Episode - 2
20:30, 2 May 2025အခန်း (၂)
Apartment တစ်ခု၏ ကားပါကင်ရှိ တန်ဖိုးကြီးကားလေးတစ်စီးအတွင်းတွင် ဟန်ဘင်းတစ်ယောက် ငြိမ်သက်စွာ ထိုင်နေသည်မှာ အတော်ကြာလေပြီ။ သူ့ဘေးတွင်တော့ သူသိပ်ချစ်ရသော မက်သရူးမှာ အိပ်မောကျလျက်ရှိ၏။ ကားစမမောင်းခင်ထဲက အိပ်ပျော်နေသည်မှာ အိမ်သို့ရောက်သည်အထိ မနိုးလာသေး။ တော်ရုံအအိပ်နည်းလွန်းသော မက်သရူးလေး ယခုလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသဖြင့် မနှိုးရက်သောကြောင့် မက်သရူးနိုးလာမည့်အချိန်အထိ ဟန်ဘင်း တိတ်ဆိတ်စွာ ထိုင်စောင့်နေခြင်းပင်။
ဆယ်ကျော်သက်နှောင်းပိုင်း အရွယ်ကတည်းမှစ၍ တစ်ယောက်တည်း နေခဲ့ရသော မက်သရူးက ညဖက်တွေဆို အတွေးလွန်ကာ တော်ရုံအိပ်မပျော်တတ်သလို စိတ်မလုံခြုံမှုကြောင့် အသံတစ်ခုခုကြားသည်နှင့်လည်း နိုးလာတတ်သေးသည်။ ဒါပေမဲ့ ဟန်ဘင်းအနားမှာ ရှိလျှင်တော့ ဘာကိုမှ ပူပန်စရာမရှိသည့် ကလေးငယ်လေးတစ်ယောက်လို အိပ်ပျော်သွားတတ်၏။
ခုလည်း သူ့ဘေးနားတွင် ကလေးလေးလို ချစ်စရာကောင်းစွာ အိပ်နေသော မက်သရူးရဲ့ပုံရိပ်လေးကို အမြင်အာရုံထဲမှာ စွဲထင်နေသည်အထိ တချက်မှမလွတ်တမ်း ငေးမောနေရာမှ အနည်းငယ်လူးလွန့်သွားသော မက်သရူးကြောင့် သူ့အကြည့်တို့ကို အမြန်ရုတ်သိမ်းလိုက်ရသည်။
"ဘင်း.. ဘာလို့ငါ့ကိုမနှိုးတာလဲ"
အိပ်ချင်မူးတူးရုပ်လေးနှင့် မျက်လုံးများကို ပွတ်သပ်ရင်းမေးလာသော မက်သရူးကို ဟန်ဘင်းပြုံးပြလိုက်ပြီး
"မင်းအိပ်ရေးဝဝအိပ်ရအောင်ပါ..။ ဒီရက်တွေမှာ ပြပွဲကြောင့် မင်းအရမ်းပင်ပန်းနေတယ် မဟုတ်ဘူးလား"
"အင်း နည်းနည်းပါ.. ပြပွဲကနီးလာပြီဆိုတော့ စိတ်လည်းလှုပ်ရှားနေတာနဲ့"
"ဒီနေ့ကရော အဲ့လူပြတ်တဲ့လမ်းကို ဘာသွားလုပ်တာလဲ"
"ပန်းချီဆွဲဖို့ ကုန်ကြမ်းလေးများရမလားလို့ ထွက်လာတာပါ.. အဲ့ဖက်မှာက သစ်ပင်တွေနဲ့ ရှုခင်းအရမ်းလှတယ်လေ"
"နောက်ရက်မှ ငါလိုက်ပို့ပေးမယ်.. တစ်ယောက်တည်းမသွားနဲ့ ကြားလား"
"အင်းပါ.. ပြခန်းပိုင်ရှင်ကိုယ်တိုင်က ပန်းချီဆွဲဖို့အရေး အချိန်ပေးပြီး လိုက်ပို့ပေးမယ်ဆိုတော့ ငါတော်တော် အောင်မြင်နေပြီပဲ"
ထိုစကားကိုပြောပြီးသည်နှင့် မက်သရူးမှာ လှစ်ကနဲပြုံးလို့ ကားထဲမှ ထွက်သွားလေ၏။ ဟန်ဘင်းမှာသာ မက်သရူးရဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း သက်ပြင်းကိုသာ အခါခါချနေမိတော့သည်။
အောင်မြင်တဲ့ လူငယ်ပန်းချီဆရာလေး ဆော့မက်သရူးရဲ့ ပန်းချီကားများကို သူတစ်ဦးတည်းပိုင်ဆိုင်လိုစိတ်နှင့် ပန်းချီပြခန်းတစ်ခုကို ဝါသနာမပါသည့်တိုင် မက်သရူးအတွက်ရည်ရွယ်ကာ သူဖွင့်လှစ်ခဲ့ခြင်းကို မက်သရူးသာပြန်သိခဲ့လျှင် သူ့ကိုအပြစ်တင်နေမည်လား..။
ပြခန်းအတွင်းမှ "ရောင်းရန်မဟုတ်" ဆိုသည့်စာတန်းချိတ်ဆွဲထားသော မက်သရူးလက်ရာ ပန်းချီကားများစွာနှင့်အတူ မက်သရူးကိုလည်း "ပိုင်ရှင်ရှိသည်" ဆိုသောစာတန်း ချိတ်ဆွဲချင်နေသည့် သူ့အတ္တအား မက်သရူးတစ်ယောက် ရိပ်စားနိုင်လိမ့်မည်မဟုတ်။
ထို့အတူ မက်သရူးသာ အလိုရှိမယ်ဆိုရင် သူ့အချိန်တွေမှမဟုတ် ဘဝတစ်ခုလုံးပါ ချခင်းပေးနိုင်စွမ်းရှိကြောင်းကိုလည်း မက်သရူးကတော့ သိနိုင်မယ်မထင်ပါ။
"ဘင်း.. အဲ့မှာဘာထိုင်လုပ်နေတာလဲ"
မက်သရူးအသံချိုချိုကြောင့် ဟန်ဘင်းအတွေးတို့ ရပ်တန့်သွားပြီး နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုက အလိုအလျောက် ရောက်လာ၏။ မက်သရူးကို 'ခဏလေး' ဆိုသည့်သဘောနှင့် လက်ပြကာ အသိပေးပြီးနောက် ကားနောက်ခန်းအတွင်းမှ အပြန်လမ်းမှာ ဝင်ဝယ်လာခဲ့သော ဆူရှီဘူးများကို လှမ်းယူလိုက်ပြီးဟန်ဘင်းလည်း ကားထဲမှ ထွက်ခဲ့လိုက်သည်။
သူကားအပြင်ကို ရောက်သည်အထိ မက်သရူးက သူ့ကိုပြုံးပြုံးလေးငေးကြည့်လို့နေ၏။
"ဘာလို့ငါ့ကိုဒီလောက်တောင် ကြည့်နေတာလဲ"
ဟန်ဘင်းရဲ့အမေးကို မက်သရူးက သဘောကျစွာ ပြုံးလိုက်ပြီးမှ ပြန်ဖြေသည်။
"မဟုတ်ပါဘူး.. ဆူရှီတွေ ဘယ်တုန်းကဝယ်လိုက်တာလဲဆိုပြီး တွေးရင်းနဲ့ကြည့်မိသွားတာ"
"အိမ်အပြန်လမ်းမှာ ဝင်ဝယ်လာတာ.. မင်းဘာမှမစားရသေးဘူးမလား"
မက်သရူးက ဟန်ဘင်းအား "အင်း" ဟူ၍အပြုံးလေးတစ်ခုနှင့် ပြန်ဖြေပြီးနောက် အရှေ့မှဦးဆောင်ကာ နေရာမှထွက်သွားသဖြင့် ဟန်ဘင်းလည်း အနောက်မှ ခပ်မြန်မြန်လိုက်ရတော့သည်။
ဓါတ်လှေကားစီးနေသည့် တလျှောက်လုံး ဘာစကားမှ မပြောပဲ ခေါင်းလေးငုံ့လို့သာ နေနေသော မက်သရူးကို ပုခုံးချင်းယှဉ်လျက် အနေအထားဖြင့် ခိုးခိုးကြည့်နေရင်း ဟန်ဘင်းစိတ်ထဲ ပူပန်မှုအနည်းငယ်က ပေါက်ဖွားလာရပြန်သည်။
ချူးငယ်လေး နေများမကောင်းလို့လား..။ မျက်နှာလေးကလည်း ဖြူဖပ်ဖြူရော်နဲ့.. ခေါင်းမူးနေတာများလား..။ ဒါမှမဟုတ် တခုခုကို အလိုမကျလို့လား..။
"ဘင်း.. မင်း ငါ့အိမ်လိုက်ခဲ့မယ်မလား"
"လား" ပေါင်းစွာနှင့် ပိတ်လှောင်နေလေသော သူ့ရဲ့စိတ်ကို မက်သရူးရဲ့ အသံကြည်ကြည်အေးအေးလေးက လက်ရှိအခြေအနေသို့ ဆွဲခေါ်ထုတ်လိုက်သဖြင့် ဟန်ဘင်းမှာ ခေါင်းထဲမှ မေးခွန်းများကို ဘေးသို့ခဏတွန်းပို့လိုက်ပြီး
"အင်း လိုက်ခဲ့မယ်လေ.. မင်းအိပ်သွားမှ ငါပြန်မယ်"
ဟန်ဘင်းပြောပြီးသည့်အချိန်တွင် အခန်းတည်ရှိရာ အထပ်သို့လည်း ရောက်နေပြီဖြစ်၍ မက်သရူးထက်ဦးအောင် ဓါတ်လှေကားထဲမှ အပြင်သို့ထွက်လိုက်ပြီး မက်သရူးအခန်းရှေ့သို့ရောက်လျှင် တံခါး lock password ကိုအသားကျစွာပင် ရိုက်နှိပ်၍ အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။
ထို့နောက် အိမ်ခန်းမီးများကိုဖွင့်ကာ ဆူရှီဘူးများကိုလည်း kitchen ဆီတခါတည်းယူသွားရင်း ထမင်းစား စားပွဲပေါ်တွင်တင်လိုက်ပြီး သူ့အနောက်မှ လိုက်လာသော မက်သရူးကို လှည့်ကြည့်ကာ
"ချူး.. မင်းရေချိုးချင်ချိုးလေ.. ငါ မင်းစားဖို့ပြင်ထားလိုက်မယ်"
"အဲ့ဒါဆို ငါရေချိုးလိုက်ဦးမယ်"
"နေဦး" ဟုပြန်ပြောရင်း အနားမှ ထွက်သွားဖို့ ပြင်နေလေသော မက်သရူးရဲ့ လက်ကိုလှမ်းဆွဲကာ နှဖူးလေးကို ဟန်ဘင်း အသာစမ်းကြည့်လိုက်သည်။
"အင်း ကိုယ်တော့ မပူပါဘူး.. ဒါပေမဲ့ ရေကို အကြာကြီးမချိုးနဲ့နော်.. ကြာနေရင် ငါလိုက်ဝင်လာမှာ ဘာမှတ်နေလဲ"
"ရေချိုခန်းတံခါးက လော့ချထားတာလေ.. မင်းကဘယ်လိုလိုက်ဝင်လာမှာလဲ"
"မင်းအခန်းသော့တွေအကုန် ငါ့ဆီမှာရှိတယ်ဆိုတာ မေ့နေပြီလား"
မက်သရူးက ဟန်ဘင်းစကားကို သဘောကျကာ တခစ်ခစ်ရယ်နေပြီးမှ "ဟုတ်ပါပြီ" ဟုပြောပြီး kitchen ထဲမှ ထွက်သွား၏။ မက်သရူးထွက်သွားသည်နှင့် ဟန်ဘင်းမှာလည်း မက်သရူးစားသောက်ဖို့ ပြင်ဆင်ရင်း အလုပ်ရှုပ်သွားတော့သည်။
သူ့ချူးငယ်က ပန်းချီဆွဲဖို့ အချိန်တွေထဲက ဖဲ့မပေးချင်ဘူးဆိုသည့် အကြောင်းပြချက်နှင့် ဘယ်တော့မှ ထမင်းကို ချက်မစားတတ်ခဲ့။ လွယ်လင့်တကူ ခေါက်ဆွဲပြုတ်၍ဖြစ်စေ ဒါမှမဟုတ် မှာစား၍ဖြစ်စေသာအစာစားခြင်းအမှုကို ပြီးစလွယ် ပြုတတ်သည်။ ထို့ကြောင့် ဟန်ဘင်းမှာ မက်သရူးကို သူမမွေးထားသည့်တိုင် အဖေကြီးတစ်ယောက်လို စိုးရိမ်ပူပန်စွာနှင့် ထမင်းစားဖို့အတွက် အမြဲပြင်ဆင်ပေးတတ်ခဲ့သည်မှာ နေ့တဓူဝပင် ဖြစ်လို့နေပြီ။
အရာရာမှာ စိတ်မချလွန်းသောကြောင့် တစ်ယောက်တည်းနေနေရသော မက်သရူးအား သူ့အခန်းနှင့် မျက်နှာချင်းဆိုင် အခန်း၌ ထားထားခြင်းကို သူ့သူငယ်ချင်းများ ပြန်သိတုန်းက စကားနာထိုးခဲ့ကြသေးသည်။ "ဒီလောက် စိတ်ပူနေရင် မင်းအိမ်မှာပဲ ခေါ်ထားလိုက်ပါတော့လား" ဟူ၍။
သူ့စိတ်အတိုင်းသာဆို တစ်ခန်းထဲတူတူနေရုံမကလို့ အာခံတွင်းထဲတွင်ပင် မက်သရူးကို ငုံထားမိလိမ့်မည်ထင်သည်။ ဒါပေမဲ့လည်း...။
လေးလံလာသော စိတ်တွေက ဟန်ဘင်းအား သက်ပြင်းရှည်တို့ကို ချမိစေလေသည်။
"ဟင်း::::"
"သက်ပြင်းတွေ ချလှချည်လား"
ဘယ်အချိန်ထဲက အနားရောက်နေသည်မသိသော မက်သရူးထံမှအသံကြောင့် ဟန်ဘင်းကြက်ဥကြော်နေရာမှ အနောက်သို့ လှည့်ကြည့်လိုက်သည်။
တီရှပ်အဖြူလေးနှင့် ခါးတွင်တော့ အဖြူပေါ်မှာ အနက်ရောင်အဆင်းများပါရှိသော ဘောင်းဘီကို ဝတ်ဆင်ထားသည့် သူ့မက်ချူးက ဖြူဖြူနုနုလေးနှင့် တကယ့်မိုချီလုံးလေးလို..။
နဂိုတည်းက ချောတယ်ဆိုပေမဲ့လည်း ခုလိုရေချိုးပြီးကာစ အချိန်တွေမှာ ဒီကောင်လေးဟာ ပိုလို့ကြည့်ကောင်းနေတတ်သည်။
ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ကြည်စင်နေသော မက်သရူးရဲ့ မျက်နှာချောချောလေးကို ဟန်ဘင်းတစ်ယောက် အသက်ရှူဖို့ သတိမရတော့သည်အထိ ထုံးစံအတိုင်း တမေ့တမော ငေးမောမိသွားပြန်၏။
"ကြက်ဥတွေ တူးကုန်တော့မယ်"
ထမင်းစားပွဲကို အကြောင်းမဲ့ လက်ချောင်းလေးများဖြင့် တစ်ဒေါက်ဒေါက် ခေါက်နေရာမှ မက်သရူးက လှမ်းသတိပေးသည်။ ထိုအခါမှ ဟန်ဘင်းလည်း ပြာပြာသလဲနှင့် သူ့အကြည့်တို့ကို မက်သရူးဆီမှ အမြန်လွှဲလိုက်ပြီး ကြက်ဥကြော်များကို ပန်းကန်ထဲ ပြောင်းထည့်သည်။
ပြီးနောက် မက်သရူးရှိရာ ထမင်းစားပွဲ၌ မက်သရူးနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်၍
"ပြပွဲအတွက် stress တွေအရမ်းများနေလား"
"နည်းနည်းပါ"
"ငါ ပြပွဲရက်ကို ရွှေ့လိုက်ရမလား"
"အာ.. မလုပ်ပါနဲ့ ပြပွဲက ငါတစ်ယောက်တည်းမှ မဟုတ်တာ တခြားပန်းချီဆရာတွေလည်း ပါသေးတာလေ.. အားနာစရာ"
"အဲ့ဒါကြောင့် မင်းကိုအစတည်းက တစ်ယောက်တည်းပြပွဲလုပ်လိုက်ပါလို့ ဒီလောက်ပြောနေတာကို"
"တစ်ယောက်တည်းပြပွဲလုပ်ဖို့ ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိသေးလို့ပါ.. နောက်တခါကျရင်တော့ try ကြည့်မယ်လေနော်"
"အင်းပါ.. ငါ့အတွက်တော့ မင်းကဒီလောကမှာ အတော်ဆုံး ပန်းချီဆရာပဲ"
"ဟား ဟား ဟုတ်ပါပြီကွာ.. ဒီလောက် မြှောက်ပြောနေတာ မုန့်ဝယ်ကျွေးရတော့မှာပဲ"
ဟန်ဘင်းက စကားတွေပြောရင်း လက်ကလည်း မနားတမ်း မက်သရူးပန်းကန်ထဲသို့ ဆူရှီများကို ထည့်ပေးနေလေသည်။ ဟန်ဘင်းကိုယ်တိုင်ကတော့ ခုချိန်ထိ ပါးစပ်ထဲကို ဆူရှီတစ်ဖတ်မှပင် မထည့်ရသေး။ ဒါကိုသတိထားမိသွားသည့် မက်သရူးက ဆူရှီတစ်ဖက်ကို တူနှင့်ညှပ်လိုက်ပြီး ဟန်ဘင်းရှေ့သို့ ထိုးပေးရင်း
"မင်းလည်း စားဦးလေ.. ဗိုက်ဆာနေတယ် မဟုတ်ဘူးလား"
"အင်း နည်းနည်းပါ.. ဒါနဲ့ စာအုပ်အဖုံးဒီဇိုင်းကို ပြပွဲပြီးမှပဲ အေးအေးဆေးဆေးဆွဲနော်"
"အချိန်ရလို့လား"
"ရတယ်.. စာရေးဆရာကို ငါညှိလိုက်မယ်.. မဟုတ်ရင် ပြပွဲနဲ့ မင်းအရမ်းပင်ပန်းနေလိမ့်မယ်"
"အေးပါကွာ ပုံနှိပ်တိုက်နဲ့ ပန်းချီပြခန်း ပိုင်ရှင်ကြီးဆိုတော့လည်း မင်းစိတ်တိုင်းကျပေါ့"
ဟန်ဘင်းက ပန်းချီပြခန်းအပြင် မိသားစုပိုင် ပုံနှိပ်တိုက်လုပ်ငန်းကိုလည်း လုပ်ကိုင်နေခြင်းဖြစ်ပြီး သူတို့တိုက်တွင် နာမည်ကြီး စာရေးဆရာများစွာရှိလေသည်။ စာရေးဆရာများက နာမည်ကြီးသည်နှင့်အညီ ပုံနှိပ်ထုတ်ဝေရာတွင် စာအုပ်အဖုံးဒီဇိုင်းကို တမူထူးချင်သော ဟန်ဘင်းမှာ သူ့တိုက်မှ စာအုပ်အသစ်ထုတ်လေတိုင်း သူ့ပြခန်းမှ တချို့လူငယ်ပန်းချီဆရာများအား အဖုံးဒီဇိုင်းအတွက် ပန်းချီကားများ ရေးဆွဲဖို့အလုပ်အပ်တတ်သည်။ အထူးသဖြင့် မက်သရူးကို ရေးဆွဲခိုင်းသည်ကများသည်။ ထိုအဖုံးဒီဇိုင်းတွေကတဆင့် မက်သရူးနာမည်ကြီးလာခြင်းလည်းဖြစ်သည်။
ယခုလည်း မက်သရူးရဲ့ ဒုတိယမြောက်ပန်းချီပြပွဲနှင့် စာအုပ်အဖုံးဒီဇိုင်းရေးဆွဲဖို့ deadline မှာ နီးကပ်နေသဖြင့် မက်သရူးလေး ပင်ပန်းနေမည်ကို ဟန်ဘင်း စိတ်ပူနေခြင်းဖြစ်သည်။
သူကသာ အရာရာလိုက်တွေးပြီး ပူပန်နေတာ မက်သရူးကတော့ဖြင့် ပန်းချီဆွဲနေရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ တလောကလုံးကိုမေ့..။ သူ့ကိုမမေ့သွားတာပဲ ကျေးဇူးတင်ရမည်။
"စားလေ.. ဘာတွေတွေးနေပြန်တာတုန်း"
အတွေးပေါင်းစုံကြောင့် ငေးငိုင်သွားပြန်တဲ့ ဟန်ဘင်းကို မက်သရူးက နှုတ်ခမ်းလေးစူကာ ပြောလာသည်။ မက်သရူးအား "အလုပ်ကိစ္စ" ပါလို့ ခပ်ပြုံးပြုံး ပြန်ဖြေအပြီး ဟန်ဘင်း သူ့ပါးစပ်ထဲအား ဆူရှီတစ်ဖက်ကို ယူကာထည့်လိုက်သည်။
*တီ တီ တီ တီ.. တီ တီ တီ တီ
ထိုစဉ်မှာပင် ဟန်ဘင်း၏ဖုန်းမြည်သံကြောင့် သူတို့စကားဝိုင်းမှာ ခေတ္တခဏရပ်တန့်လို့သွား၏။ ဟန်ဘင်းက ဖုန်းကိုလှမ်းယူကြည့်ပြီးနောက် ချက်ချင်းမကိုင်သေးပဲ မက်သရူးမျက်နှာကို လှမ်းကြည့်သည်။
"ဘယ်သူလဲ.. ကိုင်လိုက်လေ"
"ယူဂျင်း"
"အော်.. ကိုင်လိုက်လေ.. ငါအခန်းထဲဝင်ပေးရမလား"
"နေနေရတယ်.. ငါဝရန်တာ ထွက်ပြောလိုက်မယ်"
ဖုန်းကိုကောက်ကိုင်ကာ နေရာမှ ထထွက်သွားသော ဟန်ဘင်းကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးနောက် ရင်ထဲမှ မွန်းကြပ်လာမှုကြောင့် မက်သရူး သူ့နှုတ်ခမ်းများကို အားနှင့်ဖိကိုက်လိုက်မိသည်။
နှုတ်ခမ်းက နာကျင်သွားမှုက နှလုံးသားဆီမှ နာကျင်နေမှု အတိုင်းအဆကို မကျော်လွန်နိုင်ဘူးထင်သည်။ ရင်ဘတ်ထဲမှ စူးနင့်နေမှုက မြူမှုန်မျှပင် ယုတ်လျော့မသွားခဲ့။
စိတ်တွေရှုပ်ထွေးလာလေတိုင်း ပြုနေကျဖြစ်သော ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်တတ်သည့် သူ့အကျင့်အတိုင်း ယခုအခါမှာလည်း နှုတ်ခမ်းများကို ဖိကိုက်နေရုံနှင့် မလုံလောက်သောကြောင့် ပေါင်နေရာကို လက်သီးနှင့် မက်သရူးထုရိုက်နေမိသည်။
စိတ်ထဲ၌လည်း မကြာခဏ အပ်ကြောင်းထပ်လုမတတ် ပြောနေမိခဲ့သည့် စကားစုလေးကို တတွတ်တွတ် ရေရွတ်ရင်း မက်သရူးရဲ့ လက်သီးချက်များစွာက အပြစ်မဲ့သော ပေါင်သားလေးပေါ်သို့ အဆက်မပြတ်တမ်း ကျဆင်းလို့..။
"ငါသာမင်းကို အဲ့နေ့က မသွားခိုင်းခဲ့ရင်.. ငါသာဒီထပ်ပိုပြီး သတ္တိရှိခဲ့မယ်ဆိုရင်"
-------------------------------------------------------
tbc >>
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



