Episode - 3
20:37, 10 May 2025အခန်း (၃)
"ဟာ့~"
ရင်တွေတုန်ကာ အိပ်ပျော်နေရာမှ မက်သရူးနိုးလာခဲ့သည်။ အခန်းတွင်းအပူချိန်က အေးစိမ့်နေသော်လည်း အိမ်မက်ဆိုးတွေရဲ့ အကျိုးကျေးဇူးနှင့် မက်သရူးနှဖူးစပ်တလျှောက်မှာ ချွေးစက်လေးများက တွဲခိုလို့နေ၏။
ဝတ်ဆင်ထားသော အညိုနုရောင် ပိုးသားညဝတ်အင်္ကျီ၏ လက်အဖျားစလေးနှင့် ချွေးစက်များကို ပွတ်သုတ်လိုက်ပြီး နံရံထက်မှ နာရီကို မက်သရူးလှမ်းကြည့်လိုက်သည်။
ည၂နာရီနှင့် ၁၆မိနစ်။
ညစာအတူစားပြီးနောက် သူအိပ်ပျော်သည်အထိ ဘေးနားမှာ စာအုပ်တစ်အုပ်ဖတ်ရင်း ထိုင်စောင့်ပေးနေခဲ့သော ဟန်ဘင်း ဘယ်အချိန်က အိမ်ပြန်သွားသည်မသိ။ ဟန်ဘင်းများ အနားမှာရှိနေလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်ပြီး တစ်ယောက်တည်း ဖြစ်သွားလျှင်တော့ဖြင့် အမြဲလိုလို အိပ်မက်ဆိုးများနှင့် မက်သရူး ရင်ဆိုင်ရတတ်မြဲ။ ဟန်ဘင်းက သူ့အတွက်တော့ သက်ရှိ dream catcher လေးအတိုင်းပင်။
ခုတော့ သူ့ရဲ့ dream catcher လေးအနားမှာ မရှိသည်နှင့် ဆော့မက်သရူးတို့ ထုံးစံအတိုင်း လန့်နိုးလာခဲ့ရပြီ။
"အခန်းဝမှာ dream catcher ဖြစ်ဖြစ် ဝယ်ချိတ်ထားရင် ကောင်းမလား"
မက်သရူးရဲ့ တကိုယ်စာကြားရုံ တီးတိုးရေရွတ်သံက တိတ်ဆိတ်နေသည့် အခန်းတွင်းမှာ အတန်အသင့် ကျယ်လောင်စွာ ထွက်ပေါ်သွား၏။
ပြန်အိပ်ဖို့အတွက် မျက်စိကြောင်နေပြီမလို့ အိပ်ယာပေါ်မှထကာ အလုပ်ခန်းဆီသို့ မက်သရူးထွက်ခဲ့လိုက်သည်။ အလုပ်ခန်းအတွင်းမှ မီးများကိုဖွင့်လိုက်တော့ သူ့လက်ရာ ပန်းချီကားများစွာက နံရံထက်တွင်သာမက ကြမ်းပေါ်တွင်လည်း နံရံကိုမှီထောင်လျက်တမျိုး ကြမ်းခင်းပေါ် လှဲချထား၍တဖုံ နေရာအနှံ့ပြန့်ကျဲလို့..။
အခန်းအလည်တည့်တည့်မှာ နေရာယူထားသည့် ထောက်တိုင်ပေါ်သို့ canvas အလွတ်တစ်ချပ်ကို ယူတင်လိုက်ပြီးနောက် စိတ်ထဲမှာ ရှိနေသော ပုံရိပ်တစ်ချို့ကို ရေးခြစ်ဖို့ မက်သရူးရဲ့လက်များက အသားကျစွာပင် canvas ဖြူဖြူပေါ်၌ ဝဲပျံလို့သွား၏။
အဖြူပေါ်မှာ အပြာရောင်ဆေးစက်တချို့နှင့် ရေးခြယ်နေတုန်း မက်သရူးရဲ့ မျက်လုံးများက အခန်းထောင့်မှာရှိနေသော တံခါးချပ်ဆီသို့ရောက်သွားသည်။
တလောကလုံးတွင် သူတစ်ဦးတည်းသာ ဝင်ခွင့်ရှိသော အခန်းလေး..။ သူ့အတွက် အဖိုးတန်လွန်းသော အရာလေးများကို ထည့်သိမ်းထားသည့်နေရာ။
တခြား တံခါးချပ်များနှင့် ကွဲပြားစွာ အပြာနုရောင်တို့ဖြင့် ထုံမွမ်းထားသော အဆိုပါ တံခါးပေါ်၌ရှိနေသည့် စိတ်နဲ့အာရုံတို့ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် canvas ပေါ်တွင်သာ သူ့စိတ်ဝိညာဉ်တို့အား ပြန်လည်မြှုပ်နှံထားလိုက်သည်။
အချိန်အတော်ကြာအောင် ဈာန်ဝင်စားရင်း စိတ်ကူးထဲမှ ပုံရိပ်ကို ဆေးစက်များနှင့် အသက်သွင်းနေတုန်းမှာပဲ တံခါးခေါက်သံ တဒေါက်ဒေါက်က မက်သရူးရဲ့ အကြားအာရုံတွေထဲ ဖြတ်ဝင်လာ၏။
*ဒေါက်ဒေါက်ဒေါက်.. ဒေါက်ဒေါက်ဒေါက်
"ချူး.. အခန်းထဲမှာလား"
တံခါးခေါက်သံအဆုံး ကြားလိုက်ရသည့် ဟန်ဘင်းရဲ့ စကားသံချိုရှရှ။
လက်ထဲမှ စုတ်တံကို ဘေးနားရှိ ဆေးစပ်သည့် palette ပေါ်တင်လိုက်ပြီးနောက် အခန်းတံခါးကို မက်သရူး သွားဖွင့်လိုက်သည်။ ပန်းချီဆွဲချိန်တိုင်း စိတ်အနှောင့်အယှက် မဖြစ်လို၍ မက်သရူးက အလုပ်ခန်းတံခါးကို lock ချထားတတ်သည်။
တံခါးပွင့်လို့ သူ့ကိုမြင်သည်နှင့် ဟန်ဘင်းက
"မင်း ဘယ်အချိန်ထဲက နိုးနေတာလဲ"
"၂နာရီလောက်က"
"အဲ့အချိန်ထဲက ပန်းချီဆွဲနေတာလား"
စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည့် ဟန်ဘင်း၏ မျက်ဝန်းတွေကို မက်သရူး နားမလည်သလိုလေး ငေးစိုက်ကြည့်လိုက်ပြီး
"အင်းလေ.. ဘာဖြစ်လို့လဲ? အခု ဘယ်နှစ်နာရီ ထိုးသွားပြီလဲ?"
မက်သရူးရဲ့ ပြန်မေးသံအဆုံး ဟန်ဘင်း သက်ပြင်းသာ ချလိုက်မိသည်။
ဘာဖြစ်လို့လဲတဲ့လား.. အိပ်ရေးပျက်ပြီး ခေါင်းတွေမူးရင် ဒီလူကနေစရာမရှိအောင် စိတ်ပူနေရမယ်ဆိုတာ ဒီချူးငယ်တစ်ယောက် သတိမေ့နေရော့လား..။
ပူပန်မှုက ရင်ထဲပြည့်ကျပ်လာသဖြင့် ဟန်ဘင်းရဲ့ စကားသံတို့က အနည်းငယ် မာထန်လို့သွား၏။
"မနက်၈နာရီထိုးနေပြီ.. ဒီနေ့ ပြပွဲအတွက် meeting ရှိတယ်လေ.. အဲ့ဒါကြောင့် ငါမင်းကိုအလုပ်သွားရင်း တခါတည်း ခေါ်သွားမလို့ လာခေါ်တာ"
"အင်း ဟုတ်သားပဲ.. ခဏလေး ငါရေမြန်မြန်ချိုးလိုက်ဦးမယ်"
ပြောပြီးသည်နှင့် မက်သရူးက အလုပ်ခန်းထဲမှ ထွက်သွားသဖြင့် အခန်းထဲ၌ ဟန်ဘင်း တစ်ယောက်သာ မယောင်မလည် ရပ်၍ကျန်ခဲ့ရလေသည်။
တစ်ညလုံး မအိပ်ပဲ ဒီကောင်လေးဟာ ဘာတွေကိုများ အသည်းအသန် ရေးဆွဲနေရတာလဲ..။
အတွေးနဲ့အတူ အကြည့်တို့က အခန်းအလည်မှာ နေရာယူထားလေသော ပန်းချီကားချပ်ဆီ ရောက်သွားသည်။ နက်ပြာရင့်ရောင်နောက်ခံမှာ အပြာရောင်နှင့် အဖြူရောင်တို့ကို လှပစွာရောစပ်ထားသည့် dream catcher ပုံပန်းချီကားက လေတိုက်လိုက်လျှင် လှုပ်ခတ်သွားတော့မယောင် အသက်ဝင်လို့နေ၏။ ထိုပန်းချီကားအား ဟန်ဘင်း မျက်တောင်မခတ်တမ်း ငေးမောကြည့်နေရင်း သူတခါမှ ဝင်ခွင့်မရခဲ့သည့် အပြာရောင်တံခါးချပ်က အမြင်အာရုံထဲမှာ တစွန်းတစ နေရာဝင်ယူလာသည်။
တခြားအရာတွေကို အမြဲလိုလို မျှဝေခံစားတတ်သည့် မက်သရူးက ဒီတံခါးနောက်ကွယ်မှ အရာများကိုတော့ ဟန်ဘင်းအား လုံးဝသိခွင့်မပေးခဲ့။ ဝင်ကြည့်ချင်ကြောင်း တောင်းဆိုဖူးသော်လည်း ခါးခါးသီးသီး ငြင်းဆန်ခဲ့သဖြင့် လက်လျော့ခဲ့ရပြီး တံခါးနောက်ခြမ်းမှာ ရှိနေမည့် အရာများကို စိတ်ကူးဖြင့်သာ ဟန်ဘင်းပုံဖော်ကြည့်နေခဲ့ရလေသည်။
"ဘာတွေများ ရှိနေလို့လဲ ချုးငယ်လေးရယ်"
--------------------------------------------------------
ဖြူလွလွနံရံထက်ရှိ အပြာရောင်ဘောင်ကွပ်ထားသည့် ခဲခြစ်ပုံတူပန်းချီကားချပ်လေးကိုကြည့်ရင်း ထယ်ရယ် သက်ပြင်းချလိုက်မိသည်။ နံရံပေါ်မှ လုပ်ငန်းဆုတံဆိပ်များ၊ တခြားသော အမှတ်တံဆိပ်များနှင့် လမိုင်းမကပ်စွာ ရှိနေသော ထိုခဲခြစ်ပန်းချီကားဆီ အကြည့်တို့ကရောက်လေတိုင်း မမေ့မလျော့ပဲ ထယ်ရယ် သက်ပြင်းချမိမြဲပင်။
ဒိကောင် ဆောင်းဟန်ဘင်းဟာ ဆော့မက်သရူးကို ရူးတာမှ တော်ရုံတန်ရုံမဟုတ်။ နာမည်ကြားရုံနဲ့တင် ဒီကောင့်မှာ ခြေမကိုင်မိ လက်မကိုင်မိနှင့် ဆင်ခြင်ဉာဏ်နည်းသွားတတ်သည်။
အထက်တန်း ကျောင်းသားဘဝက မက်သရူးရေးဆွဲခဲ့ပေးသော ဟန်ဘင်းရဲ့ပုံတူ ခဲခြစ်ပန်းချီကားကို တယုတယ မှန်ဘောင်သွင်းကာ ရုံးခန်းထဲမှာ နေရာပေးထားတာကိုသာကြည့်။ ရွှေရောင် ဖိတ်ဖိတ်တောက်နေတဲ့ ဆုတံဆိပ်တို့အလည်မှာ ဒီအပြာရောင်ဘောင်ကြီးနဲ့ ပန်းချီကားက လားလားမှ အပ်စပ်မနေ။ တခြားမှာ ချိတ်ပါဆိုလည်းပြောမရ။ မက်သရူးက ဒီမှာသာ ချိတ်ထားစေချင်သည်တဲ့လေ။ ဆော့မက်သရူးက အခုသေ ဆိုရင်တောင် သေပေးဦးမည်ထင်သည်။
"ထယ်ရယ်.. ရောက်နေတာကြာပြီလား"
Magazine Editor ဖြစ်သော ထယ်ရယ့်အား မက်သရူးတို့ ပန်းချီပြပွဲနှင့် ပတ်သက်သည့် ဆောင်းပါးကိစ္စအတွက် ဟန်ဘင်း သူ့ရုံးခန်းရှိရာ Lara Publishing House သို့ခေါ်ထားခြင်းဖြစ်သည်။
"သိပ်မကြာသေးပါဘူး.."
ဟန်ဘင်းရဲ့ မေးခွန်းကို နံရံပေါ်က အကြည့်တို့ကို နေရာမလွှဲပဲ ထယ်ရယ်က ပြန်ဖြေသည်။
"ဘာတွေ အဲ့လောက်ကြည့်နေတာလဲ"
"မင်းရဲ့ ဘောင်အပြာနဲ့ ခဲခြစ်ပန်းချီကြီးကိုလေ.. ကိုယ့်ဘာသာ အိပ်ခန်းထဲဖြစ်ဖြစ်ထားတာမဟုတ်ဘူးကွာ.. ရုံးခန်းကြီးထဲမှာ"
အလုပ်စားပွဲပေါ်မှာ ဖိုင်တွဲများကို နေရာချရင်း ဟန်ဘင်းက ခေါင်းတခါခါဖြင့်
"မင်းလည်း မမောနိုင်သေးဘူးနော်.. ငါ့ရုံးခန်းကိုလာတိုင်း ဒီပန်းချီကားပဲ ခလုတ်တိုက်နေတာ"
"မင်းဟာကြီးက ရုံးခန်းအပြင်အဆင်နဲ့ လိုက်မှလိုက်မနေတာ"
"ချူးငယ်က ဒီရုံးခန်းထဲမှာပဲ ချိတ်စေချင်ပါတယ်လို့ မင်းကိုငါ ဘယ်နှစ်ခါပြောနေရမှာလဲ"
"အဲ့လောက်ချစ်နေတာ ဘာလို့ ဖွင့်မပြောတာလဲ"
ထယ်ရယ့်စကားသံအဆုံး ဟန်ဘင်းရဲ့ လှုပ်ရှားမှုများက စက္ကန့်အနည်းငယ်ခန့် ရပ်တန့်လို့သွားပြီးမှ ထုံးစံအတိုင်း ဘာမှမဖြစ်ဟန်ဆောင်ရင်း
"ငါကချူးငယ်လေးနဲ့ တသက်လုံးပတ်သက်သွားချင်တာမလို့"
ထိုစကားနှင့်အတူ မသိမသာခိုးရှိုက်လိုက်ရသော ပင့်သက်ကိုတော့ ထယ်ရယ်တစ်ယောက် မရိပ်မိပါစေနဲ့တော့။
"ဒါဆို မင်းကမက်သရူးကို လုံးဝဖွင့်မပြောတော့ဘူးပေါ့"
"အင်း" ဟုပြန်ဖြေလိုက်သည့် ဟန်ဘင်းရဲ့ အသံက ဝေဝါးစွာဖြင့် လေထဲတွင် ပျောက်ကွယ်သွား၏။ မက်သရူးကို သူဖွင့်ပြောဖူးကြောင်း ဘယ်သူ့ကိုမှ ပြောပြမနေချင်တော့။ အငြင်းခံခဲ့ရသည့် ဖြစ်အင်ကိုလည်း ပြန်ပြောင်းကာ တွေးမနေချင်တော့သလို ခုလိုအခြေအနေပြန်ရဖို့ သူဘယ်လောက် အားစိုက်ခဲ့ရကြောင်းလည်း ပြန်လည်ကာ မစဉ်းစားချင်တော့ပါ။ သူ့အနားမှာ မက်သရူး အနေမခက်စေဖို့အရေး ရည်းစားတွေ ထည်လဲတွဲနေခဲ့သည်ကိုလည်း ဘယ်သူမှ မသိပါစေနဲ့တော့။
"မင်းကောင်လေးနဲ့ရော အဆင်ပြေတယ်မလား"
topic ပြောင်းသွားပြန်သည့် ထယ်ရယ့်ကို စာရွက်စာတမ်းများမှာ လက်မှတ်ထိုးနေရင်းမှ ဟန်ဘင်း လှမ်းကြည့်လိုက်ပြီး
"ပြေပါတယ်"
"သူနဲ့တော့ မင်းတော်တော်ကြာအောင် တွဲနေတာပဲနော်.. အရင်လိုရော မက်သရူးကို မင်းနဲ့သဝန်တိုနေတုန်းပဲလား"
ထယ်ရယ့်ကို ပြန်မဖြေခင် လက်မှတ်ထိုးရမည့် စာရွက်များကို ဟန်ဘင်း အရင်ဆုံး အပြီးသတ်လိုက်ပြီးနောက် ဖောင်တိန်ကို နေရာတကျ ပြန်ထားလိုက်သည်။ ထို့နောက် ထိုင်ခုံနောက်မှီဆီ မှီထိုင်ချလိုက်ပြီး
"သဝန်ကတော့ တိုနေတုန်းပဲ.."
"မင်းကလည်း မင်းပဲ.. ရည်းစားနဲ့ သူငယ်ချင်းမှာ သူငယ်ချင်းကို ပိုဦးစားပေးနေတာလေ.. အဲ့ကောင်လေးမလို့ မင်းဒဏ်ကို ခံနေတာ.. ငါသာဆို အစောကြီးထဲက လမ်းခွဲလိုက်ပြီ"
ထယ်ရယ့်စကားကိုကြားပြီးနောက် ဟန်ဘင်းရင်ထဲရှိ ယူဂျင်းအပေါ် အားနာစိတ်နှင့်အတူ သနားစိတ်များက လှိုင်းလုံးများပမာ ထကြွလာ၏။ တကယ်လည်း ယူဂျင်းမလို့သာ သူ့ကိုသည်းခံနေခြင်းဖြစ်သည်။ ယခင်ရည်းစားတွေတုန်းက ၂လလောက်နှင့်ပင် ဟန်ဘင်းနဲ့မက်သရူးတို့၏ ဆက်ဆံရေးကို လက်သင့်မခံနိုင်သဖြင့် လမ်းခွဲသွားခဲ့ကြပြီး အခုယူဂျင်းနှင့်ကျမှ ရည်းစားသက်တမ်းပင် တစ်နှစ်ပြည့်လုဖြစ်နေလေပြီ။
မက်သရူးနဲ့ သဝန်တိုသော်လည်း သူ့ဆန္ဒကို လိုက်လျောပေးတတ်မြဲဖြစ်သည့် ယူဂျင်းအပေါ် ဟန်ဘင်းမှာလည်း တဖြည်းဖြည်းနှင့် သံယောဇဉ်တွယ်လာမိနေလေပြီ။ သို့သော်လည်း သူ့ရင်ထဲမှာ အခိုင်အမာ နေရာယူလို့ထားသည့် မက်သရူးရဲ့ ဖြစ်တည်မှုကိုတော့ ယူဂျင်းကို သနားသည့်စိတ်များက မကျော်လွှားနိုင်သေး..။
--------------------------------------------------------
"ကိုကို.. ကိုကို!"
လက်ထဲမှာ ကိုင်ထားသည့်တူက လေထဲတွင် ရပ်တန့်လို့နေသည်မှာ အတော်ကြာလေပြီ။ ဆိုင်ကိုရောက်ပါပြီဆိုကတည်းက ငေးငိုင်နေလေသော ကိုကို့ကို ကြည့်ရင်း ယူဂျင်းစိတ်မရှည်ချင်တော့။ အလုပ်များသည်ဟု အကြောင်းပြကာ သူ့ကို ကိုကိုလာမတွေ့သည်မှာ ၁ပတ်ပင်ရှိနေပြီဖြစ်သည်။ ခုလိုတွေ့ခွင့်ရတုန်းလေး ကိုကိုနှင့်စကားစမြည်ပြောချင်သည်၊ မတွေ့ရတဲ့ရက်တွေက အကြောင်းတွေကို ကိုကို့အား ယူဂျင်းပြောပြချင်သည်။ ဘယ်လောက်လွမ်းကြောင်း၊ ဘယ်လောက်သတိရနေကြောင်း.. စသည်ဖြင့်။
ခုတော့ အတွေးတွေထဲ ပိတ်မိနေသည့် ကိုကိုကြောင့် ယူဂျင်းမှာ စကားဆယ်ခွန်းပင် ပြည့်အောင်မပြောရသေး။ အင်းမလုပ် အဲမလုပ်နှင့် မှိုင်တွေနေသော ကိုကို့ကို ကြည့်ရင်း သက်ပြင်းမောတွေသာ မနားတမ်းချနေခဲ့ရသည်။ အခုလည်း သူခေါ်နေတာကို မကြားနေသည့်အတွက် ကိုကို့လက်မောင်းများကို လက်ကလေးနဲ့ တို့ထိရင်း ယူဂျင်းထပ်ခေါ်လိုက်သည်။
"ကိုကို!!"
ထိုအခါမှ ဟန်ဘင်းမှာ အူတိအူကြောင် မျက်နှာဖြင့် ယူဂျင်းအားကြည့်ကာ စကားပြန်ပြောလာသည်။
"ဟင် ဘာပြောမလို့လဲ.. ပြောလေ"
" ကျွန်တော် စကားပြောနေတာ ကိုကိုက အဖက်ပြန်မလုပ်လို့လေ.."
"ကိုကို အလုပ်ထဲ စိတ်ရောက်သွားလို့ပါ.. ဘာပြောနေတာလဲ ထပ်ပြောလေ ကိုကိုနားထောင်ပေးမှာပေါ့"
"ဒီရက်တွေမှာ ကျွန်တော် ကိုကို့ကို အရမ်းလွမ်းနေတယ်ဆိုတာ ပြောနေတာလေကွာ.. ကိုကိုရော ကျွန်တော့ကို မလွမ်းဘူးလား"
"ကိုကိုလည်း.."
"ဘင်း.."
ကိုကို့အဖြေစကားသံကြား ဖြတ်ဝင်လာခဲ့သည့် လေသံသဲ့သဲ့။ ယူဂျင်းရဲ့ နှလုံးသွေးများကို ပြောင်းပြန်စီးစေသည်အထိ စိတ်တွေကို ထိန်းချုပ်မရအောင် လှုပ်ခတ်နိုင်သောသူ။
တလှပ်လှပ် တုန်လာသော ရင်ကိုဖိရင်း မော့ကြည့်တော့ မပြောင်းမလဲ ခန့်မှန်းရခက်လွန်းသည့် ဆော့မက်သရူးဆိုသောလူ၏ အကြည့်စူးစူးတို့က ကိုကို့ထံပါး၌...။
--------------------------------------------------------
tbc >>
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



