Fanfics

ep28

16:07, 28 October 2023

" ဦးစီးယွန် ကျွန်ုပ်အိမ်တော်ထိ တကူးတက ‌လိုက်လာခဲ့ရလို့ အားနာရပါတယ် အခုလိုသတင်းလာမေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

" ကိုယ် စိတ်ပူနေတာ မင်းကိုစက်ရုံမှာမတွေ့ခဲ့ရလို့ သူတို့ပြောတာ မင်းနေမကောင်းလို့ စက်ရုံကိုမလာနိုင်ဘူးဆိုတာကြားလို့ သတင်းမေးရအောင် ရောက်လာခဲ့လိုက်တာ "

" နေကောင်းက သက်သာနေပါပြီ။ စက်ရုံကိုမရောက်ဖြစ်တာက တခြားဘက်မှာအလုပ်ရှုပ်နေလို့ပါ အလကားသက်သက်ဦးစီးယွန်ကို စိတ်ပူစေမိပြီ "

" နေကောင်းဖို့ကသာ အဓိကပါ ကိုယ်ကလည်း မင်းတကယ်နေကောင်းရဲ့လားဆိုတာ ကိုယ်တိုင်မြင်ချင်လို့ အိမ်ထိ ရောက်လာခဲ့မိတယ် ကိုယ်လာလို့ အနှောင့်အယှက်ဖြစ်သွားရင်တော့ အားနာရပါတယ် "

" မဟုတ်တာ မဟုတ်ဘူး။ ဦးစီးယွန်အချိန်တိုင်း လာလည်နိုင်ပါတယ် ကျွန်ုပ်က ဦးစီးယွန်ကို အမြဲကြိုဆိုနေမှာပါ။ ဦးစီးယွန်လာတုန်း ကျွန်ုပ်ရဲ့ ဧည့်ခံမှုကို လက်ခံပေးပါအုံး.. ဒါက ကျန်းမာရေးအတွက်ကောင်းတဲ့ ဂျင်ဆင်းလက်ဖက်ရည်လေးပါ ကျွန်ုပ်တို့ အတူသောက်ကြရအောင် "

သူတို့လက်ဖက်ရည်သောက်ရင်း ရောက်တတ်ရာရာ စကားစမြည်းပြောနေကြသည်။ ဒီနေ့ အိမ်တွင် မစ္စမာရင်းတို့ သားအမိနှစ်ယောက်စလုံး ရှိနေသည်။ သူတို့က သူနှင့်ဦးစီးယွန်တို့ စကားဝိုင်းကို ခပ်လှမ်းလှမ်းကနေ အကဲ‌ခတ်နေကြသည်။ ပြီးရင် သူတို့အားကိုးရတဲ့ အရှင်သခင်ကြီးဆီ စကားပါးအုံးမှာသိတော့ ဆော့ဂျင်အမြင်ကတ်ကတ်နဲ့ ပိုနေပြလိုက်သည်။ တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး မဟုတ်တာကိုလည်း အဟုတ်လုပ်ပြောနေတဲ့ သားအမိကို သူကြာလေ စိတ်ကုန်လာလေ.. သူသည်းခံလာတာ ဝန်ကြီးချုပ်နဲ့လက်ထပ်လိုက်ကတည်းက အခုထိ သူတို့ပေးတဲ့ ဒုက္ခတွေကို ကွေ့ရှောင်ပြီးနေလာတာ။

ဂျွန်ဂျောင်ဂုအားကိုးနဲ့ သူ့ကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါနဲ့ သူတို့ကိုအဖက်မလုပ်ချင်လို့ တတ်နိုင်သလောက် လျစ်လျှူရှုထားတာကို သည်းမခံနိုင်တဲ့ကိစ္စတွေထိ ဝင်ဝင်စွက်ဖက်နေတာ သူအဲနေ့ကအပြတ်ပြောပြီး နောက်နေ့တွေလည်း မခေါ်ပြောဘဲနေသည်။ သူတို့ပေးတဲ့ စိတ်ဒုက္ခတွေကို အတတ်နိုင်ဆုံး မမြင်ရဖို့လုပ်ထားသည်။

" ဆော့ဂျင် နေလို့အဆင်ပြေရဲ့လား ဆော့ဂျင်အတွက် အဆင်မပြေရင် ကိုယ်ပြန်လိုက်တော့မယ်လေ ဆော့ဂျင်ရဲ့အခြေအနေလည်း ကြားသိရပြီးပြီပဲ "

ဦးစီးယွန်က သူတို့နဲ့မလှမ်းမကမ်းတွင် အကဲခတ်နေကြတဲ့ သားအမိကြောင့် အရိပ်အကဲကြည့်ပြီး ပြန်ဖို့ပြောလာသည်။ ဆော့ဂျင်ကတော့ ဂရုမစိုက်ဘဲ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးပြုံးလေးပင် တုံ့ပြန်လိုက်သည်။

" သူတို့က အပြစ်ပြောဖို့ကြည့်နေတာလေ ဦးစီးယွန်အနေရခက်နေပြီထင်တယ် "

" ကိုယ်က မင်းအဆင်မပြေမှာဘဲစိုးတာ သိတယ်မလား.. ကိုယ်အခုလိုလာလည်လို့ သူတို့မင်းကို မဟုတ်တမ်းတရားတွေပြောလာမှာပဲ ကိုယ်ကစိုးရိမ်တာပါ။ ကိုယ်ကသူတို့ဘာပြောပြော ဘယ်လိုမှမနေပါဘူး။ မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ကဂရုစိုက်တာ သိတယ်မလား "

" ဒါဆို ဦးစီးယွန်မစိုးရိမ်နဲ့တော့ ကျွန်ုပ်သူတို့ကို ဂရုမစိုက်ဘူး "

ဆော့ဂျင်ဦးစီးယွန်ကို အပြုံးတစ်ခုနဲ့ ပြန်ပြောလိုက်ပြီး ဂရုမစိုက်စွာ လက်ဖက်ရည်ကိုသောက်နေခဲ့ရင်း ဦးစီးယွန်နဲ့ စကားတွေပြောနေခဲ့သည်။ ဦးစီးယွန်သူနဲ့စကားလက်ဆုံကျပြီး မှောင်ယံချိန်မှ အိမ်သို့ပြန်သွားသည်။ ဦးစီးယွန်ကို သေချာဂရုတစိုက် နှုတ်ဆက်ပြီးမှ သူအိမ်ထဲသို့ ဝင်လာခဲ့သည်။

" ပြောရင်ဖြင့် ငါတို့အလွန်ဖြစ်ပါအုံးမယ်မဒမ်ရယ် အနေအထိုင်လေးလည်း ဆင်ခြင်ပါအုံးလား အိမ်အထိပါ ချိန်းတွေ့နေတာကိုတော့ ဘယ်လိုများငြင်းအုံးမလဲ "

ဆော့ဂျင်က မကြားချင်ဟန်ဆောင်ပြီး အပေါ်တက်လာခဲ့တော့ လှေကားထိပ်တွင် ဂျွန်အယ်ရိုနှင့်တွေ့သည်။ အယ်ရိုက သူ့ကို အနည်းငယ်မရွှင်မပြနဲ့ ကြည့်နေပြီးမှ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ သူကတော့ သူတို့မျက်နှာချင်းဆိုင်မတွေ့မိတဲ့တစ်ခဏ ဘာတွေပြောင်းလဲသွားလဲမသိလိုက်။ ကြည့်ရတာ သူနဲ့ဂျွန်ဂျောင်ဂုမခေါ်ကြတော့ရာကနေ အယ်ရိုကလည်း သူ့ဦးလေးငယ်ဘက်လိုက်ပြီး သူ့ကိုမခေါ်ချင်တော့တာထင်တယ်လို့ သူကလေးဆန်ဆန် တွေးလိုက်သည်။

တကယ်တော့ ဂျွန်ဂျောင်ဂုက သူနဲ့ကိစ္စတွေ ဖြစ်ပြီးကတည်းက အိမ်မပြန်လာတော့တာ အခုထိပင်။ အရင်လိုဆို သိချင်စိတ်နဲ့ ဒန်ကိုဖြစ်ဖြစ် မေးမိမှာပေမဲ့ အခုတော့ သူ့ဘက်က လုံးဝအစမဖော်မိ။ ဒန်ကလည်း အကဲခတ်မိမည်ထင် သူ့အကြောင်းတစ်ခွန်းမှ ဟမလာဘဲ သူအဆင်ပြေရဲ့လား နေကောင်းရဲ့လားပဲ မေးလေ့ရှိသည်။ ဒန်ကပြောလာရင်လည်း သူစိတ်ဆိုးမှာမဟုတ်ပါဘူး။ မဟုတ်လည်း သူ့အကြောင်းတွေက အပြင်ဘက်မှာ အနှံ့ကြားနေရသည်။ အိမ်တော်မှာဆိုလည်း မစ္စမာရင်းတို့က ပါးစပ်ကမချ ပြောနေကြသည်လေ။ သူက တာဝန်ထမ်းဆောင်ရက်မပြည့်သေးပေမဲ့ စစ်တပ်က ဆင့်ခေါ်‌စာကြောင့် အရေးပေါ်တာဝန်ထမ်းဆောင်လိုက်ရသည်တဲ့။ အဲဒါကလည်း အခုမြို့တော်မှာ ဖြစ်ပျက်နေတဲ့ ခိုးဆိုးလုယက်မှု ဓားပြအဖွဲ့ကို ကိုင်တွယ်ရမည်တဲ့။ ထိုသတင်းက အိမ်တော်မှာတင်မက သူတို့စက်ရုံနဲ့ မြို့ထဲနေရာအနှံ့မှာပင် ပြောစရာသတင်းတစ်ပုဒ် ဖြစ်နေသည်။ ချဲ့ကားပြောသည်လား မည်သည့်အခြေအမြစ်ကြောင့် ပြောဆိုသလဲတော့မသိ လူတွေပါးစပ်ဖျားတွင် ဂျွန်ဂျောင်ဂုက သူရဲကောင်းဆန်ဆန်ဖြစ်တည်နေပြီး သူက ထိုအဖွဲ့ကို အပြတ်‌တိုက်ထုတ်ဖို့ အထက်က အမိန့်တွေနဲ့တောင် ဆန့်ကျင်ပြီး ကြွေးကြော်ထားသည်တဲ့။ တပ်ထဲက သူ့သတင်းက အပြင်လောကမှာ နားမဆံ့အောင်ပင် ကြားနေရသည်။

_____________________________

" လာကွယ် တို့ဗိုလ်ကြီးက အလုပ်များတဲ့သူ တို့ကြောင့် အချိန်တွေနှောင်းကုန်တော့မယ် အိမ်ထိန်းမင်က အိမ်တော်ကို သေချာစောင့်ရှောက်ထားနော် ကျန်တဲ့သူတွေလည်း တာဝန်ကို မလစ်ဟင်းစေနဲ့ ကြားလား အားလုံး "

မစ္စမာရင်းရဲ့အသံက သူတို့စားဖိုဆောင်ကနေပါ အတိုင်းသားကြားနေရသည်။ မနက်တည်းက သူတို့က စစ်တပ်ကို အလည်သွားဖို့ ပြင်ဆင်နေပြီး လက်ဆောင်ပဏ္ဏာတွေထုတ်ပိုးကာ အိမ်တော်ကသူတွေကို မှာကြားနေကြသည်။ သူတို့က ထိုအတွက် တက်ကြွနေကြပြီး ဂုဏ်လည်းယူနေကြသလို အသံစာစာနှင့်။ သူတို့ကိုလည်း အတူလိုက်ပါဖို့ မမေးသလို သူတို့ကလည်း အရေးတယူလုပ်ပြီးတောင် ဘယ်သွားမလဲ မေးမနေဘူး။ သူတို့က ဂျွန်ဂျောင်ဂုနဲ့ဆွေ‌မျိုးတော်စပ်နေတာကိုပင် ဂုဏ်ယူလို့ရှိနေကြသည်။ ဂျွန်ဂျောင်ဂုကလည်း စစ်တပ်မှာဆို နာမည်ကြီးပဲလေ သူလည်း ‌မျက်မြင်တွေ့ခဲ့ဖူးတာမလို့ သူ့ရဲ့ စစ်တပ်ထဲမှာ ကျော်ကြားမှုကိုတော့ မငြင်းရဲ။

" ဘာလဲ သူတို့နဲ့ လိုက်သွားချင်လို့လား "

သူအပြင်ဘက်ဆီသို့ ကြည့်ရင်း အတွေးဝင်နေတုန်း ဂျယ်နီ့စကားကြောင့် အမြန်အကြည့်လွဲကာ ဂျယ်နီ့ကို ကြည့်လိုက်သည်။ ထိုအခါ ဂျယ်နီက ဇွန်းခက်ရင်းနဲ့ ထမင်းတွေကို ထိုးမွှေနေရင်း သူ့ကို မျက်လုံးလှန်ကြည့်လာသည်။

" ဘာဖြစ်ထားကြတာလဲ "

" ဘာကိုလဲ "

" ကိုကိုနဲ့ သခင်လေးဂျွန်လေ.. "

" ငါတို့ဘာမှမဖြစ်ဘူး "

ဂျယ်နီက သူနှင့်ဂျောင်ဂုပြဿနာဖြစ်ထားတာ သိနေ၍လား သိချင်လို့ပဲမေးတာလား မသိပေမဲ့ သူဘာမှမဖြစ်သလိုသာ ပြန်ဖြေလိုက်သည်။ ထိုအခါ ဂျယ်နီက မယုံပေမဲ့ ထပ်မမေးလာတော့။ ဘာလို့အခုလိုမေးရတာလဲ ဂျွန်ဂျောင်ဂုအိမ်တော်ပြန်မလာတာက ကိစ္စကြီးတော့ မဟုတ်ဘူးမလား သူတို့ပြဿနာဖြစ်ထားကြပေမဲ့ သူကသူ့ဟာသူ အလုပ်ကိစ္စနဲ့သတ်သတ်သွားတာပါ။ သူနဲ့ကိစ္စကြောင့် လည်းမဟုတ် ဂျယ်နီက ဘာလို့ဒီလိုမေးရတာလဲ

နောက်ပိုင်း ဂျယ်နီနဲ့ဂျွန်ဂျောင်ဂုကလည်း အရင်လောက် အရောတဝင်နေတာမျိုး မရှိတော့ပါဘူး။ ဂျယ်နီကပဲ သူ့စကားနားထောင်လို့လား ဂျွန်ဂျောင်ဂုကပဲ သူတောင်းဆိုထားတာကြောင့်လား နှစ်ယောက်သား အရင်လို အရောတဝင်မရှိတော့တာကိုတော့ သတိထားမိသည်။

" ဟိုလူကြီးနဲ့ကရော ဘာတွေလဲ ဟိုသားအမိတွေက ကိုကိုနဲ့အဲလူနဲ့ကို အဆက်ဟောင်းတွေလို့ ပြောနေတာ ဘာတွေလဲ "" အဲဒါကိုကို့မိတ်ဆွေ "

" ဘာမိတ်ဆွေလဲ ကိုကို့ကိုမျက်စိကျနေတာအသိသာကြီး.. မကြိုက်ဘူးဆိုရင်လည်း အပြတ်ငြင်းလိုက်စမ်းပါ နှစ်ခွတွေ သုံးခွတွေ လုပ်မနေနဲ့ ကိုယ့်အနေအထားနဲ့ သူ့ထက်သာတဲ့သူ အများကြီးရွေးလို့ရနေတာပဲ ဂျယ်နီ့ကိုတော့ဖြင့် ဆုံးမနေလိုက်တာ အခုကိုကို့လုပ်ရက်တွေကရော မှန်နေတယ်ထင်နေလား "

" ဂျယ်နီ! ကိုကိုတို့က မိတ်ဆွေတွေပဲလို့ ပြောနေတယ်လေ မိတ်ဆွေတွေမလို့ မိတ်ဆွေလိုတော့ ဆက်ပတ်သက်နေအုံးမှာပဲ ဘယ်သူကဘာပြောပြော ဂရုစိုက်နေမှာမဟုတ်ဘူး ဘေးပတ်ဝန်းကျင်က စွပ်စွဲမှုတွေကြောင့် မိတ်ဆွေကောင်းတစ်ယောက်ကိုတော့ ဆုံးရှုံးခံမှာမဟုတ်ဘူး "

" အဲလူကြီးကတော့ ကိုကို့ကို မိတ်ဆွေလို သဘောမထားနိုင်တာ သေချာတယ်မလား ကိုကိုကိုယ်တိုင်ကလည်း သဘောမကျပေမဲ့ အပြတ်မငြင်းလွှတ်နိုင်ဘူး အသုံးချချင်သေးလို့ ဟုတ်တယ်မလား ကိုကိုက သခင်လေးဂျွန်တစ်ယောက်နဲ့ မလုံလောက်လို့လား အဲဒီလူကြီးက ပိုထောက်ပံ့ပေးနိုင်တယ်ဆိုလည်း အဲလူကြီးဆီသာ သွားလိုက်ပါတော့ ဘာလို့ဟိုလိုလိုဒီလိုလိုလုပ်ပြီး အသုံးချခံလို လုပ်နေရတာလဲ ပိုက်ဆံအတွက်နဲ့ အခုလိုလုပ်နေတာက ဘယ်လောက်ရှက်ဖို့ကောင်းလဲသိရဲ့လား "

" ဒါတောင်သူတို့က သခင်လေးဂျွန်နဲ့ကိစ္စမသိကြသေးလို့ အဲဒီကိစ္စကလည်း လူသိရှင်ကြားပေါ်လာရင် ဘယ်လောက်ထိ အရှက်ကွဲရအုံးမလဲ။ ကိုကိုကိုယ်တိုင်က ဂျယ်နီကိုတော့ ဂျွန်ဂျောင်ဂုနဲ့ ဝေးဝေးနေခိုင်းတယ် ကိုကိုကတော့ နေချင်တဲ့သူနဲ့နေ ဖြစ်ချင်သလိုဖြစ်မယ် အဲလိုလား ဂျယ်နီသခင်လေးဂျွန်နဲ့ ဆက်မပတ်သက်တော့တာက ကိုကို့စကားနားထောင်လို့ပဲမဟုတ်ဘူးနော် ဂျယ်နီကိုယ်တိုင်ကလည်း အဲလိုအမြင်ခံရ အပြောခံရမှာ ရှက်လို့ ရှက်လို့ရှေ့ဆက်မတိုးတော့တာ သိရဲ့လား "

" ဂျယ်နီ!! "

" လာမအော်နဲ့ ဂျယ်နီ့ကိုလာမအော်နဲ့ ကိုကိုက ဘာများမှန်နေလို့ လာအော်ချင်နေရတာလဲ ဂျယ်နီ့ကို အော်ချင်၊ဆုံးမချင်ရင် မှန်အောင်နေလေ ဂျယ်နီသိစကတည်းက ကိုကိုက မှန်အောင်မနေတာ ဂျယ်နီမျက်စိရှေ့မှာတင် ကိုကိုဘယ်လိုနေလဲ ဂျယ်နီမြင်နေရတာ ကိုကိုက ပိုက်ဆံတစ်ခုတည်းနဲ့ ညီမလေးနဲ့ ပတ်သက်နေတဲ့ ယောကျာ်းတွေကိုတောင် ဖြတ်ခုတ်ခဲ့တာ! "

ဖြန်း!

" ကိုကို!!! "

" ကြားကောင်းလို့နားထောင်နေတယ်များ ထင်နေလား ဟမ် ကိုယ့်အစ်ကိုကို ဒီလိုပဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့သင်ထားတာလား ဟမ်! မင်းကိုအလိုလိုက်ထားတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲနော် ကင်မ်ဂျယ်နီ "

" လာမဆုံးမနဲ့ လာမဆုံးမနဲ့လို့ပြောပြီးပြီ!! ဒီနေ့ကစပြီး လုပ်ချင်သလိုလုပ်ပြီး နေချင်သလိုနေမယ် ဘာမှလာမဆုံးမနဲ့ ဂျယ်နီ့ကို လာဆုံးမချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်အရင်ပြုပြင်လိုက်ပါအုံး ဟမ်! ကိုကို့ညီမက ကိုကို့ခြေရာပဲ နင်းတော့မှာ သိပ်လည်းကြောက်ပြမနေပါနဲ့ ကိုကို့ညီမပဲဟာ ဟက် "

" ကိုကိုကဒီအတိုင်းသာဆို ဂျယ်နီသခင်လေးဂျွန်ဆီ ပြန်သွားမှာ ဂျယ်နီဘယ်လိုနည်းလမ်းနဲ့ ပြန်သွားမလဲဆိုတာတော့ ကိုကိုမျက်တောင်မခတ် စောင့်ကြည့်ထားပေါ့.. တစ်ချက်လေးလွှတ်သွားတာနဲ့ ကိုကိုလိုက်မမီနိုင်တဲ့ ကိစ္စတွေ ဖြစ်သွားလိမ့်မယ် "

_______________________________

" သခင်လေးဂျွန်တော့ အရမ်းတွေ အလုပ်များနေမှာပဲနော် ဟယ်လင်လည်း ဘာမှမကူပေးနိုင်လို့ စိတ်မကောင်းဖြစ်မိတယ် ဟယ်လင်တစ်ခုခု ကူညီနိုင်တာရှိရင်ကောင်းမယ် ဒါမှမဟုတ် ဟယ်လင်နေ့တိုင်း သခင်လေးစားဖို့ အစားအသောက်တွေ လုပ်ပေးရမလားဟင် ဒါမှမဟုတ် အဝတ်အစားတွေ လျှော်ဖွတ်ပေးရမလား ဒါမှမဟုတ်.. "

" မိန်းကလေးဟယ်လင် ကိုယ့်အတွက် မလိုပါဘူး။ စစ်တပ်မှာ အစားအသောက်နဲ့ တစ်ကိုယ်ရည်တစ်ကာယကိစ္စတွေအတွက် ဘာမှမလိုအပ်ပါဘူး အဲဒါတွေလုပ်ပေးဖို့ သူ့တာဝန်နဲ့သူ စီမံထားပြီးသားပါ "

" ဟုတ်တာပဲနော် ဟယ်လင်အစိုးရိမ်လွန်သွားတယ် တကယ်တော့ ဟယ်လင်က သခင်လေးကို အိမ်တော်မှာလို နေရေးထိုင်‌ရေး အဆင်မပြေမှာ စိုးနေတာ "

" ကိုယ်စစ်တပ်ကို အခုမှပထမဆုံးရောက်ဖူးတာ မဟုတ်ပါဘူး။ သင်တန်းကာလတုန်းကဆို ပိုခက်ခဲမယ်ပြောရမယ် အခုက အရာအားလုံး ပုံမှန်ပါပဲ သူ့နေရာနဲ့သူနေတတ်ရမယ်လေ "

" အဲဒါကြောင့် သခင်လေးကို လေးစားအထင်ကြီးရတာပေါ့ သခင်လေးပြောတာမှန်ပါတယ် ဟယ်လင်ကကို စိုးရိမ်ကြီးနေတာ ဒီနေ့ ဟယ်လင်တို့ကို အချိန်ပေးတွေ့ပေးလို့ ကျေးဇူးတင်ပါတယ် အလုပ်များနေလျက်ကြားက အခုလိုအချိန်ပေးတာ ဟယ်လင်ကလည်း သခင်လေး အရေးကြီးကိစ္စတွေ ကိုင်တွယ်နေရတယ်ဆိုတော့ အားပေးချင်လို့ပဲ အခုလိုရောက်လာခဲ့ရတာ "

" ကျေးဇူးတင်ပါတယ်။ အိမ်တော်မှာရော အားလုံးအဆင်ပြေကြတယ်မဟုတ်လား "

" အားလုံးအဆင်ပြေတယ်လို့ ပြောလို့ရပါတယ် မဒမ်တစ်ယောက်ကလွဲရင်တော့ .. "

" သူဘာဖြစ်လို့လဲ "

ကင်မ်ဆော့ဂျင်အကြောင်းဖြစ်နေတော့ သူမျက်မှောင်ကုတ်ရင်း ပြန်မေးမိသွားသည်။ အိမ်တော်ကသတင်းတွေကို ကိန်းဝပ်ကနေတစ်ဆင့် ပြန်သိရပေမဲ့လည်း မစ္စမာရင်းတို့သားအမိဆီကလည်း နားထောင်ချင်သေးသည်။ အိမ်တော်ကအကြောင်းကို ဒီသားအမိတွေထက်တော့ ဘယ်သူမှ ပိုမသိနိုင်ဘူးမလား အထူးသဖြင့် ကင်မ်ဆော့ဂျင်အကြောင်း‌ကိုပေါ့..

" မပြောချင်တော့ပါဘူး သခင်လေးရယ် ထုံးစံအတိုင်းပဲပေါ့ ..အဲဒီဦးစီးယွန်ဆိုတဲ့သူနဲ့လေ သူက ပြောရင်‌ဖြင့်မကြိုက်ဘူး အနေအထိုင်က တစ်စက်မှ ဣန္ဒြေမရှိဘူးသိလား အခုဆိုရင် အိမ်ကို‌ပါခေါ်ပြီး မိုးမမြင်လေမမြင်ကို ဖြစ်နေကြပြီ။ သူတစ်ယောက်နဲ့ပဲ စိတ်ညစ်နေရတယ် သခင်လေးရယ် "

ဂျောင်ဂုက ကြားလိုက်ရတဲ့သတင်းတွေကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိရင်း နှုတ်ခမ်းက မထီမဲ့မြင်အပြုံးတစ်ခု ဖန်တီးထားလိုက်သည်။ ထင်တဲ့အတိုင်း သူမသိသေးတဲ့အကြောင်းအရာတွေ သိလိုက်ရသည်။ အင်ဟယ်လင်တို့သားအမိက ပိုပြောပေမဲ့ အမှန်တရားက တစ်ဝက်ပါနေပြီးသား.. ဒါဆို အိမ်အထိ တွေ့ကြတယ်ဆိုတာက အမှန်တရားပဲ။ သူ့ဘက်က သူ့လုပ်ရက်ကြောင့် အားနာစိတ်ဝင်နေမိတာ အလကားပဲ။ ဒီလူက ဒီလိုလူစားမျိုးဆိုတာ မေ့ပြီး သူ့ဘက်က ကောင်းပေးချင်နေမိတာ ဟက်

" အဲလောက်ဖြစ်နေရင် လက်ထပ်လိုက်ကြတော့လို့ မပြောလိုက်ဘူးလား "

" အမယ်လေး သခင်လေးရယ် မပြောရဲတော့ပါဘူး။ တလောက မာမီက သူတို့ကို တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှနေကြရင်လည်း လက်ထပ်ကြဖို့ အခုလို တွဲသွားတွဲလာလုပ်နေတာက မမြင်မတော်ဘူး ပြောစရာဖြစ်တယ်လို့ မာမီက ကောင်းကောင်းမွန်‌မွန်ပြောပြီး အကြံပေးတာတောင် မာမီ့ကို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တာ နောက်ဆုံး အိမ်ပေါ်က မောင်းချတဲ့အထိပါပဲ သူလုပ်ချင်တာလုပ်မယ် မမြင်ချင်တဲ့သူထွက်သွားပါတဲ့ "

" အဲလောက်ထိအောင်ပဲလား "

ဂျောင်ဂုက နည်းနည်းတော့ အံ့အားသင့်မိသည်။ အိမ်ပေါ်က မောင်းချရတဲ့ထိတောင် စိတ်တိုသွားရတယ်ပေါ့ ဟမ်း.. အဲဒါကြောင့် သူပြောတုန်းကလည်း ဒေါသထွက်နေတာ မအံ့ဩတော့ဘူး။ သူကရော အနေအထိုင် တတ်လို့လား.. သူတို့က မြင်တဲ့အတိုင်း‌ ပြောနေတာပဲလေ.. သူကမှန်တာပြောလို့ ခံပြင်းနေတာ မဟုတ်ဘူးလား ဟက်

" အဲထက်တောင်ဆိုးသေးတယ် မာမီက သခင်လေးက တိုက်တွန်းထားလို့ ပြောရတာလို့ ပြောတာတောင် သခင်လေးကိုပါ ဂရုမစိုက်ဘူးဆိုပြီး ဒေါသတွေပုံချသွားတာ တကယ်တော့ မာမီက သခင်လေးက အဲနေ့က ဦးစီးယွန်နဲ့မဒမ့်ကို သဘောတူပါတယ်လို့ ပြောထားတာမလို့ မာမီက အိမ်သားတွေကိုယ်စား နှစ်ယောက်သားတစ်အိုးတစ်အိမ်ထူထောင်ဖို့ သဘောတူကြောင်းပြောတာလေ အဲဒါကို မာမီ့ကိုရော သခင်လေးကိုပါ ဂရုမစိုက်ဘူး လုပ်ချင်သလိုလုပ်မယ်လို့ ပြောသွားတာပဲ တကယ်ကြောက်ဖို့ကောင်းတာပဲ "

ထပ်ပြောလာတဲ့စကားတွေကြောင့် သူ့မျက်မှောင်တွေက ပိုလို့ကုတ်ဝင်လာခဲ့သည်။ အခုသူပါ သဘောတူတယ်လို့ ပြောလိုက်တာပေါ့ သူက.. သူက.. ဘယ်တုန်းကလဲ သူကဘာလို့ သဘောတူရမှာလဲ! သူနဲ့အပေးအယူမျှပြီး  အိပ်‌ရာပေါ်မှာဆွဲဆောင်မှုရှိလွန်းလို့ သူ့စည်းစိမ်တွေနဲ့ ပုံအောပြီး အတူအိပ်ဖို့ခေါ်ထားတဲ့ သူ့မရီးနဲ့လေ လုပ်လို့တောင်မဝသေးတာကို! သူ့ပါတနာလို့ပြောလို့ရတဲ့သူ့လူကို သူက တခြားတစ်ယောက်နဲ့ သဘောတူတယ်! ဘယ်လိုဟာသလဲ!

သူအင်ဟယ်လင်ကို မျက်မှောင်ကုတ်ကြည့်လိုက်တော့ အဖြစ်အပျက်တွေက တကယ်ဖြစ်ပျက်ခဲ့တာတွေကို အခြေခံပြီး ပြောနေတာ ဖြစ်ဖို့များသည်။ သူမက ပြန်တွေးနေရင်းတောင် ထိုသို့ပြောခံခဲ့ရ၍ မခံမရပ်နိုင် ဒေါသဖြစ်နေသည်။

" မိန်းကလေးဟယ်လင် ကိုယ်ကိစ္စတချို့ကို မေ့နေပြီ အဲဒါဘယ်အချိန်တုန်းက ဖြစ်ပျက်ခဲ့တာလဲ ကိုယ်က မရီးကိုလက်ထပ်ဖို့ ပြောခဲ့တယ်ဆိုတာ "

ဂျောင်ဂုက သူအမှန်တကယ်ပြောခဲ့လားဆိုတာ မမှတ်မိနိုင်ဖြစ်နေသည်။ သူဘယ်အချိန်တုန်းက ပြောခဲ့တာလဲ! သေချာပေါက်သူ့ဘက်က ပြောခဲ့အုံးတော့ သူပြောခဲ့တာ တခြားရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်လိမ့်မည်။ သူတို့ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့အချိန်တုန်းက ကင်မ်ဆော့ဂျင်နဲ့အဲဒီသက်ကြီးကောင်တို့ အကြည်စိုက်နေတဲ့မြင်ကွင်းကြောင့်ပဲ အမြင်ကတ်ကတ်နဲ့ ပြောထွက်သွားခဲ့လိုက်လေသလား.. ဟမ်း ဒါကို အတည်ကောက်ပြီး ကင်မ်ဆော့ဂျင်ကို သူကပြောတာဆိုပြီး သွားပြောခဲ့ရင်တော့..

" ဟယ်လင်တို့ အယ်ရိုဆုရလို့ ညစာအတူစားကြတော့ မဒမ်လည်း ဦးစီးယွန်တို့မိသားစုနဲ့ အတူလာကြတယ်လေ အဲတုန်းက သခင်လေးက သူတို့ကိုသဘောတူကြောင်း ပြောလာတော့ မာမီက သခင်လေးကိုယ်စား မဒမ့်ကို ပြန်ပြောပြတာကို ဘာကိုစိတ်တိုသွားမှန်းမသိဘူး ဟယ်လင်တို့က ‌အကောင်းနဲ့ တိုက်တွန်းတာကို.. "

ဒါဆို အဲဒီနေ့ကပဲပေါ့.. အဲဒီနေ့ကပဲ သူနဲ့ကင်မ်ဆော့ဂျင် စကားများခဲ့ကြတယ်။ အဲတုန်းက ကင်မ်ဆော့ဂျင်က ဒေါသထွက်နေခဲ့တာတော့ သူသိသည်။ ဘာကိုဒေါသထွက်နေမှန်းပဲ သူမသိတာ .. ဒါဆို ‌အဲတုန်းက ဒေါသထွက်နေခဲ့တာက သူနဲ့ဟိုလူကို လက်ထပ်ဖို့ ပြောလိုက်လို့ပေါ့ ဒါကြောင့်ပဲ သူ့ကိုသူ့ကိစ္စတွေမှာ ဝင်မပါဖို့ ပြောခဲ့တာပေါ့.. သူအဲဒါကို ဘယ်လိုမျိုးပုံစံနဲ့ပြောခဲ့လဲ မသိပေမဲ့ မစ္စမာရင်းတို့က ပိုပြောခဲ့တယ်ဆိုတာတော့ သေချာသည်။ မဟုတ်ရင် ကင်မ်ဆော့ဂျင် အဲလောက်ထိ ဒေါသထွက်လာမည်မဟုတ် တကယ်ပဲ သူတို့‌နှစ်ယောက်ကြားက ပြဿနာက အဲဒီလူနဲ့လက်ထပ်ဖို့ကိစ္စကြောင့် ဖြစ်လာခဲ့သည်ပေါ့ ဟမ်း..

______________TBC

မနက်ဖြန်အပ်ဒိတ်မရှိဘူး။ အကြွေးတွေလည်း ကျေပြီနော် 🙄

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories