Fanfics

11

18:09, 15 May 2025

Santa တို့ဒီကိုရောက်တာ တစ်ပတ်ကျော်နေပြီဖြစ်သည် ။ ထင်ထားသည်ထက်ရက်ပိုကြာနေပေမယ့် နှစ်ယောက်ကြားဆက်ဆံရေးသည် ဒီကြာချိန်ကြောင့်ဘဲ အဆင်ပြေပြေရှိလာခဲ့သလို ခံစားရသည် ။ သို့သော် phi Eyan ကြောင့်တော့ မကြာခဏ စကားများရတတ်သည် ။ ငယ်ငယ်ကအတိုင်း မပြောင်းလဲတဲ့ phi Perth က phi Eyan ကို အလုပ်ချိန်မှလွဲ၍ အကောင်းမဆက်ဆံပါ ။ phi Eyan ကလည်း Santa နားသို့ ရရင်ရသလို စကားလာပြောတတ်သည် ။ ဒါကိုမကြိုက်တဲ့ phi Perth ကလည်း သေးသေးလေးမျှ စိတ်မလျော့ ။ ပုံမှန်စကားပြောနေရင်တောင် မကြိုက်ပါ ။

" CEO ဗျ ဧည့်သည်ရောက်နေပါတယ် ! "

ရုံးခန်းထဲတွင် ထိုင်နေတုန်း ကောင်လေးတစ်ယောက်လာပြောသည်ကြောင့် နှစ်ယောက်လုံး ကြောင်အသွားသည် ။ ဒီနေရာအထိ ဘယ်ကဧည့်သည်က လာမည်မို့လို့လဲ ။

" ဘယ်သူလဲ ! "

" CEO ကိုယ်တိုင်လာခဲ့ပါလို့ ပြောခိုင်းလိုက်တယ်ဗျ "

" ခဏနေလာခဲ့မယ်လို့ ပြောလိုက် "

" ဟို .... အခုလာခဲ့ဖို့ သေချာမှာလိုက်တယ်ဗျ CEO ရဲ့ Camp မှာ စောင့်နေပါတယ် "

ခေါင်းကုတ်လျက်ပြောနေတဲ့ ကောင်လေးသည် အခက်တွေ့နေပုံရပါတယ် ။ ကြည့်ရတာ Perth ရဲ့ အာဏာကိုသုံးပြီး သေချာခိုင်းလိုက်ပုံရပါသည် ။ သူ့ အာဏာကိုသုံးနိုင်သည်ဆိုတော့ မည်သူဖြစ်မည်နည်း ။ Tata ကို လှည့်ကြည့်တော့လည်း သူ့အားတစ်ချက်သာကြည့်ပြီး File တွဲတွေဆီ အကြည့်ပြန်ပို့သွားသည် ။

" အခုသွားလိုက်မယ် မင်းသွားလို့ရပြီ "

" ဟုတ်ကဲ့ဗျ "

ထိုအခါမှ သူ့အားပြန်ကြည့်လာသည့် Tata က တစ်ခုခုကို ပြောချင်နေပုံရသည် ။ သို့သော် ဘာမှမပြောဘဲ သူ့ဆီက စကားကိုသာ စောင့်မျှော်နေသည် ။

" ဘယ်သူလို့ထင်လဲ "

" ကျွန်တော်က အကြားအမြင်ရနေတာမှမဟုတ်တာ "

" သွားမယ် လိုက်ခဲ့ ! "

လက်ကိုဆွဲလိုက်ကာ ခေါ်တော့လည်း နောက်ကနေအလိုက်သင့်ပါလာသည် ။ ညနေဘက်ရောက်နေပြီမို့ နေအပူရှိန်က လျော့နေပြီဖြစ်သည် ။ Camp ရောက်သည်အထိ လက်ကို မလွှတ်ဘဲခေါ်လာခဲ့လိုက်သည် ။ မဟုတ်လျှင် လက်လွှတ်ပေးတာနဲ့ ရုံးခန်းပြန်လှည့်ပြီး အလုပ်ပြန်သွားလုပ်ရင် လုပ်မှာ ။ Santa လိုလူက သိပ်သေချာတာ မဟုတ် ။ ပြီးရင် ဟိုကောင် Eyan ကလည်း Santa တစ်ယောက်ထဲရှိမယ့်အချိန်ကို ကျားချောင်းသလို ချောင်းမြောင်းနေတာ ။

သို့သော် Camp ထဲဝင်လိုက်ချိန်တွင်တော့ နှစ်ယောက်လုံးခြေလှမ်းတွေရပ်တန့်သွားသည် ။

" Wan ! "

ရှေ့ရှိရပ်နေသော မိန်းကလေးသည် သူတို့နှစ်ယောက်ကိုကြည့်ကာ အံ့ဩသွားသယောင်ရှိသည် ။ ပြီးနောက် တွဲလျက်ရှိနေသော လက်၌ အကြည့်ပို့ကာ မျက်မှောင်ကျုံ့သွားသည် ။ ပြီးနောက် သူတို့ဆီပြန်ရောက်လာသည့် အကြည့်စူးစူးသည် လုံးဝစွပ်စွဲမှုအပြည့် ။ ထိုအခါမှ Santa အသိဝင်လာ ကာ phi Perth လက်ထဲမှ ရုန်းထွက်လိုက်သည် ။ သူရုန်းထွက်လိုက်တော့ phi Perth က သူ့အားချက်ချင်းလှည့်ကြည့်လာသည်ကြောင့် Santa ခေါင်းငုံ့ချလိုက်သည် ။ တကယ် ဘယ်လိုအခြေအနေကြီးလဲ ။ ဘာကြောင့် အပြစ်လုပ်ထားသူလို ခံစားနေရသည်လဲ ။ အသက်ရှူရသည်ကိုပင် မလွှတ်လပ်တော့သလို ခံစားနေရသည့်အပြင် မလုံမလဲစိတ်က ကြီးစိုးလာသည် ။ သို့ပါသော်လည်း ကျွန်တော်က ပိုချစ်ခဲ့ရတဲ့လူ ဆိုသည့် အတ္တဟာလည်း တစ်ချက်တစ်ချက် ပေါ်လာပြန်သည် ။ သို့သော်ငြား ယခုအခြေသည် ယှဉ်ပြိုင်လုရမည့်အနေအထားဟုတ်မနေပါ ။ ဟုတ်ခဲ့သည်ရှိပါလျှင်လည်း သူပြိုင်မလုချင်ပေ ။ ဒီလိုအခြေအနေဖြစ်လာမှာကို သူအမုန်းဆုံးဘဲ ။

" ကျွန်တော် ရုံးခန်းပြန်သွားလိုက်မယ် "

phi Perth အား ထိုသို့ပြောလျက်လှည့်ထွက်ဖို့ ကြံလိုက်သည် ။ သူဒီနေရာမှာ အချိန်ကြာကြာရပ်မနေချင်တော့ပါ ။ သို့သော်

" နေပါအုံး ချက်ချင်းရှောင်ထွက်သွားမလို့လား ! "

ထိုမိန်းကလေး၏ စကားကြောင့် Santa ခြေလှမ်းတွေရပ်လိုက်ကာ သက်ပြင်းဖွဖွချလိုက်ပြီး နောက်သို့ပြန်လှည့်လိုက်သည် ။ သူလွယ်လွယ်နဲ့ ထွက်သွားလို့ရမည်မဟုတ်မှန်း သိလိုက်ပါသည် ။

" ဟွန်း! တော်သေးတာပေါ့ လိုက်လာလို့ မဟုတ်ရင် ဘယ်အခြေအနေအထိ ရောက်မလဲမသိဘူး ! "

" Wan ! မင်းစကားကို ဆင်ခြင်ပြော "

" မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတာကို ဘာဆင်ခြင်ပြောစရာရှိသေးလို့လဲ "

" ကျစ်!! "

အခြေအနေသည် ပိုပြီးတင်းမာလာဖို့သာ ရှိသည် ။ ရုတ်တရက် ရောက်ချလာသည့် Wan ကိုဘဲ အပြစ်တင်ရတော့မလား မသိပေ ။

" Santa !! မင်းက ထင်ထားတာထက် အဆိပ်ပြင်းတာဘဲ "

ထိုမိန်းကလေး၏ စကားကြောင့် Santa စူးကနဲစိုက်ကြည့်လိုက်မိသည် ။ ပြီးကာမှ စိတ်ကိုပြန်လျော့ချလိုက်ကာ စိတ်ထဲရေရွက်နေမိသည် ။ နေပါစေတော့ ။ ပြောပါစေ သူကိုယ်တိုင် စည်းကျော်မိလိုက်တာမို့ ဒီတစ်ကြိမ်တော့ အပြောခံရလည်း ဖြစ်ပါသည် ။ ဒေါသစိတ်အား မြိုချလိုက်ကာ phi Perth ကို တစ်ချက်ကြည့်လိုက်သည် ။ ထိုအခါ သူ့အားကြည့်နေသည့်လူက အားနာနေသည့်မျက်ဝန်းများဖြင့် ။ ထို့ကြောင့် Santa ချက်ချင်းအကြည့်ပြန်လွှဲလိုက်သည် ။ မခံချင်ပါ အဲ့ဒီလိုမျက်ဝန်းတွေက Santa ကို ပိုပြီးနာကျင်စေသည်မဟုတ်လား ။ ပြီးနောက် အောင့်သက်လာသည့်ရင်သည် သူ့ကို ဒီနေရာမှထွက်သွားဖို့ အချက်ပြနေသလိုပင် ။ နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ စိတ်လျော့ဖို့သာ ကိုယ့်ကိုကိုယ် သတိပေးနေမိတော့သည် ။

" Wan ..... ကိုယ်ရှင်းပြနိုင်တယ် မင်းအထင်လွဲနေတာ "

" ဟွန်း!! အထင်လွဲနေတာ ဟုတ်လား ထားပါတော့လေ Wan က အထင်လွဲနေတယ်ဘဲ "

ရှေ့ရှိ သူမ၏ချစ်သူနှင့် ချစ်သူ၏သဲသဲလှုပ်လေးအားကြည့်ရင်း သူမအသားတွေပင် တုန်ယင်လာတဲ့အထိ ဒေါသဖြစ်မိသည် ။ မဟုတ်ဘူး ဒေါသထွက်တာထက်ကို သူမ ကြောက်နေမိတာလည်း ဖြစ်နိုင်သည် ။ သူမလက်ထဲမှ ထိုကောင်လေးလက်ထဲသို့ ပြန်ရောက်သွားခဲ့လျှင်ဆိုသည့် အသိစိတ်သည် သူမရင်ကို ထိုးနက်နေသည် ။ သူမအပိုင်ကို လုသွားရင်ဆိုသည့် ခံစားချက်ထက် သူမအပိုင်ကို အရင်ပိုင်ရှင်ထံပြန်ပေးလိုက်ရရင် ဆိုသည့်စိတ်က ပိုပြီးကြီးစိုးနေသည် ။ သူမသည် လုယူခဲ့သည် မဟုတ်သော်လည်း သူမ၏ချစ်သူသည် ထိုကောင်လေးအပေါ် မည်မျှလေးနက်ပြီး ဘယ်လိုခံစားချက်ရှိခဲ့သလဲဆိုတာ သူမချစ်သူကသာ မသိခဲ့ပေမယ့် သူမကတော့ တိတိကျကျသိခဲ့သည်မဟုတ်လား ။ သေးသေးလေးမှ မာန်မလျော့သော မျက်နှာထားတင်းတင်းနှင့်ကောင်လေးသည် ဘာစကားမျှပြန်မဆိုသော်ငြား မာနတစ်ခုကိုတော့ တန်းမြင်နိုင်သည် ။ ထိုမာနတွေထဲ သူမကို ပြိုင်ဆိုင်လိုခြင်း အလျှင်းမရှိပါ ။ သို့သော် သူမဘာကြောင့် ယခုအချိန်ထိ ယှဉ်ပြိုင်ခံနေရသလို ခံစားနေရပါသနည်း ။

" ဟုတ်ပြီ မင်းနားလည်အောင် ကိုယ်ဘာမှမပြောတော့ဘူး မင်းထင်ချင်သလိုထင်နိုင်တယ် "

သူမချစ်သူ၏ စကားကြောင့် သူမရင်ထဲ ပိုပြီးအောင့်သက်လာမိသည် ။ သူမချစ်သူပြောချင်သည်က ဘယ်လိုထင်ထင် စောက်ဂရုမစိုက်ဘူးဟု ပြောချင်တာ ။ သူတို့ဘာဖြစ်ဖြစ် သူမ မကျေနပ်ရင် ထွက်သွားလိုက်လို့ ပြောလိုက်တာနဲ့အတူတူပင် ။ သူမသိပါသည် ။ သူမချစ်သူက သူမခံစားချက်တွေကို အရင်ကတည်းက ထူးပြီးဂရုစိုက်ခဲ့တာမှ မဟုတ်ဘဲ ။ သူမကသာ ...... ။

အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်သွားသည် ။ ပြဿနာအကြီးကြီးတစ်ခုဖြစ်တော့မည်ဟု ထင်ကောင်းထင်ကြလိမ့်မည် ။ သို့ပါသော်လည်း လက်တွေ့တွင် အမှားပြုသူသည် မည်သူနည်း ။ စွပ်စွဲပြောဆိုသူသည် မည်သူနည်း ။ မည်သူသည် မှန်ပါသနည်း ။ ဘာဆိုဘာမှ မရေရာတော့ဘဲ ငြိမ်သက်ခြင်းသည်သာ အစားထိုးဝင်ရောက်လာသည် ။ ထိုတိတ်ဆတ်မှုများကြားတွင် သူ့အထုတ်သူ သွားသိမ်းနေသူက Santa ဖြစ်သည် ။

သူဒီနေရာကထွက်သွားဖို့ အချိန်ရောက်ပြီလေ ။ ဒီနေရာမှာ ဆက်မနေသင့်တော့ပါ ။ ပိုင်ရှင်ရောက်လာပြီဖြစ်သည့်အတွက် နေရာဖယ်ပေးဖို့တာဝန်ရှိကြောင်းကိုတော့ သူသေချာသင်ယူခဲ့ဖူးပါသည် ။ ထို့ကြောင့် ပစ္စည်းတွေအားလုံး သိမ်းယူလိုက်ကာ Camp ထဲမှ ထွက်သွားဖို့ပြင်ရသည် ။ ထိုအခါ သူလုပ်သမျှတစ်ဆင့်ချင်းလိုက်ကြည့်နေသူသည် Camp ထဲက ထွက်ခါနီးတွင်တော့ လက်ကို လာဆွဲသည် ။ ပြီးနောက် မျက်မှောင်ကျုံ့ကာ ကြည့်လာလျက်

" ဘာလုပ်တာလဲ !! "

Santa အံ့ဩစွာဖြင့် စူးကနဲမော့ကြည့်မိသည် ။ ဘာလုပ်တာလဲ ။ တကယ်ဘဲ မေးနိုင်သည့်လူအား မချီးကျူးဘဲ မနေနိုင်တော့ပါ ။ နှစ်ယောက်အိပ်တဲ့ အိပ်ရာတစ်ခုမှာ သူက ကြားဝင်အိပ်ရမှာတဲ့လား ။ အဲ့တာထက်ကို သူတို့နှစ်ယောက် အတူတူရှိမည့်နေရာမှာ Santa သည် မည်သို့သော် မျက်နှာမျိုးနှင့်နေရမည်နည်း ။ အစအဆုံး အဆင်ပြေနိုင်သည် ထင်ခဲ့မိလိုက်သည့် Santa ဘဲမှားသွားတာ ။ မဖြစ်နိုင်တာကို မျှော်လင့်ချက်ထားပြီး စည်းစောင့်ဖို့တောင် မသိတော့တဲ့ Santa ကဘဲ စောက်ရူးတစ်ယောက်လိုမျိုး အမှားကိုသိသိရက်နဲ့လုပ်မိခဲ့တာ ။ ရပြီမဟုတ်လား ။ အဲ့ဒီလောက်ဆို လုံလောက်ပြီမဟုတ်လား ။ Santa ထိုလူ့လက်ထဲမှ အားပါပါ ရုန်းထွက်လိုက်သည် ။

" ကျစ်!! ဒီမှာမအိပ်ရင် မင်းက ဘယ်မှာသွားအိပ်မှာလဲ "

" ခင်ဗျားမှာ ဦးနှောက်မရှိဘူးလား ! "

သူပြောလိုက်တော့ စူးရဲသွားသည့်မျက်ဝန်းတွေက တကယ့်ကို ဒေါသတကြီး ။ Santa ထပ်ပြီး ဂရုမစိုက်နိုင်တော့ပါ ။ ထို့ကြောင့် Camp ထဲမှ မြန်မြန်ထွက်လာခဲ့လိုက်တော့သည် ။

ကျန်ခဲ့သည် Perth မှာတော့ ခေါင်းတစ်ခုလုံး ပူထူနေသည် ။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့သည့် အခြေအနေနှင့်အတူ ထွက်သွားသူအတွက် စိုးရိမ်စိတ်သည် တဖွားဖွား ။ ရှေ့က Wan ကို ကြည့်လိုက်တော့လည်း သူအား ခနဲ့သလိုအကြည့်များဖြင့် ကြည့်နေသည့်အပြင် အောင်နိုင်သူတစ်ယောက်လို မျက်နှာထားဖြင့် ။ သို့သော် Perth စိတ်ထဲအလိုမကျသလို ဒေါသထွက်လာရသည် ။

" Wan အမှားမဟုတ်ဘူးနော် Wan သူ့ကိုမောင်းမထုတ်ဘူး "

ပြောပြီးသည်နှင့် ဆိုဖာပေါ်ဟန်ကျကျထိုင်ချလိုက်သည့် မိန်းကလေးသည် တကယ်ဘဲ သူမ နိုင်သည်ဟု ယူဆလိုက်ပုံပေါ်သည် ။

" တောက်စ်!! "

" ကို ! ဘယ်သွားမှာလဲ "

ဒေါသတွေကို မည်သည့်နေရာပုံချရမည် မသိတော့သည့်အဆုံး တောက်စ် ခေါက်ချလိုက်ကာ Camp ထဲမှ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့သည် ။ ပြီးနောက် အထုတ်ဆွဲကာ ထွက်သွားသည့်တစ်ယောက်နောက် လိုက်ရသည် ။ ရူးနေလို့ထွက်သွားတာ ။ Camp အပိုတွေရှိမနေတာ သူအသိဆုံးဘဲ ။

Camp နဲ့ သိပ်မဝေးသည့်နေရာမှာဘဲ ကောင်လေးကို တွေ့ရသည် ။ ထို့ကြောင့် မြန်မြန်လိုက်သွားကာ လက်မောင်းရင်းကနေဆွဲလိုက်ပြီး အထုတ်ကိုပါဆွဲယူလိုက်သည် ။ ထိုအခါ သူအားကြည့်လာသည့် ကောင်လေးက မျက်ခုံးတွေတွန့်ချိုးနေတဲ့အပြင် တင်းမာနေသည့် မျက်နှာထားဖြင့် ။

" ပြန်ပေး ! "

အထုတ်အား ပြန်ဆွဲလူလာသူကြောင့် လက်မောင်းကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည် ။ ထိုအခါမှ ပြန်ဆွဲလုနေသည်ကိုရက်ကာ မျက်နှာလေးပါ ရှုံ့မဲ့သွားသလို ။

" ခင်ဗျားရူးနေတာလား ! ကျွန်တော့်ကို လွှတ် "

သူ့လက်မောင်းပေါ်မှ Perth ရဲ့လက်တွေကို ဖယ်ချကာ ဒေါသတကြီးပြောနေသည့်ကောင်လေးအား ကြည့်ကာ Perth ရင်တွေထူပူလာသည် ။ ဘာကြောင့် ဒီအခြေအနေကြီးသည် သူ့အတွက် အဆင်မပြေဖြစ်ရသနည်း ။ ဘယ်သူ့ကို ဒေါသထွက်လို့ ထွက်မိမှန်းလည်း မသိတော့ပါ ။ အပြစ်ရှိသူသည် မည်သူဖြစ်မည်နည်းကိုပင် တိတိကျကျ ပြေးမသိနိုင်တော့ပေ ။

အထုတ်အား လွှတ်ချလိုက်ကာ အရှေ့ကအဖြူရောင်အရိပ်ကလေး၏ လက်မောင်းနှစ်ဖက်အား ချုပ်ကိုင်ကာ သူမျက်နှာနှင့်တည့်တည့် မျက်နှာချင်းဆိုင်စေလိုက်သည် ။ ထိုအခါ ဒေါသမျက်ဝန်းများဖြင့် စူးရဲစွာစိုက်ကြည့်လာသည့် ကောင်လေးသည် မည်သည်ကို အဲ့ဒီလောက် စိတ်ဆိုးနေပါသနည်း ။ ဘာကြောင့် ဒီကောင်လေးက စိတ်ဆိုးလွယ် ဒေါသထွက်လွယ်နေသလဲဆိုတာ Perth မစဉ်းစားတတ်တော့ပါ ။ တုန်ယင်နေသည့်နှုတ်ခမ်းတွေနှင့်အတူ ထိုကဲ့သို့ဒေါသမျက်ဝန်းများသည် ထိုကောင်လေးနှင့် နည်းနည်းမျှမလိုက်ဖက်လှပေ ။

" မင်းစိတ်ကို ခဏလောက်လျော့လိုက် ! အဆင်မပြေရင် မပြေတဲ့အကြောင်းပြောပြ အဲ့တာမှ ကိုယ်ဖြေရှင်းပေးလို့ရမှာ အမြဲတမ်း ဒေါသထွက်လွယ် စိတ်ဆိုးလွယ်မနေနဲ့ ! ကိုယ်ပြောတာ နားလည်လား "

အဆင်မပြေတဲ့အကြောင်း ။ ဘာကအဆင်မပြေတဲ့အကြောင်းဆိုတာ ပြောပြနေမှ သိမှာတဲ့လား ။ မဟုတ်ဘူး တကယ်အဆင်မပြေဖြစ်နေတာက Santa ကိုယ်တိုင်လေ ။ ဖြေရှင်းပေးမယ်ဆိုတဲ့စကားက သူ့ ထက် ဟိုမိန်းကလေးအတွက်ဖြစ်သင့်တာမဟုတ်လား ။ မဟုတ်သေးဘူး ။ ဘယ်သူက နစ်နာသူမှန်းတောင် ရေရေရာရာမသိနိုင်တဲ့ အခြေအနေ ။ အပြောခံခဲ့ရသည့် စကားတွေကိုပင် မနာနိုင်တော့လောက်အောင်ပင် သူ့ရင်ထဲမွန်းကျပ်နေသည် ။ ဘာကြောင့်မို့ ... ဘာကြောင့်မို့ ဒီအနှောင်အဖွဲ့ထဲ တိုးဝင်မိခဲ့သလဲဟူသည့် မေးခွန်းတွေသာ အစီအရီပေါ်လာခဲ့တော့သည် ။ မဖြစ်နိုင်ဘူးဆိုတဲ့ အသိစိတ်တို့သည်လည်း ဦးနှောက်ထဲ တိုးဝင်နေရာယူလာသည်မို့ အရှေ့က လူ၏မျက်နှာကိုပါ စေ့စေ့မကြည့်နိုင်တော့ဘဲ လှိုက်တက်လာသည့် မျက်ရည်များသည် ထိန်းချုပ်မရနိုင်တော့ပါ ။ မငိုချင်ပါသော်လည်း မွန်းကျပ်လွန်းသည့်စိတ်သည် တားဆီးမရတော့ကြောင်း လှောင်ရယ်နေကြသည် ။ အဆုံး၌ ခေါင်းကိုငုံ့ချလိုက်ကာ ရှုံးပွဲချလိုက်မိသလို မျက်ရည်တွေအဖြိုင်ဖြိုင်စီးကျလာတော့သည် ။ ထွက်သွားလိုက်ချင်ပါသည် ။ ထိုလူနှင့်အဝေးဆုံးနေရာတစ်ခုကိုသာ အပြီးတိုင်ထွက်သွားလိုက်ချင်တော့သည် ။

" ကျစ်!! ခဏစောင့် ဘယ်ကိုမှမသွားနဲ့ "

အမိန့်သံကဲ့သို့ ခပ်မာမာလေသံသည် တကယ်ဘဲအာဏာသက်ရောက်မှုရှိသည်ဟုဆိုရမလား ။ Santa ခြေထောက်တွေ တုတ်တုတ်မျှမလှုပ်မိဘဲ ငြိမ်လျက်ရပ်နေမိသည် ။ တစ်နည်းအားဖြင့် သူကိုယ်တိုင် ဘာမှမလုပမချင်တော့တာလည်းပါလိမ့်မည် ။ စိတ်ရောကိုယ်ရော ဘာအင်အားမျှမရှိသလို ထုံကျင်နေမိသည် ။

" Camp တစ်ခုအမြန် စီစဉ်ပေး ! "

" ...... "

" အမြန်ပြီးအောင်လုပ် မဟုတ်ရင် အကုန်အလုပ်ထုတ်မယ် !! "

တစ်ဖက်ဖုန်းထဲက ဘာပြန်ပြောသည်မသိပေမယ့် ဒေါသတွေကို တစ်ဖက်ကိုပုံချသလို ဒေါသသံဖြင့် ပြောဆိုနေသူသည် မှေးကြောတွေကအစ ထောင်လွှားနေသည် ။ ပြီးမှ Santa ဘက်ပြန်လှည့်ကြည့်လာကာ အနားသို့တစ်ခါပြန် ရောက်လာသည် ။ ပြီးနောက် Santa လက်တစ်ဖက်အား လှမ်းဆွဲကိုင်လာသည်ကြောင့် ချက်ချင်းရုန်းပစ်လိုက်သည် ။ ထိုအခါ သက်ပြင်းချလိုက်သူသည် ဘာပြောရမှန်း မသိတော့သည့်ပုံဖြင့် ။ Santa ထိုလူအားမော့မကြည့်ဘဲ အကြည့်လွှဲလျက်သားဖြင့်သာ ငြိမ်နေလိုက်သည် ။

" စိတ်ဆိုးအောင်လုပ်မိလို့ ကိုယ်ကတောင်းပန်တယ် "

" ..... "

" ပြီးတော့ ထပ်မငိုနဲ့တော့ "

ချက်ချင်းပြောင်းလဲသွားသည့်လေသံသည် ဒေါသရိပ်မပါသော်ငြားလည်း ပျော့ပြောင်းနူးညံ့ခြင်းလည်း မရှိနေပါ ။ သို့သော် Santa ထိုစကားတို့အား ကြားချင်စိတ်ရှိမနေပါ ။ ထို့ကြောင့် ထို့လူ့မျက်နှာလည်း မော့ကြည့်ကာ ပြတ်ပြတ်သားသားပြောရန် ကြံရွယ်လိုက်သည် ။ သို့သော် မော့ကြည့်လိုက်ချိန် မြင်လိုက်ရသော မျက်ဝန်းနက်နက်တို့ကြောင့် သူပြောမည့်စကားများအားလုံး တဖန်ပျောက်ရှကုန်ပြန်သည် ။ မလုပ်နိုင်ဘူး ။ ဒီလူနဲ့ပတ်သက်ရင် ဘာဆိုဘာတစ်ခုမှ ပြတ်ပြတ်သားသား မလုပ်နိုင်ဘူး ။ ဒီတစ်ခါလည်း .... ဒီတစ်ခါလည်း ထပ်ရှုံးရပြန်ပြီလား ။

-----

" ကို !! "

Camp သို့ ပြန်ရောက်လာကတည်းက သူမကို ရှိသည်ဟုပင် မထင်သောချစ်ရသူသည် သူမရှိရာသို့တစ်ချက်ပင် လှည့်မကြည့်ပါ ။ အပြစ်လုပ်ထားသူသည် သူမဘဲ ဖြစ်သွားသလို ဆက်ဆံနေခြင်းသည် အဘယ်ကြောင့်နည်း ။ တကယ်တမ်းဆိုပါလျှင် အမှားလုပ်သူသည် သူမမှ မဟုတ်နေဘဲ ။

" ကို Wan ခေါ်နေတာ မကြားဘူးလား "

ထိုအခါမှသာ သူမအား လှည့်ကြည့်လာသူသည် မျက်လုံးတွေက သူမကို အလိုမကျသလို ဒေါသရိပ်များပြည့်လို့နေသည် ။ ဆိုတော့ အမှားလုပ်ခဲ့သူက သူမဘဲလား ။

" Wan ကို အဲ့လိုမကြည့်နဲ့ ကို ! "

သူမ အိပ်ရာပေါ်မှထလိုက်ကာ ချစ်ရသူ၏ဘေးသို့ သွားထိုင်လိုက်သည် ။ ထိုအခါ အကြည့်လွှဲကာ အံတင်းတင်းကြိတ်လိုက်သူက တကယ်လဲ သူမကို အလိုမရှိဘူးဆိုတဲ့သဘော ။ သူမရင်ထဲ အောင့်သက်လာရသည် ။ တကယ်တမ်းဆိုပါလျှင် သူမ၏ချစ်သူ ဟိုကောင်လေးနောက် လိုက်သွားတာကိုတောင် သူမ မတားဘဲ လွှတ်ပေးလိုက်တယ်မဟုတ်လား ။ ဒီလောက်ဆို တော်ရောပေါ့ ။ အခု သူမဆီပြန်ရောက်လာချိန်မှာတောင် စိတ်တွေက သူမဆီပြန်ပါမလာပေ ။ ရန်ဖြစ်နိုင်မည့် စကားလုံးတို့ကို သုံးမိပါလျှင် ဆိုးဝါးလာမည့်အခြေအနေနှင့် သူမချစ်သူ သူမအပေါ် စိတ်ကွက်သွားဖို့သာ ရှိသည် ။ ပြီးတော့ သူမ ချစ်သူအကြောင်း သူမသိတာဖို့ ကိုင်တွယ်ဖို့ နည်းလမ်းသည်တစ်ခုသာရှိလိမ့်မည် ။

" ဟုတ်ပြီ ကို ကြိုက်တာလုပ် Wan ဘာမှမပြောဘူး ကို့စိတ်ကြိုက် Wan နေခွင့်ပေးမယ် "

ထိုအခါ သူမဘက်သို့ လှည့်ကြည့်လာသော မျက်ဝန်းများသည် စိမ်းသက်လွန်းသည့်အပြင် မျက်ခုံးတွေကပါ တွန့်ချိုးထားသေးသည် ။

" ခုဏက ကိစ္စကို Wan မေ့ထားလိုက်မယ် Wan ကိုနဲ့ပြဿနာ မဖြစ်ချင်တော့ဘူး "

" ...... "

" အကြာကြီးခွဲနေရတော့ Wan လွမ်းလို့လိုက်လာတာပါ ရောက်ရောက်ချင်းမြင်လိုက်ရတာက Wan ကို စိတ်မဆိုးစေဘဲ ရှိရိုးလား ၊ ဒေါသထွက်မိတာ Wan အမှားပါ Wan တောင်းပန်တယ်နော် "

ပြောနေရင်းပင် သူမ Perth ရဲ့ လက်မောင်းတွေကို တွဲချိတ်လိုက်ကာ ပုခုံးပေါ်မှီတင်လိုက်ရင်း မော့ကြည့်မိသည် ။ ထိုအခါ ခပ်လှုပ်လှုပ်ဖြစ်နေသည့် မှေးရိုးတွေက အနည်းငယ်ပြေကျလာပြီမို့ အလုပ်ဖြစ်မှန်း သူမသိလိုက်သည် ။ ထို့ကြောင့် ပိုတိုးပြီး ဖက်တွယ်လိုက်ပြီး ခါးနားတစ်ဝိုက်ကိုပါ ပွတ်သတ်ရင်း ချွဲပြလိုက်တော့ သူမအား ငုံ့ကြည့်လာသည် ။ သို့သော် တွန့်ချိုးနေသော မျက်ခုံးတန်းတွေသည် မပြေကျသေးပါ ။ ထို့ကြောင့်

" ကို စိတ်ကစားတာကို ကြိုက်သလောက်လုပ်ပိုင်ခွင့်ပေးမယ် Santa ဆိုရင်တောင် Wan ခွင့်ပြုပေးမယ် ဒါပေမယ့် အချိန်တန်လို့ ကိုလက်ထပ်မယ့်လူက Wan ဘဲဖြစ်ရမယ် "

ဘာစကားမှ ပြန်မပြောဘဲ ငြိမ်ကျသွားသည်မို့ သူမ စကားကို လက်ခံလိုက်တယ်လို့ဘဲ သူမ ယူဆလိုက်သည် ။ ဟုတ်သည် ။ အချိန်တန်လို့ သူမ ပိုင်ရရင်ဖြစ်တယ် မဟုတ်လား ။ ဘယ်သူနဲ့ဘာဘဲဖြစ်ဖြစ်လေ ။ ကိုက သူမအပိုင်ဆိုတာ သေချာနေမှဖြစ်မည် ။

------

မနက်လင်းတော့လည်း Wan ရှိနေတာမို့ Santa ဆီသွားဖို့ အဆင်မပြေဖြစ်ရသည် ။ တစ်ညလုံးလည်း အိပ်မရခဲ့သလို ထူပူနေသည့် စိတ်ကိုလည်း အဖြေရှာမရပါ ။ အလုပ်ထဲရောက်မှ သေချာစကားပြောမယ်ဟု ကြံလိုက်ပါသော်လည်း Wan အလုပ်ထဲလိုက်ခဲ့မယ် ဟူသည့် စကားကြောင့် Perth အခက်တွေ့နေမိသည် ။ မျက်ရည်လွယ်တဲ့ ကောင်လေးက ထပ်များငိုနေမလားလို့ တွေးလိုက်ရင်လည်း ပိုပြီးစိတ်ပူလာရသည် ။

သို့သော် ထိုစိတ်ပူစိတ်တို့သည် Santa ကို တကယ်တွေ့လိုက်ချိန်တွင် ကြက်ပျော်ငှက်ပျောက် ။ အဲ့ဒီအစား အနားသို့သွားကာ ဆွဲထုတ်လာချင်စိတ်သာ ရှိသည် ။ ဘာကြောင့်လဲ သူအနားမှာမရှိတာနဲ့ ချက်ချင်းဘဲ ပြောင်းလဲ သွားတာလား ။ Santa က တကယ်အဖြေရှာဖို့ခက်လွန်းတယ် ။ ဒီကြားထဲအဆင်ပြေဖို့ ကြိုးစားခဲ့သမျှ အကုန်လုံးသည် သဲထဲရေသွန်ဖြစ်ကုန်ပြီတဲ့လား ။ သူဒေါသသည် ရှေ့ကမြင်ကွင်းကို မြင်ရလေလေ အတိုင်းမသိ ဆောင့်တက်လာလေလေဖြစ်လာသည် ။ ထို့ကြောင့် ထိုနေရာသို့ သွားလိုက်ရန် ခြေလှမ်းလိုက်စဉ် သူ့လက်မောင်းသို့ ဆွဲချိတ်လာသည့် လက်တွေနှင့်အတူ

" မြင်လား သူလိုလူက ကိုမရှိလည်းဖြစ်တယ် "

မီးလောင်ရာလေပင့်ဆိုသလို Wan ရဲ့ စကားက သူ့ရင်ကို ပိုပြီး စို့နစ်လာစေခဲ့သည် ။ ပြီးတော့ ဆောက်တည်ရာ မရတော့သည့်စိတ်တွေသည် နှလုံးအိမ်နှင့်ရင်ဘတ်တစ်ခုလုံးကို ထူပူလာစေသည် ။ ဒီနေရာမှာ နည်းနည်းလေးမျှ နေချင်စိတ်မရှိတော့ခြင်းကြောင့် Wan ရဲ့လက်ကိုပင် အားဖြင့်ရုန်းချပြီး ဝုန်းဒိုင်းကျဲ ထွက်လာခဲ့လိုက်သည် ။ ခြေတစ်လှမ်းတိုင်းမှာ ခုဏက မြင်ကွင်းကသာ ကြီးစိုးလာခဲ့သည် ။ Pongsapak က ဘာလို့ဒီအချိုးဘဲလဲ ။ သေချာပေါက် မှာထားခဲ့တယ် အဲ့ဒီကောင်နဲ့ ဝေးဝေးနေဖို့ ။ အခုတော့ သူ့စကားကိုတောင် ဂရုမစိုက် ပြုံးရွှင်နေသည့်မျက်နှာထားသည် ဘယ်လောက်ပျော်ရွှင်နေမှန်းသိသာသည် ။ ကြားထဲက မပတ်သက်ပါနဲ့ ဟူ၍လိုက်ပြောခဲ့သည် သူကသာ စောက်ရူးကြီးဖြစ်နေခဲ့သလို ။ တွေးလိုက်တိုင်း စိတ်တိုဒေါသထွက်ရလွန်းလို့ မြင်မြင်သမျှ ရိုက်သာခွဲပစ်ချင်တော့သည် ။

Wan နေရာမှာ ရပ်ကျန်ခဲ့ရင်း ပြုံးလိုက်သည် ။ ပြီးနောက် Santa တို့ဆီလှည့်ကြည့်တော့ သူတို့အားကြည့်နေသည့် ကောင်လေးနှင့်အကြည့်ချင်ဆုံသွားသည် ။ သူမနှင့်အကြည့်ချင်းဆုံသွားတော့ ချက်ချင်းမျက်နှာလွှဲသွားသည်ကြောင့် သူမ ပိုပြီးတောင် မာန်တက်မိသည် ။ Santa က သူမကို ဘယ်တော့သောအခါမှ အကြည့်ချင်းမပြိုင်ရဲဘူးမဟုတ်လား ။ သူမ ခနဲ့သလိုပြုံးလိုက်ပြီး ထွက်သွားသည့် ကို့နောက်သာ လိုက်လာခဲ့တော့သည် ။

Santa ကတော့ ခပ်လှမ်းလှမ်းက နှစ်ယောက်ကို ကြည့်ပြီး ငြိမ်လျက်သားရပ်နေမိသည် ။ သေချာပေါက် သူနဲ့ phi Eyan ကို phi Perth မြင်သွားမှာဘဲ ။ မြင်အောင်လည်း တမင်လုပ်ပြခဲ့တာမဟုတ်လား ။ ပတ်သက်မှုတိုင်းကို ရပ်တန့်ဖြစ်ဖို့ကိုဘဲ သူကြိုးစားတော့မည် ။

" အဆင်ပြေရဲ့လား Santa "

" ပြေပါတယ် phi Eyan ကို ကျေးဇူးတင်ပါတယ် "

ထိုအခါ phi Eyan က ပြုံးပြလာကာ Santa ကို ဂရုဏာသက်စွာကြည့်သည် ။

" Santa အဆင်ပြေဖို့ဘဲ အရေးကြီးတာပါ "

" ..... "

" အဲ့ကောင် Perth က အခုထိသူ့စိတ်သူမသိဘူးဘဲ "

" phi ဘာကို ပြောချင်တာလဲ "

" ဘာခံစားချက်မှမရှိဘဲ Santa ကို အူလိုက်တိုမနေဘူးလို့တော့ phi ထင်တာဘဲ အခုသူ့ပုံစံက အတ္တဖုံးနေတာ Santa ဘဲ နာကျင်နေရတော့ phi စိတ်မကောင်းဘူး "

phi Eyan စကားကြောင့် Santa မျက်လုံးတွေဝိုင်းစက်သွားသည် ။ သို့သော်ခဏသာ ချက်ချင်းပြန်မှိုင်းကျသွားကာ ခပ်ယေးယေးလေး ပြုံးလိုက်မိသည် ။ နာကျင်ရသည်ဆိုသော်ငြား သူ့အတွက်တော့ ထူးဆန်းနေတာမျိုး ရှိမနေတော့ပါ ။

" phi ကို ပြန်သဘောကျပေးပါလို့ မပြောချင်တော့ပါဘူး အချစ်ဆိုတာ လုပ်ယူလို့မရမှန်း phi သိပါတယ် Santa ဘက်က Perth ကို ဘယ်လောက်ထိချစ်တယ်ဆိုတာပါ phi ခံစားလို့ရတယ် တစ်ခုဘဲတောင်းဆိုချင်တာ ကိုယ့်ကိုကိုယ်အရမ်းအပင်ပန်းမခံပါနဲ့တော့လား "

Santa ဘာမှပြန်မဖြေဘဲ ငြိမ်သက်သွားမိသည် ။ အပင်ပန်းမခံဖို့ ကြိုးစားခဲ့ဖူးပေမယ့် နှလုံးသားက ပိုင်ရှင်ကို သိနေတော့ ပိုင်ရှင်ပေးသမျှ လိုက်ခံစားဖို့ အဆင်သင့်ဖြစ်နေတယ်မဟုတ်လား ။ ဘယ်လောက်ဘဲ ရုန်းထွက်ထွက် မရုန်းထွက်နိုင်ကြောင်းကို Santa လောက် ဘယ်သူက သိနိုင်မှာတဲ့လဲ ။ Santa အားတင်းကာ ပြုံးပြလိုက်ရင်း

" Ta ကြိုးစားပါ့မယ် "

ထိုအခါ သူ့အားပြုံးပြကာ နှစ်သိမ့်လာတဲ့ phi Eyan က သက်ပြင်းကိုလည်း ဖွဖွချသည် ။ အင်းလေ Santa အခြေအနေက တကယ့်ကို ဆုတ်လည်းဆူး စားလည်းရူး ဖြစ်နေသည်မဟုတ်လား ။

------

ပိုပိုပြီးဝေးကွာသွားသည့်အခြေအနေသည် တကယ့်ကို မာနဆိုတဲ့အလွှာကဘဲ ကန့်တန့်ပေးခဲ့သည် ။ Santa ကိုယ်တိုင်လည်း မခေါ်မပြောမိအောင် အတတ်နိုင်ဆုံးရှောင်သည် ။ အလုပ်မှလွဲရင် အခြားဘာဆိုဘာမှ မပြောမိပါ ။ phi Perth ကလည်း အလုပ်မှလွဲ၍ သူ့ကိုစပြီး ခေါ်ပြောတာမျိုး မရှိတော့ပါ ။ အကြည့်ချင်းဆုံမိရင်တောင် ခပ်တန်းတန်းမျက်ဝန်းစိမ်းတို့အား Santa ဘက်က စပြီးအကြည့်လွှဲခဲ့ပါသည် ။ Camp လည်း မတူတော့တာမို့ အလုပ်ချိန်မှာလွဲရင် တွေ့စရာအကြောင်းလည်း မရှိတော့ပါချေ ။ နောက်နှစ်ရက်နေရင် Company ဘက်က တာဝန်ခံမန်နေဂျာ ရောက်လာတော့မှာမို့ ဘန်ကောက်ပြန်ဖို့ရက်လည်း နီးလာပြီဖြစ်သည် ။ ဘန်ကောက်ကို ပြန်ရောက်တဲ့အခါ ပုံမှန်ထက်ကို ပိုပြီးရှောင်ဖယ်နိုင်ဖို့ ကြိုးစားရအုံးမည် ။ သက်ပြင်းကို ဖွဖွချလိုက်ပြီး အိပ်ဖို့ရန်သာ ဆုံးဖြတ်လိုက်သည် ။ အတော်ကြာ မျက်လုံးတို့အား မှိတ်ချလိုက်ပါသော်လည်း ကြောင်စီစီဖြစ်နေသည်မို့ Camp အပြင်သို့သာ ထွက်လာခဲ့လိုက်သည် ။

ကောင်းကင်သို့ မော့ကြည့်တော့ ကြယ်ဟူ၍ တစ်စုံတစ်ခုမျှ မမြင်မိပါ ။ အဲ့ဒီအစားတိမ်တိုက်များကြောင့် ကောင်ကင်တစ်ခုလုံး မဲမှောင်နေသည် ။ မကြာခင် မိုးရွာမည့်သဘောရှိပါသည် ။ တိုက်ခတ်လာသည့် လေပြင်းအေးအေးသည် သူ၏ မွန်းကျပ်မှုများကို ပြေစေသည်ဟု ထင်ရသည် ။ ထိုအချိန် Camp အရှေ့ ခပ်လှမ်းလှမ်းတစ်နေရာသို့ လှမ်းကြည့်မိတော့ သူ့အားစူးစိုက်ကြည့်နေသူကို တွေ့လိုက်ရသည် ။ မီးရောင်ပြပြကြောင့် သေချာမမြင်ရပါသော်လည်း ထိုမျက်ဝန်းတွေကိုတော့ လက်နေအောင်မြင်နေရပါသည် ။ ပြီးနောက် မည်သူမှန်းတန်းသိတာမို့ Santa ပိုပြီး ရင်မောရသည် ။ ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ ။ သူကြည့်နေတာကို မြင်သော်လည်း တုတ်တုတ်မျှမလှုပ်သူကြောင့် Santa စိတ်ထဲ မတင်မကျဖြစ်လာရသည် ။ ခပ်ပြင်းပြင်းတိုက်ခတ်လာသည့်လေဟာလည်း ပိုမိုကြမ်းတမ်းလာပြီမို့ ခဏအတွင်းမှာပင် မိုးရွာတော့မည်မှန်း ခန့်မှန်းမိလိုက်သည် ။ သို့ပါသော်လည်း နေရာမှာရပ်နေဆဲလူကြောင့် Santa မျက်မှောင်ကျုံ့မိသည် ။ မိုးရွာမှာကို ဘာကြောင့်ရပ်နေတာတဲ့လဲ ။

ခဏအတွင်းမှာပင် လင်းလစ်လာသည့် လျှပ်စီးတို့နှင့်အတူ မိုးခြိမ်းသံအချို့ ။ ထို့နောက် တစ်ဝေါဝေါတိုက်ခတ်လာသည့် လေနှင့်အတူ မိုးသည် သဲကြီးမဲကြီး ရွာချပါတော့သည် ။ သို့နှင့်အတူ Santa စိတ်တွေလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားရသည် ။ ယခုအထိ ရပ်နေဆဲလူသည် ဘာဖြစ်ချင်နေပါသနည်း ။ မဟုတ်တာ အဲ့ဒီလူ ဘာဖြစ်ဖြစ် သူ့အရေးမှမဟုတ်ဘဲ ။ ကိုယ့်စိတ်ကိုယ်အသိပေးလိုက်ကာ Camp ထဲသို့ဝင်ရန်သာပြင်လိုက်သည် ။ သူကိုယ်တိုင်လည်း မိုးရေတွေစိုနေပြီလေ ။ သို့သော် အေးစက်စက်မိုးရေစက်များသည် သူ့အား Camp ထဲ ဝင်ခွင့်မပေးပါ ။ လေးလံထိုင်းမှိုင်းနေသည့် ခြေလှမ်းများကြောင့် Santa ရင်ထဲအောင့်သက်လာသည် ။ ပြီးနောက် ...

ပြီးနောက် သူခြေလှမ်းတွေသည် Camp အောက်သို့ပြေးဆင်းလိုက်ကာ မတုတ်မလှုပ်ရပ်နေသူဆီသို့သာ ဦးတည်မိတော့သည် ။ ဒီလူကို သူဘယ်လိုမှ ဥပက္ခာမပြုနိုင်ပေ ။

" ခင်ဗျား ရူးနေတာလား !! "

အနားသို့သွားကာ မိုးသံတွေကြား တစ်ဖက်လူ ကြားရစေရန်အော်လိုက်သည် ။ ထိုအခါ သူ့အားစိုက်ကြည့်နေသည့် မျက်ဝန်းများသည် အဓိပ္ပာယ်တစ်ခုဖြတ်ပြေးသွားသည် ။ သို့ပါသော်လည်း မည်သည့်စကားမျှ မဆိုလာသူသည် ငြိမ်သက်လျက်ရပ်နေဆဲ ။

" ပြန်တော့ !! ဒီမိုးနဲ့ ဆက်ရပ်နေရင် ခင်ဗျားဖျားလိမ့်မယ် အဲ့ဒီလောက် အရူးမထနဲ့ "

မိုးသည် တော်တော်နှင့်တိတ်အုံးမည့်ပုံမပေါ်ပါ ။ အရှေ့ရှိလူသည်လည်း Camp သို့ပြန်မည့်ပုံမပေါ်ပေ ။ Santa ရင်တစ်ခုလုံး ပူထူသွားသည် ။ ထို့ကြောင့် သူ့အားကြည့်နေသော မျက်နှာအား စိုက်ကြည့်လိုက်သည် ။ ထိုအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Santa အံ့ဩမှင်သက်သွားရသည် ။ စိတ်ထင်လို့ဘဲလား ။ တကယ်လား ။ ဒါမှမဟုတ်မိုးရေစက်တွေလား ။

အတွေးဖြင့် ကြောင်လျက်ရပ်နေတုန်းမှာ အနားသို့တိုးကပ်လာသူသည် သူ၏ပုခုံးပေါ်မျက်နှာအပ်လျက် ခါးတွေကိုပါ ဖက်တွယ်လာသည် ။ ပြီးနောက် တစ်သိမ့်သိမ့်ရှိုက်တုန်နေသည့် ပုခုံးကျယ်ကျယ်ကြောင့် ခုဏက Santa မြင်လိုက်ရသောအရာသည် မိုးရေစက်တွေမဟုတ်သလို စိတ်ထင်နေတာလည်းမဟုတ်မှန်း သိလိုက်ရသည် ။ ပြီးနောက် ရှူရှိုက်လိုက်ချိန် ဝင်လာသည့် ရီဝေဝေအနံ့တစ်ခုကြောင့်

phi Perth က ငိုနေတယ် ။ ပြီးတော့ အရက်တွေသောက်လာတယ် ။

အတော်ကြာသည်အထိ အံ့ဩမှင်သက်နေပြီးမှ တုန်ယင်နေသည့် ခန္ဓာကိုယ်အား မည်သို့နှစ်သိမ့်ပေးရမည်ကို စဉ်းစားမိသည် ။ ငိုနေသောလူသည် Santa ပုခုံးပေါ် မျက်နှာအပ်ထားသည်ကို မဖယ်ခွါဘဲ အားပါးတရငိုချနေသလိုပင် ။ ထို့ကြောင့် တသိမ့်သိမ့်တုန်ယင်နေသည့် ပုခုံးကျယ်ကျယ်အား ပြန်ဖက်တွယ်လိုက်ကာ ကလေးတစ်ယောက်ကို ချော့မော့သလို ခပ်ဖွဖွပုတ်မိသည် ။

" ကိုယ်တကယ်ရူးနေပြီ ဘာဆက်လုပ်ရမှန်းမသိလို့ ကိုယ်တကယ်ရူးနေပြီ Tata ရဲ့ "

ငိုသံစွတ်နေသည့် အသံတိုးဖွဖွကြောင့် Santa ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည် ။

" မပတ်သက်ပါနဲ့လား "

" ..... "

" ကိုယ်ကလွဲရင် .... ဘယ်ယောက်ျားနဲ့မှ "

ခါးအား ပိုပြီးတင်းကျပ်စွာ ဖက်တွယ်လာခြင်းနှင့်အတူ Santa သဘောပေါက်လိုက်တာ တစ်ခုရှိသည် ။ ဒီတစ်ရက်နှစ်ရက်မှာ မာနအလွှာခြားနေခြင်းထက် phi Perth သည် သူ့ကို စိတ်ကောက်နေခဲ့ခြင်းဖြစ်လိမ့်မည် ။ သူ့ဘက်က စကားစပြောမည့်အချိန်ကို စောင့်နေတာလည်း ဖြစ်ချင်ဖြစ်လိမ့်မည် ။ ပြီးတော့ phi Eyan ပြောသလို phi Perth က တကယ့်ကို အတ္တကြီးလွန်းပါသည် ။ Santa သက်ပြင်းကို ခပ်ဖွဖွချလိုက်မိသည် ။ ရှောင်ဖယ်မည်ဟု ကြိုးစားခဲ့ပါသော်လည်း ယခုအခြေအနေမျိုးတွေကို သူတကယ်လစ်လျှူမရှုနိုင်ပါချေ ။

" မပတ်သက်ဘူးမို့ မငိုနဲ့တော့ ခင်ဗျားက ကလေးလား ! "

" ဘယ်ကလေးမှ အရက်မသောက်ဘူး ! "

ကြားလိုက်ရသည့်စကားနှင့်အတူ ပုခုံးထက်မှဖယ်ခွါကာ သူ့အားကြည့်လာသည့် မျက်ဝန်းတွေသည် ငိုထားသည့်အပြင် မိုးရေတွေကြောင့်ပါ ရဲလို့နေသည် ။ အရက်သောက်လာလို့လည်း ဖြစ်ချင်ဖြစ်လိမ့်မည် ။ Santa ထိုလူ့ပါးပြင်ပေါ်က မိုးရေစက်တွေနှင့်ရောနှောနေသော မျက်ရည်တို့အား ခပ်ဖွဖွဖိသုတ်ပေးလိုက်သည် ။ ထိုအခါ ရီဝေဝေကြည့်လာသူသည် သူ့လက်ကို အုပ်ကိုင်လိုက်ရင်း ပါးတွင်အပ်စေသည် ။ ပြီးနောက် ခါးတွင်ဖက်ထားသည့်လက်ကိုလည်း ပို၍တင်းကျပ်လိုက်ကာ အနားသို့ကပ်ဆွဲလိုက်သည်ကြောင့် Santa မျက်လုံးတွေ ဝိုင်းစက်သွားသည် ။

" နောက်တစ်ခါ ကိုယ့်ကိုလစ်လျှူမရှုပါနဲ့ "

" ...... "

" ကိုယ် မင်းနဲ့အဆင်ပြေပြေနေချင်တယ် "

မိုးသည် အလိုက်မသိစွာ သဲကြီးမဲကြီးရွာသွန်းသည် ။ ထိုမိုးများကြားမှ တစ်ဖက်လူ၏အသံသည် သဲကွဲတစ်ချက် မသဲကွဲတစ်ချက် ။ သို့သော်ငြား သူ့ရင်ကိုတော့ လှိုက်ဖိုစေသည် ။ နာကျင်ခဲ့ရတာတွေ မရှိတော့သည့်အလား အခုန်မြန်လာစေသည် ။ အမှတ်မရှိသည့် နှလုံးသားသည် ပိုင်ရှင်၏စကားတွေအား သိပ်သဘောကျဟန်ရှိပါသည် ။ နာကျင်စေတာဘဲဖြစ်ဖြစ် .... ရင်ခုန်စေတာဘဲဖြစ်ဖြစ် ။

မိုးရေထဲမှ ကောင်လေးနှစ်ယောက်၏ မြင်ကွင်းအား ခပ်လှမ်းလှမ်းမှ လှမ်းကြည့်နေသော ကောင်မလေးတစ်ယောက်လည်း ရှိခဲ့ပါသည် ။

------

( ဖတ်တဲ့လူတွေတော့ မသိဘူးရေးတဲ့ကျွန်မကိုယ်တိုင်ကတော့ Perth ရဲ့စိတ်ကို နားမလည်နိုင်တော့ဘူး

မနေ့ညကတည်းက တင်ပေးမလို့လိုင်းက လုံးဝမရဘူးဖြစ်နေတာရယ် အခုတောင် WiFi ရတဲ့အိမ်ကို ရောက်အောင်သွားပြီ တင်ပေးလိုက်ပါတယ် 😭

ကျွန်မကလေးတွေကျွန်မကို စိတ်မကောက်ကြပါနဲ့နော်နောက်ကျ ချိုချိုလေးတွေလာမှာပါခါးခါးလေးတွေ ကုန်ရင်ပေါ့ ။ )

There are no comments yet. Log in to be the first to leave a review!

Similar stories