ep38
15:01, 2 December 2023မစ္စမာရင်းတို့အစီအစဉ်အတိုင်း ပွဲတော်ကို စည်စည်ကားကားကျင်းပခဲ့သည်။ မြို့တော်က လူကုံထံအားလုံးနီးပါးက ပွဲတော်ကို တက်ရောက်ပြီး ဂျွန်ဂျောင်ဂုအတွက် ချီးကျူးဂုဏ်ပြုပေးကြသည်။ စစ်တပ်က အရာရှိတွေတော်တော်များများလည်း တက်ရောက် ဂုဏ်ပြုကြသည်။ တာဝန်ချိန်မရှိတဲ့ တပ်သားတချို့ကလည်း သူတို့ဗိုလ်ကြီးအတွက် လာရောက်ဂုဏ်ပြုပေးခဲ့ကြကာ အချိန်အနည်းငယ်လောက် ပျော်ပါးစားသောက်ပြီးမှ ပြန်သွားကြသည်။
ပွဲတော်ချိန်မစခင် မနက်ကတည်းက အိမ်တော်ကလူတွေအားလုံးက ကိုယ်စီအလုပ်တွေဖြင့် ရှုပ်ထွေးနေကြသည်။ သူတို့သည်လည်း ဧည့်ခံဖို့ရာ အလုပ်များနေကြသည်။ အားလုံးတွင် ဧည့်သည်အသီးသီးရှိကြသည်။ ဆော့ဂျင်တွင် စီးပွားရေးလောကက လူကုံထံလူကြီးဧည့်သည်တွေ။ မစ္စမာရင်းတို့သားအမိတွင် မြို့တော်က ဂုဏ်သရေရှိအမျိုးသမီးတွေဖြင့်။
ဒီတစ်ခေါက်တွင်တော့ ဂျွန်ဂျောင်ဂုက အရင်လိုနှင့်မတူ အရင်လို မိန်းကလေးဧည့်သည်တွေနဲ့ ရှုပ်ထွေးမနေတော့ဘဲ သူ့အရာရှိဧည့်သည်တွေကို ဧည့်ခံရင်း သူနှင့်မလှမ်းမကမ်းတွင်သာ ရှိနေသည်။ ဒါပေမဲ့ မိန်းမပျိုလေးတွေကတော့ သူ့ကိုနှုတ်ဆက်ဖို့ ထက်ထက်သန်သန်ရှိနေကြတုန်းပါပဲ.. သူမြင်ရသလောက်တော့ မြို့တော်မှာ သူနှင့်မသိကျွမ်းတဲ့ မိန်းကလေးဆိုတာ မရှိ။ လာရောက်နှုတ်ဆက်လာကြတဲ့ မိန်းမပျိုတွေအားလုံးက သူ့ကိုမတွေ့ရတာကြာပြီဖြစ်ကြောင်း သူတို့ဆီလာမလည်တော့၍ စိမ်းကားနေပြီဖြစ်ကြောင်းနဲ့ လက်ဆောင်တွေရကြောင်း စသည့်ဖြင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုလာကြသည်။
ထိုအချိန်မျိုးဆို ဂျွန်ဂျောင်ဂုတစ်ယောက် ပခုံးတွေမြှောက်တက်ပြီး ဂုဏ်ယူလို့ရှိနေလိမ့်မည်။ သူပြောတယ်မလား ယောကျာ်းတွေရဲ့ ဂုဏ်ယူစရာကောင်းတဲ့အချက်မှာ မိန်းကလေးတွေကြားမှာ ဘယ်လောက်ရေပန်းစားလဲပါ ပါတယ်ဆိုတာ.. သူကတကယ်ပဲ ဂုဏ်ယူဖို့ရာလည်း ထိုက်တန်လွန်းနေပါပြီ။ သူ့ဘဝမှာ မိန်းကလေးတွေအတွက် ဘယ်လောက်အချိန်ပေးခဲ့လဲဆိုတာက သက်သေပါပဲ။ သူ့သက်တမ်းတစ်ဝက်လောက်က မိန်းမတွေနဲ့ပဲ ကုန်ဆုံးနေခဲ့တာလေ..
သူတို့အားလုံးထဲတွင် သူ့ဂျယ်နီတစ်ယောက်သာ တစ်ယောက်တည်းရှိနေပြီး မည်သူနဲ့မှ မရောသလို ခါတိုင်းလိုလည်း အပြင်အဆင်ကိုပင် ကောင်းကောင်းမပြင်ထား.. ဆော့ဂျင်နဲ့ဂျယ်နီ ဆက်ဆံရေးက မထူးခြားနားပါဘဲ.. ဂျယ်နီက အိမ်တော်မှာ နေရုံဆိုတယ်သာ တစ်နေကုန် မျက်နှာမြင်ဖို့ပင် ခဲယဉ်းသည်။ သူပြန်ပေးဆွဲခံရတဲ့နေ့ကသာ သူ့အတွက်စိတ်ပူပြီး အိမ်ကပ်နေတာ နောက်နေ့တွေတော့ ဒုံရင်းကဒုံရင်း မျက်နှာပင်မမြင်ရတော့။ ထိုနေ့ကတော့ သူ့ကိုအမှန်တကယ် စိတ်ပူသွားပုံပါပဲ ဒန်ကြောင့်ဖြစ်ရတယ်ဆိုပြီး ဒန်ကိုတောင် ရန်သွားရှာခဲ့သေးသည်ဟု ဒန်ကပြန်ပြောပြသေးသည်။ သူ့ညီမလေးက သူ့ကိုစိတ်ပူရှာတတ်သား.. သူဂျယ်နီ့ကို ပြန်ချော့ဖို့ ကြိုးစားနေပေမဲ့ ဂျယ်နီနဲ့က မျက်နှာချင်းဆိုင်တွေ့ဖို့ပင် ခဲယဉ်းနေ၍ စကားကောင်းကောင်းပင် မပြောရသေး.. သူ့ညီမလေးက သူပြန်ချော့လိုက်ရင် ကိုကို ကိုကိုဆိုပြီး လိမ္မာတဲ့ညီမလေး ပြန်ဖြစ်သွားအုံးမှာ။
အခုလည်း လိမ္မာနေပါတယ်လေ သူ့စကားကို အပြင်ပန်းကတော့ နားမထောင်သလို နေပေမဲ့ သူ့ကို ဒုက္ခရောက်အောင်တော့ ဘယ်တော့မှမလုပ်ပါဘူး။ ဂျယ်နီက ဟယ်လင်ထက်စာရင် အများကြီးတော်ပြီး လိမ္မာတယ် အနည်းဆုံးတော့ ဂျယ်နီ့မှာက မကောင်းတာမလုပ်ဖို့ ဆုံးမတတ်တဲ့ ကိုကိုတစ်ယောက်လုံး ရှိနေတာပဲလေ ဟုတ်တယ်မလား.. သူ့ညီမလေးက အထိန်းအကွပ်မဲ့နေတာမဟုတ်ဘူး။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်သာ ပါးစပ်ကနေ အတိုက်အခံလုပ်နေတာ တကယ်တမ်းလက်တွေ့မှာ သူ့စကားကို သေချာလေး နားဝင်ပါသည်။ ဂျွန်ဂျောင်ဂုနှင့် အရောမဝင်ဖို့ ပြောတုန်းကတောင် သူ့ကို မိုးလားကဲလားတွေ ပြောသွားပေမဲ့ တကယ်တမ်းမလုပ်ခဲ့ပါဘူး။ ဂျယ်နီတကယ်လုပ်မှာမဟုတ်ဘူးဆိုတာ သူသိတာပေါ့.. သူမသည်လည်း အစ်ကိုနဲ့ ယောကျာ်းတစ်ယောက်တည်းအတူပတ်သက်ရမှာမျိုး မလိုချင်ဘူးလေ..
ပြီးတော့.. ဂျယ်နီလည်း သိလောက်မှာပါ.. သူဂျွန်ဂျောင်ဂုနဲ့ အပေးအယူဆက်ဆံရေးကနေ စပြီးပတ်သက်ခဲ့ပေမဲ့ နောက်ပိုင်း ပြဿနာတွေဖြစ်ပြီး သူတို့ဆက်ဆံရေးက ပိုလို့ ခိုင်မြဲလာခဲ့တယ်ဆိုတာ .. သူ့ကို ဘယ်အချိန်ကစပြီး သံယောဇဉ်တွေ ခံစားချက်တွေ ပိုလာခဲ့မှန်း ဆော့ဂျင်ကိုယ်တိုင်ပင် မသိလိုက်ခဲ့ရ.. သူ့မှာ လူတစ်ယောက်ကို သဘောကျဖို့ ကန့်သတ်ချက်တွေ မထားခဲ့ပါဘူး။ ဘယ်လိုလူကိုမှ ချစ်ရမယ်၊ဘယ်လိုလူနဲ့တော့ လက်ထပ်ရမယ်မျိုး သတ်မှတ်ချက်တွေမရှိခဲ့။ ဒါပေမဲ့ သူသေချာပါတယ် သူထိုသတ်မှတ်ချက်တွေ မရှိခဲ့တာတောင် သူဒီလိုမျက်နှာများတဲ့ လူရှုပ်လူပွေမြွေပွေးလိုကောင်ကိုတော့ သဘောကျမိသွားလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ ခံစားချက်ဆိုတာက ဆန်းတော့ဆန်းကြယ်သား.. အမြင်မကြည်တဲ့သူကိုမှ လွန်ကဲတဲ့ခံစားချက်တွေနဲ့ သူ့စိတ်ကို လွှမ်းမိုးနိုင်ခဲ့သား..
ဆော့ဂျင် မိန်းကလေးတွေကြားတွင် ထင်းလျက်မြင်နေရတဲ့ ဂျွန်ဂျောင်ဂုကို လှမ်းကြည့်ရင်း ပါးပါးပြုံးမိသည်။ မိန်းမလှလေးတွေက သူနှင့် လိုလိုလားလားပင် စကားဖောင်ဖွဲ့ချင်နေကြသည်။ မိန်းမလှလေးတွေကြားမှာ သူ့ရုပ်ရည်က နှစ်လိုဖွယ်ကောင်းလောက်အောင် ထင်းလျက် ပေါ်လွင်နေတာပဲ။ ဒါကြောင့်လည်း မိန်းကလေးတွေက သူနဲ့ရင်းနှီးချင်ပြီး သူနဲ့သက်ဆိုင်သူဖြစ်ချင်နေကြတာပေါ့ မိန်းကလေးတွေကြားမှာ ရေပန်းစားလွန်းတာက သူ့အပြစ်လို့လည်း မဆိုသာဘူးမလား သူကကို လူတိုင်းလိုချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေတာမဟုတ်ဘူးလား.. နည်းနည်းတော့ ရိုင်းပေမဲ့ပေါ့..
" ဆော့ဂျင် "
ဆော့ဂျင် အတွေးလွန်နေတုန်း သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဦးစီးယွန်က သူ့နောက်နားလေးတွင် ရပ်နေသည်။
" ဦးစီးယွန်.. "
" ဦးစီးယွန်ရောက်လာပြီပဲ.. ဒင်းနဲ့ရင်းလေးရော ခေါ်မလာဘူးလား.. "
" သူတို့ကို တမင်ခေါ်မလာတာ သူတို့ပါလာရင် ဆော့ဂျင်အလုပ်ပိုနေအုံးမှာစိုးလို့လေ အခုတောင် အလုပ်တွေများနေတာပဲမလား "
" မဟုတ်တာ အလုပ်များလည်း ဂရုစိုက်ပေးရမှာပေါ့ မတွေ့ရတာ ဘယ်လောက်ကြာသွားပြီလဲ "
" ဟုတ်ပါရဲ့ သူတို့မင်းကို မျှော်နေကြတာ အိမ်အလည်လာဖို့ကို.. "
" အာ.. ကျွန်ုပ်.. "
" မရီး.. "
ဆော့ဂျင်ဦးစီးယွန်ကို အားနာစွာဖြင့် တစ်ခုခုပြန်ပြောဖို့ပြင်နေတုန်း သူ့ခါးပေါ်ရောက်လာတဲ့ လက်တစ်ဖက်နဲ့အတူ ဘေးတွင် ကပ်လျက် လာရပ်လာတဲ့ ဂျွန်ဂျောင်ဂုကြောင့် သူပြောလက်စရပ်သွားသည်။ သူဦးစီးယွန်ကို အားနာစွာကြည့်လိုက်ရင်း ခါးပေါ်ကလက်ကို ဖယ်ဖို့ပြင်လိုက်ပေမဲ့ နည်းနည်းမှ လှုပ်လို့မရဘူးဆိုတာ သိလိုက်သည်။ ထို့ကြောင့် သူလျစ်လျှူရှုထားလိုက်တော့ပြီး ဦးစီးယွန်ကိုသာ တစ်ခုခုပြန်ပြောဖို့ သူတို့ကြားက စကားအချိတ်အဆက်ကို မြန်မြန်စဉ်းစားလိုက်သည်။
" ဒီက ကျုပ်မရီးရဲ့မိတ်ဆွေ မြေတိုင်းဦးစီးမှူးထင်တယ် ထပ်တွေ့ပြန်ပြီ ကျုပ်ပွဲကိုလာပေးလို့ ကျေးဇူးတင်ပါတယ် "
ဂျွန်ဂျောင်ဂုက သူ့ကိုကျော်ပြီး ဦးစီးယွန်ကို စကားစလိုက်တဲ့အခါ သူဘေးကနေ ပြုံးနေဖို့သာ တတ်နိုင်တော့သည်။ ဦးစီးယွန်က သူ့ခါးပေါ်ကလက်ကို ကြည့်နေပေမဲ့ အနှောင့်အယှက်မဖြစ်သလို ပြန်နှုတ်ဆက်လာသည်။
" တာဝန်ထမ်းဆောင်ခွင့်ရလို့ ဂုဏ်ပြုပါတယ်ဗိုလ်မှူးဂျွန်.. တလောက ဓားပြတွေကို သုတ်သင်လိုက်နိုင်တယ်ဆိုတဲ့သတင်းလည်း ကြားမိပါတယ်.. တကယ်ကို အံ့ဩစရာကောင်းပါတယ် "
" ဒါပေါ့ ဒါက ကျုပ်အတွက် အသေးအမွှားကိစ္စပါပဲ ကျုပ်မရီးကို လာထိရဲတဲ့သူတွေကို ကျုပ်က ဒီလောက်တော့ ပြန်တုံ့ပြန်သင့်တာပေါ့ ဟုတ်တယ်မလား "
ဂျွန်ဂျောင်ဂုက ထိုသို့ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တော့ သူတို့ကြားတွင် ခဏမျှ ပြောစရာမဲ့သွားကြသည်။ ဂျွန်ဂျောင်ဂုက ဦးစီးယွန်ကို စိန်ခေါ်သလို ကြည့်နေပြီး ဦးစီးယွန်က သူ့ခါးပေါ်ကလက်ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ကာ ဆော့ဂျင်ဆီသို့ ပြန်ကြည့်လာသည်။ ဆော့ဂျင်ဦးစီးယွန်ကို ဖွဖွသာ ပြန်ပြုံးပြလိုက်သည်။
" ဦးစီးယွန်ကို ဧည့်ခံဖို့ ခေါ်သွားပေးပါ့မယ် "
သူထိုအခြေအနေကို ဖြိုခွင်းပစ်လိုက်ပြီး ဂျွန်ဂျောင်ဂုလက်တွေကိုလည်း ဖြုတ်ချပစ်လိုက်သည်။ အရူးကောင် လူကိုအနေရခက်အောင် လိုက်လုပ်နေတာ..
________________________________
" ကင်မ်ဂျယ်နီ ငါက အစကတော့ နင့်ကိုငါ့ပြိုင်ဘက်လို့ ထင်ထားတာ အခုတော့ ပြိုင်ဘက်က ပြောင်းသွားလိမ့်မယ်လို့ မထင်ထားဘူး နင့်အစ်ကိုက သခင်လေးကို အပိုင်ကြံချင်နေတာပဲ.. အစ်ကိုကိုကြံရင်း အစ်ကို့ဆီက ဘာမှမရလိုက်တော့ ညီကိုပြောင်းကြံ အရမ်းကို အရှက်မဲ့လွန်းနေတာမဟုတ်ဘူးလား ဒါကိုသာ တခြားလူတွေသိသွားရင် ငါတို့အိမ်တော်တော့ ခေါင်းတောင်ဖော်နိုင်တော့မယ် မထင်ဘူး အရှက်မဲ့လိုက်တာ "
ဂျယ်နီက ဘေးကနေလာပြောနေတဲ့ အင်ဟယ်လင်ရဲ့ သွေးထိုးစကားတွေကို လျစ်လျှူရှုထားလိုက်သည်။ ထိုစကားတွေကို ကြားရလည်း သူအရင်လို သွေးမဆူတတ်တော့ ဘာလို့များပါလိမ့်.. သူတွေးကြည့်ဖူးတယ် သူကိုကို့ကို အတိုက်အခံတွေလုပ်နေတာက ဘာမှအကျိုးမရှိဘူး။ ကိုကို့ကို စိတ်ပင်ပန်းစေချင်လို့ ဆိုပြီး အရင်က ကလန်ကဆန်တွေ လုပ်ခဲ့ပေမဲ့ နောက်ဆုံးရလာတာက ကိုကိုစိတ်ပင်ပန်းရရင် သူလည်းမပျော်ဘူးဆိုတာ သူသိလာခဲ့တယ်.. ကိုကိုစိတ်ပင်ပန်းတော့ သူဘာရမှာလဲ.. ကိုကိုနဲ့သူသာ ကြာလေ ပိုဝေးလာလေပဲ ခံစားမိတယ်.. ကိုကိုသခင်လေးဂျွန်ကို သဘောကျနေတယ်ဆိုတာ သူသိတယ် သူခံစားမိတယ်။ ကိုကိုနဲ့သခင်လေးဂျွန် ပြဿနာတွေတက်ကြတော့ ကိုကို့ဆီက တစ်ခါမှမမြင်ဖူးတဲ့ စိတ်ဓာတ်ကျမှုတွေကို မြင်တွေ့ခဲ့ရတယ်.. ကိုကိုအဲလိုတွေဖြစ်တော့ သူအနားမကပ်ရဲဘူး သူကိုကို့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲပင် မသိခဲ့ဘူး။
သူရှေ့ကမြင်ကွင်းကို မသုန်မမှိတ် ကြည့်နေမိသည်။ ကိုကိုနှင့်သခင်လေးဂျွန်.. ကိုကိုနှင့် သခင်လေးဂျွန်တို့ ဆက်ဆံရေးက ထင်ထားတာထက်ကို လေးနက်ပြီး ခိုင်မြဲနေသည်။ သူစသိလိုက်ရတဲ့ အချိန်တုန်းက မထင်ထားခဲ့ဘူး။ သခင်လေးဂျွန်လိုလူက ကိုကို့ကို စိတ်ဝင်စားနေလိမ့်မယ်လို့.. သူက ကိုကို့ကို အပြစ်ပြောချင်တာတော့ မဟုတ်ဘူး။ သခင်လေးဂျွန်ကသာ ကိုကို့ရည်ရွယ်ချက်တွေ၊ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်ကအကြောင်းအရာတွေကို သိလျက်နဲ့ ကိုကို့ကို စိတ်ဝင်စားမှုရှိနေခဲ့တယ်တဲ့။ ဒါပေမဲ့ ကိုကိုကိုယ်တိုင်ကလည်း အစတုန်းကတော့ အခက်အခဲတွေ ရှိခဲ့မည်ထင်တယ် သခင်လေးဂျွန်လိုပုံစံကလည်း ကိုကို့အကြိုက်မှ ဟုတ်မနေတာ.. ဒါပေမဲ့လည်း သခင်လေးဂျွန်လို ယောကျာ်းကို ဘယ်လိုလူက ငြင်းဆန်နိုင်လိမ့်မလဲ..ကိုကို့ကိုပဲကြည့်.. အမြဲတမ်း ခံစားချက်မရှိတဲ့လူလို့ ထင်ရပေမဲ့ အခုချိန်မှာ အသက်ဝင်နေတဲ့သူလို ကိုကို့အပြုံးတွေက ထင်ရှားနေသည်။
" နင်အားကျနေတယ်လို့တော့ မပြောနဲ့နော် အခုချိန်မှာ နင်က ဘယ်လောက်ရှုံးနေပြီဖြစ်တဲ့ အရှုံးသမားဖြစ်နေပြီလဲ ဝန်ကြီးချုပ်တုန်းက ဒဏ်ရာတွေ ပြန်မပေါ်လာဘူးလား နင့်အစ်ကိုကလည်း မထင်ရဘူးနော် မောင်နှမအချင်းချင်းတောင် ဖြတ်ခုတ်သွားသေးတယ် ကြည့်ရတာ နင့်အစ်ကိုက နင့်ထက်ဆွဲဆောင်မှုရှိလို့ဖြစ်မယ် သခင်လေးက နင့်အစ်ကိုဘက် ပါသွားတာ "
" အင်ဟယ်လင် နင့်ကိုယ်နင်သာ စိတ်ပူစမ်းပါ နင်ကမှ အရှက်အကြီးကြီးကွဲမှာ မဟုတ်ဘူးလား နင်လိုချင်နေတဲ့ ယောကျာ်းနှစ်ယောက်လုံးက ငါ့အစ်ကိုကိုပဲ လိုချင်ကြတယ်ဆိုတဲ့ ခံစားချက်ကြီး နင်ခံစားကြည့်စမ်း ပထမတစ်ကြိမ်ထက်တောင် ခံစားလို့ကောင်းတယ်မလား ငါတော့ နင်ခံစားရမှာနဲ့တင် ငါ့ခံစားချက်ကောင်းနေပြီ "
" သခင်လေးလိုလူက နင်တို့လိုမျိုးရိုးကသူတွေကို အတည်ကြံမယ်ထင်နေလား အိပ်မက်မက်မနေနဲ့ ဘယ်တော့မှ ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး "
ဂျယ်နီပခုံးသာ တွန့်ပြလိုက်သည်။ အင်ဟယ်လင်ပြောတာတွေက ဘယ်လိုမှမနေဘူး။ သူအမှားအမှန်ကို ခွဲခြားတတ်နေပြီ။ သွေးထိုးစကားတွေနဲ့ သူ့ကိုဘယ်လိုမှ နာအောင်မလုပ်နိုင်တော့ဘူးဆိုတာက သေချာသည်ထက် သေချာသွားပြီ။
" ကင်မ်ဂျယ်နီ နင်ကဘာလို့ လွယ်လွယ်လက်လျှော့လိုက်ရတာလဲ ပြိုင်ဖို့မကောင်းအောင်.. အခုထိ ပြိုင်ပွဲက မပြီးသေးဘူး နင်အခုချိန်မှာ အရှုံးပေးလိုက်ရင် နင်ငါ့ကိုရှုံးပြီ။ ငါကတော့ နင့်ကို အနိုင်ရလိုက်ပြီမလို့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ပဲ ကျန်တော့တယ် ငါတော့ ငါ့ပြိုင်ဘက်က ဘယ်သူနေနေ ငါအရှုံးမပေးနိုင်ဘူး ဘယ်လိုနည်းလမ်းပါ့ သုံးရသုံးရ ငါရအောင်အနိုင်ယူမှာ.. "
ပျော့ညံ့ပြီး သူ့အမေမှမပါရင် လေသံတောင် ကျယ်ကျယ်မထွက်ရဲတဲ့ အင်ဟယ်လင်လို ကုတ်ကမြင်းကောင်မက မာမာထန်ထန် ကြုံးဝါးနေတော့ သူခဏမျှ တွေးမိသွားသည်။ အင်ဟယ်လင်တို့သားအမိက မကောင်းတဲ့အကြံတွေနဲ့ပြည့်နှက်နေတာ ယုတ်မာဖို့ဆို နှစ်ခါတောင် ပြန်မစဉ်းစားတတ်ကြဘူး။ သူနဲ့ဟယ်လင်နဲ့ကွာတာ ထိုအချက်တွေပဲ သူကတော့ တစ်ခါမှ ပြိုင်ဆိုင်ဖို့အတွက်နဲ့ ကောက်ကျစ်တဲ့အကြံဉာဏ်တွေ ထုတ်မသုံးဖူးသလို လိုလည်းမလိုအပ်ဘူးလေ.. သူက ဆိုးချင်ဆိုးမယ် ရိုင်းချင်ရိုင်းမယ် ဒါပေမဲ့ ဘယ်သူ့အပေါ်မှာမှ မယုတ်မာဖူးဘူး ယုတ်မာဖို့ အတွေးတောင်မဝင်ခဲ့ဖူးဘူး ထိုသားအမိကတော့ မတူဘူး။ အမြဲ မကောင်းတဲ့ အကြံဉာဏ်တွေနဲ့ ပြည့်နှက်နေတာ .. အခုလည်း ကိုကိုနဲ့သခင်လေးဂျွန်တို့ကို ကြည့်ရင်း မရှုဆိတ်ဖြစ်ကာ အံတကြိတ်ကြိတ်ဖြစ်နေသည်။ သူအင်ဟယ်လင်မျက်နှာကို အကဲခတ်ရင်း ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။
" နင်ကငါ့ကိုနိုင်တယ် ဟာသပဲ နင်ကသာ အိပ်မက်မက်နေတာမဟုတ်ဘူးလား နိုးထလိုက်စမ်းပါ နင်ငါ့ကိုနိုင်သွားတယ်ဆိုတာ အိပ်မက်ထဲမှာတောင် မရှ်ိခဲ့ဘူး ဟက် "
" ဒါဆို ငါတို့ ငါတို့ချင်း မျှမျှတတ ပြိုင်ကြည့်ကြမလား.. နင်နဲ့ငါဆို သခင်လေးက ဘယ်သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်မလဲ ငါကတော့ ယုံကြည်ချက်ရှိတယ်နော် "
ဟယ်လင်ကသူ့မျက်လုံးတွေထဲ ထိုးဖောက်ကြည့်လာပြီး စိန်ခေါ်သလိုပြောလာတော့ သူအကြောမပေးချင်။ သူနှင့်ဟယ်လင် အရာအားလုံးကို ပြိုင်ဆိုင်လာခဲ့တာ.. ပြိုင်ဆိုင်ကြဖို့ တစ်ယောက်ယောက်ကမှ မတွန့်ဆုတ်ခဲ့ကြဖူးဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တွင်တော့ သူသတိကြီးကြီးထားရမည်။ အင်ဟယ်လင်မျက်လုံးတွေမှာ မရိုးသားမှုတွေ ရှိနေသည်။
" နင်ကဘယ်လိုလုပ်ချင်လို့လဲ နင်ပြောကြည့် နင်ပြောတာ နားထောင်ကြည့်ပြီးမှ ပြိုင်သင့်မပြိုင်သင့် ငါစဉ်းစားမယ် "
" ငါနဲ့ပြိုင်ဖို့ကို စဉ်းစားနေကတည်းက နင်ကြောက်နေပြီဆိုတာ ဝန်ခံလိုက် "
" အင်ဟယ်လင် ငါကနင့်ကို ကြောက်တယ်ဆိုတာ ဟာသပဲ နင်ပြိုင်ချင်တဲ့ဟာသာ ပြောစမ်းပါ ငါနင့်ကို ဘယ်တော့မှမရှုံးဘူး "
" ဟက် ကြည့်ကြသေးတာပေါ့.. ငါတို့သခင်လေးဂျွန်ကို ပြန်ချဉ်းကပ်ကြမယ် ဂျယ်နီ သခင်လေးက ငါတို့နှစ်ယောက်လုံးကို မျက်နှာသာမပေးတော့တာ နင်သိပါတယ်နော် ငါ့ကိုတော့ သခင်လေးက ဟိုတစ်ခါက ကိစ္စနဲ့ပတ်သက်ပြီး ငါတို့စိမ်းသွားကြတာ နင့်ကိုလည်း နင့်အစ်ကိုကြောင့်လို့ပဲ ငါထင်တာပဲ.. ဒါပေမဲ့ နင်ကြည့် အခုတခြားမိန်းကလေးတွေနဲ့ အကုန်လုံးနဲ့အဆင်ပြေနေတယ် ငါတို့ကလွဲလို့ မြင်လား.. "
" နင်ဘာပြောချင်တာလဲ "
" ငါဆိုလိုတာက ငါတို့နှစ်ယောက်နဲ့ ကင်းကင်းနေနေတာ နင့်အစ်ကိုစနက်ကြောင့်လို့ နင်မထင်ဘူးလား တခြားမိန်းကလေးတွေနဲ့ ပတ်သက်ချင်ရင်တောင် ငါတို့နှစ်ယောက်တော့ မဖြစ်ဘူးလို့ ကတိခံထားတာ ဖြစ်နိုင်တယ် "
ဂျယ်နီဒါကိုသိသည်။ ကိုကိုသူ့ကို သခင်လေးဂျွန်နဲ့ မပတ်သက်ခိုင်းချင်တဲ့ ရည်ရွယ်ချက်ကိုတော့ သူကောင်းကောင်းသိသည်။ ယောကျာ်းတစ်ယောက်ကို မောင်နှမနှစ်ယောက်အတူပတ်သက်ရတာက ရှက်ဖို့ကောင်းသည်။ သူကိုယ်တိုင်ကလည်း အဲလိုက ရှက်ဖို့ကောင်းတယ်ဆိုတာသိပေမဲ့ ကိုကို့ကို အရွဲ့တိုက်ချင်နေခဲ့၍ ကိုကိုစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပစ်ဖို့ ပြောခဲ့ပေမဲ့ ကိုကိုသခင်လေးဂျွန်အပေါ် ခံစားချက်တွေ မြင်နေရတဲ့အခါ သူလုပ်ချင်စိတ် မရှိတော့ဘူး။ အင်ဟယ်လင်ကိုကတော့ အန္တရာယ်များလို့ ကြိုရှောင်ခိုင်းထားတာ ဖြစ်လိမ့်မယ်။ သူမကလည်း ဟယ်လင်နဲ့သာ ပတ်သက်မနေရင် သူမလည်း သခင်လေးဂျွန်ကို ပတ်သက်ချင်တော့မှာမဟုတ်တာ ကိုကိုသိပုံပါပဲ..
" အဲတော့.. နင်ဘာလုပ်ချင်တာလဲ "
" အရင်တုန်းက သခင်လေးက ငါတို့နှစ်ယောက်လုံးနဲ့ ဆက်ဆံရေးကောင်းခဲ့တာ နင်သိပါတယ် ငါ့ကိုဆိုလည်း လက်ဆောင်တွေပါပေးပြီး ငါတို့အတူသွား အတူလာတွေအထိပါ ရင်းနှီးခဲ့ပြီးသား.. နင်လည်းအဲလိုပါပဲ နင်နဲ့သခင်လေးလည်း ဆက်ဆံရေးက ကောင်းပြီးသားပဲ နင့်အစ်ကို ဝင်နှောင့်လို့သာ..အဲတော့ ဒီနေ့ပဲဖြစ်ဖြစ် ငါတို့ကံကြမ္မာကို စမ်းသပ်ကြည့်ကြမလား.. သခင်လေးက ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူ့ကိုပိုမျက်နှာသာပေးလဲဆိုတာ စမ်းကြည့်ချင်လား.. "
" ကောင်းပြီလေ "
သူပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။ အင်ဟယ်လင်သူ့ကို အတင်းစိတ်ပါလာအောင် သွေးထိုးပြောနေတာ သိပေမဲ့ သူသဘောတူလိုက်သည်။ သူလက်ခံလိုက်တာ သူ့ဆီမှာ သခင်လေးဂျွန်နဲ့ပတ်သက်ပြီး ခံစားချက်တွေ ရှိနေလို့တော့မဟုတ်ဘူး။ အစကတည်းက သခင်လေးဂျွန်နဲ့ပတ်သက်ပြီး ခံစားချက်များများစားစားမရှိပါဘူး။ အင်ဟယ်လင်နဲ့ကိုကိုကြောင့်သာ သူသခင်လေးဂျွန်ကို ပတ်သက်ချင်စိတ် ဖြစ်မိတာ.. အင်ဟယ်လင်သာ သူနဲ့ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့ရင် သူဘယ်တော့မှ တွန့်ဆုတ်နေမှာမဟုတ်ဘူး။
____________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



