Fanfics

4

19:27, 4 August 2024

ကားအတွင်းထဲက လေထုအခြေအနေမှာ တင်းမာ ခြောက်ကပ်လျက်။

နောက်ဆုံးတော့ ကားလေးဟာ အရှိန်လျော့ကာ ရပ်တန့်သွားခဲ့သည်။

"အိမ်ပြန်လိုက်ပို့ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကားခါးပတ်ကို ဖြုတ်ရင်း ဆင်းမည်အပြု

"ကျေးဇူးတင်တဲ့အနေနဲ့ ကော်ဖီတစ်ခွက်လောက်ဖြစ်ဖြစ် တိုက်ပါ့လား"

လေသံအေးအေးနဲ့ ခွင့်တောင်းသည်။

ခဏလောက် စဥ်းစားကြည့်လိုက်ပြီး

"အင်း ... ရတယ်လေ ဆင်း"

အိမ်အဝင်ဝမှာ အရင်က အမြဲလိုလို လာတိုင်း ရေလောင်းပေးနေကြ နှင်းဆီပင်များကို သတိရမိ၍ ကြည့်မိတော့ အပင်မရှိတဲ့ ပန်းအိုးများကိုသာတွေ့သည်။ အိမ်ထဲရောက်တော့ ခြောက်ကပ်ပြီး အေးစက်မှုများဖြင့် ပြည့်နှက်နေသည့် အငွေ့အသက်များ ရရှိလို့နေသည်။

"လာ ... ထိုင် ငါ ကော်ဖီသွားဖျော် လိုက်အုံးမယ်"

ခေါင်းကိုသာ အသာအယာ ငြိမ့်ပြလိုက်သည်။

ဘေးဘီကို တစ်ချက်ကြည့်မိတော့ အရင်ကအတိုင်းပဲ ပြောင်းလဲသွားသည့်အရာ တစ်ခုမှမရှိပေ။ အိမ်ရှေ့က နှင်းဆီပင်များက လွဲ၍ပေါ့။

"ရော့... ဒါပဲရှိတယ် အဆင်ပြေတယ်မလား"

Black coffee တစ်ခွက်ကို လာချရင်းပြောသည်။

"ပြေပါတယ်"

သူ့လက်ထဲတွင်လဲ hot chocolate တစ်ခွက်က ပါလာသေးသည်။

မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်ရင်း

"ဒါနဲ့ စေ့စပ်ပွဲ အတွက် ဂုဏ်ပြုပါတယ်"

လက်ထဲက ခွက်ကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း ထိုစကားကိုဆိုသည်။

"ကျေးဇူးပါ"

ပြန်၍ တိတ်ဆိတ်လို့ သွားပြန်သည်။

"တောင်းပန်ပါတယ်..."

"ဘာ အတွက်လဲ"

"အရာအားလုံးအတွက်"

လက်ထဲက ခွက်ကို ခုံပေါ်ချလိုက်ပြီး

"မလိုပါဘူး... ပြီးတာတွေက ပြီးခဲ့ပြီပဲ"

"ဒါမဲ့..."

"တော်ပါတော့... ဆက်မပြောပါနဲ့ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြရအောင်"

ထိုလူသားမှာ အနည်းငယ် မျက်နှာ ပျက်ယွင်းသွားပြီး

"ကောင်းပါပြီ"

"Kim Mingyu "

"....."

ထိုလူသားဟာ သောက်နေတဲ့ ကော်ဖီခွက်ကို ဘေးချပြီး ရှေ့က ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းတစ်စုံကို စေ့စေ့စိုက်ကြည့်သည်။

"ငါတို့ ထပ်မတွေ့ဘဲ နေကြရအောင်"

"..."

"သူစိမ်းတစ်ယောက်.... သူစိမ်းတစ်ယောက်လိုပဲ ငါ့ကိုဆက်ဆံပေးပါ ကျေးဇူးပြုပြီး လမ်းတွေ့ရင်တောင် မနှုတ်ဆက်ပါနဲ့"

"ဒါပေမယ့်.."

"တောင်းဆိုတာပါ ငါ့ဘက်က... ကျေးဇူးပြုပြီး သူစိမ်းတစ်ယောက်လိုမျိုး လုံးဝမသိသလို နေကြရအောင်"

"ကောင်းပါပြီ" ထိုလူသားဟာ အေးစက်စွာပင် လက်ခံသဘောတူခဲ့သည်။

အနည်းငယ် တုန်ရီလာတဲ့ လေသံဖျော့ဖျော့လေးဖြင့်

"ဒါဆို အခုက ငါတို့ရဲ့ နောက်ဆုံး တွေ့ဆုံခြင်းပေါ့"

"အင်း.... အဲ့လိုဖြစ်သွားမှာပေါ့"

ထိုလူသားဟာ ထိုင်နေရာမှ ထလာပြီး လက်တစ်စုံကို ကမ်းပေးရင်း

"နောက်ဆုံး တွေ့ဆုံခြင်းအနေနဲ့ ခဏလောက် ဖက်ထားလို့ ရမလား"

တုံ့ဆိုင်းမှု မရှိ ထိုင်နေရာကပင် ချက်ချင်းထကာ ရင်ခွင်ကျယ်ထဲ တိုးဝင်ပြီး ပွေ့ဖက်လိုက်သည်။

ဒီ အခိုက်အတန့်လေးကို ရပ်တန့်လို့ရလျှင် သိပ်ကိုကောင်းမှာပဲ။ လွမ်းနေခဲ့ရတဲ့ နှင်းဆီပန်းရနံ့လို ခပ်ဖျော့ဖျော့ ကိုယ်သင်းနံ့လေးကို မသိမသာ ခိုးရှူရှိုက်မိရင်း...

ဖက်နေရာကနေ ခွာလိုက်ကာ အလိုက်မသိစွာ ကျလာသော မျက်ရည်စက်များကို ခပ်မြန်မြန် ခိုးသုတ်လိုက်ပြီး

"ကောင်းကောင်းသွားပါ"

"Hyung လည်း ပျော်အောင်နေပါ"

"အင်း"

"ဒါဆို ကျွန်တော် ပြန်တော့မယ်"

"အင်း ... ငါ အိမ်ရှေ့ထိ လိုက်မပို့တော့ဘူး"

"ရပါတယ် ... ကျန်းမာရေး ဂရုစိုက်ပါ"

ခေါင်းငြိမ့်ပြရင်း

"အင်း ... မင်း ရောပဲ"

"ကျွန်တော်သွားပြီ"

"အင်း"

တစ်လှမ်းချင်း ထွက်ခွာသွားတဲ့ ကျောပြင်ငယ်အား ငေးကြည့်မိရင်း အိမ်တံခါး ပိတ်ပြီး ကွယ်သွားတော့မှာ ထိန်း၍ထားသော မျက်ရည်များကို ကျဆင်းခွင့်ပြုလိုက်တော့သည်။ လူကလည်း အရုပ်ကြိုးပျက် သဖွယ် ထိုနေရာ၌ ထိုင်ချလိုက်မိရင်း နာကျင်လွန်း၍ ရင်ဘတ်ကို ခပ်ဖွဖွ ဖိကာ ငိုကြွေးမိသည်။

အချိန်အတော်ကြာ ထိုင်နေမိရင်း စားပွဲခုံပေါ် တင်ထားတဲ့ ဖုန်း အသံမြည်လာတော့မှသာ အသိစိတ်ပြန်ကပ်၍

*ဟယ်လို...*

အက်ကွဲစွာ ထွက်ပေါ်လာမည့် အသံကို ပြန်ထိန်းရင်း ချောင်းဟန့်ကာ  ကျနေတဲ့ မျက်ရည်စများကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။

*ဟယ်လို ... အင်း Jihoon*

*ဟယ်လို... အေး Wonwoo မင်း ဘယ်ရောက်သွားတာလဲ*

*ငါ... ငါ အိမ်ပြန်ရောက်နေပြီ*

*ဘာ... ဘယ်လိုလုပ်ပြီးတော့လဲ*

*ဟို ... Mingyu လိုက်ပို့တာ*

*ဘာ!! Wonwoo... ဘယ်လိုဖြစ်ရတာလဲ အဲ့ကောင် မင်းကို အတင်းခေါ်တာလား??!*

*မ... မဟုတ်ပါဘူး သူက ဒီတိုင်း လိုက်ပို့ ပေးမယ်ပြောလို့*

*တောက်! တော်တော် မျက်နှာပြောင် တိုက်တဲ့ကောင်*

တစ်ဖက်က Jihoon ရဲ့ လေသံဟာ ဘယ်လောက်တောင် ဒေါသထွက်နေသလဲဆိုတာ သူ အသိဆုံးပင်။

*အင်း ... မင်းရော အဆင်ပြေရဲ့လား*

*ပြေပါတယ်*

*ငါ မင်း အိမ်ကို လာခဲ့ရမလား*

*နေပါစေ ရပါတယ် ငါ တကယ် အဆင်ပြေပါတယ်*

*အဆင်ပြေရင်လည်း ပြီးတာပါပဲ ငါ သူငယ်ချင်းတစ်ယောက် အနေနဲ့ တစ်ခုတော့  သတိပေးမယ်  Wonwoo*

*အင်း*

*ထပ်ပြီး မရူးမိုက်မိပါစေနဲ့*

*...*

*ခုတော့ ဘာမှ ထပ်တွေးမနေနဲ့တော့နော် အားလုံးကို မေ့ထားလိုက်*

*အင်းပါ*

*တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက်လိုက်*

*အင်း*

*မင်းဘက်မှာ ငါ အမြဲတမ်း ရှိနေပေးတယ် Wonwoo ငါယုံကြည်တယ် မင်း ဒီအရာကို ကျော်လွှားနိုင်မယ်ဆိုတာ*

*အေးပါ Jihoon ငါ ကြိုးစားပါ့မယ်*

*စောစောအိပ် မနက်ကြ Soobin တို့နဲ့ ချိန်းထားသေးတယ်မလား*

*အင်း... ဟုတ်တယ်*

*အေး... အဲ့ဆို ဒါပဲနော်*

*အင်း*

တီ...တီ...တီ...

ဖုန်းချပြီးတော့ သောက်ထားသော ကော်ဖီခွက်နှစ်ခုကို ဆေးမည်ဆိုပြီး မီးဖိုထဲ ယူလာပြီး ဘေစင်နားမှာတင်လိုက်သည်။

"Arr shitt ! ဒီမျက်ရည်တွေက ကျလာပြန်ပြီ"

ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်သည်။

စိတ်ကြည်လင်သွားအောင် ရေချိုးလိုက်သည်။ ညအိပ် ဝတ်စုံလဲပြီး ကုတင်ပေါ်ကို တစ်ကိုယ်လုံး ပစ်လှဲချလိုက်သည်။ ခေါင်းအုံးတွင် မျက်နှာနစ်ကာ အသံတိတ် ငိုမိပြန်သည်။

ပျော့ညံ့လွန်းလှသည့် မိမိကိုယ်ကို လည်း လွန်စွာ ဒေါသဖြစ်မိသည်။

သို့သော် မျက်လုံးထဲတွင် ပြန်ပြန် မြင်ယောင်လို့နေသည့် ချစ်ရသူရဲ့ ဘေးမှာ လက်ကို ချိတ်ရင်း ပျော်ရွှင်ကြည်နူးစွာ ပြုံးပြလို့နေကြသည့် သူတို့၏ ပုံရိပ်ဟာ ရင်အစုံကို ဓါးနဲ့ မွှန်းနေသလိုကို တတိတိ နာကျင်လွန်းလှ၏။

ငိုရတာ မောလွန်းပြီးနောက် ဘာတစ်ခုမှ ထပ်မတွေးနိုင်တော့ပဲ ထိုအတိုင်းပင် အိပ်ပျော်သွားတော့သည်။

ထိုနည်းတူစွာ

အိမ်ရှေ့၌ ရပ်ထားသော အခုထိကို မပြန်ပဲ ရှိနေသေးသော ကားလေးတစ်စီးထဲတွင်

ကား စတီယာတိုင်ကို တင်းနေအောင် ဆုပ်ကိုင်ရင်း လူမသိ သူမသိနဲ့ အသံတိတ်ငိုကြွေးလို့နေသော ကောင်လေးတစ်ယောက်လည်း ရှိလို့နေလေသည်။

----------------------To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories