ep14
15:48, 26 February 2024ဒါပေမဲ့ ဂျယ်ယောင်းက ဘယ်သူမလို့လဲ သူ့အပေါ် နားအလည်ဆုံးသူလေ။ ဒီလောကမှာ သူ့အကြောင်းအသိဆုံးသူ၊ သူနှင့်အရင်းနှီးဆုံး သူငယ်ချင်းကြီး။ ဂျောင်ဂုနဲ့ဆုံမိပြီး မကြာဘူး ဂျယ်ယောင်းသိသွားခဲ့သည်။ ဂျောင်ဂုက လူရှေ့သူရှေ့မရှောင် သူ့အပေါ် အမျိုးမျိုးပြောင်းလဲဆက်ဆံပြနေတော့ ခဏလေးအတွင်းမှာပဲ ဂျယ်ယောင်းရိပ်မိသွားခဲ့သည်။ မဟုတ်ဘူး ဂျယ်ယောင်းရှေ့မှာဆို ဂျောင်ဂုက ပိုဆိုးပြီး ပြောရခက်လာသည်။ အရင်ကဆို သူပြောရင် နာခံတတ်သေးတယ်။ အခုနောက်ပိုင်း ခေါင်းမာပြီး တစ်ခုခုဆို အထအနကောက်နေတာ ကြာတော့ စိတ်မရှည်ဘဲ အော်ငေါက်ပစ်သည်။ ထိုအခါမျိုးဆို ဂျောင်ဂုကပိုလို့တောင် ဆိုးရွားသွားပြီး အရွဲ့တိုက်လာသည်။ သူအရင်လို အလျှော့မပေးဘဲ ပစ်ထားလိုက်တော့လည်း ပြန်ပြန်လာပြီး မထိတရိ လာလုပ်ပြန်တယ်။
သူ့ကိုယ်သူနဲ့ ဂျယ်ယောင်းကို ယှဉ်ပြီး သူ့ကိုစကားနာလာထိုးသည်။ သူ့ကိုကြရင် အမြဲမကောင်းမြင်တယ်တို့၊ ဂျယ်ယောင်းကိုတော့ ရုံးခန်းထဲ ဝင်ထွက်ကို ခွင့်ပြုထားတယ်တို့။ အဲလိုအချိန်မျိုးဆို သူကဖြေရှင်းပြတာမျိုးမပြောတော့ဘဲ စိတ်ချမ်းသာသလိုသာ ပြောရအောင် လွှတ်ထားပေးလိုက်သည်။ အဲလိုကြပြန်တော့ သူ့ကိုလျစ်လျှူရှုတယ်ဖြစ်ပြန်ရော။ တကယ်ဆို သူ့သူငယ်ချင်းအကြောင်းကို သူအကြိမ်ပေါင်းများစွာ ပြောပြဖူးပြီးပြီ။ သူကသာ ထိုအကြောင်းကို အဖန်တစ်ရာသေအောင် ထပ်သလဲလဲပြောနေတာ။
အမှန်ဆို သူ့အကြောင်းနဲ့သူကို ဖြေရှင်းမနေလည်းရသည်။ဒါပေမဲ့ ဝန်ထမ်းအချင်းချင်းကို ခွဲခြားတယ်ဖြစ်မည်စိုး၍ သူစိတ်ကျေနပ်အောင် ရှင်းပြခဲ့ပြီးပြီ။ ဒါကိုပြောမရဖြစ်နေတာ။ ကြာတော့ စိတ်ကုန်လာပြီးသူ့ဟာသူပြောချင်ရာပြောဆိုပြီး လွှတ်ထားပေးလိုက်သည်။ နေပါစေ ခေါင်းကိုက်လွန်းလို့။ ဂျောင်ဂုက တကယ်စိတ်ကင်ဆာပေးတဲ့နေရာမှာ နံပါတ်တစ်ပဲ။ သူရှင်းတစ်ခုလုံးတာဝန်ကို ယူခဲ့တုန်းကတောင် အဲလောက်စိတ်မရှုပ်ရဖူးဘူး။
" အဲဒါကြောင့်ပေါ့ ငါ့ကိုအဲနေ့က အဲလိုတွေလုပ်သွားတာ ဒီကောင်လေး ငါ့ကိုတိုက်ခိုက်နေတဲ့ အကြောင်းအရင်းကို အခုမှပဲသိတော့တယ် ဆော့ဂျင် မင်းစန်းကကလေးတွေကြားမှာပါလား "
" တော်စမ်းပါ ငါခေါင်းကိုက်လွန်းလို့ "
" ဘယ်တုန်းကကတည်းနဲ့လဲ မင်းကိုလိုက်နေတာ "
" မပြောတတ် ငါစိတ်မဝင်စားဘူး သူတို့စိတ်ဝင်စားလည်း ခဏတာပဲ ပြီးတော့ သူက ငါ့တစ်ယောက်တည်းကိုလည်းမဟုတ်ဘူး "
ဂျောင်ဂုတွင် သူ့တင်မကဘဲ တခြားတစ်ယောက်မက သူ့တွင်ရှိနေမည်ဆိုတာ သူသိပြီးသား။ ဒါပေမဲ့ မျက်စိရှေ့တွင် သူ့ကောင်လေးဖြစ်သူနဲ့ ထိပ်တိုက်ဆုံပြီးကတည်းက သူလုံးလုံးအာရုံမလာတော့။ဂျောင်ဂုသူ့ကို ဘယ်လောက်အသည်းအသန်ဖြစ်ပြနေပါစေ စိတ်မဝင်စားတော့ဘူး။
" ဒါပေမဲ့ မင်းစိတ်မဝင်စားတာတော့ မဟုတ်ပါဘူး "
သူကိုယ်တိုင်တောင် လုံးဝစိတ်ဝင်စားမှုမရှိပါဘူးဆိုတာကို သူကသုံးလေးရက်လောက်အမြင်နဲ့ လာဆုံးဖြတ်နေတော့ သူမျက်လုံးလှန်ကြည့်လိုက်သည်။သူက ဘယ်လိုအချက်နဲ့သူ့အပေါ်ဆုံးဖြတ်ချက်ချလဲ သူမသိ။ သူတစ်ခါမှတောင် ဂျောင်ဂုအပေါ် စိတ်ဝင်စားပုံမပြခဲ့တာတောင်လေ!
" ငါသူ့ကိုစိတ်မဝင်စားဘူး "
သူအခိုင်အမာ ထပ်ပြောလိုက်သည်။ အဲအတွက် သူအရမ်းသေချာမှုရှိသည်။ သူဂျောင်ဂုအပေါ် သေးသေးလေးတောင် စိတ်ဝင်စားမှုမရှိသေးဘူး။
" သူကမင်းအပေါ် အရမ်းပိုင်စိုးပိုင်နင်းတွေလုပ်နေတာကို မင်းကခွင့်ပြုတယ်! "
" ငါပြောမရလို့ လွှတ်ထားတာလေ အရင်ကငါအဲဒီအတွက်နဲ့ ခဏခဏပြောပြီးပြီ။ အမြဲတမ်းချည်း ငါသူ့ကိုပြောမနိုင်တော့ဘူး သူတို့လိုကောင်လေးတွေက တင်းကြပ်ရင် ပိုဆိုးတယ် ဒါကြောင့် "
" အဲဒါလည်း အလိုလိုက်နည်းတစ်မျိုးပဲ လူတစ်ယောက်က မကြိုက်ဘူးဆိုရင် ဘယ်လိုနေနေ ဘယ်အချိန်ဖြစ်ဖြစ် ကြိုက်မနေဘူး မင်းက သူအဲလိုတွေလာလုပ်နေတာကို အသားကျသွားတာမျိုး လက်ခံသွားနိုင်တာမျိုး ဖြစ်သွားတာ တစ်နည်းဆိုရရင် သူ့အလို လိုက်ပေးလိုက်တာပဲ "
ဆော့ဂျင်မျက်မှောင်ကျုံ့လိုက်သည်။ အဲလိုဖြစ်သွားမှန်း သူမသိဘူး။ ပြောရရင် ဂျောင်ဂုကသူ့ကို သူအပြင်သွားမယ်ဆိုရင်လည်း ဘယ်ကိုလဲ ဘယ်သူနဲ့လဲ ဘာအတွက်သွားတာလဲတွေ အမြဲမေးလေ့ရှိသည်။ သူနဲ့အဲလိုမေးဖို့ မဆိုင်ပေမဲ့ သူအမြန်ပြီးရောဆိုပြီး စိတ်ကျေနပ်အောင် ဖြေပေးမိသည်။အဲဒါကရော အလိုလိုက်တာမျိုးလား။ တကယ်တော့ သူဖြေသာဖြေပေးလိုက်တာ ဂျောင်ဂုသိနှင့်နေပြီးသားတွေ သူက တမင်ဂျီကျပြီး ရစ်နေသလိုမျိုးတွေ အဲလိုမျိုးကျတော့ သူနားငြီးလို့ သူ့သဘောကျ ဖြေပေးလိုက်ပြီး အမြန်ပြီး ပြီးရော ခွာလိုက်သည်။ ဒါမှ သူသိချင်ရာသိရပြီးရင် သူ့အနားက မြန်မြန်ခွာမည်ဟု သူတွေးမိသည်။ အဲဒါမျိုးက သူမသိလိုက်ခင်မှာ အလိုလိုက်မိသွားတာမျိုးလား....
" ဒါပေမဲ့ ငါသူ့ကိုမကြိုက်ဘူး ငါတစ်စက်လေးမှတောင် သူနဲ့တွဲဖို့စိတ်ကူးမရှိဘူး မင်းလည်းသိပါတယ် ငါကစိတ်ထဲရှိတဲ့အတိုင်းပဲ ပြောတတ်တယ် အခုငါသူ့ကိုမကြိုက်ဘူးဆိုတာ တကယ်မကြိုက်လို့ဘဲ "
" အင်း.. ဒါပေမဲ့ အဲဒါနဲ့ပဲ မင်းစိတ်မဝင်စားဘူးဆိုတာ မပြောနိုင်ဘူးလေ မင်းအကြောင်း ငါအသိဆုံးပါ မင်းတွဲဖို့စိတ်ကူးမရှိဘူးဆိုတာ မင်းကိုယ်မင်း စည်းတားနေတာမလား မင်းရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကြောင့်ပဲ သူ့ကိုမစဉ်းစားတာ အထူးသဖြင့် သူကမင်းနဲ့အသက်အရွယ် မကိုက်ညီဘူး သူက မင်းမှန်းထားဖူးတဲ့ မင်းရဲ့အိမ်ထောင်ဖက်မျိုးလည်း မဟုတ်ဘူး "
" ဟုတ်တယ် ငါက ရိုးရိုးယဉ်ယဉ်နဲ့ အေးဆေးတဲ့သူမျိုးကိုပဲ သဘောကျတာ သူကလုံးဝကွဲထွက်နေတာ မင်းလည်းမြင်တဲ့အတိုင်းပဲ အဲအချက်နဲ့တင် ငါသူ့ကိုစဉ်းစားစရာမလိုတော့ဘူး "
" ဒါပေမဲ့ မင်းအဲလိုလူမျိုးတွေ အများကြီးတွေ့ဖူးပါတယ်မင်းတစ်ချက်တောင် အရေးမလုပ်ဘူးလေ ဘာလို့လဲ "
" ဘာလို့လဲဆိုတော့ မကြိုက်လို့လေ ငါကြိုက်တဲ့သူတွေ့ရင် ငါတွန့်ဆုတ်နေမှာမဟုတ်ဘူး "
" မင်းပြောတော့ အဲဒါတွေက မင်းကြိုက်တဲ့ပုံစံပါဆို အခုတော့ မကြိုက်ပြန်တော့ဘူးလား "
" ငါကအဲလိုပုံစံနဲ့လူတိုင်းကို လိုက်ကြိုက်နေရမှာလား ငါမကြိုက်လို့လို့ ပြောနေတယ်လေ ငါကြိုက်တဲ့သူက ရိုးရိုးအေးအေး အေးဆေးသမားတော့ ဖြစ်ရမယ်လေ ဒါပေမဲ့ အဲလိုလူတိုင်းကို ငါလိုက်ကြိုက်ရမယ်လို့ မဆိုလိုဘူးလေ "
" ဒါဆိုဟိုကောင်လေးကရော.. "
" ငါသူ့ကိုလည်း စိတ်မဝင်စားဘူးလေ မင်းပဲငါ့ကိုပြောနေတာ ငါသူ့ကိုလည်း စိတ်မဝင်စားဘူး "
" စိတ်မဝင်စားဘူးလား "
" အင်း.. ငါပြောမယ်ဂျယ်ယောင်း အဲလိုကောင်လေးမျိုးတွေက ခဏတာလိုချင်မက်မောရုံပဲ သူတို့အဲလိုစိတ်ကစားပြီး လိုက်ကပ်နေတာ တစ်ယောက်တည်းကိုပဲ မဟုတ်ဘူး သိတယ်မလား ငါပြောချင်တာ..... မင်းနိုင်ငံခြားမှာ အဲလိုမကြုံခဲ့ဖူးဘူးလား မင်းတို့ပွင့်လင်းတဲ့နိုင်ငံတွေက ပိုဆိုးမှာပါ တစ်ညလောက်အိပ်ဖို့ စိတ်အားထက်သန်နေကြတာတွေလူငယ်တွေက အဲလိုပဲ အဲဒါကြောင့် ငါသိပ်စိတ်ထဲမထည့်တာ "
" ငါလည်းကြုံဖူးပါတယ် ဒါပေမဲ့ ငါကအိုခေတယ်လေ တစ်ညလိုချင်ရင် တစ်ညပေးလိုက်တယ် နှစ်ယောက်လုံးအဆင်ပြေရင် ဆက်တွဲတယ် တစ်ယောက်နဲ့တစ်ယောက် အကျိုးရှိပြီး အပေးအယူဆက်ဆံရေးမျိုးပဲ ထားတယ် အတည်တွဲရမှာတွေ ပျင်းလွန်းလို့တစ်ညဆို တစ်ညအလိုက် အေးဆေးပျော်ပါးလိုက်တယ် ချစ်သူရည်းစားတွေဆို စိတ်ရှုပ်နေရအုံးမယ် ဖုန်းမဆက်ရင် မဆက်လို့ အလုပ်ကသူငယ်ချင်းမိတ်ဆွေဘာညာတွေနဲ့ သဝန်တိုရင် ရှင်းပြရအုံးမယ် တစ်ညသာဆက်ဆံရေးလောက် ဘယ်အရာမှမကောင်းဘူး ဒါပေမဲ့... မင်းကောင်လေးက ဘာလို့အရမ်းအတည်ကြီးဖြစ်နေရတာလဲ သူက ငါ့ကိုတောင် အမြင်မကြည်ဖြစ်နေသေးတယ် အဲဒါ မင်းနဲ့အတူရှိနေလို့ ငါ့ကိုမကြိုက်တဲ့သဘောပြနေတာလေ သူကအရမ်းအထိမခံဖြစ်နေသလိုဘဲ ဒါတောင် မင်းနဲ့သူက ဘာမှမဖြစ်သေးလို့ပဲ မင်းနဲ့မဆိုင်သေးဘဲနဲ့ သူဒီလိုတွေလုပ်နေတာ အဲဒါမင်းခွင့်ပြုထားလို့ပဲလေ "
" ဘာဆိုင်လဲ သူဟာသူတစ်ဖက်သတ်လိုက်ဖြစ်နေတာလေ ငါနဲ့အနေသာကြီး "
" အဲဒါကြောင့်မလို့ ငါမင်းကို နေသားကျသွားပြီပြောတာပေါ့ မင်းတဖြည်းဖြည်းနဲ့ သူအဲလို မင်းအပေါ်ဆိုင်သလိုလုပ်နေတာကို မင်းအနေသားကျနေပြီ ငါဆိုငါ့ကို ငါနဲ့တစ်ညသာဆက်ဆံရေးပဲ ရှိတဲ့သူက ငါ့အကြောင်းကိစ္စတွေကို လာစွက်ဖက်ပြီး သဝန်လာကြောင်နေရင် ငါအရမ်းစိတ်ရှုပ်လွန်းလို့ အော်ပစ်လိုက်မှာ ဒါတောင် သူနဲ့ငါကအိပ်ဖူးတဲ့သူနော် မင်းကောင်လေးက မင်းနဲ့ ဘာဆက်ဆံရေးမှတောင် မရှိသေးဘဲနဲ့ မင်းအပေါ် ပိုင်စိုးပိုင်နင်းတွေလုပ်နေတာ..ငါ့ကိုဆိုသူက ငါကပဲ သူ့ချစ်သူကို စနိုက်ကြော်မဲ့သူလို ဆက်ဆံနေတာ.. မင်းကတော့ အေးဆေးလေ သူအဲလိုတွေ မင်းကိုလုပ်နေတာ မင်းဘယ်လိုမှတောင်မနေတော့ဘူး မင်းမသိစိတ်ကတောင် ပျော်ဝင်နေလောက်ပြီ "
" အပိုတွေမပြောနဲ့ သူအဲလိုတွေလုပ်လဲ ငါစိတ်မဝင်စားတာက စိတ်မဝင်စားတာဘဲငါသူ့ကိုနားအေးပြီးရော လွှတ်ထားရုံလောက်ပဲ ကျန်တာ ငါ့အတွေးထဲ ဘာမှမရှိသေးဘူး "
" အင်းပါ အခုတော့ဘယ်ရှိအုံးမလဲ တချိန်ချိန်ပေါ့ အနှေးနဲ့အမြန်ပဲ မင်းသူ့ဆီရောက်တော့မှာ "
ဆော့ဂျင်ပခုံးတွန့်ပြလိုက်သည်။ သူပြောသလိုကြီးလည်း ဟုတ်မနေသေးဘူး။ သူအမှန်ပင် ဂျောင်ဂုအနားမှာအီနေတာကို မြင်ပြင်းလို့ပင် သူ့စိတ်ကြိုက်ဖြစ်စေလိုက်တာ။ သူဂျောင်ဂုကို အခုထိဘယ်လိုမှမနေပေ။ဟိုနေ့ညက ဘားတွင် သူ့လက်ရှိတွဲနေတဲ့ကောင်လေးနဲ့ အတူမြင်လိုက်ရတော့ သူပိုသေချာသွားခဲ့။ ဂျွန်ဂျောင်ဂုမာယာများတာက သွားရှုပ်လို့မရဘူး။ သူခေါင်းကိုခါယမ်းရင်း ဂျယ်ယောင်းနဲ့ငြင်းခုံနေတာ ရပ်လိုက်ပြီး အလုပ်ကိုအာရုံပို့လိုက်သည်။ ဂျောင်ဂုပြောသလို သူအကျင့်ပျက်နေပြီလားမပြောတတ် ဂျယ်ယောင်းသူ့ရုံးခန်းမှာ သောင်တင်နေကတည်းက သူအလုပ်ကောင်းကောင်းကို မလုပ်ရတော့။ ဒီကောင်က သူကအရမ်းအားနေတယ်ဆိုတိုင်း.... သူ့အလုပ်တွေ လုပ်ကူဖို့ဆိုတော့ ရှင်းနဲ့မပတ်သက်ချင်ဘူးဆိုပြီး ခေါင်းရှောင်ကောင်း။
........................................
" ဦးရုံးဆင်းမယ် "
" အင်း စောင့်အုံး "
ဂျောင်ဂုရုံးဆင်းဖို့ ဦးဆီရောက်လာတော့ ဦးကအလုပ်စားပွဲမှာပဲ ရှိနေသေးပြီး သူ့ကိုမော့မကြည့်ဘဲ ပြောသည်။ သူဆိုဖာကိုကြည့်လိုက်တော့ ထိုင်ခုံတွင် ဦးသူငယ်ချင်းလူကြီးက ရှိနေတုန်း။ ရုံးဆင်းချိန်အထိကို မပြန်သေးတာ။ ပြောတော့ဖြင့် နိုင်ငံခြားပြန်ဆိုပြီး အလုပ်အကိုင်ဖြင့် မရှိဘဲနဲ့ နေ့ရှိသရွေ့ ဦးရုံးခန်းထဲတွင်ပဲ သောင်တင်နေသည်။သူထိုလူကြီးရှိရာ ရှေ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူ့ကိုမြင်တော့ ထိုလူကြီးက လက်ထဲကနှိပ်လက်စဖုန်းကို ချကာ သူ့ကိုကြည့်လာသည်။သူလူမှုရေးအရတောင် ခေါင်းညိတ်မနှုတ်ဆက်။ အမြင်မကြည်ကိုမှ တော်တော်ကြီးကို သူကြည့်မရပေ။ဦးနဲ့လည်း သူငယ်ချင်းဆိုပြီး လိုတာထက်ပိုရင်းနှီးပြနေတာကို သူကြည့်မရ။ ပြီးတော့ ဦးကိုယ်တိုင်ကလည်း ထိုလူကြီးကိုဆို ဘာလုပ်လုပ်လွှတ်ထားသည်။
အခုဆို ဦးက နေ့လယ်စာပင်ထွက်မစားတော့ ရုံးခန်းထဲတွင်သာ မှာစားကြသည်။ ကော်ဖီဆိုလည်း သူလာပို့ပေမဲ့ သူလာပို့ချိန် ထိုဘိုးတော်က ဦးနှင့်နေပြီ။ ခါတိုင်းသူကော်ဖီလာပို့ရင် သောက်နေကြဦးက ထိုဘိုးတော်ရှိတဲ့နေ့ကတည်းက ကော်ဖီလာမပို့နဲ့တော့ပြောသည်။ ထိုဘိုးတော်က တမင်ပင် သူနဲ့ဦးတွေ့ချိန်တွေကို ဖဲ့ယူနေသည်ဟု သူထင်လာသည်။ထို့ကြောင့် နောက်ပိုင်း ပိုလို့တောင်ဦးကို လာလာစောင့်ကြည့်ရသည်။ နေ့လယ်စာစားချိန်ဆိုလည်း သူအချိန်ကိုက်ရောက်လာပြီး ဝင်စားပစ်သည်။ထိုအခါမျိုးဆို ဦးကတော့ ဆူပူပြောပေမဲ့ ထိုလူကြီးကတော့ သူ့ကိုသိသိသာသာ အကဲခတ်နေတတ်သည်။ သူကတော့ဂရုမစိုက်။ အချိန်နည်းနည်းလေးတောင် ဦးကိုသူစိမ်းတွေနဲ့ နှစ်ယောက်တည်းအတူ ရှိမနေစေချင်ဘူး။
အလုပ်လည်း မရှိဘူးလားမသိဘူး အချိန်ပြည့် ဦးရုံးခန်းထဲပဲ။ အိမ်မရှိဘူးလား။
" ညီလေး အစ်ကို့ကို ပြောစရာရှိလို့လား "
" မရှိဘူး "
" မသိပါဘူး ညီကအစ်ကိုကို အကြည့်မလွဲကြည့်နေတော့ ပြောစရာများရှိမလားလို့ "
ဂျောင်ဂုထိုဘိုးတော်ကို သေချာစိုက်ကြည့်ရင်း ကျိန်ဆဲနေမိသည်။ ဒါကိုထိုဘိုးတော်ကလည်း သိသည့်အလား သူ့ကိုပြန်ကြည့်ပြီး တမင်မေးနေသည်။ ဒီလူကြီးဘာဖြစ်ချင်နေတာလဲ သူ့ဆီကဦးကို ဖြုတ်ခုတ်ဖို့ကြိုးစားနေတာလား...
" သွားမယ် ပြန်ကြမယ် "
ဦးကပြန်မယ်ဆိုတော့ သူထရပ်လိုက်သည်။ထိုဘိုးတော်ကလည်း ထရပ်လာသည်။ သူတို့အတူပြန်ရတော့မှာလား..
ထင်တဲ့အတိုင်းပင်။ ကားပါကင်ရောက်လာတော့ ထိုလူကြီးကအရင် ကားထဲဝင်သွားသည်။ သူတစ်ကားတည်းအတူစီးရမှာလားမသိ၍ ကားနောက်ခန်းတွင်ပဲ ဝင်ထိုင်လိုက်ရသည်။ ထိုလူကြီးက ကားမောင်းတဲ့နေရာယူသွားတော့ သူကဦးကို နောက်ခန်းထဲအတူထိုင်ဖို့ ခေါ်လည်းရမည်မဟုတ်။
" ငါတို့ ဒီညီလေးကို အရင်ပြန်ပို့ကြမလား ဒါဆိုအွန်းလေးကိုကြိုဖို့ဆို နောက်ကျသွားမလား "
" ဘာလို့လဲ "
ကားထဲအကုန်ရောက်တော့ ထိုဘိုးတော်ကအရင် သူ့ကိုတစ်ချက်လှည့်ကြည့်ရင်း ပြောလာသည်။ ထိုအခါ သူကြောင်သွားသလို ဦးကလည်းခါးပတ်ပတ်နေရင်း သူ့ကိုတစ်ချက်လှည့်ကြည့်ကာ ပြန်မေးလေသည်။
" ငါတို့ဒိတ်ရှိတယ်လေ မင်းမေ့သွားပြီလား "
ဘာ ဒိတ်! ဘယ်လိုဒိတ်လဲ သူထိုဘိုးတော်ကြီးကို စူးစိုက်ကြည့်လိုက်တော့ ထိုလူကလည်း သူ့ကိုနောက်ကြည့်မှန်ကနေတစ်ဆင့် ကြည့်နေသည်။
" အာ အဲဒါကအခုလား နောက်ကျနေပြီမဟုတ်ဘူးလား "
" မနောက်ကျပါဘူးကွာ နောက်ကျလည်းဘာဖြစ်လဲ ငါတို့ဆုံတုန်းကို... အွန်းလေးလည်း သေချာပေါက်သဘောကျနေမှာ "
" ဒါဆိုလည်း မင်းသဘောလေ ဒါပေမဲ့ ကလေးကိုအရင်သွားကြိုရအောင် "
" အိုခေ မင်းသဘောအတိုင်းပဲ "
ဂျောင်ဂု တောက်ခေါက်ချင်စိတ်ကို မြိုသိပ်ရင်းပါးစောင်ကိုလျှာနဲ့ထိုးကာ အကြည့်လွဲလိုက်သည်။အခုသူတို့က သူ့ရှေ့မှာလာလုပ်ပြနေတာပဲ။ သူ့ကို ရှိတယ်လို့မထင်အောင် လျစ်လျှူရှုထားကြတာ နောက်ဆုံးစကားကို သူ့ကိုတစ်ချက်ကြည့်ပြီး ပြုံးလာတဲ့အပြုံးက သူ့ကိုဘယ်လိုဖြစ်သွားစေချင်တာလဲ သေချာပေါက် ဒီလူမှာ ရည်ရွယ်ချက်ရှိသည်။ဒီအခြေအနေတွင် သူဘာမှမဖြစ်သလို မသိချင်ယောင်ဆောင်နေလိုက်ချင်ပေမဲ့ သူမနေနိုင်။
" ဦးတို့ဘယ်သွားကြမလို့လဲ "
" ဟမ် "
" ဘယ်သွားကြမှာလဲလို့အခု! "
" အွန်းလေးကို သွားကြိုမှာလေ ညီ ဘာလဲ ညီအရင်အိမ်ပြန်နှင့်ချင်လို့လား "
သူမေးတာ သိသိလျက်နဲ့ တမင်ကြားဖြတ်ဝင်ဖြေနေတဲ့ ထိုလူကို သူတစ်ချက်အေးစက်စက် ကြည့်ပစ်လိုက်သည်။ထိုလူမျက်နှာက သူနဲ့ဆန့်ကျင်စွာ မြူးထူးနေသလို အပြုံးတွေဖောဖောသီသီပင်။
" ဦး "
" ဘာလဲ! ဘာလို့ခဏခဏခေါ်နေတာလဲ! "
" မေးနေတယ်လေ ဘာလို့မဖြေတာလဲ ဦးဘယ်သွားမှာလဲဆို! "
" အဲဒါက- "
" အဲဒါကလျှို့ဝှက်ချက်လေ ကိုယ့်အစီအစဉ်ကို မင်းဦးက ဘာမှမသိဘူး ဟိုရောက်မှ စပရိုက်ဖြစ်သွားမယ်ထင်တယ် ဟင်းဟင်း "
" အဲဒါက ဒီအတိုင်းရိုးရိုး- "
" ရှူး မဟုတ်ဘူး မင်းမသိအောင် ငါစီစဉ်ထားတာ ရှိသေးတယ် တိတ်တိတ်ကလေးလိုက်ခဲ့တော့ ဒီကညီလေးကို လိုက်ပို့ပြီးမှ ပြောပြမယ် "
ထိုသူက ဦးပြောမဲ့စကားတွေကို ဖြတ်ဖြတ်ပြောလာပြီး သူ့ဘက် မျက်လုံးတစ်ဖက်မှိတ်ပြကာ စကားပိတ်သွားသည်။ ဘာဖြစ်နေတာလဲသူက ဘာလို့သူ့ကိုတိုက်ခိုက်နေသလို ခံစားနေရတာလဲ ပြီးတော့ ဦးက သူလုပ်သမျှတွေကို မငြင်းဘူး။ ထိုလူကြီးက ထပ်မပြောနဲ့တော့ဆိုတာနဲ့ သူ့ကိုဂရုတောင်မစိုက်တော့ဘူး။ သူဦးကိုထပ်ခေါ်လိုက်သေးပေမဲ့ ထိုအချိန် ကားကရပ်သွားတော့ ဦးကပြန်မထူးတော့ဘဲ ကားပေါ်က ဆင်းသွားသည်။ကားထဲတွင် သူနဲ့ထိုဘိုးတော်ကြီးနဲ့သာ ကျန်ခဲ့သည်။ သူ့မျက်နှာ ထိန်းမထားနိုင်လောက်အောင် သူဒေါသထွက်နေမိသည်။ ဒီလူက ဦးနဲ့ဘာမှမပတ်သက်ဘူးဆိုတာ သူအခိုင်အမာပြောလိုက်ချင်တယ်။ ဦးပြောဖူးတယ် သူဘယ်သူ့ကိုမှမကြိုက်ဘူး၊ ကြိုက်မှာမဟုတ်ဘူးဆိုတာ ဒီလူကသာ သူငယ်ချင်းစည်းကနေ ကျော်နေတာ။
" ပူလို့လားညီလေး ညီလေးကြည့်ရတာ မသက်သာသလိုဘဲ အရမ်းပူနေရင် ကားမှန်ချလိုက်နော် ဆော့ဂျင်က အအေးမကြိုက်တော့ အဲကွန်းဖွင့်ပေးလို့မရလို့ "
" ခင်ဗျားနဲ့ဦးက ဘာမှမဆိုင်ဘူး လိုက်တွေးပေးနေစရာ အကြောင်းမရှိဘူး "
" ဆိုင်တာပေါ့ ဘာလို့ဒီလိုပြောရတာလဲ သူနဲ့ကိုယ်နဲ့က အခုမှအခု ဒီလိုတွေလုပ်တာမဟုတ်ဘူး ကိုယ်တို့က အနေဝေးနေသေးလို့ စိမ်းနေသလိုထင်ရတာ နောက်ဆို အသားကျသွားလိမ့်မယ် ဟင်းဟင်း "
" ဦးမှာမိန်းမရှိတယ် "
" ဟုတ်တယ်လေ ညီလေးလည်းသိတယ်မလား အခုတောင် သူ့ကလေးကို သွားကြိုနေတာ ဒါပြီးရင် ညီလေးကိုလိုက်ပို့၊ ပြီးရင် ညစာဒိတ်လေးပေါ့ "
ဒိတ် ဒိတ်ဆိုတာကို ထပ်ခါတလဲပြောပြီး သူ့ကိုခနဲ့နေသလို ခံစားနေရသည်။ ဒီလူက ဦးကိုကြိုက်နေတယ် သူကသူ့ကို ပြိုင်ဘက်လိုသဘောထားပြီး တိုက်ခိုက်နေသလို ဒီအခြေအနေမှာ သူဘာမှပြန်မလုပ်နိုင်ဘူး သူပြန်မချေပနိုင်ဘူး သူ့မှာချေပပြောစရာ စကားပင်မရှိ။ သူပြောရင်တောင်အခြေအမြစ်မရှိတာတွေဘဲ ထွက်လာခဲ့မှာဖြစ်ပြီး ဦးကလည်း သူ့ဘက်ကရှိနေမည်မဟုတ်။ သူတို့တကယ်ဒိတ်ကြတော့တောင် သူ့မှာတားဖို့ အခွင့်အရေးလည်းမရှိဘူး။ သူတားရင်တောင် ဦးကစိတ်တိုပြီး အော်ဟောက်လာအုံးမည်။ သူ့မှာဦးနဲ့ပတ်သက်လို့ ဘာလုပ်ပိုင်ခွင့်မှမရှိသေး။ သူအခုဦးကိုမသွားရဘူးလို့ ပြောလိုက်ရင် သူ့ကို'ရူးနေလားလို့တောင်' တုံ့ပြန်ခဲ့အုံးမည်။ သူအခုမှ တကယ်ကြီး အသည်းကွဲသလိုခံစားလိုက်ရပြီး နေလို့မကောင်းတော့။
ဦးလာတော့ သူမျက်လုံးမှိတ်ပြီး နောက်ကျောခုံကို မှီထားလိုက်မိသည်။ အခုက သူငိုပြီးတားရင်တောင် ရတော့မည်မဟုတ်တော့။ သူ့ဘေးနားတွင် လှုပ်လှုပ်ရွရွနဲ့ ပေါက်စတစ်ယောက် ဝင်ထိုင်လာတာနဲ့အတူ ဦးရဲ့မူပိုင် ချိုအီအီအနံ့လေးကပါ နှာခေါင်းထဲတိုးဝင်လာခဲ့တော့ မျက်လုံးပြန်ဖွင့်ကြည့်မိသည်။ ဦးကပေါက်စကို သေချာနေရာချပေးနေသည်။ ကားထဲထိ ခေါင်းဝင်ပြီး ခါးပတ်ပတ်ပေးတဲ့ဦးကို သူဆွေးဆွေးလေးကြည့်မိသည်။ ဦးကိုသူမပိုင်ရရင်တောင် ရသေးတယ် တခြားသူအပိုင်ဖြစ်သွားမှာကိုတော့ သူမခံစားနိုင်။ဦးသူ့ကိုမချစ်ဘူးဘယ်လောက်ပြောပြော သူဘယ်လိုမှမနေခဲ့တာ ဦးမှာသက်ဆိုင်သူရှိလာမယ်ဆိုတာ သူနည်းနည်းလေးမှကို မတွေးခဲ့တာ။ ပြိုင်ဘက်အနေနဲ့ အစ်မနိုအွန်းကလွဲရင် တခြားတစ်ယောက်ကို သူမစဉ်းစားထားမိဘူး။ သူမျက်လုံးတွေ ပြန်မှိတ်လိုက်တော့သူ့အာရုံတွင် ထိုလူရဲ့ အောင်နိုင်သူလို ခနဲ့တဲ့တဲ့အပြုံးကိုသာ မြင်နေရသည်။ သူကအရမ်းလွယ်လွန်းတဲ့ပြိုင်ဘက်ကို စိန်ခေါ်နေသလို.. ထိုသူရဲ့ဦးအပေါ်ချုပ်ကိုင်ထားတဲ့ စကားသံတွေ ပြန်ကြားယောင်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ဦးမှာ နှလုံးသားနဲ့ရင်းပြီး ချစ်ရတဲ့သူရှိလာရင်တောင် သူလက်မလျှော့နိုင်ဘူးဆိုတာ သူသိလာသည်။ ဦးကိုသူ့ရဲ့သွေးသားဆန္ဒတစ်ခုကြောင့်ပဲ လိုအပ်နေတာမဟုတ်ဘူးဆိုတာ သူ့ရင်ထဲက နက်နက်ရှိုင်းရှိုင်းခံစားလာရသည်။
သူဦးကိုလှုပ်ရမ်းပစ်ပြီး ဦးဘယ်သူ့ကိုမှ မချစ်ရဘူးလို့ ပြောပစ်လိုက်ချင်သည်။ သူအခုချိန်တွေးမိလိုက်သည်က ဦးမှာချစ်ရမဲ့သူ ရှိလာရင်တောင် သူလွယ်လွယ်နဲ့လက်မလျှော့နိုင်ဘူးဆိုတာ.... ကျွန်တော်လူဆိုးလည်းလုပ်နိုင်တယ်ဦး..
သူအတွေးတွေနဲ့ ယောက်ယက်ခတ်နေတုန်း သူ့ပေါင်ကိုလာထိတွေ့လာတဲ့ အထိအတွေ့တစ်ခုကြောင့် သူခေါင်းထောင်ရင်း မျက်လုံးတွေဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့ဘေးကပေါက်စက သူ့ပေါင်ကိုလက်တို့ရင်း သူ့ကိုနှိုးနေသည်။ သူကြည့်လိုက်တော့ သူ့လက်ထဲ စာရွက်တစ်ရွက် ထည့်ပေးလာသည်။ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်ရဲ့ ထမင်းဝိုင်းလေး..ပေါက်စက သူသင်ပေးထားတဲ့အတိုင်း လိုက်ဆွဲလာပြီး အခုလည်း သူတခုခုချီးကျူးလေမလား သူ့ကိုကြည့်နေသည်။ ပုံမှန်ဆို သူပျော်ပြီး လက်ရာတက်လာတဲ့ပေါက်စကို ချီးကျူးမိမှာဖြစ်ပေမဲ့ ထိုထမင်းဝိုင်းကလူကြီးတစ်ယောက်က သူ,မဖြစ်မှာကိုတွေးမိ၍ သူဖွဖွသာ ပြုံးနိုင်ခဲ့သည်။
' မင်းပုံဆွဲတာ တကယ်တိုးတက်လာပါပြီ ဒါပေမဲ့ ဒီတစ်ယောက်က ငါမလား '
___________________TBC
သူတို့နှစ်ယောက် အဲနားတင် မုန့်လုံးစက္ကူကပ်ဖြစ်နေကြတာ...
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



