ep19
15:23, 27 February 2024ရုံးဆင်းချိန်တွင် သူဦးအခန်းရောက်သွားတော့ ဦးက ရုံးဆင်းသွားနှင့်ပြီတဲ့။ ဦးနဲ့လိုက်ပြန်နေကြသူ့ကို ဘာမှလည်းမပြောဘဲ ပြန်သွားတယ်...ဘာအကြောင်းများရှိလို့လဲ။ ဦးအတွင်းရေးမှူးမမတွေကို မေးကြည့်တော့ ညနေပိုင်းအရေးကြီးအလုပ်မရှိဘူးတဲ့... အလုပ်ကိစ္စမဟုတ်ဘဲနဲ့ဆိုတော့ ရုတ်တရက် သူ့ခေါင်းထဲဝင်လာသည်က ထပ်ပြီး ဟိုလူကြီးနဲ့သွားပြန်ပြီလား...
သူဦးကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ဖုန်းကဝင်သွားပေမဲ့ မကိုင်။
" ကျစ် ဖုန်းကဘာလို့မကိုင်ရတာလဲကွာ "
သူထပ်ခါထပ်ခါခေါ်နေမိပေမဲ့ ကိုင်သူမဲ့နေသည်။ ဘာလုပ်နေတာလဲကွာ ဖုန်းတောင်မကိုင်နိုင်ရအောင်က...
တီ တီ တီ တီ
ဖုန်းမကိုင်တော့ သူဦးကို မက်ဆေ့ပို့ဖို့လုပ်နေတုန်း သူ့ဖုန်းမြည်ခဲ့သည်။ ဦးဆီကတော့မဟုတ်။
" ဟယ်လို "
" ဟေး ဂျောင်ဂု "
" ဘယ်သူလဲ "
" ငါပါ "
" ဘယ်ကငါလဲ "
လူက ဦးဖုန်းမကိုင်လို့ စိတ်မကြည်ပါဘူးဆို နာမည်မပြောဘဲ ငါပါလာလုပ်နေတော့ သူဘုတောတောလိုက်သည်။
" ဟေး မင်းအသံကို ပြင်လိုက်နော် ငါက အကောင်းနဲ့ဖုန်းဆက်တာ "
" ဟိုအဘိုးကြီး "
" ဘာ! အဘိုးကြီး!.. "
" ဘာကိစ္စလဲ မြန်မြန်ပြော နေအုံး ခင်ဗျားဦးနဲ့အတူရှိနေလား.. "
" ... "
" ဟယ်လို ရှိနေတယ်မလား ခင်ဗျားတို့ဘယ်သွားနေတာလဲ ဟယ်လို ဟိတ်ဘိုးတော် "
" ငါ့ကိုဘိုးတော်လို့ခေါ်လို့ ပြောချင်စိတ်မရှိတော့ဘူး ဒါပဲကွာ "
" ဟိတ် ခင်ဗျား! .... "
" အကိုကြီးလို့ခေါ် "
" ဘာကိစ္စခေါ်ရမှာလဲ ခင်ဗျားကို ဦးနဲ့အတူရှိလားမေးတာ ကျွန်တော်ကားငှားပြန်မလို့ဘဲ "
" အော် ဟုတ်လား ပြန်လိုက်လေ ဆော့ဂျင်ဒီနေ့ သူ့အရေးကြီးကိစ္စရှိတယ်တဲ့ အရမ်းအရမ်းကိုမှ သူ့ဘဝအတွက် အရေးကြီးတဲ့ကိစ္စ "
" အရေးကြီးကိစ္စ! ဘာလဲအဲဒါက..သူခင်ဗျားနဲ့အတူရှိနေတာမလား သူကဘာလို့ဖုန်းမကိုင်ရတာလဲ "
" အိုး... သူက ဖုန်းတောင်မကိုင်တော့ဘူးပေါ့လေ "
" ခင်ဗျားသိတယ်မလား ဦးဘယ်သွားတာလဲ ဘာလုပ်နေလဲအခု.. "
" အခုလား အခု... တော်တော်ကိုမှ အရေးကြီးတဲ့ကိစ္စပါဆို.. "
" ခင်ဗျားပြောမှာလား မပြောဘူးလား "
သူစိတ်မရှည်လာတော့ဘဲ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။ဘာကိစ္စမလို့ သူကဈေးကိုင်နေရတာလဲ.. အရေးကြီးကိစ္စ! ဘာလဲ အဲဒီဘိုးတော် ဦးကို တနေရာရာခေါ်ပြီး ဖွင့်ပြောမလို့စီစဉ်ထားတာလား ... ဒါကြောင့် ဒီလူက အေးဆေးဖြစ်နေတာလား
" အိုးဟိုး မင်းကစိတ်မရှည်ဘူးလား အဲဒါက မင်းအတွက်ဆို အရမ်း အရမ်းကိုမှအရေးကြီးတယ် "
" ခင်ဗျားကင်မ်ဆော့ဂျင်ကို လက်ထပ်ခွင့်တောင်းမလို့လား "
" ဘာ! ဟားဟား မင်းကအဲဒါထင်နေတာလား "
ဂျောင်ဂု သူ့စိတ်ထဲထင်နေတာ မေးလိုက်ပြီးမှ အမှန်ဖြစ်မှာ ကြောက်နေမိသည်။ ဒါပေမဲ့ တစ်ဖက်ကတုံ့ပြန်မှုက မထင်မှတ်ထားသလို တုံ့ပြန်လာပြီးမှ တဟားဟားအော်ရယ်လာသည်။ထိုအခါမှ သူသက်ပြင်းခပ်သာသာချလိုက်မိသည်။
" ဟားဟား မင်းကတကယ်ရယ်ရတာပဲ ငါ့ဗိုက် အား... ဟားဟား "
ထိုလူကြီးက သူ့ကို အူတက်အောင်ကို လှောင်ရယ်နေသည်။ရယ်ချင်လည်းရယ်ပါစေတော့ အဓိကက သူထင်သလိုမဟုတ်ရင် ပြီးတာပဲ.. ဒါပေမဲ့ ထိုဘိုးတော်က အရေးကြီးကိစ္စလို့ အသေအချာပြောထားတာ... ထပ်ပြီး သူ့အတွက်အရေးကြီးတာ ဘာများဖြစ်မလဲ..
" ခင်ဗျားရယ်နေတာရပ်ပြီး ကျုပ်ကိုပြောပြတော့ ဦးက ခင်ဗျားဆီမှာလည်း မရှိဘူးဆိုရင် ဘယ်သွားတာလဲ "
" မင်းမှငါ့ကို အစ်ကိုကြီးလို့မှ မခေါ်သေးတာ ငါကမင်းအတွက် အရေးကြီးကိစ္စလည်း ပြောပြရအုံးမယ် ဒါလေးမှမလုပ်နိုင်ရင်လည်း... "
" ဟေ့ ခဏ ခဏ ခေါ်မယ် ခေါ်ရင်ရပြီမလားခေါ်မယ် ပြောပြတော့ "
......
ဦးက သူ့မိန်းမနဲ့အတူ မိဘစုံညီအစည်းအဝေးသွားသည်တဲ့... အစ်မနိုအွန်းကိုယ်တိုင် ကုမ္မဏီထိရောက်လာပြီး အတူသွားကြသည်တဲ့... ဘယ်တုန်းကသူတို့က အဲလောက်တိုးတက်သွားကြတာလဲ ဂျောင်ဂုအိမ်ကိုပြန်ရောက်ခဲ့ပြီး ဦးအခန်းထဲဝင်လိုက်သည်။ ဦးကတော့ ပြန်မရောက်သေး..ဦးမရှိတဲ့ဦးအခန်းကို လှည့်ပတ်ကြည့်ရင်းသူ့အကြည့်တွေက ခုတင်ဘေးနားက စားပွဲခုံပေါ် ရောက်သွားသည်။ ဦးတို့မင်္ဂလာဆောင်တုန်းကပုံ.. ထိုပုံကို သူယူကြည့်လိုက်သည်။ ဦးက တောက်တောက်ပပကို ပြုံးနေတာ... မချစ်ဘူး မကြိုက်ဘူးလို့ မထင်ရအောင်ကို ပြုံးနေခဲ့တာ ..
ဓာတ်ပုံတစ်ပုံကြောင့် သူ့အတွေးတွေ ပြန့်လာပြီး အတွေးတွေမရပ်နိုင်တော့။ ဦးက သူ့အိမ်ထောင်ရေးဘက် ပြန်စိတ်လည်လာတာလား.. နဂိုတည်းက ဦးက ကွာရှင်းတာကို မလိုလားတဲ့သူ.. အစ်မနိုအွန်းသာ နည်းနည်းလောက် ဦးအပေါ်ပြန်ပျော့လာရင် ဦးကကွာရှင်းဖို့ဆိုတာ ခေါင်းထဲတောင်ရှိတော့မည်မဟုတ်။အဲချိန်ကြရင် ဦးကသူ့ကိုထပ်ပြီး အဝေးကို မောင်းထုတ်ပြန်အုံးမှာ။ မဟုတ်ဘူး ဦးကသူနဲ့ဝေးရာကို ထွက်ပြေးတော့မှာ။ ဦးသာအစ်မနိုအွန်းဘက်ကိုပဲ စိတ်ယိုင်သွားရင် သူဆိုတာ ရှုံးပြီးရင်းရှုံးပြီး သူ့အတွက်အခွင့်အရေးဆိုတာ ရှိတော့မည်မဟုတ်။ သူအဲလိုမဖြစ်ချင်ဘူး အဖြစ်မခံနိုင်ဘူး။
သူအတွေးတွေကိုရပ်ပြီး လက်ထဲကဓာတ်ပုံကို သူ့နေရာသူပြန်ချထားကာ ခုတင်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ ခဏနေတော့ လှေကားတက်သံကြားလိုက်ရပြီး အခန်းတံခါးကို အသာတွန်းကာ ဦးဝင်လာသည်။ ဦးက သူ့ကိုမြင်တော့ အံ့အားသင့်နေသည်။ ထင်တဲ့အတိုင်း သူဖုန်းခေါ်ထားတာလည်းမသိဘဲ သူ့ရှေ့ကြမှ ဖုန်းကို အသည်းအသန်ထုတ်စစ်နေတော့ ဦးလက်ထဲကဖုန်းကို သူလွှင့်ပစ်လိုက်သည်။ သူ့ကိုဘာဖြစ်နေတာလဲပဲ ဆက်တိုက်မေးနေတော့ သူစိတ်ပိုတိုလာရပြီး ဦးကို စားပွဲပေါ်မ,တင်လိုက်သည်။တကယ်ပဲ သူဘယ်လိုခံစားနေရလဲ ဦးမသိဘူးလား..မသိလို့ပေါ့ မသိလို့ဘဲ အခုထိဆက်တိုက်မေးနေတာ သူဘာဖြစ်နေလဲဆိုတာ မပြောတော့ဘူး ဘာဖြစ်ချင်လဲဆိုတာကိုပဲ လက်တွေ့ပြလိုက်တော့မယ်
သူအကြိမ်ကြိမ်မြည်းစမ်းဖူးတဲ့ ဦးရဲ့ ရဲရဲစိုစိုနှုတ်ခမ်းရဲတစ်စုံကို အကြမ်းပတမ်းနမ်းရှိုက်ပစ်သည်။ ဦးက ခဏတော့ကြောင်အ,သွားပြီးမှ သူ့ကိုတွန်းဖယ်လာသည်။ သူအတင်းပင် ဖိကပ်ထားပြီး နှုတ်ခမ်းတွေကို ဖိကိုက်ပစ်တော့ သူ့ပါးစပ်ထဲ သွေးအရသာပင် ခံစားလာရသည်။ ထိုအခါ ရုန်းကန်နေတဲ့ဦးလက်တွေ ရပ်တန့်သွားတော့ သူဦးကို ခါးကနေပွေ့ချီပြီး အိပ်ရာဘက်ချီလာခဲ့သည်။
" ဂျောင်ဂု! ချစမ်းငါ့ကို! "
သူဦးကို အိပ်ရာထက်ချလိုက်ပြီး ဦးကိုအပေါ်ကနေ ထပ်အုပ်မိုးကာ နှုတ်ခမ်းတွေကို ထပ်နမ်းသည်။ဦးဘယ်လောက်ပဲ လက်တွေကာနေပါစေ သူထိုလက်တွေကို ထိန်းချုပ်ရင်း ဦးနှုတ်ခမ်းတွေကို တစ်ချက်ပင်အလွှတ်မပေးခဲ့... နမ်းနေရင်း ဦးဝတ်ထားတဲ့ကုတ်ကို ဖယ်လိုက်ပြီး အောက်ခံရှပ်အင်္ကျီကကြယ်သီးတွေကို အလျင်စလို ဖြုတ်လိုက်သည်။ထိုအခါ ဦးကအတင်းတွန်းဖယ်ပြီး ထထိုင်လာသည်။
" ဘာဖြစ်နေတာလဲမင်း! ထွက်သွား ငါဒေါသမဖြစ်လာခင် "
ဆော့ဂျင် ဖရိုဖရဲဖြစ်နေတဲ့သူ့အင်္ကျီတွေ ပြန်ပြင်လိုက်ပြီးအသံမာမာနဲ့ ပြောလိုက်သည်။ ဒါတောင် မောဟိုက်နေမှုကြောင့် အသံက ထင်သလောက်မာမနေ။ သူစိတ်ရှုပ်ရှုပ်နဲ့ အပေါ်ကုတ်ကို ချွတ်ပစ်လိုက်ပြီး နက်ခ်တိုင်ကိုလည်း ဖယ်လိုက်သည်။ ဂျွန်ဂျောင်ဂုသူ့အခန်းထဲထိကျူးကျော်ပြီး ဘာစောက်ရူးထတာလဲ.. သူကအခုထိ သူတွန်းထုတ်လိုက်လို့ရောက်နေတဲ့ ခုတင်ခြေရင်းနားတွင် ငြိမ်ကုတ်နေတုန်း..ခုနကလို စူးရဲတဲ့ကျားတစ်ကောင်လို မဟုတ်ပြန်တော့..
" ထွက်သွားလို့ မင်းကိုပြောနေတယ်လေ မသွားသေးဘူးလား.. "
" ဦးပျော်နေတယ်မလား.. "
" ငါ့ပုံစံက ပျော်နေတဲ့ပုံပေါက်လို့လား "
ဘာလို့သူပျော်နေလားပဲ ဆက်တိုက်မေးနေမှန်းမသိဘူး။ ပျော်စရာတစ်ခုခုရှိလို့လား..
" ဘာဖြစ်နေတာလဲမင်း "
" ဘာလို့အဲဒါပဲမေးနေတာလဲ ကျွန်တော့်ကိုစိတ်ဝင်စားသလို လုပ်ပြမနေနဲ့ "
သူက သူ့အခန်းထဲမှာလည်း ရောက်နေသေးမပြောမဆိုနဲ့ လူကိုလည်း စိတ်ကြိုက်လုပ်နေသေးတယ် ရူးနေတာမဟုတ်ရင် ဘာဖြစ်နေတာလဲမေးဖို့မလိုဘူးလား
" ဟုတ်တယ် စိတ်မဝင်စားဘူး ပြန်တော့.. "
အရူးကောင် ကောင်းကောင်းမေးရင် မရဘူး။နေပေါ့.. ဆော့ဂျင်ခြေရင်းနားတွင် ကုတ်ကုတ်လေးလုပ်နေတဲ့အရူးကောင်ကို ပစ်ထားလိုက်ပြီး အိပ်ရာပေါ်က ဂျောင်ဂုပစ်ထားတဲ့သူ့ဖုန်းကို ယူလိုက်သည်။ ခုနက လွတ်သွားတဲ့ဖုန်းတွေထဲမှာ ဂျယ်ယောင်းနံပါတ်လည်း သူတွေ့လိုက်သလားလို့..ဂျယ်ယောင်းဖုန်းခေါ်ထားသေးတာပဲ ဘာကိစ္စများ-
" ဦး...အဟင့်.. အဟင့် ဟင့် ဟင့် "
သူဂျယ်ယောင်းနံပါတ်ကိုနှိပ်ရင်း ဖုန်းပြန်ခေါ်မလို့လုပ်နေတုန်း ဂျွန်ဂျောင်ဂုရဲ့တရှုပ်ရှုပ်အသံကြောင့် လှည့်ကြည့်လိုက်သည်။ ဂျောင်ဂုက ခေါင်းတောင်မဖော်နိုင်ဘဲ တရှုပ်ရှုပ်ငိုကြွေးနေသည်။ နေပါအုံး သူကဘာလို့ငိုနေရတာလဲ! သူကသာသူဝင်လာကတည်းက အတင်းအကြပ်တွေလုပ်ထားပြီး အခုကဘာဖြစ်ရပြန်တာလဲ... သူအသံမပေးဘဲ ခါးထောက်ရင်း သူ့ကိုစိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ သူဘက်က အကြာကြီးအသံတိတ်နေတော့ ဂျောင်ဂုဘက်က ခေါင်းထောင်လာသည်။ ဂျောင်ဂုမျက်နှာမော့လာတော့ သူ့မျက်နှာနည်းနည်းပြေလျှော့သွားသည်။ မျက်လုံးဝိုင်းဝိုင်းက မျက်ရည်တွေအိုင်နေတော့မှ တကယ်ငိုနေတာပဲဂျောင်ဂုက ..အရင်ကသူ့ပုံစံအတိုင်း အခုလည်း ရှိုးလုပ်ပြနေသည်ထင်လိုက်တာ... မျက်နှာလေးကလည်း နွမ်းဖတ်ဖတ်ပဲ ကျန်တော့တယ် ဘာလို့ဒီလောက်တောင်ဖြစ်သွားရတာလဲ
" ဘာလို့ ဘာလို့ငိုနေတာလဲမင်းက.. "
သူလက်ထဲကဖုန်းကို ချရင်း အနားသွားလိုက်သည်။ဂျောင်ဂုက သူ့လှုပ်ရှားမှုတွေကို မော့ရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေသည်။
" ဘာလို့လဲ.. "
" ဦး ဦးက သွားတာကို.. ဦးက.. "
ချော့တဲ့ကလေး ပိုငိုဆိုသလို သူ့ရဲ့ပျော့ပျောင်းလာတဲ့လေသံအတိုင်း ဂျောင်ဂုက ပိုလို့ပင် ဝမ်းနည်းသွားပြီး စကားကို ဖြောင့်အောင် မပြောနိုင်တော့..
" ငါဘယ်သွားလို့လဲ ငါဒီနေ့ရုံးစောစောဆင်းပြီး အွန်းလေး... ဪ... မင်းက ငါအစောဆင်းသွားတာမသိဘဲ မင်းကိုမစောင့်ဘဲ ပြန်သွားတယ်ထင်လို့လား... "
အဲလောက်လေးနဲ့ငို နေစရာအကြောင်းမရှိတာကို သိပေမဲ့လည်း ဂျောင်ဂုစိတ်သက်သာလိုသက်သာငြား သူပြောလိုက်မိသည်။ ထိုအခါ ဂျောင်ဂုက ပိုလို့ပင် ဆိုးသွားသည်။
" ဦးက ဦးက ကျွန်တော့်ကို ကစားနေတာ ကျွန်တော်ချစ်တာသိတော့ နိုင်စားနေတာ ကျွန်တော်အခုလိုဖြစ်နေတော့ ဦးပျော်နေပြီမလား အဟင့် "
" နေပါအုံး မင်းဘာဖြစ်နေလဲ ငါ့ကိုပြောမလား ငါမင်းကိုမောင်းထုတ်ရမလား.. "
" ကြည့်ပါလား အဟင့် စိတ်ချည်းပဲ.. ဦးမိန်းမနဲ့ကျတော့ရော.. အဲလိုမဟုတ်ဘူးမလား မချစ်ပါဘူးဆို မကြိုက်ပါဘူးဆိုပြီး သူနဲ့ကြတော့ဘာဖြစ်လို့လဲ!! သူကမိန်းကလေးဖြစ်နေလို့လား မိန်းမတွေကိုပဲ ဦးကကြိုက်တာလား.. အဲဒါဆိုလည်း ကျွန်တော်ကဂရုမစိုက်ဘူးနော် ကျွန်တော်က ယောကျာ်းနဲ့ဖြစ်ဖြစ် မိန်းမနဲ့ဖြစ်ဖြစ် ဦးကိုပြိုင်လုမှာပဲ အလျှော့ပေးဖို့လည်း မစဉ်းစားထားဘူး "
" ဒါဖြင့်ဘာလို့လာငိုနေတာလဲ "
ဆော့ဂျင်စိတ်ပေါက်ပေါက်နဲ့ မေးပစ်လိုက်သည်။သူကအဲလိုဆို ဘာလို့သူ့ဆီမှာ ငိုကြီးချက်မ လာလုပ်နေရတာလဲ။ ပြီးတော့ သူက သူနိုအွန်းနဲ့သွားတာကို ဘယ်ကဘယ်လို သိသွားရပြန်တာလဲ!
" ငိုတာမငိုရဘူးလား ငိုရင် ဦးကဂရုစိုက်တယ်လေ ဦးဆီက ဂရုစိုက်ခံချင်လို့ ငိုတာပေါ့လို့.. "
ဂျောင်ဂုစကားကြောင့် သူပြုံးမိတော့မလို..တကယ်လည်းဟုတ်နေတာပဲမလား ဂျောင်ဂုသူ့ရှေ့လာငိုတိုင်း သူက သူဖြစ်စေချင်တဲ့အတိုင်း အလျှော့ပေးလိုက်ရတာချည်းပဲ... လူလည်ကောင်လေး ဘယ်လိုလည်ရမလဲ ကောင်းကောင်းသိတယ် အခုလည်း သူစိတ်မတိုနေမှန်းသိတော့ မျက်နှာကို သူကအရင် စူပုတ်ထားသည်။ သူအမှန်လည်း ဂျောင်ဂုအပေါ် ဒေါသထွက်မနေ.. သို့ပေမဲ့ မျက်နှာကို အမူအရာမရှိသလို ပြောင်းလိုက်ပြီး ဂျောင်ဂုကိုကြည့်လိုက်သည်။
" ထ ငါ့အိပ်ရာပေါ်က သွားပြန်တော့.. "
" ပြန်ဘူး "
ဂျောင်ဂုက သူ့မျက်နှာကို ခဏမျှအကဲခတ်ပြီး ပြန်ပြောသည်။ သူခါးထောက်ပြီး မျက်နှာသေသေနဲ့ ကြည့်ပေးလိုက်သည်။ ခါတိုင်း သူအခုလို ဗလာအကြည့်နဲ့ကြည့်ရင် ဂျောင်ဂုကြောက်သည်။ အခုလည်း ဂျောင်ဂုသူ့ကို နည်းနည်းတော့ရှိန်သွားသည်။ခုနကလို စူပုတ်ပုတ်မျက်နှာမျိုး မဟုတ်တော့ဘဲချွန်နေတဲ့နှုတ်ခမ်းပဲ ကျန်တော့သည်။
" သူ့မိန်းမကိုကြတော့ အဲလိုမဟုတ်ဘူး "
" ဘာပြောနေတာလဲ တိုးတိုးတိုးတိုးနဲ့ "
" ဦးက ဦးမိန်းမနဲ့ကျတော့ အတူသွားတယ် ဦးတို့ပျော်ပျော်ပါးပါးအတူရှိနေကြတဲ့အချိန် ကျွန်တော်ဘယ်လိုဖြစ်နေမလဲ တွေးကြည့်ဖူးလား ဦးက ကျွန်တော့်ကိုဆို ဒီကောင်လေးက ငါ့ကိုကြိုက်နေတဲ့ကောင်လေးဆိုပြီး ပေါ့ပေါ့ပဲတွေးတယ် ကျွန်တော့်မှာသာ အတွေးတွေယောက်ယပ်ခတ်ပြီး ကျန်နေခဲ့ရတာ ဦးကိုချစ်ရတာ အရမ်းခက်ခဲမှန်းသိလျက်နဲ့ ကျွန်တော်ကိုက နောက်မဆုတ်နိုင်ဖြစ်နေခဲ့တာ ကျွန်တော့်ဘက် တစ်ချက်လေးမှ မကြည့်တဲ့သူကိုမှ ကျွန်တော်က မေတ္တာတွေပေးပြီး မေတ္တာပြန်ရဖို့ မျှော်လင့်နေခဲ့တာ ဦးကတော့ ကျွန်တော့်ကို ဒီအတိုင်း အရှုပ်တစ်ယောက်လိုပဲ သဘောထားတယ် "
သူ့ကိုအဲလိုသဘောထားနေရင် သူဒီနေရာမှာတောင် ရှိမနေတော့ဘူးထင်တာပဲ။ သူ့ကိုစိတ်ထဲထည့်လွန်းလို့တောင် ခက်နေတာ အမြဲအာရုံထဲရောက်လာပြီး အနှောင့်အယှက်ပေးလွန်းလို့တောင် စိတ်တိုရတဲ့အထိကို... သူကသာ ကိုယ့်ကိုလုပ်ချင်သလိုလုပ်သွားတာ ကိုယ်ကတော့ သူကကိုယ့်ကို လာစရုံသက်သက်လားဆိုတဲ့ ခံစားချက်တွေနဲ့ တိုက်ခိုက်နေရတာ..အပျော်သက်သက်ဆိုရင်တောင် ကိုယ်ကအတည်မယူတတ်အောင် ကိုယ့်ကိုယ်ကိုယ်အတန်တန်သတိပေးထားရတာ... သူကသာ သူ့အပေါ်လုပ်ချင်ရာလုပ်သွားပြီးရင် မေ့သွားပြီး ပေါ့ပေါ့လေးနေတတ်တာ ကိုယ့်မှာတော့ အိပ်မပျော်တဲ့ရက်တွေ တိုးတိုးလာတယ် ငယ်ငယ်ရွယ်ရွယ်အရွယ်မလို့ အလေးအနက်မထားတတ်သေးတဲ့သဘောတရားကို လက်ကိုင်ထားပြီး အကုန်ဘာမှမဖြစ်သလို ကျော်ပေးခဲ့ရတာ.... တစ်ခါတလေသူကအတည်များလားဆိုပြီး သူ့အပေါ်ထားတဲ့ခံစားချက်တွေကို ဖွင့်ထုတ်ပစ်လိုက်ချင်ပေမဲ့ နောက်မှကစားခံလိုက်ရရင်ဆိုတဲ့ အတွေးတချို့ကြောင့် ဘာမှဆက်မဖြစ်ခဲ့တာ.... သူကပေါ့ပေါ့ပဲပြောတယ် သူငယ်ချင်းနဲ့စိတ်မချဖြစ်မယ် သူအသိဆုံးဖြစ်တဲ့သူ့အိမ်ထောင်ရေးကိုပါ သူကအခြေမရှိလျှောက်ပြောတယ် အဓိကက သူသဝန်တိုတယ်ပေါ့ အဲဒါသူ့အတွက်သဝန်တိုလို့ပေါ့ ဒါပဲသူက....
" မင်းလေ ငါ့ကိုအမြဲတမ်း အမျိုးမျိုးစွပ်စွဲနေတာ ဂျယ်ယောင်းနဲ့ဆိုလည်း ဂျယ်ယောင်းနဲ့မလို့ ညစာသွားစားတဲ့ကိစ္စကို အကျယ်ချဲ့ပြီး ငါ့ကိုအလွန်အကျွံတွေပြောတယ် အခုနိုအွန်းနဲ့ငါ အွန်းလေးအတွက် မိဘနေရာက အစည်းအဝေးသွားတာကိုလည်း မင်းကတစ်မျိုးဖြစ်အောင်ပြောတယ် တကယ်ဆိုရင်တောင် ငါတို့ကလက်ထပ်ထားတဲ့သူတွေပဲ မချစ်တာမကြိုက်တာအသာထား ငါတို့ကလေးအတွက် လိုအပ်ရင် ပေါင်းစည်းသင့်ရင်ပေါင်းစည်းရမှာပဲ မင်းကသာ ငါ့ကိုကြိုက်ပါတယ် ချစ်ပါတယ် အတန်တန်ပြောပြီး ဘာတစ်ခုမှငါကြိုက်အောင်မနေဘူး မင်းစိတ်အဆင်မပြေတာ မင်းသဝန်တိုတတ်တာကိုပဲ မင်းတွေးနေတယ် မင်းငါ့ကိုကြိုက်တယ်ဆိုတာ အလကား ငါ့ဆီကဘာမှမရသေးလို့ မင်းငါ့ကိုကပ်နေတာ မင်းလိုကောင်က မင်းလိုတာရရင် ဘယ်သူ့ကိုမှ ကြည့်မှာမဟုတ်ဘူး မင်းအတွက်မင်းပဲ ကြည့်တတ်တာ "
" ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘဲနဲ့ မဟုတ်ဘဲနဲ့ ဦးကိုမကြိုက်ရင် ကျွန်တော်ကဘယ်လိုလို့ သဝန်တိုတတ်မှာလဲ မဟုတ်ပါဘူးဆို ကျွန်တော်တွဲခဲ့ဖူးတဲ့သူတွေဆို ခဏခဏတခြားသူတွေနဲ့မြင်လည်း ဂရုမစိုက်ဖူးဘူး သူတို့ကျွန်တော်သဝန်တိုပြအောင် တခြားတစ်ယောက်နဲ့တွဲပြလည်း ဂရုမစိုက်ဖူးဘူး တကယ်ပါ ဦးမလို့ဦးမလို့ ဦးကို ကျွန်တော်မဟုတ်တဲ့သူနဲ့တွဲမြင်ရင် ကျွန်တော်သဝန်တိုမိတာပါ တကယ်ပါ တကယ်ပါဆို "
" တကယ်ဆိုရင်တောင် အစစအရာရာကြီး ငါ့အတွက်အဆင်မပြေဘူး မင်းရမ်းသမ်းစွပ်စွဲချက်တွေက ဟိုဘက်ဒီဘက်သိက္ခာကို ထိပါးစေတယ်ဆိုတာ မင်းသိလား "
" ဦးကလည်း ကျွန်တော့်ဘက်ကိုလည်း ဝင်ကြည့်ပါအုံး ရမ်းသမ်းပြောတယ်ဆိုတာထက် ဦးကကျွန်တော့်ကို ဘယ်နေရာမှမှ အလေးမထားတော့ ကျွန်တော့်ဘက်က အရှုံးချည်းပဲ ဦးနဲ့ ဦးသူငယ်ချင်းဆိုတဲ့သူနဲ့ ယှဉ်ရင်လည်း ကျွန်တော်ကရှုံးနေပြီးသား..ဦးမိန်းမနဲ့ယှဉ်ပြန်ရင်လည်း ဦးတို့ကလင်မယားတွေအပြင် ကလေးလည်းရှိပြီး အခုလိုတွေဖြစ်လာရင် ကျွန်တော်ပဲရှုံးပြန်တယ် ကြည့်ပါလား ကျွန်တော်ကဘယ်နေရာမှာမှ အရာဝင်မနေဘူး ကျွန်တော့်ဘက်ကသာ တစ်ဖက်သတ်လိုက်ဖြစ်နေရတာကြီးပဲ ကျွန်တော့်ဘဝမှာ အကုန်လုံးကို လွယ်လွယ်ကူကူချည်းပဲ ရလာတာ ဒီလောက်ထိ ခက်ခက်ခဲခဲ ကျွန်တော်ဘာမှမလုပ်ခဲ့ဖူးဘူး ကျွန်တော့်ဘက်က အောက်ကျခံပြီး ချည်းကပ်ခဲ့ရတာဆိုလို့ ဦးပဲရှိတာ.. ဘယ်လောက်မောင်းထုတ်ထုတ် ဒီလောက်သည်းခံနေတာ ကျွန်တော်ချစ်လို့လေ ဦးလိုလူမျိုး အယောက်တစ်ရာရှာလို့ရလည်း ဦးမှမဟုတ်တာ ဦးကနားမလည်တာလား ပြန်မချစ်ချင်လို့ နားမလည်ချင်ယောင်ဆောင်နေတာလား ကျွန်တော်ကိုယ်တိုင် လိုလိုလားလားလိုချင်တဲ့အရာမလို့ တကောက်ကောက်လိုက်ချဥ်းကပ်နေတာကို ဦးမလို့ ဦးမလို့...ဦးယုံလို့ရအောင် ဘယ်လိုလုပ်ပေးရမလဲ တကယ်မသိတော့ပါဘူးဆို!!! "
" ဂျောင်ဂု- "
" အခုနေ သနားလိုက်အုံး နောက်တစ်နေ့ကျရင် ဘာမှမဖြစ်သလို ဆက်နေလိုက်အုံး ဘယ်တော့ ဘယ်တော့များမှ ဦးနှလုံးသားဆီ ရောက်လာနိုင်မှာလဲ "
" ဂျောင်ဂု.... လောလောဆယ်တော့...ငါကိုယ်တိုင်လည်း.. "
သူကိုယ်တိုင်တောင် သူ့ကိစ္စတွေကို အဆုံးမသတ်နိုင်သေးတာ.. ဂျောင်ဂုကို ဘယ်လိုဆွဲခေါ်ရက်ပါ့မလဲ ဂျောင်ဂုကို သူလက်ခံချင်ရင်တောင် ဂျောင်ဂုကဘယ်လိုဖြစ်သွားမလဲ သူများအိမ်ကသားရတနာကို သူအဲလိုမလုပ်ရက်ဘူး.. တခုခုသာ အစီအစဉ်မကျဖြစ်သွားရင် ဂျောင်ဂုကို အမျိုးမျိုးခေါ်ဝေါ်သမုတ်ကြလိမ့်မယ်။
" ဦးကိုလေ အပိုင်ရဖို့ထိ မတွေးထားပေမဲ့ ကျွန်တော်မဟုတ်တဲ့တခြားသူတွေနဲ့ ဦးကိုတွဲမြင်ရရင် အရမ်းရင်နာဖို့ကောင်းတယ် ကျွန်တော်အများကြီးမတောင်းဆိုပါဘူး ဦးမှာလေ ဦးမှာ ကျွန်တော့်အတွက် နေရာရှိရဲ့လား ကျွန်တော်စောင့်နိုင်တယ်လေ စောင့်နိုင်တာမလို့ အတိအကျတခုခုပြောထားပါလား ကျွန်တော်သေချာချင်လို့ပါ သေသေချာချာသိလိုက်ရရင် ကျွန်တော်အရမ်းမလောတော့ဘူးလေ "
ဆော့ဂျင်သက်ပြင်းချလိုက်ပြီး သူ့အဖြေကို မျှော်လင့်နေတဲ့ဂျောင်ဂုမျက်ဝန်းတွေကို မကြည့်နိုင်တော့ဘဲ သူ့မျက်လုံးတွေကို ဖိမှိတ်လိုက်သည်။ တကယ်ပဲသူ့စိတ်တွေ ရှုပ်ထွေးနေပြီး ဆုံးဖြတ်ချက်ကောင်းကောင်းချဖို့ လိုနေပြီ။ အထူးသဖြင့် ဂျောင်ဂုနင့်နင့်သည်းသည်းငိုရှိုက်နေတာကို သူမကြည့်နိုင်ဘူး။ သူ့ရင်ဘတ်ထဲကလည်း တဆစ်ဆစ်နဲ့ခံစားလာရတော့ သူမျက်လုံးတွေ ထပ်ဖွင့်လိုက်သည်။ဂျောင်ဂုက အခုထိသူ့ကို မျက်ရည်စီးကြောင်းတွေနဲ့ နင့်နင့်သည်းသည်းကြည့်နေတုန်း...
" တောင်းပန်ပါတယ် တောင်းပန်ပါတယ်.. "
သူဂျောင်ဂုနားတွင် ဖြည်းဖြည်းဝင်ထိုင်လိုက်ပြီး ဂျောင်ဂုကိုဆွဲဖက်ဖို့ပြင်တော့ ဂျောင်ဂုကငြင်းသည်။ခေါင်းတွေခါယမ်းပြီးတော့ ငြင်းဆိုသည်။
" ကျွန်တော်ကြားချင်တာ ဒီစကားမဟုတ်ဘူး.. ဒီစကားမဟုတ်ဘူး.. "
" ကိုယ့်မှာမင်းအတွက် နေရာရှိတယ် ဒါပေမဲ့ ကိုယ်တောင်းပန်ရအုံးမှာပဲ ကိုယ်အဲနေရာကို မင်းကို ချက်ချင်းမပေးနိုင်သေးလို့.. "
" ဦး... "
" ကိုယ့်ကိုစောင့်ပေးမယ်မလား.. ကိုယ်မင်းအတွက် နေရာသီးသန့်ပေးနိုင်ဖို့ ကိုယ်အပြီးပြတ်လုပ်ရမဲ့အရာတွေ အများကြီးရှိသေးတယ် အဲအချိန်ထိ မင်းစောင့်ပေးနိုင်မလား "
" ဦး... အီးဟီး.. "
" မငိုပါနဲ့တော့ကွာ... မင်းငိုရင် ကိုယ်တစ်ခုပြီးတစ်ခု လိုက်လျောမိတော့မှာမလို့... ဟင် အခုဆုံးဖြတ်ချက်က အကောင်းဆုံးအရာမလို့ ကိုယ်ထပ်မပြောင်းချင်တော့ဘူး တိတ်တော့နော်.. "
" ဦး... နောက်ဆုံးတော့.. "
" အင်း.. နောက်ဆုံးတော့ မင်းကြောင့် ကိုယ်နှစ်တွေအကြာကြီး ပိတ်လှောင်ထားတဲ့ တံခါးကို ဖွင့်လိုက်မိပြီ "
" ဦးကိုချစ်တယ် "
" အင်း.. ကိုယ်လည်း.. "
ကိုယ်အခုတော့ မပြောနိုင်သေးပေမဲ့ မင်းစောင့်နေမယ်ဆို ကိုယ်သေချာပေါက် တချိန်ချိန်ကြရင် ပြောပါ့မယ် သိပ်မကြာတော့ဘူးမလို့ ကိုယ့်ကိုစိတ်ရှည်လက်ရှည် စောင့်ပေးနိုင်မလား..
သူ့အတွေးတွေကို သိသည့်အလား ဂျောင်ဂုက ခေါင်းကို အတန်တန်ညိတ်ပြလာသည်။ မျက်ရည်စတွေကို ဖွဖွသုတ်ပေးတော့ ဂျောင်ဂုက သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့လာပြီး နှာခေါင်းတရှုပ်ရှုပ်ဖြင့် သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာသည်။
ကိုယ့်ဆုံးဖြတ်ချက်မှန်ကြောင်း မင်းသက်သေပြပေးမယ်မလား ကလေး..
___________TBC
မျက်မှန်နောက်ကွယ်ကမျက်ဝန်း:3
ကြမ်းတယ်ဆိုတာ အမျိုးမျိုးရှိတယ် 😎ဒါက မျက်မှန်နောက်ကွယ်က ဂျွန်ဂျောင်ဂုရဲ့ အမှန်တရားပဲ မျက်မှန်တပ်ထားလို့ ကြမ်းမယ်ထင်နေကြတဲ့သူတွေ အညှာမိသွားပြီ 😎🤣
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



