Fanfics

Episode - 1

12:52, 25 April 2025

အခန်း (၁)

"ကိုကို့.. အင့်. ကိုကို့ လွှတ်ဦး.. ကျွန်တော် အသက်ရှူတွေကျပ်လာပြီ"

သူ့ရင်ဘတ်တွေကို ထုရိုက်လာတဲ့ ရင်ခွင်ထဲမှ ကလေးလေးရဲ့ လက်များကို ဆုပ်ကိုင်ကာ တားဆီးလိုက်၍ အောက်နှုတ်ခမ်းကို တချက်ဖိကိုက်ပေးလိုက်ပြီးမှ ဟန်ဘင်း သူ့အနမ်းတွေကို ရပ်တန့်လိုက်သည်။

"နာသွားပြီ ကိုကိုရာ"

"မင်းက အသဲယားစရာကောင်းနေတာကိုးကွ"

"တော်ပါ"

သူ့ကို မျက်စောင်းထိုးရင်း ပုံပျက်နေတဲ့ အဝတ်အစားများကို နေသားတကျဖြစ်အောင် ပြန်ပြင်ဆင်နေသော သူ့ရည်းစားလေးကို ဟန်ဘင်း ငေးကြည့်နေမိသည်။

သူ့လက်ချက်နဲ့ နီစွေးလို့နေတဲ့ နှုတ်ခမ်းတို့ဆီ အကြည့်တို့အရောက် ဟန်ဘင်းနှုတ်ခမ်းပါးတို့က အပေါ်သို့ ကွေးတက်လာသည်။ သဘောကျစိတ်ကြောင့် ပြုံးလိုက်မိပေမဲ့လည်း ဟန်ဘင်းရဲ့အပြုံးက မထီတရီ။

ဒီကောင်လေးက ဘယ်သူ့အားကိုးနဲ့များ ဒီလောက် ချစ်စရာကောင်းနေရတာလဲ..။

အသဲယားလာသဖြင့် မျက်စိရှေ့က ချစ်သူလေးရဲ့ ဆံပင်တွေကို လက်နဲ့လှမ်းဖွဖို့ ဟန်ဘင်း ဟန်ပြင်နေတုန်းမှာပဲ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းသံက ရုတ်တရက်ထမြည်လာ​၏။

*တီ.. တီ.. တီ.. တီ

( Chu )

ph screen ပေါ်မှ စကားလုံးလေးကို မြင်လိုက်ရတဲ့ခဏ ဘယ်ဘက်ရင်အုံမှာ အလိုက်သင့် ပူနွေးလာခဲ့သည်။ နှုတ်ခမ်းပါးထက်က မထီတရီအပြုံးတချို့ကလည်း အဝေးသို့ ပြေးထွက်သွားကာ သူ့ပါးမို့ပေါ်ရှိ ကြောင်ခြစ်ရာလို အချိုင့်လေးတွေပေါ်သည်အထိ ဟန်ဘင်း သတိလက်လွတ် ပြုံးလိုက်မိသည်။

"မကိုင်လို့မရဘူးလား"

သူ့နဘေးမှ ယူဂျင်းရဲ့အသံက ငြင်သာသော်လည်း ဟန်ဘင်းစိတ်အနှောင့်အယှက် ဖြစ်လို့သွားသည်။ "ကျစ်" ဟုအသံထွက်ကာ သူ့ရဲ့စိတ်ရှုပ်မှုတွေကို ဖွင့်ထုတ်ပြလိုက်ချင်ပေမဲ့လည်း စကားများရမည်စိုး၍ သက်ပြင်းချခြင်းနဲ့အတူ ထိုစကားလုံးကို လည်မျိုထဲသို့သာ ပြန်မျိုချလိုက်ရသည်။

"ကိုကို ကျွန်တော်ပြောနေတယ်လေ!"

မထုံတက်သေး ဟန်ပန်နဲ့ ဟန်ဘင်းရဲ့ပုံစံကို စိတ်မရှည်ဖြစ်လာပုံရတဲ့ ယူဂျင်းရဲ့အသံက နဂိုထက် အနည်းငယ် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာ​၏။

ဖုန်းကိုကြည့်ရင်း အတွေးများနေတဲ့ ကိုကို့ကိုကြည့်ရင်း ယူဂျင်းရင်တွေမောလာသည်။ ကိုကိုဟာ ဆော့မက်သရူးဆိုတဲ့ လူသားနဲ့ပတ်သက်လာလေတိုင်း အခုလို ပျာယာခတ်သွားတတ်သည်။ ပုံမှန်အချိန်ဆို သူ့ကိုသဲသဲလှုပ်ကာ ချစ်ပေးသလောက် ကိုကို့သူငယ်ချင်းမက်သရူးဆိုသောလူ ပေါ်လာရင်တော့ဖြင့် ယူဂျင်းကအမြဲနောက်သို့ ရောက်သွားရမြဲပင်။

အခုလည်း သူဒီလောက်ပြောနေတဲ့ကြားက ကိုကိုတစ်ယောက် ဖုန်းကိုင်လိုက်ပြီး ဖြစ်နေလေပြီ။ သက်ပြင်းမောကို ခိုးရှိုက်ရင်း ဖုန်းပြောနေတဲ့ ကိုကို့စကားသံတွေကို ယူဂျင်းနားစိုက်ထောင်နေလိုက်သည်။

"အင်း.. အဲ့နေရာမှာပဲ နေနေနော်..။ ငါအခုလာခဲ့မယ်.. ခဏပဲစောင့် ကြားလား"

ဖုန်းပြောပြီးနောက် သူ့ထံရောက်လာခဲ့သော ဟန်ဘင်းရဲ့အကြည့်တို့ကို မမြင်ချင်သလို ဟန်ဘင်းပြောလာမည့် စကားများကိုလည်း ကြားချင်စိတ်မရှိသောကြောင့် ယူဂျင်း ခပ်ဝေးဝေးကိုသာ အကြောင်းမဲ့ ငေးမောနေလိုက်သည်။

"ကလေး"

ဟန်ဘင်းခေါ်သံကို ယူဂျင်းက မကြားဟန်ပြုရင်း မြစ်ရေပြင်ကို ကြည့်နေရာမှ ကောင်းကင်ပေါ်မှ တိမ်စိုင်များကို မော့ငေးသည်။

"ကလေး.. ကိုကို မက်ချူးဆီသွားရမယ်.. အဲ့ဒါ ကလေးကို ကိုကိုတခါတည်း အိမ်ပြန်လိုက်ပို့ပေးမယ်လေ"

ယူဂျင်းမကြားချင်မှန်းသိပေမဲ့ ကိုကိုက အလိုက်ကမ်းဆိုးမသိစွာ ထုံးစံအတိုင်း ယူဂျင်းဘက်ကို တချက်မှမငဲ့ပဲ သူဖြစ်ချင်တာတွေကိုသာ ဇွတ်တရွတ်ပြောလာသည်။

"ဘာကိစ္စ ခေါ်ပြန်တာလဲ"

"ကားပျက်သွားလို့တဲ့လေ.. လမ်းကလည်း လူပြတ်တော့ သူကြောက်နေရှာမှာ"

"အဟင်း"

ယူဂျင်းအသံထွက်လို့ပင် ရယ်မိသွားသည်။ ဟန်ဘင်းရဲ့ စကားများကြောင့် ယူဂျင်းရင်တွင်းရှိ မကျေနပ်မှုများက တားဆီးလို့မရနိုင်လောက်အောင် မီးတောင်ချော်ရည်များသဖွယ် ပေါက်ကွဲထွက်လာရတော့သည်။

"ကြောက်နေရှာမှာတဲ့လား ကိုကိုရယ်.. သိပ်အကဲပါတာပဲ.. ကြောက်နေရအောင် ဆော့မက်သရူးက ကလေးလည်းမဟုတ်ဘူး..။ ပြီးတော့ ခုချိန်ထိ တခုခုဆိုတာနဲ့ ကိုကို့ကို လှမ်းလှမ်းခေါ်နေတာ မလွန်လွန်းဘူးလား.. ကျွန်တော် မပြောချင်လို့ကြည့်နေတာနော်"

ဒေါသစိတ်နဲ့ပြောလိုက်ပေမဲ့လည်း ကိုကိုငြိုငြင်မှာ စိုးထိတ်နေတဲ့ စိတ်ကြောင့် ယူဂျင်းအသံက မာထန်မနေပဲ ပုံမှန်အသံကဲ့သို့သာ..။

"မက်ချူးမှာ ကိုကိုပဲ အားကိုးစရာ ရှိတာလေ.. ကလေးကပဲ နားလည်ပေးပါနော်.. ကိုကိုတောင်းပန်ပါတယ်"

သူ့ကိုတင်းကျပ်စွာဖက်ရင်း လေပြေလေးနှင့်ပြောလာသော ဟန်ဘင်းကို ယူဂျင်း တုဖက်ကာပြောချင်စိတ်မရှိတော့၍ "အင်းပါ" ဆိုသော စကားဖြင့်သာ သူ့ရဲ့ဒေါသများကို ပြန်လည်သိမ်းဆည်းလိုက်ရသည်။

ဒီနေရာမှာ ဒေါသကိုရှေ့တန်းတင်လိုက်ပါက ကိုကို့ဆီမှ မရင့်သီးသည့်တိုင် နာကျင်စေမည့် စကားများကို ကြားရမည်မှန်း ယူဂျင်းသိပြီသားပင်။ ယခင်အချိန်များမှာလည်း ကြုံဖူးပြီးဖြစ်၍ နောက်ဆုံးအဆုံးသတ်ကို သိနေသည့်အခြေအနေမှာ စကားမများလိုတော့ပါ။

နောက်ဆုံးမှာ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော ကိုကိုတစ်ယောက် ဆော့မက်သရူးရှိရာဆီကို အရောက်သွားမယ်ဆိုတာ ယူဂျင်းသိနေခဲ့တာပဲမလား..။

--------------------------------------------------------

ဖြတ်မောင်းလာသမျှ လမ်းတလျှောက် ပူပန်နေခဲ့သည့် ဟန်ဘင်းရဲ့ရင်အစုံဟာ တဖြည်းဖြည်း လူသူကင်းမဲ့လာသည့် လမ်းမများကို ကြည့်ရင်းဖြင့် ရင်ဝကို မီးစနဲ့ထိုးနေသလို ပူလောင်လာ​၏။

ဒီချူးငယ်ဟာလေ.. သူ့ရဲ့ချူးငယ်ဟာ သူ့ကိုရူးအောင်လုပ်ဖို့များ ဘုရားသခင်က သီးသန့်ဖန်ဆင်းပေးထားလေသလားမှတ်ရအောင် လုပ်သမျှ လုပ်ရပ်တိုင်းက စိတ်အေးစရာ တစ်ကွက်မှရှိမနေခဲ့။ ငယ်စဉ်ကတည်းက အမြဲစိတ်ပူစရာတွေကိုသာ ရွေးလုပ်တတ်လေသော ချူးငယ်လေး..။ အခုလည်း ဒီလောက်လူပြတ်တဲ့နေရာကို ဘာလာလုပ်ပြန်တာလဲမသိ။

လီဗာကိုဖိနင်းရင်း မက်သရူးပို့ပေးထားသော GPS location ရှိရာဆီသို့ သူ့ကားလေးကို အရှိန်တင်လိုက်သည်။ မက်သရူးဆီမရောက်ခင်မှာပင် စိတ်အပူလွန်ပြီး သေသွားမှာစိုးရလောက်အောင် သူ့နှလုံးသားမှာ ရူးမတတ် ခုန်ပေါက်လို့နေ​၏။

မျက်မှောင်ကို ခပ်တင်းတင်းကြုတ်လို့ အောက်နှုတ်ခမ်းတို့ကို ဖိကိုက်ရင်း ကားကိုသတိထားကာမောင်းနေရသည်။ GPS navigator မှ မက်သရူးရှိနေသောနေရာနှင့် နီးကပ်လာပြီဖြစ်ကြောင်း သတိပေးစကားသံထွက်လာသဖြင့် ပတ်ဝန်းကျင်ကို ဟန်ဘင်း ကျီးကန်းတောင်းမှောက် လိုက်လံကြည့်ရှူတော့ မလှမ်းမကမ်းမှာ ငုတ်တုတ်လေးထိုင်နေသည့် မက်သရူးရဲ့ပုံရိပ်က မျက်လုံးသူငယ်အိမ်မှတဆင့် သူ့နှလုံးအိမ်ထဲအထိ တိုးဝင်လို့လာခဲ့သည်။

ကားကိုရပ်ပြီးသည်နှင့် မက်သရူးရှိရာဆီသို့ လျှောက်လှမ်းခဲ့သော ဟန်ဘင်းရဲ့ ခြေလှမ်းများက မပြေးရုံတမယ် မြန်ဆန်စွာ..။

ဆွယ်တာအပြာရင့်ရောင်လေးနှင့် အကောင်ပေါက်လေးက သူ့ကိုမြင်တော့ ငုတ်တုတ်ကလေးနေနေရာမှ မတ်တတ်ထရပ်လိုက်ပြီး မျက်နှာမှာ အပြုံးလှလှတို့ကို ချိတ်ဆွဲလို့

"ဘင်း.. ဖြည်းဖြည်းလာလည်း ရပါတယ်ကွာ.. ငါစောင့်နေမှာပေါ့"

ကောင်းကင်ပြာပြာပေါ်က နေရောင်ခြည်နဲ့အပြိုင် တောက်ပလွန်းတဲ့ မက်သရူးရဲ့ အပြုံးတွေက ဟန်ဘင်းရဲ့ရင်ကို ပူနွေးစေရုံမက လှိုက်ကာဖိုစေသည်။

အသက်ကို ခပ်ပြင်းပြင်းရှူရင်း စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး

"ငါကမင်းကို မစောင့်စေချင်လို့ပါ"

မက်သရူးက ဘာမှပြန်မပြောပဲ ပြုံးလို့သာနေသည်။

ဟန်ဘင်းက မက်သရူးရဲ့ ပုခုံးလေးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး

"ဘာဖြစ်သွားသေးလဲဟင်.."

"ငါကဘာဖြစ်ရမှာလဲ.. ကားပဲဖြစ်တာလေ"

"ဒီလောက်လူပြတ်တဲ့နေရာကို မင်းဘာလာလုပ်တာလဲ. ပြီးတော့ ကားပျက်ရင်လည်း ကားထဲမှာပဲ နေတာမဟုတ်ဘူးကွာ.. ဘာလို့ အပြင်ကို ထွက်နေနေရတာလဲ"

"မင်းငါ့ကိုရှာမတွေ့မှာစိုးလို့"

"ငါကမင်းကို ရှာမတွေ့ခဲ့တာများ ရှိခဲ့ဖူးလို့လား..။ မင်းဘယ်နေရာမှာပဲဖြစ်ဖြစ် ရောက်အောင် လာခဲ့တာပဲမဟုတ်ဘူးလား"

လမ်းတွေကို မမှတ်နိုင်တဲ့ မက်သရူးက ကလေးဘဝတည်းက မကြာခဏဆိုသလို လမ်းပျောက်တတ်သည်။ ထိုသို့ဖြစ်လေတိုင်း ထူးဆန်းစွာပင် မက်သရူးကို ဟန်ဘင်းကသာ ဦးဆုံးရှာဖွေတွေ့ရှိတတ်မြဲပင်။

သူတို့နှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုက တစ်ခုကိုတစ်ခု သံလိုက်တွေပမာ အချင်းချင်း ဆွဲငင်နေကာ သူ့ခြေလှမ်းတိုင်းရဲ့ အဆုံးသတ်မှာ မက်သရူးက ရှိလို့နေတတ်ပြီး မက်သရူးရှိရာနေရာတိုင်းကိုလည်း သူ့နှလုံးသားက လမ်းပြပေးတတ်လေသည်။

"မင်းငါ့ကို ရှာတွေ့မယ်ဆိုတာ သိပါတယ်.. ဒါပေမဲ့"

"ဒါပေမဲ့ဘာဖြစ်လဲ"

မက်သရူးက တခုခုကိုပြောဖို့ ဟန်ပြင်ပြီးမှ သက်ပြင်းတချက်ကို မသိမသာ ရှိုက်လိုက်ပြီး

"ကားထဲမှာနေရတာ စိတ်ကျဉ်းကျပ်လို့ပါ"

"service center ကိုရော ဖုန်းဆက်ပြီးပြီလား"

"အင်း"

"နေပူမိပြီး ဖျားတော့မှာပဲကွာ.."

မက်သရူးရဲ့ နှဖူးလေးကို လက်ဖဝါးနဲ့ အသာအယာစမ်းကြည့်ပြီးနောက် မက်သရူးအား သူ့ကားရှိရာဆီ ဟန်ဘင်းတွဲခေါ်သွားလိုက်သည်။

ဘေးလူကြည့်ရင် ပိုလွန်းတယ်လို့ ထင်နိုင်ခြေရှိပေမဲ့လည်း သူ့ချူးငယ်က ဝါဂွမ်းလုံးလေးလို အင်မတန် နူးညံ့ကာ အထိအခိုက်မခံနိုင်မှန်း ဟန်ဘင်းသာ အသိဆုံးမလား။ မိုးမိလည်းဖျားတတ်သလို နေပူမိလျှင်လည်း ဖျားတတ်သည်။ မဖျားလျှင်တောင် အပူဒဏ်မခံနိုင်တဲ့ မက်သရူးလေးဟာ ခေါင်းများထိုးကိုက်လာတတ်သည်ပင်။

ဟန်ဘင်းသူငယ်ချင်းများကတော့ တခါတခါပြောတတ်သည်။ 'မက်သရူးက နူးညံ့နေတာမဟုတ်ပဲ မင်းကိုက မက်သရူးကို အထိခိုက်မခံနိုင်တာမဟုတ်ဘူးလား" တဲ့လေ..။

'မဟုတ်ပါဘူး' လို့ အဲ့အချိန်တွေမှာ သူမငြင်းခဲ့တာကို ချူးငယ်ကတော့ သိနိုင်လိမ့်မယ်မထင်ဘူး။

"ဘင်း.. ဟိုမှာ service center ကလူတွေထင်တယ်"

မက်သရူးကို ကားထဲထိုင်ခိုင်းပြီးနောက် ထွက်မသွားပဲ ဘေးနားမှာပင် မတ်တတ်ရပ်နေသေးတဲ့ ဟန်ဘင်းကို မက်သရူးက သတိလှမ်းပေးသည်။

မက်သရူး အသံကြားမှ ခဏတာ အတွေးတွေထဲ နစ်မျောသွားတဲ့ ဟန်ဘင်း သတိဝင်သွားပြီး

"ငါသွားလိုက်မယ်.. ကားထဲမှာပဲနေနေနော်"

ကားတံခါးကို ပိတ်ပေးခဲ့ပြီးနောက် service center မှလူများဆီ ထွက်ခဲ့ကာ လိုအပ်တာများကို အချိန်မဆွဲပဲ ခပ်မြန်မြန်ပင် ဟန်ဘင်း လုပ်လိုက်သည်။ မြန်မြန်ပြီးချင်ပါတယ်ဆိုမှ မက်သရူးကားကိုလာဆွဲမဲ့ကားက နောက်ကျနေသဖြင့် အချိန်ကလင့်သွားရသေးသည်။

အားလုံးအပြီးသတ်ပြီးချိန်မှာတော့ အတော်ပင် နောက်ကျနေလေပြီ။ ဟန်ဘင်းကားထဲ ပြန်ရောက်တော့ မက်သရူးက အိပ်ပျော်လို့နေ​၏။

ပါးစပ်ကလေး အနည်းငယ်ပွင့်ဟကာ အိပ်မောကျနေတဲ့ မက်သရူးရဲ့မျက်နှာနုနုလေးထက်မှ အစိတ်အပိုင်းများကို ဟန်ဘင်း မရည်ရွယ်ပါပဲ အသေးစိတ်လိုက်ကြည့်မိသွားသည်။

သူအနှစ်သက်ဆုံး မက်သရူးရဲ့ မျက်လုံးကြည်ကြည်လေးများကို မှိတ်ချထားတဲ့ မျက်ခွံလေးတို့ကြောင့် မမြင်ရသည့်တိုင် ထိုမျက်ဝန်းတွေထဲမှ ကြယ်လေးများကို မြင်ယောင်ကြည့်ရင်း ဟန်ဘင်းနှုတ်ခမ်းများက အလိုလိုပြုံးလာကြသည်။ နှစ်လုံးဆင့်မှဲ့လေးနဲ့ လှပစွာ ဘောင်ခတ်ထားတဲ့ ပန်းနုရောင် နှုတ်ခမ်းဖူးတို့ဆီ အကြည့်တို့က ရောက်သွားပြန်တော့ ရင်ထဲမှာ လှိုင်းထန်လို့လာရပြန်သည်။

အသိစိတ်က မထိန်းချုပ်နိုင်ခင်မှာတင် မက်သရူးဆီကို တိုးကပ်မိသွားသည်မှာ မက်သရူးရဲ့ အသက်ရှူငွေ့ နွေးနွေးကို သူ့နှုတ်ခမ်းဖျားမှာ ထိတွေ့မိသည်အထိ။ အနည်းငယ်မျှ ရှေ့ဆက်တိုးလိုက်ပါက သူအမြဲမက်မောနေခဲ့ရတဲ့ နှင်းဆီဖူးလေးကို ရှိုက်နမ်းခွင့်ရမည်ဖြစ်သော်လည်း ဟန်ဘင်း ကိုယ်ကိုအနောက်သို့ အမြန်ဆုတ်လိုက်မိသည်။

ထို့နောက် အကြည့်တို့ကို မက်သရူးထံမှ ရုတ်သိမ်းလိုက်ပြီးနောက် ဟိုးခပ်ဝေးဝေးရှိ တောင်တန်းတွေကြား မြုပ်ဝင်သွားတော့မဲ့ နေလုံးကြီးကိုသာ ဟန်ဘင်း မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။

မက်သရူးက သူ့အတွက်တော့ မထိရက်မကိုင်ရက်စရာ အဖိုးတန်လွန်းလှသော ဖြစ်တည်မှုမျိုးပင်။

တယုတယနဲ့ မှန်ဘောင်လေးထဲထည့်ကာ အလှကြည့်ချင်မိသည်အထိ မက်သရူးကို သူမြတ်နိုးသည် .. တန်ဖိုးထားသည်.. ပြီးတော့ ချစ်သည်။

မက်သရူးကို ချစ်တာမှ အသည်းပေါက်လုမတတ်ပင်.. ဒါပေမဲ့လည်း..။

မွန်းကျပ်လာတဲ့ စိတ်တို့ကို ခပ်ဖြည်းဖြည်းလျော့ချရင်း တီးတိုးရေရွတ်လိုက်သည့် ဟန်ဘင်းရဲ့စကားသံတို့ကို အိပ်ပျော်နေတဲ့ မက်သရူးကတော့ ကြားနိုင်စွမ်းမရှိခဲ့ပေ။

"တချို့အရာတွေက ပိုင်ဆိုင်လိုက်ကာမှ ဆုံးရှုံးသွားရတာမျိုးရှိတာမလို့ ကိုယ်သတ္တိနည်းနေမိတယ် ထင်ပါရဲ့ အချစ်ရယ်"

--------------------------------------------------------

tbc >>

* ဒီရက်တွေထဲမှာ ရေးလက်စ fic နှစ်ပုဒ်က ဇာတ်သိမ်းတော့မှာမလို့ fic အသစ်လေးကို အစလာပျိုးထားတာပါရှင်။ သဘောကျမကျလေး ပြန်ပြောပေးခဲ့ရင် သိပ်ကိုကျေးဇူးတင်မိမှာပါ.. အချိန်ရရင် comment လေးတွေ မန့်ခဲ့ပေးကြပါဦးနော် 🩷

T A G U

There are no comments yet. Log in to be the first to leave a review!

Similar stories