ep23
15:09, 18 October 2023" ဆော့ဂျင်နဲ့လည်း မတွေ့ရတာကြာပြီ စက်ရုံသစ်လည်း စဆောက်နေပြီကြားလို့ တစ်ခေါက်လောက်တွေ့ရအောင်လို့ ရောက်လာခဲ့လိုက်တာ အားလုံးအဆင်ပြေပြေရှိရဲ့လား ဆော့ဂျင် "
" အားလုံးအဆင်ပြေပါတယ် ဦးစီးယွန် ဦးစီးယွန်ရော နေကောင်းကျန်းမာရဲ့လား "
" ကိုယ်လည်း အားလုံးအဆင်ပြေပြေပါပဲ နေလည်းကောင်းတယ် ကိုယ်ကစိတ်ပူနေတာ မကြာသေးခင်ကပဲ စက်ရုံအတွက် မြေရှာနေရာကနေ တလောကမှ ကြားလိုက်ရတော့ စက်ရုံတောင် ဆောက်နေခဲ့ပြီဆိုတော့ ကိုယ်အံ့အားသင့်မိသွားတယ် ဒီလောက်ထိမြန်မြန်အဆင်ပြေသွားခဲ့လို့လေ ကိုယ်က ကိုယ့်ဆီရောက်လာခဲ့မလားဆိုပြီး မျှော်နေခဲ့သေးတာ.. "
" အမြဲတမ်းကျွန်ုပ်အတွက် ကူညီပေးဖို့ အသင့်ရှိနေခဲ့တာကို ကျေးဇူးတင်ပါတယ် ဦးစီးယွန်နဲ့သိကျွမ်းခဲ့ရတာက ကျွန်ုပ်ဘက်က အကူအညီတွေချည်းပဲ ယူခဲ့ရသလိုပါပဲ "
" ဆော့ဂျင်အဲလိုမတွေးပါနဲ့ ကိုယ်ကိုယ်တိုင်ကိုက မင်းအတွက်အကူအညီဖြစ်ဖို့ပဲ မျှော်လင့်တာပါ အခုလို အဆင်ပြေနေတာမြင်တော့လည်း ဝမ်းသာဝမ်းနည်းဖြစ်မိတယ် ဝမ်းသာတာက အဆင်ပြေပြေရှိနေလို့ ဝမ်းနည်းတာက ကိုယ်ဘာမှအကူအညီမပေးလိုက်ရလို့.. "
" မဟုတ်တာ.. ဦးစီးယွန် ကျွန်ုပ်က အခုမှ အစပဲရှိပါသေးတယ် နောက် သေချာပေါက် အကူအညီတွေ လိုအုံးမှာပါ အဲဒီအခါကျရင် ကူညီပေးဖို့ မျှော်လင့်ပါတယ် "
" စိတ်ချပါ မင်းဘာမှမတွေးဘဲ ကိုယ့်ဆီသာ ရောက်လာခဲ့ပါ.. ကိုယ်လေ မင်းကို အဲတုန်းကကတည်းက မဖြစ်ဖြစ်အောင် ကူညီပေးလိုက်ရမှာလို့ နောင်တရနေမိတယ် အခုလောက်ဆို ကိုယ်တို့ဒီထက်ပိုပြီး နီးစပ်ခဲ့နေလောက်ပြီဆိုပြီး နောင်တရမိတယ် ကိုယ်အဲတုန်းက မင်းကို တကယ်စိတ်ရင်းနဲ့ ကူညီချင်ခဲ့တာအမှန်ပါ "
" မဟုတ်တာဦးစီးယွန် အရင်တုန်းကအကြောင်းတွေ ပြန်မတွေးပါနဲ့တော့ အရာအားလုံးက ဖြစ်ပျက်ခဲ့ပြီးသွားပြီပဲ ပြန်ပြင်ဆင်လို့လည်း ရမှမရတော့တာ လက်ရှိကိုပဲ တွေးရအောင်ပါ အခုလည်း အားလုံးအဆင်ပြေနေခဲ့ပြီပဲ.. ဦးစီးယွန်ဆီက အကူအညီတွေ အများကြီးရလိုက်ပါတယ် ကျန်တာကတော့ ကျွန်ုပ်ရဲ့ ကံကြမ္မာပဲပေါ့ "
ဆော့ဂျင်အတွက်တော့ ဖြစ်ပျက်ခဲ့သမျှ အတိတ်တွေအတွက် တစ်ခုမှ နောင်တမရခဲ့မိ။ သူဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို အဆိုးထဲကအကောင်းလို့ပဲ သတ်မှတ်တယ်။ ဦးစီးယွန်အတွက်တော့ အဲလိုတွေးဖို့ ခက်ခဲနေသေးတယ်ထင်ပါရဲ့.. ဦးစီးယွန်ကို သူတို့ဂေဟာမြေအတွက် စပြီးချဉ်းကပ်ခဲ့တယ် အဲဒီမြေယာက အစိုးရမြေဖြစ်နေတာမလို့ ဦးစီးယွန်ဘက်က ကူညီပေးဖို့ မတတ်နိုင်ခဲ့ဘူး။ နောက်တော့ ဦးစီးယွန်အကူအညီနဲ့ ဝန်ကြီးချုပ်နဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ ဝန်ကြီးချုပ်ကူညီနိုင်မှာသေချာသိတော့ သူဝန်ကြီးချုပ်ထံ ပြန်ချဉ်းကပ်ခဲ့တယ်။ မထင်မှတ်ဘဲ ဝန်ကြီးချုပ်နဲ့လက်ထပ်ဖို့ထိ ဖြစ်လာခဲ့သည်။ နောက်ပိုင်း ဝန်ကြီးချုပ်ဆုံးသွားပြီးနောက်တော့ ဦးစီးယွန်က အရင်ကအတိုင်း သူ့ကိုမကြာခဏ ဆက်သွယ်လာပြီး သူနဲ့လက်ထပ်ချင်ကြောင်းနဲ့ သူ့ကိုစတွေ့ကတည်းက သဘောကျကြောင်း သူလက်ထပ်သွား၍ အသည်းကွဲခဲ့ကြောင်းနဲ့ သူမကူညီလိုက်ရတဲ့အတွက် ဆော့ဂျင်လက်ထပ်လိုက်ရကြောင်း စသည်ဖြင့် မကြာခဏ နောင်တရ ညည်းတွားတတ်သည်။
သူက အကူအညီလို၍ ချဉ်းကပ်ခဲ့တာမလို့ ခံစားချက်များများစားစားရှိမနေဘူး။ တကယ်လို့ ဦးစီးယွန်သာ သူ့ကိုကူညီနိုင်ခဲ့ရင် သူဦးစီးယွန်နဲ့ လက်ထပ်ဖြစ်ခဲ့မည်ဖြစ်သည်။ သူလက်ထပ်ပြီးတော့ ထိုကိစ္စတွေစဉ်းစားရတာ ခဏသက်သာသွားခဲ့ပေမဲ့ ဝန်ကြီးချုပ်ဆုံးပါးသွားပြီး အမွေကိစ္စ ကျန်ရှိလာတဲ့အခါ ထိုအတွေးတွေ ထပ်မံရောက်လာခဲ့သည်။ အမွေတွေက သူမရတော့မှာသေချာရင် သူနောက်တစ်ကြိမ်ပြန်လက်ထပ်ဖြစ်ဖို့ စဉ်းစားခဲ့အုံးမည်ထင်သည်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဝန်ကြီးချုပ်ရဲ့ညီဖြစ်သူနဲ့ အကြောင်းပါပြီး အဆင်ပြေသွားတဲ့အခါ ထိုအတွေးတွေလည်း ထပ်တွေးစရာမလိုတော့.. ဒါပေမဲ့ ဦးစီးယွန်ကတော့ သူ့ကိုမျှော်လင့်နေသေးသည်။ သူ့ကိုလက်ထပ်ချင်ကြောင်း မကြာခဏဖွင့်ပြောလေ့ရှိသည်။
" ဆော့ဂျင် ကိုယ်မင်းကို သဘောကျနေတုန်းပဲ ကိုယ်လေ အဲတုန်းကမကူညီနိုင်တာကို တွေးမိတိုင်း နောင်တရပြီး မင်းကိုပိုပြီးလည်း ပိုင်ဆိုင်ချင်စိတ်ဖြစ်မိတယ် ဒါပေမဲ့လည်း သဘောကျတာက ကျတာတစ်ပိုင်းပါ ကိုယ်မင်းကိုကူညီချင်တာတွေကလည်း စေတနာသက်သက်မလို့ ကိုယ်မင်းကို အကူအညီတွေပေးပြီး လက်ထပ်ချင်ခဲ့တာလို့တော့ မတွေးပါနဲ့နော် ကိုယ်တွေးမိတာက အဲတုန်းက မင်းကိုတခြားလူလက်ထဲ ကိုယ်တိုင်ထည့်ပေးခဲ့သလိုဖြစ်သွားလို့ ကိုယ်ကိုယ့်ဟာကိုယ် နောင်တရမိတာပါ "
" ဦးစီးယွန်ကို တကယ်ကျေးဇူးတင်ပါတယ် ကျွန်ုပ်ကလည်း အိမ်ထောင်ထပ်ပြုဖို့ မစဉ်းစားထားလို့ပါ ဦးစီးယွန်က တကယ်သင့်တော်တဲ့ အိမ်ထောင်ဖက်တစ်ယောက်ပါ နောက်ကျရင် ကျွန်ုပ်ထက်သာတဲ့သူတောင် တွေ့သွားနိုင်သေးတယ် "
" ကိုယ့်ကို ငြင်းချင်တယ်ဆိုလည်း ရိုးရိုးငြင်းလည်း ရပါတယ် ကိုယ့်ကို တခြားသူလက်ထဲတော့ မထည့်လိုက်ပါနဲ့ကွာ ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲ သဘောကျတာပါကွာ "
" ကျွန်ုပ်က သဘောပြောပြတာပါ ဦးစီးယွန်က ကျွန်ုပ်ထက်သာတဲ့သူနဲ့ ပိုပြီး.. "
" ရပြီ ရပြီ ကိုယ့်ကိုနားမချနဲ့တော့ ဘယ်သူတွေ ဘယ်လောက်ပဲ ကိုယ်နဲ့သင့်တော်နေပါစေ ကိုယ်မင်းတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာ ကိုယ်မင်းကိုပဲ စောင့်နေမှာ ကိုယ့်ကိုစောင့်နေခွင့်လေးတော့ ပေးပါကွာ "
" ကျွန်ုပ်က ဦးစီးယွန်ရဲ့အချိန်တွေ သက်သက်ဖြုန်းနေမိမှာ စိုးရိမ်လို့ပါ "
" ကိုယ့်အတွက်ကိစ္စမရှိဘူး မင်းအိမ်ထောင်ပြုဖို့ စိတ်ကူးမရှိလည်း ရတယ် တခြားတစ်ယောက်ဆီ ရောက်သွားတာမှ မဟုတ်တာ ကိုယ်မင်းနဲ့အတူ ဒီလိုမျိုးလေးဆိုလည်း ကိစ္စမရှိပါဘူး အဆင်ပြေပါတယ် ဟုတ်ပြီလား "
" ကျေးဇူးတင်ပါတယ် ဦးစီးယွန် "
ဆော့ဂျင်ဘာပြောရမှန်းမသိလို့ အားနာနာနဲ့ပဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
" ဆော့ဂျင်.. ကိုယ့်ကိုဘယ်အချိန်ထိ ဦးစီးယွန်လို့ခေါ်နေအုံးမှာလဲ..
" ယွန်လို့ပဲခေါ်ပါလား မင်းကိုယ့်ကိုအဲလိုတွေခေါ်ပြီး ပိုဝေးသွားအောင် စည်းခြားချင်လို့လား ဟင် ကိုယ်တို့အများကြီး ရင်းနှီးခဲ့ကြတယ်မဟုတ်လား "
ဦးစီးယွန်စကားကြောင့် သူအနေရကြပ်သွားသည်။ နာမည်အဖျားစွတ်ခေါ်တာတွေက သူ့အတွက် အနေရခက်စေသည်။
" ဦးစီးယွန် ကျွန်ုပ်က လေးစားသမှုနဲ့ ခေါ်တာပါ။ ကျွန်ုပ်အနေနဲ့ အခေါ်အဝေါ်ကို အလေးမထားတတ်တာပါ။ ဦးစီးယွန်စိတ်မခုသွားဖို့ မျှော်လင့်ပါတယ် အခေါ်အဝေါ်တွေနဲ့ ကျွန်ုပ်တို့ကြားက ရင်းနှီးမှုကို တိုင်းတာလို့မရဘူးမလား "
" ဟုတ်တာပေါ့ ဆော့ဂျင်ပြောတာမှန်ပါတယ် ကိုယ်အတွေးတိမ်သွားတာပါ။ ဒါပေမဲ့ ဆော့ဂျင်ဆီက ယွန်လို့ခေါ်တာကိုတော့ ကိုယ်တကယ်ကြားချင်မိတာပါ "
" ဦးစီးယွန်သဘောကျတယ်ဆိုရင် ကျွန်ုပ်ခေါ်ပါ့မယ် "
" ဒါဆိုရင်တော့ ကိုယ်ကကျေးဇူးတင်ရတော့မှာပဲ ကိုယ်တကယ်ပျော်သွားပြီ။ ဆော့ဂျင်နဲ့ဆိုရင် အခုလိုအသေးအဖွဲ့တွေကအစ ကိုယ့်အတွက်ပျော်ရွှင်မှုကို ခံစားရတယ်။ ကိုယ်တို့ တစ်သက်လုံးဒီလိုပဲနေသွားရရင်တောင် ကိုယ်ပျော်ပါတယ် "
______________________________
ဦးစီးယွန်နဲ့အတူ စက်ရုံဘက်လိုက်ကြည့်ပြီးနောက် အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာအတူစားဖြစ်ကြသည်။ အရင်ကလည်း သူတို့ မကြာခဏဆိုသလို ညစာအတူထွက်စားလေ့ရှိသည်။ ဦးစီးယွန်နဲ့သူက အကျင့်စရိုက်အရ ဆင်တူသည်။ အေးဆေးနေတတ်သည့်အကျင့်တို့ လူများတဲ့ပါတီတွေ တက်ရတာမကြိုက်တာတွေက အကြမ်းဖျင်းအားဖြင့် ဆင်တူ၍ ပေါင်းသင်းရလွယ်သည်။ ဦးစီးယွန်က အထက်တန်းလွှာကဖြစ်ပေမဲ့ တခြားအထက်တန်းလွှာကသူတွေလို အဆင့်အတန်းမခွဲခြားတတ်။ လူကြီးလူကောင်းလည်းဆန်ပြီး အထက်စီးဆန်တာမျိုးလည်းမရှိ။ တစ်ပါးသူကိုလည်း ဦးစားပေးတတ်သည်။ တကယ်လို့ သူသာနောက်တစ်ကြိမ်လက်ထပ်ဖို့ ဖြစ်လာခဲ့ရင် သူဦးစီးယွန်ကိုပဲ ရွေးချယ်မိခဲ့မည်ထင်။ ဦးစီးယွန်မှာ သူငြင်းစရာအကြောင်းဘာမှမရှိပေမဲ့ သူ့အခြေအနေကြောင့် လက်ထပ်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ အနာဂတ်မှာသူဂျွန်ဂျောင်ဂုနဲ့ ဘာဆက်ဆံရေးမှ မရှိတော့ရင်တောင် သူအိမ်ထောင်ထပ်ပြုတော့မည်မဟုတ်ဘူး။ ဝန်ကြီးချုပ်ဖြစ်စေချင်သလို အယ်ရိုကိုကောင်းကောင်းပျိုးထောင်ပြီးပဲ တစ်သက်လုံးနေသွားဖို့ကို ရွေးချယ်မည်။
သူအိမ်ပြန်တော့ ဦးစီးယွန်က အိမ်တော်ထိ လိုက်ပို့ပေးခဲ့သည်။ ခြံနှင့်အိမ်တော်ထဲရောက်ဖို့က လှမ်းတာမလို့ ဦးစီးယွန်က အိမ်တော်ထဲထိ လိုက်ပို့ပေးသည်။ သူလက်ဖက်ရည်သောက်ခေါ်သေးပေမဲ့ ခုနကပဲ သူတို့ညစာစားပြီး အချိုတည်းပြီးပြီမလို့ ဦးစီးယွန်က ညင်ညင်သာသာပင် ငြင်းသည်။ အချိန်အားဖြင့်လည်း နောက်ကျနေပြီမလို့ သူ့ကိုပို့ပြီးပြီးချင်းပင် ပြန်ဖို့လုပ်သည်။ ဦးစီးယွန်ရဲ့သမီးက တော်တော်လေးငယ်သေးတာမလို့ အပြန်နောက်မကျချင်ဘူးထင်ပါရဲ့။ သူလည်း ဦးစီးယွန်ထွက်သွားသည်ကို ကြည့်ပြီးနောက် အိမ်ထဲဝင်လာခဲ့သည်။
" ကိုကို ဘယ်သူလဲသူက "
" ဂျယ်နီ.. အာ သူကလား ကိုကို့မိတ်ဆွေပါ "
ဒါက ဂျယ်နီနဲ့သူ စကားများပြီးနောက် ပထမဆုံးအကြိမ်ဂျယ်နီသူ့ကို စပြောချင်းပင်။ ဂျယ်နီက ထွက်သွားတဲ့ကားဆီကြည့်ပြီး တစ်နေရာဆီ ပြန်ကြည့်သွားသည်။ ဂျယ်နီ့ကိုကြည့်နေတဲ့သူက ဂျယ်နီကြည့်တဲ့နေရာကို လိုက်ကြည့်မိသွားသည်။ ဥယျာဉ်ထဲက အပန်းဖြေစံအိမ်တွင် ဂျွန်ဂျောင်ဂုနှင့်ဟယ်လင်.. သူသည်လည်း ထိုမြင်ကွင်းကို ခဏမျှစိုက်ကြည့်နေမိသည်။
" ကိုကိုဘာပြောထားသေးလဲ သူဂျယ်နီ့ကို လျစ်လျှူရှုနေတယ် အရင်ကအဲလိုမဟုတ်ဘူး ကိုကိုသူ့ကို ဂျယ်နီနဲ့မပတ်သက်ဖို့ ပြောထားတယ်မလား "
ဆော့ဂျင်ဂျယ်နီ့စကားကြောင့် ထိုနေရာက အကြည့်လွဲလိုက်ပြီး ဂျယ်နီ့ကို ပြန်ကြည့်လိုက်သည်။ ဂျယ်နီ့ကို အရောမဝင်ဖို့ပြောထားတာဟုတ်ပေမဲ့ သူ့ဟာသူတခြားမိန်းကလေးနဲ့ ပူးပူးကပ်ကပ်ရှိနေတာကိုတော့ သူလည်းမသိ။ သူကဘာလို့ ဂျယ်နီ့ကို ရွဲ့ပြချင်ရတာလဲ။ အဲဒါသူ့ဗီဇပဲ မဟုတ်ဘူးလား..
" ငါကသူ့လိုလူကို ဘယ်လိုပြောလို့ ရမှာလဲ သူ့လိုလူမျိုးက တစ်ယောက်ယောက်က အမိန့်ပေးတိုင်း နာခံတတ်တဲ့သူမျိုးလား "
သူထိုနေရာဆီကို ပြန်ကြည့်လိုက်ကာ,
" အဲဒါသူ့အကျင့်စရိုက်ပဲလေ သူအရင်ကလည်း ဒီလိုပဲနေတာ နင်တို့တွေကသာ သခင်လေး သခင်လေးနဲ့ မမြင်နိုင်ဖြစ်နေကြတာ "
ဆော့ဂျင်က စိတ်နည်းနည်းတိုချင်နေ၍ ထိုသို့သာပြောလိုက်သည်။ ဘယ်လိုပဲ သူပြောထား၍ဆိုဆို အဲဒါသူ့ပုံစံအမှန်ပဲမလား သူ့ညီမနဲ့ ဆက်မပတ်သက်တော့ပေမဲ့ နောက်တစ်ယောက်နဲ့ မပတ်သက်တော့ဘူးမှ မဆိုလိုတာ။ သူကလည်း သူတခြားတစ်ယောက်နဲ့ပတ်သက်တာကိုတော့ တားလို့မှမရတာ..
" ကိုကိုက ကိုကို့ညီမနဲ့မဟုတ်လို့ ဘယ်လိုမှမနေတာလား သူဟယ်လင့်ကို ရွေးချယ်ခဲ့ရင် ကိုကိုရောဂျယ်နီရော လမ်းဘေးရောက်ကုန်မှာ မသိတာလား "
" အဲတော့ရော ဘာဖြစ်သေးလဲ ငါအခုစက်ရုံဆောက်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ အဆင်ပြေနေပြီပဲ ဘာလို့သူ့ကိစ္စတွေကို ဝင်စွက်ဖက်နေရမှာလဲ မင်းသာသူနဲ့မပတ်သက်နဲ့ ဟုတ်ပြီလား "
သူပြောပြီး ဂျယ်နီ့ကိုကျောခိုင်းကာ အပေါ်တက်လာခဲ့သည်။ သူတို့ဆက်ဆံရေးက ဘယ်သူနဲ့ပတ်သက်နေတာကို လိုက်တားဆီးပိတ်ပင်ချင်နေလို့ ရမှမရတာ။ သူဂျယ်နီ့ကိုမပတ်သက်ဖို့ပြောတုန်းကတောင် ဘယ်လောက်ပြောဖို့ခက်လဲ။ မိန်းမတွေအတွက်နဲ့ သူ့ခန္ဓာကိုယ်ကို ထပ်လိုက်လျောပေးနိုင်မနေဘူး။ သူ့အတွက် သူလိုချင်တာရပြီး အဆင်ပြေနေပြီပဲ ဘာလုပ်လုပ်လက်ပိုက်ကြည့်ချင်ကြည့်နေလို့ ရနေပြီပဲ။
သူအခန်းထဲရောက်တော့ တံခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်မိသည်။ နောက်ကျိသွားတဲ့ စိတ်အစုံကြောင့် လက်ထဲကအိတ်တွေကို စားပွဲပေါ်တင်ပစ်လိုက်ပြီး ဝရန်တာဘက်ထွက်လာခဲ့သည်။ မှန်ပြတင်းက အခန်းဆီးကို ဆွဲဖယ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။ ထိုအခါ ဥယျာဉ်ထဲမှာ ရှိနေတဲ့မြင်ကွင်းက အောက်ထပ်ကထက်ပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဂျွန်ဂျောင်ဂုနဲ့ပတ်သက်နေတဲ့ မိန်းမတွေအစား ရင်လေးတယ်။ မကောင်းတဲ့ကောင်ကို ဘဝတစ်ခုလုံး ပုံပေးချင်နေကြလို့...
________________________________
" ကြည့်ရတာ ဦးစီးယွန်ပဲဖြစ်မှာပေါ့ သူက မဒမ်ကို ကြိုက်နေတာလေ ဝန်ကြီးချုပ်ရှိကတည်းက ဝန်ကြီးချုပ်လည်းသိတယ် သူတို့ဖောက်ပြန်ခဲ့ကြတာကို.. ဝန်ကြီးချုပ်လည်း ရောဂါကတစ်မျိုး မဒမ်ကနှိပ်စက်လို့တစ်မျိုးနဲ့ လုံးပါးပါးခဲ့ရတာလေ ဟယ်လင်တို့လည်း သခင်လေးရှ်ိနေလို့ သက်သာနေတာ သူဘာလုပ်လုပ်မပြောရဲဘူး သူကတစ်အိမ်လုံးကို ဦးစီးနေတဲ့သူလေ.. "
ဂျောင်ဂု အိမ်တော်မှ ထွက်ခွာသွားတဲ့ ကားလေးကိုကြည့်ရင်း ဟယ်လင်ပြောသမျှကို တချို့သာ နားထဲဝင်သည်။ မြေတိုင်းဌာနက ဦးစီးအရာရှိပဲ.. သူကကင်မ်ဆော့ဂျင်ကို မျက်စိကျနေတယ်ဆိုတာလည်း သေချာသည်။ ထိုလူက ကင်မ်ဆော့ဂျင်ကို အကူအညီတွေအများကြီး ပေးထားတဲ့သူပဲ ဟမ်း ဒါပေမဲ့ သူပေးထားတာလောက်တော့ ဘယ်မီပါ့မလဲ.. သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက သူ့မရီးကို ပုံအောပေးထားသည်လေ..
" သခင်လေးသိလား ဂျယ်နီလည်းအတူတူပဲ သူအရင်က ကျောင်းကို အဆောင်ကနေတက်တာလေ ညအိမ်ပြန်အိပ်တယ်ဆိုတာ ခပ်ရှားရှားပဲ အမြဲတမ်းသူ့နားမှာ ယောကျာ်းလေးမပြတ်ဘူး သူ့အစ်ကိုလိုပဲ ယောကျာ်းတွေကို မြူဆွယ်တတ်တယ်။ သူတို့အပျော်မယ်မျိုးရိုးကသူတွေက ယောကျာ်းတွေကို မြူဆွယ်တာကျွမ်းတယ် ဟယ်လင့်နားကပ်တဲ့ ယောကျာ်းတွေကိုဆို သူက မနာလိုပြီး သူ့ဘက်ရောက်အောင်မြူဆွယ်တာ ဟယ်လင်က သူ့အကျင့်ကြောင့် သူနဲ့မပေါင်းဘူး ဒါကိုသူက ဟယ်လင်နဲ့လိုက်လိုက်ပြိုင်နေတာ အခု ဟယ်လင်နဲ့သခင်လေးဂျွန်အတူရှိနေတာမြင်ရင် ပြဿနာရှာအုံးမှာ သိလား သူက သခင်လေးကိုလည်း စိတ်ဝင်စားနေတာသိလား သခင်လေးက သူတွေ့ဖူးနေကြ ယောကျာ်းတွေလိုမျိုး မဟုတ်လို့သာ သခင်လေးနား သိပ်မကပ်ရဲတာ.. အဲဒါကြောင့် သခင်လေးကိုလည်း ဟယ်လင်ကသတိပေးချင်တာ သူ့ကိုသတိထားဖို့.. သူတို့မောင်နှမနှစ်ယောက်စလုံးက သိပ်ကြောက်ဖို့ကောင်းတာ သခင်လေးသတိထားပါနော် "
" ကိုယ့်ကိုသတိပေးလို့ကျေးဇူးပါပဲ ကိုယ်သတိထားပါ့မယ် "
ဂျောင်ဂုက အပိုစကားမဆိုဘဲ ထောက်ခံလိုက်ပြီး ဘာမှပြန်မပြောလိုက်။ ဒါက သူနဲ့မှမဆိုင်တာ ဘယ်သူတွေဘယ်လိုအကျင့်စရိုက်ရှိရှိ သူ့အတွက်က ပြဿနာမဟုတ်ဘူး။ သူ့ကိုမကောင်းကြောင်းတွေပြောပြပြီး သွေးထိုးနေလို့လည်း သူကနားယောင်မဲ့သူမျိုးမဟုတ်သလို ကောင်းကြောင်းတွေပြောပြီး ကိုယ်ရည်သွေးပြလည်း အထင်ကြီးမဲ့သူမျိုးမှ မဟုတ်တာ။ မိန်းမတွေအချင်းချင်း ပြိုင်ဆိုင်မနာလိုမှုတွေကို သူမကြုံဖူးတာမှမဟုတ်တာ.. သူပတ်သက်ဖူးတဲ့မိန်းမတိုင်းက အခုလိုပဲ နောက်ကွယ်မှာ စကားနာထိုးပြောဆိုတတ်ပြီး ဖြူစင်တဲ့ယုန်သငယ်လုပ်ပြတတ်တယ် အခုလည်း အဲလိုပါပဲ ဘာမှမကွာပါဘူး ဟက် သူကတော့ ဘယ်သူကောင်းတယ် မကောင်းဘူး စိတ်မဝင်စားတတ်ဘူး.. သူစိတ်ဝင်စားတာက အိပ်ရာပေါ်မှာ ကောင်းတာမျိုးပေါ့ ဟက် ဟက်
" ဒါဆိုကိုယ်တို့ အထဲဝင်ကြမလား ညစာစားရအောင် "
" ဟုတ်ကဲ့သခင်လေး ဝင်ကြမယ် "
ဂျောင်ဂုက ဟယ်လင်နဲ့အတူ အထဲဝင်လာခဲ့သည်။ ညစာစားဖို့အတွက် စားဖိုဆောင်ဘက်အတူ ဝင်လာကြတော့ ထမင်းစားဝိုင်းတွင် အတူရှိနေကြတဲ့ ကင်မ်ဆော့ဂျင်တို့မောင်နှမနှစ်ယောက်.. သူတို့ဝင်လာတာမြင်တော့ နှစ်ယောက်စလုံးက မော့ကြည့်လာသည်။ ကင်မ်ဆော့ဂျင်ကတော့ တစ်ချက်သာမော့ကြည့်ပြီး စားလက်စထမင်းကို ပြန်ငုံ့စားနေသည်။ အကြည့်တစ်ချက်နဲ့တင် သူကင်မ်ဆော့ဂျင်ရဲ့ အလိုမကျဖြစ်နေတဲ့ မျက်ဝန်းနဲ့ ကျုံ့ဝင်နေတဲ့မျက်ခုံးတွေကို မြင်လိုက်ရသည်။ သူကင်မ်ဆော့ဂျင်ရဲ့ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ထိုင်ခုံကို အနားပိုတိုးကပ်လိုက်သည်။ ထိုအခါ ပိုလို့ကျုံ့ဝင်သွားတဲ့မျက်ခုံးတွေနဲ့ သူ့ကိုလည်း စူးစိုက်လို့ ကြည့်လာသည်။ သူခပ်ပြုံးပြုံးလေးလုပ်ရင်းသာ အနေအထားကို မပြင်ပေးဘဲ ကပ်ထိုင်လိုက်သည်။ ကင်မ်ဆော့ဂျင်က အလိုမကျဖြစ်နေပေမဲ့ သိသာသွားမှာစိုးလို့ ဘာမှမပြော။
ကင်မ်ဆော့ဂျင်ရဲ့ အနှောင့်အယှက်ဖြစ်သလို အကြပ်အတည်းဖြစ်နေတဲ့ပုံလေးကြောင့် သူအားရသွားသည်။ ထိုအနေအထားကို သူသဘောကျသွား၍ ထမင်းစားရန် ဇွန်းနဲ့ခက်ရင်းကို ကိုင်လိုက်ချိန် မျက်နှာချင်းဆိုင်က ကင်မ်ဂျယ်နီက သူတို့ကို သိသိသာသာအကဲခတ်ကြည့်နေတာ မြင်လိုက်ရသည်။ သူမက သူတို့ပတ်သက်မှုကိုသိနေပြီမလို့ ထိုသို့အကဲခတ်နေတာ မဆန်းပေ။ သူလျစ်လျှူရှုထားလိုက်ပြီး ကင်မ်ဆော့ဂျင်အနေရခက်အောင်သာ ခန္ဓာကိုယ်ချင်းကို သိသိသာသာ ထိတိုက်ရင်း ပူးကပ်ထားလိုက်သည်။
ကင်မ်ဆော့ဂျင်က အလိုမကျစွာ ထမင်းစားခြင်းကို မြန်မြန်လုပ်ဆောင်နေသည်။ သူဟယ်လင်နဲ့ စကားတွေပြောနေပေမဲ့ ကင်မ်ဆော့ဂျင်ကိုလည်း အနှောင့်အယှက်မပျက်။ သူတို့နှစ်ယောက် မမြင်ကွယ်ရာကနေ ရုန်းကန်တွန်းထိုးနေကြသည်။ ကင်မ်ဆော့ဂျင်က သူ့ကိုစားပွဲအောက်ခြေကနေ သူ့ခြေထောက်ကို တက်နင်းထားပြီး မသိသလိုလုပ်နေသည်။ သူသည်လည်း နာကျင်ပုံမပြဘဲ မသိဟန်ဆောင်ရင်းသာ ဟယ်လင်နဲ့ဆက်ပြီး စကားပြောနေခဲ့သည်။ ထိုအခါ ထိုသူက သေချာမနင်းမိလောက်ဘူးထင်ပြီး အောက်ငုံ့ကြည့်ကာ ခြေထောက်ကို အားထည့်ဖိနင်းဖို့ လုပ်နေသည်။ အောက်ဘက်အာရုံရောက်နေတဲ့သူ့ကို သူလက်တစ်ဖက်နောက်ပို့ပြီး တင်ပါးကို ဖျစ်ညစ်လိုက်သည်။ ထိုအခါမှ ဆတ်ခနဲမတ်သွားပြီး သူတို့နှစ်ကိုယ်ကြားက တွယ်တန်းထားတဲ့ လက်နေရာကိုကြည့်ကာ သူ့ကိုပြန်ကြည့်လာသည်။
ဂျောင်ဂုမသိဟန်ဆောင်ပြီး ဘယ်လက်ဖြင့် ရေကို အရသာခံသောက်ရင်း တင်ပါးကို အားထည့်ညစ်လိုက်သည်။ ကင်မ်ဆော့ဂျင်က ရုန်းကန်ချင်ပေမဲ့ သူတို့ဖြစ်အင်တွေကို မျက်နှာချင်းဆိုင်ကနေ အကဲခတ်ကြည့်နေတဲ့ သူ့ညီမရှိနေတော့ သိသိသာသာမရုန်းဖယ်ရဲ.. သူထိုအတိုင်းမဖယ်ပေးဘဲ တစ်ခါတစ်ခါ ဖျစ်ညစ်လိုက်ပြီး ဒေါသထွက်နေတဲ့မျက်နှာလေးကို အရသာခံကြည့်လိုက်သည်။ ကင်မ်ဆော့ဂျင်ကမှုန်တင်းနေပြီး ဒေါသကြောင့် မျက်နှာလေးပင်နီနေသည်။
သူတို့ဖြစ်အင်တွေကို အစအဆုံးမြင်နေတဲ့ကင်မ်ဂျယ်နီက အမူအရာပျက်ကာ အလိုမကျဖြစ်သွားပြီး ထမင်းဝိုင်းမှ ထထွက်သွားသည်။ ထိုအခါမှ ကင်မ်ဆော့ဂျင်သည်လည်း သူ့လက်ကိုဖယ်ကာ လိုက်ထွက်သွားသည်။ ဘာမှမသိတဲ့ဟယ်လင်ကတော့ ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည်။
" ဘာဖြစ်နေကြတာလဲသူတို့က ဟယ်လင်တို့နဲ့တောင် တစ်ဝိုင်းတည်းအတူမစားချင်လောက်တော့အောင် မရှုဆိတ်ဖြစ်နေကြတယ် ကြည့်ပါအုံးသခင်လေးဂျွန် ဟန်တောင်မဆောင်နိုင်အောင် ဖြစ်နေလိုက်ကြတာ "
ဟယ်လင့်ကို သူပြုံးရင်းသာ တုံ့ပြန်လိုက်သည်။ကင်မ်ဆော့ဂျင်ရဲ့ အကြပ်အတည်းဖြစ်နေတဲ့ မျက်နှာကိုပြန်မြင်ယောင်မိတော့ အားရစွာပင် ပြုံးလိုက်မိသည်။
_____________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



