ep25
15:27, 23 October 2023" အဲဒီကင်မ်ဆော့ဂျင်ဆိုတဲ့ အပျော်မယ်ကောင်ကို ကြည့်လို့မရပါဘူးဆို ဂျွန်အယ်ရို ဂျွန်အယ်ရို ဘာကိစ္စခေါ်ချင်ရတာလဲ မင်းသူနဲ့ ဘယ်တုန်းကအဲလောက်ရင်းနှီးသွားရတာလဲ "
" မဟုတ်ပါဘူး မဒမ်ကင်မ်က ဒီအတောအတွင်း ကျွန်တော့်ကို အများကြီးကူညီထားလို့ပါ "
" ဘာကူညီတာလဲ ဘာကူညီညီ သူကသူ့အတွက်အကျိုးရှိလို့လုပ်တာ နင့်ကိုကောင်းပြပြီး အမွေတွေမျက်စောင်းထိုးနေတာ အမွေတွေရှိနေလို့ သူသည်းခံလုပ်နေတာ ဘာကိုကူညီရမှာလဲ "
" ဒါပေမဲ့လည်း.. "
" မာမီပြောတာမှန်တယ်အယ်ရို နင်ကကလေးမလို့ လှည့်စားလို့လွယ်နေတာ သတိထားနေ သူကနင့်ကို အချိုသပ်ပေါင်းနေတာ လူကြီးတွေကိုဆို အဲလိုလုပ်လို့မရမှန်းသိလို့လေ "
ဟယ်လင်က သခင်လေးဂျွန်ကို ရည်ရွယ်ရင်း ပြောလိုက်သည်။ သခင်လေးဂျွန်ကိုတော့ သူ့ညီမကိုကပ်ပြီး ပေါင်းခိုင်းထားတာ သိတာပေါ့ သခင်လေးဂျွန်က သိလို့သာ အကပ်မခံတာ..
" မင်းဒေါ်လေးငယ်ပြောတာမှန်တယ်မြေးလေး မင်းအပေါ်ကောင်းပြနေတယ်ဆိုတာ အယောင်ပြပဲ သူမင်းအဖေကို လက်ထပ်ခဲ့တယ်ဆိုတာကလည်း အခုလိုပိုက်ဆံတွေမက်ပြီး လုပ်ချင်သလိုလုပ်ရဖို့ အကွက်ဆင်ပြီး လက်ထပ်ယူခဲ့တာ သူကပိုက်ဆံအတွက်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်နေတာ အခုလည်း စက်ရုံအသစ်ဆိုတာ ဘယ်ကသူတွေနဲ့ ဘယ်လိုပတ်သက်ပြီး ဘယ်လိုတွေ အကူအညီတောင်းထားပြီး ရလာလည်းဆိုတာ သိတာမဟုတ်ဘူး။ သူ့မှာအဲလောက်ပိုက်ဆံအများကြီး ဘယ်ကများရသလဲ ကြောက်ဖို့ကောင်းလိုက်တာကွယ် ဘယ်တော့များ အပုတ်တွေပေါ်ပြီး အရှက်တကွဲအကျိုးနည်းဖြစ်မလဲ တွေးရင်း ရင်ပူမိတယ် တကယ်တမ်းဖြစ်လာရင် ဂျွန်အိမ်တော်က ဝန်ကြီးချုပ်ကတော်ဆိုတဲ့ နာမည်တွေက အရင်လာမှာ "
" ဟုတ်ပါ့မာမီရယ် အခုလည်း မြေတိုင်းဦးစီးကလူနဲ့ တတွဲတွဲပဲ ယူမှာဖြင့်ရင်လည်း ယူလိုက်ကြတာမဟုတ်ဘူး။ လူမြင်မကောင်းအောင် တွဲသွားတွဲလာလုပ်ပြနေတာ ကလေးတွေကလည်း လက်ခံနေတာ ဘယ်လိုများသိမ်းသွင်းထားလည်းတော့မသိ ကလေးတွေက အကုန်ကြည်ဖြူနေတယ် "
" အဲဒါတွေကြောင့် အယ်ရိုကိုစိတ်ပူတာပေါ့ လူတွေကို သွေးဆောင်တဲ့နေရာမှာ အပျော်မယ်မျိုးရိုးကသူတွေကို လျှော့တွက်လို့မရဘူး။ အခုနေ ဘယ်ယူအုံးမလဲ ဟိုဘက်ကရော ဒီဘက်ကရော ရချင်သေးတာလေ လက်ထပ်လိုက်ရင် ဒီဘက်က အမွေတွေ သူဘယ်ရတော့မလဲ.. အမွေတွေကို လွယ်လွယ်လက်လျှော့မယ်ထင်နေလား "
" ကြောက်ဖို့ကောင်းလိုက်တာနော် အခုလည်း ကောင်းကောင်းမွန်မွန်နေနေရတာကို လောဘတွေလည်းကြီးလိုက်တာ သခင်လေးလည်း သတိထားပါနော် သခင်လေးလည်း သူတို့အကွက်တွေထဲ ဝင်သွားမှာစိုးလို့ ဟယ်လင်က စိတ်ပူတာ "
သူတို့စကားဝိုင်းတွင် တိတ်တဆိတ်စားသောက်နေတဲ့ သခင်လေးဂျွန်ကို လှမ်းသတိပေးစကားဆိုလိုက်သည်။ ထိုအခါ ငြိမ်လျက်စားသောက်နေတဲ့ သခင်လေးက မော့ကြည့်လာရင်း ပြုံးလျက် ခေါင်းညိတ်ပြသည်။ သခင်လေးရဲ့ အခုပုံစံက နှစ်သက်ဖို့ကောင်းလိုက်တာ ခုနက ကျောင်းပြိုင်ပွဲမှာ အယ်ရိုကိုအမှားမလုပ်ဖို့ ဆူနေတဲ့သူမဟုတ်သလို သူ့စကားကို ပြုံးပြုံးလေးနာခံနေသည်က ကျေနပ်စရာကောင်းလှသည်။
" သခင်လေးက ဘာမှမသိတဲ့သူမလို့ သတိပေးရတာပါ သူကအရမ်းမာယာများတယ် သခင်လေးက သဘောကောင်းတဲ့သူမလို့ သတိပေးရတာပါ။ သူတို့ကို အားနာပြီး မျက်နှာသာပေးလို့မရဘူး ဝန်ကြီးချုပ်တုန်းကလည်း အဲလိုမျက်နှာသာပေးခဲ့လို့ အိမ်အထိရောက်လာပြီး အကုန်စိတ်ကြိုက်ခြယ်လှယ်နေတော့တာလေ ဟယ်လင်က စိုးရိမ်လို့ပါ "
" အခုလိုသတိပေးလို့ ကျေးဇူးပါ ကျုပ်ဆင်ခြင်လို့ရတာပေါ့ "
ဂျောင်ဂုက သားအမိနှစ်ယောက်ကြားက ပြဇာတ်ကို အလိုက်သင့် ပါဝင်ကူညီပေးလိုက်သည်။ ပြဇာတ်ပေမဲ့ တချို့နေရာတွေက တကယ်လည်း မှန်နေခဲ့တာပဲ။ ကင်မ်ဆော့ဂျင်က အကျိုးမရှိဘဲ ဘာမှမလုပ်ဘူး။ ဒါကအမှန်တရားပဲ သူ့ကို သူ့အကျိုးအတွက် အထောက်အကူအကြီးကြီးဖြစ်လို့ သည်းခံပေါင်းနေတာပဲ.. ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာပဲလုပ်လုပ် လုပ်တယ် ဒါလည်း မှန်တယ်လို့ ထင်တာပဲ။ ပိုက်ဆံရဖို့ ပါးစပ်နဲ့လည်းလုပ်ပေးတယ် မြင်းဆိုလည်းစီးတယ် ဟက်.. ဒါမျိုးအတွက်တော့ ပိုက်ဆံပေးရတာက တန်ပါတယ် သူ့မရီးက နယ်နယ်ရရလူတော့မဟုတ်ဘူးလေ ရှိသမျှပိုက်ဆံ ပုံအောပေးရတောင် သူ့မရီးမလို့ တန်တယ်။
တစ်ခုပဲ အဲဒီသက်ကြီးကောင်ကြီးကိုတော့ ဘာလို့အချိန်ပေးပြီး တွဲနေလဲသူမသိ။ ကင်မ်ဆော့ဂျင် အဲဒီသက်ကြီးကောင်ကို စိတ်မဝင်စားတာတော့ သေချာသည်။ သူ့မရီးက ပိုက်ဆံမက်ပြီး ပိုက်ဆံမျက်နှာတစ်ခုကြောင့် လက်ထပ်ဖို့ဖြစ်လာခဲ့တယ်၊ သူနဲ့အိပ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ ကင်မ်ဆော့ဂျင်က အသိဉာဏ်နည်းပြီး မိုက်မဲတဲ့သူတော့မဟုတ်။ လက်ထပ်ခဲ့တာကတောင် ပိုက်ဆံနဲ့ အခွင့်အလမ်းတွေ လိုချင်ခဲ့လို့ပဲ သူနဲ့အိပ်တယ်ဆိုတာကလည်း အဲဒီအခွင့်အလမ်းတွေ မဆုံးရှုံးချင်ခဲ့လို့ဘဲ.. အခု အခွင့်အလမ်းနဲ့ လုပ်ချင်တာမှန်သမျှ လုပ်လို့ရနေတဲ့အချိန်မှာ ကင်မ်ဆော့ဂျင်က တခြားတစ်ယောက်ကို ပိုက်ဆံကြောင့်နဲ့ ပြန်လက်ထပ်တော့မည်မဟုတ်။ သူအတွက် ဒီအခြေအနေက အဆင်ပြေနေပြီ။ သူက သူ့ရည်ရွယ်ချက်လမ်းကြောင်းကလွဲရင် တခြားလမ်းသွားဖို့ စိတ်မဝင်စားဘူး။ ချစ်ကြိုက်လို့ဆိုတာက ကင်မ်ဆော့ဂျင်အတွက်တော့ တစ်သက်လုံးဖြစ်နိုင်လာမှာမဟုတ်ဘူး။ အဲဒီသက်ကြီးကောင်နဲ့ တွဲသွားတွဲလာ လုပ်နေတယ်ဆိုတာက အားနာလို့ကလွဲရင် မဖြစ်နိုင်။ အရင်တုန်းက သူစခဲ့ဖူးတဲ့ဇာတ်လမ်းကြောင့် အားနာနေတာ ဖြစ်လောက်မည်။
" အမယ်လေး မာမီ ဟိုမှာ ပြောရင်းဆိုရင်းနဲ့ ရောက်လာပါပြီ ဝင်လာပြီ "
မိန်းကလေးဟယ်လင်အသံကြောင့် သူတို့အားလုံး လှမ်းကြည့်မိပြီးသား ဖြစ်သွားသည်။ ကင်မ်ဆော့ဂျင်နှင့် သက်ကြီးကောင်တို့ ကလေးတွေကို တစ်ဖက်စီလက်တွဲထားရင်း မိသားစုလိုက် သူတို့ စားသောက်ဆိုင်ထဲ ဝင်လာကြသည်။
" မဒမ်ကင်မ်က ဘာလို့ကျွန်တော်ခေါ်တုန်းကကျတော့ မလိုက်တာလည်းမသိဘူး "
" ရှင်းနေတာပဲလေ သူတို့နဲ့အတူသွားချင်လို့ပဲပေါ့ ကြည့်ပါလား သူတို့ကိုကြည့် မိသားစုလိုပဲ "
" ဟုတ်ပါ့ကွယ် ငါတို့လည်း ဒီမှာရှိနေတာကို ပြောစရာတွေတော့ ဖြစ်လာတော့မှာပဲ "
" ပြန်ကြစို့လားဟင် မာမီ "
" မပြန်နဲ့ ပြန်စရာမလိုဘူး မဟုတ်တာလုပ်ထားတာက သူလား ကျုပ်တို့လား.. "
ဂျောင်ဂု ပန်းကန်ထဲက အသားတွေကိုလှီးဖြတ်နေရင်း ဂရုမစိုက်စွာ ဝင်ပြောလိုက်သည်။ ကင်မ်ဆော့ဂျင်နှင့် ထိုမိသားစုက နေရာလွတ်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့က အပေါ်အထပ်မှာဖြစ်နေ၍ အောက်ထပ်ကမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ကင်မ်ဆော့ဂျင်က ကလေးတွေအတွက် စားစရာကို ကိုယ်တိုင်ပြင်ပေးနေသည်။ သူ့ရှေ့ကသက်ကြီးကောင်ကတော့ ကင်မ်ဆော့ဂျင်ကို သဘောကျပြီးရင်းကျသလို ပြုံးပြုံးကြီး ကြည့်ရှုနေသည်။
ဟွန်း! နွားအိုမြက်နုကြိုက်
ဂျောင်ဂု စိတ်ထဲကရယ်လိုက်ပေမဲ့ အပြင်မှာပါ အသံထွက်သွားသည်။ သူ့အသံကြောင့် အောက်ထပ်က စားပွဲဆီကို ကြည့်နေကြတဲ့ မျက်လုံးတွေက သူ့ဆီရောက်လာကြသည်။ ထိုအခါ သူထိုနေရာမှ အကြည့်လွဲလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ..
" မရီးက အခုဆို လူလွတ်ဖြစ်နေပြီပဲ သူအခုလို တစ်ယောက်နဲ့ချစ်ကြိုက်နေတာက ဖြစ်သင့်ပါတယ် ဒါပေမဲ့ ဒီလိုအဖိုးကြီးနဲ့တော့ မထင်ထားဘူးပေါ့ဗျာ ဒီလိုတွဲမြင်လိုက်ရတော့ ကျုပ်မရီးကို နှမြောမိသား .. ဘာပဲဖြစ်ဖြစ်ပါလေ မရီးကသဘောကျနေတယ်ဆိုရင်တော့ လွှတ်ထားပေးရမှာပေါ့ ဟုတ်တယ်မလား "
" ဟုတ်ပါတယ် ဟုတ်တယ် အန်တီမာရင်းက သခင်လေးသဘောမခွေ့မှာစိုးလို့ပါ သခင်လေးက သဘောထားကြီးလိုက်တာ အန်တီမာရင်းလည်း သူတို့ကို လိုက်ဖက်တယ်လို့ ထင်မိပါတယ် အရင်ကစိတ်ပူမိတာက အတင်းအဖျင်းတွေ ကြောက်လို့ပါ အခုလို သခင်လေးသဘောထားကို သိရတော့ အားလုံးက သဘောတူပြီးသားပါကွယ် "
ထိုသားအမိက သူ့လေသံအတိုင်း ထောက်ခံသွားကြပေမဲ့ အယ်ရိုတစ်ယောက်သာ မှိုင်တွေတွေဖြစ်နေသည်။ ကြည့်ရတာ ကင်မ်ဆော့ဂျင်က သူခေါ်တုန်းက မလိုက်ဘဲ တခြားကလေးမိသားစုနဲ့ပါလာတာ မြင်လိုက်ရတော့ မရွှင်ပြဖြစ်သွားပုံရသည်။ ဒီကလေးက တကယ်တွယ်တာတတ်တာပဲ.. သူ့ကို ဒီလောက်ထိ ရိုက်သွင်းခံထားရတာတောင် ကင်မ်ဆော့ဂျင်ကို တွယ်တာသွားသေးတယ် ဟမ်း.. မရီးက တကယ်ပဲ ကလေးလူကြီးမကျန် ပြုစားတတ်တာပဲလား..
_______________________________
ဆော့ဂျင်က ဦးစီးယွန်ရဲ့ဖိတ်ခေါ်မှုနှင့် ကလေးတွေရဲ့ တောင်းဆိုမှုကြောင့် ညစာအတူလိုက်စားဖို့ ဖြစ်လာခဲ့သည်။ ခါတိုင်းစားနေကြဆိုင်က ယနေ့မှာတော့ ကြိုတင်မှာယူမှုတွေနဲ့ ပြည့်နေပြီမလို့ သူတို့သွားလေ့မရှိတဲ့ ဆိုင်သစ်တစ်နေရာမှာပဲ ဝင်ထိုင်လိုက်ကြသည်။ ကလေးတွေကို အသားနဲ့လက်သုတ်ပဝါတွေ သေချာပြင်ပေးလိုက်ပြီး အသင့်စားစေရန် အရန်သင့်အသားတွေကို လှီးဖြတ်ပေးထားလိုက်ပြီး ရေအရံသင့် ချပေးထားလိုက်သည်။ ဦးစီးယွန်ကတော့ သူ့ကလေးတွေကို ဂရုစိုက်ပေးနေတာမြင်တော့ သဘောကျပြုံးရင်း ကျေးဇူးတင်စကားဆိုသည်။ တစ်ယောက်ယောက်အတွက် အစားအသောက်တွေပြင်ပေးရတာက ဂေဟာမှာနေလာတုန်းက အကျင့်ဖြစ်နေတာဖြစ်၍ သူ့အတွက် ပုံမှန်လိုပင် ဖြစ်နေသည်။
စားသောက်ပြီး ခဏနေတော့ ဦးစီးယွန်က ကလေးတွေက ဆိုင်က ပြင်ဆင်ထားတဲ့ မုန့်အချိုတွေ သွားယူခိုင်းလိုက်တော့ ကလေးတွေက ပျော်ရွှင်စွာ ပြေးထွက်သွားကြသည်။ ကလေးတွေမရှိတော့ ဦးစီးယွန်က သူ့ကိုတစ်ခုခုပြောဖို့ရာ ခဏမျှကြည့်နေခဲ့ကာ စကားစလာသည်။
" ဆော့ဂျင် သူတို့က အခုထိ ဆော့ဂျင်ကိုဆို အမြင်မကြည်ကြတုန်းပဲ တစ်အိမ်တည်းနေလို့ အဆင်ရောပြေရဲ့လားဟင် "
ခုနကတည်းက ဦးစီးယွန်က သူ့ကိုဒီအကြောင်းမေးချင်နေတာ သူသိထားသည်။ ကလေးတွေရှိနေ၍ မေးလို့မရ၍သာ သူ့ကိုတကြည့်ကြည့်လုပ်နေသည်။ သူကတော့ အဆင်ပြေတာမလို့ အဆင်ပြေကြောင်းသာ ပြောလိုက်သည်။ တကယ်လည်း အဆင်ပြေပါသည်။
" အဆင်ပြေပါတယ် ဦးစီးယွန်ရဲ့ ပုံမှန်ပါပဲ ကျွန်ုပ်က သူတို့မျက်နှာကြည့်နေတာမှ မဟုတ်တာ ကျွန်ုပ်အတွက်က အဆင်ပြေတယ် "
" ကိုယ်ကတော့စိုးရိမ်တယ် မင်းဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော ကိုယ့်ကိုမကြည်ဖြူတဲ့သူတွေနဲ့ အမြဲမျက်နှာချင်းဆိုင်မြင်တွေ့နေရတာက စိတ်ဒုက္ခတစ်မျိုးပဲလေ သူတို့က မင်းကို အမြဲရန်လိုနေကြတာ ဘယ်တုန်းကမှ အကောင်းမြင်ခဲ့တာမဟုတ်ဘူး။ ဆော့ဂျင် အနည်းနဲ့အများတော့ စိတ်ဆင်းရဲရတယ်မလား "
" ဦးစီးယွန် ပူပန်ပေးတာ ကျေးဇူးတင်ပါတယ် ကျွန်ုပ်ကတော့ သိပ်စိတ်ထဲမထားတာမလို့ တကယ်အဆင်ပြေပါတယ် ကျွန်ုပ်က သူတို့ကို တကယ်ဂရုမထားတာပါ ကျွန်ုပ်လုပ်ရမဲ့ကိစ္စတွေနဲ့ယှဉ်ကြည့်လိုက်ရင် ဒီလောက်ကတော့ သည်းခံရမှာပေါ့ သည်းခံနိုင်ပါတယ် "
" ဆော့ဂျင်.. ကိုယ်လေ ကိုယ်ဒီစကားကို ထပ်ပြောပါရစေ ကိုယ်မင်းကိုတာဝန်ယူပါရစေ ကိုယ်မင်းကိုတင်မကဘဲ မင်းဘာလုပ်လုပ် ကိုယ်ထောက်ပံ့ပေးပါရစေ ဟင် ကိုယ်နဲ့လက်ထပ်ပါ ကိုယ်မင်းကို အနားမှာခေါ်ထားပြီး မင်းကိုပျော်ရွှင်စေချင်တယ် "
" ဦးစီးယွန် ကျွန်ုပ်တကယ်အဆင်ပြေပါတယ် "
ဦးစီးယွန်က စားပွဲပေါ်တင်ထားတဲ့ သူ့လက်တွေကိုကိုင်ပြီး ပြောလာတော့ မထင်မှတ်ထားတဲ့သူ အနည်းငယ်နေရခက်သွားပြီး အဆင်ပြေကြောင်းပြောကာ ရုန်းလိုက်သည်။ သူတို့ရောက်နေတာ လူပုံလည်က စားသောက်ဆိုင်တစ်ခုတွင် ဖြစ်တာကြောင့် ဆော့ဂျင်သူ့ကိုအုပ်ကိုင်ထားတဲ့ လက်တွေကို ရုန်းလိုက်သည်။ သူမသိမသာရုန်းတာနဲ့ ဦးစီးယွန်က ချက်ချင်းပင် ဖယ်ခွာသွားသည်။
သူနဲ့ဦးစီးယွန်က ဘာမှမဟုတ်ကြတဲ့သူတွေမလို့ သူများတွေမြင်ပြီး အထင်လွဲသွားကြမှာမျိုး သူမလိုချင်ဘူး။ ဦးစီးယွန်က သူ့ကိုသဘောကျတာမှန်ပေမဲ့ သူ့တို့က လုံးဝပတ်သက်မှုမရှိသေးသလို နောက်လည်း တစ်မျိုးတမည်ထင်ရတဲ့ ပတ်သက်မှုမျိုးက ရှိလာမှာမဟုတ်၍ သူ့ဘက်က မစ္စမာရင်းတို့ စွပ်စွဲနေသလို ကိစ္စတွေ အမှန်ဖြစ်လာမှာမျိုး မလိုချင်။
" ဦးစီးယွန် ကျွန်ုပ်အခုလက်ရှိဘဝက အဆင်ပြေပါတယ် ကျွန်ုပ်ရဲ့အလုပ်တွေ လုပ်ငန်းဆောင်တာတွေလည်း အကုန်အဆင်ပြေပါတယ်။ ဦးစီးယွန်က ကျွန်ုပ်ပေါ်ကောင်းတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ အဲလိုမိတ်ဆွေကောင်းမျိုးကို ကျွန်ပ်လိုအပ်ချက်တစ်ခုတည်းအတွက်နဲ့ အသုံးမချချင်ဘူး။ ကျွန်ုပ်အခု အကုန်လုံးအဆင်ပြေနေပြီ။ ဒီတိုင်းလေးနေရတာက အဆင်ပြေနေပါပြီ။ "
" ကိုယ့်ကိုအယဉ်လေးငြင်းလိုက်တာပဲ ကိုယ်နားလည်ပါပြီ။ ကိုယ့်အတွက်ကလည်း ဆော့ဂျင်အဆင်ပြေဖို့က အဓိကပါ။ ဆော့ဂျင်ပင်ပန်းလာတဲ့အခါ မှီခိုဖို့တစ်စုံတစ်ခု လိုအပ်နေတဲ့အခါကျရင် ကိုယ့်ကိုသတိရပေးပါ။ ကိုယ်မင်းကိုစောင့်နေမယ်နော် "
" ဦးစီးယွန်.. "
သူတကယ်အားနာမိသည်။ သူအခုလိုအခြေအနေနဲ့ဆိုရင် လက်ထပ်ဖို့က ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ သူဦးစီးယွန်ရဲ့အချိန်တွေကို မဖြုန်းစေချင်ဘူး။ ဦးစီးယွန်ရဲ့အချိန်တွေကို သူ့ကိုစောင့်ရင်း မကုန်ဆုံးစေချင်ဘူး။ သူဘက်က သေချာတဲ့အဖြေက ရှိနေပြီးသားမလို့ ဦးစီးယွန်ကို မမျှော်လင့်စေချင်တော့ဘူး။ သူ့ကို လက်လွှတ်လိုက်စေချင်သည်။
" ကိုယ်အခုလိုစောင့်နေရလည်း ဖြစ်တာမလို့ အပြတ်မငြင်းလိုက်ပါနဲ့ စောင့်ဆိုင်းခြင်းက ပျော်ရွှင်ခြင်းပဲလေ မင်းဘေးမှာ တစ်ယောက်ယောက်မရှိနေသ၍ ကိုယ့်အတွက်အခွင့်အရေး ရှိနေတာပဲလေ မဟုတ်ဘူးလား အားနာဖို့မလိုပါဘူး ကိုယ့်သဘောနဲ့ကိုယ် စောင့်ချင်တာ ဟုတ်ပြီလား "
ဆော့ဂျင်သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။ ဒါက သူအတင်းပြောလို့ ရတာမျိုးလည်း မဟုတ်တာ သူ့စိတ်နဲ့သူ ကိုယ့်စိတ်နဲ့ကိုယ် တားပိုင်ခွင့်မှ မရှိတာဘဲ..သူ့ဘက်ကတော့ သူ့ကိုစောင့်ဆိုင်းနေရတာမျိုး တကယ်မလိုချင်ပါ။
" တကယ်တော့ ကိုယ်ကလည်း မင်းကလွဲရင် ဘယ်သူနဲ့မှ လက်မထပ်ချင်လို့ပါ။ ဆော့ဂျင်က ကိုယ့်ကလေးတွေအပေါ်မှာလည်း မေတ္တာရှိတယ်လေ ကိုယ်တခြားသူတွေနဲ့လက်ထပ်ရင် ကိုယ့်ကလေးတွေကလည်း ကန့်ကွက်ကြလိမ့်မယ် မဒမ်ကင်မ်မဟုတ်ရင် ဖေဖေလက်မထပ်ရဘူးတဲ့ အမိန့်ထုတ်ထားတယ် "
ဦးစီးယွန်စကားကြောင့် သူရယ်လိုက်မိသည်။ ဟုတ်လောက်မည်။ ဒင်းနဲ့ရင်းက သူ့ကိုဆို တော်တော်လေးခင်တွယ်ကြသည်။ ထိုအခါ သူအယ်ရိုကိုပါ သတိရသွားမိသည်။ ဝန်ကြီးချုပ်ကို ချဉ်းကပ်တုန်းက အယ်ရိုကိုလည်း သူကောင်းကောင်းချဉ်းကပ်ခဲ့လိုက်ရမှာ အဲဒါဆိုရင် အယ်ရိုလည်း သူ့ကိုသူ့အဖေနဲ့ ကြည်ကြည်ဖြူဖြူသဘောတူခဲ့ပြီး သူတို့လည်း ခင်မင်ရင်းနှီးနေခဲ့မှာ..ဟမ်း..အခုလည်း အရမ်းကြီးမဆိုးတော့ပါဘူး သူ့ကိုကျေးဇူးတွေတောင်တင်တတ်ပြီး ညစာစားဖို့တောင် ခေါ်ခဲ့သေးတာပဲ..
_______________________________
" ကောင်းကောင်းပြန်ပါ ဦးစီးယွန် ညစာအတွက်လည်း ကျေးဇူးတင်ပါတယ် ဒင်းနဲ့ရင်းလည်း နောက်မှပြန်တွေ့ကြမယ်နော် "
" ဟုတ်ကဲ့ပါမဒမ်ကင်မ် ကျွန်တော်တို့ဆီလည်း ခဏခဏလာလည်ပါ မျှော်နေမှာနော် "
" ရင်းဆီရော ရင်းဆီရောလာ "
" ဟုတ်ပါပြီ အချိန်အားတာနဲ့ လာလည်ပါ့မယ် "
" ကဲ ကဲ မဒမ်ကင်မ်ကို ဒီလောက်ပဲဂျီကျကြပါတော့ မဒမ်က အလုပ်တွေဘယ်လောက်များလဲ သိရဲ့လား.. ဆော့ဂျင် ဒီနေ့အတွက် ကျေးဇူးပါပဲနော် နောက်အချိန်ရမှ ပြန်ဆက်သွယ်လိုက်ပါ့မယ် ဒါဆိုကိုယ်တို့သွားပြီနော် "
" ဟုတ်ကဲ့ ဦးစီးယွန် ကောင်းကောင်းပြန်ပါ "
ဦးစီးယွန်တို့ ကားထွက်သွားပြီးမှ သူအိမ်ထဲဝင်လာခဲ့လိုက်သည်။ သူတို့ပြန်လာတော့ မှောင်ရီစပျိုးနေပြီမလို့ အယ်ရိုတို့ပြန်ရောက်လောက်ရောပေါ့ သူဖိနပ်ချွတ်လိုက်ပြီး အိမ်ထဲဝင်လာခဲ့တော့ မစ္စမာရင်းတို့သားအမိက ဧည့်ခန်းထဲတွင်ရှိနေသည်။ သူတစ်ချက်မျှကြည့်လိုက်ပြီး အပေါ်တက်မည်ပြင်တော့ မစ္စမာရင်းက သူ့ကိုလှမ်းခေါ်လာသည်။ မျက်နှာထိမျက်နှာထားနှင့်ဖြစ်နေတော့ ဦးစီးယွန်နဲ့ပတ်သက်တဲ့ အကြောင်းအရာပင် ဖြစ်လောက်မည်။ အက်ကြောင်းထပ်လောက်အောင် ပြောဖူးတဲ့အကြောင်းအရာတွေကို နားထောင်ဖို့ရာ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
" မင်းနဲ့အဲဒီမြေတိုင်းဌာနက ဦးစီးနဲ့အကြောင်းပြောမလို့ "
ဆော့ဂျင်က ထင်တဲ့အတိုင်းပဲမလို့ တုံ့ပြန်မှုပင်မလုပ်ချင်တော့ဘူး။
"မင်းတို့အခုလို တွဲသွားတွဲလာလုပ်နေတာက အမြင်မတင့်တယ်ဘူး။ ပြောစရာလည်းဖြစ်တယ် ကလေးတွေကလည်း ကြည်ဖြူတယ်မလား ငါတို့ဘက်ကလည်း ခွင့်ပြုတာမလို့ အမြန်ဆုံးလက်ထပ်လိုက်ကြတော့ "
" ဘာရယ်.. "
ခါတိုင်းပြောနေကြစကားတွေနဲ့ ဆန့်ကျင်စွာပြောလာတော့ သူတောင် အံ့အားသင့်မိသွားသည်။ ခါတိုင်းဆို နင့်လိုအပျော်မယ်ကို အပျော်ကြံနေတာ ဘယ်သူကအတည်လက်ထပ်မှာလဲတွေနဲ့ပဲ ချိုးချိုးနှိမ်နှိမ်တွေ ပြောခဲ့တာ.. ဒီနေ့မှ ထူးထူးဆန်းဆန်း လက်ထပ်ပါ၊ သဘောတူပါတယ်ဆိုတော့ သူကအရင်က သူတို့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခဲ့ရတဲ့အတိုင်းပင်။ ဒီနေ့မှ ဘယ်လိုဖြစ်ရတာလဲပင် စဉ်းစားမရတော့.. ဒါပေမဲ့ သူ့ဘက်ကပြောဖို့ကြုံလာတုန်း တန်ပြန်တော့ပြောအုံးဖို့ သူစဉ်းစားလိုက်ပြီး အရင်တုန်းက မစ္စမာရင်းတို့ ပြောနေကြစကားတွေ တန်းစီချရွတ်လိုက်သည်။
" ကျွန်တော်က အပျော်ကြံတာပါဆို ဘယ်လိုလုပ်လက်ထပ်ရမှာလဲ မစ္စမာရင်းရယ် ကျွန်တော့်လိုအပျော်မယ်က လက်ထပ်လိုက်ရင် တစ်ယောက်တည်းဆီကပဲ ရတော့မှာပေါ့ အပျော်မယ်က အပျော်မယ်ပီပီ လူတိုင်းကို ဖြားယောင်းပြီး ချူစားနေရတာပဲ ကောင်းပါတယ်မစ္စမာရင်းရယ် တစ်ယောက်ယောက်ကို အတည်ယူလိုက်ရင် ဝင်ငွေက နည်းသွားမှာပေါ့ လက်ထပ်လိုက်ရင် အမွေတွေလည်း ဘယ်ရတော့မလဲ မစ္စမာရင်းရဲ့ စေတနာကိုတော့ နားလည်ပါတယ် စေတနာနဲ့ပြောမှန်းလည်း သိပါတယ် ဟင်း ဟင်း "
ပြောရင်း သူမအောင့်နိုင်စွာ ရယ်သံစွက်သွားတော့သည်။ သူပြောတာတွေက သူတို့ပြောနေကြ စကားတွေပဲမလို့ မစ္စမာရင်းတို့ သားအမိနှစ်ယောက် အထိနာသွားသည်။ တကယ်လည်း မစ္စမာရင်းတို့ သူ့ကို အဲလိုပြောနေကြပဲ သူအခုလို ပြန်ရွဲ့ပြောနိုင်လောက်တော့ ထိုအရသာက ဘယ်လိုလဲဆိုတာ သိလိုက်ရသည်။ ဂျွန်ဂျောင်ဂုဆို အမြဲသူပြောနေကြစကားတွေနဲ့ သူ့ကိုပြန်ရွဲ့နေကြပဲလေ သူတစ်ချက်မှားတာနဲ့ သူက အချက်ကျလက်ကျ သူ့စကားတွေနဲ့ ပြန်ချေပတတ်သည်။ အခုသူအဲလိုပြောတဲ့ခံစားချက်ကို သူနားလည်သွားပြီထင်။ ခံစားချက်က ပြောမပြလောက်အောင် ကောင်းသည်။ သားအမိနှစ်ယောက်လုံး စပ်စပ်ခါဖြစ်သွားကြသည်။
" မင်း! မင်း! ငါမင်းကို ပြောတယ်ဆိုတာက မင်းအခုလိုဖြစ်နေတာတွေက လူမြင်ကွင်းထဲမှာ ရှက်ဖို့ကောင်းလို့ သိက္ခာကျလို့ ငါတို့မင်းကို အတင်းပြောနေတာလည်းမဟုတ်ဘူး မင်းတို့ချင်းကလည်း အနေထိုင်မှမတတ်တာ မင်းတို့မရှက်ပေမဲ့ ငါတို့က အရှက်နဲ့ သိက္ခာနဲ့ ဂုဏ်နဲ့ဒြပ်နဲ့ အဆင့်အတန်းရှိရှိ အသိုင်းအဝိုင်းရှိရှိ နေတာဟဲ့ ငါတို့က မင်းတို့ကို အတင်းပေးစားနေတာလည်း မဟုတ်ဘူး မင်းတို့ချင်းကသာ လူသိရှင်ကြားဖြစ်ပျက်နေတာပဲလေ မင်းကဘာနာနေတာလဲ ယူမှာဖြင့်အမြန်ယူဖို့ ပြောနေတာပဲလေ "
" မစ္စမာရင်းတို့က ကိုယ့်နေရာကိုယ်မသိဘူးထင်တယ် ကျွန်တော်က ငြိမ်နားထောင်နေတယ်ဆိုတိုင်း ပြန်မပြောနိုင်လို့ထင်နေလား ကြောက်နေတယ်လို့ ထင်နေတာလား အရာမသွင်းချင်လို့ အဖတ်မလုပ်ချင်လို့ ဘာမှမတုံ့ပြန်ခဲ့တာ သိလား ကျွန်တော်ကဘာလို့ လက်ထပ်ဖို့ကို ခွင့်ပြုချက်ယူနေရအုံးမှာလဲ ဒီအိမ်မှာ ကျွန်တော်ကဘာလဲ မစ္စမာရင်းတို့ကဘာလဲ ပြောပြရအုံးမလား "
ဆော့ဂျင်ထပ်မပြောချင်တော့၍ ထိုမျှသာ ပြောပြီး ထရပ်လိုက်သည်။ ဆက်ပြောနေရင် လွန်ပြီး ရိုင်းလာကုန်တော့မှာ..
" မင်းလက်ထပ်ဖို့ကို ဒီအိမ်ကအရှင်သခင်ဖြစ်တဲ့ သခင်လေးဂျွန်က တိုက်တွန်းထားတာ ဆိုရင်ရော "
" ဘာပြောတယ်! "
" ဟုတ်တယ် ငါတို့က ငါတို့သဘောနဲ့ငါတို့ ပြောနေတယ်များထင်နေလား သခင်လေးဂျွန်က တိုက်တွန်းလာလို့သာ.. သခင်လေးဂျွန်က မင်းနဲ့ဦးစီးယွန် အနေအထိုင်မတတ်တာတွေမြင်ပြီး အခုလိုပြောလာတာ မင်းတို့ဖြစ်ပျက်နေတာကို အကုန်လုံးသိသလို သခင်လေးဂျွန်ကလည်း သိလို့ အမြင်မတော်လို့ အခုလိုပြောလာရတာ "
_____________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



