ep29
15:43, 1 November 2023ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်စာကို ခါတိုင်းထက်နောက်ကျမှ စားဖြစ်သည်။ သူမနက်စာစားဖို့ စားဖိုဆောင်ထဲဝင်လာတော့ မနက်စာစားနေတဲ့ အယ်ရိုနဲ့ဆုံမိသည်။ အယ်ရိုက သူဝင်လာတာမြင်တော့ မော့ကြည့်ပြီး ပြန်ငုံ့သွားကာ ထပ်မကြည့်လာတော့။ ဒီလိုဖြစ်နေတာ ရက်ပိုင်းလောက်ရှိနေပြီမလို့ သူတို့ကြားမှာ ဘာပြဿနာရှိထားလဲ သူစတင်တွေးမိလာသည်။ အယ်ရိုက သူနဲ့ဆုံတိုင်း အကြောင်းအရင်းမရှိ လျစ်လျှူရှုထားတတ်သည်။ အရင်တုန်းကလို ပုံစံမျိုးလုံးဝမဟုတ်ဘဲ သူ့ကိုစိတ်ကောက်နေတယ်လို့ သူထင်မိသည်။ ဘာလို့ပါလိမ့်..
သူမနက်စာစားနေရင်း တစ်ချက်တစ်ချက် အယ်ရိုကိုအကဲခတ်ကာ သူ့ကို အယ်ရိုစိတ်ကောက်နေရခြင်း အကြောင်းအရင်းကို တွေးနေမိသည်။ သူ့ဦးလေးငယ်ကြောင့် သူ့ကိုမခေါ်ရတာဆိုတာက ဖြစ်နိုင်ချေမရှိ။ သူနှင့်ဂျွန်ဂျောင်ဂု ပြဿနာဖြစ်ထားတယ်ဆိုတာ မည်သူမှသိသည်မဟုတ်။ ဒီအတိုင်း သူ့အဖွားတွေစကား နားယောင်သွားပြန်လို့လား.. သူတို့ပြန်စိမ်းကားသွားတာ ပြိုင်ပွဲပြီးတဲ့နေ့ကတည်းကပဲလေ မဟုတ်မှ..
" အယ်ရို မင်းအချိန်မရလို့လား မင်းငါ့ကို သေနတ်ပစ်သင်ပေးဖို့မေ့သွားပြီလား "
သူကထိုကိစ္စကြောင့်ဖြစ်မယ်ထင်၍ အယ်ရိုကို အစဖော်ပြောလိုက်တော့ အယ်ရိုက တစ်ချက်သာ မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားကာ မနက်စာကို စိတ်မပါလက်မပါ ထိုးစွနေသည်။ သူ့ကို အကြောင်းအရင်းတစ်ခုခုကြောင့် စိတ်ကောက်စိတ်ခုနေတာကတော့ မှန်နေပြီ။ သေနတ်ပစ် မသင်ရသေးတဲ့ အကြောင်းအရာ မဟုတ်ရင် ဘာဖြစ်မလဲ။
" ဘာလို့လဲ တစ်ခုခုဖြစ်လို့လား ဘာအခက်အခဲရှိလို့လဲ "
တခြားအကြောင်းအရာများရှိနေမလား သူမေးလိုက်ပေမဲ့ အယ်ရိုက နေမြဲအတိုင်းသာ မလှုပ်မယှက်ရှိနေသည်။
" ငါမင်းဆီက သေနတ်ပစ်မသင်သေးလို့ မင်းငါ့ကို ကတိမတည်ဘူးလို့ ထင်နေတာလား ငါက ကတိတည်မှာပါ။ ဒီရက်ပိုင်း ငါမအားတာမလို့.. "
သူ့စကားမဆုံးခင် အယ်ရိုက ထထွက်သွားတော့ သူပြောလက်စရပ်ရင်း ထွက်သွားတဲ့နောက်ကျောကို ကြည့်နေမိသည်။ ဘာလို့အခုလိုဖြစ်သွားရတာလဲ အရင်တုန်းက သူ့ဘက်က သူ့ကိုအကြောင်းအရာတချို့ကြောင့် ဆူပူနေရင်တောင် အခုလိုထထွက်သွားတာမျိုး မလုပ်ရဲဘူး။ သူမနက်စာကို ခဏမျှစားသောက်နေခဲ့ပြီး အဆုံးသတ်ကာ အယ်ရိုကိုရှာဖို့ ထွက်လာခဲ့သည်။ ပြဿနာက ဘာလဲသိရအောင် မေးမြန်းဖို့လိုသည်။ ထပ်ပြီးမကြီးထွားလာအောင် အချိန်မီဖြေရှင်းဖို့ လိုသည်။
သူအယ်ရိုအခန်းဆီတက်လာခဲ့တော့ အခန်းထဲတွင် အယ်ရိုကရှိမနေ။ ထို့ကြောင့် ပြန်ဆင်းလာခဲ့ပြီး ခြံထဲဆင်းလာခဲ့သည်။ အနီးနားက အလုပ်သမားတွေကို မေးကြည့်တော့ အလုပ်သမားတွေကတစ်ဆင့် အယ်ရိုရှိတဲ့နေရာကို သိလိုက်ရသည်။ ဒါက အယ်ရိုအိမ်မှာ လေ့ကျင့်ဖို့အတွက် လုပ်ထားပေးတဲ့ လေ့ကျင့်ကွင်း အသေးစားလေးပင်။ ထိုထဲတွင် အယ်ရိုသဘောကျလုပ်ဆောင်တတ်တဲ့ အားကစားမျိုးစုံ ထည့်သွင်းပေးထားသည်။ အယ်ရိုထူးချွန်ပြိုင်ပွဲမှာ ပထမရတော့ သေနတ်နဲ့တခြားဆုတွေရသေးသည်။ သေနတ်က သူ့ဦးလေးငယ်ကိုယ်တိုင် ချတဲ့ဆုဖြစ်သည်။ သူရောက်သွားတော့ အယ်ရိုက သေနတ်တစ်လက်ကိုင်ထားပြီး စစ်ဆေးနေသည်။ ထိုသေနတ်က သူဆုရထားတဲ့သေနတ်ဖြစ်လောက်မည်။
အယ်ရိုက သူရောက်လာတာမြင်တော့ တစ်ချက်မော့ကြည့်ပြီး လုပ်မြဲတိုင်း ဆက်လုပ်နေသည်။ သူအနားလျှောက်သွားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အနည်းငယ်စူးစမ်းလိုက်သည်။ သူဒီနေရာကို အခုမှ ပထမဆုံးရောက်ဖူးခြင်းသာ ဖြစ်သည်။ ဒီနေရာရှိမှန်းသိပေမဲ့ စိတ်ဝင်စားမှုမရှိ၍ တစ်ခေါက်မှမလာဖြစ်ခဲ့။
" ဘာကိစ္စလဲ "
ရောက်လာပြီး သူကဘာမှမပြောတော့ အယ်ရိုကသူ့ကို စိတ်မဝင်စားသလို မေးလာသည်။ ဒီကလေးသူ့ကို စိတ်ကောက်နေတာက သေချာပါတယ်..
" ဟမ်း.. ငါက သေနတ်ပစ်တင်ရအောင်လေ မင်းသင်ပေးမယ်ပြောထားတာ မဟုတ်ဘူးလား "
" အဲဒါကစကားအဖြစ်ပြောတာ တကယ်မသင်ချင်လည်း ရတယ် "
ခပ်ဆတ်ဆတ်ပြန်ပြောလာတဲ့စကားကြောင့် သူမျက်မှောင်ကျုံ့လျက် တည့်တိုးသာ ထုတ်မေးလိုက်တော့သည်။
" အယ်ရို မင်းငါ့ကို တစ်ခုခုအခဲမကျေဖြစ်နေတာမလား "
သူမေးလိုက်တော့အယ်ရိုက ငြိမ်သက်ကာ ဘာမှပြန်မပြော။ ဘာလို့အခုလောက်ထိ ဖြစ်သွားရတာလဲ အကြောင်းအရင်းက ဘာလဲ။
" မင်းစိတ်ထဲမှာတစ်ခုခုဖြစ်နေတာ ငါသိတယ် ငါက ငါမင်းဆီက သေနတ်ပစ်သင်ဖို့ကိစ္စ မေ့လျော့နေလို့ မင်းစိတ်ဆိုးနေတယ် ထင်လိုက်တာ အဲဒီကိစ္စဆိုရင်တော့ စိတ်မဆိုးနဲ့တော့ ငါမအားလို့ မင်းနဲ့မပြောဖြစ်တာ အချိန်ရတာနဲ့ မင်းဆီကငါသင်မယ် "
သူပြောပြီး အတန်ကြာသည်ထိ ဘာတုံ့ပြန်မှုမှ မရှိတော့ သူပြန်ဖို့ပြင်လိုက်သည်။ ထိုကိစ္စကြောင့်လည်း မဟုတ်ရင် သူ့အဖွားတွေစကား ပြန်နားယောင်ပြီး သူ့အပေါ် အရင်လိုမျိုး ပြန်ဆက်ဆံချင်လို့ပဲ နေလိမ့်မယ်။
" လက်ထပ်တော့မှာမဟုတ်လား "
သူခပ်လှမ်းလှမ်းဆီလောက် လျှောက်လာပြီးတော့မှ ခပ်ဆောင့်ဆောင့်ထွက်လာတဲ့အသံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။
" ဘာရယ်.. "
" လက်ထပ်တော့မှာမလား အိမ်တော်က ထွက်သွားတော့မှာမလား တခြားမိသားစုနဲ့ သွားနေတော့မှာမလား.. ကတိပေးထားလို့ မပျက်ချင်လို့ သင်ပေးရတော့ရော ဘာလုပ်ရမှာလဲ မျက်နှာချင်းဆိုင်တွေ့ပြီး ခေါ်နေတော့ရော ဘာထူးအုံးမှာလဲ သူစိမ်းဖြစ်သွားကြတော့မှာပဲမလား ထွက်သွားတော့မှာမဟုတ်ဘူးလား "
သူကသိပ်နားမလည်ပေမဲ့ အယ်ရိုက ဒေါသဖြစ်ပြီး ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ပြောနေတော့ သူပြန်လှည့်လာခဲ့ပြီး အနားရောက်သွားလိုက်သည်။
" လက်ထပ်တော့မယ်ဆိုတာ ဘာကိုပြောတာလဲ "
" ကျွန်တော်သိပြီးသား! မဒမ်ကင်မ်က အဲဒီဦးလေးကြီးနဲ့ လက်ထပ်တော့မယ်ဆိုတာ။ ကျွန်တော့်ကို အပေါ်ယံကောင်းပြမနေပါနဲ့တော့ ပြောတော့ ကျွန်တော့်ကိုစောင့်ရှောက်ပါ့မယ်ဆိုပြီး ဘာလို့ဒယ်ဒီ့ကို ကတိတွေပေးခဲ့လဲ မတည်နိုင်ဘဲ ဘာလို့ကတိတွေပေးခဲ့လဲ "
" မဟုတ်ဘူးအယ်ရို မင်းအထင်လွဲနေတာ ငါဘယ်သူနဲ့မှ လက်မထပ်ပါဘူး ငါလက်မထပ်ပါဘူး "
" လိမ်နေတာ ဒါဆိုဘာလို့ မဒမ်အဲဦးလေးကြီးနဲ့ အတူချိန်းတွေ့လဲ! ကျွန်တော်ခေါ်တော့မလိုက်ဘဲ အဲဒီမိသားစုနဲ့ကြတော့ အတူသွားတယ် ကျွန်တော်မသိဘူးများထင်နေလား "
" အဲဒါက.. မင်းမြင်လိုက်တာလား "
" အကုန်လုံးမြင်တယ် ကျွန်တော်တို့အဲဆိုင်မှာ ရှိနေတာ မဒမ်က အဲဒီမိသားစုနဲ့ အတူသွားချင်လို့ ကျွန်တော်ခေါ်တာမလိုက်တာ အဲဒီလူကြီးနဲ့ ချိန်းတွေ့နေတာတွေလည်း အကုန်မြင်နေရတယ်.. "
" ငါတို့ချိန်းတွေ့တာ မဟုတ်ပါဘူး.. "
ဆော့ဂျင် ဘာထပ်ပြောရမှန်းပင်မသိတော့။ ဆိုတော့ သူတို့အဲနေ့က ဆိုင်ထိုင်ကြတုန်းက သူတို့တစ်ဆိုင်တည်းမှာ အတူရှိနေခဲ့ကြတာပေါ့ အဲဒါကြောင့် အပြန် မစ္စမာရင်းက သူ့ကိုလက်ထပ်ဖို့ သဘောတူတဲ့အကြောင်းအရာတွေ ပြောခဲ့တာပေါ့ .. ဒါဆို ဂျွန်ဂျောင်ဂုကရော... သူရောအဲမှာရှိနေခဲ့ပြီး အကုန်လုံးကို မြင်တွေ့ခဲ့ရတာပေါ့.. သူမဟုတ်တာလုပ်ထားတာ မဟုတ်ပေမဲ့ အခုလို ပြန်ဆက်စပ်တွေးလိုက်တော့ အဲဒီနေ့က ဦးစီးယွန်သူ့ကို ဖွင့်ပြောခဲ့တာနဲ့ အပြုအမူတွေကြောင့် မြင်တဲ့သူတိုင်းက တစ်မျိုးတစ်မည်ထင်သွားနိုင်သည်ပဲလေ
သူတို့ဘာမှမဟုတ်ကြဘူးလို့ပြောလို့ရပေမဲ့ သူ့တစ်ဖက်သတ်တည်းကသာ ဘာမှမဟုတ်ခဲ့တာ ဦးစီးယွန်က သူ့ကို မိတ်ဆွေတစ်ယောက်ထက် လက်ထပ်ပိုးပမ်းနေတဲ့သူတစ်ယောက်လိုသာ တွေးမြင်ထားပြီး ချစ်သူရည်းစားတစ်ယောက်လို ဂရုစိုက် စောင့်ရှောက်ပေးတတ်သည်။ မသိတဲ့သူတိုင်းက ချစ်သူရည်းစားတွေလိုသာ ထင်မြင်လိမ့်မည်။ ဟမ်း.. ဒါကြောင့်ဂျွန်ဂျောင်ဂုက သူ့ကိုအဲလိုတွေပြောခဲ့တာလား ..
သူအယ်ရိုကို ပြန်ကြည့်လိုက်တော့ အယ်ရိုလိုကလေးလေးကတောင် အထင်မှားပြီး တကယ်လို့ ထင်မြင်သွားသေးတာပဲ ဒါဆို ဒီကလေးက သူလက်ထပ်တော့မည်ဆိုလို့ သူ့ကို ရှောင်ဖယ်ဆက်ဆံနေရတာပေါ့ အကြောင်းအရင်းက ဒါပေါ့လေ.. ဟမ်း ဆော့ဂျင်ရင်ထဲ တစ်မျိုးတစ်မည် ချိုမြိန်သွားရသည်။ အယ်ရိုက သူအိမ်ကထွက်သွားတော့မယ်ထင်လို့ စိတ်မကောင်းဖြစ်နေတယ်ပေါ့လေ ... ချစ်စရာကောင်းတာပဲ။ သူအယ်ရိုခေါင်းကို ဖွဖွပုတ်လိုက်ပြီး အရှင်းလင်းဆုံးအဖြေကို ပေးလိုက်သည်။
" ငါလက်မထပ်ပါဘူး ငါဘယ်မှလည်း သွားမှာမဟုတ်ဘူး။ ဒါကြောင့် မင်းမစိုးရိမ်နဲ့တော့ ငါလက်မထပ်ဘူး "
_________________________________
ဆော့ဂျင်တို့ အလုပ်ကိစ္စနဲ့ တစ်ဖက်မြို့ဆီ ရောက်နေတာဖြစ်သည်။ အလုပ်ကိစ္စ ပြီးစီးတော့ ညနေစောင်းနေပြီ။ တစ်နေကုန် အလုပ်ကိစ္စနဲ့အလုပ်များနေတော့ ပြန်ခါနီးတွင် နှစ်ယောက်သားဗိုက်တွေက ဆန္ဒပြလာကြသည်။ သူတို့အပြန်လမ်းတွင် စားသောက်ဆိုင်တစ်ခုခုရှာပြီး ညစာဝင်စားဖြစ်ကြသည်။ ဗိုက်ဖြည့်တင်းပြီး အပြန်ခရီးဆက်မည့်အချိန်မှာတော့ တော်တော်လေး မှောင်ရီစပြုနေပြီဆိုတာ သတိထားမိသည်။ လမ်းခရီးအသွားအလာက မငြိမ်သက်သေးတာကြောင့် နည်းနည်းတော့ အန္တရာယ်များလှသည်။ မြို့တော်ရဲ့ လမ်းမတွေမှာ ခရီးသွားတွေကို အကြမ်းဖက်ဓားပြတိုက်တဲ့ ကိစ္စတွေက မတည်ငြိမ်သေးဘူး။ အစိုးရက သုတ်သင်အရေးယူဖို့လုပ်နေပြီဖြစ်ပေမဲ့ ထိုသတင်းကြောင့် ဓားပြတွေက ပေါ်တင်မသောင်းကျန်းရဲဘဲ ယာယီငြိမ်သက်သွားကြပြီး လုံးဝငြိမ်သက်သွားတာမျိုးမဟုတ်။
အခြေအနေက နှစ်ဦးနှစ်ဖက် စောင့်ကြည့်အခြေအနေဖြစ်တာမလို့ သတိထားရမည်က ခရီးသွားတွေလည်း ပါဝင်သည်။ သူတို့ညရေးညတာထွက်လာတာ နည်းနည်းတော့ အန္တရာယ်များလှသည်။ ကံဆိုးရင် ဓားပြတွေနဲ့ ထိပ်တိုက်တွေ့သွားနိုင်လောက်သည်။ ထိုအကြောင်းတွေးမိတော့ သူဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်မိသည်။ မြို့ဝင်လမ်းထဲ ရောက်လာပြီဖြစ်ပေမဲ့ လူပြတ်သည်။ လမ်းမီးရောင်လည်းမရှိဘဲ တစ်လမ်းလုံးတွင် သူတို့ကားမီးရောင်သာ အလင်းပြုသည်။ ဒီအချိန် သူတို့ချုံခိုဓားပြတွေနဲ့သာတွေ့ရင် မလွှတ်နိုင်ဘူး။ ကားကို အရှိန်တင်မောင်းပြီး တဟုန်ထိုးမောင်းထွက်ရင်တော့ လွှတ်နိုင်လောက်မယ်ထင်တယ်လို့ သူတွေးမိသည်။ သူတို့ရှေ့က ဘွားခနဲပေါ်လာခဲ့ရင်တောင် သူတို့ကအရှိန်ဖြင့်ဆက်သွားခဲ့ရင် ဘာမှမဖြစ်တော့ဘူးမလား ..
" ဒန် ကားကိုနည်းနည်းအရှိန်တင်လိုက် ဘာနေနေမရပ်ပေးနဲ့ ဒီအချိန်ကားတားတာတို့ ကားကိုရပ်စေချင်တာတို့ဆို ဓားပြတွေကလွဲရင် မဖြစ်နိုင်ဘူး "
" ဟုတ်ကဲ့အစ်ကို "
သူ့စိတ်ထဲမတင်မကျနဲ့ နည်းနည်းတော့ စိုးရိမ်နေမိသည်။ သူတို့ဆီမှာ အမျိုးသမီးတွေလို ရွှေငွေလက်ဝတ်ရတနာတွေ မပါပေမဲ့ အလုပ်ကိစ္စနဲ့ပြန်လာတာကြောင့် ပိုက်ဆံများများစားစားပါသည်။ သူတို့က အတိုက်အခိုက်အတွေ့အကြုံလည်းမရှိတဲ့ သာမန်လူတွေမလို့ လုယက်ဓားပြတိုက်ခံရမှာကို အနည်းငယ်တော့ ကြောက်လန့်မိသည်။ ဒန်က ကိုယ်ခံပညာနဲ့ပတ်သက်တာတွေ အခြေခံသင်နေပြီဆိုပေမဲ့ ကြမ်းတမ်းတဲ့ဓားပြတွေနဲ့တော့ ဘယ်ယှဉ်လို့ရအုံးမလဲ။ သူတို့မှာ သေနတ်တစ်လက်လောက် ရှိထားရင်တော့ အဲလောက်ကြောက်နေဖို့ မလိုဘူးထင်ပါရဲ့။ အနည်းဆုံး လူကိုမပစ်ရင်တောင် လန့်အောင် ခြောက်လို့ရတာပေါ့။
သူတွေးနေတုန်း ကားက တဖြည်းဖြည်းအရှိန်လျှော့သွားတာမလို့ ဆော့ဂျင် လန့်သွားမိသည်။ သူဒန်ကို ဘာဖြစ်တာလဲလို့ မေးလိုက်တော့ ဒန်ကလည်း သူလည်းမသိဘူး ရှေ့မှာလမ်းပိတ်နေ၍ဟုပြောပြီး ကားထဲကဆင်းကြည့်ဖို့ ပြင်သည်။
" အစ်ကိုနေနေခဲ့လိုက် ကျွန်တော်ဆင်းကြည့်လိုက်အုံးမယ် လမ်းပြင်နေတာဖြစ်မယ်အစ်ကို "
ဒန်က သွားကြည့်ပြီးပြန်လာတော့ လမ်းပြင်နေ၍ လမ်းလွဲသွားရန် ရေးထားသည်လို့ ပြောသည်။ လမ်းပြင်နေတယ်ဆို လမ်းအဝင်ဝမှာကတည်းက သတိပေးစာကပ်ထားရမှာမဟုတ်ဘူးလား လမ်းက တစ်ဖြောင့်တည်းဖြစ်နေတာမလို့ အခုသူတို့ဒီအထိရောက်လာမိ၍ အများကြီးပြန်လှည့်သွားရတော့မည်။ သူတို့ပဲ အလျင်စလိုမောင်းခဲ့၍ သတ်ိပေးစာကပ်ထားသည်ကို မမြင်ခဲ့တာလား..
" ခဏလေး မဟုတ်သေးပါဘူး ငါတို့အလာတုန်းကလည်း ဒီလမ်းပဲမလား "
" ဟုတ်တယ်အစ်ကို တစ်ခုခုတော့မှားနေပြီ ကျွန်တော်တို့ဒီကနေ အမြန်လှည့်ရအောင် "
နှစ်ယောက်သား အခုမှ သဘောပေါက်သွားပြီး ကားစက်နှိုးကာ အမြန်ထွက်ခွာဖို့လုပ်သည်။ ကားစက်နှိုးရသွားပြီး စထွက်ခါးနီးတွင် မျောက်အော်သံလိုလို ဝက်ဝံအူသံလိုလို အချက်ပေးသံတွေ ထွက်ပေါ်လာတော့ ဆော့ဂျင်နှင့်ဒန် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအချိန် သူတို့ကားကို လူရှစ်ယောက်လောက် ဝိုင်းလိုက်ပြီး သူတို့တွင် သေနတ်တစ်လက်နဲ့ ဓားတွေတုတ်တွေ အသီးသီးကိုင်ထားကြသည်။ ထိုအချိန်မှ သူတို့ဓားပြတိုက်ခံလိုက်ရပြီဆိုတာ သိလိုက်ရသည်။ လက်တွေ့ဓားပြတိုက်ခံလိုက်ရပြီဆိုတာ သိလိုက်ရချိန်မှာတော့ တွေးထားတုန်းကထက် တည်ငြိမ်နေသည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာပါတာ ပိုက်ဆံတွေပဲမလို့ ထိုပိုက်ဆံတွေကလည်း သူတို့ပိုင်ဆိုင်မှုတွေနဲ့ယှဉ်လိုက် ဘာမှမပြောပလောက် သူတို့အသက်နှင့်ယှဉ်လိုက်ရင် ပိုလို့ပြောစရာမလို ဒီအတိုင်းယူသွားလို့ပင် ထိုးပေးလိုက်မည်။
ဆော့ဂျင်နှင့်ဒန် တည်တည်ငြိမ်ငြိမ်ပင် ကားပေါ်က ဆင်းလိုက်ကြပြီး ဓားပြတွေနဲ့ ပူးပေါင်းလိုက်ရသည်။ ဓားပြတွေက သူတို့ကိုချုပ်ထားပြီး ကားပေါ်က ပစ္စည်းတွေကို စစ်ဆေးနေသည်။ ကားထဲမှာ ငွေတချို့နဲ့ သူ့အလုပ်ကိစ္စက စာချုပ်စာတမ်းတွေရှိသည်။ ဒီဓားပြတွေ စာမတတ်ဖို့မျှော်လင့်သည်။
" ငလူး ခေါင်းကြီး မင်းလာဖတ်စမ်း ဒါဝန်ကြီးချုပ်ကိုပြောတာမလား "
သူ့စာချုပ်စာတမ်းတွေပါတဲ့အိတ်ကို မွှေနှောက်ကြည့်နေတဲ့ ဓားပြတစ်ယောက်ကနေပြီး နာမည်တစ်ခုခေါ်လိုက်တော့ ထိုအမည်နှင့်ဓားပြတစ်ယောက်က အနားရောက်လာခဲ့သည်။ ထိုတစ်ယောက်က အနည်းငယ်စာတတ်တဲ့ပုံပေါ်ပြီး ဓားပြထဲတွင် ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ အထူးချွန်ဆုံး ဖြစ်ပုံပေါ်မည်။ သူက စာရွက်တွေကို တစ်ယောက်တည်းလွှဲကိုင်လိုက်ပြီး အာရုံစိုက်ဖတ်နေသည်။ ခဏနေတော့ ထိုဓားပြနားဆီသို့ သူတို့ကို ချုပ်ကိုင်ထားတဲ့နှစ်ယောက်နဲ့ ခေါင်းဆောင်ဟုထင်ရတဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ ဓားပြကလွဲရင် ထိုခေါင်းကြီးဓားပြကောင်ဆီ ရောက်လာကြသည်။ သူတို့က သိပ်နားမလည်တော့တဲ့အခါ ထိုခေါင်းကြီးဓားပြကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
" ဟေ့ကောင်တွေ မြန်မြန်လုပ်စမ်း မင်းဘိုးအေစစ်သားတွေနဲ့တိုးနေမယ် အသုံးဝင်တာ အကုန်ယူလိုက် ကြာတယ်! "
" မဟုတ်ဘူး ဒီဟာ ဒီလူက ဝန်ကြီးချုပ်လား ဝန်ကြီးချုပ်ဟောင်းအိမ်ကလား သေချာကြည့်နေတာ "
" သူ့ဟာသူဘယ်အိမ်ကဖြစ်ဖြစ် စောက်ဂရုစိုက်ရမှာလား ဝန်ကြီးချုပ်ကဘယ်လောက်တတ်လဲ တတ်ရင်လာယှဉ်လှည့်လေ ဟားဟားဟားဟား သူတောင်ကြောက်လို့ အမြီးတောင်မမြင်ရတာ ဟားဟား "
" ချီး ဝန်ကြီးချုပ်ဟောင်းအိမ်ကပဲ သေချာတယ် ဒီလူက ဝန်ကြီးချုပ်ဟောင်းကတော်ပဲ ဖြစ်ရမယ် ဝန်ကြီးချုပ်ဟောင်းရဲ့ ဒုတိယဇနီးက ယောကျာ်းလေးတစ်ယောက်ပဲ အပျော်မယ်မျိုးရိုးကသူလေ "
" ဟေး ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး တန်းဖိုးရှိတဲ့ဟာအကုန်ယူ လစ်မယ် "
" မဟုတ်ဘူး အစ်ကိုကြီး ဝန်ကြီးချုပ်ဟောင်း အိမ်ကဆို သူက ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့ ဟိုဗိုလ်ရဲ့မရီးပဲ "
" ဘာ!! အဲဒီကောင်အိမ်ကသူတွေလား "
" ဟုတ်တယ် သေချာတယ် ဝန်ကြီးချုပ်ဟောင်းရဲ့ဒုတိယဇနီးက အရမ်းချောလှတယ်လို့ ကြားဖူးတယ် သေချာတယ် ဒီလူမျက်နှာကို ကြည့်တာနဲ့ မှားစရာအကြောင်းမရှိတော့ဘူး "
ဆော့ဂျင်နဲ့ဒန် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဒီအခြေအနေမှ ဘယ်လိုမှမလွှတ်နိုင်တော့ဘူးဆိုတာ သိလိုက်ကြပြီ။ သူတို့ဆီက ပိုင်ဆိုင်မှုတင်မကဘဲ လူပါ ဓားပြလက်ထဲ ရောက်ရတော့မည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုဓားစားခံခေါ်ထားပြီး ဒန်ကိုလွှတ်ပေးအောင်တော့ ဖျောင်းဖျကြည့်ရမည်။ ဒါမှ သူတို့လွှတ်နိုင်ဖို့က သေချာမှာ..
" သေချာရင်တော့ မင်းတို့ကံဆိုးတာပဲ.. ဟက် မဒမ် မင်းအိမ်က မတ်လေးကိုသာ သွားအပြစ်တင်လိုက်တော့ အဲဒီကောင် ငါတို့ကို ဘယ်လောက်ဒုက္ခပေးထားလဲ မင်းကိုခေါ်ပြီး ကောင်းကောင်းပညာပြန်ပေးရမယ် ခေါ်ခဲ့ ကြိုးတုတ်လိုက် "
" အစ်ကို!! "
သူ့ကိုလက်ပြန်ကြိုးတုတ်လိုက်ကြတော့ ဒန်က ချုပ်ထားတဲ့သူတွေဆီက ရလိုရငြား ရုန်းကြည့်သည်။ ဆော့ဂျင်မလာဖို့သာ ခေါင်းယမ်းပြလိုက်သည်။ နှစ်ယောက်စလုံး ဖမ်းခံရလို့ ဘာမှထူးမှာမဟုတ်။ ဘာပဲပြောပြော ဒန့်ကိုပြန်လွှတ်ပေးလိုက်ရင်က သူအသက်ရှင်နိုင်ချေ ရှိအုံးမည်။ ဓားပြတွေလိုချင်တာက ပိုက်ဆံ ဒါမှမဟုတ် ဂျွန်ဂျောင်ဂုကို ပညာပေးဖို့လိုချင်တာ ဒါပဲမလား ဂျွန်ဂျောင်ဂုမရောက်လာမချင်းတော့ သူ့အသက်ကို ရန်ရှာအုံးမည် မထင်ဘူး။ ဒါကြောင့် သူအေးအေးဆေးဆေးသာ လိုက်ပါဖို့စဉ်းစားလိုက်သည်။
" သူ့ကိုတော့ ပြန်လွှတ်ပေးလိုက်ပါ သူက ငါ့အလုပ်သမားသက်သက်ပဲ သူနဲ့ဘာမှမဆိုင်တဲ့အတွက်ကြောင့် လွှတ်ပေးလိုက်ပါ "
" ကောင်းပြီလေ ငါတို့ကလည်း လက်အောက်ငယ်သားတွေဘဝကို နားလည်ပါတယ် သူကငါတို့အတွက် အသုံးမဝင်ရင် မလိုချင်ဘူး "
ထိုဓားပြတွေက ဒန့်ကိုပြန်လွှတ်ဖို့ လွယ်လွယ်နဲ့ သဘောတူသွားတာမလို့ သူစိတ်အေးသွားရသည်။
" မင်း ပြန်ပြီး အကြောင်းကြားချင်ကြားလိုက် မင်းတို့ရဲ့ တော်လှ ထက်မြက်လှတယ်ဆိုပြီး သေနတ်အားကိုး၊ နောက်လိုက်အားကိုးနဲ့ ထောင်လွှားနေတဲ့ ဗိုလ်ကြီးကို ပြောလိုက် ဗိုလ်ကြီးရဲ့ ချစ်လှစွာသောမရီးကို ဒီအရိုင်းအစိုင်းဓားပြတွေက ဖမ်းခေါ်သွားပါတယ်လို့.. တကယ်လို့ အကောင်းအတိုင်း ပကတိပြန်လိုချင်ပါတယ်ဆိုရင်တော့ နောက်လိုက်မပါ၊ လက်နက်မပါဘဲ စွန့်စွန့်စားစားနဲ့ လာကယ်နိုင်ရင် ကယ်ပါလို့ အမှာတော်ပါးလိုက်.. ဟက်ဟက်
" ရှာနိုင်ရင်ရှာပေါ့ ရောက်လာခဲ့ရင်တော့ ပညာကောင်းကောင်းပေးပြရသေးတာပေါ့ ဟားဟား သွားကြမယ် ဒီနေ့ ငွေထက်အဖိုးတန်တဲ့ဟာ မိလာတယ် ငါတို့ကိုဒုက္ခပေးထားသမျှ သင်ပုန်းပြန်ချေပေးရမယ် ဟားဟား ဗိုလ်ကြီးတော့ သတင်းကြားပြီး ဖျားသွားလောက်မယ်။ သေချာပြောလိုက်နော် ပြောတဲ့အတိုင်း မဟုတ်ရင် အသက်အာမမခံဘူးလို့ ဟားဟား ဟားဟား "
" အစ်ကို.. "
ဆော့ဂျင်ဒန်ကို ဘာမှမတတ်နိုင်သလိုသာ ခေါင်းယမ်းပြလိုက်ပြီး မျက်လုံးအကြည့်တွေနဲ့သာ မှာကြားလိုက်သည်။ သူမသေနိုင်သေးပါဘူးမလား ဓားပြတွေပြောတဲ့အတိုင်း ပြန်ပြောလိုက်ရင် ဂျွန်ဂျောင်ဂုက သူတို့ကို အမှုန့်ကြိတ်ပစ်ဖို့ ရောက်လာခဲ့မှာ သေချာတယ်။ သူ့ကိုဒီလောက် စော်ကားပြောထားတာတွေကို သူဘက်က မှန်ကန်ကြောင်း သက်သေလာပြသင့်တယ်မလား ဒန် ဒီလူတွေပြောသမျှအကုန် မချွင်းမချန်ပြန်ပြောပြနိုင်ဖို့ မျှော်လင့်တယ်။ ဒါမှ သူဒေါသထွက်ပြီး ဓားပြတွေကို ပညာပေးဖို့ ရောက်လာခဲ့မှာ..
_____________TBC
ပျင်းနေတယ်သိလား ရေးပြီးသားတင်ဖို့တောင် ပျင်းတယ် 😓
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



