Fanfics

Episode - 7

20:30, 27 June 2025

အခန်း (၇)

လေပြေအဝှေ့မှာ လွင့်ပျံ့လာသော ပန်းနံ့သင်းသင်းတို့နှင့်အတူ နှာဖျားမှာ ဝေ့ဝဲနေသည့် ဟန်ဘင်းရဲ့ အသက်ရှူငွေ့နွေးနွေးနှင့် ကိုယ်သင်းနံ့တို့ကို ရှူရှိုက်ရင်း မက်သရူးတစ်ယောက် အနမ်းပင်လယ်ကြား မိန်းမောလို့နေမိသည်။

ထူအမ်းကာ နာကျင်လာသည့် နှုတ်ခမ်းသားကို ခံစားမိနေသော်လည်း ချစ်ရတဲ့ ဟန်ဘင်းကို တားဆီးဖို့ရန် မက်သရူးတစ်ယောက် မဝံ့ရဲ။ ဟန်ဘင်းရဲ့ ရှပ်အင်္ကျီစကို ဆုပ်ကိုင်ရင်း အသက်ကို မနည်းလုရှူနေရသည့်ကြားမှ ဒီအနမ်းတို့ ရပ်တန့်သွားမှာကို မက်သရူး စိုးရိမ်နေမိသည်။

စိတ်ပျက်ဖို့ကောင်းလိုက်တာ ဆော့မက်သရူး.. ။

ကိုယ့်ကိုယ်ကို မုန်းတီးလာသဖြင့် မက်သရူးမျက်မှောင်တို့ကို စုကျုံ့လိုက်တော့ ဟန်ဘင်းက သူ့အနမ်းတို့ကို ချက်ချင်းဆိုသလို ရုတ်သိမ်းသွားပြီး

"ဆောရီး ချူး.. ငါ.."

"မတောင်းပန်နဲ့"

"မင်း.. မင်း စိတ်ဆိုးသွားတာလားဟင်"

သူ့နှုတ်ခမ်းပါးတို့ကို လက်မနဲ့ပွတ်တိုက်ရင်း မေးလာခဲ့သည့် ဟန်ဘင်းကို မက်သရူး ခေါင်းခါပြလိုက်သည်။ ပြီးနောက် ဟန်ဘင်းရဲ့လက်ကို သူ့မျက်နှာဆီမှ ဆွဲယူကာ ဆုပ်ကိုင်လိုက်ပြီး ဟန်ဘင်းရဲ့ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်လို့

"မဆိုးပါဘူး"

"ချူး.. ငါ ငါ မင်းကို သိပ်ချစ်တယ်"

ဒီတခါမှာတော့ ဟန်ဘင်းရဲ့နှုတ်ခမ်းဆီသို့ မက်သရူးရဲ့ လက်ချောင်းလေးတွေက ရောက်ရှိသွားခဲ့သည်။

"မပြောနဲ့.. ငါ မသိချင်ဘူး ဟင့်အင်း ငါမကြားချင်ဘူး"

"ဘာလို့လဲ.. မင်းလည်း ငါ့ကိုချစ်နေတယ်မလား ဟင်! ချူး.. ဟုတ်တယ်မလား"

"မဟုတ်ဘူး"

ခေါင်းငုံ့ကာ အကြည့်တို့ကိုရှောင်လွှဲသွားသည့် မက်သရူးရဲ့ မျက်နှာလေးကို ဟန်ဘင်း မေးဖျားမှဆွဲယူကာ မော့စေလိုက်သည်။

"အဲ့ဒါဆို ဘာလို့ ငါနမ်းတာကိုခံလဲ.. ဘာလို့ ငါ့ကိုဝေဝါးစေမဲ့ အပြုအမူတွေကို လုပ်နေရတာလဲ"

"......"

"မင်းအတွက် ငါကဘာလဲ.. သူငယ်ချင်းလား.. ဒါမှမဟုတ်"

ဟန်ဘင်းစကားမဆုံးခင်မှာပင် မက်သရူးက ကြားမှဝင်၍ ဖြတ်ပြောလိုက်သည်။

"ငါ မဖြေချင်ဘူး ဟန်ဘင်း.. ပြီးတော့ မင်းမှာရည်းစားရှိတာကိုလည်း မေ့မနေနဲ့ဦး"

"မင်းသာငါ့အချစ်ကိုလက်ခံပေးရင် ငါအကုန်လုံးကို ဖြတ်နိုင်တယ် စွန့်လွှတ်နိုင်တယ်"

သူ့စကားကိုကြားပြီးနောက် မက်သရူးရဲ့ မျက်နှာလေးမှာ ညှိုးကျသွားကာ ခဏကြာအောင် နှုတ်ဆိတ်လို့နေနေခဲ့ပြီးမှ ပုလဲလုံးလေးလို အရည်လဲ့နေသော မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်လာပြီး

"ဘင်း.."

"ဟင်"

"ငါတို့ ဒီတိုင်းလေးပဲ နေလို့မရဘူးလား ဘင်းရယ်.. ငါမင်းနဲ့ မဝေးချင်ဘူး.. ဟင့်"

"ရည်းစားတွေဖြစ်ပြီးလည်း အတူနေနိုင်တာပဲလေ"

"ဟင့်အင်း.. ငါ အချစ်ကိုမယုံဘူး.. အချစ်က အချိန်တစ်ခုရောက်ရင် ရပ်သွားမှာ.. ငါမင်းနဲ့ အကြာကြီး ပတ်သက်ချင်တယ် ဘင်းရယ်.. ငါတို့ဒီအတိုင်းလေးပဲ နေကြရအောင်နော်.. ဟင့်ဟင့်"

မျက်ရည်များ ကျဆင်းနေသည့် မက်သရူးရဲ့ ဒီမျက်ဝန်းညိုတွေကို သူဘယ်လိုများ လွန်ဆန်နိုင်ပါမလဲ.. သူ့ရဲ့အားနည်းချက်ဟာ မက်သရူး ဖြစ်နေပြီမလို့ ဒီကောင်လေးရဲ့ နှုတ်ထွက်စကား မှန်သမျှကို တွန်းကန်နိုင်စွမ်း သူ့တွင်မရှိပါ။

ငိုရှိုက်ရင်းနှင့် မက်သရူးက သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့သည်။ အေးစက်နေတဲ့ မက်သရူးရဲ့ ကျောပြင်လေးကို သူ့လက်ဖဝါးတွေနှင့် ထွေးပိုက်ကာ အနွေးဓါတ်ဖြန့်ကျက်ပေးလိုက်ပြီးနောက်

"မင်း သဘောအတိုင်းပါပဲ ချူးရယ်.. ငါက မင်းစကားဆို ဘယ်တော့မှ မလွန်ဆန်နိုင်တဲ့ကောင်ပါ.."

"ငါ့အနားမှာ တသက်လုံး နေပေးသွားမယ်မလား"

"အင်း.. မင်းသာဆန္ဒရှိတယ်ဆိုရင်ပေါ့"

မျက်ရည်များနှင့် ပေတလူးလေးဖြစ်လို့နေရှာသည့် မက်သရူးရဲ့ မျက်နှာပေါ်ရှိ မျက်ရည်စများကို တယုတယ သုတ်ပေးလိုက်ပြီးနောက် နှာခေါင်းလုံးလုံးလေးကို မနာအောင် ဖွဖွညှစ်လိုက်ပြီး

"ငိုမနေနဲ့တော့ ကလေးလေး.. ခေါင်းကိုက်လာမယ်.. လာ ထ အရမ်းမှောင်လာရင် မကောင်းဘူး.. ငါတို့ပြန်ရအောင်"

"ငါ့ခြေထောက်က ထောက်လို့မရဘူး"

ထိုအခါမှပင် မက်သရူး ခြေထောက်ကို ဟန်ဘင်း သေချာကြည့်မိသည်။ ချောလဲထားသည့် အရှိန်ကြောင့် မက်သရူးရဲ့ ခြေကျင်းဝတ်လေးမှာ ယောင်ကိုင်း၍နေပေပြီ။

"သိပ်နာနေလားဟင် ချူး"

"အင်း"

"ဒါဆို ငါမင်းကို ချီသွားမယ်"

"ဟင် ဘယ်လိုချီမှာလဲ.. ဟာ့ ဘင်း"

စကားပင်မဆုံးသေး ဟန်ဘင်းက သူ့အားကောက်ပွေ့လိုက်သဖြင့် မက်သရူးမှာ မျက်လုံးလေးပြူးကာ ဟန်ဘင်းကို အကြည့်နှင့် မေးခွန်းထုတ်လိုက်လျှင် ဟန်ဘင်းက သူ့အားဘာမှ ပြန်မဖြေပဲ သူ့ကိုချီလျက်သားဖြင့် ခြေလှမ်းတို့ကို စတင်လိုက်လေတော့သည်။

------------------------------------------------------

ဆေးရုံကိုရောက်ပါပြီ ဆိုကတည်းက ယောက်ယက်ခတ်နေသော ဟန်ဘင်းကို ယူဂျင်းလူနာကုတင်ပေါ်မှနေ၍ မျက်စိမညောင်းတမ်း လိုက်ကြည့်နေမိသည်။

ခုလည်း ဆရာဝန်တစ်ယောက်နှင့် စကားပြောရင်း သူရှိရာ အရေးပေါ်လူနာခန်းအတွင်းမှ ထွက်ခွာသွားပြန်သော ဟန်ဘင်းရဲ့နောက်ကျောကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ယူဂျင်းကြည့်နေခဲ့ပြီးမှ သူ့ဘေးကုတင်တွင် အိပ်မောကျလို့နေသည့် မက်သရူးဆီ လှမ်းကြည့်လိုက်သည်။ မက်သရူးကို မြင်လိုက်ရသည်နှင့် ယူဂျင်းမျက်နှာနုနုလေးမှာ အလိုမကျမှုကြောင့် အနည်းငယ် မာထန်၍သွား​၏။

ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးကို သွားနှင့်ဖိကိုက်ရင်း သူ့ရင်ထဲရှိ မီးတောင်ချော်ရည်များလို အချိန်မရွေး ပွင့်အံထွက်ကျလာနိုင်သည့် ဒေါသမီးလျှံများကို ယူဂျင်းတစ်ယောက် မနည်းထိန်းချုပ်နေရသည်။

"ယူဂျင်း သက်သာရဲ့လား"

ရုတ်တရက် နားထဲတိုးဝင်လာသည့် ထယ်ရယ့်စကားသံကို ခေါင်းညိတ်ပြခြင်းဖြင့်သာ ယူဂျင်းပြန်တုံ့ပြန်လိုက်သည်။

ဒါ ကိုကိုလွှတ်လိုက်လို့ ရောက်လာတာပဲနေမှာ..။ ဘာတွေပြောခိုင်းလိုက်ပြန်ပြီလဲမသိဘူး..။

"ဟန်ဘင်းက မှာလိုက်လို့"

ယူဂျင်းတွေးနေသည့်အတိုင်းပင် ထယ်ရယ်မှာ ကိုကို့ထံမှ အမှာစကားကို သယ်ဆောင်လာခြင်းဖြစ်လေ​၏။

"ကိုကိုကဘယ်မှာလဲ"

ယူဂျင်းကို ပြန်မဖြေခင် ထယ်ရယ့်မျက်လုံးအကြည့်တို့က ဘေးနားရှိ ကုတင်ပေါ်မှ မက်သရူးထံသို့ ရောက်သွားသည်။ ပြီးနောက် သက်ပြင်းတချက်ကို ရှိုက်လိုက်ပြီး မျက်လွှာတို့ကိုလည်း အောက်သို့ချလိုက်၍

"ဟန်ဘင်း အလုပ်ရှုပ်နေတယ်"

"ဘာပြောခိုင်းလိုက်လို့လဲ"

"ယူဂျင်းခြေထောက်က သိပ်မထိသွားလို့ ဆေးရုံတက်စရာ မလိုဘူးတဲ့"

"အဲ့တော့.."

"ယူဂျင်းဆေးရုံကနေ အိမ်ပြန်ဖို့ ကျွန်တော် လာကူညီတာပါ"

"ကိုကိုကရော"

"သူက ဟို.."

တခုခုကို ပြောသင့်မပြောသင့် ချိန်ဆနေပုံပေါ်သည့် ထယ်ရယ့်ကို ယူဂျင်း စိတ်ညစ်ညူးစွာဖြင့် ကြည့်လိုက်သည်။

ထယ်ရယ်က ခေါင်းမယားနေသည့်တိုင် နေရခက်နေသည့် အနေအထားကို အနည်းငယ်ပြေလျော့သွားစေနိုင်ရန် အလို့ငှာ သူ့ခေါင်းမှ ဆံပင်များကို အကြောင်းမဲ့ကုတ်ဖွနေရင်းနှင့်မှ

"ဟို မက်သရူး ဆေးရုံတက်ဖို့ လိုက်လုပ်နေရလို့"

"မက်သရူး ဆေးရုံတက်ဖို့?"

"အင်း ဟုတ်တယ်"

ထယ်ရယ့်စကားကို နားထောင်ပြီးနောက် ယူဂျင်းအကြည့်တွေက မက်သရူးခြေချင်းဝတ်ဆီသို့ ရောက်သွား​၏။ ပတ်တီးဖြူဖြူတို့ စီးနှောင်ခံထားရသည့် မက်သရူးရဲ့ ခြေထောက်ဖွေးဖွေးကို ကြည့်နေရင်း အာရုံထဲသို့ မက်သရူးကို ပွေ့ချီလျက်သားဖြင့် အပန်းဖြေအိမ်သို့ ပြန်ရောက်လာသော ဟန်ဘင်း​၏ ပုံရိပ်က ထင်ဟပ်လာခဲ့သည်။

"ကျစ်!"

ရှုပ်ထွေးလာသည့် စိတ်တွေကြောင့် ယူဂျင်းဆီမှ ထွက်လာသော အာမေဍိတ်သံက အနည်းငယ်ကျယ်လောင်လို့သွားခဲ့သည်။

"ဟင်း... အာ့ ကျွတ်ကျွတ်"

ယူဂျင်းအသံကြောင့် တဖက်ကုတင်မှ မက်သရူးမှာ နိုးလာတော့​၏။

မက်သရူးနှင့် အကြည့်ချင်းမစုံချင်သဖြင့် ယူဂျင်း သူ့အကြည့်တိို့ကို အမြန်ရုတ်သိမ်းကာ ကုတင်ပေါ်မှဆင်း၍ နေရာမှ ထွက်ခဲ့လိုက်တော့သည်။ သူ့နောက်တွင်တော့ ထယ်ရယ်​၏ သူ့အားအော်ခေါ်သံများက ထပ်ချပ်မကွာလိုက်ပါလို့.. ။

--------------------------------------------------------

"မက်သရူး မင်း သက်သာရဲ့လား"

"သက်သာပါတယ် ဟျောင်း"

"ဒါနဲ့ အိမ်မှာတစ်ယောက်တည်း နေရတာ အဆင်ရောပြေရဲ့လား"

"ဟန်ဘင်း လာနေပေးတယ်"

"ခု သူရော"

"ဟျောင်းလာမယ်ဆိုလို့လေ သူ့အိမ်ခဏပြန်သွားတယ်"

မက်သရူးကို "အော်" ဟူ၍သာ ဟာအိုပြန်ပြောနိုင်တော့သည်။ ဆောင်းဟန်ဘင်းရဲ့ မက်သရူးအပေါ် ချစ်တတ်မှုတွေက သူ့အတွက်တော့ အမြဲတမ်း အံ့ဩမဆုံးဖြစ်ခဲ့ရမြဲပင်။ မက်သရူးဆေးရုံတက်နေသည့် တောက်လျှောက် ဆေးရုံမှာပင် အိမ်မပြန်တမ်း လူနာစောင့်အဖြစ် နေခဲ့ရုံသာမက ဆေးရုံဆင်းပြီးတာတောင် အနားမှာ ပြုစုစောင့်ရှောက်ပေးနေသည့် ဆောင်းဟန်ဘင်းလိုလူက ရှိတော့ရှိပေမဲ့ ရှားလိမ့်မည်။

ဒီလိုကိုယ့်အပေါ် အနွံတာခံကာ ချစ်ပေးနိုင်လွန်းသော ဟန်ဘင်းလိုလူအား မက်သရူး ဘာကြောင့်ငြင်းလိုက်မှန်း ဟာအိုလုံးဝမစဉ်းစားနိုင်ခဲ့။

အမြဲလိုလို သူမေးလိုက်တိုင်း ဘာမှန်းမသိနိုင်သည့် အကြောင်းပြချက်များဖြင့်သာ ရှောင်လွှဲပြီးနေတတ်သော မက်သရူးကို နားမလည်သလို မက်သရူးအပေါ် အသက်လောက်မက ချစ်နေတာတောင် ရည်းစားထည်လဲတွဲနေခဲ့သော ဟန်ဘင်းကိုလည်း တခါတခါ ဟာအိုနားမလည်နိုင်တော့။

"ဟူး::"

ဟာအိုရဲ့ သက်ပြင်းချသံကြောင့် မက်သရူးရဲ့ မျက်ခုံးတန်းလေးတွေက အပေါ်သို့ ပင့်တက်သွားပြီး

"ဘာတွေများ စိတ်ညစ်စရာရှိနေလို့ သက်ပြင်းတွေချနေရတာလဲ ဟျောင်းရဲ့"

"ငါနားမလည်နိုင်လို့ပါ"

"ဘာကိုလဲ"

"ဟန်ဘင်းကို ချစ်နေရဲ့သားနဲ့ မင်း ငြင်းနေခဲ့တာကိုလည်း ငါနားမလည်ဘူး.. ပြီးတော့.."

"ပြီးတော့ ဘာဖြစ်လဲ ဟျောင်း.. ဟန်ဘင်း ရည်းစားတွေထားနေတာကိုလား.."

သူမေးချင်နေသည့် မေးခွန်းကို မက်သရူးက သိနေခဲ့သည့်အတွက် ဟာအိုရဲ့မျက်လုံးများမှာ အရောင်တောက်လာခဲ့ပြီး ခေါင်းကို တဆတ်ဆတ်ညိတ်ပြလေသည်။

"ကျွန်တော် သူ့အနားမှာ အနေရခက်နေမှာစိုးလို့တဲ့လေ"

"ဘာလို့လဲ မင်းကသူ့အချစ်ကို ငြင်းထားလို့လား"

"အင်း.."

"မင်းတို့နှစ်ယောက် ကိစ္စကြီးက နားလည်ရခက်လိုက်တာကွာ"

"အဟင်း"

"ဒီလိုမျိုး သူငယ်ချင်းဆိုတဲ့ အနေအထားနဲ့ တသက်လုံး နေသွားလို့မှ မရတာ"

"ဘာလို့ မရရမှာလဲ.. သူငယ်ချင်းဆိုတဲ့ အခြေအနေမှာသာ သူ့အနားမှာ ကျွန်တော်အမြဲနေနိုင်နေမှာ.. ရည်းစားတွေဖြစ်သွားကြရင် တချိန်မှာ အစိမ်းဆုံး သူစိမ်းတွေ ဖြစ်သွားလိမ့်မယ် ဟျောင်း"

"ဟန်ဘင်းကို တခြားလူတွေနဲ့ တွဲမြင်ရတော့ မင်းဘယ်လိုမှ မနေဘူးလား"

ဟာအိုရဲ့ မေးခွန်းကို ပြန်ဖြေနိုင်စွမ်း သူ့တွင် ရှိမနေပါ။ ဟန်ဘင်းကို တခြားလူများနဲ့ တွဲတွေ့ရလေတိုင်း အသည်းကို ဓါးနဲ့မွှမ်းသလို နာကျင်နေရမြဲဖြစ်ကြောင်း ဘယ်သူ့ကိုမှလည်း သူမသိစေလိုပါ။ အရာအားလုံးဟာ သူ့ရဲ့သတ္တိနည်းနေမှုကြောင့် ဖြစ်လာရသော အကြောင်းတရားများသာ ဖြစ်သည်မလား..။

မက်သရူးထံမှ ပြန်ဖြေသံကို မကြားရသဖြင့် ဟာအိုကပင် စကားဆက်လိုက်သည်။

"မင်းက ချစ်တာကို ချစ်တယ်လို့ ထုတ်မပြောဘူး.. နာကျင်ရမဲ့လမ်းကို ရွေးချယ်တယ်"

ဟာအိုရဲ့ စကားက မှန်ကန်ပါသည်။ သူရွေးချယ်ခဲ့တဲ့လမ်းဟာ သူရော ဟန်ဘင်းရော နာကျင်ကောင်း နာကျင်ရမှာပေမဲ့ တသက်လုံးတော့ အတူရှိသွားနိုင်လိမ့်မည်ဟု မက်သရူး ယုံကြည်နေမိသည်။

လူတွေက သူ့ကို ရူးလွန်းတယ် အတွေးများလွန်းတယ်လို့ ဆိုချင်လည်းဆိုကြပါတော့.. ချစ်ရတဲ့ ဟန်ဘင်းနဲ့တော့ သူမဝေးချင်ပါ..။

-------------------------------------------------------

ခြေထောက်ဒဏ်ရာက အတော်ပင် သက်သာနေပြီဖြစ်သော်လည်း သူနှင့်ပတ်သက်လေတိုင်း အကဲပါလွန်းသော ဟန်ဘင်းက ဒဏ်ရာအရှင်းမပျောက်မချင်း အပြင်ထွက်ခွင့်မပေးသဖြင့် မက်သရူးမှာ အိမ်ထဲတွင် အချိန်အတော်ကြာအောင် နေနေခဲ့ရသည်။

အိမ်မှာအနေကြာလာသည်နှင့်အမျှ ပန်းချီဆွဲဖို့ရာ စိတ်ကူးစိတ်သန်းများကလည်း သေဆုံးလို့နေလေပြီ။ ပန်းချီပြပွဲရက်ကို နောက်သို့ရွှေ့လိုက်၍သာ တော်တော့သည် မဟုတ်လျှင် ဆော့မက်သရူးတို့ တခြားပန်းချီဆရာများကြား အရှက်ကွဲရပေတော့မည်။

ယခုလည်း အလုပ်ခန်းအတွင်းထိုင်ကာ ပုံဆွဲဖို့ ဟန်ပြင်နေသည်မှာ အတော်ကြာလေပြီ။ ခေါင်းထဲမှာ ဗလာဖြစ်နေ၍ canvas စဖြူဖြူပေါ်တွင် မည်သည့်ဆေးစက်ကိုမှ မက်သရူး မခြယ်မှုန်းမိသေး။

"ဟူး:::::"

"အပြင်ထွက်ချင်လား ချူး"

ကျောနောက်ဖက်ဆီမှ ထွက်လာသည့် ဟန်ဘင်းရဲ့ စကားသံကြောင့် မက်သရူးရဲ့ နှုတ်ခမ်းလေးများဟာ ပြုံးလို့သွားသည်။ ထို့နောက် ဟန်ဘင်းရှိရာ အနောက်ဖက်သို့ ကိုယ်ကိုလှည့်လိုက်ပြီး

"အင်း.. ငါလေကောင်းလေသန့် ရှူချင်တယ်.. အိမ်မှာနေရတာ ကြာလာတော့ ငြီးစီစီကြီးဖြစ်နေပြီ"

"ဟုတ်ပါပြီဗျာ.. ဒါပေမဲ့ ဒီနေ့တော့မရဘူး"

"ဟင် ဘာလို့လဲ"

"ငါ ဒီနေ့ အစည်းအဝေးရှိလို့ အလုပ်သွားရမယ်"

"ငါလည်း လိုက်ခဲ့မယ်လေ"

"အိမ်မှာပဲနေခဲ့ပါကွာ.. ငါမြန်မြန်ပြန်လာခဲ့မယ်"

နှုတ်ခမ်းစူကာ တဖက်လှည့်သွားသော မက်သရူးရဲ့ ပုခုံးလေးများကို ဟန်ဘင်း အသာအယာအုပ်ကိုင်လိုက်သည်။

"ချူး.. ဒီဖက်လှည့်ပါဦးကွာ"

"မလှည့်ချင်ဘူး"

"လှည့်လိုက်ပါကွာ လိမ္မာရဲ့သားနဲ့"

"ဘာလဲ!"

မျက်ဆန်လေးတွေ ထောင့်ကပ်ကာ သူ့ကိုဘုရှိုးရှိုးနေလေသော မက်သရူးရဲ့ ဟန်ပန်လေးက ဂျစ်တစ်တစ်နိုင်နေသော်လည်း ဟန်ဘင်းမျက်လုံးထဲတွင်တော့ ချစ်စရာကောင်းနေလေသည်။

ဒီအိကျိကွိကျိလေးကို အူယားလွန်းလို့ ဘယ်လိုလုပ်ရပါ့..။

အသဲယားနေမှုကို အောက်နှုတ်ခမ်းတို့အား ဖိကိုက်ခြင်းဖြင့် ဟန်ဘင်း ပြန်လည်ကာ ထိန်းချုပ်လိုက်သည်။ ပြီးနောက် မက်သရူးရှေ့မှာ မုဆိုးဒူးထောက်ပုံစံ ထိုင်ချလိုက်ပြီး မက်သရူးရဲ့ လက်ကလေးများကို ဆုပ်ကိုင်လိုက်သည်။

"ကိုယ် မြန်မြန်ပြန်လာခဲ့မယ်နော်.. မနက်ဖြန် ချူးငယ်လေး သွားချင်တဲ့နေရာတွေ အကုန်လိုက်ပို့ပေးမယ်"

"ကတိနော်"

"အင်း.. ကတိ"

ဟန်ဘင်းရဲ့စကားအဆုံးသတ်မှာ မက်သရူးနှုတ်ခမ်းတို့က ပြန်လည်ကာ ပြုံးယောင်သန်းသွားကြပြီး ဖြူနုနုမျက်နှာလေးက ထိုအပြုံးတချို့တို့ကြောင့် ပို၍ပင်ကြည့်ကောင်းကာ ချောမောလို့သွားသည်။

ထိုအပြုံးလေးကို ခဏမျှ ငေးကြည့်ပြီးနောက် ဟန်ဘင်းရဲ့အကြည့်တွေက မက်သရူးရဲ့ ခြေထောက်လေးဆီသို့ ရောက်သွား​၏။ ခြေချင်းဝတ်ဖွေးဖွေးလေးထက်မှာ စီးနှောင်ထားသည့် ပတ်တီးလေးကို အသာအယာတို့ထိကြည့်ရင်း ရင်တွေနာလာသည်။

သွေးမတော် သားမစပ်ပါပဲနှင့် ဆော့မက်သရူးဆိုသည့် ဒီကောင်လေးကို ကျန်းမာစေချင်သည်၊ အနာတရ ကင်းရှင်းစေချင်သည်၊ နေ့ရက်တိုင်းကို ပျော်ရွှင်စေချင်သည်။ မသိလျှင် သူမွေးထားတဲ့ ကလေးလားဟုပင် ထင်မှတ်မိသည်အထိ မက်သရူးအပေါ်ထားရှိမိနေသည့် သူ့ရဲ့ မေတ္တာတရားက ကြီးမားကာ လေးနက်လွန်းနေ​၏။

မေတ္တာတင်မက အချစ်စိတ်များကလည်း တနေ့ထက်တနေ့ တိုးပွား၍သာ လာနေသည်မို့ မက်သရူးကိုတွေ့ရလေတိုင်း ပိုင်ဆိုင်ချင်သည့် လောဘစိတ်တို့ကလည်း ဟန်ဘင်းရင်ထဲမှာ အမြဲလိုလို လှိုင်းထန်လို့နေရမြဲ။

"ဘင်း"

"ဟင်"

"ငါ့အနားမှာ အမြဲနေပေးမယ်မလားဟင်"

"အင်း နေပေးချင်တာ မဟုတ်ပါဘူး.. နေချင်တာပါ ချူးရယ်.. မင်းအနားမှာ ငါ အမြဲတမ်းနေချင်တာပါ"

ဟန်ဘင်းပြောသမျှကို မက်သရူးက ပြုံး၍နားထောင်နေပြီးနောက် ဟန်ဘင်းရဲ့ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်လိုက်ပြီး နှဖူးထက်ဆီသို့ အနမ်းတစ်ပွင့်ကို ကြဲချလိုက်သည်။

မက်သရူး ရင်ထဲမှာ ဖြစ်တည်လာသည့် စကားလုံးတို့က နှုတ်ဖျားမှ ထွက်မကျလာပဲ လည်ချောင်းဝ၌သာ တစ်ဆို့၍ ကျန်ခဲ့လေသည်။

ငါ့အနားက ထွက်မသွားပါနဲ့နော်.. ငါက မင်းမှအနားမှာ မရှိရင် မဖြစ်လို့ပါ..။

-------------------------------------------

မက်သရူးတစ်ယောက် ဆိုဖာဆက်တီတွင်လှဲကာ TV ကြည့်ရင်း ဟန်ဘင်းရုံးမှ ပြန်အလာကိုစောင့်နေ​၏။ အခန်းနံရံထက်ဆီမှ နာရီလေးကိုလည်း မကြာခဏဆိုသလို လှမ်းကြည့်မိနေသည်။

ဟန်ဘင်း အိမ်ကထွက်သွားတာ ဘာမှသိပ်မကြာသေးသော်လည်း မက်သရူးပျင်းလို့နေပြီဖြစ်သည်။ ခြေထောက်ထိထားသည့် ရက်တွေအတွင်း ဆောင်းဟန်ဘင်းကြောင့် သူလည်းအတော် အကျင့်ပျက်လို့နေသည်။ မိုးလင်းပါပြီဆိုကတည်းက အိပ်ယာပေါ်အရောက် မနက်စာ လာပို့ပေးတတ်သလို သူ့မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်ကာ လိုအပ်တာမှန်သမျှ ပါးစပ်က ထုတ်ပြောစရာမလိုလောက်အောင် ဖြည့်စည်းပေးခဲ့သည့် ဟန်ဘင်းကြောင့် ဆော့မက်သရူးလေးမှာ ရေပင်ကိုယ့်ဘာသာ ထမသောက်ချင်တော့သည်အထိ ငပျင်းလေးဖြစ်လို့နေလေပြီ။

ခုလည်း ရေဆာနေပေမဲ့ တမင်ပင် ပေတေကာ မထပဲနေနေရာမှ အာခေါင်များပင် ခြောက်လုမတတ် ဖြစ်လာ၍ မက်သရူး လှဲအိပ်နေရာမှ ထထိုင်လိုက်ရသည်။ ထို့နောက် ရေခဲသေတ္တာဆီသို့ ခြေလှမ်းတို့ကို မလှမ်းချင်လှမ်းရင်း လျှောက်လာခဲ့သည်။

ရေခဲသေတ္တာထဲမှ ရေတစ်ဘူးနှင့်အတူ မနေ့က ဟန်ဘင်းဝယ်လာပေးသော ကိတ်မုန့်လက်ကျန်တချို့ကိုယူကာ ဆက်တီရှိရာဆီသို့ ပြန်အလာ အိမ်ခန်းဘဲလ်သံက မြည်လာ​၏။

*တင်း~တင်.. တင်း~တင်

ဧည့်သည်လာစရာလည်း မရှိသည်မို့ ဘယ်သူများလဲဟု တွေးရင်း တံခါးဖွင့်ဖို့အရေးကို မက်သရူး အချိန်အတော်ကြာအောင်ယူမိသွားသည်။ တံခါးရှေ့မှာ ရှိနေသောလူက စိတ်မရှည်လာ၍ထင်သည်။ တံခါးဘဲလ်ကို ဆက်တိုက်ဆိုသလို တီးနေရာမှ လက်ဖြင့်ပါ တံခါးကို ထုလာ​၏။

*ဒုံး ဒုံး.. ဆော့မက်သရူး.. ဒုံး ဒုံး

အသံပိုင်ရှင်က ရင်းနှီးနေပေမဲ့ ဘယ်သူဆိုတာကို မက်သရူးဥိနှောက်လေးက အဖြေမထုတ်နိုင်ခဲ့။ ထို့ကြောင့် ခြေထောက်နာနေသဖြင့် ထော့နင်းထော့နင်း ဖြစ်လို့နေပေမဲ့လည်း အတတ်နိုင်ဆုံး ခြေလှမ်းတို့ကို အရှိန်တင်ကာ အိမ်တံခါးဝဆီသို့ လှမ်းခဲ့လိုက်သည်။

တံခါးဝရောက်၍ တံခါးကိုဖွင့်လိုက်လျှင် သူစဉ်းစား၍ မရနေသည့် အသံပိုင်ရှင်​၏ နာမည်က ဦးနှောက်အတွင်း ဖြတ်ပြေးလို့သွားကာ နှုတ်ခမ်းမှတဆင့် ထွက်ကျလာလေတော့​၏။

"ဟန်ယူဂျင်း"

-------------------------------------------------------

tbc >>

There are no comments yet. Log in to be the first to leave a review!

Similar stories