ep30
16:27, 3 November 2023ဂျောင်ဂုက အစည်းအဝေးခန်းထဲမှာ ပျင်းရိစွာ ထိုင်နေရသည်။ တစ်နေ့တစ်နေ့ ဆိုးရွားလာတဲ့ လုယက်သောင်းကျန်းဓားပြမှုကို အရာရှိလူအိုကြီးတွေက အထိအခိုက်နည်းပြီး အေးချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ ကြိုးစားနေကြသည်။ စစ်တပ်နဲ့ဘုရားကျောင်း မှားနေတယ်ထင်ရပါ့ လက်နက်ကိုင်ဓားပြတွေကို တရားနည်းဖြင့် လက်နက်ချနိုင်ဖို့ ကြိုးစားနေကြလေရဲ့.. ဒီဓားပြမှုက သူကိုင်တွယ်နေရပေမဲ့ အမိန့်နဲ့စည်းမျဉ်းတွေကိုတော့ နာခံနေရတုန်း။ သူတို့တပ်ဖွဲ့က လမ်းမကြီးဘေးတွေမှာ ကင်းပုန်းတွေချ အလှည့်ကျကင်းလှည့်တာမျိုးလုပ်ထားပေမဲ့ ဓားပြတွေက လမ်းကြောင်းကျွမ်းကျင်မှုကြောင့် ရှောင်ကျဉ်းနိုင်နေသေးသည်။ လက်ရှိ သူတို့လက်ထဲတွင် ဓားပြအနည်းငယ် ဖမ်းဆီးရထားပေမဲ့ ထိုကောင်တွေကို ကိစ္စတုံးဖို့ရာတော့ မလုပ်နိုင်သေးဘူး။ အကြောင်းအရင်းကတော့ ဒီလူအိုကြီးတွေကြောင့်ပဲ လူအိုကြီးတွေက ကိစ္စတစ်ခုဆုံးဖြတ်ချက်ချဖို့ကို အလွန်ကိုမှ တွန့်ဆုတ်တွေဝေတတ်လွန်းသည်။ သူတို့က ဖမ်းဆီးထားတဲ့ဓားပြတွေနဲ့ သူတို့တည်နေရာဆီ လမ်းပြပြီး ခိုင်းစေခဲ့ပေမဲ့ ထိုဓားပြတွေက သူတို့ထက်လည်၍ လမ်းတွင်ပင် ထွက်ပြေးလွှတ်မြှောက်သွားခဲ့သည်။ ထို့ကြောင့် သူတစ်ခါတည်းကိစ္စမတုံးဘဲ နေခဲ့မိတာကို နောင်တရနေမိသည်။ ဒီလူတွေကတော့ အခုထိ နောင်တမရတတ်သေးဘဲ စကားများငြင်းခုံနေကြတုန်း..
သူတို့အကြီးအကျယ်ဆွေးနွေးနေကြတာကို သူကတော့ ငိုက်မြည်းလျက်ရှိနေပြီး တစ်စုံတစ်ရာမှလည်း ဝင်ပြောချင်စိတ်မရှိ။ ထိုအချိန် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြတော့ လူအိုကြီးတွေလည်း ငြင်းခုံနေရာက ရပ်သွားပြီး အသံတိတ်သွားကြကာ ဆူဆူညံညံဖြစ်ရာဆီ အာရုံရောက်သွားကြသည်။
" ဘာဖြစ်နေကြတာလဲ! "
သူတို့ထဲက အရာရှိတစ်ယောက်က အနည်းငယ်အမျက်ထွက်စွာ လှမ်းမေးလိုက်သည်။
" ဒီမှာအရေးကြီးတဲ့ ကိစ္စတချို့ဆွေးနွေးနေတာ မသိဘူးလား ဘာလို့ဆူညံနေရတာလဲ "
" တစ်ယောက်ယောက်က တွေ့ခွင့်တောင်းနေလို့ပါ ပြန်လွှတ်ပေမဲ့ သူက ဗိုလ်မှူးဂျွန်ကို အရေးကြီးကိစ္စပြောဖို့အတွက် မရအရတွေ့ခွင့်တောင်းနေပါတယ် "
အစကသူ ရုတ်ရုတ်သဲသဲဖြစ်နေတာတွေကို စိတ်မဝင်စားပေမဲ့ သူ့နာမည်ပါလာတာကြောင့် သူတံခါးဆီသို့ ကြည့်လိုက်သည်။ ကိန်းဝပ်က အလိုက်သိပြီး ကိစ္စကြီးငယ်ကို ကောင်းကောင်းခွဲခြားနိုင်တဲ့သူတစ်ယောက်ပဲ သူအခုလို အစည်းအဝေးလုပ်နေတာကိုသိပြီး မနှောင့်ယှက်ရတာကိုလည်း သူသိသည်။ ဒါပေမဲ့ အခုလိုတွေ့ခွင့်တောင်းရတာက ဒီအစည်းအဝေးကိစ္စထက် အရေးကြီးနေလို့ပဲ!
" ဝင်ခဲ့ဖို့ပြောလိုက် "
သူချက်ချင်းဝင်ခွင့်ပြုလိုက်သည်။ သူခွင့်ပြုလိုက်တော့ အရာရှိအိုကြီးတွေက အချင်းချင်းတီးတိုးအတင်းအဖျင်းတွေ ကပ်ပြောနေကြပြီး သူ့လုပ်ရက်ကို မနှစ်မြို့ပုံ ပြနေကြသည်။ သူထင်တယ် ကိန်းဝပ်က အရေးကြီးကိစ္စမဟုတ်ဘဲ သူ့ကို အခုလို တွေ့ခွင့်တောင်းလာမှာမဟုတ်ဘူး။ ကိန်းဝပ် ဘာအကြောင်းသူ့ကိုပြောပြချင်လဲကိုတော့ သူခန့်မှန်းလို့မရဘူး။
ကိန်းဝပ်က သူခွင့်ပြုလိုက်သည်နှင့် အခန်းထဲသို့ ခြေလှမ်းကျဲကြီးတွေနဲ့ သွက်သွက်လျှောက်လာပြီး သူ့နားရောက်လာကာ ကိုယ်ကိုငုံ့ကိုင်းလျက် နားနားကပ် တီးတိုးပြောလာသည်။
" မဒမ့်ကို ဓားပြတွေဖမ်းခေါ်သွားကြတယ်လို့ အခုပဲ လက်ထောက်ဒန်က လာပြောလာတယ် "
" ဘာ! "
မထင်မှတ်ထားတဲ့အကြောင်းအရာကြောင့် သူချက်ချင်းထရပ်လိုက်သည်။
" ဗိုလ်မှူးဂျွန် ဘာအရေးအခင်းများ ဖြစ်လို့ပါလဲ "
" ဗိုလ်မှူးဂျွန် ဒီလိုမျိုး အရေးကြီးတဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန် အလျင်လိုစရာ ဘာများရှိနေသေးလို့လဲ "
သူအရာရှိတွေရဲ့ အမေးအမြန်းစကားတွေကို လျစ်လျှူရှုထားလိုက်ပြီး ကိန်းဝပ်ပြောသမျှတာ သူ့နားထဲရောက်နေသည်။
" ဘယ်မှာလဲလက်ထောက်ဒန် "
" အရှေ့မှာစောင့်နေပါတယ် "
သူချက်ချင်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။ နောက်က လူအိုကြီးတွေနဲ့ တားဆီးပိတ်ပင်သံတွေက မြန်မြန်ပဲ ပျောက်ကွယ်သွားပြီး အဆောက်အဦးအပြင်ဘက် ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ဒန်က ဆောက်တည်ရာမရဖြစ်နေပြီး ထိတ်လန့်စိုးရိမ်မှုတွေရှိနေသည်။ သူ့ကိုမြင်တာနဲ့ အပြေးရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြဖို့ စိတ်အားထက်သန်နေသည်။
" အစ်ကို့ကို အစ်ကို့ကို ဓားပြတွေက ဖမ်းခေါ်သွားကြတာ သခင်လေးဂျွန်ကူညီပါအုံး အစ်ကိုအန္တရာယ်ရှိနိုင်တယ် လုပ်ပါအုံး "
" ငါ့ကိုအသေးစိတ်အစအဆုံးပြောပြစမ်း ဘယ်လိုဖြစ်တာလဲ "
ဒန်က စိတ်လှုပ်ရှားနေပေမဲ့ အကြောင်းအရာအပြည့်အစုံကို ချောချောမွေ့မွေ့ ပြောပြနိုင်သည်။ သူက ထိတ်လန့်နေပေမဲ့ ကင်မ်ဆော့ဂျင်လွှတ်မြှောက်ဖို့ရာအတွက် ကိစ္စရပ်တွေကို သေးသေးလေးပင် မကျန်ခဲ့လေအောင် မချွင်းမချန်ပြောပြနေသည်။
" ဓားပြတွေက အစ်ကို့ကို ဝန်ကြီးချုပ်ဟောင်းကတော်မှန်းသိလို့ အခုလိုဖြစ်သွားတာ သခင်လေးဂျွန်ရဲ့ မရီးမှန်းသိလို့ သခင်လေးကို မကျေမနပ်ဖြစ်နေရာကနေ အစ်ကို့ကို ဓားစာခံအဖြစ် ခေါ်သွားကြတာ.. သူတို့က သခင်လေးကို မထီမဲ့မြင်ပြောပြီး လက်နက်တွေ တပ်သားတွေမပါဘဲ တစ်ယောက်တည်းလာတွေ့ရဲရင် လာတွေ့ပါလို့ အမှာပါးလိုက်တယ်။ မဟုတ်ရင် သူတို့အစ်ကို့ကို တစ်ခုခု လုပ်လိုက်ကြမယ် သခင်လေးဂျွန်။ သူတို့ အစ်ကို့ကိုလည်း စော်ကားမော်ကားတွေ အများကြီးပြောဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတယ် အစ်ကို့အတွက် အန္တရာယ်များတယ် သခင်လေးဂျွန် အစ်ကို့ကိုကယ်ပေးပါအုံး "
" ကင်မ်ဆော့ဂျင်ကိုဘာတွေပြောတာလဲ "
သူမျက်မှောင်တွေကျုံ့ဝင်ရင်း မေးလိုက်သည်။ သူ့ကိုစော်ကားမဲ့စကားတွေကိုတော့ သူအကြမ်းဖျင်း သိပြီးသွားပြီ။ သူကမောက်မာမယ်၊မာန်ထောင်မယ် လက်နက်အားကိုး နောက်ခံအားကိုးနဲ့ စိတ်ကြီးဝင်နေတယ် ဒါမျိုးအကြောင်းအရာတွေပါပဲ။ ဒါက သူသင်တန်းသားဘဝကနေ အရာရှိဖြစ်လာတဲ့အထိ ကြားဖူးနေကြ စကားတွေပဲ။ ကင်မ်ဆော့ဂျင်ကိုတော့ မတူဘူး။ သူတို့ပြောမဲ့စကားတွေက ကင်မ်ဆော့ဂျင်ရဲ့ မွေးရာပါအလှတရားတွေကို ပါးစပ်အရသာခံပြီး မတန်မရာ စည်းမရှ်ိကမ်းမရှိ သားပြောမယားပြောကိစ္စတွေ ထွက်လာနိုင်သည်။
" အစ်ကို့ကို ဝန်ကြီးချုပ်နဲ့ဘယ်လိုလက်ထပ်ပြီး ဘယ်လိုဖြစ်လာတဲ့အကြောင်းတွေနဲ့ စော်ကားပြောနေကြတယ် အစ်ကိုက အပျော်မယ်ဂေဟာကလားဆိုပြီး တခြားအကြောင်းအရာတွေ မေးမြန်းနေကြတယ် ကျွန်တော်ပြောဖို့တောင် ပါးစပ်မဟရဲလောက်အောင် သူတို့က အစ်ကို့ကို ထိကပါးရိကပါးတွေ ပြောဆိုနေကြတာ "
" တောက်ခ်! "
ဂျောင်ဂုက ထိုသို့ပြောမယ်ဆိုတာ ခန့်မှန်းထားမိပေမဲ့ တကယ်ဖြစ်လာတော့ သည်းမခံနိုင်လောက်အောင် ဒေါသထွက်မိသည်။ ကင်မ်ဆော့ဂျင်ကိုက မြင်ကတည်းက ဒီလိုမျိုးပြောချင်စရာ ကောင်းလောက်အောင် လှပသည်။ အပြောတင်မဟုတ် တကယ်လည်း လှပပြီး ဆွဲဆောင်မှုရှိလွန်းလို့ အနီးကပ်ဘယ်ယောကျာ်းမှ ကြာကြာသည်းခံနိုင်မှာမဟုတ်ဘူး။ သူ့လို အပေါ်စီးကနေတဲ့ ယောကျာ်းကတောင် ဒီလူရဲ့ဆွဲဆောင်မှုတွေကို သည်းမခံနိုင်ဖြစ်နေခဲ့တာ အဲဒီ သူ့ဖိနပ်လောက်မှမတန်တဲ့ အနုပ်စုတ်ကုပ်စုတ်ယောကျာ်းတွေက ကင်မ်ဆော့ဂျင်ကို နတ်ဘုရားတစ်ပါးလိုထင်မြင်ပြီး မတန်မရာ သွားရည်ကျနေကြမှာ.. တောက်ခ်! ကွာ သူ သူ့ရဲ့အတွေးနဲ့ ထင်မြင်ချက်တွေက မိုင်ကုန်မောင်းတင်ပြီးသား ဖြစ်သွား၍ ပတ်ဝန်းကျင်တွင် ကြောက်စရာအငွေ့အသက်တွေ လွှမ်းခြုံလာသည်။
" ဒီကောင်တွေက အေးဆေးမသေချင်တော့ဘူးထင်တယ် ငါ့လူကိုလာထိရဲတာက ငရဲထက်ဆိုးတဲ့ သေခြင်းမျိုးလိုချင်နေတာဖြစ်မယ် "
ဂျောင်ဂုက ချက်ချင်း နေရာက ထွက်လာပြီး ကားရှိရာဆီ ထွက်လာခဲ့သည်။ သူအထက်ကို အကြောင်းကြားတာမျိုး သတင်းပို့တာမျိုး တစ်ခုမှမလုပ်ခဲ့သလို သူ့ကိုယ်တွင် လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါခဲ့။ သူထိုအတိုင်းသာ ကင်မ်ဆော့ဂျင်တို့ ဓားပြတိုက်ခံရတဲ့နေရာဆီ မောင်းထွက်လာခဲ့သည်။
________________________________
ဆော့ဂျင်က ဓားပြတွေခေါ်ရာနောက် ပါလာခဲ့ပြီး ဓားပြတွေက သူ့ကို သစ်ပင်တစ်ပင်တွင် ကပ်လျက် ကြိုးချည်ထားသည်။ ပြီးတော့ သူတို့က သူနှင့်မလှမ်းမကမ်းမှာရှိတဲ့ တဲအိမ်ပေါ်တွင် သူတို့ပါလာသမျှချပြီး သောက်စားဖို့ပြင်နေကြသည်။ သူတို့ရောက်လာတဲ့နေရာတွင် နောက်ထပ်ဓားပြတွေ အများအပြားရှိနေသေးသည်။ ပြီးတော့ ခေါင်းဆောင်လို့ထင်ရတဲ့ အကြီးအကဲလူတွေကိုလည်း ထပ်တွေ့လိုက်ရတော့ လွှတ်မြှောက်ဖို့ရာ မလွယ်ကူတော့ဘူးလို့ တွေးနေမိသည်။
အခုဆိုရင် အားလုံးစုစုပေါင်း ဓားပြတွေက နှစ်ဆယ်ကျော်နိုင်သည်။ သူတို့က ဂျွန်ဂျောင်ဂုကို လက်နက်မပါဘဲ တစ်ယောက်တည်း လာတိုက်ခိုက်စေချင်တာက လူနှစ်ဆယ်အားနှင့် မည်သို့မှမဖြစ်နိုင်ဟု ထင်နေမိသည်။ ဒါပေမဲ့ ဂျွန်ဂျောင်ဂု တစ်ယောက်တည်း ဘာမှမပါဘဲ လာလေမလားဆိုတာကလည်း မသေချာ။ သူလာမယ်ဆိုတာကိုတော့ ဆော့ဂျင်သေချာသိသည်။ ဒန်က သူ့ကိုကယ်ဖို့ ဂျွန်ဂျောင်ဂုကို ပိုပိုသာသာ ပြောဆိုလောက်မည်။ ဂျွန်ဂျောင်ဂုဒေါသထွက်စေလောက်မဲ့ စကားမျိုးပေါ့..
သူ ကြိုးချည်ထားလျက် သစ်ပင်ခြေရင်းတွင် မှောင်မှောင်မည်းမည်းနဲ့ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး ထိုင်နေရသည်မှာ တစ်နာရီလောက်ရှိတော့မည်။ မီးရောင်က တဲအိမ်ဆီဘက်တွင်သာရှိပြီး သူ့နားတစ်ဝှိုက်တွင် မှောင်မည်းလို့နေသည်။ ဓားပြတွေက သောက်စားမူးရစ်လို့နေပြီး သူတို့ရလာတဲ့ ပိုက်ဆံတွေကို ရေတွက်နေကြသည်။ စာတတ်တဲ့သူအချို့က သူ့စာရွက်စာတမ်းတွေကို မတောက်တခေါက်ဖတ်ရှုရင်း အကြောင်းအရာကို ဆွေးနွေးနေကြသည်။
" အား..ကောင်းလိုက်တာပိုက်ဆံတွေအခုလိုရလိုက်တော့လည်း ငါတို့အရောင်းအဝယ်သွားလုပ်နေစရာ မလိုတော့ဘူးပေါ့ ဟားဟား "
" ဒီနေ့ရလာတာအတန်ဆုံးပဲဟေ့ မောက်မာတဲ့ဗိုလ်ချုပ်ကြီးကိုလည်း ပညာပေးရအုံးမယ် ဘယ်လောက်ကောင်းလိုက်လဲ အတုံ့အလှည့်ဆိုတာရှိတယ်ကွ ဟားဟား "
" လာရောလာရဲပါ့မလား အခုလောက်ဆို ကြောက်ဒူးတုန်နေလောက်ပြီ နောက်လိုက်တွေမပါရင် သွားမပါတဲ့ကျားကြီးက ဟမ် ဟားဟား ဟားဟား "
" ခေါင်းဆောင် တကယ်လို့ အဲဒီဗိုလ်က လာမရှာခဲ့ရင် ဘယ်လိုလုပ်မလဲ ဒီလူက သူ့မရီးဆိုပေမဲ့ သူတို့ဆက်ဆံရေးက မသေချာဘူးလေ အဲဗိုလ်စုတ်က အကြောင်းအရင်း မလုံလောက်ဘဲ သူတစ်ယောက်တည်း စွန့်စွန့်စားစားလာဖို့ဆိုတာက သိပ်တော့မသေချာဘူးနော် ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့အတွက်သာ သူစစ်တည်ဗိုလ်ပါတွေနဲ့ ရောက်လာလောက်မယ် အလကားသူ့အသက်ကို စွန့်ရဲပါမလား "
ထိုစကားကြောင့် ထိုလူတချို့ကပါမက ဆော့ဂျင်ပါ တွေဝေသွားသည်။ ဒါလည်းဟုတ်နေတာပဲ တစ်ယောက်တည်းလာဖို့က မလွယ်တဲ့ကိစ္စဘဲ။ ဒီဓားပြတွေကို သုတ်သင်ဖို့ရာကို စစ်သားတချို့နဲ့ ပူးပေါင်းမှသာ ဓားပြတွေကို ဖမ်းဆီးနိုင်လိမ့်မယ်။ သူတို့ဆက်ဆံရေးနဲ့ပတ်သက်မှုကြောင့်နဲ့ ဂျွန်ဂျောင်ဂုသူ့ကို လာမကယ်လောက်ဘူးလို့ သူ့မှာသံသယဖြစ်စရာမရှိပေမဲ့ တစ်ယောက်တည်းလာဖို့ရာကတော့ စွန့်စားရာကျလိမ့်မယ် အခန့်မသင့်ရင် နှစ်ယောက်စလုံးအတွက် အသက်အန္တရာယ်ရှိနိုင်သည်။
" ဒါဆိုလည်း စခန်းပြောင်းဖို့ရာ အသင့်လုပ်ထားလိုက်တော့ သူဒီည ချက်ချင်းကြီးတော့ လိုက်လာလိမ့်မယ်လည်း မထင်ပါဘူး သူတို့ကောင်တွေက တစ်ခုခုလုပ်ဖို့ကို နာရီပေါင်းများစွာ အကွက်ချစီစဉ်ပြီး သဘောတူညီမှု ရယူပြီးမှ ဒါတောင် အထက်ကို ပြန်တင်ပြရသေးတယ်တဲ့ကွ ထွီ! တော်တော်အလုပ်ရှုပ်တဲ့စစ်သားတွေ ငါတို့လို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ လိုအပ်သလို ဓားပြထွက်တိုက်ကြည့်ပါလား ရူးတောင်သွားအုံးမယ် ဟားဟား "
" ဓားစာခံကိုလည်း စောင့်ကြည့်ထားကြ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်လာရင် သူ့ကိုအကာအကွယ်ယူပြီး ပြေးရမှာ လွှတ်သွားလို့မဖြစ်ဘူး "
ဓားပြတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး နှစ်ယောက်လောက်က သူ့ဆီရောက်လာကာ စောင့်ကြည့်လာသည်။ ဆော့ဂျင်ကတော့ သူတို့လာလည်း မသိသလိုသာ နေနေလိုက်သည်။ သူ့တစ်ကိုယ်လုံး ညစ်ပတ်လို့ရှိနေပြီး သူအခုချိန်မှာ လွှတ်မြှောက်သွားခဲ့ရင် ရေအရင်ချိုးဖို့ တွေးနေမိသည်။
အချိန်တွေတရွေ့ရွေ့ကုန်လွန်သည်အထိ သူနိုးနိုးကြားကြား ရှိနေတုန်း။ သူ့ကိုလာစောင့်ကြည့်နေတဲ့ ဓားပြတွေကတော့ တစ်နေကုန်လှုပ်ရှားနေမှုကြောင့်လား အရက်သောက်ထား၍လား နဂိုဓာတ်ခံကြောင့်ပင်လားမသိ ငိုက်မြည်းလို့ ရှိနေကြသည်။ အချိန်အားဖြင့် ကုန်လွန်ကုန်တော့ စခန်းတစ်ခုလုံး တိတ်ဆိတ်လို့ဖြစ်သွားပြီး ဟောက်သံတချို့က ထွက်ပေါ်နေသည်။ ဓားပြတွေက ဉာဏ်နည်း၍လား သတိဝိီရိယနှင့် အကြောက်အလန့်လုံးဝမရှိကြ။ သူကတော့ ဆင်ခြင်တွေးတောဉာဏ်တိမ်လို့ပဲလို့ ထင်မှတ်မိသည်။ စစ်တပ်က သူတို့ကို ဝင်ဖမ်းမှာကို မစိုးရိမ်ကြဘူးလားမသိ တစ်ယောက်မှ သတိနဲ့နေသူမရှိဘဲ ကင်းပတ်တာကိုလည်း သာမန်ကာလျှံကာ လုပ်ဆောင်နေကြသည်။ သူတို့နယ်မြေဖြစ်နေ၍ မည်သူမှရောက်လာနိုင်မည်မဟုတ်တာသိ၍ မစိုးရိမ်ကြသည်လား။ ဒီလိုသာဆိုရင် သူဒီနေရာမှာ ဘယ်လောက်ရှည်ကြာများ နေရအုံးမည်နည်း။ အတွေးတွေကြောင့် သူတစ်ချက်လေးမှ အိပ်ပျော်ချင်စိတ်ရှိမနေတော့။
အချိန်တွေကုန်ပြီး အတွေးတွေနက်လာသည်ထက် နက်လာသည်နှင့်အမျှ သူဒီအတိုင်းပဲနေရတော့မလား သေရတော့မလား စတင်တွေးတောလာမိသည်။ သူသူ့ကိုလာကယ်ဖို့ တအားယုံကြည်ချက်ပြင်းနေတာတော့မဟုတ်ပေမဲ့ သူပြောဖူးတယ်မလား သူ့လို မြို့တော်ရဲ့ ထိပ်တန်းအဆင့်ဗိုလ်လောင်းအိမ်က မရီးကို ဘယ်သူက ထိပါးရဲမှာလဲဆိုတာလေ.. အခုပဲ သူ့ကြောင့်နဲ့ သူအခုလို ထိပါးရုံမက သေရတော့မဲ့အဖြစ်ကို ရောက်နေရပြီ ဟမ်.. သူလေကြီးပြီး ကြွားဝါးထားတာမဟုတ်ရင် ဓားပြတွေပြောတဲ့အတိုင်း ရောက်လာသင့်တယ်!
.......
________________________________
ဂျောင်ဂုက ဓားပြတွေနေတဲ့စခန်းကိုသိဖို့ အချိန်အများကြီး သုံးလိုက်ရတယ်။ အခုဆိုရင် ဆယ်နာရီလောက် ရှိတော့မည်။ ကင်မ်ဆော့ဂျင်တို့ ဓားပြတိုက်ခံလိုက်ရတဲ့ နေရာကနေ ကားကိုထားခဲ့ပြီး လမ်းကြောင်းအတိုင်း လျှောက်လာခဲ့သည်။ သွားနေကြလမ်းကြောင်းမလို့ မြေကြီးကသိပ်ပြီး ချုံနွယ်တွေက အနည်းငယ်ရှင်းလင်းနေတာက လမ်းရှိသည်ဆိုတဲ့ အဓိပ္ပာယ်ပဲမလို့ သူထိုလမ်းကြောင်းအတိုင်း ဆက်သွားမိသည်။ သူလမ်းကြောင်းအတိုင်း လျှောက်လာခဲ့ပြီးမှ အတော်များများလမ်းရလာတဲ့အခါ သစ်ပင်တစ်ပင်ကို တက်လိုက်ပြီး ထိပ်ဖျားထိရောက်အောင် သွားလိုက်သည်။ ထိုအခါ မီးရောင်မှုန်မွှားမွှားကို စမြင်လိုက်ရတော့ သူလျှောက်လာတာ မမှားတာကို သိလိုက်ရပြီး အပေါ်ကနေပင် မည်သို့မည်ကသွားရမည်ကို မှတ်သားထားပြီး ဆက်လျှောက်သည်။
အနည်းငယ်ခရီးတွင်သွားပြီးတဲ့အခါ ယခင်နည်းအတိုင်း သစ်ပင်ထိပ်ဖျားထိ တက်လိုက်ပြီး ပြန်ကြည့်ပြန်တော့ မီးရောင်က ပိုကြီးကြီးမြင်နေရသည်ကို တွေ့လိုက်ရပြီး သူရောက်ဖို့မလိုတော့ကြောင်း ခန့်မှန်းလိုက်သည်။ လမ်းကြောင်းအနေအထားကို ပြန်မှတ်သားလိုက်ပြီးနောက် ပြန်ဆင်းလာခဲ့ကာ ဆက်လက်ရှေ့ဆက်သည်။
ညအချိန်ဖြစ်၍ ချွေးစို့ရုံကလွဲရင် သူ့အတွက် ဘာအခက်အခဲမှ မရှိသေး။ ဓားပြတွေက လွယ်လွန်းတယ် ဖြုတ်ဦးနှောက်လောက်နဲ့လူတွေက သူ့ကိုတကယ်မရောက်လာနိုင်ဘူး ထင်နေပုံပဲ.. မကြာခင်မှာပင် သူလူအငွေ့အသက်ရလာပြီး ခြေသံတချို့နဲ့ လှုပ်ရှားသံတွေပါ ကြားလာရတော့ သူသတိအနေအထားနဲ့ ချဉ်းကပ်သွားလိုက်သည်။ မီးရောင်ကလည်း ပိုပိုမြင်လာရပြီး မီးပေါက်သံတွေပါ ဆူဆူညံညံ ရှိနေသည်။ ဒီလူတွေကတော့ စစ်ပွဲမှာသာဆို သေနေလောက်ပြီ။ မီးကို အခုလိုမွေးပြီးနေရမယ်လို့ သူတို့ဦးနှောက်က ဒီလောက်ပဲသိတာလား.. ဒီလိုဦးနှောက်မရှိတဲ့သူတွေနဲ့ ယှဉ်ရမှာ သူ့သိက္ခာနည်းနည်းတော့ ထိပါးသလို ခံစားရသည်။ ဒါကြောင့်လည်း သူလက်နက်တစ်ခုတောင် ယူခဲ့ဖို့ မတွေးမိခဲ့တာပေါ့။ သူတို့နဲ့ယှဉ်ဖို့က သူ့အတွက် အတော်ကိုမှ ပျင်းစရာကောင်းလွန်းနေသည်။
ဂျောင်ဂုက စခန်းဆီရောက်လာခဲ့ပြီး အနီးကပ်ဆုံးက မီးတုတ်တစ်ခုကို ယူလိုက်ပြီး ချက်ချင်းပင် တဲအိမ်အစုတစ်ခုကို မီးလိုက်ညှိလိုက်သည်။ ဒါက ရောက်လာပြီဖြစ်ကြောင်း အသိပေးရုံပါပဲ။ နောက်ထပ်ကတော့ သူတို့ဖြစ်ချင်တဲ့အတိုင်း နည်းနည်းလောက်တော့ ကစားပေးရမှာပေါ့။
" မီး မီး မီးလောင်နေတယ် မီးလောင်နေတယ်ဟေ့ကောင်တွေ "
" မီးဟ! မီးလောင်နေတယ်ဟ "
ခဏကြာတော့ မီးလောင်နေတာကို သိသွားကြပြီး ဓားပြတွေက ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကာ မီးလောင်တဲ့အိမ်ရှိရာဆီ အပြေးအလွှားရောက်ကုန်ကြပြီး မီးငြိမ်းဖို့ရာ ဗျာများကုန်ကြသည်။ သူကတော့ တဲအိမ်တွေထဲက အားလုံးထက် အနည်းငယ်ကြီးပြီး ခေါင်းဆောင်ဖြစ်သူနေလောက်မဲ့ အိမ်ထဲသို့ ဝင်လိုက်သည်။ ဒါက ခန့်မှန်းခြေသက်သက်ပါ။ သူတို့စစ်တပ်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် ပိုကြီး ပိုကောင်းတဲ့ အိမ်ထဲမှာ ခေါင်းဆောင် ဒါမှမဟုတ် ရာထူးရာခံကြီးတဲ့သူတွေက ပိုကောင်းတဲ့နေရာနဲ့ နေရသည်မလား ဒါကြောင့် သူခေါင်းဆောင်နေသည်ဟု ထင်ရတဲ့အိမ်ထဲ ဝင်လိုက်ပြီး အနည်းငယ်ဝင်မွှေလိုက်သည်။
သာမန်လူတွေလို အခြေတကျနေတဲ့ အိမ်မျိုးမဟုတ်တဲ့အတွက် ဘာမှ ခက်ခက်ခဲခဲ မရှာဖွေလိုက်ရ။ သေနတ်တချို့နဲ့ စုဆောင်းရရှိထားတဲ့ ရတနာတချို့တွေ့လိုက်ရသည်။ ပြီးတော့.. ရတနာတွေကြောင့် တလက်လက်လက်နေတဲ့ဘေးတွင် ကင်မ်ဆော့ဂျင်ကိုင်နေကြ သားရည်အိတ်လေး.. သူထိုအိတ်ကို ကောက်ယူလိုက်ပြီး သေနတ်တစ်လက်ကိုလည်း ကျည်အပြည့်ရှိရဲ့လား စစ်ကြည့်ကာ အပြည့်ဖြည့်ပြီး ခါးကြားထိုးလိုက်သည်။ နောက်တစ်လက်ကိုလည်း ကောက်ယူလိုက်ပြီး ကျည်အပိုပါ တစ်ပါတည်းယူလာခဲ့ကာ အပြင်ထွက်လာလိုက်ပြီး လေထဲတွင် သေနတ်တစ်ချက် ပစ်ဖောက်လိုက်သည်။
သေနတ်သံကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သူတွေအားလုံး ငြိမ်ကျသွားကြပြီး မကြာခင် သူတို့နေရာတွင် သူစိမ်းဝင်ရောက်နေပြီဖြစ်ကြောင်း သိသွားကြသည်။ အားလုံးက သေနတ်သံရှိရာ လိုက်ရှာလာကြသည်။ ဂျောင်ဂုက ယမ်းငွေ့ထွက်သွားတဲ့ သေနတ်ပြောင်းဝကို ပါးစပ်နှင့်တစ်ချက်မှုတ်လိုက်ပြီး အသံပြန်ပေးလိုက်သည်။
" မင်းတို့အဖေက ဒီမှာ "
____________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



