Sayonara Sweater
15:22, 8 July 2023Unicode
အနက်ရောင်ဝတ်စုံတွေနဲ့ လူတွေအများကြီးကြားထဲမှာ ငြိမ်ငြိမ်ကုပ်ကုပ်လေး ငေးငိုင်နေတဲ့ ဆွယ်တာ့ကိုလှမ်းမြင်မိတဲ့အခါ သူလှည့်ပြန်ရမလားတွေးမိတယ်။ အရောင်လျော့လျော့ မျက်ဝန်းနဲ့ မျက်နှာက ဆွယ်တာဘယ်လောက်ထိ အိပ်ရေးပျက်ထားသလဲသိသာတယ်။ သက်ပြင်းကို ကမ္ဘာမြေကြီးကွဲအက်လောက်အောင် ဆွဲချပြီး လူအုပ်ကြားထဲ မသိမသာတိုးထိုင်လိုက်တယ်။
ဆွယ်တာက ဈာပနကိုလာကြတဲ့လူတွေကို အတတ်နိုင်ဆုံး ဧည့်ခံစကားပြောပေးနေတယ်။ စကားလုံးတွေဆုံးသွားလို့ ခဏငြိမ်သက်သွားတိုင်း ဆွယ်တာ့မျက်နှာလည်း ညှိုးကျသွားတယ်။ ဆွယ်တာက တစ်ခါတရံ ဧည့်ဝင်ပေါက်လေးကိုကြည့်နေတတ်ပြန်တယ်။
တစ်စတစ်စနဲ့တိုးလာခဲ့တဲ့ဧည့်သည်တွေက တစ်စတစ်စနဲ့ပဲ အလျှိုလျှိုလျော့နည်းသွားကြတယ်။ နောက်ဆုံး ထိုင်ရာကမထနိုင်ဘဲ ထိုင်နေခဲ့မိတဲ့သူပဲကျန်တယ်။ ဆွယ်တာက သူ့ကိုမြင်တော့ အံ့သြပုံမရဘူး။ ခပ်သာသာလေးပြုံးပြတယ်။
"Lix... နေ့လယ်စာစားပြီးပြီလား"
သူခေါင်းယမ်းပြမိတယ်။ သူမနက်ခင်းရောက်လာမိကတည်းကနေ အခုချိန်အထိ ဘာဆိုဘာမှစားချင်စိတ်မရှိအောင် ဆို့နင့်နေတယ်။ ဆွယ်တာ့မျက်နှာကိုကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိဖြစ်နေခဲ့တာ။
"Lixအတွက် တစ်ခုခုပြင်ပေးမယ်"
ဆွယ်တာက ခြေတိုးသံပါးပါးလေးခတ်ရင်း ထသွားတဲ့နောက် သူပါအလိုလိုလိုက်သွားမိတယ်။ အသင့်မှာယူထားတဲ့ အစားအသောက်တချို့ကို သူ့အတွက် ပန်းကန်ထဲမှာပြင်ပေးနေတဲ့ဆွယ်တာ့ကိုကြည့်ရင်း သူပိုခံစားလာမိတယ်။ ဆွယ်တာဘာလို့များ တင်းခံနေရတာပါလဲ။ ငိုချင်စိတ်ရှိသမျှငိုချပြီး စိတ်ကိုပေါ့အောင်ထားရမယ်မဟုတ်ဘူးလား။
"Sam..."
သူခေါ်တဲ့အခါ သူ့ကိုတစ်ချက်ကြည့်ပြီး ဆွယ်တာကပြုံးပြတယ်။
"ခဏလေးနော် Lix"
"Sam..."
ဆွယ်တာ့ပခုံးကို သူဆွဲခါပြီးလှုပ်ယမ်းမိလိုက်တယ်။ တစ်ပြိုင်တည်းမှာပဲ ဆွယ်တာ့မျက်နှာက သူ့ပခုံးပေါ်ပြိုကျလာတယ်။ အဲ့ဒီနောက်မှာတော့ တရှိုက်ကြီးကြီးငိုကြွေးလာတဲ့ဆွယ်တာ့ကြောင့် သူ့ရင်တွေပူရပြန်တယ်။ ကျောပြင်ကို အသာသပ်ပေးရင်း "ကျွန်တော်ရှိတယ် Sam"လို့ပဲ ပြောနေမိတယ်။
"ငါတောင်းပန်ပါတယ် Lixရယ်"
"ဘာအတွက်လဲ Sam...၊ Samအမှားလုပ်ထားတာမရှိဘူးလေ"
"Lixအပေါ်မှာ ငါမတရားတာတွေပဲ လုပ်နေမိတာသိသိရက်နဲ့ အခုအရှက်ထပ်မဲ့ပြီး Lixအပေါ်မှာ ငိုချမိတယ်"
"မဟုတ်ဘူး Sam...၊ ကျွန်တော်ကိုယ်တိုင်ကိုက ခွင့်ပြုခဲ့တာ၊ ကျွန်တော်ကိုယ်တိုင်ကချည်း မထိန်းချုပ်နိုင်ဘဲ တိုးဝင်ခဲ့တာချည်းပဲ"
ဆွယ်တာက နောက်တစ်ကြိမ် သူ့ဆီမှာငိုကြွေးပြန်တယ်။ ဒီလူ့အပေါ်မှာ ဆွယ်တာမတရားခဲ့ဘူး။ မှန်တယ်။ ဆွယ်တာက တစ်ကိုယ်ကောင်းဆန်တာလည်းမှန်တယ်။ အဲ့ဒီအရာတွေကို သိသိရက်နဲ့ ရှေ့တိုးခဲ့မိတာသူပဲ။ သူကိုယ်တိုင်အရွေးချယ်မခံရတော့မှ ဆွယ်တာ့ကို သူပစ်ပယ်ခဲ့လိုက်တာ။ ဆွယ်တာက သူ့ကိုပစ်ပယ်တာမဟုတ်ဘဲ သူက ဆွယ်တာ့ကိုပစ်ပယ်ခဲ့တာ။ တကယ်အပြစ်ရှိတာ သူပဲ။
ဘယ်သူ့အပြစ်ပဲဖြစ်ဖြစ် လက်ရှိအရေးအကြီးဆုံးက ဆွယ်တာစိတ်ချမ်းသာဖို့ပဲ။ အဲ့ဒီနောက်ပိုင်းမှ ဖြစ်လာတဲ့ကိစ္စတွေကိုဆုံးဖြတ်မယ်။ ဆွယ်တာတစ်ယောက်တည်း အတွေးလွန်ပြီး ခံစားနေရမှာထက်စာရင် ဘေးမှာရှိနေပြီး သူပဲနာကျင်ခံစားလိုက်မယ်။ ဖြစ်လာသမျှအရာရာက ဖြစ်လာသလိုဆက်လက်ခံလိုက်ရုံပဲ။ ဆွယ်တာ့ကိုတော့ သူပစ်မထားနိုင်ဘူး။
ဈာပနအခမ်းအနားကို အဆုံးသတ်ပြီးနောက်မှာတော့ ဆွယ်တာ့ကို သူလိုက်ပို့ဖြစ်တယ်။ ဆွယ်တာ့ကားနောက်ကိုလိုက်ရတာဖြစ်တဲ့အတွက် လိုက်ပို့တယ်လို့ဆိုနိုင်မလားမသိပေမဲ့ ဆွယ်တာ့ကို သူစိတ်မချလို့ လိုက်လာမိတာတော့ ဝန်ခံရမယ်။ သံလှေကားထစ်တွေကို အသံမမြည်စေဘဲ ဖွဖွချင်းနင်းသွားတဲ့ဆွယ်တာ့ခြေလှမ်းတွေနောက် သူကတော့ ခြေသံပြင်းပြင်းနဲ့ လိုက်သွားမိတယ်။
ဆွယ်တာက အခန်းတံခါးဖွင့်ဖို့ တွန့်ဆုတ်နေပုံရတယ်။ သူဆွယ်တာ့ဘေးမှာ ကပ်ရပ်လိုက်တာနဲ့ အသက်ကိုတင်းတင်းရှူထုတ်နေတဲ့ ဆွယ်တာ့မျက်နှာကိုတွေ့ရတယ်။
"Sam...ရရဲ့လား၊ ကျွန်တော့်အိမ်လိုက်ခဲ့မလား"
"ရပါတယ်၊ ငါအဆင်ပြေပါတယ် Lix"
ဆွယ်တာက အခန်းတံခါးကို ဖွင့်ဝင်ပြီးတဲ့နောက် သူ့ကိုပါဝင်ဖို့ဖိတ်ခေါ်တယ်။ အဲ့ဒီနောက် ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ကြပြီး မျက်နှာကျက်ကို အကြောင်းမဲ့မော့ကြည့်နေမိကြတယ်။
"ဗိုက်မဆာဘူးလား Sam..."
"Lixရော...၊ စောစောကဘာမှမစားလိုက်ရဘူးမလား"
"Sam ဘာစားချင်လဲ၊ Brownieစားမလား၊ ကျွန်တော်လုပ်ပေးမယ်လေ"
"လောလောဆယ်တော့ အိပ်ချင်ပြီ Lixရယ်"
"ဒါဆို Samနားတော့လေ၊ ကျွန်တော်လည်းပြန်လိုက်တော့မယ်၊ Sam တစ်ခုခုလိုရင်တော့ ကျွန်တော့်ကိုဖုန်းဆက်မယ်မလား"
ဆွယ်တာက ညင်ညင်သာသာလေးခေါင်းညိတ်ပြတယ်။ သူကတော့ အလိုက်တသိနဲ့ ဆွယ်တာ့အခန်းကနေထွက်ခွာခဲ့ရတယ်။ ပြာလွင်လွင်ကောင်းကင်မှာ တိမ်စုလေးတွေ ထပ်နေကြတယ်။ ဒီနေ့ မိုးရွာလောက်မလား။
မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ တာရှိဂဝ-စံရဲ့ မုန့်ဆိုင်ကိုဝင်ခဲ့ရင်း Brownieဝယ်လာခဲ့တယ်။ သူကိုယ်တိုင်စားချင်စိတ်မရှိဘဲ ဝယ်လာမိခဲ့တာပဲ။ ဆွယ်တာစားချင်လေမလားတွေးပြီး သွားပေးဖို့စိတ်ကူးခဲ့သေးတယ်။ သို့ပေမဲ့ ဆွယ်တာ့အတွက် အနှောက်အယှက်ဖြစ်နေမှာစိုးတာနဲ့ သူပြန်သယ်လာမိလိုက်တယ်။
တာရှိဂဝ-စံရဲ့ Brownieကတော့ အရင်အတိုင်းအရသာရှိဆဲပဲ။ ဒါပေမဲ့ နည်းနည်းထက်ပိုစားချင်စိတ် မရှိတော့ဘူး။ အိပ်ရာထက်မှာ ဝမ်းလျားမှောက်ပစ်လှဲလျက် စိတ်ညစ်မှုတွေကို ခေါင်းအုံးထက်မှာ မျက်နှာအပ်ရင်း ပုံချလိုက်တယ်။ ရင်ဘတ်ထဲက အစိုင်အခဲက တစ်ဖန်ပြန်မွေးဖွားလာပြီး သူ့လည်ပင်းအထိ စို့နင့်နေတယ်။ ပြောချင်တဲ့စကားတွေကို ပြောမထွက်နိုင်ဘူး။ ဘာတွေကို ထပ်ပြီးပြောချင်နေသေးလဲဆိုတာကိုလည်း နားမလည်ဘူး။ ဖြစ်ခဲ့သမျှက ထိန်းချုပ်မှုကင်းပြီး အလိုအလျောက်တုန့်ပြန်မှုတွေချည်းဖြစ်နေခဲ့တယ်။
ဆွယ်တာ့ကို သူဘာလုပ်ပေးသင့်လဲ သူမသိဘူး။ သူဘာဖြစ်ချင်လဲဆိုတာကိုလည်း ဆွယ်တာ့အိမ်က ထွက်လာပြီးကတည်းက မသိတော့ဘူး။ ခေါင်းထဲမှာဗလာဖြစ်သွားပြီး လည်ချောင်းထဲမှာတော့ တစ်ခုခုကစို့နင့်နေရုံကလွဲရင် သူ့မှာခံစားမှုတွေပါ ပျောက်ပျက်သွားတော့တယ်။
ခြေဦးတည့်ရာလျှောက်သွားဖြစ်တဲ့တစ်နေ့လို့ ခေါင်းစဉ်တပ်ချင်ပေမဲ့ သူရောက်နေတာ ဆွယ်တာ့တိုက်ခန်းရှေ့မှာဖြစ်တယ်။ ကျဲကျဲတောက်ပူတဲ့နေရောင်အောက်မှာ မြို့သူမြို့သားတွေက သွားလာလှုပ်ရှားနေကြရင်း သူသာလျှင် ထီးပြာပြာတစ်ချောင်းကိုင်လျက် ရပ်တန့်နေခဲ့တယ်။ ဆွယ်တာ အခန်းပြင်မထွက်ဘဲ ပိတ်နေနေတာများလား။ အထဲမှာ တစ်ခုခုဖြစ်နေတာများလား။ သူတံခါးသွားခေါက်သင့်လား။ သူရောက်လာလို့ ဆွယ်တာအနှောက်အယှက်ဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ။
လှစ်ခနဲဟလာတဲ့ တံခါးချပ်နောက်ကနေ ဆွယ်တာထွက်ပေါ်လာတယ်။ တစ်ပြိုင်နက်တည်း သူလည်းကျောပေးပြီး လှည့်ထွက်ခဲ့မိတယ်။
"Lix..."
နောက်ကျောဘက်က ခေါ်သံကြောင့် တုန့်ခနဲရပ်တန့်လိုက်ပေမဲ့ သူလှည့်မကြည့်သေးဘဲ ရှိနေခဲ့တယ်။
"Lix ငါ့ဆီလာတာလား"
လူမိသွားတာကို အပြုံးနဲ့ဖုံးရင်း အကြောင်းပြချက်ပေးဖို့ သူကြိုးစားလိုက်တယ်။
"ကျွန်တော်... တာရှိဂဝ-စံဆီလာရင်း လမ်းကြုံလို့၊ ဒါပေမဲ့ Samရှိမရှိ မသိတာနဲ့"
"ရှိပါတယ်၊ ငါအခုမှအပြင်ထွက်လာတာ၊ ဒီနေ့ ရာသီဥတုလည်း သာယာတယ်လေ"
"ဟုတ်မယ် Sam"
ဟုတ်တယ်။ Samမျက်နှာကြည်လင်နေပုံထောက်တော့ ဒီနေ့ ရာသီဥတုတကယ်သာယာနေတာဖြစ်မယ်။
"Lix အခု ဘယ်သွားမှာလဲ"
"ဘယ်မှမသွားပါဘူး"
"ဒါဆို ငါနဲ့လိုက်မလား"
"ဘယ်လဲ Sam"
"ဒီနားက ပန်းချီပြခန်း၊ ခဏပါပဲ"
မတူညီတဲ့အရိပ်အငွေ့တွေ ပြေးသမ်းနေတဲ့ ပန်းချီပြခန်းရောက်တိုင်း သူ့စိတ်တွေမျောလွင့်နေကျဆိုပေမဲ့ ဒီနေ့တော့ မျောလွင့်ရာက ပန်းချီကားတွေကြောင့်မဟုတ်ခဲ့ဘဲ တစ်ဦးတည်းသော အမျိုးသားကြောင့်ဖြစ်နေခဲ့တယ်။ ပန်းချီကားတွေရဲ့ခပ်စောင်းစောင်းအနေအထားမှာ ရပ်ကြည့်နေတဲ့အမျိုးသားကိုကျော်ပြီး ပန်းချီကားတွေကိုကြည့်ဖို့ရာ သူမစွမ်းသာနိုင်သေးဘူး။
"Sam"
ဆွယ်တာက သူ့ကိုချက်ချင်းလှည့်ကြည့်လာတယ်။ မျက်နှာအနေအထားနဲ့ စိတ်အခြေအနေကို ခန့်မှန်းဖို့ကတော့ တော်တော်ခက်ခဲတဲ့ပုံစံမှာရှိနေတယ်။
"ပြောလေ Lix...၊ ခေါ်တုန်းကခေါ်ပြီး ဘာပြောမလို့လဲ"
သူ ဆွယ်တာ့ဘေးမှာ သွားရပ်လိုက်တယ်။ အနည်းငယ်ကွာခြားတဲ့ ပခုံးနှစ်ဖက်ကြားက လေထုကပြင်းထန်သလိုခံစားရတယ်။
"ကျွန်တော်တို့က ဘာတွေလဲ"
သိချင်စိတ်ပြင်းပြစွာနဲ့ ထုတ်ခဲ့မိတဲ့မေးခွန်းနောက်မှာ ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေ တစ်သီတစ်သန်းပါဝင်ခဲ့တယ်။
"Lix ဘာကိုမေးချင်တာလဲ"
သူ ကျွတ်တစ်ချက်စုပ်သပ်မိလိုက်တယ်။ ခပ်ကျယ်ကျယ်မဟုတ်ပေမဲ့ ဆွယ်တာတော့ကြားမယ်လို့ထင်တယ်။
"ကျွန်တော်တို့က နီးစပ်မလိုဖြစ်ခဲ့ဖူးတယ်မဟုတ်လား၊ ကြားထဲမှာ အဖြစ်အပျက်တချို့ရှိခဲ့ပေမဲ့ အခုလက်ရှိ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးတစ်ခုရှိနေသေးတယ်လေ၊ အဲ့ဒီဆက်ဆံရေးရဲ့ခေါင်းစဉ်က ဘယ်လိုမျိုးလဲ ကျွန်တော်သိချင်တာ"
ဆွယ်တာက သူ့ကို မေးခွန်းကြောင်ကြောင်လေးတွေမေးတတ်တဲ့ ကလေးတစ်ယောက်လို ကြည့်လာခဲ့တယ်။ ပြီးမှ ခပ်ဖွဖွလေးပြုံးရင်း ပြန်ဖြေတယ်။
"ငါမဖြေတတ်ဘူး Lix...၊ ဖြစ်ခဲ့တာကို ဖြစ်ခဲ့တဲ့အတိုင်း ငါတွေးပြီးနေနေတယ်၊ Lixမေးတဲ့ လက်ရှိဆိုတာမျိုးကျ .... တကယ်ဖြေရခက်တယ်၊ ငါမဖြေနိုင်တဲ့အတွက် Lixက ငါ့အစားဖြေကြည့်ပါလား၊ Lixကရော ဘယ်လိုခေါင်းစဉ်မျိုးလို့ထင်လဲ"
ဖြစ်ခဲ့တာကိုဖြစ်ခဲ့တဲ့အတိုင်းဆိုတဲ့စကားနောက်မှာ သူခဏ မှင်သေသွားတယ်။ သူတစ်ခါထပ်ပြီး မျှော်လင့်ချက်ကြီးသွားတာလား။ အမှတ်မထင်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကို သူအခုထိ ပုံကြီးချဲ့ဖို့ ကြိုးစားမိနေတုန်းလား။ နဂိုကတည်းက ဘေးလူ၊ အရံလူက ဘေးလူ၊ အရံလူအနေနဲ့ ဘေးထွက်နေရမှာထက် ဇာတ်ဆောင်နေရာကို ရဖို့ကြိုးစားခဲ့မိတာဖြစ်မယ်။
"Lix..."
ဒီခေါ်သံကို မျက်စိတစ်ဆုံးမှိတ်နားထောင်ရင်း ဦးနှောက်ထဲရိုက်သွင်းထားလိုက်တယ်။
"မိတ်ဆွေတွေဖြစ်မယ်ထင်တယ်"
သူ့နှုတ်က ဓားသွားပေါ် လျှပ်ပြီးထွက်လာရတဲ့စကားမျိုးကို ပြောရသလိုမျိုး ခံစားချက်ကိုရခဲ့တယ်။ ဆွယ်တာနဲ့ပတ်သက်လာရင် သူကနာကျင်လွယ်လွန်းတယ်။
"နေ့လယ်စာသွားစားကြမလား Lix..."
"ကောင်းတာပေါ့"
ကိုယ်တိုင်တိုးခဲ့တဲ့ဆူးခင်းလမ်းကို လျှောက်စမ်းဆိုပြီး ကျိတ်မှိတ်လျှောက်ရတဲ့အရသာက တစ်မူထူးခြားတာတော့ သေချာတယ်။ မြင်နေရတဲ့မြင်ကွင်းဟာ ကိုယ်မပိုင်တဲ့မြင်ကွင်း။
"Lixကို ဘူတာအထိ လိုက်ပုိ့ပေးမယ်နော်"
"ကောင်းတာပေါ့ Sam"
နေနိုင်သမျှနေလိုက်ဦးမယ်ဆိုပြီး ခေါင်းမာကြည့်တယ်။ ပြီးရင် သူဆွယ်တာ့ကို ထပ်နှောက်ယှက်တော့မှာ မဟုတ်သလို ဆွယ်တာ့ရှေ့မှာ ထပ်ပေါ်လာမှာမဟုတ်ဘူး။ ဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်ဆိုတာ သူသိခဲ့ပြီ။ ထပ်ဆက်စရာမရှိသလို ဆက်နေသရွေ့ ဇာတ်မျောတစ်ခုထက်မပိုတာမို့ ပျင်းရိငြီးငွေ့စရာပုံပြင်ကြီးဖြစ်လာမှာပဲ။
ရထားရဲ့အဝင်ပေါက်ကို သူခြေလှမ်းလှမ်းတင်လိုက်တယ်။ တံခါးမှန်ကနေဖြတ်ပြီးမြင်ရတဲ့ ဆွယ်တာ့ကို သူလက်လှမ်းပြလိုက်တယ်။
"Sayonara Sweater"(နှုတ်ဆက်ပါတယ် ဆွယ်တာ)
ကင်မရာတစ်လုံးနဲ့စတင်ခဲ့တဲ့ဇာတ်လမ်းကို ဆွယ်တာတစ်ထည်ဝတ်ထားတဲ့လူကို နှုတ်ဆက်ရင်း အမြန်ရထားပေါ်မှာအဆုံးသတ်လိုက်တယ်။ လူလွတ်နေတဲ့ထိုင်ခုံလေးမှာ သူတိုးဝင်ထိုင်ဖို့ ဟန်ပြုလိုက်ပေမဲ့ သူ့ထက်ဦးတဲ့သူရှိသွားခဲ့တယ်။
ကင်မရာနဲ့ဆွယ်တာဇာတ်လမ်းထဲမှာ သူဟာဘယ်လိုလူမျိုးဖြစ်မလဲ သူတွေးကြည့်မိတယ်။ ဇာတ်လမ်းကိုက ကင်မရာနဲ့ဆွယ်တာပဲလေ။ သူက ဘာရယ်မဟုတ်ဘဲ ခဏတာစိတ်ကူးပေါက်တုန်းစားဖြစ်တဲ့ Brownieမုန့်တစ်ခုဖြစ်မယ်။ အောင့်သက်သက်ရယ်မိပြီးတဲ့နောက်မှာ သက်ပြင်းကိုတစ်ဆုံးဆွဲချလိုက်တယ်။
ဒီလောက်ပဲပေါ့ ဆွယ်တာ။ ဒီလောက်ပဲပေါ့....။
Thanks For Reading
Zawgyi
အနက္ေရာင္ဝတ္စံုေတြနဲ႔ လူေတြအမ်ားႀကီးၾကားထဲမွာ ၿငိမ္ၿငိမ္ကုပ္ကုပ္ေလး ေငးငုိင္ေနတဲ့ ဆြယ္တာ့ကုိလွမ္းျမင္မိတဲ့အခါ သူလွည့္ျပန္ရမလားေတြးမိတယ္။ အေရာင္ေလ်ာ့ေလ်ာ့ မ်က္ဝန္းနဲ႔ မ်က္နွာက ဆြယ္တာဘယ္ေလာက္ထိ အိပ္ေရးပ်က္ထားသလဲသိသာတယ္။ သက္ျပင္းကုိ ကမၻာေျမႀကီးကြဲအက္ေလာက္ေအာင္ ဆြဲခ်ၿပီး လူအုပ္ၾကားထဲ မသိမသာတုိးထုိင္လိုက္တယ္။
ဆြယ္တာက စ်ာပနကုိလာၾကတဲ့လူေတြကုိ အတတ္ႏုိင္ဆံုး ဧည့္ခံစကားေျပာေပးေနတယ္။ စကားလံုးေတြဆံုးသြားလို႔ ခဏၿငိမ္သက္သြားတုိင္း ဆြယ္တာ့မ်က္နွာလည္း ညႇိဳးက်သြားတယ္။ ဆြယ္တာက တစ္ခါတရံ ဧည့္ဝင္ေပါက္ေလးကုိၾကည့္ေနတတ္ျပန္တယ္။
တစ္စတစ္စနဲ႔တုိးလာခဲ့တဲ့ဧည့္သည္ေတြက တစ္စတစ္စနဲ႔ပဲ အလ်ွိဳလ်ွိဳေလ်ာ့နည္းသြားၾကတယ္။ ေနာက္ဆံုး ထုိင္ရာကမထႏုိင္ဘဲ ထုိင္ေနခဲ့မိတဲ့သူပဲက်န္တယ္။ ဆြယ္တာက သူ႔ကုိျမင္ေတာ့ အံ့ၾသပံုမရဘူး။ ခပ္သာသာေလးၿပံဳးျပတယ္။
"Lix... ေန႔လယ္စာစားၿပီးၿပီလား"
သူေခါင္းယမ္းျပမိတယ္။ သူမနက္ခင္းေရာက္လာမိကတည္းကေန အခုခ်ိန္အထိ ဘာဆုိဘာမွစားခ်င္စိတ္မရွိေအာင္ ဆုိ႔နင့္ေနတယ္။ ဆြယ္တာ့မ်က္နွာကုိၾကည့္ၿပီး ဘာလုပ္ေပးရမွန္းမသိျဖစ္ေနခဲ့တာ။
"Lixအတြက္ တစ္ခုခုျပင္ေပးမယ္"
ဆြယ္တာက ေျခတုိးသံပါးပါးေလးခတ္ရင္း ထသြားတဲ့ေနာက္ သူပါအလိုလိုလိုက္သြားမိတယ္။ အသင့္မွာယူထားတဲ့ အစားအေသာက္တခ်ဳိ႕ကုိ သူ႔အတြက္ ပန္းကန္ထဲမွာျပင္ေပးေနတဲ့ဆြယ္တာ့ကုိၾကည့္ရင္း သူပုိခံစားလာမိတယ္။ ဆြယ္တာဘာလို႔မ်ား တင္းခံေနရတာပါလဲ။ ငုိခ်င္စိတ္ရွိသမ်ွငုိခ်ၿပီး စိတ္ကုိေပါ့ေအာင္ထားရမယ္မဟုတ္ဘူးလား။
"Sam..."
သူေခၚတဲ့အခါ သူ႔ကုိတစ္ခ်က္ၾကည့္ၿပီး ဆြယ္တာကၿပံဳးျပတယ္။
"ခဏေလးေနာ္ Lix"
"Sam..."
ဆြယ္တာ့ပခံုးကုိ သူဆြဲခါၿပီးလႈပ္ယမ္းမိလိုက္တယ္။ တစ္ၿပိဳင္တည္းမွာပဲ ဆြယ္တာ့မ်က္နွာက သူ႔ပခံုးေပၚၿပိဳက်လာတယ္။ အဲ့ဒီေနာက္မွာေတာ့ တရႈိက္ႀကီးႀကီးငုိေႂကြးလာတဲ့ဆြယ္တာ့ေၾကာင့္ သူ႔ရင္ေတြပူရျပန္တယ္။ ေက်ာျပင္ကုိ အသာသပ္ေပးရင္း "ကြၽန္ေတာ္ရွိတယ္ Sam"လို႔ပဲ ေျပာေနမိတယ္။
"ငါေတာင္းပန္ပါတယ္ Lixရယ္"
"ဘာအတြက္လဲ Sam...၊ Samအမွားလုပ္ထားတာမရွိဘူးေလ"
"Lixအေပၚမွာ ငါမတရားတာေတြပဲ လုပ္ေနမိတာသိသိရက္နဲ႔ အခုအရွက္ထပ္မဲ့ၿပီး Lixအေပၚမွာ ငုိခ်မိတယ္"
"မဟုတ္ဘူး Sam...၊ ကြၽန္ေတာ္ကုိယ္တုိင္ကုိက ခြင့္ျပဳခဲ့တာ၊ ကြၽန္ေတာ္ကုိယ္တုိင္ကခ်ည္း မထိန္းခ်ဳပ္ႏုိင္ဘဲ တုိးဝင္ခဲ့တာခ်ည္းပဲ"
ဆြယ္တာက ေနာက္တစ္ႀကိမ္ သူ႔ဆီမွာငုိေႂကြးျပန္တယ္။ ဒီလူ႔အေပၚမွာ ဆြယ္တာမတရားခဲ့ဘူး။ မွန္တယ္။ ဆြယ္တာက တစ္ကုိယ္ေကာင္းဆန္တာလည္းမွန္တယ္။ အဲ့ဒီအရာေတြကုိ သိသိရက္နဲ႔ ေရွ႕တုိးခဲ့မိတာသူပဲ။ သူကုိယ္တုိင္အေ႐ြးခ်ယ္မခံရေတာ့မွ ဆြယ္တာ့ကုိ သူပစ္ပယ္ခဲ့လိုက္တာ။ ဆြယ္တာက သူ႔ကုိပစ္ပယ္တာမဟုတ္ဘဲ သူက ဆြယ္တာ့ကုိပစ္ပယ္ခဲ့တာ။ တကယ္အျပစ္ရွိတာ သူပဲ။
ဘယ္သူ႔အျပစ္ပဲျဖစ္ျဖစ္ လက္ရွိအေရးအႀကီးဆံုးက ဆြယ္တာစိတ္ခ်မ္းသာဖုိ႔ပဲ။ အဲ့ဒီေနာက္ပုိင္းမွ ျဖစ္လာတဲ့ကိစၥေတြကုိဆံုးျဖတ္မယ္။ ဆြယ္တာတစ္ေယာက္တည္း အေတြးလြန္ၿပီး ခံစားေနရမွာထက္စာရင္ ေဘးမွာရွိေနၿပီး သူပဲနာက်င္ခံစားလိုက္မယ္။ ျဖစ္လာသမ်ွအရာရာက ျဖစ္လာသလိုဆက္လက္ခံလိုက္ရံုပဲ။ ဆြယ္တာ့ကုိေတာ့ သူပစ္မထားႏုိင္ဘူး။
စ်ာပနအခမ္းအနားကုိ အဆံုးသတ္ၿပီးေနာက္မွာေတာ့ ဆြယ္တာ့ကုိ သူလိုက္ပုိ႔ျဖစ္တယ္။ ဆြယ္တာ့ကားေနာက္ကုိလိုက္ရတာျဖစ္တဲ့အတြက္ လုိက္ပုိ႔တယ္လို႔ဆုိႏုိင္မလားမသိေပမဲ့ ဆြယ္တာ့ကုိ သူစိတ္မခ်လို႔ လိုက္လာမိတာေတာ့ ဝန္ခံရမယ္။ သံေလွကားထစ္ေတြကုိ အသံမျမည္ေစဘဲ ဖြဖြခ်င္းနင္းသြားတဲ့ဆြယ္တာ့ေျခလွမ္းေတြေနာက္ သူကေတာ့ ေျခသံျပင္းျပင္းနဲ႔ လိုက္သြားမိတယ္။
ဆြယ္တာက အခန္းတံခါးဖြင့္ဖုိ႔ တြန္႔ဆုတ္ေနပံုရတယ္။ သူဆြယ္တာ့ေဘးမွာ ကပ္ရပ္လိုက္တာနဲ႔ အသက္ကုိတင္းတင္းရွဴထုတ္ေနတဲ့ ဆြယ္တာ့မ်က္နွာကုိေတြ႕ရတယ္။
"Sam...ရရဲ႕လား၊ ကြၽန္ေတာ့္အိမ္လိုက္ခဲ့မလား"
"ရပါတယ္၊ ငါအဆင္ေျပပါတယ္ Lix"
ဆြယ္တာက အခန္းတံခါးကုိ ဖြင့္ဝင္ၿပီးတဲ့ေနာက္ သူ႔ကုိပါဝင္ဖုိ႔ဖိတ္ေခၚတယ္။ အဲ့ဒီေနာက္ ဆုိဖာေပၚမွာ ဝင္ထုိင္လိုက္ၾကၿပီး မ်က္နွာက်က္ကုိ အေၾကာင္းမဲ့ေမာ့ၾကည့္ေနမိၾကတယ္။
"ဗုိက္မဆာဘူးလား Sam..."
"Lixေရာ...၊ ေစာေစာကဘာမွမစားလိုက္ရဘူးမလား"
"Sam ဘာစားခ်င္လဲ၊ Brownieစားမလား၊ ကြၽန္ေတာ္လုပ္ေပးမယ္ေလ"
"ေလာေလာဆယ္ေတာ့ အိပ္ခ်င္ၿပီ Lixရယ္"
"ဒါဆုိ Samနားေတာ့ေလ၊ ကြၽန္ေတာ္လည္းျပန္လိုက္ေတာ့မယ္၊ Sam တစ္ခုခုလိုရင္ေတာ့ ကြၽန္ေတာ့္ကုိဖုန္းဆက္မယ္မလား"
ဆြယ္တာက ညင္ညင္သာသာေလးေခါင္းညိတ္ျပတယ္။ သူကေတာ့ အလိုက္တသိနဲ႔ ဆြယ္တာ့အခန္းကေနထြက္ခြာခဲ့ရတယ္။ ျပာလြင္လြင္ေကာင္းကင္မွာ တိမ္စုေလးေတြ ထပ္ေနၾကတယ္။ ဒီေန႔ မုိး႐ြာေလာက္မလား။
မေရာက္ျဖစ္တာၾကာၿပီျဖစ္တဲ့ တာရွိဂဝ-စံရဲ႕ မုန္႔ဆုိင္ကုိဝင္ခဲ့ရင္း Brownieဝယ္လာခဲ့တယ္။ သူကုိယ္တုိင္စားခ်င္စိတ္မရွိဘဲ ဝယ္လာမိခဲ့တာပဲ။ ဆြယ္တာစားခ်င္ေလမလားေတြးၿပီး သြားေပးဖုိ႔စိတ္ကူးခဲ့ေသးတယ္။ သုိ႔ေပမဲ့ ဆြယ္တာ့အတြက္ အေနွာက္အယွက္ျဖစ္ေနမွာစုိးတာနဲ႔ သူျပန္သယ္လာမိလိုက္တယ္။
တာရွိဂဝ-စံရဲ႕ Brownieကေတာ့ အရင္အတုိင္းအရသာရွိဆဲပဲ။ ဒါေပမဲ့ နည္းနည္းထက္ပုိစားခ်င္စိတ္ မရွိေတာ့ဘူး။ အိပ္ရာထက္မွာ ဝမ္းလ်ားေမွာက္ပစ္လွဲလ်က္ စိတ္ညစ္မႈေတြကုိ ေခါင္းအံုးထက္မွာ မ်က္နွာအပ္ရင္း ပံုခ်လိုက္တယ္။ ရင္ဘတ္ထဲက အစုိင္အခဲက တစ္ဖန္ျပန္ေမြးဖြားလာၿပီး သူ႔လည္ပင္းအထိ စုိ႔နင့္ေနတယ္။ ေျပာခ်င္တဲ့စကားေတြကုိ ေျပာမထြက္ႏုိင္ဘူး။ ဘာေတြကုိ ထပ္ၿပီးေျပာခ်င္ေနေသးလဲဆုိတာကုိလည္း နားမလည္ဘူး။ ျဖစ္ခဲ့သမ်ွက ထိန္းခ်ဳပ္မႈကင္းၿပီး အလိုအေလ်ာက္တုန္႔ျပန္မႈေတြခ်ည္းျဖစ္ေနခဲ့တယ္။
ဆြယ္တာ့ကုိ သူဘာလုပ္ေပးသင့္လဲ သူမသိဘူး။ သူဘာျဖစ္ခ်င္လဲဆုိတာကုိလည္း ဆြယ္တာ့အိမ္က ထြက္လာၿပီးကတည္းက မသိေတာ့ဘူး။ ေခါင္းထဲမွာဗလာျဖစ္သြားၿပီး လည္ေခ်ာင္းထဲမွာေတာ့ တစ္ခုခုကစုိ႔နင့္ေနရံုကလြဲရင္ သူ႔မွာခံစားမႈေတြပါ ေပ်ာက္ပ်က္သြားေတာ့တယ္။
ေျခဦးတည့္ရာေလ်ွာက္သြားျဖစ္တဲ့တစ္ေန႔လို႔ ေခါင္းစဥ္တပ္ခ်င္ေပမဲ့ သူေရာက္ေနတာ ဆြယ္တာ့တုိက္ခန္းေရွ႕မွာျဖစ္တယ္။ က်ဲက်ဲေတာက္ပူတဲ့ေနေရာင္ေအာက္မွာ ၿမိဳ႕သူၿမိဳ႕သားေတြက သြားလာလႈပ္ရွားေနၾကရင္း သူသာလ်ွင္ ထီးျပာျပာတစ္ေခ်ာင္းကုိင္လ်က္ ရပ္တန္႔ေနခဲ့တယ္။ ဆြယ္တာ အခန္းျပင္မထြက္ဘဲ ပိတ္ေနေနတာမ်ားလား။ အထဲမွာ တစ္ခုခုျဖစ္ေနတာမ်ားလား။ သူတံခါးသြားေခါက္သင့္လား။ သူေရာက္လာလို႔ ဆြယ္တာအေနွာက္အယွက္ျဖစ္သြားတာလည္း ျဖစ္ႏုိင္တာပဲ။
လွစ္ခနဲဟလာတဲ့ တံခါးခ်ပ္ေနာက္ကေန ဆြယ္တာထြက္ေပၚလာတယ္။ တစ္ၿပိဳင္နက္တည္း သူလည္းေက်ာေပးၿပီး လွည့္ထြက္ခဲ့မိတယ္။
"Lix..."
ေနာက္ေက်ာဘက္က ေခၚသံေၾကာင့္ တုန္႔ခနဲရပ္တန္႔လိုက္ေပမဲ့ သူလွည့္မၾကည့္ေသးဘဲ ရွိေနခဲ့တယ္။
"Lix ငါ့ဆီလာတာလား"
လူမိသြားတာကုိ အၿပံဳးနဲ႔ဖံုးရင္း အေၾကာင္းျပခ်က္ေပးဖုိ႔ သူႀကိဳးစားလိုက္တယ္။
"ကြၽန္ေတာ္... တာရွိဂဝ-စံဆီလာရင္း လမ္းႀကံဳလို႔၊ ဒါေပမဲ့ Samရွိမရွိ မသိတာနဲ႔"
"ရွိပါတယ္၊ ငါအခုမွအျပင္ထြက္လာတာ၊ ဒီေန႔ ရာသီဥတုလည္း သာယာတယ္ေလ"
"ဟုတ္မယ္ Sam"
ဟုတ္တယ္။ Samမ်က္နွာၾကည္လင္ေနပံုေထာက္ေတာ့ ဒီေန႔ ရာသီဥတုတကယ္သာယာေနတာျဖစ္မယ္။
"Lix အခု ဘယ္သြားမွာလဲ"
"ဘယ္မွမသြားပါဘူး"
"ဒါဆုိ ငါနဲ႔လိုက္မလား"
"ဘယ္လဲ Sam"
"ဒီနားက ပန္းခ်ီျပခန္း၊ ခဏပါပဲ"
မတူညီတဲ့အရိပ္အေငြ႕ေတြ ေျပးသမ္းေနတဲ့ ပန္းခ်ီျပခန္းေရာက္တုိင္း သူ႔စိတ္ေတြေမ်ာလြင့္ေနက်ဆုိေပမဲ့ ဒီေန႔ေတာ့ ေမ်ာလြင့္ရာက ပန္းခ်ီကားေတြေၾကာင့္မဟုတ္ခဲ့ဘဲ တစ္ဦးတည္းေသာ အမ်ိဳးသားေၾကာင့္ျဖစ္ေနခဲ့တယ္။ ပန္းခ်ီကားေတြရဲ႕ခပ္ေစာင္းေစာင္းအေနအထားမွာ ရပ္ၾကည့္ေနတဲ့အမ်ဳိးသားကုိေက်ာ္ၿပီး ပန္းခ်ီကားေတြကုိၾကည့္ဖုိ႔ရာ သူမစြမ္းသာႏုိင္ေသးဘူး။
"Sam"
ဆြယ္တာက သူ႔ကုိခ်က္ခ်င္းလွည့္ၾကည့္လာတယ္။ မ်က္နွာအေနအထားနဲ႔ စိတ္အေျခအေနကုိ ခန္႔မွန္းဖုိ႔ကေတာ့ ေတာ္ေတာ္ခက္ခဲတဲ့ပံုစံမွာရွိေနတယ္။
"ေျပာေလ Lix...၊ ေခၚတုန္းကေခၚၿပီး ဘာေျပာမလုိ႔လဲ"
သူ ဆြယ္တာ့ေဘးမွာ သြားရပ္လိုက္တယ္။ အနည္းငယ္ကြာျခားတဲ့ ပခံုးနွစ္ဖက္ၾကားက ေလထုကျပင္းထန္သလိုခံစားရတယ္။
"ကြၽန္ေတာ္တုိ႔က ဘာေတြလဲ"
သိခ်င္စိတ္ျပင္းျပစြာနဲ႔ ထုတ္ခဲ့မိတဲ့ေမးခြန္းေနာက္မွာ ရင္ခုန္စိတ္လႈပ္ရွားျခင္းေတြ တစ္သီတစ္သန္းပါဝင္ခဲ့တယ္။
"Lix ဘာကုိေမးခ်င္တာလဲ"
သူ ကြၽတ္တစ္ခ်က္စုပ္သပ္မိလိုက္တယ္။ ခပ္က်ယ္က်ယ္မဟုတ္ေပမဲ့ ဆြယ္တာေတာ့ၾကားမယ္လုိ႔ထင္တယ္။
"ကြၽန္ေတာ္တုိ႔က နီးစပ္မလိုျဖစ္ခဲ့ဖူးတယ္မဟုတ္လား၊ ၾကားထဲမွာ အျဖစ္အပ်က္တခ်ဳိ႕ရွိခဲ့ေပမဲ့ အခုလက္ရွိ ကြၽန္ေတာ္တုိ႔ၾကားမွာ ဆက္ဆံေရးတစ္ခုရွိေနေသးတယ္ေလ၊ အဲ့ဒီဆက္ဆံေရးရဲ႕ေခါင္းစဥ္က ဘယ္လိုမ်ဳိးလဲ ကြၽန္ေတာ္သိခ်င္တာ"
ဆြယ္တာက သူ႔ကုိ ေမးခြန္းေၾကာင္ေၾကာင္ေလးေတြေမးတတ္တဲ့ ကေလးတစ္ေယာက္လို ၾကည့္လာခဲ့တယ္။ ၿပီးမွ ခပ္ဖြဖြေလးၿပံဳးရင္း ျပန္ေျဖတယ္။
"ငါမေျဖတတ္ဘူး Lix...၊ ျဖစ္ခဲ့တာကုိ ျဖစ္ခဲ့တဲ့အတုိင္း ငါေတြးၿပီးေနေနတယ္၊ Lixေမးတဲ့ လက္ရွိဆုိတာမ်ဳိးက် .... တကယ္ေျဖရခက္တယ္၊ ငါမေျဖႏုိင္တဲ့အတြက္ Lixက ငါ့အစားေျဖၾကည့္ပါလား၊ Lixကေရာ ဘယ္လိုေခါင္းစဥ္မ်ဳိးလို႔ထင္လဲ"
ျဖစ္ခဲ့တာကုိျဖစ္ခဲ့တဲ့အတုိင္းဆုိတဲ့စကားေနာက္မွာ သူခဏ မွင္ေသသြားတယ္။ သူတစ္ခါထပ္ၿပီး ေမ်ွာ္လင့္ခ်က္ႀကီးသြားတာလား။ အမွတ္မထင္ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ကုိ သူအခုထိ ပံုႀကီးခ်ဲ့ဖုိ႔ ႀကိဳးစားမိေနတုန္းလား။ နဂုိကတည္းက ေဘးလူ၊ အရံလူက ေဘးလူ၊ အရံလူအေနနဲ႔ ေဘးထြက္ေနရမွာထက္ ဇာတ္ေဆာင္ေနရာကုိ ရဖုိ႔ႀကိဳးစားခဲ့မိတာျဖစ္မယ္။
"Lix..."
ဒီေခၚသံကုိ မ်က္စိတစ္ဆံုးမွိတ္နားေထာင္ရင္း ဦးေနွာက္ထဲရုိက္သြင္းထားလိုက္တယ္။
"မိတ္ေဆြေတြျဖစ္မယ္ထင္တယ္"
သူ႔နႈတ္က ဓားသြားေပၚ လ်ွပ္ၿပီးထြက္လာရတဲ့စကားမ်ဳိးကုိ ေျပာရသလိုမ်ဳိး ခံစားခ်က္ကုိရခဲ့တယ္။ ဆြယ္တာနဲ႔ပတ္သက္လာရင္ သူကနာက်င္လြယ္လြန္းတယ္။
"ေန႔လယ္စာသြားစားၾကမလား Lix..."
"ေကာင္းတာေပါ့"
ကုိယ္တုိင္တုိးခဲ့တဲ့ဆူးခင္းလမ္းကုိ ေလ်ွာက္စမ္းဆုိၿပီး က်ိတ္မွိတ္ေလ်ွာက္ရတဲ့အရသာက တစ္မူထူးျခားတာေတာ့ ေသခ်ာတယ္။ ျမင္ေနရတဲ့ျမင္ကြင္းဟာ ကုိယ္မပုိင္တဲ့ျမင္ကြင္း။
"Lixကုိ ဘူတာအထိ လိုက္ပု႔ိေပးမယ္ေနာ္"
"ေကာင္းတာေပါ့ Sam"
ေနႏုိင္သမ်ွေနလိုက္ဦးမယ္ဆုိၿပီး ေခါင္းမာၾကည့္တယ္။ ၿပီးရင္ သူဆြယ္တာ့ကုိ ထပ္ေနွာက္ယွက္ေတာ့မွာ မဟုတ္သလို ဆြယ္တာ့ေရွ႕မွာ ထပ္ေပၚလာမွာမဟုတ္ဘူး။ ဇာတ္လမ္းက ဒီမွာတင္ အဆံုးသတ္ဆုိတာ သူသိခဲ့ၿပီ။ ထပ္ဆက္စရာမရွိသလို ဆက္ေနသေ႐ြ႕ ဇာတ္ေမ်ာတစ္ခုထက္မပုိတာမုိ႔ ပ်င္းရိၿငီးေငြ႕စရာပံုျပင္ႀကီးျဖစ္လာမွာပဲ။
ရထားရဲ႕အဝင္ေပါက္ကုိ သူေျခလွမ္းလွမ္းတင္လိုက္တယ္။ တံခါးမွန္ကေနျဖတ္ၿပီးျမင္ရတဲ့ ဆြယ္တာ့ကုိ သူလက္လွမ္းျပလိုက္တယ္။
"Sayonara Sweater"(နႈတ္ဆက္ပါတယ္ ဆြယ္တာ)
ကင္မရာတစ္လံုးနဲ႔စတင္ခဲ့တဲ့ဇာတ္လမ္းကုိ ဆြယ္တာတစ္ထည္ဝတ္ထားတဲ့လူကုိ နႈတ္ဆက္ရင္း အျမန္ရထားေပၚမွာအဆံုးသတ္လိုက္တယ္။ လူလြတ္ေနတဲ့ထုိင္ခံုေလးမွာ သူတုိးဝင္ထုိင္ဖုိ႔ ဟန္ျပဳလိုက္ေပမဲ့ သူ႔ထက္ဦးတဲ့သူရွိသြားခဲ့တယ္။
ကင္မရာနဲ႔ဆြယ္တာဇာတ္လမ္းထဲမွာ သူဟာဘယ္လိုလူမ်ဳိးျဖစ္မလဲ သူေတြးၾကည့္မိတယ္။ ဇာတ္လမ္းကုိက ကင္မရာနဲ႔ဆြယ္တာပဲေလ။ သူက ဘာရယ္မဟုတ္ဘဲ ခဏတာစိတ္ကူးေပါက္တုန္းစားျဖစ္တဲ့ Brownieမုန္႔တစ္ခုျဖစ္မယ္။ ေအာင့္သက္သက္ရယ္မိၿပီးတဲ့ေနာက္မွာ သက္ျပင္းကုိတစ္ဆံုးဆြဲခ်လိုက္တယ္။
ဒီေလာက္ပဲေပါ့ ဆြယ္တာ။ ဒီေလာက္ပဲေပါ့....။
Thanks For Reading
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



