ep15
15:49, 26 February 2024သူတို့အိမ်ပြန်ရောက်တော့ အွန်းလေးက အိပ်လျက်ပါလာခဲ့သည်။ ဂျယ်ယောင်းအလိုလိုက်ပြီး သူမကျွေးတဲ့ သရေစာတွေပါ ထမင်းစားပြီးတော့ ဝယ်ကျွေးလိုက်သေးသည်။အွန်းလေးကလည်း စားချင်နေတော့ သူလည်းတစ်ခါတလေဆိုပြီး မတားမိတော့။ အခုတော့ ဗိုက်လေးပြီး ကားနောက်ခန်းထဲတွင် အိပ်ပျော်နေပြီ။ အိမ်ရောက်တော့ အိပ်ချိန်လည်းကျော်နေပြီမလို့ မနှိုးတော့ဘဲ သူပွေ့ချီဖို့သာ ပြင်လိုက်သည်။ဘေးကလွယ်အိတ်ကို အရင်ယူလိုက်တော့ ဘေးနားတွင် စာရွက်တစ်ရွက် ကျလာသည်။သူလွယ်အိတ်ထဲကောက်ထည့်မည်ပြင်ရင်း ယူကြည့်လိုက်သည်။ မိသားစုထမင်းဝိုင်းလေးပင်။အွန်းလေးက ပုံဆွဲတိုးတက်လာပြီ။ ဘယ်ဆိုးလို့လဲ အရင်က ဂျွန်ဂျောင်ဂုပြောသလို လျှောက်ခြစ်ဆွဲမဟုတ်တော့ဘဲ လူပုံ၊စားပွဲခုံလေးတွေကိုလည်း သေချာဆွဲထားသည်။ အွန်းလေးဘေးနားတွင် ကြောက်ပေါက်လေးတစ်ကောင်။ ဒီမျက်လုံးပြူးပြူးနဲ့တစ်ယောက်က ဂျွန်ဂျောင်ဂုဖြစ်မယ်... ခါတိုင်းဆို ပုံဆွဲရင် သူနဲ့သူ့ပုံသူသာ ထည့်ဆွဲလေ့ရှိသည်။ အခုတော့ သူ့ကိုသင်ပေးတဲ့ ဂျောင်ဂုကိုပါ ထည့်ဆွဲထားသည်။ဆော့ဂျင်ထိုပုံဆွဲစာရွက်လေးကို လွယ်အိတ်ထဲသေချာပြန်ထည့်ပေးလိုက်ပြီး အွန်းလေးကို ပွေ့ချီလိုက်သည်။
သူအွန်းလေးကို အိပ်ရာပေါ် သေချာချသိပ်ခဲ့ပြီး အခန်းထဲက အသာထွက်လာခဲ့သည်။
သူအွန်းလေးအခန်းက ထွက်လာတော့ သူ့အခန်းရှေ့တွင် နိုအွန်းကို တွေ့လိုက်သည်။ နိုအွန်းက သူ့အခန်းနံရံတွင် မှီလျက် ရပ်နေသည်။
" ကလေးအိပ်ပြီလား "
" အင်း.. "
" ရှင်တို့ဘယ်ကပြန်လာတာလဲ "
" ညစာစားက.. "
" ဘယ်သူနဲ့လဲ ဟိုကောင်လေးရော ဘာလို့တစ်ခါတည်းပါမလာတာလဲ "
" ငါသူနဲ့သွားတာမဟုတ်ဘူး ငါ့သူငယ်ချင်းနဲ့... ဒါနဲ့ ဂျောင်ဂုတစ်ခါမှပြန်မလာသေးတာလား "
" ခါတိုင်း ရှင်နဲ့အတူပြန်လာတာမဟုတ်ဘူးလား ..ရှင့်သူငယ်ချင်းဆိုတာ ဂျယ်ယောင်းလား သူပြန်ရောက်နေပြီကြားတယ် "
" အင်း... မင်းပြောစရာရှိသေးလား "
ဆော့ဂျင်တိုက်ရိုက်မေးလိုက်သည်။ ပြောစရာမရှိဘဲ သူ့ကိုဒီနားအထိ တကူးတက ရပ်စောင့်နေမည်မထင်။ထိုအခါ နိုးအွန်းက အနေအထားကိုပြင်လိုက်သည်။
" ကျွန်မက ရှင်တို့သားအဖ ညဉ့်နက်တဲ့အထိ မနေဖူးလို့ မျှော်နေတာ ထင်တဲ့အတိုင်း ပြန်လာတော့ ကလေးကအိပ်နေပြီ ဘာလို့ကလေးအိပ်ပျော်တဲ့အထိ ရှင်ကအပြင်ရောက်နေလဲ စဉ်းစားနေတာ အရေးကြီးအကြောင်းလည်းမရှိဘဲနဲ့ "
ဆော့ဂျင်ခပ်ဆိတ်ဆိတ်သာ နေလိုက်သည်။သူ့တွင် ပြန်တုံ့ပြန်ဖို့ စိတ်ကူးမရှိ။
" ဂျူအွန်းအလုပ်ကောင်းကောင်းသင်နေတယ်မလား ဘယ်တော့သူ့ကို အရေးကြီးတဲ့အလုပ်တွေလွဲပေးဖို့ ရှင်စဉ်းစားထားလဲ.. သူအခုအပြင်မှာလည်း အရမ်းမရှုပ်တော့ဘူး ရင့်ကျက်သင့်သလောက် ရင့်ကျက်လာပြီ အလုပ်လည်းကောင်းကောင်းသင်ယူနေပြီပဲ တဖြည်းဖြည်းနဲ့သူ့ကို နေရာကောင်းပေးထားစေချင်တယ် "
" တစ်လလောက်သင်ပြီး ငါသူ့ကိုဘယ်နေရာပေးသင့်လဲ "
" ဒါကြောင့် ရှင့်ကိုဖြည်းဖြည်းချင်းလို့ ထည့်ပြောလိုက်တယ်လေ မဟုတ်လည်း သူက ရှင်းရဲ့ဆက်ခံသူမလို့ သူ့အတွက်တဖြည်းဖြည်းနေရာပေးစေချင်တာ ပြီးတော့ရှင် ရှင့်သူငယ်ချင်းကိုကုမ္မဏီထဲခေါ်ဖို့ ကြိုးစားနေတာလား "
" သူဘယ်လောက်တော်တော် ဘယ်နိုင်ငံကပဲပြန်ခဲ့နေပါစေ ကျွန်မတို့ရှင်းရဲ့ အရမ်းတော်တဲ့ဝန်ထမ်းဟောင်းပဲ ဖြစ်နေပါစေအုံး သူ့ကိုအရင်ရာထူးနဲ့ ပြန်ခေါ်ဖို့မကြိုးစားပါနဲ့တော့ "
" မင်းဘာကိုစိုးရိမ်နေလည်းမသိပေမဲ့ သူရှင်းကိုပြန်လာမှာမဟုတ်ဘူး မင်းပြောစရာမရှိတော့ရင် ငါဝင်တော့မယ် နားချင်နေပြီ "
ဆော့ဂျင်အသိပေးရုံပြောပြီး သူအခန်းထဲဝင်လာခဲ့လိုက်သည်။ သူဂျယ်ယောင်းနဲ့သောက်ဖြစ်တဲ့နေ့ကတည်းက သူဂျူအွန်းကို သူ့နေရာကိုလွဲပေးဖို့ အစီအစဉ်ဆွဲထားပြီးပြီ။ သက်တမ်းနုသေးတာကတစ်ကြောင်း၊ လုပ်ငန်းခွင်နဲ့စိမ်းသက်နေသေးသည်ကတစ်ကြောင်းမလို့ စဉ်းစားထားသလို မြန်မြန်ကြီးတော့မဖြစ်နိုင်။ သူ့လက်လွှတ်ကလွှတ်ရရင်လည်း စိတ်ချလက်ချ လွှတ်ထားချင်ခဲ့သည်။ ထို့ကြောင့် ဂျူအွန်းကို သေချာသင်ပြရင်း သူ့လက်စတွေကိုလည်း ဖြတ်နေရသည်။ ရှင်းဂျူအွန်းက လူငယ်ပီပီ အပျော်အပါးမက်ပေမဲ့ အလုပ်ကိုတော့ သေချာလိုက်လုပ်ပါသည်။ ချက်ချင်းကြီး ရာထူးကြီးကြီးကို ထိုးပေးလို့မရသေးပေမဲ့ ဖြည်းဖြည်းချင်းတော့ အဆင့်တက်ရမည်ပေါ့။
ဒီတစ်ယောက်တော့ အဆင်ပြေနေပေမဲ့ ဂျောင်ဂုက ပြောရခက်ခက်ရယ်။ အခုလည်း သူအိမ်ပြန်ရောက်နေပြီထင်ထားတာ.. သူတို့အွန်းလေးကိုကြိုပြီးနောက် သူ့ကိုအိမ်ပြန်လိုက်ပို့ဖို့လုပ်တော့ သူက လမ်းမှာတင်ကားရပ်စေပြီး နေထားခဲ့သည်။ သူမေးတော့လည်း ပြန်မဖြေတော့ ဂျယ်ယောင်းနဲ့များ စကားများထားကြသလား မေးကြည့်မိသေးသည်။ နှစ်ယောက်သားက တကျက်ကျက်ဆိုတော့ သူတို့နှစ်ယောက်တည်းရှိနေချိန် စကားများပြီး ဂျောင်ဂုစိတ်ဆိုးသွားလား မပြောတတ်။ ဂျယ်ယောင်းကတော့ ပုံမှန်ပင်။
" ပြန်ရောက်သင့်နေပြီမဟုတ်ဘူးလား "
သူရေချိုးပြီး အလုပ်ခဏထိုင်လုပ်ပြီးတဲ့အထိ ဂျောင်ဂုက ပြန်ရောက်မလာသေး။ သူ့အိမ်သူပဲ ပြန်အိပ်လားမပြောတတ်။ ဆယ်နာရီကျော်နေပြီမလို့ သူမအိပ်ခင် သေချာအောင် ဖုန်းဆက်ကြည့်ဖို့ စဉ်းစားလိုက်သည်။
" ဘာလဲ "
ဖုန်းက တော်တော်နဲ့မကိုင်ဘဲ ကိုင်ပြန်တော့လည်း ဆောင့်အောင့်နေတဲ့အသံနဲ့။
" ဘယ်မှာလဲ "
" ဘာလုပ်မလို့မေးတာလဲ "
" မင်းအိမ်ပြန်မရောက်သေးလို့လေ ဘယ်မှာလဲ အိမ်ပြန်အိပ်မှာလားမေးတာ "
" ... "
" ဟယ်လို "
" ပြန်မလာဘူး "
" ဒါဆိုဘယ်မှာလဲအခုက "
" ဘာလုပ်မလို့လဲ "
" ဂျွန်ဂျောင်ဂု! ကောင်းကောင်းမေးနေတုန်းဖြေ မင်းငါ့အုပ်ထိန်းမှုအောက်မှာနေပြီး ဒါလေးတောင် မေးလို့မရဘူးလား မင်းဘယ်မှာလဲ ဘာလုပ်နေလဲသိရမှ ငါစိတ်ချလို့ရမှာမဟုတ်ဘူးလား အခုမင်းဘယ်မှာလဲ ဘာလုပ်နေတာလဲ... အိမ်ပြန်မလာဘူးဆိုတော့ ဘယ်မှာရှိနေလဲ သိသင့်တယ်မဟုတ်ဘူးလား ဒါလေးမေးတာကို မင်းကောင်းကောင်းမဖြေတတ်ဘူးလား "
" ... "
" ဂျွန်ဂျောင်ဂု! "
" ဘားမှာ.. "
" ဘာလုပ်နေတာလဲ "
" ဘားမှာဘာလုပ်ရမှာလဲ အရက်သောက်နေတာပေါ့ "
" အေး အရက်သောက်တာ အိမ်ပြန်မလာတဲ့အထိလား သောက်ပြီးပြန်လာလေ ဘယ်အချိန်ရှိနေပြီလဲ မင်းဒီကိုပြန်လာမှာလား မင်းအိမ်မင်းပြန်လာမှာလား တစ်ခုပဲရွေး အဲမှာပဲရှိနေမယ်ဆို မင်းကိုအိမ်လှမ်းတိုင်မှာ "
" လုပ်လိုက် စိတ်မဝင်စားဘူး "
" ဂျွန်ဂျောင်ဂု! ဖုန်းချဖို့မကြိုးစားနဲ့ မင်းဘယ်လိုဖြစ်နေတာလဲ အကြောင်းအရင်းကဘာလဲ ဘာလို့အိမ်မပြန်ဘဲ ကလေကချေလုပ်ချင်နေရတာလဲ ပြန်လာခဲ့အခု "
" မပြန်ဘူး ကျွန်တော့်ဟာကျွန်တော် ဘာဖြစ်ဖြစ် ခင်ဗျားအပူတစ်ပြားသားမှမပါဘူး တိုင်ချင်တဲ့နေရာတိုင် "
" ဘာဖြစ်တယ်! မင်းဘာလို့ရိုင်းချင်နေရတာလဲ ငါမင်းကိုကောင်းကောင်းမေးနေတာမဟုတ်ဘူးလားအကြောင်းအရင်းမရှိဘဲ ဘာလို့အပြင်မှာနေချင်နေရတာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အကျင့်ပျက်နေတာ ပြန်လာခဲ့ငါစောင့်နေမယ် "
" ... "
" ဂျွန်ဂျောင်ဂု "
" မလာဘူး ခင်ဗျားဟာနေ စောင့်ချင်စောင့်မစောင့်ချင်နေ ဒါပဲ "
" ငါ့ဖုန်းကိုမချနဲ့! နေပါအုံး ဘာလို့ပြန်မလာချင်ရတာလဲ အကြောင်းပြချက်ငါ့ကိုပေး.. "
မေးတော့လည်း ပြန်မဖြေ။ သူဘာဖြစ်ချင်နေမှန်း နားမလည်တော့ဘူး။
" အကြောင်းအရင်းကလည်းမရှိဘဲနဲ့ သက်သက်အလေလိုက်ချင်နေတာ ပြန်လာခဲ့ ဘာလဲ ဂျူအွန်းနဲ့စကားများထားလို့လား "
" မဟုတ်ဘူး "
" အိမ်ကဆူထားလို့လား "
" မဟုတ်ဘူး "
" ရည်းစားနဲ့အဆင်မပြေလို့လား "
" မဟုတ်ပါဘူးဆို ဘာတွေလာမေးနေမှန်းလည်းမသိဘူး "
သူထိုမေးခွန်းကို မေးလိုက်ပြီးတော့မှ စိတ်လှုပ်ရှားနေသည်။ ဒါပေမဲ့ စိတ်မရှည်သလို ခပ်စူးစူးအသံလေးထွက်လာတော့မှ သူမသိမသာ သက်ပြင်းချလိုက်သည်။ ဘာအတွက်စိတ်လှုပ်ရှားပြီး ဘာအတွက်သက်ပြင်းချမိသွားလည်းသူမသိ။
" ဒါဆိုဘာလို့လဲ!.. ဘာလို့နေနေ ပြန်လာခဲ့တော့ "
" ... "
" ကြားလား "
" ... "
" ဂျွန်ဂျောင်ဂု "
" ဘာလို့အတင်းပြန်လာခိုင်းနေတာလဲ ကျွန်တော့်ဟာကျွန်တော် ဘယ်လိုနေနေ လာမပြောနဲ့ "
" ဂျောင်ဂု.. ပြန်လာမှာလား မလာဘူးလား "
" ... "
" မလာဘူးဆိုရင် ငါ့ရှေ့ဘယ်တော့မှပေါ်မလာခဲ့နဲ့ပြောမရတဲ့ကောင် ပြန်လာခဲ့အခု! "
ဆော့ဂျင်စိတ်တိုတိုနဲ့ အော်ပြောလိုက်ပြီး ဖုန်းချလိုက်တော့သည်။ ဘာလို့ဒီလောက်တောင် ပြောရခက်နေရတာလဲ။ ဘာအကြောင်းပြချက်မယ်မယ်ရရလည်း မရှိဘဲနဲ့ အလေလိုက်ချင်နေတာ။အရင်က အဲလိုမဟုတ်ဘဲ သူ့စကားကောင်းကောင်းနားထောင်သေးသည်။ နောက်ပိုင်း ပိုပိုရွဲ့လာသလိုပဲ.. သူပဲစိတ်ထင်လို့ပဲလား အရင်က အဲလောက်ပြောရမခက်တာကို..
ဒေါက် ဒေါက် ဒေါက် ဒေါက်
သူ့အခန်းတံခါးခေါက်သံကြမ်းကြမ်းကြောင့် အလုပ်စားပွဲမှ ထရပ်လိုက်ပြီး တံခါးထဖွင့်လိုက်သည်။သူတံခါးဖွင့်လိုက်တာနဲ့ ဂျောင်ဂုက သူ့ကိုတွန်းတိုက်သွားပြီး ယိုင်တိုင်တိုင်နဲ့ အခန်းထဲဝင်သွားသည်။
" ကိုယ့်အခန်းကိုယ်ပြန်လေ ဘယ်လောက်တောင် သောက်ထားရတာလဲ နံစော်နေပြီ.. မထိုင်နဲ့ ငါ့အိပ်ရာပေါ် "
သူတားလည်း နောက်ကျသွားပြီ။ ဂျောင်ဂုက ထိုင်ရုံမကဘဲ လှဲပါအိပ်ချပစ်လိုက်သည်။ သူအနားသွားလိုက်ပြီး ဂျောင်ဂုကို စူးစမ်းကြည့်လိုက်သည်။ ထိုကောင်က ခြေပစ်လက်ပစ်ကို သူ့အိပ်ရာပေါ် အိပ်နေသည်။
" ဘာလို့အဲလောက်သောက်လာရတာလဲ အချိန်အခါလည်းမဟုတ် ပြောစမ်း ငါ့ကိုဖုန်းထဲမှာ ဘယ်လိုပြောတာလဲမင်း "
သူသာတရစပ်တွေ မေးနေတာ ထိုကောင်က တုတ်တုတ်ပင်မလှုပ်။
" သွား အိပ်ချင်လည်း ကိုယ့်အခန်းကိုယ်ပြန်အိပ် ဂျွန်ဂျောင်ဂု "
နှိုးမရပြုမရ မအိပ်ပျော်ဘဲနဲ့ စကားလည်းပြန်မပြော။ဘာလို့ဒီလောက်ပြောရခက်နေရတာလဲ။ သူဂျောင်ဂုခြေရင်းမှာ ထိုင်ချလိုက်ပြီး မျက်လုံးတွေမှေးမှိတ်ထားတဲ့ဂျောင်ဂုကို ကြည့်လိုက်သည်။ ငါမင်းကိုဆွဲထိုးချင်နေပြီ သိရဲ့လား...
" ထတော့မင်း ငါအိပ်ချင်နေပြီ သွား ကိုယ့်အခန်းကိုယ်ပြန်တော့ "
" နားငြီးတယ် "
" ဘာပြောတယ် ထစမ်းမင်း- "
ဆော့ဂျင်သူ့ကိုဆွဲထူလိုက်ပေမဲ့ ဂျောင်ဂုက သူ့ကိုပြန်ဆွဲချလိုက်တော့ သူအိပ်ရာပေါ် ဘေးစောင်းပင် ကျသွားသည်။ ထိုအခါ ဂျောင်ဂုသည်လည်း သူ့ဘက် ဘေးစောင်းလှည့်လာသည်။
" ခင်ဗျားဘယ်အချိန်ပြန်ရောက်တာလဲ "
" ဘာလုပ်မလို့လဲ "
" ပျော်နေတယ်မလား "
" ဘာကို.. "
" အဲလိုအချိန်တွေမျိုးမှာကြတော့ အိမ်ထောင်ရှိတယ်တွေ မသင့်တော်တာတွေ သတိမရတော့ဘူးမလား တတ်လည်းတတ်နိုင်တယ် "
" ဘာတွေလာပြောနေတာလဲမင်းက ငါ့ဟာငါ ငါသူ့ငယ်ချင်းနဲ့ညစာထွက်စားတာ ဘာဖြစ်လို့လဲ "
" သူငယ်ချင်းဆိုတာရော ဟုတ်ရဲ့လား "
" ဘာဖြစ်တယ်! "
" ဟက် "
" ဘာဖြစ်နေတာလဲမင်းက ငါ့ကိုစောင်းချိတ်ပြီး ပြောနေစရာအကြောင်းမရှိဘူးနော် ငါ့ဟာငါဘယ်သူနဲ့ဘာဖြစ်ဖြစ် ဘယ်သွားသွား ငါကြိုက်တဲ့သူနဲ့ သွားလို့ရတယ် ငါသွားပိုင်ခွင့်ရှိတယ် "
" ဒါဆို ကျွန်တော်ကရော ကျွန်တော်နဲ့ကြတော့ ဘာလို့မရတာလဲ "
ရုတ်တရက်ဆောင့်အော်လာတော့ သူပြောလက်စကို ရပ်လိုက်ရသည်။ ဘာလို့သူက သူ့ကိုဒေါသဖြစ်နေရတာလဲ။
" ဘယ်သူနဲ့ဖြစ်ဖြစ်ဆို ကျွန်တော်ခင်ဗျားကိုဒီလောက်လိုက်ကပ်နေတာတောင် ဘာလို့ကျွန်တော်မဖြစ်နိုင်ရတာလဲ ဘာလို့ကျွန်တော်မဖြစ်နိုင်ရတာလဲလို့!!! "
" မင်းအသံတိုးစမ်း ဘယ်အချိန်ရှိနေပြီထင်နေလဲ "
" ဘာလဲ ကျွန်တော်နဲ့ကျတော့ ခင်ဗျားမိန်းမကြားမှာ စိုးနေတာလား ခင်ဗျားကောင်နဲ့ဒိတ်တော့ ဘယ်သူသိသိဂရုမစိုက်ဘူးဆို ခင်ဗျားအဲကောင်နဲ့တွဲနေပြီမလား "
ဖြန်း!
သူဒေါသထွက်ထွက်နဲ့ ဂျောင်ဂုကို ရိုက်ပစ်လိုက်သည်။ဘာလို့သူက ဒီလောက်ရိုင်းနေရတာလဲ စကားကိုဘယ်လိုတွေတောင် ပြောထွက်ရက်တာလဲ.. ဒါကသူနဲ့နှစ်ယောက်တည်း ရှိနေလို့သာပေါ့ ဂျယ်ယောင်းရှေ့မှာသာဆို ဘယ်လောက်မျက်နှာပူစရာကောင်းမလဲ။သူရှေ့မကြည့်နောက်မကြည့်ပြောပြီး စကားတွေနဲ့လူကိုစော်ကား၊အထင်သေးနေတာက သူ့သဝန်တိုလို့ပေါ့ ကိုယ်သဘောကျနေတဲ့သူ တခြားတစ်ယောက်နဲ့အတူရှိနေလို့ သဝန်တိုပြော ပြောတယ်ဆိုရင်တောင်ရွေးပြောလို့ရမဲ့ စကားတွေအများကြီးရှိတယ် ဒီလိုစော်ကားမော်ကားပြောနေမှ ချစ်တတ်တာမဟုတ်ဘူး။
" ဘာလဲ အထိနာသွားလို့လား "
ဒီလောက်တောင် အသိစိတ်ကမဝင်နိုင်သေးဘူး။သူ့ကိုခနဲ့တဲ့တဲ့နဲ့ ပြန်ကြည့်နေသေးသည်။ အစက သူရိုက်မိလိုက်တာ အားပါသွားလို့ အားနာနေမိသေးသည်။ သူကတော့ လူကို မဲ့ရွဲ့ဖို့လောက်ပဲ စိတ်ထဲရှိနေတာ..
" ဟုတ်တယ် ငါသူနဲ့တွဲနေတော့ရော ဘာဖြစ်လဲ မင်းဘာလုပ်မလို့ဘဲ "
" ခင်ဗျား! ... ဒါဆိုကျုပ်ကိုကြတော့ အိမ်ထောင်ရှိတယ်သမီးရှိတယ်ပြောတာ -ီးလုပ်တာလား အခုကရော ခင်ဗျားမယားက သေသွားလို့လား "
" ဂျွန်ဂျောင်ဂု! မင်းကိုမရိုင်းနဲ့လို့ ပြောနေတာကို ဘယ်လိုဖြစ်နေတာလဲမင်း သွား ငါ့အခန်းထဲကထွက် အရိုင်းအစိုင်းလိုကောင် "
" ခင်ဗျားခေါ်တာလေ! ဘာလို့မပြန်မချင်း အတင်းလာခေါ်နေလဲ! "
" မင်းကိုအပြင်မှာမနေစေချင်လို့လေ မင်းတခုခုဖြစ်ရင် ငါမင်းအိမ်ကို ဘယ်လိုပြောရမလဲ ဥက္ကဌဂျွန်ကို ဘယ်လိုမျက်နှာပြရမလဲ မင်းကဘာမှမသိဘူး လုပ်ချင်ရာလုပ် နေချင်သလိုနေနေတာ မင်းသဘောအတိုင်း နေချင်၊လုပ်ချင်နေရင် ငါ့ဆီမှာလာမနေနဲ့ သွား ပြန် "
" မပြန်ဘူး "
" ဂျွန်ဂျောင်ဂု မင်းအဲဒါကြောင့် ငါ့ကိုကလန်ကဆန်လာလုပ်နေတာလား မင်းကလေ ဦးနှောက်မရှိတဲ့သူလား ဟမ် ဦးနှောက်မရှိဘူးလားလို့ "
" မရှိဘူး နှလုံးသားပဲရှိတယ် "
ကောင်စုတ်လေး ရုပ်တည်ကြီးနဲ့ပြောနေတယ်။သူဂျယ်ယောင်းနဲ့အပြင်ထွက်တာကို စိတ်ကောက်ချင်နေတယ်။ ခါတိုင်းဆို သူကတကောက်ကောက်လိုက်နေလို့ ဒီတစ်ခါလိုက်ဖို့မပြောတော့ သူထူးဆန်းနေသေးတာ။ ဒါကြောင့် သူက လမ်းမှာတင် ဆင်းနေခဲ့မယ်ပြောတော့ သူဂျယ်ယောင်းကိုတောင်မေးလိုက်သေးတယ်။ အဲတုန်းက ဂျယ်ယောင်းက ပြုံးတုံ့တုံ့သာလုပ်နေတာ သေချာပါတယ် အဲဒီကောင် ဂျောင်ဂုကို တစ်ခုခုပြောလိုက်ပေမည်။ ဒိတ်တဲ့! ဒိတ်ဆိုပြီး သူ့ကိုအတင်းတွေ လာစွပ်စွဲပြီး ပေးစားနေကတည်းက ဂျယ်ယောင်းတခုခုပြောလိုက်ပြီ။ ဒီခွေးကောင်တော့ ကိုယ့်ဟာကိုယ်အေးဆေးမနေပါဘဲ သူ့ကိုပါပြဿနာပေးသွားသည်။
" ဦးကိုချစ်တာ ဦးနှောက်မလိုဘူး ကျွန်တော့်မှာဦးနှောက်မရှိလို့ ဦးဘယ်လိုနေနေ လိုက်ချစ်နေအုံးမှာပဲ ဦးဟာဦး ဘယ်သူနဲ့မှ ကြိုက်နေ ကြိုက်နေ.. "
အပြောကတော့ ကြွေချင်စရာ။ ချက်ချင်းပင်နူးညံ့တဲ့ကောင်လေးအဖြစ် ပြောင်းသွားပြီး အကြည့်တွေကလည်း သူ့ကိုသာ ခပ်ဆွေးဆွေးကြည့်နေသည်။ ရုတ်တရက် သူ့အကြည့်တွေက သူခုနကရိုက်လိုက်တဲ့နေရာ ရောက်သွားသည်။မျက်လုံးထောင့်နားထင်နားတွင် နီစပ်စပ်ဖြစ်နေတော့ သူအားပါသွားတာ သိလိုက်ပြီး အားနာစိတ်က ချက်ချင်းဝင်လာသည်။
" နာသွားလား "
သူထိုနေရာလေးကို ဖွဖွထိရင်း မေးလိုက်တော့ ဂျောင်ဂုက ပြန်မဖြေဘဲ သူ့ကိုသာကြည့်နေသည်။နာသွားမှာပဲကို သူမစဉ်းစားမိဘဲ မြန်သွားတဲ့လက်ကိုသာ အပြစ်တင်နေမိသည်။ ဘာမဟုတ်တာလေးနဲ့ လက်ပါစရာမလိုတာကို...
သူလက်ကို ပြန်ရုတ်မယ်လုပ်တော့ ဂျောင်ဂုကဖျတ်ခနဲပင် သူ့လက်ကိုလှမ်းကိုင်ကာ ဘေးစောင်းဖြစ်နေတဲ့သူ့ကိုယ်ကို ပက်လက်ဖြစ်စေပြီး သူ့အပေါ်အုပ်မိုးလာသည်။
" ဦး... ကျွန်တော်ချစ်တယ် ဦးကိုချစ်တယ် ဦးကိုချစ်တာသိလျက်နဲ့ ဘာလို့ကျွန်တော့်ကို လျစ်လျှူရှုနိုင်ရတာလဲလို့... ကျွန်တော့်မှာဘာချို့ယွင်းချက်ရှိနေလို့လဲ ဟင် ဦး ပြင်မယ်လေ ပြင်ပါ့မယ် ဦးမကြိုက်ရင် ပြင်ပါ့မယ်လို့ ကျေးဇူးပြုပြီး ကျေးဇူး.. "
" မငိုနဲ့နော်! မငိုစမ်းနဲ့ လူတစ်ယောက်မင်းကိုပြန်မကြိုက်တာနဲ့ ငိုစရာလား ဟမ်! "
" အဲကောင်က ကျွန်တော့်ထက်ဘာများကောင်းနေလို့လဲ သူကကျွန်တော့်ထက် ဘာများသာနေလို့လဲ ဘာလို့သူ့ကိုဆို အရေးပေးနေရတာလဲ ဘာလို့သူနဲ့ဒိတ်ရတာလဲလို့..!!! "
" ဂျွန်ဂျောင်ဂု.. မင်းမှာလည်း ငါ့အပြင်မင်းကစားနေတဲ့သူတွေရှိတယ်မလား ဘာလို့ငါ့ကိုပဲ လိုက်ဒုက္ခပေးနေတာလဲ ငါပြန်မကြိုက်တာနဲ့ မင်းအဲလောက်ငိုပြနေစရာမလိုဘူး မင်းမှာငါတစ်ယောက်တည်းရှိတာလည်းမဟုတ်.. ထစမ်း ငါ့ပေါ်က "
ဆော့ဂျင်သူ့ရင်ဘတ်ပေါ် ခေါင်းအပ်ပြီး ငိုနေတဲ့ကောင်ကို တွန်းဖယ်လိုက်သည်။ သူက သူ့ကိုပဲ အသည်းအသန်ချစ်ပြပြီး အသည်းခွဲခံလိုက်ရသလို ဇာတ်နာပြနေသည်။
" မဟုတ်ဘူး ကျွန်တော်ဘယ်သူ့ကိုမှမကြိုက်တော့ဘူး ဦးကိုပဲချစ်တာ ဦးတစ်ယောက်တည်းပဲ ရှိတော့တာကျွန်တော့်မှာ.. ကျွန်တော်တခြားသူတွေနဲ့ ဘယ်လောက်ပဲ တွဲခဲ့ပါစေ နောက်ဆုံး စိတ်ကဦးဆီပဲ ရောက်ရောက်လာတာမလို့ ကျွန်တော်တခြားသူတွေနဲ့လည်း မရှုပ်ဖြစ်တော့တာကြာပါပြီ တကယ်ပါ တကယ်ပြောတာပါ ဦး ...ကျွန်တော်တကယ်ပြောနေတာပါဆို "
" ဟုတ်ပြီ သိပြီ အခုငါ့ပေါ်က ဖယ်လို့ရမလား နောက်မှဆက်ပြောရအောင် မင်းလည်းမူးနေသေးတယ် "
" မမူးဘူး ကျွန်တော်မမူးဘူး ကျွန်တော်တကယ်ပြောနေတာဦးကိုချစ်တယ်လို့ ဦးကိုပဲချစ်တာ ဦး ဦး... "
" သိပြီ သိပြီလို့ ငိုတော့မငိုနဲ့တော့ ငါ့အင်္ကျီတွေလည်း စိုကုန်ပြီ မင်းဘာလို့ အဲလောက်အငိုသန်ရတာလဲ ဟမ် ကလေးလားမင်းက "
ဆော့ဂျင်ဂျောင်ဂုကို သူ့ပေါ်ကဖယ်လိုက်ပြီး ပြန်ထထိုင်လိုက်သည်။ သူ့ညအိပ်ဝတ်အင်္ကျီလေးဟာ ဂျောင်ဂုမျက်ရည်တွေဖြင့် စိုစွတ်ကုန်သည်။
" ထတော့ ကိုယ့်အခန်းကိုယ်ပြန်တော့ ငါလည်းအိပ်ချင်နေပြီ "
" ဦးနဲ့အတူအိပ်လို့မရဘူးလား နော် ကျွန်တော်မပြန်ချင်တော့ဘူး နော် ဦး ကျွန်တော်ငြိမ်ငြိမ်လေးပဲ အိပ်တတ်တာ နော် နော် ဦး "
" မရဘူး နံတယ် သွား ပြန်တော့ "
" နံရင်ရေသွားချိုးခဲ့မယ် "
သူဘာမှပြောဖို့ မမီလိုက်တော့ ဂျောင်ဂုကရေချိုးခန်းထဲ လစ်ခနဲပြေးဝင်သွားသည်။
ယောကျာ်းလေးနှစ်ယောက် အတူအိပ်တာပဲ ပေါ့ပေါ့ပါးပါးပေါ့ ဂျယ်ယောင်းနဲ့လည်း အတူအိပ်နေကြပဲကို ဘာမှကြီးကြီးကျယ်ကျယ် ဖြစ်သွားမှာမှမဟုတ်တာ။
ဆော့ဂျင်သူ့ရင်ဘတ်ကို တစ်ရှူးနဲ့နည်းနည်းသုတ်ပြီး အိပ်ရာပေါ်တက်ခဲ့သည်။ ခဏကြာတော့ ရေချိုးခန်းတံခါးဖွင့်သံကြားရသည်။ သူမျက်စိမှိတ်ထားလျက် အခန်းထဲကအနေအထားကို နားစွင့်နေသည်။ ရေချိုးခန်းတံခါးပိတ်သံကြားပြီးခဏတွင်ပင် ဂျောင်ဂုသူ့ဘေးနားရောက်လာသည်။
" ဦး အိပ်ပြီလား "
" မီးပိတ်လိုက်တော့မယ်နော် "
သူပြန်မဖြေပေမဲ့ ခဏတွင် ခလုတ်နှိပ်သံ ကြားလိုက်ရသည်။မီးပိတ်သွားပြီဆိုတော့မှ သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ထိုအခါ ဂျောင်ဂုက ဝင်မအိပ်သေးဘဲ အနားတွင်ထိုင်ပြီး သူ့ကိုကြည့်နေသည်။ သူမျက်လုံးဖွင့်လိုက်တာနဲ့ ဂျောင်ဂုကိုတန်းမြင်လိုက်ရတော့ မျက်မှောင်ကျုံ့ပစ်သည်။
" ဘာလုပ်နေတာလဲ မအိပ်သေးဘဲ "
" အိပ်ရမှာရင်ခုန်လို့ မအိပ်ခင် ဦးကိုကြည့်နေတာ "
" ငြိမ်ငြိမ်အိပ် ရုတ်ရုတ်ရုတ်ရုတ်လုပ်ရင် ကန်ချလိုက်မှာ အိပ်အခု "
" ဟုတ် "
အခုကြတော့လည်း ဂျောင်ဂုက ခုနတုန်းကတွေလို ပြောရမခက်ပြန်တော့။ အိပ်ဆိုတော့ တန်းအိပ်သွားပြီး စောင်ထဲဝင်လာသည်။ သူမျက်လုံးတွေပြန်မှိတ်လိုက်ပြီး အိပ်ဖို့ကြိုးစားလိုက်သည်။အချိန်ကလည်း မနည်းတော့ဘူး။
" စိတ်လှုပ်ရှားလိုက်တာ ဦးနဲ့အတူ တစ်ခုတင်တည်းအိပ်ရမယ်လို့ မတွေးထားဘူး ကျွန်တော်အခု စိတ်လှုပ်ရှားပြီး အိပ်မရတော့ဘူး "
" ဦး ဦးရောအိပ်ပြီလား "
" ဦးဆီကအနံ့လေးက ကောင်းလိုက်တာ အမြဲအတူအိပ်ရရင်ကောင်းမယ် ဦး ဦး နောက်နေ့တွေရော အတူအိပ်လို့ရလား "
" နားငြီးတယ် ပါးစပ်ပိတ်ပြီးအိပ် "
" ဟုတ်... ပျော်လို့ကို .. "
ဆော့ဂျင်နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ဒီကောင်လေးက စကားနားထောင်တဲ့အခါ ချစ်စရာကောင်းသလောက် သူ့ဟာသူစိတ်မကြည်လည်းဖြစ်နေရော ခင်ဗျားတွေ ကျုပ်တွေနဲ့။ သိသိလျက်နဲ့ဆိုးနေတာ အလိုလိုက်ပေးရင် ပိုဆိုးတယ်။ ဂျစ်တီးဂျစ်ကန်နဲ့။ မျက်နှာကောင်းပေးလို့မရဘူး။
ဆော့ဂျင်တစ်ဖက်စောင်းလိုက်ပြီး သူ့ကိုနောက်ကျောပေး အိပ်လိုက်သည်။
နောက်ထပ်စကားသံထပ်ပြီး ထွက်မလာတော့၍ လိမ်မာတယ်ချီးကျူးမယ်ရှိသေးတယ် ခြေထောက်အေးအေးတွေက သူ့ခြေထောက်ကို လာထိနေပြန်သည်။
သူပြန်လှည့်လာပြီး လှည့်ကြည့်လိုက်သည်။ ထိုအခါတွင်တော့ မျက်တောင်လေးပုတ်ခါပုတ်ခါနဲ့ ဆင်ခြေပေးသည်။ အေးလို့တဲ့။ သူလျစ်လျှူရှုထားလိုက်တော့ပြီး အိပ်ပျော်အောင်သာအိပ်ဖို့ မျက်လုံးကို ဖိမှိတ်ထားလိုက်တော့သည်။ ဘေးကမထိတထိလှုပ်ရှားနေတာတွေကို မသိသလိုသာနေလိုက်ပြီး အိပ်မက်ကမ္ဘာထဲ ရောက်ရှိလာခဲ့သည်။ ဒီနေ့သည်လည်း သူ့အတွက်အိပ်ပျော်ဖို့ ရှည်အကြာဆုံးရက်ပင်။
_________TBC
နောက်အပိုင်းကနည်းနည်း နည်းနည်း 🌚🌝🤧👀နည်းနည်းပေါ့ နည်းနည်းဆိုပေမဲ့ ရေးတုန်းကတွေးမိတာတော့ ဒီအပိုင်းကတော့ အချက်ပြသတိပေးရတော့မှာဆိုတာပဲလို့ နည်းနည်း ဆိုပေမဲ့ ဆိုပေမဲ့ အိုင်ဘာပြောချင်လည်း ဖတ်လိုက်ရင် သိသွားလိမ့်မယ် အဲချိန်ကျရင်အိုင့်လိုပဲ နည်းနည်း နည်းနည်းကလွဲရင် ဘာစကားမှထွက်မလာတော့ဘူး 🤧
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



