ep24
15:25, 22 October 2023ဒီနေ့က အယ်ရိုတို့ကျောင်းရဲ့ ဘက်စုံထူးချွန်ပြိုင်ပွဲနေ့ဖြစ်သည်။ ဂျယ်နီကလွဲရင် ဂျွန်အိမ်တော်က အိမ်သားအားလုံးက သခင်လေးအယ်ရိုကို အားပေးဖို့အတွက် ကျောင်းတို့ရောက်နေကြသည်။ ဂျယ်နီက သူနဲ့လည်းမခေါ်သလို ဟိုသားအမိတွေနဲ့လည်း မတည့်တော့ တမင်မလိုက်တာဖြစ်သည်။ သူလည်း ဂျယ်နီနဲ့ ဘယ်လိုအဆင်ပြေပြေနေရမလဲပင် မသိတော့။ သူကခေါ်ရင်တောင် ဂျယ်နီက လုံးလုံးကြီး သူ့ကိုလျစ်လျှူရှုထားသည်။ သူတို့မောင်နှမမခေါ်ကြတော့ ဘေးလူတွေက ပိုပျော်ပေါ့.. နောက်ပိုင်းဂျွန်ဂျောင်ဂုကလည်း ဂျယ်နီထက် ဟယ်လင်နဲ့ပိုတွဲဖြစ်တော့ သူတို့ဆိုတာ အကြိုက်ပေါ့.. ပ,ထုတ်လို့ရသွားပြီထင်နေမှာပေါ့..
ပြိုင်ပွဲက မြို့တော်ရဲ့ထိပ်တန်းဝင်ကျောင်းပီပီ လွန်စွာစည်ကားလှသည်။ ကျောင်းသားကျောင်းသူများနှင့် မိဘဆွေမျိုးများ စုံညီရောက်ရှိနေကြပြီး စည်ကားတဲ့ပြိုင်ပွဲတစ်ခု ဖြစ်လာသည်။ ကျောင်းအားကစားပြိုင်ပွဲသာသာပေမဲ့ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက အပြိုင်အဆိုင် ဖြစ်နေကြတာမလို့ ပွဲစဉ်တွေက ကြည့်ကောင်းလှသည်။ ပြိုင်ပွဲကြားထဲတွင် အကသီဆိုဖျော်ဖြေမှုတွေပါ ထည့်ပေးထားတော့ ကြားထဲ ပျင်းချိန်ပင်မရှိ။
အယ်ရိုတို့သေနတ်ပစ်ပြိုင်ပွဲက အကြီးမားဆုံးပြိုင်ပွဲဖြစ်တာမလို့ နောက်ဆုံးပွဲစဉ်တွင် ထည့်သွင်းထားသည်။ ရှေ့က အကြိတ်အနယ်ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ပြီး အယ်ရိုက စိတ်လှုပ်ရှားလို့နေသည်။ ပွဲတွင် မြို့တော်ရဲ့ ဝန်ကြီးချုပ်ပါ တက်ရောက်ပြီး အမှတ်ပေးဒိုင်လူကြီးတွေကလည်း အရာရှိဗိုလ်တွေဖြစ်သည်။ ဂျွန်ဂျောင်ဂုသည်လည်း အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရပြီး သူကလည်း အမှတ်ပေးဒိုင်အရာရှိတွေနဲ့ တစ်နေရာတည်း အတူထိုင်ရသည်။
သူက လက်ရှိအမှတ်အမြင့်ဆုံးရထားတဲ့ ထိပ်တန်းဗိုလ်လောင်းဖြစ်ထားတာကြောင့် ပထမရတဲ့သူကို သူက ဆုချီးမြှင့်ဂုဏ်ပြုပေးရမည်ပင်။ အယ်ရိုက ထိုကြောင့်ပိုစိတ်လှုပ်ရှားနေသည်။ သူသာ တစ်ခုခုချွတ်ချော်ပြီး ပထမဆုနဲ့လွဲခဲ့လျှင် သူက သူ့ဦးလေးငယ်နဲ့ဆုတက်ယူဖို့ရာ လွဲချော်တော့မည်ပင်။ ပြီးတော့ သူက သူ့ဦးလေးငယ်က သူအထင်ကြီးလေးစားရတဲ့သူမလို့ သူ့ဦးလေးငယ်သူ့အတွက်ဆုပေးတာကို လိုချင်မိသည်။ နောက်ထပ်အနေနဲ့ ဆုမရခဲ့လျှင် သူ့ဦးလေးငယ်မျက်နှာပျက်မှာကိုလည်း စိုးရိမ်လို့နေသည်။ ကလေးက ကျောင်းပြိုင်ပွဲလေးပင်ဖြစ်ပေမဲ့ ဝန်ထုတ်တွေ တနင့်တပိုးထမ်းပိုးထားကာ စိတ်ဖိစီးမှုဒဏ်ကို ခံနေရသည်။
" အယ်ရို ဒီလာအုံး "
သူ့မျက်စိရှေ့တွင် ဂဏာမငြိမ်ဖြစ်နေတဲ့ အယ်ရိုကို သူ့အနားလာထိုင်ဖို့ ခေါ်လိုက်သည်။ အယ်ရိုက သူ့ကိုအခုမှ သတိထားမိသလို ခပ်နှေးနှေးဖြင့် သူ့နားရောက်လာသည်။
" မင်းအလှည့်လိုသေးတယ် စိတ်တွေမလှုပ်ရှားနဲ့ သေနတ်ပစ်တာက လိုချင်တဲ့ ပစ်မှတ်ကိုထိဖို့ အာရုံစူးစိုက်ဖို့ပဲလိုတယ်လေ ဘာလို့ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ မင်းပုံစံကိုမြင်ရင် မင်းဦးလေးငယ်တော့ ဆူတော့မှာပဲ "
" ကျွန်တော်လည်း စိတ်မလှုပ်ရှားချင်ပါဘူး သူ့ဟာသူဖြစ်နေတာ.. မဒမ်ကင်မ် တကယ်လို့ ကျွန်တော်ဆုမရခဲ့ရင် ဘယ်လိုလုပ်မလဲ ဦးလေးငယ်ရဲ့တူဖြစ်ပြီး မလုပ်နိုင်ရင် ဦးလေးငယ်မျက်နှာပျက်ခံမှာ.. ဦးလေးငယ်ထိုင်နေတာကြည့်အုံး အရာရှိတွေနဲ့.. အဲအရာရှိတွေကပဲ အကဲဖြတ်အမှတ်ပေးကြမှာ ကျွန်တော်သာမလုပ်နိုင်ခဲ့ရင် ဦးလေးငယ်ရဲ့ အရည်အချင်းကို ထိပါးပြောဆိုကြမယ်ထင်တယ် "
" မင်းဦးလေးငယ်လား သူများပြောတာခံမှာ သူ့ကိုကြည့်ပါအုံး ဘယ်သူက သူ့ရှေ့မှာ သူ့တူလေးက ညံ့ဖျင်းလို့ ဆုမရဘူးဆိုတာ ပေါ်တင်လာပြောရဲမှာလဲ "
ဂျွန်ဂျောင်ဂုက တူညီဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အရာရှိတွေကြားတွင် ခြေချိတ်ထိုင်ပြီး နောက်ကို ခပ်လျှောလျှောမှီထားသည်။ အရာရှိတွေအကုန်လုံးက သူ့လိုအနေအထားနဲ့ တစ်ယောက်မှမထိုင်နေ ကိုယ်ဟန်ကိုယ်ထားကို ၉၀°မတ်မတ်ထိုင်ပြီး တည်ကြည်ဣန္ဒြေကြီးစွာဖြင့် ပြိုင်ပွဲကို အာရုံစိုက်ထားကြသည်။ သူကသာ ဒူးပေါ်တင်ထားတဲ့ခြေထောက်က တနှံ့နှံ့နဲ့ စားပွဲရှေ့က စားဖွယ်တွေကို စားသောက်ရင်း ပြိုင်ပွဲပေါ် အာရုံမရှိ။ ထိုသည်က ဘယ်သူဘယ်သူ့အပြောကိုမှ ဂရုမစိုက်တဲ့ မောက်မာပြီး အထက်စီးဆန်တဲ့ အမူအရာတွေကို မြင်ရစေသည်။
သူက တရားဝင်အရာရှိအဖြစ်တောင် မထမ်းဆောင်ရသေးဘူး။ သူ့ဘေးကသူတွေအကုန်လုံးက တာဝန်ထမ်းဆောင်နေစဲ အရာရှိဗိုလ်လောင်းတွေ .. သူ့ထက် ရာထူးရာခံရော ဝါရောကြီးသည်။ သူအခုလို မထီမဲ့မြင် ဂရုမစိုက်ဘဲ နေနိုင်သည်က သူက အားလုံးမရဖူးတဲ့ စံချိန်နဲ့အရည်အချင်းတွေကို ကျော်လွန်ထားတဲ့ အရာရှိလောင်းမလို့ သူက ထိုသို့နေနိုင်သည်။ အစိုးရက လိုအပ်နေတာကလည်း သူ့လိုအရည်အချင်းပြည့်မီပြီး တစ်ဖက်ကမ်းခတ် ထူးချွန်တဲ့ စစ်သားတွေမလို့ သူက တာဝန်မထမ်းဆောင်ခင်ကတည်းက ပ,စားပေးခံထားရသည်။ အကယ်၍ သူ့ကိုအယ်ရိုရဲ့ရလဒ်နဲ့ပတ်သက်ပြီး အရာရှိတစ်ယောက်ယောက်က ရှုတ်ချပြောနေမယ်ဆိုရင် သူက အဲဒီသူကို ချက်ချင်းစိန်ခေါ်ပြီး သူနှင့်ပြိုင်ခိုင်းလိမ့်မည်။ သူက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသလောက်လည်း တော်တဲ့တတ်တဲ့ လူစားမျိုးလေ..
" မင်းဆုရဖို့ကို စိတ်ထဲထားမနေနဲ့ မင်းဦးလေးငယ်အတွက်ဆိုရင်လည်း သူကမင်းကို ဘယ်နှခါများ ဖိအားပေးဖူးလို့လဲ မင်းပထမရမှဖြစ်မယ်လို့ ဘယ်နှခါကြိမ်းမောင်းဖူးလို့လဲ ပြောပါအုံး သူကအဲလိုဆုကို စိတ်ဝင်စားမယ်ထင်နေလား မင်းကိုသင်ပေးဖို့တောင် ငါဘယ်လိုသူ့ကို.. အဟမ်း.. ငါသူ့ကို သေချာပြောခဲ့ရတယ် တောင်းဆိုခဲ့တာ.. "
ဆော့ဂျင် ကလေးရှေ့မပြောသင့်တဲ့ကိစ္စတွေ ပြောမိတော့မလို့.. အယ်ရိုက သူ့စကားတွေကြောင့် နည်းနည်းတော့ စိတ်ငြိမ်စ ပြုသွားပါပြီ။ တကယ်တော့ သူလေးကိုယ်တိုင်ကလည်း ပထမကိုရချင်ပြီး သူ့ဦးလေးငယ်နဲ့ ဆုအတူရယူတာကို ကြွားချင်နေသေးတာလေ..
" ဦးလေးငယ်က ဆုရဖို့မပြောပေမဲ့ ရစေချင်နေမှာပဲလေ သူကိုယ်တိုင်သင်ပေးထားရပြီး ဆုပေးတဲ့အခါ သူ့တူ သူသင်ပေးထားရတဲ့ တပည့်လေးမဟုတ်ရင် စိတ်တော့ဘယ်ကောင်းပါ့မလဲ မဟုတ်ဘူးလား "
" မသိတော့ဘူး မင်းဟာမင်း ရအောင်လုပ်မယ်ဆိုလည်းလုပ် မပြောတော့ဘူး "
" ဟီးဟီး မဒမ်ကင်မ်ကလည်း.. ကျွန်တော်ပထမရရင် မဒမ်ကင်မ်လည်း သင်ဖို့မမေ့နဲ့နော် ကတိပေးထားတယ် "
အခုမှ ပေါ့ပေါ့ပါးပါးဖြစ်လာတဲ့ အယ်ရိုကို သူမျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။ မနိုင်ဘူး။ တကယ်တည်း သူမလုပ်နိုင်တာလည်း မဟုတ်ဘဲ တမင်စိုးရိမ်စိတ်ကြီးနေတာပါ။ အယ်ရိုအနေနဲ့ကြည့်ရင်လည်း စိတ်ဖိစီးစရာပါပဲ သူ့ဦးလေးက တစ်မြို့လုံးက အတော်ဆုံးအရာရှိဖြစ်တဲ့အပြင် ဆုကိုလည်း ကိုယ်တိုင်ချီးမြှင့်ပေးရအုံးမှာ.. ဆုပေးတဲ့အခါ ဆုရတဲ့သူက သူမဟုတ်ခဲ့ရင် ဂျွန်ဂျောင်ဂုထပ် သူကိုယ်တိုင်က ပိုခံစားနေရမှာ သူလည်း သူ့ဦးလေးငယ်ပေးတဲ့ဆုကို ယူချင်မှာပဲ။ ဦးလေးငယ်လည်းဖြစ်သလို မြို့တော်ရဲ့ အတော်ဆုံးအရာရှိလောင်းလည်း ဖြစ်တော့ ဆုရခဲ့ရင် သူ့အတွက် ဂုဏ်ယူစရာကိစ္စတစ်ရပ်ဖြစ်လာတော့မှာ။ မရခဲ့ရင်လည်း သူ့လောက်ဝမ်းနည်းမဲ့သူ ရှိတော့မှာမဟုတ်ဘူး။
ခဏလောက်သူတို့ ပြိုင်ပွဲဝင်တွေနားနေခန်းမှာ ရှိနေခဲ့ပြီးတော့ မကြာခင် ဂျွန်အယ်ရိုတို့ ယှဉ်ပြိုင်ရမည့်အလှည့် ရောက်လာပြီဖြစ်ကြောင်း အသိပေးလာသည်။ ထိုအသိပေးစကားကြောင့် ငြိမ်နေပြီးသား အယ်ရိုရဲ့စိတ်အစုံက ခုန်ပေါက်လာကာ စိတ်လှုပ်ရှားလာခဲ့ပြန်သည်။ သူက ကွင်းလယ်ပေါ်သွားရဖို့ စောင့်ဆိုင်းနေပြီး ဘေးက သူတို့က စိတ်မလှုပ်ရှားစေဖို့ ဖျောင်းဖျပေးနေရသည်။ သူတို့က စိတ်မလှုပ်ရှားအောင် သတိပေးနေပေမဲ့ အယ်ရိုက သူတို့ပြောစကားတွေကို နားထဲမဝင်နိုင်။
" ဂျွန်အယ်ရို! "
" ဦးလေးငယ် "
" မင်းအလှည့်ရောက်တော့မယ် မင်းအနေအထားကိုပြင်စမ်း ဒါကပြိုင်ပွဲပဲရှိသေးတယ် စစ်မြေပြင်ရောက်နေရင် မင်းဒီလိုပုံနဲ့ မင်းဗိုက်ထဲကျည်အပြည့်ဖြည့်ပြီးသွားနိုင်တယ် ဟမ် ကျောင်းကအပျော်ကျင်းပတဲ့ပြိုင်ပွဲတောင် မင်းက ဒီလိုဆောက်တည်ရာမရဖြစ်နေတယ် အရှုံးအနိုင်က မင်းတတ်ထားတဲ့ပညာတွေထဲမှာပဲ ရှိတယ် မင်းကိုငါ ဒီလိုပြိုင်ပွဲဝင်ပြိုင်ဖို့ထက် သာတဲ့ ပညာတွေနဲ့ လေ့ကျင့်ရေးဆင်းပေးထားတာ မင်းကဒီလောက်နဲ့ စိတ်လှုပ်ရှားနေရင် ငါသင်ထားသမျှ ရယ်စရာဖြစ်နေလိမ့်မယ် မင်းအာရုံစူးစိုက်နေတာကိုပဲ ငါလိုချင်တယ် "
" ဟုတ်ကဲ့ ဦးလေးငယ် "
အယ်ရိုက သူတို့ဝိုင်းဖျောင်းဖျနေတုန်းက နည်းနည်းလေးတောင် နားမဝင်ဘဲ သူ့ဦးလေးငယ်ဆူငေါက်သွားတော့ ချက်ချင်းငြိမ်ကျသွားပြီး ရှေ့ကပြိုင်ပွဲဝင်တွေဆီကိုပဲ အာရုံစိုက်ကာ သူ့အလှည့်ရောက်လာဖို့ တိတ်တဆိတ်စောင့်နေသည်။ အယ်ရိုဘေးတွင် ဂျွန်ဂျောင်ဂုက ဘောင်းဘီအိတ်ကပ်တွေထဲ လက်ထည့်ကာ ပြိုင်ပွဲဆီကို ကြည့်နေသည်။ သူလည်း အနားသွားလိုက်ပြီး ဘေးတွင်ကပ်ရပ်လိုက်သည်။ ဂျွန်ဂျောင်ဂုရဲ့ တည်ကြည်ပြီး အလေးအနက်ဖြစ်နေတဲ့ပုံက သူ့ကိုစနောက်ချင်စိတ်ဖြစ်စေ၍ သူအနားကို မသိမသာတိုးကပ်သွားရင်း နှစ်ကိုယ်ကြားစကားဖော်လိုက်သည်။
" မင်းကသူ့ကိုခြိမ်းခြောက်လိုက်တာပဲ သူကြောက်ပြီး အမှားတွေလုပ်မိကုန်ရင် ဘယ်လိုလုပ်မလဲ "
ဂျွန်ဂျောင်ဂုက သူ့ကိုတစ်ချက်သာ စောင်းကြည့်ပြီး ဘာမှပြန်မပြော.. ဂျွန်ဂျောင်ဂုအခုပုံက စစ်တပ်မှာ အသေအချာလေ့ကျင့်ပေးတတ်တဲ့ စည်းကမ်းကြီးတဲ့ နည်းပြဆရာတစ်ယောက်လိုပဲ တည်တည်ကြည်ကြည်ရှိနေသည်။ သူက အခုအချိန်မှာ အယ်ရိုနည်းတူ တည်ငြိမ်နေပြီး ခါတိုင်းလို စနောက်ချင်တဲ့ ပေါ့ပျက်ပျက်အမူအရာတွေရှိမနေဘဲ ပကတိတည်ငြိမ်နေသည်။ ဂျွန်ဂျောင်ဂုရဲ့ ထိုလိုပုံစံက စစ်တပ် ဒါမှမဟုတ်ရင် စစ်တပ်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ တွေ့ရခဲတော့ သူ့အတွက် အထူးအဆန်းပင်.. သူကတော့ အခုဂျွန်ဂျောင်ဂုပုံနှင့် ဆန့်ကျင်စွာ စနောက်ချင်စိတ်ရှိနေသည်။
" တကယ်လို့ သူပထမမရရင် ဘယ်လိုလုပ်မှာလဲ မင်းသူ့ကိုအပြစ်ပေးဖို့ စဉ်းစားထားတာလား "
ဆော့ဂျင်သူ့ဘေးနားယှဉ်ရပ်ရင်း မတိုးမကျယ်မေးလိုက်သည်။ ထိုအခါ သူက အရှေ့ကိုကြည့်နေရာကနေ သူ့ကိုတစ်ချက်စောင်းကြည့်ရင်း အရှေ့ကိုပြန်ကြည့်ကာ..
" ပထမမရနိုင်စရာအကြောင်းအရင်းက တစ်ချက်ပဲရှိတယ် စိတ်လှုပ်ရှားပြီး အာရုံစူးစိုက်မှုမရှိဘဲ အမှားလုပ်မိမှာ သူစိတ်လှုပ်ရှားပြီး အာရုံမစုစည်းနိုင်ရင်တော့ အပြစ်ပေးရလိမ့်မယ် "
" ဘာလို့ဒီလောက်သေချာနေရတာလဲ သူအခုမှ ဆယ့်လေးနှစ်ပဲရှိသေးတာ စစ်သားတွေလို အချိန်တွေအကြာကြီးလေ့ကျင့်ထားတဲ့ လေ့ကျင့်ရေးတပ်သားလည်းမဟုတ်ဘူးလေ တော်လွန်းတတ်လွန်းနေတဲ့ စစ်သားတွေကရော အမှားမလုပ်နိုင်ဘူးထင်နေလား သူကအခုမှ ကလေးပဲရှိသေးတယ် "
" သူ့ကို စစ်သားတွေလေ့ကျင့်သလိုပဲ လေ့ကျင့်ပေးထားတာ ကျုပ်သူ့အရွယ်မှာ ကျုပ်ထက်ဆယ်နှစ်လောက်ကြီးတဲ့သူတွေနဲ့ လက်သီးချင်းယှဉ်ထိုးပြီး သေနတ်ယှဉ်ပစ်ပြီးနေပြီ ကျုပ်ကိုဘယ်သူမှ သင်ပေးထားခဲ့တာမဟုတ်ဘူး "
" ဘယ်တူပါ့မလဲ မင်းတုန်းက အထိန်းအကွပ်မဲ့ပြီး လမ်းပေါ်ကလေကချေလိုနေခဲ့တာလေ.. ဟမ်း.. အယ်ရိုကတော့ အဲလိုဘယ်နေခဲ့လို့လဲ သူက စည်းကမ်းကြီးတဲ့ အုပ်ထိန်းသူလက်အောက်မှာ သိမ်သိမ်မွေ့မွေ့နဲ့လှလှပပကြီးပြင်းခဲ့ရတာလေ ဘယ်တူမလဲ "
ဆော့ဂျင်ရုပ်တည်ကြီးနဲ့ သူ့ကိုနင်းပြီး သူ့ကိုယ်သူအကောင်းဘက်ကနေပြောတော့ ဂျွန်ဂျောင်ဂုက အရှေ့ဘက်ဆီကိုပဲ မျက်မှောင်ကုတ်ကြည့်နေရာကနေ သူ့ဘက်လှည့်လာပြီး ခပ်စူးစူးကြည့်လာသည်။ သူချောင်းတစ်ချက်ဟန့်ရင်း ပြုံးချင်တာကို တည်ထားရင်း အရှေ့ဘက်စီကိုသာ ကြည့်နေသည်။
" ကင်မ်ဆော့ဂျင် "
" ဟမ် "
ရုတ်တရက်သူ့နာမည်ခေါ်သံကြောင့် သူထူးမိပြီးသားဖြစ်သွားပြီး ဘေးကိုလှည့်ကြည့်လိုက်သည်။ ထိုအခါ ဂျွန်ဂျောင်ဂုက သူ့မျက်နှာနားငုံ့ကိုင်းရင်း အပြုံးအရယ်မရှိ တည်တံ့လျက် သူ့ကိုစေ့စေ့ကြည့်နေသည်။
" တကယ်လို့ သူအပြစ်ပေးခံရမယ်ဆိုရင် သူ့အစား ခင်ဗျားကိုပဲ အပြစ်ပေးတော့မယ် ခင်ဗျားက သူ့အုပ်ထိန်းသူပဲမလား.. ပြီးတော့ သူ့ကိုသင်ပေးဖို့ ခင်ဗျားပဲ အတင်းအကြပ်တောင်းဆိုထားရတာဆိုတော့.. ဟင် "
သူကဘာဆိုင်လဲဆိုတာ ပြန်ချေပခါနီး သူက သူ့မျက်နှာနားမှ ပြန်ခွာသွားပြီး မူလပုံစံအတိုင်း ပြန်ရပ်နေသည်။
" တကယ်လို့ ပထမရခဲ့တယ်ဆိုရင်ရော.. "
ထိုအခါ သူ့ဘက်ပြန်လှည့်လာပြီး သူ့တစ်ကိုယ်လုံးကို အပေါ်အောက်တစ်ချက်ကြည့်ကာ ပြန်လှည့်သွားသည်။
" ဆုချရမှာပေါ့.. ခင်ဗျားကို "
" ဘာလို့ငါ.. "
ထိုအချိန် တာဝန်ရှိသူက ပြိုင်ပွဲဝင်တွေ အသင့်ပြင်ထားဖို့ မိုက်ကရိုဖုန်းကနေတစ်ဆင့် အသိပေးသံထွက်လာသည်။ ထိုအခါမှ သူတို့စကားစပြတ်သွားပြီး အယ်ရိုနားလူစုသွားကြသည်။ အယ်ရိုကို အကောင်းဆုံးလုပ်ခဲ့ဖို့နှင့် စိတ်မလှုပ်ရှားစေဖို့ မှာကြားကြသည်။
" ဂျွန်အယ်ရို ငါဒီကနေကြည့်နေမှာ မင်းစိတ်လှုပ်ရှားနေတာမျိုး မလိုချင်ဘူး အမှားမလုပ်မိစေနဲ့ မင်းအတွက် ခက်ခဲတာဘာတစ်ခုမှမရှိဘူး။ မင်းတတ်ထားတာတွေနဲ့ ဒီနေရာမှာပြသရတာက သေးသေးလေးပဲရှိသေးတယ် အာရုံကိုတစ်နေရာတည်းမှာပဲ ရှိနေတာလိုချင်တယ် "
" ဟုတ်ကဲ့ ဦးလေးငယ် "
ဂျွန်ဂျောင်ဂုဆုံးမနေတော့ အယ်ရိုအပြင် ဘေးကသူတွေပါ ငြိမ်လျက်နားထောင်နေကြသည်။ သူကတော့ အယ်ရိုကို အားတက်အောင်ပြောနေတယ်လို့မမြင်ပေ။ ကလေးကို သူ့လိုစိတ်ကြီးဝင်အောင် သင်ပေးနေသလိုပဲ..
" အမှားက လုပ်ချင်လည်း လုပ်မိနိုင်တာပဲလေ ဒီလောက်လူတွေအများကြီး စိတ်လှုပ်ရှားမှာပေါ့ "
" လူများတိုင်း စိတ်လှုပ်ရှားရမှာလား ဒီလူတွေက ကိုယ့်ကိုသတ်မဲ့ ရန်သူတွေမဟုတ်ဘူး စစ်မြေပြင်မဟုတ်ဘူး ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ အမှားမခံနိုင်ဘူး "
" ဘာပဲပြောပြောလေ သူကကလေးပဲရှိသေးတယ် လူတွေအများကြီးကြား သူ့စွမ်းရည်ကို ပြသရမှာဆိုတော့ အနည်းနဲ့အများ စိတ်လှုပ်ရှားနေမှာပဲလေ မင်းသူ့ကို ကောင်းကောင်းလုပ်ဖို့သာ မှာစမ်းပါ သူ့အတွက်ဝန်ပိရအောင်မလုပ်နဲ့ "
" မဒမ်ကင်မ် ကျွန်တော်အကောင်းဆုံးလုပ်မှာပါ စိတ်မပူပါနဲ့နော် ကျွန်တော်လုပ်နိုင်တယ် "
သူတို့နှစ်ယောက် စကားများရန်ဖြစ်နေကြတော့ အယ်ရိုက နှစ်ယောက်ကြားဗျာများပြီး ဖျန်ဖြေပြောလာတော့ သူပဲလက်လျှော့လိုက်ရတော့သည်။ မဟုတ်ရင် ခဏနေစင်ပေါ်တက်ရတော့မဲ့ကလေးက သူတို့ကြောင့် ပိုစိတ်ရှုပ်ရတော့မည်။
" ကျုပ်က ကျုပ်သင်ပေးထားရင် သင်ထားသလောက် ပြန်လိုချင်တာ အပိုစကားတွေမပြောဘူး လက်တွေ့ပြတာပဲ လိုချင်တယ်။ ဂျွန်အယ်ရို ငါမင်းကိုသင်ပေးတဲ့အတိုင်းရလဒ်တွေပဲ ငါလိုချင်တယ် ငါမင်းကို ဒီလောက်ပြိုင်ပွဲထက်ကို အများကြီးလေ့ကျင့်ပေးထားတာ အဲဒါကိုသဘောပေါက်ထား "
" ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် မဒမ်ကင်မ်လည်း စိတ်မပူပါနဲ့ ကျွန်တော်လုပ်နိုင်တယ် မဒမ်ကင်မ်သာ ကတိတည်ပါ "
သူ့ဦးလေးငယ်ပြောရင် တစ်ခွန်းဆိုတစ်ခွန်း နာခံသွားတဲ့ အယ်ရိုကို ရိုက်ပစ်ချင်မိသည်။ အဲလောက်တောင် လေးစားပြီး ကြောက်ပြနေတယ်ပေါ့ ဟမ် သူတို့နှစ်သိမ့်ပြောဆိုတာတွေတော့ တစ်ခုမှနားမဝင်ဘဲနဲ့..
" သွားတော့ အသင့်သွားတန်းစီနေတော့ "
" ဟုတ်ကဲ့ ကျွန်တော်သွားပြီ ဖွားဖွား ဒေါ်လေးငယ် မဒမ်ကင်မ်.. "
အယ်ရိုက သူတို့ကိုအရိုအသေပေးပြီး ပြိုင်ပွဲဝင်တွေတန်းစီနေတဲ့နား သွားလိုက်သည်။ အယ်ရိုအလှည့်ကျတဲ့အထိ သူတို့ကတော့ ထိုနေရာကနေသာ ရပ်ကြည့်နေကြသည်။ ဂျွန်ဂျောင်ဂုမှာထားသလိုပါပဲ အယ်ရိုက ဘယ်မှတောင် မျက်စိမကစားတော့ဘဲ ပြိုင်ပွဲကိုသာ အာရုံစူးစိုက်ထားသည်။ ကြားထဲကြည့်နေတဲ့သူတို့ကသာ စိတ်လှုပ်ရှားနေကြသည်။ တခြားကလေးတွေထက်စာရင် အယ်ရိုက တည်တည်ငြိမ်ငြိမ်နဲ့ သေချာလုပ်ဆောင်နိုင်နေသည်။ တကယ်ပဲ စိတ်တည်တည်ငြိမ်ငြိမ်ရှိနေတာက အားသာချက်တစ်ခုပါပဲလားဆိုတာ မြင်လိုက်ရသည်။
အယ်ရိုက ကောင်းကောင်းလုပ်နေတာမြင်ရတော့ သူဂျွန်ဂျောင်ဂုကို မချီးကျူးဘဲမနေနိုင်တော့.. ဂျွန်အယ်ရိုက ခုနက စိတ်လှုပ်ရှားခုန်ပေါက်နေတဲ့ ကလေးနဲ့ လုံးဝကွာခြားကာ လုပ်နေကြလိုပင် အဆင့်တစ်ဆင့်ခြင်းစီကို မှန်မှန်လုပ်ဆောင်သွားသည်။ ဂျွန်ဂျောင်ဂုကတော့ မျှော်လင့်ထားသလိုပဲ ဆိုတဲ့ပုံစံနဲ့ အေးအေးလူလူသာ ကြည့်နေသည်။ ဂျွန်ဂျောင်ဂုရဲ့ယုံကြည်မှုရှိလွန်းတဲ့ပုံစံက အမြင်ကတ်စရာကောင်းလောက်အောင်ကို သဘောကျချင်စရာကောင်းနေသည်။
" အယ်ရိုက တော်လိုက်တာ မာမီ "
" ဟုတ်ပါ့ကွယ် ငါ့မြေးက တော်လိုက်တာကွယ် "
" သခင်လေးဂျွန်က သေချာသင်ပြနိုင်လို့ပဲမာမီရဲ့ "
" ဟုတ်ပါ့ကွယ် သခင်လေးပညာပြည့်လို့ အယ်ရိုလေးက အပြည့်အဝသင်ယူနိုင်ခဲ့တာ ကြည့်စမ်းပါအုံးကွယ် "
ဂျွန်ဂျောင်ဂုက သူ့ကိုချီးကျူးနေလည်း တစ်ချက်တောင် အသိအမှတ်ပြုသလို ပြန်မပြုံးပြဘူး။ တော်တော်လေးကို မာန်ထောင်လွှားနေတာပဲ.. သူ့နေရာမှာ ဘယ်သူမဆို ချီးကျူးခံရရင် အနည်းနဲ့အများ မနေတတ်ဖြစ်သွားကြသည်။ သူကတော့မဟုတ် တစ်ချက်ပင် အမူအရာမပျက်။ နေလည်းနေတတ်သည်။
" သခင်လေးအယ်ရိုပထမရသွားပြီမလို့ အစ်ကိုသခင်လေးအယ်ရိုဆီက ပြန်သင်ရတော့မှာပေါ့နော် "
အယ်ရိုစင်ပေါ်ကနေ ပထမရလို့ ပျော်နေတာကိုကြည့်နေရင်း ဘေးက ဒန့်စကားကြောင့် သူပြုံးနေတာကို ရပ်လိုက်မိသည်။ ဂျွန်ဂျောင်ဂုသည်လည်း သူ့ကိုကြည့်လာသည်။ ဟမ်း.. သူတောင်မစဉ်းစားထားမိဘူး။ အယ်ရိုပထမရမရသူအဲလောက်ထိ အလေးမထားထားတာမလို့ ထိုကတိကိုလည်း သူပေါ့ပေါ့ပါးပါးပင် မေ့ထားမိသည်။ ဟမ်း.. တကယ်ပဲ သူသင်ရတော့မှာလား..
" ငါ.. ဟမ်း.. "
ဂျွန်ဂျောင်ဂုကသူ့ကို လက်ပိုက်လျက် သေချာကြည့်နေ၍ သူဘာပြန်ဖြေရမှန်းမသိတော့။ ဂျွန်ဂျောင်ဂုနဲ့ကြ စကားများရန်ဖြစ်ပြီး ဆက်မသင်တော့ဘဲ ဒီကလေးဆီကမှ ပြန်သင်ရမည်က ရှက်ဖို့ကောင်းသည်မလား.. ဟမ်း..
" ဆော့ဂျင် "
ထိုအချိန် သူတို့အနားရောက်လာတဲ့ ဦးစီးယွန်.. ဦးစီးယွန်နှင့် ကလေးနှစ်ယောက်။ ဦးစီးယွန်တွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသည်။ သားကဆယ်နှစ်အရွယ်လောက်ရှိပြီး သမီးလေးက ငယ်သေးသည်။
" ဦးစီးယွန်.. "
" မဒမ်ကင်မ်.. "
သူက ဦးစီးယွန်နှင့် ရင်းနှီးရုံမက ကလေးနှစ်ယောက်နှင့်ပါ ဆက်ဆံရေးကောင်းသည်။ မိန်းကလေးငယ်လေးကိုဆို သူထိန်းဖူးသည်။ ထိုကလေးမလေးက သူ့ကိုတော်တော်လေးလည်း ခင်တွယ်သည်။ အခုလည်း သူ့ကိုမြင်တော့ အနားပြေးလာပြီး ပွေ့ခိုင်းနေ၍ သူပွေ့ချီလိုက်သည်။
" အယ်ရိုလေးပထမရတာ ဂုဏ်ယူပါတယ် တကယ်တော်တာပဲ ဝန်ကြီးချုပ်သွေးအပြည့်ပါတာလို့တောင် မှတ်ချက်ပြုမိတယ် "
" ကျေးဇူးတင်ပါတယ် အန်ကယ်ယွန် တကယ်တော့ အားလုံးက ဦးလေးငယ်ရဲ့သင်ပြမှုတွေကြောင့် အခုလို အကောင်းဆုံး လုပ်နိုင်ခဲ့တာပါ။ "
" အာ.. ဟုတ်တာပဲ ဒါဝန်ကြီးချုပ်ရဲ့ညီဖြစ်သူထင်တယ် တွေ့ရတာဝမ်းသာပါတယ် ဗိုလ်လောင်းဂျွန်.. အရာရှိသင်တန်းဆင်းလို့လည်း ကျွန်ုပ်ကြားထားတယ် တာဝန်မထမ်းဆောင်ရသေးပေမဲ့ မြို့တော်မှာ သတင်းတွေက တော်တော်လေးမွှေးနေတာပါ။ အခုလိုတွေ့ရလို့ ဂုဏ်ယူမိပါတယ် "
" ဂျွန်ဂျောင်ဂုပါ ကျုပ်လည်းတွေ့ချင်နေတာ ကျုပ်မရီးရဲ့ မိတ်ဆွေဆိုတာနဲ့.. "
ဂျွန်ဂျောင်ဂုက ဦးစီးယွန်ကို တန်ပြန်နှုတ်ဆက်ရင်း သူ့ကိုလည်း ကြည့်နေသည်။ သူက ဦးစီးယွန်က သူ့ကိုသဘောကျနေတယ်ဆိုတာ သိတာမလို့ သူ့ကိုထိုသို့ကြည့်နေသည်။ သူကတော့ မသိချင်ယောင်ဆောင်ထားလိုက်သည်။
" ဒင်းလေးလည်း ကရာတေးကစားပြသွားတာ အရမ်းကောင်းတာပဲ အများကြီးတိုးတက်လာခဲ့တာနော်.. "
" ကျေးဇူးတင်ပါတယ်မဒမ်ကင်မ် "
" မဒမ်ကင်မ် မဒမ်ကင်မ် ရင်းကိုရော ချီးကျူးအုံးလေ ရင်းလည်းတော်တယ်လေ ရင်းအကတွေအများကြီး လေ့ကျင့်ထားရတာ "
ရင်းလေးက ဖျော်ဖြေပွဲမှာပါထားတာကို သူ့ကိုမချီးကျူးလို့ဆိုပြီး ဆော့ဂျင်ကို သတိပေးနေတော့ သူတို့အားလုံး ရယ်လိုက်ရပြီး ဆော့ဂျင်က သူစိတ်ကျေနပ်အောင် ချီးကျူးပေးလိုက်သည်။ သူတို့အားလုံးလို့ ပြောပေမဲ့ သူနှင့် ဦးစီးယွန်တို့သာလျှင် စကားပြောနေကြတာဖြစ်သည်။
" သွားရအောင်လေ အယ်ရိုအတွက် ဂုဏ်ပြုပွဲလေး လုပ်ပေးရအုံးမှာ ဦးစီးယွန်ရေ ကျွန်မတို့ကို ခွင့်ပြုပါအုံး "
" ဟုတ်ကဲ့ပါ မစ္စမာရင်းတို့ ကောင်းမွန်တဲ့အချိန်လေး ဖြစ်ပါစေ "
မစ္စမာရင်းက ဦးစီးယွန်ကို နှုတ်ဆက်ပြီး ပြန်ဖို့ပြင်နေသည်။ သူတို့က ပြိုင်ပွဲမစခင်ကတည်းက စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ကြိုတင်မှာယူမှု လုပ်ထားပြီးပြီဖြစ်သည်။ အခု အယ်ရိုပထမဆုရတော့ ပိုလို့ခမ်းနားပြီး ပျော်စရာကောင်းတဲ့ ညစာလေးဖြစ်သွားတော့မှာပေါ့။
" ဆော့ဂျင်ရော မသွားဘူးလား "
" ဟင် အာ.. မသွားတော့ပါဘူး ဦးစီးယွန်တို့ရော.. "
" ကိုယ့်ကိုယွန်လို့ခေါ်ဖို့ သဘောတူထားတယ်လေ "
" အာ.. "
ရုတ်တရက်မလို့ သူသတိမရ.. ဦးစီးယွန်က သူ့ကိုအတည်ပေါက် ခေါ်ခိုင်းနေတာပဲ.. သူတို့လူတွေကြားထဲမှာ ရှိနေသေးတာမလို့ တစ်ယောက်ယောက်များ ကြားသွားလေမလား သူဘေးဘီကို လှည့်ကြည့်မိသည်။ သူတို့နှင့် နည်းနည်းသာလှမ်းသည့်နေရာတွင် ဂျွန်ဂျောင်ဂုနှင့်ဟယ်လင်တို့တော့ ရှိနေသည်။ မစ္စမာရင်းဘေးနားတွင်တော့ အယ်ရိုရှိနေပြီး သူတို့နှင့်တော့ နည်းနည်းပိုလှမ်းသည်။ ဂျွန်ဂျောင်ဂုနှင့်ဟယ်လင်တို့နဲ့က ပိုနီးတာမလို့ ကြားသွားမည်က သေချာသည်။ ဟယ်လင်က ဦးစီးယွန်ရောက်လာကတည်းက မဲ့ရွဲ့ကြည့်နေသည်က အခုဆိုရင် ပေါ်တင်ပင် မျက်စောင်းခဲနေသည်။
သူတို့သားအမိက ဆော့ဂျင်ကို ဦးစီးယွန်နဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်နေကြပြီလို့ အမြဲစွပ်စွဲနေတာ ဆော့ဂျင်ကြောင့် သူတို့က သူများပြောစရာဖြစ်ပြီး အရှက်ရသည်ပေါ့ သိက္ခာကျရသည်ပေါ့ ဆော့ဂျင်ကတော့ ဘာမှဖြေရှင်းမနေပါဘူး။ သူတို့တမင်စွပ်စွဲနေတယ်ဆိုတာလည်း သူတို့ကိုယ်တိုင်သိသည်။ သက်သက်ကို ပြောချင်လို့ ပြောနေတာပဲ အဲလိုမျိုးတွေက အမြဲလိုလိုဖြစ်နေကြပဲမလို့ ဂရုစိုက်မနေတော့ပါဘူး..
" မဒမ်ကင်မ် ကျွန်တော်တို့နဲ့ မလိုက်တော့ဘူးလား ဖွားဖွားကိုကျွန်တော်ပြောထားပြီးပြီ ဒီနေ့က ကျွန်တော့်ဂုဏ်ပြုပွဲမလို့ မဒမ်ကင်မ်ကိုလည်း အတူလိုက်စေချင်တယ် လိုက်မယ်မလားဟင် "
အယ်ရိုက သွားခါနီးတွင် သူ့နားရောက်လာပြီး အပြေးလေးလာပြောလာတော့ သူမစ္စမာရင်းတို့ကို လှမ်းကြည့်မိသားဖြစ်သွားသည်။ မစ္စမာရင်းရဲ့ တင်းမာနေတဲ့မျက်နှာထားက ဘယ်လိုမှ ကြည်ဖြူနေတာမဟုတ်တာ သေချာသည်။ ထို့ကြောင့် သူ့ကိုလိုက်စေချင်တဲ့အယ်ရိုကို အလိမ္မာသုံးပြီးသာ ငြင်းလိုက်သည်။
" ငါမလိုက်တော့ပါဘူးအယ်ရို ကောင်းကောင်းပျော်ခဲ့နော် ဒီနေ့အတွက် တာဝန်ကျေသွားပြီ အရမ်းတော်တယ် "
" ဒါဆို မဒမ်ကင်မ်မလိုက်တော့ဘူးပေါ့နော် ကျွန်တော်က မဒမ်ကင်မ်ကိုလည်း အတူလိုက်စေချင်တာ ကျွန်တော်ကျေးဇူးတင်ရမဲ့သူတွေထဲမှာ မဒမ်လည်း ထိပ်ဆုံးကပါတယ် မဒမ်နဲ့အတူ လေ့ကျင့်ခဲ့ရတဲ့အချိန်တွေတုန်းကလည်း ပျော်ခဲ့ရသေးတယ် ကျွန်တော့်ကို တောက်လျှောက်ထောက်ပံ့အားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ရှေ့လျှောက်လည်း ကျွန်တော့်ကို စောင့်ရှောက်ပေးပါအုံး "
" ဒါကငါ့တာဝန်ပဲမလို့ ကျေးဇူးမတင်လည်းရတယ် ကဲ သွားတော့လေ ညစာနောက်ကျကုန်တော့မယ် "
သူမစ္စမာရင်းတို့မျက်နှာကြည့်ပြီး အယ်ရိုကို နှင်လိုက်သည်။ သူ့ဘက်က အယ်ရိုနဲ့အတူလိုက်ပါလိုက်လို့ ဘာမှမဖြစ်ပေမဲ့ မစ္စမာရင်းတို့က ခါးခါးသီးသီးဖြစ်ပြနေတော့ သူလိုက်ပါခဲ့ရင်လည်း ပျော်စရာကောင်းတဲ့ ညစာစားပွဲ ဖြစ်လာတော့မှာမဟုတ်ဘူး။ အယ်ရိုအတွက် ပျော်ရွှင်နေရမဲ့အချိန်မှာ သူတို့ကြောင့်နဲ့ အနှောင့်အယှက်မဖြစ်စေချင်ဘူး။
" အယ်ရို လာတော့ အချိန်ကုန်နေပြီ အရည်မရအဖတ်မရတွေ တော်ရုံပဲလုပ် လာတော့ အရေးကြီးကိစ္စတွေ ရှိသေးတယ် "
" ဒါဆိုမဒမ်ကင်မ် ကျွန်တော်သွားပြီနော် "
သူမလိုက်ဘူးငြင်းလိုက်တော့ မစ္စမာရင်းက အယ်ရိုကို စိတ်မရှည်စွာ ဆောင့်ခေါ်သွားသည်။ အယ်ရိုက လိုက်စေချင်တယ်ဆိုလို့သာ သူတို့ကခေါ်ရသည်ပေါ့.. ကြည့်ပါအုံး ဒီလိုမျိုးနဲ့ သူဘယ်လိုလို့များ လိုက်ပါသွားနိုင်မည်နည်း။
_______________TBC
ရို့ ပရိုမိုးရှင်းမပေးတာကြာပြီမလို့ ပေးရင် ကောင်းမလားလို့.. မြန်မြန်လေး အဆုံးသတ်ချင်နေတာကြောင့်လည်း ပါတယ်။ အမြန်ပြီးဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းမှ ရတော့မယ် မနိုင်တော့တဲ့အခါ ယူတို့ပါ လာတွန်းကူအုံး 😞အဲတော့ ပရိုမိုးရှင်းကို ငါးရက်တိတိ ဒေးလီးအပ်ဒိတ်ပေးမယ်။ မဆိုးဘူးမလား အာ့ဆို ငါးရက်တိတိဒေးလီးဖတ်ချင်ရင် ဗုတ်၂၅၀လောက်ဆို မဆိုးဘူးမလား ပြည့်တဲ့အခါ ဒေးလီးအပ်ပေးမယ် မပြည့်ရင်လည်း နှစ်ရက်ခြား သုံးရက်ခြားပေါ့ အရှုံးမရှိ အိုကေလား ပရိုမိုးရှင်းကတော့ ဒါပါပဲ ကျန်တာ သဘော ၂၅၀များနေရင်လည်း ဆျာမရီးလို့ ခေါ်ရင် ၁၀,၂၀လောက် လျှော့ပေးမယ် တင်ပေးချင်လို့ သဘောကောင်းပေးနေတာနော် ဟွင်းဟွင်း
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



