Fanfics

ep37

16:04, 29 November 2023

" သခင်လေးဂျွန် သခင်လေးနဲ့ စကားခဏလောက်ပြောချင်လို့ပါ "

ဆော့ဂျင်နှင့်ဂျွန်ဂျောင်ဂု အပေါ်ထပ်ဆီက လေသာဆောင်တွင် လက်ဖက်ရည်သောက်လျက် ရှိနေကြတုန်း မစ္စမာရင်းက သူတို့ရှိရာနား ရောက်လာပြီး ရိုရိုကျိုးကျိုးနဲ့ ခွင့်တောင်းလာသည်။  မစ္စမာရင်းက ဘာအကြောင်းပြောချင်လဲဆိုတာကိုတော့ သူမခန့်မှန်းတတ်။ ပုံစံကတော့ အရေးကြီးကိစ္စ ပြောဆိုချင်ဟန်ဖြစ်နေပြီး တော်တော်လေးလည်း ရိုကျိုးနေပုံပေါ်တာကြောင့် သူပင် အံ့အားသင့်နေမိသည်။ ‌ဒါပေမဲ့ ထိုပုံစံက သူ့အပေါ်တော့ သက်ရောက်မှုမရှိပါဘူး။ ဂျွန်ဂျောင်ဂုပေါ်ကိုတော့ ရိုကျိုးပုံပေါ်နေပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့ကိုတော့ မလိုသလိုသာ ကြည့်နေသည်။ သူနှင့်ဂျွန်ဂျောင်ဂုက တစ်နေကုန် အိမ်မှာလည်းမရှိသလို အိမ်ပြန်ရောက်တော့လည်း တစ်ပူးတစ်တွဲရှ်ိနေကြတာမလို့ အမြင်မကြည်ဖြစ်လို့နေပြီထင်ပါရဲ့..

" အန်တီမာရင်း ဘာပြောချင်လို့လဲ "

ဂျွန်ဂျောင်ဂုက မစ္စမာရင်းကို နေရာချပေးပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ခပ်အေးအေးမေးလိုက်သည်။

" အန်တီမာရင်းသခင်လေးကို မနက်ကကိစ္စအတွက် တောင်းပန်ချင်လို့ပါ "

မစ္စမာရင်းက ဂျွန်ဂျောင်ဂုကိုပြောနေပေမဲ့ အကြည့်တွေက သူ့ကို မလိုဟန်ကြည့်နေသည်။ မစ္စမာရင်း သူ့ကို ထသွားစေချင်တာဖြစ်ပေမဲ့ သူမသိချင်ယောင် ဆောင်နေလိုက်ပြီး မနက်ကကိစ္စဆိုတာကို ခန့်မှန်းလိုက်သည်။ လက်ထောက်ကိန်းဝပ်နဲ့ဖြစ်တဲ့ကိစ္စကို ‌ပြောချင်တာလား .. သူထိုကိစ္စကို အကြမ်းဖျင်းပြန်ကြားပြီးသွားပြီ။ ဂျွန်ဂျောင်ဂုက ထိုအတွက်အိမ်တော်ကို ရောက်လာခဲ့တာဖြစ်ပြီး ထိုသားအမိနဲ့ လက်ထောက်ကိန်းဝပ်ကို ထိပ်တိုက်တွေ့စေပြီး ပြဿနာကို ဖြေရှင်းလိုက်တာဖြစ်သည်။ ဒါကြောင့် မနက်က သူနိုးလာတော့ ထိုသားအမိအရိပ်အယောင်ပင် မတွေ့ရတာ။ ခါတိုင်းလိုသာဆိုလျှင် ဟယ်လင်တစ်ယောက် ဂျွန်ဂျောင်ဂုနား ဝဲလျှက်မခွာ ရှိနေလိမ့်မည်။ ဒါကြောင့် သူတွေးနေတာ ဟယ်လင်တစ်ယောက် ရောက်မလာတာ ထူးဆန်းပါတယ်လို့.. သူတို့အဆူခံထားရလို့ကိုး.. အဲတော့ တကယ်ပဲ အဲဒီကိစ္စကို တောင်းပန်ချင်တယ်ပေါ့လေ.. 

" တောင်းပန်ချင်တာဆိုတော့ ဒီမှာလည်းမရီးက ရှိနေတယ်ဆိုတော့ အဆင်သင့်ဖြစ်သွားတာပေါ့ အန်တီမာရင်း ပြောလိုက်ပါ "

ဂျွန်ဂျောင်ဂုက သူ့ဘက်တစ်ချက်ကြည့်ရင်း ထိုကဲ့သို့ပြောလိုက်တော့ မစ္စမာရင်း မျက်နှာမသာမယာ ဖြစ်သွားသည်။ ဆော့ဂျင်မျက်ခုံးပင့်ရင်း ပြန်ကြည့်လိုက်သည်။ မစ္စမာရင်းက သူ့ကိုတောင်းပန်မယ်ဆိုတော့ သူရယ်ချင်တာပေါ့ မစ္စမာရင်းတို့သားအမိ သူ့ကိုတောင်းပန်မယ်ဆိုတာကို သူပုံဖော်လို့ပင် မရဖူးဘူး။ သူအိမ်တော်စရောက်ကတည်းက ဒီသားအမိရဲ့ စော်ကားမော်ကား ပြောလာသမျှ ဒီနေ့မှာတော့ မမျှော်လင့်ထားတဲ့ တောင်းပန်စကား ကြားရတော့မယ်ဆိုတော့ မျှော်လင့်မိသား..

" အဲနေ့ကကိစ္စအတွက် မဒမ်စိတ်အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင် တောင်း တောင်းပန်ပါတယ် "

မစ္စမာရင်းက မသာမယာမျက်နှာနှင့် သူနဲ့ဂျွန်ဂျောင်ဂုကို တစ်လှည့်စီကြည့်နေပြီး မလွဲသာလို့ ခက်ခက်ခဲခဲပြောလိုက်ရတဲ့ လေသံမျိုးနဲ့ ဖျစ်ညစ်ထွက်လာသည်။ သူရယ်ချင်ပေမဲ့ မရယ်လိုက်တော့ပါဘူး။ ဘာပဲပြောပြော ဒီတောင်းပန်စကားက စိတ်ထဲကမပါဘဲ ဝတ်ကျေတန်းကျေပြောနေတာ သိပေမဲ့ အဲလိုပြောဖို့တောင် ဘယ်လောက်အားထုတ်ပြီး ပြောရလေမလဲဆိုတာ မြင်နေရတာမလို့ သူဒီပုံရိပ်တွေကို ကောင်းကောင်းပင် မှတ်တမ်းတင်ထားသင့်သည်။

ဆော့ဂျင် ထိုတောင်းပန်စကားကို မည်သို့မျှ ပြန်မတုံ့ပြန်လိုက်။ မစ္စမာရင်းသည်လည်း သူ့ဆီကတုံ့ပြန်စကားပြန်ရဖို့ မျှော်လင့်မနေပါဘူး သူက မြန်မြန်ဆန်ဆန်ပင် တခြားအကြောင်းအရာဆီ စကားလမ်းကြောင်း လွဲသွားလိုက်သည်။

" သခင်လေးကိုလည်း အန်တီမာရင်းက တောင်းပန်ပါတယ်ကွယ် အဲအတွက်နဲ့ သခင်လေးစိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုရင် အန်တီမာရင်းက အနူးအညွတ်တောင်းပန်ချင်ပါတယ် သခင်လေးရဲ့လက်ထောက်က မဒမ့်အတွက် အလုပ်ပေးဖို့ လွှတ်လိုက်တယ်ဆိုတာ အန်တီတို့က တကယ်မသိတာပါ။ ဟယ်လင်လေးကိုလည်း ခွင့်လွှတ်ပေးပါ ဟယ်လင်လေးက သခင်လေးဆီက အဆူခံလိုက်ရလို့ ဝမ်းနည်းနေရှာတာ အန်တီတို့သားအမိက သခင်လေးကိုပဲ အားကိုးပြီးနေနေတာ သခင်လေးအသိဆုံးပါ  အန်တီနဲ့ဟယ်လင်မှာ အားကိုးစရာဆိုလို့ သခင်လေးပဲရှိတာပါကွယ် သခင်လေးဆီက အခုလိုမျိုး သူစိမ်းဆန်ဆန်ဆက်ဆံခံလိုက်ရတော့ အန်တီလည်းစိတ်မကောင်းဘူးကွယ် အန်တီတို့မှားတာရှိရင် တောင်းပန်ပါတယ်ကွယ် "

မစ္စမာရင်းပုံစံက အရမ်းကို သနားစရာကောင်းလွန်းနေသည်။ စိတ်ရင်းနဲ့ အမှားကို သိလို့ တောင်းပန်ချင်တာထက် ဂျွန်ဂျောင်ဂုသူတို့ကိုပစ်ပယ်သွားမှာကို စိုးရိမ်နေတာဖြစ်သည်။ ဂျွန်ဂျောင်ဂုနဲ့ရန်သူလုပ်မိရင် ကောင်းကျိုးမရှိနိုင်ဘူး‌ဆိုတာကိုတော့ သေချာသိပုံပါပဲ..

" အမှားကိုသိလို့ တောင်းပန်တာကို လက်ခံပါတယ် နောက်တစ်ခါမဖြစ်ရအောင် ဆင်ခြင်ပေါ့ ကျုပ်က အန်တီမာရင်းတို့ကို အပြစ်တင်ချင်လို့မဟုတ်ဘူး ကျုပ်ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး အားလုံးကို မျှမျှတတပဲ ဖြစ်စေချင်တယ် ကျုပ်အလုပ်သမားက မှားခဲ့တယ်ဆိုရင်လည်း ကျုပ်ကအပြစ်ပေးမှာပဲ တကယ်လို့.. မရီးက မှားနေတယ်ဆိုရင်လည်း ကျုပ်က သေသေချာချာ အပြစ်ပေးမှာပါပဲ..ကျုပ်ရဲ့သဘောတရားကို နားလည်နိုင်ဖို့ မျှော်လင့်ပါတယ် "

သူက ဆော့ဂျင်အကြောင်းပြောလာတဲ့အခါ ဆော့ဂျင်ဘက်ကို ကြည့်လာပြီး ထို'သေသေချာချာ' ဆိုတဲ့နေရာကို တမင်ဖိပြောရင်း သူ့ကို မရိုးမသားကြည့်နေသည်။ ဆော့ဂျင်သူ့ကို မျက်ထောင့်ကပ်ကြည့်လိုက်ပြီး အကြည့်လွဲလိုက်သည်။

" အန်တီမာရင်းနားလည်ပါတယ်ကွယ် သခင်လေးဂျွန် အခုလိုသဘောထားကြီးပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးက အန်တီတို့လေးစားအားထားရတဲ့သူပါ သခင်လေးရဲ့ စကားတိုင်းကို အန်တီတို့က အလေးထားပါတယ် အန်တီတို့ကို ပစ်မထားပါနဲ့ကွယ် အန်တီနဲ့ဟယ်လင်က သခင်လေးကို အားကိုးပြီး နေနေရတာပါကွယ့်အန်တီတို့သားအမိကို ပစ်မထားပါနဲ့ "

" အန်တီမာရင်း ကျုပ်က အိမ်တော်ရဲ့အရှင်သခင်ပါ အားလုံးကိုစောင့်ရှောက်ဖို့ ကျုပ်မှာတာဝန်ရှိပါတယ် ကျုပ်ဘယ်သူ့ကိုမှ ပစ်ပယ်ထားမှာ မဟုတ်ပါဘူး အဲအတွက် စိတ်မပူပါနဲ့ "

" သခင်လေးရဲ့သဘောထားကို သိရပြီမလို့ အန်တီစိတ်အေးရပါပြီကွယ် "

မစ္စမာရင်းက မျက်ရည်တစမ်းစမ်းနှင့်သိပ်ကိုသနားစရာ ကောင်းလွန်းနေတော့ သူပင်မကြည့်နိုင်တော့။ ကြည့်နေရင်း ရယ်မိတော့မှာစိုးလို့ အကြည့်လွဲလိုက်ရသည်။ ဘာလို့များ စိတ်ထဲမှာမရှိတဲ့ အပေါ်ယံစကားတွေကို မျက်နှာတစ်ချက်မပျက်ဘဲ ပြောနိုင်ရတာလဲ။ ထိုသို့ရိုကျိုးနေတယ်ဆိုတာတွေက အပိုတွေ စိတ်ရင်းအမှန်ကိုပင် ရှာလို့မတွေ့။ သူတို့က သူတို့အမှားသူတို့သိလို့‌ဆိုတာထက် ဂျွန်ဂျောင်ဂုနှင့်မဆန့်ကျင်ရဲလို့သာ အခုလို သနားပိုအောင် တောင်းပန်ပြနေတာ ဖြစ်သည်။ ဒါကို သူရော ဂျွန်ဂျောင်ဂုရောက အရှင်းသားမြင်နေရပြီးသား..

" အခုလို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးတာကို ကျေးဇူးတင်ပါတယ် သခင်လေးက အိမ်တော်အတွက် ကြည့်ရှုစောင်မပေးနေတာကို သိလိုက်ရတော့ ကျွန်မတို့က သခင်လေးတာဝန်ထမ်းဆောင်ခွင့်ရတဲ့အထိမ်းအမှတ် ဂုဏ်ပြုပွဲလေးတောင် လုပ်ပေးခွင့်မရလိုက်လို့ စိတ်မကောင်းပိုဖြစ်မိတယ် အိမ်တော်ရဲ့အိမ်ကြီးရှင်ကို ပွဲတော်လေးတစ်ခုတောင် မစီစဉ်ပေးနိုင်ခဲ့ဘူး။ သခင်လေး အခုပဲဖြစ်ဖြစ် ခွင့်ပြုရင် ကျွန်မတို့က သခင်လေးရဲ့ကြင်နာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂုဏ်ပြုပွဲလေး စီစဉ်ပေးဖို့ အခွင့်အရေးပေးပါ ကျွန်မတို့ အကောင်းဆုံးတာဝန်ကျေပါရစေ "

" ဂု‌ဏ်ပြုပွဲ.. "

" ဟုတ်ပါတယ် အိမ်တော်က သခင်လေးအတွက် အရင်တည်းက စီစဉ်ထားခဲ့တာ သခင်လေးတာဝန်ထမ်းဆောင်ခွင့်ရတဲ့အချိန်ကြရင် တခမ်းတနားဂုဏ်ပြု‌ပွဲလေး ကျင်းပပေးမယ်ဆိုပြီး..အခုတော့ သခင်လေးတာဝန်ထမ်းဆောင်ရက်က ရုတ်တရက်ဖြစ်သွားလို့ ဘာပွဲမှ မစီစဉ်ပေးလိုက်ရဘူးလေ အဲဒါ သခင်လေးဘယ်လိုသဘောရလဲ "

ဒီလိုအရှုပ်အထွေးတွေ ကြားထဲကကို ပွဲတော်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ မစ္စမာရင်းကို သူနားမလည်နိုင်တော့။ အိမ်တော်က ဝင်ငွေတွေနဲ့ပဲ အားလုံးစီစဉ်ရမှာကို ဘာကိုတာဝန်ကျေချင်နေတာလဲ.. ပြီးရင် အလုပ်မအားတဲ့ကြားက သူကပဲ အစအဆုံးလုပ်ပေးရအုံးမည်။

" ပွဲတော်က.. ကောင်းသားပဲ အန်တီမာရင်းတို့ အလုပ်မများဘူးထင်ရင် သဘောကျစီစဉ်ပါ "

" သခင်လေးသဘောတူရင် အန်တီမြန်မြန်ပဲ စီစဉ်လိုက်ပါ့မယ် "

" ကောင်းပါပြီ လိုအပ်ရင် လက်ထောက်ကိန်းဝပ်ကို ကူ‌ညီပေးဖို့ လွှတ်လိုက်ပါ့မယ် ကျုပ်အိမ်တော်မှာ ရှိနေတုန်း အမြန်စီစဉ်လိုက်တာ ကောင်းတယ်မလား "

မစ္စမာရင်းက ပျော်ရွှင်စွာ သဘောတူပြီးနောက် ပြန်သွားလေသည်။ မူလက ညိုးငယ်နေရာကနေ ပါတီကိစ္စ ခွင့်ပြုလိုက်ပြီး လက်ထောက်ကိန်းဝပ်ကိုပါ ခိုင်းစေဖို့ သဘောတူလိုက်တော့ ယုံကြည်ချက်တွေ ပြန်ရလာပြီထင်ပါရဲ့။ ဆော့ဂျင်ကတော့ ဂျွန်ဂျောင်ဂုရဲ့ အပြုအမူတွေကို နားမလည်နိုင်တော့။ သူက မနက်ကပင် ထိုသားအမိကို ပညာပေးပြီးနောက် အလွယ်တကူခွင့်လွှတ်ပေးလိုက်ပြီး လက်ထောက်ကိန်းဝပ်ကိုပါ ထည့်ပေးလိုက်ကာ ချွေးသိပ်ပေးလိုက်သေးသည်။ တကယ်ကို ကြိုးတစ်ချောင်းလို အလျှော့အတင်းနဲ့ ကောင်းကောင်းကိုင်တွယ်တတ်တာပဲ ဆော့ဂျင် ဂျွန်ဂျောင်ဂုကို စူးစူးစိုက်စိုက်ပင် အကဲခတ်ကြည့်နေမိသည်။

" ဘာလို့လဲ "

သူအကြည့်တွေကိုမြင်တော့ သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရင်း မေးလာသည်။

" မင်းစိတ်ထဲဘာတွေရှိနေလဲ ခန့်မှန်းကြည့်နေတာ "

ဆော့ဂျင်အမှန်အတိုင်းပြန်ပြောလိုက်တော့ သူက သဘောတကျနှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ပြန်မေးလာသည်။

" ဒါဆို ဘာတွေရှိနေလဲ "

" အကြံတွေအပြည့်နဲ့ မြွေပွေးလိုပဲ "

သူစိတ်ထဲတွေးနေတဲ့အတိုင်းပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ တကယ်လည်း ဘာတွေရှိနေလဲဆိုတာ ခန့်မှန်းမရဘူး။ ဒါပေမဲ့ အဲဒါက ဘာအတွေးမှ ရှိမနေတာမျိုးလည်းမဟုတ်ဘဲ အေးဆေးလွန်းနေတာဖြစ်သည်။ အကြံမရှိတာကို မသိတာမဟုတ်ဘဲ ဂရုမစိုက်တာမျိုးဖြစ်သည်။

" ဟက် မြွေပွေးက သူ့ဟာသူနေရင် အန္တရာယ်မများပါဘူး သူ့ကိုလာထိရင်တော့ ယင်‌ကောင်ကိုတောင် အလွှတ်မပေးတတ်ဘူး လိမ္မာတယ်ထင်ပြီး ခေါင်းလာသပ်‌ပေးတော့လည်း လိမ္မာချင်ယောင်ဆောင်ရတာပေါ့ ဒါကတစ်ဖက်အမြင်ကို လက်ခံပေးလိုက်ရုံပဲ။ မဟုတ်ဘဲ ခေါင်းဖြတ်ချင်နေတယ်ဆိုရင်လည်း အဆိပ်ဘယ်လောက်ပြင်းလဲ ပြခွင့်ရတာပေါ့ မဟုတ်ဘူးလား "

" မင်းကိုယ့်အဆိပ်နဲ့ကိုယ် ပြန်မမိဖို့ဘဲ မျှော်လင့်တယ် "

သူပြောတော့ အမြင်ကတ်စရာကောင်းအောင် ရယ်သည်။ ဆော့ဂျင်ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့သူ့ကို ပြောစရာမရှိတော့ဘဲ အမြင်ကတ်စွာ မျက်နှာလွဲလိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်။

" သူတို့မင်းကို တစ်ခုခုအသုံးချမှာ စိုးရိမ်သင့်တယ် "

" သူတို့က ကျုပ်ကိုဘာလုပ်နိုင်မှာမလို့လဲ "

သူပြောသလိုပါပဲ အပေါ်ယံအားဖြင့် မစ္စမာရင်းတို့က အားနွဲ့တဲ့မိန်းမသားငယ်လေးတွေလိုနှင့် သူတို့ဘယ်အရာကိုမှ မလုပ်နိုင်သလို ဟန်ဆောင်တတ်သည်။ ဒါပေမဲ့ သူတို့လုပ်တဲ့အခါ သူတို့ပါးစပ်ကပင် လူတစ်ယောက်ကို သေစေနိုင်သည်အထိ စွမ်းအားကြီးသည်။ သူတို့နောက်ကွယ်မှာ ဘယ်လိုကောက်ကျစ်တဲ့ အစီအစဉ်မျိုးရှိနေလဲဆိုတာ မပြောနိုင်ဘူးလေ။

ဆော့ဂျင်ကတော့ မစ္စမာရင်း အခုလိုရိုကျိုးပြီး ဦးခိုက်ခွင့်တောင်းနေတာကို စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေမိသည်။ ဂျွန်ဂျောင်ဂုနဲ့သူ အဆင်ပြေနေတာကို သူတို့ဒီအတိုင်းပဲ မနေလောက်ဘူး။ သူတို့ဂျွန်ဂျောင်ဂုကို မလုပ်နိုင်ရင်တောင်မှ သူတို့ဆော့ဂျင်ကိုတော့ ဒီအတိုင်းပဲ ထားမည်မဟုတ်။ သူတို့ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနှင့် ပြည့်နေလိမ့်မယ်ဆိုတာ သူ့အတွေ့အကြုံအရ သိပြီးသားပဲ။ ဒီတစ်ခေါက် ကိစ္စတွင်လည်း မကောင်းတာတစ်ခုခု ရှိနေလိမ့်မယ်လို့ သူ့မသိစိတ်က ခံစားနေမိသည်။

" မင်းသူတို့မင်းကို ဘာမှမလုပ်နိုင်လောက်ဘူးဆိုပြီး လျှော့တွက်မနေနဲ့ လူတွေကို ပုံပန်းသဏ္ဍန်ကြည့်ရုံနဲ့ အတွင်းစိတ်ကိုမသိနိုင်ဘူး။ သူတို့အခုလို အားနည်းပြီး မင်းကိုအားကိုးပြနေလို့ မင်းလက်ပြန်မကိုက်နိုင်ဘူးထင်နေလား "

" မရီးက ကျုပ်အတွက် စိုးရိမ်ပေးနေတာလား "

" ငါက မင်းမခံလိုက်ရမှာကို စိုးနေတာ "

သူဒီလောက် သတိပေးစကားပြောနေတာတောင် နည်းနည်းမှ အသိမဝင်တဲ့သူ စကားအကောင်းနဲ့ကို မတန်တာ။ မင်းလို ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး နားထင်သွေးရောက်နေတဲ့သူမျိုး တကယ်ခံဖူးတယ်ရှိအောင် ခံလိုက်ရစေချင်တယ်။

______________________________

ဆော့ဂျင်အခန်းထဲတွင် ပါတီအတွက် ဧည့်သည်စာရင်းတွေ စစ်နေရသည်။ မဖိတ်ရသေးဘဲ ကျန်နေခဲ့တဲ့သူများ ရှိနေမလား သေချာအောင် စစ်ဆေးနေသည်။ ဒီ‌တစ်ခေါက်ပွဲတော်က ပိုကြီးကြီးမားမား စီစဉ်ထားသည်။ ဂျွန်ဂျောင်ဂုက မြို့တော်မှာ ကျော်ကြားနေတဲ့သူဖြစ်နေပြီမလို့ အကြီးအကျယ်ကျင်းပချင်သည်ဟု မစ္စမာရင်းတို့က ပြောထားသည်။ ဒီလိုကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကျင်းပတဲ့ပွဲကို သူ့မိတ်ဆွေတစ်ယောက်ယောက်များ ကျန်နေခဲ့လျှင် မျက်နှာပျက်စရာဖြစ်မည်စိုး၍ ဧည့်သည်စာရင်းကို သေချာစီစစ်နေရသည်။

ထိုအချိန် အပြင်ဘက်က ဖိနပ်သံကြားရတာကြောင့် သူမျက်မှန်တွေအောက်က မျက်လုံးကို ပင့်ကြည့်လိုက်သည်။ အခန်းထဲကို ဂျွန်ဂျောင်ဂု ဝင်လာသည်။ သူ့ထုံးစံအတိုင်း တံခါးမခေါက် အသိမပေး ဖိနပ်သံတဒေါက်ဒေါက်ဖြင့်..

" မအိပ်သေးဘူးလား "

" မင်းကရော.. "

" ကျုပ်အိပ်မပျော်လို့ ကြည့်ရတာ မရီးတိုက်တဲ့လက်ဖက်ရည်ကြောင့်ဖြစ်မယ် ကျုပ်အိပ်လို့မရတော့ဘူး "

" အဲဒါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ လက်ဖက်ရည် "

" ဒါဆိုမရီးကရော ဘာလို့မအိပ်ပျော်သေးတာလဲ "

" ငါအိပ်နေသေးလို့လား.. "

သူပြောပျင်းစွာ စကားဖြတ်လိုက်ပြီး စာရင်းတွေရှိရာ အကြည့်ပြန်ပို့လိုက်သည်။ သူက ဖိနပ်သံတဂွတ်ဂွတ်နဲ့ အနားလျှောက်လာပြီး သူ့ညာဘက်အခြမ်းဆီဘက် ကွေ့လျှောက်ပတ်ကာ စားပွဲပေါ် တင်ရုံလာထိုင်သည်။

" ဘာလုပ်နေတာလဲ "

" ဧည့်သည်စာရင်းကြည့်နေတာ "

သူက သူချထားတဲ့ စာရွက်တချို့ကို ကောက်ကိုင်ကြည့်နေသည်။ ဆော့ဂျင်ကျန်နေသေးတဲ့ နာမည်စာရင်းတွေ တိုက်စစ်နေလိုက်သည်။ သူက စာရင်းထဲက နာမည်တချို့ကို ဖတ်ကာ ဘယ်သူလဲ ဘယ်ကလဲမေးပြီး သူ့ကိုနှောင့်ယှက်ချင်နေသည်။

" ဒီလောက်အများကြီး အယောက်စေ့တိုင်းကို မှတ်မိနိုင်ပါ့မလား "

" ငါသူတို့ကို ပထမဆုံးအကြိမ်တွေ့ဖူးတာလည်းမဟုတ် ဘာလို့မမှတ်ထားနိုင်ရမှာလဲ "

မဟုတ်တောင် သူက ဂေဟာကို ဦးစီးခဲ့ဖူးတာမလို့ လူတွေရဲ့မျက်နှာကို ရင်းရင်းနှီးနှီးသိနေပြီးသား ဂေဟာဆိုတာ လူကုံထံတွေ အများအပြား လာရောက်ငွေဖြုန်းတီးရာနေရာမလို့ ထိုသူတွေကို သူမျက်မှန်းတမ်းမိနေပြီးသားပဲ။ သူ့မှတ်ဉာဏ်အရ တစ်ခါဆုံဖူးထားပြီးထားရင် တစ်သက်လုံး ကောင်းကောင်းမှတ်မိနေတတ်သည်။

" ဘာလို့လူတွေဒီလောက်အများကြီးကို ဖိတ်ရတာလဲ ခင်ဗျားသူတို့တွေနဲ့ အယောက်စေ့စကားပြောနေရလိမ့်မယ် ပျင်းစရာပဲ "

" ဒါကစီးပွားရေးအကွက်လို့ခေါ်တယ်စီးပွားရေးလောကထဲမှာ ရှိနေရင် အားလုံးနဲ့မိတ်ဆွေဖွဲ့ထားတာက အကျိုးရှိတယ်။ အခုလို ခမ်းနားတဲ့ပွဲတော်မှာ မိတ်ဆွေတစ်ယောက်ယောက်ကို ချန်လှပ်ထားမိခဲ့တာက မျက်နှာပျက်စရာပဲ သူတို့က လုပ်ငန်းအတွက် အသုံးဝင်တဲ့မိတ်ဆွေတွေပဲ သူတို့နဲ့စကားပြောရတာက ပျင်းစရာမရှိဘူး ပွဲတော်ကျင်းပတယ်ဆိုတာ လုပ်ငန်းမိတ်ဆွေတိုးအောင် စီစဉ်တဲ့သဘောပဲ "

" မထင်ထားဘူး ခင်ဗျားလည်းကျုပ်ကိုအသုံးချပြီး စီးပွားရှာချင်နေလိမ့်မယ်လို့ "

" ဒါကို အကွက်မြင်တာလို့ခေါ်တယ် ငါ‌ကတော့ ငါ့လုပ်ငန်းမိတ်ဆွေတွေတိုးအောင်လို့ အခွင့်သင့်ရင်သင့်သလို ကြံဆောင်ရမှာပဲ မင်းအပြစ်တင်ချင်ရင် မင်းကိုယ်မင်းတင်လေ မင်းကိုယ်တိုင်ပဲ ပွဲတော်ကျင်းပဖို့ကို ခွင့်ပြုပေးခဲ့တာမဟုတ်ဘူးလား "

" ရက်စက်တဲ့မရီးပဲ.. ဘာပဲပြောပြော ဧည့်သည်စာရင်းမှာ ဟိုသက်ကြီးကောင်ကို မဖိတ်ထားလို့ မရီးရဲ့ရက်စက်မှုကို လျှော်ပေးလိုက်ပါ့မယ် ကျုပ်သူ့ကိုမမြင်ချင်တာနဲ့အတော်ပဲ "

" ဘယ်သူကမပါဘူးပြောလို့လဲ ဒါက ရိုးရိုးဧည့်သည်စာရင်းပဲရှိသေးတယ် ဦးစီးယွန်က အထူးဧည့်သည်ပဲ မပါမဖြစ် ဖိတ်ရမှာပေါ့ "

သူအပြောကြောင့် ဂျွန်ဂျောင်ဂုက မျက်လုံးတွေမှေးစင်းပြီးတော့ ကြည့်လာသည်။ ဆော့ဂျင်သူ့အကြည့်တွေကို လျစ်လျှူရှုထားလိုက်ပြီး သူ့လက်ထဲက စာရွက်တွေကိုလည်း ဆွဲယူလိုက်သည်။

" ခင်ဗျား.. ဘာလို့သူ့ကိုဖိတ်ရတာလဲ ကျုပ်သူ့ကိုမမြင်ချင်ဘူး ဒါကျုပ်ပွဲ ကျုပ်သူ့ကိုမဖိတ်ဘူး "

ဂျွန်ဂျောင်ဂုက အတည်ပေါက်နှင့် ခပ်ဆောင့်ဆောင့်ပြောနေသည်။ ဆော့ဂျင်သူ့အမြင်ကို လျစ်လျှူရှုထားလိုက်ပြီး စာရွက်တွေကို ညီညီညာညာပြန်စီလိုက်ကာ စား‌ပွဲပေါ်ကနေရာတစ်ခုတွင် ထပ်ထားလိုက်သည်။

" ဧည့်သည်စာရင်းကို ကျုပ်ကြီးကြပ်မှရတော့မယ် ကျုပ်အမြင်မကြည်တဲ့သူတွေ ကျုပ်ပွဲကို ရောက်နေမှာ မလိုလားဘူး ကျုပ်ကြည့်မရရင် ကျုပ်က ရိုင်းရိုင်းပြပြပဲ ဆက်ဆံတတ်တယ် "

ဆော့ဂျင်သူ့ကိုခပ်စူးစူးစိုက်ကြည့်လိုက်သည်။ ဘာတွေမကျေမနပ်ဖြစ်နေမှန်းမသိ။ ဦးစီးယွန်က သူနဲ့ဘာရန်ငြိုးရှိဖူးတာကြလို့.. ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး မလိုလားနေတာကိုတော့ သူသိပါသည်။ ပါတီပွဲတက်ဖို့ဖိတ်တာပဲ ဘာဖြစ်သွားမှာမလို့လဲ.. မိတ်ဆွေမလို့ မိတ်ဆွေတွေတက်ရမဲ့ပွဲကို ဖိတ်တာပဲလေ သူကသက်သက်ကြီး မလိုမုန်းထားဖြစ်နေတာ..

" မရဘူး ငါသူ့ကိုဖိတ်ပြီးသွားပြီ ရင်းနှီးတဲ့သူတွေကို အရင်ဖိတ်ထားတာ အကုန်လုံးကို ဖိတ်ပြီးသလောက်ဖြစ်နေပြီ မင်းဘာလို့ငါ့ဧည့်သည်တွေကို လိုက်ပိတ်ပင်နေတာလဲ ငါအကုန်ဖိတ်ပြီးသွားပြီ "

" ခင်ဗျားဘယ်တုန်းက ဖိတ်ထားတာလဲ ကိုယ်တိုင်လား တယ်လီဖုန်းနဲ့လား "

" ကိုယ်တိုင်.. "

" ခင်ဗျား!! "

ဆော့ဂျင်သူ့ကိုစလိုက်တော့ သူကရှူးရှူးရှားရှားဖြစ်သွားပြီး ထိုင်နေရာမှ ထလာသည်။ ဆော့ဂျင်သူ့ကိုကြည့်ရင်း နှုတ်ခမ်းတစ်ဖက်ကွေးလိုက်ပြီး  အေးအေးဆေးဆေး‌ပြန်ပြောလိုက်သည်။

" နောက်တာ "

" ခင်ဗျားနော် ဘာကိုနောက်တာလဲ အမှန်အတိုင်းပြော ဘယ်တုန်းက ဆက်သွယ်လိုက်တာလဲ ကျုပ်သူ့ကိုသဘောမကျဘူးနော် "

" သူကလည်း မင်းကိုသဘောကျမှာမဟုတ်ပါဘူး "

ဆော့ဂျင်သူ့ကို ပြောင်ပြောင်တင်းတင်းပင် စနောက်နေတော့ သူကသူ့ကို မျက်လုံးတွေမှေးစင်းကြည့်ရင်း ဆော့ဂျင်ထိုင်နေတဲ့နားထိ မျက်နှာကို ငုံ့ကိုင်းလာသည်။

" ခင်ဗျားကြည့်ရတာ ကျုပ်ကိုတော်တော်စချင်နေတဲ့ပုံပဲ ဟမ်း.. ကျုပ်ဒေါသထွက်လာတော့မယ်မရီး "

သူ့မျက်နှာနားကပ်ကာ သွားကြားထဲကထွက်လာတဲ့လေသံဖြင့် နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ ပြောလာတော့ သူလက်ထဲက စာရင်းလုပ်နေတာကို ရပ်လိုက်ပြီး စိတ်မရှည်ပုံပေါက်နေတဲ့ သူ့မျက်နှာကို ပြန်ကြည့်လိုက်သည်။

" မထွက်နဲ့ ငါမင်းကိုစနေတာသိလျက်သားနဲ့ ဘာလို့ဒေါသက ထွက်ချင်နေရတာလဲ မင်းတစ်ချိန်လုံးငါ့ကိုစနေရတော့ ကောင်းတယ်မလား အခုကိုယ်တိုင်အစခံရတော့ရော မကောင်းဘူးလား "

" မကောင်းဘူး "

ဂျွန်ဂျောင်ဂုက ရှုတင်းတင်းနဲ့ပြန်ဖြေတာမလို့ သူရယ်လိုက်ရသည်။ သူ့ရဲ့ဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်နေပုံက မြင်ရခဲလေ.. အချိန်တိုင်းမှာ သူကပဲသူ့ကို အနှောင့်အယှက်တွေ ပေးနေခဲ့တာ မဟုတ်ဘူးလား..

" ရယ်မနေနဲ့တော့ ကျုပ်သူ့ကိုတကယ်ကြည့်မရဘူး။ သူကခင်ဗျားကို မိတ်ဆွေလိုသဘောမထားတာ ကျုပ်သိနေတာကို ကျုပ်ကဘယ်လိုအမြင်ကြည်ပေးရမှာလဲ "

" ငါ့သဘောထားကိုလည်း မင်းသိနေတာပဲမလား ငါသူ့ကိုမိတ်ဆွေထက်ပိုတဲ့အပြုအမူမျိုးနဲ့ တစ်ခါမှတောင် မဆက်ဆံခဲ့ဖူးဘူး သူကငါ့ကို သဘောကျတယ်ဆိုတာ ဟုတ်ပါတယ် လက်ထပ်ခွင့်တောင်းခဲ့ဖူးတာလည်း မှန်တယ် ဒါပေမဲ့ ဒါက သူ့ဘက်က လူကြီးလူကောင်းဆန်ဆန်နဲ့ ပြုမူခဲ့တဲ့အပြုအမူတွေနဲ့ သူ့ဘက်က သုံးလို့ရတဲ့အခွင့်အရေးတွေကိုပဲ အသုံးချခဲ့တာ... သူက ငါ့ကိုသဘောကျတယ်ဆိုပြီး တစ်ခါမှ ငါအနေခက်အောင် ငါအရှက်ရအောင် လုပ်ခဲ့ဖူးတာမျိုးမရှိဘူး ငါပြောချင်တာက သူကငါ့အတွက် မိတ်ဆွေကောင်း‌ဆိုတာပဲ "

" ဟစ်! ခင်ဗျားကိုလိုချင်လို့ ကောင်းပေးနေတာလည်း ဖြစ်နိုင်တာပဲလေ "

သူကသူ့အပြောကို အထင်မကြီးဟန် နှာခေါင်းရှုံ့သည်။ ဦးစီးယွန်ဘယ်လိုနေနေ သူအထင်ကြီးမဲ့သဘောမှာမရှိဘူး။ ဒါပေမဲ့ သူကလည်း အထင်ကြီးအောင် ပြောနေတာမဟုတ်ဘူး။ သူပြောတာအမှန်တွေချည်း။ သူနှင့်ဦးစီးယွန်က လူလွှတ်တွေပဲဖြစ်လို့ ဦးစီးယွန်သူ့ကို နည်းလမ်းတကျပိုးပန်းတာက အမှားမကျဘူး။ သူ့ဘက်ကလည်း ပြန်သဘောကျတဲ့သဘောမျိုး မရှိခဲ့တာ သူလည်းသိပြီးသား.. သက်သက်ပြောချင်လို့ကို အပြစ်ရှာ လိုက်ပြောနေတာ သူဘယ်လိုပြောပြော ဂျွန်ဂျောင်ဂုက အပြစ်ပဲမြင်နေအုံးမှာ သိသည်။ သူကတော့ မိတ်ဆွေကောင်းတစ်ယောက်ကို အမှန်တကယ်မဆုံးရှုံးချင်ပါ။ သို့ထိတိုင် ဒါက ကိစ္စကြီးကြီးမဟုတ်သေးပါဘူး။ သူစိမ်းတစ်ယောက်အတွက်နဲ့ ဂျွန်ဂျောင်ဂုနဲ့ အတိုက်အခံလုပ်နေမှာတော့ မဟုတ်ဘူး။

" မင်းမသိပါဘူး မင်းမှာအပေါင်းအသင်းဆိုတာရော ရှိရဲ့လား မင်းက လူတစ်ယောက်ကို ဘယ်လိုအနှောင့်အယှက်ပေးရမလဲဘဲ သိတာမလား ငါအိပ်တော့မယ် မင်းဖယ်ပေးတော့ "

ဆော့ဂျင်သူ့ကိုယ်ပေါ်ကို တစ်ဝက်လောက်ထိ အုပ်မိုးထားတဲ့ ခန္ဓာကိုယ်ကြီးကို တွန်းကာ ဖယ်လိုက်သည်။ သူတွန်းဖယ်လို့မရတော့ သူထိုင်နေတဲ့ခုံကို နောက်ဆုတ်ကာ ထရပ်လိုက်သည်။

" မအိပ်နဲ့အုံး မရီးမအိပ်ရသေးဘူး မရီးသူ့ကို အကောင်းပဲမြင်လွန်းနေတာ မဟုတ်ဘူးလား အဲဒါကို ကျုပ်မကျေနပ်ဘူး သူကဘယ်လောက်များ တော်နေတတ်နေလွန်းလို့ ခင်ဗျားက အကောင်းမြင်နေရတာလဲ သူကကျုပ်လိုတောင် မရီးကို ထောက်ပံ့ပေးနိုင်ရဲ့လား သူသာ ထောက်ပံ့ပေးနိုင်ရင် မရီးကျုပ်အစ်ကိုနဲ့တောင် လက်ထပ်ဖို့ ဖြစ်လာမှာမဟုတ်ဘူး ဟုတ်တယ်မလား "

" ဘယ်သူက သူစိမ်းတစ်ယောက်အတွက်နဲ့ မလိုအပ်ဘဲ ပိုက်ဆံအများကြီးထုတ်သုံးနိုင်မှာလဲ သူ့မှာလည်း ကလေးတွေရှိသေးတာမလို့ နားလည်ပေးလို့ ရပါတယ် "

သူပြောတာမှန်ပေမဲ့ ဆော့ဂျင်နည်းနည်းတော့ ပြန်ငြင်းလိုက်သည်။ အဲတုန်းက သူပိုက်ဆံကြောင့် ချည်းကပ်တာ သိသိကြီးနဲ့ ဘယ်သူက အလွယ်တကူထုတ်ပေးနိုင်မလဲလေ.. သူအဲအတွက်လည်း မပြစ်တင်မနေပါဘူး။ ဘာပဲပြောပြော သူပြေလည်သွားခဲ့တာပဲလေ ..

" အဲ‌ဒါကြောင့် သူကျုပ်ကိုမယှဉ်နိုင်ဘူးဆိုတာ ယုံပြီမလား ကျုပ်ကမှ မရီးလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်တာ ဟုတ်တယ်မလား "

" အင်း.. မင်းကနည်းနည်းရိုင်းပေမဲ့ အကူအညီတော့ ဖြစ်ပါတယ် "

" မရီးက ရိုးသားစမ်းပါ ကျုပ်ကအကောင်းဆုံးဆိုတာကို ဘာလို့မပြောနိုင်ရတာလဲ "

" မင်းမအိပ်နိုင်သေးဘူးလား မနက်ဖြန်ကျရင် ဘယ်လောက်အလုပ်ရှုပ်မလဲဆိုတာ မသိနိုင်ဘူး။ စောစောအိပ်ရာဝင်သင့်တယ် "

" ကျုပ်အိပ်လို့မပျော်ဘူး မရီးကြောင့်မလို့ မရီးတာဝန်ယူရမယ် "

သူကပြောပြောဆိုဆိုနဲ့ အိပ်ရာဘက် လျှောက်သွားကာ ခုတင်ပေါ်ပစ်လှဲချသွားသည်။  ဆော့ဂျင်သူ့ကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။ ဖိနပ်တွေကိုလည်း မချွတ်ထားဘူး။ သူခေါင်းခါယမ်းရင်းသာ ရေချိုးခန်းဘက် ထွက်လာခဲ့လိုက်သည်။

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories