Fanfics

4

22:40, 10 May 2025

အိမ်ပြန်ရောက်ကတည်းက ကုတင်ပေါ်မှာထိုင်ကာ ကိုယ့်ပါးကိုယ်ကိုင်ရင်း အဖြေရှာနေမိသည် ။ ရုံးကပြန်ရောက်ကတည်းက ထိုင်နေတာမို့ အဝတ်အစားပင် မလဲရသေးပေ ။ အာရုံထဲမှာလည်း တစ်ခုတည်းသော မျက်နှာလေးနဲ့ " ကျွန်တော့်ကို ထပ်မစော်ကားနဲ့ ! " ဟူသည့်အသံဟာ စွဲမြဲနေသည် ။

ပါးရိုက်ခံလိုက်ရလို့ဘဲ မကျေနပ်လေသလား သူ့ကိုယ်သူမသိပေ ။ သေချာတာ တစ်ခုက သူ့စိတ်ဘဲတနုတ်နုတ်နဲ့ နေရခက်သည် ။ အဲ့ဒီကောင်လေးရဲ့ အကြည့်စူးစူးကလည်း မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းရယ် ။

* တောက်စ်!! *

တက်ခေါက်ကာ သက်ပြင်းရှည်ကြီးကို စိတ်လိုလက်ရချလိုက်မိသည် ။ ရင်ဘတ်ထဲမွန်းကျပ်နေတာကလည်း ဘယ်လိုမှ လျော့ကျမသွားပေ ။ စိတ်တိုနေတာလား ဒေါသထွက်နေတာလား ဒါမှမဟုတ်အလိုမကျဖြစ်နေတာလား ။ ဘာဆိုဘာမှန်း ခွဲခြားမရတဲ့ ခံစားချက်က ပိုဆိုးသည် ။

* ဒေါက် ... ဒေါက် ... ဒေါက် *

တံခါးခေါက်သံကြားတာမို့ ထိုင်နေရာမှထလိုက်ကာ တံခါးသွားဖွင့်ပေးလိုက်သည် ။ အခြားလူတော့မဟုတ် မေမေဖြစ်သည် ။

" အောက်ဆင်းမလာလို့လာခေါ်တာ ထမင်းမစားဘူးလား သား ဟင်! အခုထိ အင်္ကျီလည်း မလဲရသေးပါလား ဘာဖြစ်လို့လဲ "

" .... "

" မျက်နှာလည်း မကောင်းပါလား တစ်ခုခုဖြစ်လို့လား "

သူ့မျက်နှာက ဘယ်လောက်တောင်သိသာနေလဲ မသိမေမေကတောင် မေးလာလေသည် ။

" ဘားမှမဖြစ်ဘူးမေမေ ဒီတိုင်း စိတ်ညစ်စရာလေးရှိလို့ "

ထိုအခါ မေမေက သက်ပြင်းချကာ သူ့အား ဂရုဏာသက်စွာ ကြည့်လာသည် ။

" ဒီအမေကိုမှမပြောပြရင် သားက ဘယ်သူ့ကိုပြောပြမှာလဲ "

မေမေက သူ့လက်တွေကိုပါ ကိုင်ကာပြောလာသည်မို့ Perth ကိုယ်တိုင်တွေဝေသွားမိသည် ။ သူ့စိတ်တွေမွန်းကျပ်နေသည် ။ အဖြေကိုမသိပါ ။ မေမေ့ကို ပြောပြလိုက်လျှင် အနည်းငယ်သက်သာလာမည်ဆိုတာကိုတော့ သူသိပါသည် ။

" Tata က ကျွန်တော့်ကို ပါးရိုက်လိုက်တယ် "

" ဟေ .... Ta ကလေ "

မေမေက မယုံနိုင်သော မျက်ဝန်းများဖြင့် ကြည့်လာသည် ။ ဟုတ်သည်လေ Santa က အဲ့ဒီလို လက်ရဲတဲ့ကလေးမှ မဟုတ်ပါဘဲ ။ ပြီးမှ မေမေက သူ့မျက်နှာအား လက်ဖြင့်ကိုင်ကာ သေချာကြည့်သည် ။ ပါးရိုက်ခံလာရတော့ မျက်နှာအခြေအနေကို စူးစမ်းတဲ့သဘော ။ ထို့ကြောင့် Perth မေမေ့လက်တွေကို ယူကိုင်လိုက်ကာ မျက်နှာပေါ်မှ ဖယ်စေလိုက်သည် ။

" သူ့အားလောက်နဲ့ ကျွန်တော် ဘားမှမဖြစ်ပါဘူး "

" ဒါဖြင့်သားက ဘာကိုစိတ်မကြည်ဖြစ်နေတာလဲ "

" ကျွန်တော်မသိဘူး မေမေ "

တကယ်မသိတာပါ ။ ဘာကိုစိတ်မကြည်ဖြစ်နေမိသလဲ တကယ့်ကို အဖြေရှာမရတာပါ ။ အာရုံထဲမှာ အဲ့ဒီတစ်ယောက်ကိုဘဲ ပြေးပြေးမြင်နေသည် ။

" သားက Ta ကို စိတ်ဆိုးအောင်လုပ်မိလိုက်တယ်မလား "

" ကျွန်တော့်ကို ရှောင်နေလို့ "

ထိုအခါ မေမေက သူ့ပုခုံးတစ်ဖက်အား ဆုပ်ကိုင်ကာ တစ်ခုခုကို တွေးတောနေဟန်ပေါ်သည် ။ ပြီးနောက် တစ်ခုခုကို ရှင်းပြချင်နေသလို သူ့အားမော့ကြည့်လာသည် ။

" အဲ့တာမို့ သားစိတ်မကြည်ဖြစ်နေတာလား "

" မဟုတ်ဘူးမေမေ ကျွန်တော်က သူ့ထက်တောင် ပိုရှောင်နိုင်တဲ့လူပါ ဒါပေမယ့် သူက ကျွန်တော်ကလွဲရင် အကုန်လုံးနဲ့အဆင်ပြေတယ် "

" သားရယ် ..... ပိုရှောင်နိုင်တယ်ဆိုရင် အာရုံထဲမထားနဲ့တော့ပေါ့ "

" ကျွန်တော်ကို မကောင်းတဲ့ကောင်လို ဆက်ဆံနေတာတော့ သားလက်မခံနိုင်ဘူးမေမေ "

သားဖြစ်သူကိုကြည့်ကာ သူမ စိတ်မကောင်းဖြစ်မိသည် ။ သားဖြစ်သူက ဘာမှမလုပ်ဘဲနဲ့ Ta က ပါးရိုက်လွှတ်မှာ မဟုတ် ။ ခေါင်းမာတဲ့သားဖြစ်သူက တစ်ဖက်ကလူကို ဘယ်လိုသွားပြောသည်မသိပေ ။ အနေအေးတဲ့ကလေးကတောင် ပါးရိုက်တယ်ဆိုတော့ သူမသားကဘဲ လွန်တာသေချာသည် ။ သားက သူ့စိတ်သူ မမြင်ဖြစ်နေတာ ။ Ta က သူ့ကို အရင်လိုဂရုမစိုက်တော့တာကို သဘောမတွေ့ဖြစ်နေတာ ။ အဲ့တာကို နားမလည်နိုင်တဲ့သားကို သူမဘယ်လို ရှင်းပြရမလဲမသိတော့ပေ ။

" ကဲပါ အများကြီးမတွေးနဲ့ အဲ့ဒီအစား မေမေတစ်ခုဘဲပြောချင်တယ် "

" ..... "

" သားစိတ်ကိုသားမြင်အောင်ကြည့် အနီးနားမှာရှိနေတဲ့အဖြေကို အဝေးကြီးပြေးမရှာနဲ့ အချိန်တွေလွန်ကုန်ရင် ပိုဆိုးလိမ့်မယ် အခွင့်အရေးရှိတုန်း ပြင်ဆင်နိုင်အောင်ကြိုးစား ဟုတ်ပြီလား "

မေမေ ပြောတာတွေကိုနားမလည်နိုင်စွာ ကြည့်မိတော့ မေမေက သူ့အားပြုံးပြကာ နှစ်သိမ့်ပေးသည် ။ အနီးနားမှာရှိတဲ့အဖြေဟာ ဘာလဲဆိုတာကိုလည်း သူသိပ်သိချင်ပါသေးသည် ။

" ရေချိုးတော့ ပြီးရင်အောက်ဆင်းခဲ့ မေမေထမင်းစားဖို့ ပြင်ထားမယ် "

မေမေ့ကို ခေါင်းငြိမ့်ပြလိုက်တော့ မေမေက အတွေးမများတော့ဖို့ သေချာမှာကာ ထွက်သွားတော့သည် ။ ထို့ကြောင့် သူကိုယ်တိုင်လည်း သက်ပြင်းဖွဖွချကာ အတွေးတို့ကို ထုတ်သိမ်းလိုက်ရင်း ရေချိုးရန်သာ ပြင်လိုက်တော့သည် ။

-----

" ကို .... ဘာဖြစ်နေတာလဲ ရောက်ကတည်းက ဘာမှမပြောဘဲ ထိုင်နေတယ် "

Wan စကားကြားမှ Perth အသိဝင်လာခဲ့သည် ။ ဘယ်လိုဘဲ ခေါင်းထဲကဖျောက်ဖျောက်မရတဲ့အပြင် ဒီရက်ပိုင်း သူ့စိတ်တွေ ဘယ်လိုမှမလန်းနိုင်ဖြစ်နေရသည် ။

" ဒီတိုင်းဆက်ထိုင်နေရင် Wan ပြန်လိုက်တော့မယ် တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ! "

စိတ်ဆိုးစွာပြောလာသည့် ရည်းစားဖြစ်သူက ဒီရက်ပိုင်း မှိုင်နေတဲ့သူ့ကို အားမလိုအားမရဖြစ်နေတာ ။ ဘာဖြစ်လဲ မေးပြန်ရင်လည်း သူက မဖြေမိတော့ပိုဆိုးသည် ။ ဟိုတစ်ယောက်ကြောင့်လို့ ပြောပြန်ရင်လည်း ပြဿနာက ပိုလို့တောင်ဆိုးအုံးမည် ။ Wan နဲ့ Santa က အဆင်ပြေတဲ့ ဆက်ဆံရေးမရှိခဲ့ဘူး ။

" အလုပ်ကြောင့်ပါ Wan ပြန်ချင်ပြီဆိုရင် ကိုယ်လိုက်ပို့မယ် "

" ကို !! "

တကယ်လည်း Perth အိမ်သာပြန်လိုက်ချင်သည် ။ ဒီရက်ပိုင်း Wan နဲ့တွေ့ရတာတောင် စိတ်မပါသလို ။ ခေါင်းထဲ ဟိုတစ်ယောက်အကြောင်းဘဲ ဝင်ဝင်လာကာ မကျေနပ်ဖြစ်နေမိသည် ။

" Wan ကိုယ် စကားမများချင်သေးဘူး "

" ဟူး .... ဟုတ်ပြီ ဒါဆို Wan အကောင်းဘဲပြောတော့မယ် "

" အင်း "

Wan ကအဲ့ဒီလို မိန်းကလေး စကားများခါနီးဆိုရင် အမြဲထိန်းတတ်တဲ့လူ ။ Perth ကလည်း စကားများအရစ်ခံနေရတာကို သေးသေးလေးမှ ကြိုက်သူမဟုတ် ။ နှစ်ဦးနှစ်ဖက် မျှတသည့်ဆက်ဆံရေးတွေကြောင့် သူတို့ relationship ကလည်း အတော်လေးကြာခဲ့ပြီဖြစ်သည် ။ ပြဿနာတက်လို့ အဆင်မပြေဖြစ်ခဲ့ရင်တောင် ကလေးတွေလို စိတ်ဆိုးစိတ်ကောက်တာလည်း မရှိပါ ။ နားလည်မှုတစ်ခုယူပြီး ပြေလည်လိုက်ကြတာများသည် ။ ဆိုတော့ ရိုးရှင်းတဲ့ relationship မျိုးဆိုပါတော့ ။

" ဖေဖေကမေးနေတယ် ဘယ်တော့လက်ထပ်ကြမှာလဲတဲ့ Wan ဘယ်လိုဖြေရမှာလဲ "

" Wan သဘောကရော "

" Wan ကတော့ မြန်မြန်လက်ထပ်ကြရင်ကောင်းမလားလို့လေ တွဲလာတဲ့အချိန်ကလည်း နည်းမှမနည်းတာ "

" ကိုယ်က Wan အဆင်သင့်မဖြစ်သေးမှာဘဲစိုးတာ "

" Wan က ကို့အတွက်ဆို အဆင်သင့်ဖြစ်ပြီးသားပါနော် " Wan က ထိုင်းလူမျိုးမဟုတ်ဘဲ တရုတ်လူမျိုးဖြစ်သည် ။ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးလာခဲ့ပြီး အဆင့်တက်ခဲ့ကြသည် ။ အိမ်က ဖေဖေနဲ့မေမေကလည်း သိကြပေမယ့် Wan ကို သဘောကျပုံတော့မပေါ် ။ Wan က သွက်သည် ။ ထက်သည် ။ ခေတ်ဆန်လွန်းသည် ။ အဲ့တာတွေထက် Wan ရဲ့ပုံစံက သူများတွေနဲ့မတူဘဲ ဘာကိုမှဂရုမစိုက်တတ်တဲ့ပုံစံ ။ Perth အတွက်တော့ အဆင်ပြေနေပေမယ့် တော်တော်များများက Wan ကို သိပ်သဘောမကျကြဘူး ။ သို့သော် ကိစ္စမရှိ Wan က သူ့အတွက် အဆင်မပြေနေတာမျိုးမှ ရှိမနေတာ ။

Perth တစ်ယောက် Wan နဲ့ စကားပြောရင်း ဆိုင်ထဲဝေ့ဝှဲကြည့်မိတော့ စကားတပြောပြောဖြင့် ပြုံးရွှင်စွာဝင်လာသည့် ကောင်လေးအား သတိထားမိသွားသည် ။ အခြားလူမဟုတ် ။ အဲ့တာ Santa Pongsapak ။ ဘေးကတစ်ယောက်ကလည်း ဟိုတစ်ခါအိမ်ကိုလာတဲ့လူ ။ အဲ့ဒီလူနဲ့ Santa Pongsapak ရဲ့ ဆက်ဆံရေးဟာ ရိုးရှင်းမနေတော့တာ သေချာနေပြီ ။

" ကို ဘာဖြစ်လို့လဲ "

Wan နဲ့ဆိုရင် ကျောပေးအနေအထားမှာမို့ Wan ကပါ နောက်လှည့်ကာ လိုက်ကြည့်သည် ။ ပြီးနောက် Perth ဘက်သို့ ပြန်လှည့်လာကာ ။

" အဲ့တာ Santa လား "

" အင်း "

Wan နောက်တစ်ခေါက်ထပ်ပြီး Santa ကို လှည့်ကြည့်မိသည် ။ အရင်ကတည်းက ချောလှတဲ့ ကောင်လေးက အခုဆိုရင် ဖြူဥနုဖက်ကာ ပိုပြီးတောင် ချောလာသေးသည် ။ ပြန်ရောက်နေတယ်ဆိုတာကိုတော့ ကို့ဆီက သိပြီးသားဖြစ်သည် ။ သို့သော် အခုမှမျက်ဝါးထင်ထင်မြင်ရခြင်း ။ တစ်ခါတစ်ခါ ရယ်မောလိုက်တိုင်း မို့တက်သွားတဲ့ပါးတွေကအစ ဆွဲဆောင်မှုရှိနေတာ ။ Santa ရဲ့အလှက တကယ့်ကို လျော့တွက်လို့မရဘူးဆိုတာ Wan ငယ်ငယ်ကတည်းက သတိထားခဲ့မိပြီးသားပင် ။ အခုတော့ ထင်ထားတာထက်ကို အများကြီးပိုသာနေခဲ့တော့ သူမကိုယ်တိုင် မှင်သက်မိသည်အထိ ။

အသိပြန်ဝင်လာတော့ ရှေ့တွင်ထိုင်နေသည့် ရည်းစားကို စိတ်မချစိတ်က လုံးလုံးဝင်လာခဲ့သည် ။ ဒီအလှတရား ဘယ်ယောက်ျားက ငြင်းဆန်နိုင်မှာတဲ့လဲ ။ အထူးသဖြင့် ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေကြောင့် ပို၍စိတ်မချဖြစ်ရသည် ။

" ဘေးက သူ့ရည်းစားထင်တယ်နော် ကို "

တမင်တကာ ပြောလိုက်တော့ ကိုက အဲ့ဘက်ဝိုင်းကို ထပ်ကြည့်သည် ။ ပြီးမှအကြည့်လွဲလိုက်ကာ Wan ကို ကြည့်လာသည် ။

" မပြောတတ်ဘူး ဘယ်သူက သူ့ရည်းစားလဲဆိုတာ "

" အို .... အခုထိ သူက အဲ့လိုဘဲလား "

Wan ပိုပိုသာသာလေးရှုံ့မဲ့ပြကာ ပြောလိုက်သည် ။ ကိုက ဘာမှတော့ ပြန်မပြောပေမယ့် သူ့အပြောကို လက်ခံတဲ့မျက်ဝန်းများကို Wan ဖမ်းမိလိုက်သည်ကြောင့် ပြုံးလိုက်မိသည် ။ ကို့စိတ်ထဲမှာ Santa ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်မှန်း ကြိမ်းသေလေပြီ ။ အရင်တစ်ခါကတည်းက သူမက အနိုင်ရခဲ့တဲ့လူလေ ။ အခုလည်း ယှဉ်ပြိုင်စရာကို လိုမနေဘူးမဟုတ်လား ။

Perth ဟိုဘက်ဝိုင်းသို့ ထပ်လှည့်ကြည့်လိုက်တော့ နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာတာကို တွေ့လိုက်ရသည်မို့ မျက်ခုံးတို့တွန့်ချိုးမိသွားသည် ။ ပြုံးရယ်ပျော်ရွှင်နေကြသူများကိုကြည့်ကာ မပျော်နိုင်သူက Perth သာ ဖြစ်ရပြန်သည် ။ အဲ့ဒီလူတွေကို Perth မသိပါ ။ ဘယ်အချိန်မှာ အဲ့ဒီတစ်ယောက်နဲ့ အဲ့ဒီလူတွေက အရမ်းရင်းနှီးသွားကြပါသနည်း ။ ကြည့်နေတုန်းမှာပင် Perth သို့ဝိုင်းရှိရာဆီသို့ အကြည့်ရောက်လာသည့် ကောင်လေးကြောင့် Perth ပို၍ စိုက်ကြည့်ပေးလိုက်သည် ။ သို့သော် တစ်ချက်သာကြည့်ပြီး မသိကျိုးနွံပြုသွားသူကြောင့် Perth ဒေါသဟာ ထောင်းကနဲ ။ ပြန်လှည့်ကြည့်လာမလားလို့ စောင့်နေပေမယ့် သူ့ကို ရှိသည်ဟုတောင် သတ်မှတ်ပုံမရတော့ဘဲ ဘေးကလူတွေနဲ့သာ ရယ်မောနေသည့် ကောင်လေးကြောင့် Perth ဘာကို အလိုမကျတော့မှန်းမသိဖြစ်လာသည် ။

" ကို ... "

" ပြန်မယ် !! "

ထိုသို့ပြောပြီး ခြေလမ်းတွေဝုန်းဒိုင်းကျဲကာ ထွက်သွားသူကြောင့် Wan ကြောင်အစွာ နောက်ကလိုက်ရတော့သည် ။ ဘာဖြစ်သွားသည် မသိပေမယ့် ဒေါသရိပ်သန်းနေတဲ့ မျက်နှာကိုတော့ သူမ သတိထားမိလိုက်သည် ။ Santa တို့ဝိုင်းကိုလှည့်ကြည့်တော့ သူမတို့ကို ကြည့်နေသည့် ကောင်လေးကိုတွေ့ရသည် ။ သူမလှည့်ကြည့်တော့မှ မျက်လွှာချကာ အကြည့်လွှဲသွားတာ ။ နေပါအုံး ကိုက ဘာကိုစိတ်ဆိုးသွားတာတဲ့လဲ ။

Santa ဆိုင်ထဲဝင်လာကတည်းက ဟိုဘက်ဝိုင်းကလူကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ကာ နေလိုက်သည် ။ တစ်ချိန်လုံးစိုက်ကြည့်နေတာမို့ မနေတတ်စွာ ကြည့်မိလိုက်တဲ့အချိန် အကြည့်ချင်းဆုံမိသွားသည်ကြောင့် ချက်ချင်းအကြည့်ကိုလွှဲပစ်လိုက်သည် ။ အကြည့်စူးစူးများနှင့် တွန့်ချိုးနေသော မျက်ခုံးတွေက ဘာအတွက်တဲ့လဲ ။ အမြဲလိုလို ဒေါသထွက်နေသလား ထင်ရတဲ့လူက ဘာကိုမှအလိုကျပုံရှိမနေပေ ။

" တကယ်ပြောတာ Ta သာ မကူညီရင် phi ငိုချမိဖို့ဘဲရှိတော့တာ "

" Ta အကူအညီမပါရင် ခွင့်လွှတ်ပေးဖို့လည်း ဆန္ဒမရှိပါဘူး "

" အချစ်ကလည်း "

phi Aou နဲ့ phi Boom က ဟိုမှာကျောင်းတက်တုန်းက ခင်ခဲ့တဲ့ စီနီယာစုံတွဲ ။ သူတို့က Santa ထက်အရင် ထိုင်းကို ပြန်သွားကြတာ ။ အခု Santa ပြန်ရောက်လာတော့လည်း နွေးထွေးတဲ့ဆက်ဆံရေးကမပျက်ပေ ။ ဟိုတလောက phi Boom က phi Aou ကို စိတ်ကောက်နေတာ ။ အဲ့တာမို့ phi Aou က Santa ကို ကူချော့ပေးဖို့ အကူအညီတောင်းတာမို့ အလုပ်ရှုပ်နေခဲ့တာ ။ အခုတော့ အဆင်ပြေသွားကြပြီမို့ ကူညီခဲ့တဲ့ သူ့ကို မုန့်လိုက်ကျွေးဖို့ ခေါ်လာကြတာဖြစ်သည် ။ သုံးယောက်သား ရယ်ရယ်မောမောဖြင့် ဟိုမှာတုန်းကအကြောင်းတွေပြောလိုက် ဟာသတွေပြောလိုက်နဲ့မို့ Santa ဟိုဘက်ဝိုင်းက လူကိုမေ့သွားခဲ့သည် ။ သတိရလာတဲ့အချိန်မှာ လှည့်ကြည့်လိုက်တော့ ဝိုင်းဒိုင်းကျဲထွက်သွားသူ၏ ကျောပြင်ကိုသာတွေ့ရတော့သည် ။ ပြီးနောက် ထိုလူနဲ့အတူတူရှိနေတဲ့ ထိုလူရဲ့မိန်းကလေးက Santa ကိုလှည့်ကြည့်လာတာနဲ့ အကြည့်ချင်းဆုံသွားတာမို့ မျက်လွှာချလိုက်ကာ မသိချင်ယောင်ဆောင်လိုက်သည် ။ ဟုတ်သည်လေ ။ သူတို့ကိစ္စက Santa နဲ့သေးသေးလေးမျှ ဆိုင်မည်မထင်ပါ ။

-----

ခြံထဲသို့ ကားကိုတဟုန်ထိုးမောင်းဝင်လာကာ အိမ်နားရောက်မှ ထိုးရပ်လိုက်သည် ။ ပြီးနောက် အိမ်ထဲသို့ဝင်လာလိုက်ကာ ကားသော့ကို အိမ်အကူကောင်မလေးတစ်ယောက်ဆီပေးလိုက်သည် ။

" ဦးလေးခက်ကို ပေးလိုက် ကားကို ဂိုထောင်ထဲသွင်းထားပေးဖို့ပါပြောလိုက် "

" ဟုတ်ကဲ့ "

" မေမေ ဘယ်မှာရှိလဲ "

" အခန်းထဲမှာပါ အကိုလေး "

မေမေ့ အခန်းရှိရာရှိသို့ တောက်လျှောက်တက်လာခဲ့လိုက်သည် ။ Wan ကို အိမ်ထိလိုက်ပို့ကာ ချက်ချင်းပြန်ထွက်လာခဲ့လိုက်တာဖြစ်သည် ။ ပြီးနောက် စိတ်ပြေအောင် ကားပတ်မောင်းပြီးမှ အိမ်ပြန်လာခဲ့တာ ။ မဟုတ်လျှင် ဘာကြောင့်ဖြစ်မှန်းမသိတဲ့ ဒေါသတွေကို အိမ်အထိပါ သယ်လာမိလိုက်မည် ။ အဲ့ဒီတစ်ယောက်ကို မြင်တိုင်း အမြဲဒေါသထွက်နေရတာ ဟုတ်တော့မဟုတ်သေး ။

မေမေအခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည် ။ မေမေက ဝင်ခဲ့ဟုပြောသည်မို့ အခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်သည် ။ ကုတင်ပေါ်တွင်ထိုင်ကာ TV ကြည့်နေတဲ့မေမေက သူဝင်လာတော့ တစ်ချက်သာလှည့်ကြည့်ပြီး TV ဆီပြန်ရောက်သွားသည် ။ ဖေဖေကတော့ အလုပ်စားပွဲတွင်ထိုင်ကာ အလုပ်လုပ်နေသည် ။

" ဘာပြောမလို့လဲ သား "

အမေးသာလာပေမယ့် မေမေ့မျက်လုံးတွေက TV ဖန်သားပြင်ပေါ်မှာသာ ။ Perth မေမေ့ဘေးသို့လျှောက်သွားလိုက်ကာ

" ဖေဖေနဲ့မေမေဆီမှာ ခွင့်တောင်းချင်လို့ "

သူ့စကားကြောင့် မေမေက သူ့အားကြည့်လာသည် ။ ဖေဖေကလည်း အလုပ်စားပွဲကနေ လှမ်းကြည့်လာသည် ။ ဖေဖေ့မျက်လုံးတွေက ပြောစရာရှိတာ မြန်မြန်ပြောဆိုသည့် သဘော ။ ဖေဖေက သူ့ကို ဘယ်တော့မှ စိတ်မရှည်ဘူး ။

" ကျွန်တော် Wan နဲ့ လက်ထပ်တော့မယ် "

" ဘယ်လို "

" မြန်မြန်လက်ထပ်ချင်တယ် မေမေ "

" လက်ထပ်တာက ကလေးကစားစရာမဟုတ်ဘူးနော် သား ပြီးတော့ မေမေ အဲ့ကလေးမကို သဘောမကျပါဘူး "

သူမအနေနဲ့ Wan ဆိုတဲ့မိန်းကလေးကို လုံးဝသဘောမကျပါ ။ ကလေးမက အရမ်းအသွက်လွန်ပြီး ယဉ်ကျေးမှုသိပ်မရှိဘူး ။ ပြောရရင် နည်းနည်းအရိုင်းဆန်တဲ့အပြင် ဘာကိုမှဂရုမစိုက်တဲ့ မထီမဲ့မြင်ပုံစံမျိုး ။ သူမသားကသာ ဘာကို သဘောကျနေသည်လည်း မသိပါ ။ တွဲသွားတွဲလာလုပ်နေတာ သိပေမယ့် ချွေးမအဖြစ်လက်ခံဖို့တော့ နည်းနည်းခဲယဉ်းသည်မလား ။ သားဖြစ်သူကိုတောင် ပြောမရလို့ လွှတ်ထားခဲ့တာ ။

" သေချာဆုံးဖြတ်ပြီးပြီလား ! "

ဖေဖေကပါ မေးလာသည်မို့ Perth ခေါင်းငြိမ့်ပြလိုက်သည် ။ ဘာမသေချာစရာ အကြောင်းရှိလို့လဲ ။ Wan ကို စရွေးချယ်လိုက်ကတည်းက အစအဆုံးသေချာခဲ့ပြီးသား ။

" ကျွန်တော် သေချာဆုံးဖြတ်ပြီးပြီ "

" ကောင်းပြီလေ သမီးရှင်ဘက်ကမိဘတွေဆီမှာ အရင်ခွင့်တောင်းကြတာပေါ့ "

" ဖေကြီး .... "

မေမေက ဖေဖေ့ကို လှည့်ကြည့်ကာ သဘောမကျသည့်မျက်နှာလုပ်နေသည် ။ သဘောမကျတဲ့ချွေးမအပြင် သားကိုနှမြောတာလည်းပါလိမ့်မည် ။

" မင်းသားက အရွယ်ရောက်နေပြီ "

" ဒါပေမယ့် .... "

" သူနောင်တမရမှာ သေချာဖို့ဘဲလိုတယ် "

ဖေဖေက ထိုသို့ပြောကာ အလုပ်ဆက်လုပ်နေသည် ။ နောင်တမရမှာ သေချာဖို့ဘဲ လိုတယ်ဆိုတဲ့ စကားကြောင့် Perth နည်းနည်းတော့ အင်တင်တင်ဖြစ်မိသည် ။ သူက ဘာကို နောင်တရ ရမှာတဲ့လဲ ။ ပြီးတော့ ဖေဖေက ချက်ချင်းလက်ခံပေးလိုက်တာကိုလည်း အံ့ဩမိသည် ။ ပုံမှန်ဆိုရင် သူဘာလုပ်ချင်ချင် တစ်ခုမဟုတ်တစ်ခုတော့ ပွါးတတ်သေးသည်မဟုတ်လား ။ အခုက ဘာဆိုဘာမှတောင် ထပ်မပြောတော့သည်မို့ Perth မေမေ့အနားတွင်သာ ဝင်ထိုင်လိုက်သည် ။ မေမေကတော့ သူ့အားကြည့်ကာ မျက်နှာမကောင်း ။

" ဒီအမေကို တကယ်ပစ်သွားတော့မှာပေါ့ "

" လက်ထပ်တာနဲ့ မေမေ့ကို ပစ်သွားစရာလား "

မေမေ့အားဖက်လိုက်ကာ ချွဲလိုက်တော့ မေမေက ပြုံးကာ သူ့ဆံပင်တွေအား ပွတ်သပ်ပေးလာသည် ။

" သား .... "

" .... "

" သေချာထပ်စဉ်းစားပါအုံး သားရင်ထဲကအဖြေက သေချာရဲ့လား "

" မေမေ ဘာကိုပြောချင်တာလဲ "

" လက်ထပ်တယ်ဆိုတာ တစ်ဘဝလုံးအတွက် လက်တွဲဖော်ကို ရွေးချယ်ရတာ အဲ့ဒီလူဟာ သားနှလုံးသားထဲကလူမဟုတ်ရင် ဒုက္ခများလိမ့်မယ် "

မေမေ့ စကားကြောင့်ဖက်ထားရာမှ ဖယ်ခွါပြီးမေမေ့မျက်နှာကို ကြည့်လိုက်တော့ မေမေကလည်း ရွှန်းလဲ့ကာမျှော်လင့်ချက်များစွာပါသော မျက်ဝန်းများဖြင့် ကြည့်လာသည် ။

" Wan က သားရွေးချယ်ထားတဲ့လူပါ "

ထိုအခါ မေမေက သက်ပြင်းချသည် ။

" သားက မေမေ့သားပါ သားအကြောင်းမေမေ အသိဆုံး "

မေမေ့စကားကြောင့် သူတွေဝေမိသွားသည် ။ သူ့နှလုံးသားထဲမှာ Wan ကလွဲရင် အခြားရှိမနေနိုင်ပါ ။ ငယ်ငယ်ကတည်းက ရွေးချယ်ထားခဲ့တဲ့ မိန်းကလေးမို့ မှားနိုင်ချေရှိမနေပေ ။ သူ့ဆုံးဖြတ်ချက်သူယုံသည် ။ မေမေက ဟိုတစ်ယောက်နဲ့ကိစ္စကို လက်မလွှတ်နိုင်သေးလို့ ပြောနေတာဖြစ်မည်ဟုဘဲ သူတွေးလိုက်တော့သည် ။

-----

( update ပေးဖို့ ညတိုင်းမထနိုင်လို့ ခေါထို့ခ ထုခွန်တို့ 😭💕 စိတ်ရှည်ရှည်စောင့်ပေးနေတာနဲ့တင် ကျေးဇူးတင်လှပါပြီ )

There are no comments yet. Log in to be the first to leave a review!

Similar stories