဟုတ် ရှိတယ် Hyung စုံတွဲတစ်တွဲကို pre wedding ရိုက်ပေးဖို့ရာတွေရှိတယ်"

"Concept က အကုန်စီစဥ်ပြီးသွားပြီလား"

"ဟုတ် သတို့သမီးဖြစ်သူနဲ့ တိုင်ပင်ပြီး လိုချင်တဲ့ ပုံစံမျိုးရအောင် အကုန် စီစဥ်ပေးပြီးပါပြီ"

"အင်း ဟုတ်ပြီ အဲ့တာဆို settingတွေ အဆင်သင့်လုပ်ထားလိုက်တော့"

"ဟုတ် ဒါနဲ့ Hyung..."

"အင်း"

"နေကောင်းလား"

"ကောင်းပါတယ် ဘာလို့လဲ"

"Hyung ကြည့်ရတာ ဖြူဖျော့နေပြီးအားမရှိနေတဲ့ပုံ ပေါ်နေလို့ တကယ်ရော နေကောင်းရဲ့လား"

"ကောင်းပါတယ် ငါ ဘာမှမဖြစ်ပါဘူး"

"ကောင်းရင်လည်း ပြီးတာပါပဲ ဒါဆို ခဏနေ ဟိုအတွဲရောက်လာတော့မှာမို့ ကျွန်တော် အကုန်ပြင်ဆင်ထားလိုက်တော့မယ်"

"အင်း"

....

"ဟုတ် ရောက်လာကြပြီလား အထဲကို ကြွပါ"

ရောက်လာတဲ့ အတွဲကို Seungkwan အထဲခေါ်လာကာ Wonwoo hyung နဲ့ မိတ်ဆက်ပေးသည်။

"Hyung ရောက်လာကြပြီ"

Cameraကို ချိန်ဆနေတဲ့ Wonwoo, Seungkwanရဲ့ အသံကြောင့် နှုတ်ဆက်ဖို့ရန် မော့ကြည့်လိုက်သည့် အခါတွင်

လွန်စွာမှ တုန်လှုပ်သွား၏။

"Min...Mingyu?"

"Hyung သိနေတာလား"

Seungkwan ရဲ့ အမေးကို သူ့မှာပြန်ဖြေဖို့ရန် အားမရှိပေ။ သူကသာ တုန်လှုပ်အံ့အားသင့်နေပေမယ့် တစ်ဖက်လူ၏ မျက်နှာတွင်တော့ မည်သည့်တုန့်ပြန်မှုမှ ရှိမနေချေ။ မျက်နှာသေဖြင့်

"Hyung..."

Seungkwan သူ့ပခုံးလေးကို ပုတ်လိုက်မှ အသိပြန်ဝင်လာပြီး

"ဟုတ် ထိုင်...ထိုင်ကြပါ"

လက်တွဲထားသည်။ တစ်ချိန်တုန်းက သူ မြဲမြံစွာ ဆုပ်ကိုင်ခဲ့ဖူးသော လက်ဖဝါးနွေးနွေးလေးသည် တခြားသူ၏ လက်ထဲတွင် တင်းနေအောင် ဆုပ်ကိုင်လို့ထားသည်။

ဆို့တက်လာသော နာကျင်မှုနဲ့ထပ်တူ ဝဲလာတဲ့ မျက်ရည်ကြည်တစ်ချို့ကို မျက်တောင်များ ပုတ်ခတ်ကာ ခါထုတ်လိုက်သည်။

  "ဟို... ခဏနော်"

မိမိကိုယ်ကို အသိဆုံးမို့ ထိုနေရာမှ ထဖို့ရန် ဆုံးဖြတ်လိုက်သည်။

ထွက်လာပြီး အခန်းအပေါက်ဝရောက်တဲ့ အခါမှာ

"Seungkwan ခဏလောက်"

"ဟုတ် အစ်မတို့ ထိုင်ကြအုံးနော်"

Seungkwan ထိုအတွဲအား ထားခဲ့ကာ Wonwoo hyung ဆီသို့လာခဲ့သည်။

###

Hyung ဟာ သူ့ကို သန့်စင်ခန်း ရှေ့ကို ဆွဲခေါ်သွားခဲ့သည်။

"ဘာလို့လဲ hyung"

"အ့"

"Hyung! ရရဲ့လား"

ဟန်ချက်ပျက်ကာ နံရံဘက်သို့ ယိုင်လဲသွားသော Wonwoo ဟာ ရင်ဘတ်ကိုလည်း ဖိလို့ထားသည်။

"ရ...ရတယ်"

အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းကာ

"Cancel လုပ်လိုက်"

"ဗျာ...hyung နေမကောင်းလို့လား"

"မဟုတ်ဘူး Cancel လုပ်လိုက်"

Seungkwan ခေါင်းကုတ်ကာ

"ဘာလို့လဲ Hyung"

"ဒီမိန်းကလေး ကို ဟိုတစ်ခါလာတုန်းကတည်းက ငါငြင်းခဲ့တာ မင်း မှတ်မိလား Seungkwan"

"ဟို...ကျွန်တော် မှတ်မိပါတယ် ဒါပေမယ့် hyung ကလည်း နယ်ဘက်ရောက်နေတော့  Jihoon hyung ပဲ ရိုက်မယ်ထင်ပြီး ကျွန်တော်လက်ခံခဲ့တာ"

"အေး...အခု ငါ ရိုက်ရမှာဆိုတော့ Cancel လိုက်တော့"

"Cancel လို့ မရတော့ဘူး hyung သူတို့က ငွေသွင်းပြီးသွားပြီ။ ပုံမှန်ထက် လေးဆတောင် ပိုပေးခဲ့တာ။ အဲ့တာကြောင့်လဲ ကျွန်တော်လက်ခံခဲ့တာ"

မျက်လုံးလေး ကလည်ကလည်နဲ့ Seungkwan ဟာ သေချာရှင်းပြရှာသည်။

"ကျစ်"

"ဘာလို့လဲ hyung ဘာအဆင်မပြေဖြစ်လို့လဲဟင်"

ဘာတစ်ခုမှ မသိတဲ့ ကလေးအပေါ်မှာလည်း Wonwoo အပြစ်မတင်ချင်။ ထားပါတော့... သူတောင် ဘာမှမဖြစ်သလို မျက်တောင် တစ်ချက်မခတ်ပဲ နေနိုင်သေးတာပဲ ငါက ဘာကို တုန်လှုပ်နေစရာလိုလို့လဲ။

ဟုတ်တယ် Wonwoo ရင်ဆိုင်ပစ်လိုက်ဆို၍ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်သည်။

မျက်နှာထက်တွင် အတတ်နိုင်ဆုံး အပြုံးဖျော့ဖျော့လေးတစ်ခုကို ဖန်တီးယူလိုက်တော့သည်။

တတ်လဲ တတ်နိုင်ပါတယ် Kim Mingyu။ လူကို အနာပေးလိုက် ဆေးကျွေးလိုက်နဲ့ နယ်ရုပ်တစ်ရုပ်လို စိတ်ကြိုက် ခြယ်လှယ် ကစားနိုင်တာပဲ။ ချီးကျူးစရာပင်။

အင်းပေါ့... ပျော့ညံ့လှတဲ့ နှလုံးသားတစ်စုံကို ထိုလူသားက အပိုင်စား ရရှိထားတာပဲ။ ထိုလူသား စိတ်ကြိုက်ကို ဖြစ်စေရမည်။

.....

ချလပ်*

ချလပ်*

"သတို့သားက သတို့သမီးရဲ့ ပခုံးကို ဖက်ထားတဲ့ပုံစံမျိုး"

ပိုစ့်ပေးဖို့ရန် ညွှန်ကြားရသည်။

"အိုကေပြီ"

ချလပ်*

ချလပ်*

တစ်ပုံပြီးတစ်ပုံ ရိုက်လို့နေပေမယ့် ကင်မရာကို ကိုင်ထားသော လက်မှာ တုန်ရီလို့နေသည်။

ဒါကို သတိထားမိတဲ့ ဘေးနားက staff များက

"Wonwoo နေရောကောင်းရဲ့လား"

"ကောင်းပါတယ်"

"အင်း ဟုတ်ပါပြီ"

အလုပ်အတူ တွဲလုပ်ကြသောသူများမှာ ဒီနေ့ ကင်မရာမန်းဖြစ်သူ Wonwoo မူမမှန်တာကို သတိထားမိကြသည်။

ခါတိုင်း အလုပ်လုပ်ပြီဆို ပြုံးရွှင်တက်ကြွလို့နေတတ်တဲ့ Wonwoo ဟာ ဒီနေ့တော့ စကားကို လိုသည်ထက်ပင် ပိုမပြောချေ။

***

နောက်တစ်ပြန်ရိုက်ရန် အဝတ်အစားလဲနေကြသည် ဖြစ်တာကြောင့် Wonwoo ခဏနားဖို့ ထွက်လာခဲ့သည်။

ဘာလို့ ရင်ဘတ်ထဲက တအားနာနေရတာလဲ။ မိမိချစ်ရသူကို တခြားသူတစ်ယောက်နဲ့ ယှဥ်တွဲမြင်နေရတာက ဒီလောက်ထိ နာကျင် ကြေကွဲဖွယ်ကောင်းတာလား။

ဒဏ်ရာများနဲ့ မကျက်သေးတဲ့ နှလုံးသားကို ဆားနဲ့ ပက်သလို စပ်ဖျင်းဖျင်းနဲ့ နာလွန်းလှ၏။

ဒါပေမယ့် ဒါဟာ လက်ခံရမယ့် အမှန်တရားတစ်ခု။ အနည်းဆုံးတော့ မောင် ပျော်နေသည်မလား။ သူကျေနပ်သည်။

မောင် ပျော်နေရင် သူကျေနပ်သည်။

မုန်းတယ်ဟူသော စကားလုံးများဖြင့် ထပ်ကာထပ်ကာ ဖုံးကွယ်လို့နေခဲ့ပေမယ့် ထို "မုန်းတယ်" ဆိုသော စကားလုံးပေါင်းများစွာ၏ အောက်တွင်တော့ "ချစ်တယ်" ဆိုသော စကားလုံးလှလှလေးသည် သိမ်ငယ်စွာ မြုပ်ကွယ် တည်ရှိလို့နေခဲ့သည်။

ရှုပ်ထွေးနေသော ခံစားချက်များ ပြေလျော့သွားစေဖို့ အိတ်ထဲတွင် ပါလာသော စီးကရက်ဘူးကို ယူလိုက်သည်။

မီးညှိကာ နှုတ်ခမ်းပါးနားတွင် တေ့လိုက်ပြီး အားရစွာ ရှိုက်ဖွာလိုက်သည်။ မျက်လုံးများကို ခဏတာမှိတ်ထားလိုက်ပြီး နံရံကို အားပြုကာ ကျောမှီထားသည်။

ထိုအချိန်တွင်

အရိပ်တစ်ခုဟာ ဘေးနားကထွက်ပေါ်လာပြီး စီးကရက်အငွေ့များကြားက နှင်းဆီပန်းရနံ့သင်းသင်းလေးကို ရသည်။

အော်... မောင်ပဲ။

သတိထားမိ၍ မျက်လုံးများကို ခပ်ဟဟ ဖွင့်ကြည့်လိုက်သည့် အခါမှာ သူထင်ထားသည့် အတိုင်းပင်။

မောင်ဟာ သူ့ကို ခပ်ဆွေးဆွေး မျက်ဝန်းငယ်ဖြင့် စိုက်ကြည့်လို့နေသည်။

"ခင်ဗျား တော်တော် ပြောင်းလဲသွားတာပဲ"

"မင်း ထင်လို့ပါ"

မောင် ထင်လို့ပါ။ သူ ပြောင်းလဲသွားတာ တစ်ခုမှ မရှိဘူး။

အရင်လိုပါပဲ။ အရင်တိုင်းလေးပဲ သူဟာ မောင့်ကို ချစ်နေဆဲပါ။ နှင်းဆီရနံ့လိုလို မွှေးပျံ့တဲ့ မောင့်ရဲ့ ကိုယ်သင်းနံ့လေးရယ်။ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးတွေရယ်ကို သူ သဘောကျနေဆဲပါ။

ချစ်စဖွယ် မောင့်ရဲ့ အမူအကျင့်လေးတွေရယ် ၊ စိတ်ကောက်ရင် ဖြစ်သွားတတ်တဲ့ မျက်နှာ အမူအရာလေးတွေရယ်ကစအားလုံး အားလုံးကို သူ  မှတ်မိနေဆဲပင်။

ပြောင်းလဲ သွားသည့်သူမှာ သူ မဟုတ်ပဲ မောင်သာ ဖြစ်မည်။ မလိမ်ညာတတ်ပဲ လိမ်ညာသည်။ ဟန်ဆောင်သည်။ မောင်ဟာ သိပ်ကို ပြောင်းလဲသွားတာဖြစ်၏။ အရာရာကိုလည်း လက်တွေ့ဆန်ဆန် တွေးခေါ်တတ်ပြီး ဆုံးဖြတ်ချက်များ ခိုင်ခိုင်မာမာ ချနိုင်နေပြီ။

သူကတော့ အရင်လို ပျော့ညံ့ဆဲပင်။

မောင့် မျက်ဝန်းတွေမှာ အထင်းသား ပေါ်နေတဲ့ ဝမ်းနည်းကြေကွဲမှုတွေဟာ ဘာ့ကြောင့်များ ဖြစ်ပေါ်နေပါသလဲလို့ မေးပစ်လိုက်ချင်ပါသော်လည်း "စည်း" ဆိုတာ ထားရတော့မည်။

မောင်... ဟန်ဆောင်ကာ ပြုံးရယ်နေတာ သူသိသည်။ ဘာကြောင့် ဒီလမ်းကို မောင် ရွေးချယ်သွားသလဲ သူမသိပေမယ့် မောင်က ဒါဆို ဒါကိုဖြစ်အောင် အကောင်းဆုံး ပံ့ပိုးပေးချင်သည်ဟာ သူရဲ့ ဖြူစင်လှသော စေတနာပင် ဖြစ်၏။

"....."

လေထုဟာ တိတ်ဆိတ်လို့နေသည်။

မောင့်ကို ကြည့်ရတာတော့ သူ့ကို တစ်ခုခု ပြောချင်နေသည့်ပုံပင်။

"ဘာပြောချင်လို့လဲ"

"ကျွန်တော့်ကို မုန်းနေပြီမလား"

"မင်းက မုန်းစေချင်လား"

"ဟင်"

"မင်းက ငါ မင်းကို မုန်းစေချင်လားလို့"

"အင်း... မုန်းစေချင်တယ်။ မုန်းလိုက် ကျွန်တော့်လို ကောင်ကို"

"အေး... မုန်းတယ်။ ငါ မင်းကို မုန်းတယ်။ ရပြီလား??"

ထိုစကားကို ကြားလိုက်တော့ အရှေ့က မောင်က မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။

"အင်း...ရပြီ။"

ခွပ်!

မထင်ထားတဲ့ ဖြစ်ရပ်ကြောင့် Wonwoo အံ့အားသင့်သွားသည်။

"Jihoon!!"

ဘယ်ကနေ ဘယ်လို ရောက်လာလဲ မသိတဲ့ Jihoon ဟာ ရောက်ရောက်ချင်း Mingyu ကို ဆွဲထိုးသည်။

ခွပ်!

နောက်တစ်ချက် ထပ်ထိုးသည်။

"ဟျောင့်... ခွေးမသား! မင်း Wonwoo အပေါ်ကို ဒီလောက်ထိ ရက်စက်စက်မှ ဖြစ်မှာလား။ ဟမ်!"

ကော်လံစကို အတင်းဆွဲကာ ထိုးမယ်လုပ်နေတဲ့ Jihoon ကို Wonwoo ဆွဲကာ တားသည်။

"ဟင့်အင်း... Jihoon မလုပ်နဲ့။ မလုပ်ပါနဲ့!"

Mingyu ရှေ့မှာ ကာ ရပ်လိုက်ပြီး

"မလုပ်ပါနဲ့....မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ် Jihoon"

ထိန်းထားသော မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး ငိုယိုကာ Jihoon ကို မလုပ်ဖို့တားသည်။

"ကျစ်! Wonwoo မင်းကွာ"

Jihoon မှာလည်း သူငယ်ချင်းဖြစ်သူကို ကြည့်ကာ သနားလာတာကြောင့် စိတ်ကို လျော့လိုက်သည်။

ထိုးခံလိုက်ရသော ပါးပြင်ကို လက်ဖဝါးနွေးနွေးလေးနဲ့ အုပ်ကိုင်လိုက်ပြီး

"ရရဲ့လား"

အုပ်ကိုင်လာသော လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်လိုက်ပြီး

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

"Wonwoo! မင်း ဒီကောင့် အပေါ်မှာ ဘာလို့များ သံယောဇဉ် ကျန်နေရတာလဲ။ ဟမ်! မင်းကို အကြိမ်ကြိမ် နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့ ကောင်ကိုမှကွာ"

ထပ်ထိုးဖို့ ရွယ်လာတဲ့ လက်သီးကို Wonwoo ဟန့်တားလိုက်ပြီး

"မဟုတ်ဘူး! ငါအဆင်ပြေတယ်။ ငါ အဆင်ပြေပါတယ် Jihoon"

မျက်ရည်ရွှဲလဲနဲ့ အဆင်ပြေတယ် ပြောနေတဲ့ Wonwoo အား Jihoon နားမလည်နိုင်တော့ပေ။

"တောက်!"

Jihoon စိတ်တွေတိုလာတာကြောင့် ထွက်လာခဲ့တော့သည်။

ဆူညံသံတွေကြောင့် Seungkwan ရောက်လို့လာသည်။

"ဘာဖြစ်ကြတာလဲ"

အထွက်မှာ Seungkwan နဲ့ တွေ့တဲ့ Jihoon ဟာ

"မင်းလက်ခံ လိုက်တဲ့ အတွဲရဲ့ သတို့သားက Wonwoo ပြောပြောနေတဲ့ Kim Mingyu ဆိုတဲ့လူပဲ!"

ထိုစကားကို ကြားလိုက်ရတဲ့ Seungkwan ခမျာလဲ အံ့အားသင့်သွားပြီး ချက်ချင်းကို Wonwoo ဆီကိုပြေးသွားကာ

"Hyung"

ငိုမဲ့မဲ့လေးနဲ့

"ကျွန်တော် တောင်းပန်ပါတယ်"

"ဟင့်အင်း မင်း တမင်လုပ်တာမှ မဟုတ်တာ Seungkwan"

ဒါကြောင့်မို့ Hyung ရဲ့ ပုံစံဟာ မူမမှန်ဘဲ ပြိုလဲမတတ်ဖြစ်နေရတာကို သူ ခုမှ သဘောပေါက်မိတော့သည်။

"တကယ်တမ်း တောင်းပန်ရမယ့် သူက ကျွန်တော်ပါ"

Wonwoo ဘေးက စကားစလာတဲ့ Mingyuကို Seungkwan အထင်မြင်သေးစွာ ကြည့်ရှုလိုက်ရင်း Wonwoo ကို သူ့ဘက်သို့ ဆွဲခေါ်လိုက်သည်။

"Hyung လာ ဒီလူက Hyung နဲ့ မတန်ဘူး"

ဘာလို့ဆို ပုံမှန်ထက် လေးဆပေးကာ လာအပ်သော သူဟာ ဒီလူကိုယ်တိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။ Jihoon hyung မို့ပေါ့ သူ့စိတ်နဲ့ သာဆို လူတောင် သတ်ပြီး နေလောက်ပြီ ဆိုပြီး Seungkwan, Wonwoo ကို ထိုနေရာမှာ အတင်း ဆွဲခေါ်လာခဲ့တော့သည်။

ကျန်ရစ်ခဲ့သော သူ တွင်လည်း နှလုံးသားတွေ တစ်စစီ ကြေမွသွားမတတ်ကို နာကျင်လို့နေခဲ့သည်။

ဘယ်တတ်နိုင်မလဲ။ ဒီလမ်းကို လျှောက်ဖို့ သူ ရွေးချယ်ပြီးသွားခဲ့ပြီ။

မောင့်ကို မေ့ပစ်လိုက်ပြီး ပျော်ပျော်ကြီး ဘဝကို ဖြတ်သန်းသွားပေးပါ Won။ ဒါမှ မောင် ဟာ လိပ်ပြာသန့်သန့်နဲ့ မောင့်နှလုံးသားထဲမှာ မောင့် Won ကို ထည့်သိမ်းထားလို့ ရမှာ။

ခွင့်လွတ်ပေးဖို့လဲ မတောင်းဆိုရက်ပါဘူး။ ဘာလို့ဆို မောင် ဟာ Won နဲ့ လုံးဝ မထိုက်တန်ဘူး။

>>>

စားပွဲပေါ်က အပြာရောင် ဖိတ်စာတစ်ခုကို အကြာကြီး ထိုင်ကြည့်နေမိသည်။

ထိုင်ကာ တွေးနေရင်းနဲ့ ဘာပဲဖြစ်ဖြစ် ဒါဟာ နောက်ဆုံးပဲ ဟုဆိုကာ ထွက်လာခဲ့တော့သည်။

ကြော့မော့စွာဝတ်ဆင်ထားပြီး ချောမောလှတဲ့ မောင်ဟာ သတို့သား ဝတ်စုံနဲ့ လွန်စွာမှ ကြည့်ကောင်းလှသည်။

"Hyung ကျွန်တာ့်ဆီ လာတယ်"

"အင်း"

"ပြောစရာရှိလို့လား"

"အွန်း ဒီစကားကို မပြောလိုက်ရရင် တသက်လုံး နောင်တ ရနေမိမယ် ထင်လို့"

 

"ဘာမို့လို့လဲ"

"ငါ မင်းကို ခွင့်လွှတ်ပါတယ်။ အရာရာတိုင်းကို ငါ ခွင့်လွှတ်တယ် မောင်"

ထိုနာမ်စားကို နောက်ဆုံး အနေနဲ့ သုံးချင်သည်။

"Won.."

မောင့်ဆီကနေ ခေါ်သံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။

မောင့် မျက်ရည်တွေဝိုင်းနေသည်။ သူလည်း မငိုမိအောင် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသည်။

"ပြီးတော့ မောင့်ကို ငါ မမုန်းပါဘူး။ အခုလည်း မမုန်းသလို နောင်လဲ မုန်းမှာ မဟုတ်ဘူး မောင်" 

"Wonရာ"

ဆိုပြီး မောင်က သူ့ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲထည့်ကာ ထွေးပွေ့လိုက်သည်။

"မောင် တောင်းပန်ပါတယ်။ မောင် တောင်းပန်ပါတယ်။ မောင့်...မောင့်ကိုပြောပါ Won။ မောင် ဘာလုပ်ပေးရမလဲဟင်။ Won ဘာဖြစ်ချင်လဲ။"

သူ့နဖူးလေးကို ဖွဖွလေးနမ်းကာ မောင်က တတွတ်တွတ်မေးရှာသည်။

"ဟင့်အင်း..."

"မောင်...မောင် ဒီလက်ထပ်ပွဲကို ဖျက်လိုက်ရမလားဟင် Won။ မောင်...မောင် ဖျက်လိုက်ရမလား"

"မဖျက်ပါနဲ့။ မောင် ရွေးချယ်တာ မှန်ကန်ပါတယ်။ မောင် မပျော်ရရင်တောင် အခက်အခဲ မရှိတဲ့ လမ်းကို ရွေးချယ်ခဲ့တာမို့ မောင့် ဘဝလေး အေးချမ်းနေမှာ။ မောင် မှန်ပါတယ်"

ဝေ့သီလာသော မျက်ရည်များကို စီးကျခွင့်ပြုလိုက်သည်။

မောင့်ရဲ့ ပါးပြင်လေးကို အုပ်ကိုင်လိုက်ကာ

"ပြီးတော့ ငါ့ မောင့်ကို မမုန်းဘူးနော်။ ငါ မောင့်ကို မမုန်းဘူး သိလား"

"မောင် သိပါတယ်ကွာ...မောင် သိပါတယ်"

ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ကြပြီး

"မောင်"

ပြောပါဆိုသော ပုံစံဖြင့် မောင်က သူ့မျက်ရည်လေးများကို လက်မလေးနဲ့ ဖိသုတ်ပေးရင်း ကြင်နာမှုများ ပြည့်နှက်လို့နေတဲ့ မျက်ဝန်းလေးဖြင့် ကြည့်လို့နေခဲ့သည်။

"ပြိုကွဲပြီးသား ဆက်ဆံရေးတစ်ခုကို ပြန်လည်တည်ဆောက်ဖို့ရာ ငါ့မှာ ယုံကြည်ချက်မရှိဘူး မောင်။ ဒီတော့ ဒီတိုင်းလေးပဲ မောင် က ငါ့ကို ချန်ခဲ့ပေး"

နှစ်ဦးနှစ်ဖက်လုံး ရရှိခဲ့တဲ့ ဒဏ်ရာများဟာ များပြားလှသည်။ ထို ဒဏ်ရာများ ပျောက်ကင်းသွားသည် အထိ ဆက်ဆံရေးကို ပြန်လည်တည်ထောင်ဖို့ရာကို သူ ယုံကြည်ချက်မရှိတာတော့ အမှန်ပင်။

"မောင် နားလည်ပါတယ်။ မောင်...မောင့်အမှားတွေပါ"

မောင်ဟာ သူ့ရင်ဘတ်ကိုသူ တဘုန်းဘုန်းရိုက်ကာ အပြစ်တင်လို့နေသည်။

"ပြီးတာတွေ ပြီးခဲ့ပြီမို့ မောင် စိတ်ဖြောင့်ဖြောင့်နဲ့သာ ငါ့ကို ချန်ခဲ့လိုက်ပါ"

"တော်ပါတော့....တော်ပါတော့ မောင့်...မောင့် ရင်တွေလဲ ကွဲလှပါပြီ Wonရာ"

နောက်ဆုံး အကြိမ် မောင့် နဖူးလေးကို သူ ခြေဖျားလေးထောက်ကာ နမ်းရှိုက်လိုက်သည်။

"စိတ်ဖြောင့်ဖြောင့်နဲ့သာ ငါ့ကို ချန်ခဲ့ပါ မောင်"

လက်ထပ်ပွဲကြီး ပြီးဆုံးသည်အထိ ခန်းမတံခါးကြီး၏ ဘေးတွင်ကွယ်ကာ ရပ်ကြည့်နေခဲ့သော ကောင်ငယ်လေးမှာ သူ့ရဲ့ ငိုကြွေးသံကို တခြားသူများ မကြားမိစေရန် တိတ်တဆိတ် နာကျင်စွာ ငိုကြွေးလို့နေခဲ့တော့၏။

.....

မင်းရဲ့ နာကျင်စရာကောင်းလှတဲ့ ဒဏ်ရာတွေ အားလုံးကို ငါ့ဆီမှာ ချန်သွားခဲ့လိုက်လို့ အဆင်ပြေပါတယ်။

မင်းသာ အဆင်ပြေနေရင် ငါ့ကမ္ဘာငယ်လေးက အေးချမ်းနေတာမို့ အဆင်ပြေပြေ ရှိနေပေးပါ။

လွယ်လင့်တကူ စွန့်ပစ်သွားလို့ ရတာမို့ မင်းအတွက် နာကျင်စေတဲ့ ဒဏ်ရာများကိုပါ ငါ့ကို ပေးပြီး ချန်ထားခဲ့လိုက်ပါ။

LEFTOVER-

* THE END *

__________________________

စာအုပ်လေးတစ်အုပ်မှာ ဖတ်ဖူးတယ်

လူတွေက ပြောကြတယ် ပိုချစ်ရတဲ့သူက အရှုံးတဲ့ ဒါကတော့ သိပ်မမှန်ချင်သလိုပဲ။ ဘာလို့ဆို ပိုချစ်ရသူဟာ မေတ္တာစစ် မေတ္တာမှန်နဲ့ မှန်မှန်ကန်ကန် ချစ်ခဲ့တာကြောင့် ခေါင်းမော့ ရင်ကော့ပြီး နေနိုင်တယ်။

အချစ်ခံရတဲ့သူမှာတော့ အမြဲလိုလို အားနာစိတ်တွေနဲ့ မလုံမလဲတွေ ဖြစ်ကာ  အမြဲထာဝစဥ် တွေးမိနေတတ်ပြီး ခံစားနေရတတ်တယ်တဲ့။

သူဆိုလိုတာက အချစ်ခံရသူက ပိုရှုံးတယ်ဆိုပဲ။  ဒီဇာတ်လမ်းလေးမှာရော အရှုံးနဲ့သူဟာ ဘယ်သူလဲဆိုတာ စာဖတ်သူတို့ ဆုံးဖြတ်ပေးသွားကြမလား။

......

အချိုတွေပဲ စားနေရတော့ အီနေမှာဆိုးလို့ အခါးလေးလာကျွေးတာ 😔🫰🏻

စာဖတ်သူတစ်ဦးချင်းကို ကျေးဇူးတင်လျက်♡  by -Verki

3900 words🩷

There are no comments yet. Log in to be the first to leave a review!

Similar stories