Episode - 8
09:30, 10 July 2025အခန်း (၈)
ဧည့်ခန်းဆက်တီတွင် ထိုင်ပြီးသည်နှင့် ယူဂျင်းအကြည့်တွေက မက်သရူး ခြေကျင်းဝတ်ဆီသို့ ရောက်သွားသည်။
ဒီလူ့ခြေချင်းဝတ်က ဒဏ်ရာက ခုထိမကောင်းနိုင်သေးဘူးလား..။ ဆော့မက်သရူးဆိုတဲ့လူ နေမကောင်းဖြစ်နေတာနဲ့ပဲ ကိုကိုက သူ့ကိုလာမတွေ့တာ ဘယ်နှစ်ရက်တောင် ရှိလို့နေပြီလဲ..။
"ယူဂျင်း-ရှီ ဘာသောက်မလဲဟင်.."
မက်သရူးအသံကြောင့် ယူဂျင်းသူ့အတွေးတို့ကို ပြန်လည်ကာ သိမ်းထုပ်လိုက်ပြီး
"တော်ပါပြီ.. ဘာမှမသောက်တော့ပါဘူး။ ဒါနဲ့ ဟျောင်းရဲ့ ခြေထောက်က ခုထိမသက်သာသေးဘူးလား?"
"အာ.. ခြေထောက်က တော်တော်တော့ သက်သာနေပါပြီ.. ဒါပေမဲ့ ဘင်း က.."
မက်သရူးက ပြောလက်စ စကားကိုရပ်ကာ ယူဂျင်းကို အကဲခတ်သလို လှမ်းကြည့်သည်။
"ကိုကိုက ဘာဖြစ်လို့လဲ"
စိတ်မရှည်သလို မျက်နှာလေးကို မသိမသာရှုံ့မဲ့ရင်း ယူဂျင်းက စကားထောက်ပေးလာသည်။
"ဘင်းက ကျွန်တော့ခြေထောက် ပြန်နာသွားမှာ စိုးလို့ဆိုပြီး အိမ်ထဲကပေးမထွက်သေးတာ"
"အော်.."
အော် ဆိုသည့်စကားလုံးကို သံရှည်ဆွဲကာ ရေရွတ်ရင်း ယူဂျင်းမျက်လုံးများက မက်သရူးအိမ်အတွင်းဝယ် ၃၆၀ဒီဂရီ တပတ်လည်သွားသည်။ အိမ်အတွင်း အပြင်အဆင်က ကိုကို့အိမ်နှင့် တူလွန်းနေသဖြင့် ယူဂျင်းရင်တွင်းမှာ မနာလိုမှုလေးများက တဖြည်းဖြည်း စိမ့်ထွက်လို့လာခဲ့သည်။
ကိုကို့အိမ်ကိုသာ အခေါက်ပေါင်းမနည်း ရောက်ဖူးသော်လည်း ကိုကို့အခန်းနှင့် မျက်နှာချင်းဆိုင်မှာ ရှိလို့နေသည့် ဆော့မက်သရူးအိမ်ကိုတော့ ယူဂျင်းတခါမှ မရောက်ဖူးခဲ့။
အိမ်ရောက်ဖူးဖို့မပြောနဲ့ သူနဲ့မက်သရူးမှာ စကားပင် ၁၀ခွန်းပြည့်အောင် မပြောဖူးကြဘူးမလား..။ ခုလို သူ မက်သရူးကို လာရှာတာကို ကိုကိုသာ ပြန်သိလျှင် သူနဲ့စကားများရမှာ သေချာသလောက်ပင်..။
"ကျွန်တော့ဆီကို မလာစဖူး လာတာဆိုတော့ တစ်ခုခုပြောစရာများ ရှိနေတာလား ယူဂျင်း-ရှီ ?"
"ယူဂျင်းလို့ပဲ ခေါ်လို့ရပါတယ် ဟျောင်း.. ကျွန်တော်လည်း ဟျောင်းလို့ပဲ ခေါ်မယ်နော်"
"ဟုတ်ကဲ့ ယူဂျင်း-ရှီ.. အဲ.. ယူဂျင်း အဆင်ပြေသလိုခေါ်ပါ"
နဂိုထဲက အနေအေးသော မက်သရူးမှာ သူ့ရှေ့တွင် အတော်အနေရခက်နေပုံပင်။ မျက်လုံးအကြည့်တွေက အိမ်ခန်းကြမ်းပြင်တွင်သာ သံမှိုစွဲထားသလို စွဲကပ်လို့နေပြီး သူ့ကိုတချက်မျှ မကြည့်လာပဲ သူပြောလာမည့်စကားများကိုသာ တိတ်ဆိတ်စွာဖြင့် နားစွင့်လို့နေ၏။
တကယ်တမ်း ပြောရမည်ဆိုတော့ ယူဂျင်းစိတ်တွေလှုပ်ရှားလာသည်။ ဆော့မက်သရူးကို ကိုကိုနှင့် ကင်းကင်းနေပေးဖို့ရန် ပြောဖို့လာခဲ့သည်ဆိုသော်လည်း ယခု မက်သရူးနှင့် လူချင်းတွေ့ရသည့်အခိုက် ယူဂျင်းနှုတ်ခမ်းဝမှာ စကားလုံးများက တစ်ဆို့လို့နေသည်။
ခြောက်ကပ်နေသော လည်ချောင်းကို "အဟမ်း" ဟုအသံထုတ်ကာ ရှင်းထုတ်လိုက်ပြီးနောက်
"ဟို.. ကျွန်တော် ဟျောင်းကို တောင်းဆိုစရာရှိလို့လာခဲ့တာပါ"
"ဘာတောင်းဆိုမလို့လဲ"
"ကိုကို့အချိန်တွေကို ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာမလို့ ဟျောင်းဘက်က နည်းနည်းအလိုက်သိပေးဖို့ပါ"
ယူဂျင်းစကားသံက ပျော့ပျောင်းသော်လည်း အမိန့်လိုလို ဖြစ်နေသဖြင့် မက်သရူးမှာ အံ့အားသင့်စွာဖြင့် အချိန်အတော်ကြာအောင် ငြိမ်သက်လို့သွား၏။
ယူဂျင်းရဲ့ "ဟျောင်းဘက်က နည်းနည်း အလိုက်သိပေးဖို့ပါ" ဆိုသည့်စကားက မက်သရူးခေါင်းထဲမှာ အကြိမ်ကြိမ် အခါခါ မနားတမ်း မြည်ဟည်းလို့နေခဲ့သည်။
ယူဂျင်းကို တစ်ခုခုပြန်ပြောဖို့ရာ လတ်တလော အခြေအနေတွင် မက်သရူး၌ ပြောစရာစကားများ ပျောက်ဆုံးနေသည်။ သူ့ရဲ့စိတ်အလိုအတိုင်း ဟန်ဘင်းကို သူငယ်ချင်းဆိုသည့် ခေါင်းစဉ်အောက် ထည့်ထားရင်း ရည်းစားနှင့်မခြား ဆက်ဆံမိခဲ့သည်များက မက်သရူးရဲ့ အာရုံမှာ ရုပ်ရှင်အနှေးပြကွက်များလို ပြန်လည်ကာ ထင်ဟပ်လို့လာကြ၏။
ရင်ထဲမှာ ဘာမှန်းသေချာစွာ ခေါင်းစဉ်တပ်မရသည့် ခံစားချက်ကြီးက ဆိုးရွားစွာပင် သူ့အား နှောင့်ယှက်နေပြီး စိတ်ထဲတွင်လည်း ဘာကိုအလိုမကျလို့ မကျမှန်းမသိဖြစ်လာကာ စိတ်တွေလည်း တိုလာသည်။
ထိုသို့ဖြစ်လာလေတိုင်း ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တတ်တဲ့ သူ့အကျင့်က ပုန်းခိုနေခဲ့သော ခန္ဓာကိုယ် အနက်ရှိုင်းဆုံးနေရာမှ သိပ်မကြာခင်မှာပင် ပွင့်ထွက်လာတော့မည်မို့ မက်သရူး အံကိုကြိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းလိုက်ရသည်။
"ကျွန်တော့ အပြုအမူတွေကြောင့် ယူဂျင်း စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရရင် တောင်းပန်ပါတယ်.. နောက်မဖြစ်စေရအောင် ကျွန်တော် ဆင်ခြင်ပါ့မယ်"
"ကျွန်တော်ခုလိုလာပြောတာ ကိုကိုပြန်မသိပါစေနဲ့နော်"
"စိတ်ချပါ"
ယူဂျင်းက ထိုင်နေရာမှထကာ ပြန်မည့်ဟန်ပြင်ပြီးမှ မက်သရူးဘက်သို့ ပြန်လှည့်လာပြီး
"ဒါနဲ့ကျွန်တော် တစ်ခုလောက်မေးချင်လို့"
"ဘာမေးချင်လို့လဲ"
"ဟျောင်းက ကိုကို့ကို ကြိုက်နေတာလား"
မက်သရူးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းယဲ့ယဲ့ကိုချလိုက်၍
"ဟင့်အင်း မကြိုက်ဘူး"
ပြန်ဖြေလာသော မက်သရူးအသံက တိုးဖွလွန်း၍ ယူဂျင်းမှာ အားစိုက်ကာ နားထောင်လိုက်ရသည်။ သူမျှော်လင့်ထားသလို "အင်း" ဆိုသော အဖြေဖြစ်မနေ၍ ယူဂျင်းနှုတ်ခမ်းတို့က ခပ်ယောင်ယောင်လေး ပြုံးလို့သွားခဲ့ပြီး ပြန်ဖို့ရန် ခြေလှမ်းများကို ပြင်လိုက်သည်။
မက်သရူးကို ကျောခိုင်းကာ နေရာမှ လှည့်ထွက်လိုက်လျှင် အနောက်ဖက်ဆီမှ မက်သရူးရဲ့အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
"ကျွန်တော် ဘင်းကို မကြိုက်ဘူး.. ကျွန်တော်က ကျွန်တော်က.."
ပြောမည့်စကားကို အချိန်ဆွဲနေလေသော မက်သရူးကို ယူဂျင်းစိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လဲ.. ဆက်ပြောလေ ဟျောင်း"
ယူဂျင်းကို မက်သရူးက တော်တော်နှင့် ဘာမှပြန်မပြောသေးပဲ မျက်ရည်များ ရစ်ဝိုင်းနေသည့် မျက်ဝန်းတို့ဖြင့် ငေးကြည့်နေသည်။ ပြီးနောက် မျက်တောင်တစ်ချက်ကို ဖြည်းညင်းစွာချလိုက်လျှင် ဝေ့သီနေသော မျက်ရည်စများက ပါးပြင်ပေါ်သို့ ကျဆင်းလာတော့၏။
မက်သရူးရဲ့ မျက်ရည်များကို မြင်လိုက်ရသည့်အခိုက် ယူဂျင်းနှုတ်ခမ်းပါးမှာ ခိုတွယ်နေသော အပြုံးပါးလျလျတို့ဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရလေသည်။
"ဘာမှမဟုတ်တော့ပါဘူး.. ကျွန်တော် ပင်ပန်းနေလို့ နားတော့မယ်"
"ဟုတ်ကဲ့ပါ.. အဲ့ဒါဆိုလည်း ကျွန်တော့ကို ခွင့်ပြုပါဦး"
ယူဂျင်းအိမ်ထဲမှ ထွက်သွားသည်နှင့် မက်သရူးအလုပ်ခန်းထဲဝင်ခဲ့သည်။ အလုပ်ခန်း၏ အခန်းထောင့်နံရံမှာ ကပ်ထားသော ဗီရိုအောက်ဆုံးထပ်ရှိ မီးခံသေတ္တာကိုဖွင့်ကာ အထဲမှ သော့လေးတစ်ချောင်းကို ထုတ်ယူသည်။ ပြီးနောက် သူ့ကိုယ်ပိုင်ကမ္ဘာငယ်လေးဖြစ်သော အပြာနုရောင် တံခါးချပ် တဖက်ခြမ်းကို မက်သရူး ဝင်ခဲ့လိုက်သည်။
အခန်းထဲဝင်လိုက်သည်နှင့် အခန်းမီးများကို မက်သရူး ထွန်းလိုက်သည်။ ပြင်ပကအခန်းများလို fluorescent မီးရောင်ဖြူဖြူတွေမဟုတ်ပဲ အဝါရောင်မီးရောင်များက အရမ်းကြီးတော့ အခန်းကို လင်းချင်းမသွားစေခဲ့။ ဒါပေမဲ့လည်း ထိုမီးရောင်တွေကြောင့်ပင် မြင်ကွင်းတွေဟာ ပီသသွားခဲ့ပြီး သူ့အမြင်အာရုံထဲသို့ ပန်းချီကားချပ်များက အလုအယက် ဝင်ရောက်လို့လာကြ၏။
သူရေးခြစ်ခဲ့သော ပန်းချီကားများ.. တနည်းပြောရလျှင် ဒီကမ္ဘာပေါ်မှာ သူသာလျှင် မြင်ဖူးလေသော သူ့ရဲ့ ပန်းချီကားများ။
ဖေဖေ၊ မေမေနှင့်အတူ ရယ်မောပျော်ရွှင်နေသော သူ့ကလေးဘဝကပုံများ။ သူ့စိတ်ကူးလေးဖြင့် ပုံဖော်ခဲ့မိသော သူတခါမှ မပိုင်ဆိုင်ခဲ့ရသည့် ပျော်ရွှင်စရာ ငယ်ဘဝလေး။
ထိုပန်းချီကားများကို တချက်ဝေ့ကြည့်လိုက်ပြီးနောက် အခန်းထောင့်ရှိ record player ဆီခြေလှမ်းလိုက်ပြီး သူအကြိုက်ဆုံး သီချင်းဖြစ်သည့် GEMINI ၏ Know Me သီချင်းကိုဖွင့်လိုက်သည်။
ပြီးနောက် ဘေးတွင်ရှိနေသော ဆိုဖာခုံပေါ်ထိုင်ချကာ မျက်လုံးများကို မှိတ်ချထားလိုက်သည်။ စိတ်တွေရှုပ်ထွေးလာလေတိုင်း ဒီအခန်းထဲဝင်ကာ မက်သရူး သီချင်းနားထောင်တတ်မြဲ။ အသံလုံအခန်းဖြစ်သည်မို့ ပြင်ပမှ အသံများကို မကြားရသဖြင့် မက်သရူးအတွက် မြန်မြန်ပင် ပြန်လည်ကာ စိတ်တည်ငြိမ်စေသည်။
"I'm dancing alone inside my headSomebody save meDo you know how I'm thinking now?"
နားထဲမှာ ကြားနေရသော သီချင်းစာသားကို စိတ်ထဲက လိုက်လံရွတ်ဆိုနေရင်းမှ မှိတ်ထားသော မျက်လုံးတို့ကို ပြန်ဖွင့်ကာ သူထိုင်သောနေရာနှင့်တည့်တည့်ရှိ နံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားကို လှမ်းကြည့်လိုက်၏။
"ချစ်သော" လို့အမည်ပေးထားသော ဟန်ဘင်းရဲ့ ပုံတူပန်းချီကား..။
ပိုင်ဆိုင်ချင်မိပေမဲ့.. ပိုင်ဆိုင်ခွင့်လည်းရှိပါလျက်နဲ့ မပိုင်ဆိုင်ရဲသည့် သူ့ရဲ့ချစ်သော ဘင်း..။ သတ္တိနည်းလွန်းတဲ့ သူ့ကြောင့်.. နီးလျက်နဲ့ဝေးနေရလေသော သူ့ရဲ့ချစ်သော..။
ပန်းချီကားကို ကြည့်နေရာမှ မက်သရူးမျက်လုံးအိမ်မှ မျက်ရည်များ ကျဆင်းလာသည်။ နှလုံးသားကလည်း ဆွဲဆုတ်ခံထားရသလို နာကျင်လို့နေသဖြင့် သက်သာလို သက်သာငြား မက်သရူး အာခေါင်ခြစ်ကာ အော်လိုက်မိသည်။
"အား!!!!!"
"ဟျောင်း"
အဖြူရောင်အလင်းတို့နဲ့အတူ အခန်းထဲဝင်လာလေသော ယူဂျင်းကြောင့် မက်သရူးမှာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွား၏။
သီချင်းသံကတော့ အခန်းတွင်းမှာ လွင့်ပျံ့ဆဲ..။
"ကျွန်တော် ဘဲလ်တီးနေတာ လာမဖွင့်တာနဲ့"
"မင်း ငါ့အခန်း password ကို ဘယ်လိုသိတာလဲ"
ဧည့်ခန်းမှာတုန်းကလို ကျွန်တော်နှင့် ယူဂျင်းရှီ ဆိုသော ယဉ်ကျေးသည့် အသုံးအနှုန်းမဟုတ်တော့ပဲ မင်း နှင့် ငါ ဟူ၍ မက်သရူးက သုံးနှုန်းလိုက်သဖြင့် ယူဂျင်းမှာ ရင်တွေတုန်ကာ အသံများပင် တုန်ယင်လာကြသည်။
"ဟို.. ကိုကို.. ကိုကို့အခန်း password ကိုရိုက်ကြည့်လိုက်တာပါ"
"........."
"ကျွန်တော့ဖုန်း ကျန်ခဲ့လို့လေ ပြန်လာယူရင်း.. အဲ့ဒါ အလုပ်ခန်းတံခါးက ပွင့်နေလို့ ဝင်ကြည့်လိုက်တာ.. ဒီအခန်းရှေ့မှာ သော့တန်းလန်းနဲ့တွေ့လို့ ဘာအခန်းလဲဆိုပြီး ဝင်ကြည့်မိတာပါ ဟျောင်း.. စိတ်မဆိုးပါနဲ့နော်"
ယူဂျင်းစကားများကို မက်သရူးက ဘာမှမတုံ့ပြန်ပဲ ဒေါသရိပ်များ ဖြတ်ပြေးနေသော မျက်နှာထားဖြင့်သာ စိုက်ကြည့်လို့နေသည်။
"ဒါနဲ့ ဒါက ဘာအခန်းလဲ ဟျောင်း"
ပြောရင်းနှင့် ယူဂျင်းရဲ့ စူးစမ်းတဲ့အကြည့်တွေက အခန်းပတ်ပတ်လည်ကို ဖြတ်သန်းသွားပြီး ဟန်ဘင်းပန်းချီကားဆီအရောက်မှာတော့ ရပ်တန့်သွားကာ
"ဒါ ဒါ ကိုကို့ပုံမလား"
"..........."
"ဘာလို့ ကိုကို့ပုံ.."
ဟန်ဘင်းပုံ ပန်းချီကားကို သေချာစွာ ကြည့်နေခဲ့ရာမှ ပန်းချီကားအောက်ခြေရှိ "ချစ်သော" ဆိုသော စာတန်းကို မြင်လိုက်ရပြီးနောက် ယူဂျင်းမှာ ဆွံ့အလို့သွားခဲ့ရသည်။
ချစ်သော..။ ချစ်သော ဆိုတာ ဘာအဓိပ္ပာယ်ဖြစ်ကြောင်း ယူဂျင်းမသိစရာ အကြောင်းမရှိ။ ဘာလို့ ကိုကို့ပုံကို ဒီလူက ဆွဲထားရတာလဲ။ ပြောတော့ မကြိုက်ဘူးဆို..။ သူငယ်ချင်း အချင်းချင်း ချစ်သော လို့သုံးလို့လား..။
ခေါင်းထဲဝင်လာသော အတွေးတွေက ယူဂျင်းကို အသက်ရှူကျပ်လာစေသည်။ အသက်ရှူရ ခက်ခဲလာသည်နှင့်အမျှ လည်ချောင်းဝမှာလည်း တစ်ဆို့နာကျင်လာကာ ယူဂျင်းငိုချမိမတတ်ဖြစ်လာသည်။
"ခုနက ငါမပြောဖြစ်လိုက်တဲ့ စကားကို မင်းသိသွားပြီထင်တယ်"
"ဟျောင်းက.. ဟျောင်းက ကိုကို့ကို"
"အင်း.. ငါ ဘင်းကို ချစ်တယ်"
"ဘယ်လို ချစ်တယ် ဟုတ်လား"
"အင်း.. အဲ့အတွက် ငါမင်းကို တောင်းပန်ပါရစေ"
"ဟင့်အင်း မတောင်းပန်ပါနဲ့.. မတောင်းပန်ပါနဲ့ ဟျောင်း.. ကျွန်တော်ပဲ တောင်းပန်ပါရစေ"
ယူဂျင်းမှာ ချက်ချင်းဆိုသလို ထိုင်နေသော မက်သရူးရှေ့ ဒူးထောက်ချလိုက်ပြီး အားကိုးတကြီးစိုက်ကြည့်လို့
"ကျွန်တော့ဘဝမှာ ကိုကိုမရှိရင် မဖြစ်ဘူး.. ကျွန်တော် ကိုကို့ကို သိပ်ချစ်တယ်.. ကျွန်တော် တောင်းပန်ပါတယ်ဟျောင်းရယ်.."
"........"
"ဟျောင်း ခိုင်းသမျှ ကျွန်တော်အကုန်လုပ်ပေးပါ့မယ်.. ကျွန်တော့ပိုင်ဆိုင်သမျှ ဟျောင်းကိုပေးဆိုလည်း ပေးပါ့မယ်.. ကိုကို့ကိုတော့ ကျွန်တော့လက်ထဲက မယူသွားပါနဲ့နော် ကျွန်တော်တောင်းပန်ပါတယ်.. ဟင့်ဟင့်"
မျက်ရည်များဖြင့် မက်သရူးကို ယူဂျင်း မရပ်မနား တောင်းပန်နေမိသည်။ ယူဂျင်းကို မက်သရူးက ဆွဲထူကာ ထစေလိုက်ပြီး
"ငါလည်း တောင်းပန်ပါတယ်.. ငါ ဘင်း မရှိရင် မဖြစ်တော့ဘူးထင်တယ်"
"ဘာလို့ မဖြစ်ရမှာလဲ.. ခုလည်းဟျောင်းတစ်ယောက်တည်း အဆင်ပြေနေတာပဲလေ"
"မပြေဘူး.. ငါ လုံးဝအဆင်မပြေဘူး။ အဆင်ပြေမယ်လို့ ငါထင်နေခဲ့တာ.."
"ဆော့မက်သရူး!!!"
တောင်းပန်နေသည့်ကြားမှ အလျော့ပေးမည့်ပုံမပေါ်နေသည့်အတွက် ယူဂျင်းမှာ ဒေါသထွက်လာကာ လေသံများမာလာသည်။ တောင်းပန်လို့မှ မရလျှင် မက်သရူးရဲ့ စိတ်ဒဏ်ရာကို ချနင်းပြီးတော့ပဲဖြစ်ဖြစ် ကိုကို့ကို ယူဂျင်း ကာကွယ်ရပေမည်။
မက်သရူးကတော့ အသိစိတ်လွတ်သွားသည့် လူများလို ကြောင်တောင်တောင်မျက်ဝန်းများဖြစ်နေပြီး "ဘင်းမရှိရင် မဖြစ်ဘူး" ဟူ၍သာ တတွတ်တွတ်ရေရွတ်နေ၏။
မက်သရူးရဲ့ လက်မောင်းနှစ်ဖက်ကို ယူဂျင်း တင်းကျပ်စွာ ကိုင်လိုက်ပြီး
"ဆော့မက်သရူး.. ဒီကိုကြည့်စမ်း!!"
"ဘင်း ကလည်း ငါသာ သူ့ကိုချစ်တယ်ပြောလိုက်ရင်.."
သူ့စကားကို နားထဲဝင်ပုံမရပဲ အရူးတစ်ယောက်လို ပြောချင်ရာပြောနေသော မက်သရူးအား စိတ်တိုလာသဖြင့် အော်ဟစ်လိုက်သော ယူဂျင်းအသံက အခန်းတွင်းရှိ သီချင်းသံကိုပင် ဖုံးလွှမ်းသွားသည်။
"မဟုတ်ဘူး!! ကိုကိုက ခင်ဗျားကို မချစ်ဘူး..!! ကိုကိုက ခင်ဗျားကိုသာ တကယ်ချစ်တယ်ဆိုရင် ကျွန်တော့ကို ဒီလောက်အကြာကြီး တွဲနေပါ့မလား.. စဉ်းစားကြည့်လေ!!!"
"......."
ယူဂျင်းစကားအဆုံး မက်သရူးမှာ အသက်မဲ့သူတစ်ယောက်လို ဖြစ်သွားခဲ့သည်။ ဦးနှောက်တစ်ခုလုံးလည်း ဗလာကျင်းကာ ရင်တွင်းမှ နာကျင်မှုက ကြီးမားလွန်းသဖြင့် ခံစားလို့ပင် မရနိုင်တော့..။
"ခင်ဗျား ချစ်ရတဲ့လူတွေအကုန် နောက်ဆုံးခင်ဗျားနားက ထွက်သွားကြတာချည်းပဲလေ.. ဟန်ဘင်းကို ချစ်တယ်သာ ထုတ်ပြောလိုက်ရင် သူလည်း ခင်ဗျားကိုထားသွားမှာ.. မယုံမရှိနဲ့"
အေးစက်စွာပြောလိုက်သည့် ယူဂျင်းရဲ့ စကားသံသဲ့သဲ့က မက်သရူးနားစည်အတွင်းဝယ် ပဲ့တင်ထပ်လို့သွားလေ၏။
--------------------------------------------------------
*တီ တီ တီ တီ
အလုပ်ပုံထဲ ခေါင်းနစ်ဝင်လုမတတ် ဖြစ်နေခဲ့သော ဟန်ဘင်းမှာ ဖုန်းမြည်သံကြောင့် စာရွက်စာတမ်းများပေါ်မှာ ရှိနေခဲ့သော သူ့အာရုံတွေကို ဖုန်းဆီသို့ လွှဲပြောင်းလိုက်၏။
[ကလေး]
ယူဂျင်းဆီမှ ဖုန်းဖြစ်နေ၍ ဟန်ဘင်းပိုစိတ်ညစ်သွားသည်။ meeting ပြီးပြီးချင်း မက်သရူးထံပြန်ဖို့ အလျင်လိုနေခဲ့ရာမှ မပြီးပြတ်သေးသော အလုပ်ကိစ္စများပေါ်လာသောကြောင့် ဟန်ဘင်းမှာ တော်တော်နှင့် အိမ်မပြန်နိုင်သေး။ တရွေ့ရွေ့ ရွေ့လျားနေသည့် နာရီလက်တံအတိုလေး၏ ညွှန်ပြရာ ဂဏန်းနံပါတ်တို့ ကြီးလာသည်နှင့်အမျှ ဟန်ဘင်းစိတ်တို့က ပိုလောလာရသည်။ စိတ်တွေလောလာသလို မပြီးသေးသည့် အလုပ်တို့ကြောင့် အာရုံတွေမှာလည်း နောက်ကျိလာရတော့၏။
ယခုလည်း အလုပ်ကို အမြန်အပြတ်ဖြတ်နေပါတယ်ဆိုမှ ယူဂျင်းကဖုန်းဆက်ကာ ဘာပြောဦးမည်မသိ။ သူ့ကိုဘာတွေ စိတ်အနှောင့်အယှက် ပေးဦးမည်မသိ။
သူမကိုင်မချင်း ခေါ်နေမှာ သေချာနေသည့်အတွက် ဟန်ဘင်း စိတ်ရှုပ်စွာနှင့်ပင် ဖုန်းပြန်ဖြေလိုက်ရသည်။
"ပြော"
"ကိုကို အလုပ်များနေတာလား"
သူ့အသံကြားရရုံနှင့် သူစိတ်ရှုပ်နေမှန်း ယူဂျင်းက သတိထားမိသွားပုံရသည်။
"အင်း.. ကိုယ်အလုပ်တွေ ရှုပ်နေတယ်.. ဘာပြောစရာရှိလို့လဲ။ အရေးမကြီးရင် နောက်နေ့မှပြောပါလား"
"အရေးကြီးတယ်ကိုကို.. ကျွန်တော်ဒီနေ့ ကိုကိုနဲ့ တွေ့ရမှဖြစ်မယ်"
"တွေ့ဖို့တော့ အဆင်မပြေဘူး.. ကိုယ်အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်ရမှာ"
"အဟင်းဟင်း.. ဘာလဲ ဆော့မက်သရူးဆီ ပြန်ပြေးဖို့လား"
"..........."
"ကိုကို့ရည်းစားက ကျွန်တော်နော် မေ့နေမှာစိုးလို့"
"ကိုယ်သိပါတယ်.. ဒီနေ့ ကိုယ်တကယ်မအားလို့ပါ။ ကလေးက လိမ္မာရဲ့သားနဲ့ကွာ.. မနက်ဖြန်မှ တွေ့မယ်နော်"
"ဟင့်အင်း အခုတွေ့မှာ"
ဖုန်းထဲမှ ယူဂျင်းအသံအဆုံးသတ်မှာတော့ ရုံးခန်းတံခါးဟာ ပွင့်လာခဲ့ပြီး အခန်းထဲသို့ ယူဂျင်းမှာ ဖုန်းပြောလက်စဖြင့် ဝင်ရောက်လာခဲ့သည်။
"ယူဂျင်း"
ယူဂျင်းက ဟန်ဘင်းနှင့်ပြောနေသောဖုန်းကို ချလိုက်ပြီးနောက် ဟန်ဘင်းကို မကြည့်ပဲ ရုံးခန်းတွင်းရှိ ဆက်တီတွင် ဝင်ထိုင်သည်။
"ယူဂျင်း ဘယ်လိုလုပ် ရုံးကိုရောက်လာတာလဲ"
ဟန်ဘင်းမှာ အလုပ်စားပွဲမှထကာ ယူဂျင်းရှိရာ ဆက်တီသို့ ထခဲ့လိုက်သည်။
ယူဂျင်းနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်အထိ ယူဂျင်းက သူ့ကိုမကြည့်ပဲ ရုံးခန်းနံရံထက်ရှိ မက်သရူးပေးထားသော ပန်းချီကားကိုသာ မျက်တောင်မခတ်တမ်းကြည့်လို့နေ၏။
"ကလေး ကိုယ်မေးနေတယ်လေ"
"ကိုကို"
"အင်း"
"ကျွန်တော်တို့ လက်ထပ်ကြရအောင်"
အဆုံးအစမရှိ ပြောလာခဲ့သော ယူဂျင်းစကားကြောင့် ဟန်ဘင်းမှာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့ရလေသည်။
--------------------------------------------------------
tbc >>
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



