ep6
14:10, 16 September 2023ဒီနေ့ အိမ်တော်ကလူတွေ ပုံမှန်ထက် အလုပ်ရှုပ်လို့နေကြသည်။ သူနိုးလာတော့ အလုပ်သမားတွေက ကိုယ်စီအလုပ်တွေရှုပ်လို့ အရှေ့ဝင်အနောက်ထွက် ရှိနေကြသည်။ ခြံဝန်းထဲတွင်လည်း မြက်ရိတ်တဲ့သူနဲ့ နွယ်သတ်တဲ့သူနဲ့ ပျိုးဥယျာဉ်မှာ ရွက်ဝါချွေတဲ့သူနဲ့ အကြာကြီးနေမှ အိမ်တော်တစ်ဝန်းလုံး သန့်ရှင်းရေး ပြန်လုပ်ဖြစ်တော့ အလုပ်များနေသည်။ အိမ်တော်ရဲ့ ခြံသန့်ရှင်းပြုပြင်ရေးက များသောအားဖြင့် အိမ်တော်မှာ ပွဲတစ်ခုခုရှိမှသာ မွမ်းမံလေ့ရှိသည်။ ဝန်ကြီးချုပ်ဆုံးသွားပြီးကတည်းက အိမ်တော်မှာ ပွဲမလုပ်ဖြစ်တော့တာ..
အခုကား ဒုတိယသခင်လေးကို ကြိုဆိုဖို့ပင်။ မနေ့တည်းက မစ္စမာရင်းက ဂျွန်ဂျောင်ဂုပြန်လာမည်ဖြစ်ကြောင်းကို အိမ်တော်အလုပ်သမားများအားလုံးကို စုဝေးစေပြီး အသိပေးသည်။ တာဝန်တွေကို ခွဲဝေပြီး ဘယ်တုန်းကမှ လှည့်မကြည့်တဲ့ အိမ်တော်က တာဝန်တွေကို စီမံနေသည်။ သူက သူ့ကိုပါ အောင်နိုင်သူတစ်ယောက်လို ပခုံးပင့်ရင်ဆိုင်ပြီး သူတို့ဘက်တွင် သခင်လေးဂျွန်ရှိနေပြီဆိုတာ ပြသလျက် အသေးစားခြယ်လှယ်မှုတွေပါ ပြုလုပ်ကာ ဂုဏ်ဖော်နေသည်။ သူကတော့ သာမန်တုံ့ပြန်မှုတစ်ခုသာ ပေးလိုက်သည်။ သူတို့လုပ်ချင်တာအတွက် ဘာလို့ဝင်စွက်ဖက်နေရမှာလဲ.. ဂျွန်ဂျောင်ဂုဘယ်သူ့အတွက်ကြောင့်ပဲ ပြန်လာလာ သူ့ရည်ရွယ်ချက်ကိုတော့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမည်ပဲ။ ဂျွန်ဂျောင်ဂုသူ့ဖိတ်ခေါ်မှုကိုလည်း ငြင်းဆန်မယ်မထင်ပါဘူး။ သူစိတ်ဝင်စားလောက်မဲ့ ငါးစာအကြီးကြီးချထားသည်ပဲ..
တစ်အိမ်လုံးက မစ္စမာရင်းရဲ့ စေခိုင်းမှုအောက်တွင် အလုပ်များနေကြသည်။ မစ္စမာရင်းက ဂျွန်သခင်လေးကသာ အိမ်တော်ရဲ့အရှင်သခင် ဖြစ်ကြောင်းကို မကြာခဏ လောဆော်သတိပေးနေပြီး သူကြားအောင်ပါ ပြသနေသည်။ သူ့ကိုမြင်လိုက်ပြီဆို ပိုလိုပင် အသံကျယ်လောင်လာသည်။ သူကတော့ အလုပ်မသွားဘဲနေမှာမလို့ အိမ်မှာပဲသာ အလုပ်ယူပြီး အိမ်မှာယူလုပ်ဖို့ စီစဉ်ထားသည်။ မစ္စမာရင်းရဲ့ စောင်းမြောင်းဂုဏ်ယူသံတွေကို လျစ်လျှူရှုရင်း အလုပ်ထဲသာ အာရုံပို့ထားလိုက်သည်။ ဒါတောင် တစ်ချက်တစ်ချက် ဂျွန်အယ်ရိုကို စည်းရုံးသွေးဆော်နေတာမျိုး ကြားနေသေးသည်။
ဂျွန်အယ်ရိုကလည်း သူ့ဦးလေးပြန်လာမှာကို တော်တော်လေးရွှင်မြူးလို့နေသည်။ သူက သူ့ရှေ့မှာတင် ဒီနေ့ကျောင်းမသွားဖို့ပါ ဆရာမဆီ တယ်လီဖုန်းနဲ့လှမ်းတိုင်နေသည်။ ဟယ်လင်ကလည်း ကျောင်းမသွား... ထို့ကြောင့် အိမ်တော်မှာ ဂျယ်နီကလွဲရင် လူစုံရှိနေသည်။ ဂျယ်နီကိုတော့ သူအသိမပေးရသေး။ ဂျယ်နီက သူ့စကားနား မထောင်ဘဲ သူ့ဟာသူခြေလှမ်းစနေမှာ ဆိုးလို့။ သူကအမွေကိစ္စဘာညာမှ သိမှာမဟုတ် ဟယ်လင့်ကို အသာရဖို့ပဲ အလေးထားနေမှာ။ ထို့ကြောင့် သူဂျယ်နီ့ကို အသိမပေးစေသေး။ အနှေးနဲ့အမြန်တော့ ဂျွန်ဂျောင်ဂုရောက်နေတယ်ဆိုတာ သိသွားမှာပဲ။ မကြာခင်ပဲ ထိုကိစ္စက တစ်မြို့လုံးပြန့်သွားလောက်မည်။ မဟုတ်ဘူး မစ္စမာရင်းတို့က သတင်းစာထဲတောင် ထည့်ကြော်ငြာလောက်မည်။
ဒါပေမဲ့ သူကတော့ ဂျယ်နီနဲ့ဂျွန်ဂျောင်ဂုကို ချက်ချင်းကြီးတော့ တွေ့ပေးမည်မဟုတ်။ ဂျွန်ဂျောင်ဂုက လွယ်ကူနေရင် စိတ်ဝင်စားမယ်လို့မထင်မိဘူး။ သူ့ညီမလေးကို စိတ်ဝင်စားအုံးတော့ လွယ်လွယ်ကူကူ သူ့လက်ထဲထိုးပေးလိုက်ရင် ထိုလိုကောင်အတွက် တန်ဖိုးမရှိဘူး။
အခုအိမ်တော်ကို ပြန်လာတာကိုလည်းမစ္စမာရင်းတို့ ဖိတ်ခေါ်စာတွေကြောင့်ချည်းပဲလို့လည်း သူမထင်မိပါဘူး။ ဟယ်လင်လို မိန်းကလေးမျိုးက သူ့အတွက်ဆို လွယ်လွယ်လေး ..ဟယ်လင်က မြို့ကအသိုင်းအဝိုင်းကြီးထဲက သူဌေးတွေတော်တော်များများနဲ့ ပတ်သက်ဖူးသည်။ မစ္စမာရင်းကိုယ်တိုင်ကကို ဟယ်လင့်ကို ပိုက်ဆံရှ်ိသူဌေးများနှင့်သာ ပေါင်းသင်းစေခိုင်းသည်။ သူတို့အတွက် အကျိုးအမြတ်ရစေမဲ့ လူတွေနှင့်သာ အရောတဝင်ဆက်ဆံစေခိုင်းသည်။ ဂျွန်ဂျောင်ဂုဒါကို အရင်ကတည်းကသိမည်။ မစ္စမာရင်းတို့အကြံကို ကြိုသိလို့လည်း ဟယ်လင်ကို အရင်ကတည်းက ရှောင်ခဲ့တာဖြစ်မည်။ ဒါကို ယခုမှဘာလို့ မစ္စမာရင်းတို့ကမ်းလှမ်းချက်ကို စိတ်ဝင်စားသွားရမှာလဲ..
သူ့တွင် ဂျွန်ဂျောင်ဂုက မစ္စမာရင်းတို့ ကမ်းလှမ်းချက်တစ်ခုတည်းကြောင့် အိမ်တော်ကိုပြန်လာတာမဟုတ်ဘူးလို့ ယုံကြည်ချက်ရှိနေသည်။ မစ္စမာရင်းတို့ သူ့ကိုအိမ်တော်ကိုဖိတ်နေတာ သူစစ်တပ်ထဲမှာ ရှိစဉ်ကတည်းကပဲ.. သူ့ကမ်းလှမ်းချက်ကြောင့်လားလို့ တရားသေမတွေးချင်ပေမဲ့ သူကသူညီမလေးဆိုသူနဲ့ လက်ထပ်စေချင်ကြောင်းကို စာထဲမှာအသိမပေးထားဘူး။ ဒါကြောင့် တခြားရည်ရွယ်ချက် ရှိနေမှာစိုးရသည်။ ဂျွန်ဂျောင်ဂု တခြားရည်ရွယ်ချက်ရှိနေရင် သူအမြန်သိအောင်လုပ်ပြီး တားဆီးရမည်။ ဂျွန်ဂျောင်ဂုက သူ့ရဲ့နောက်ဆုံးလက်နက်လည်း ဖြစ်နေနိုင်တာမလို့..
ဂျွန်ဂျောင်ဂု ဟယ်လင်ထက် ဂျယ်နီ့ကို ပိုမျက်စိကျနိုင်မယ်ဆိုတာ သူသိပေမဲ့ သူစိုးရိမ်မိတာက ဂျွန်ဂျောင်ဂု သူ့ရည်ရွယ်ချက်ကို သိနေပြီး အကွက်တွေ ရွှေ့နေမည်စိုးသည်ပင်။ သူ့ကြောင့်နဲ့ ညီမလေး သူ့ဒဏ်တွေခံနေရမည်စိုးသည်။ မြွေပွေးလိုဂျွန်ဂျောင်ဂုက သူတို့ရည်ရွယ်ချက်တွေသိနေ၍ နှစ်ဦးနှစ်ဖက် မျှကစားနေမှာပဲ.. သူအခုလိုအိမ်တော်ပြန်လာရတဲ့ရည်ရွယ်ချက်က သူတို့ကို ကစားဖို့ဆိုတာ သေချာသလောက် ရှိတယ်။ ဒါကြောင့် ဂျယ်နီနဲ့ လွယ်လွယ်ပေးတွေ့ဖို့ မဖြစ်သေးဘူး။ သူသေချာကိုင်တွယ်နိုင်မှ ဒီပွဲမှာအသာရနိုင်လိမ့်မည်။
_____________________________
အိမ်တော်ထဲ ကားစဝင်လိုက်တာနဲ့ သူ့မျက်လုံးတွေက စူးစူးစမ်းစမ်း လိုက်ကြည့်မိသည်။ အိမ်တော်ထဲကလွဲရင် နေရာတိုင်းကို တစ်ခါမျှသာ ရောက်ဖူးမယ်ထင်တယ်။ မရောက်ဖူးတဲ့ နေရာတွေလည်း ရှိလောက်မည်။ အိမ်တော်က သူနဲ့စိမ်းသက်နေတာကလွဲရင် ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးမရှိ။ ပွဲတော်ရှိတဲ့အချိန်ကလွဲရင် သူလာလေ့မရှိ။ လာရင်လည်း ဘယ်နေရာကိုမှ လိုက်လံသွားကြည့်လေ့မရှိ။ အမြဲတမ်း ပွဲထဲမျက်နှာပြပြီးရင် ပြန်ပြန်လာတတ်သည်။
သူတို့ကားလေး အိမ်တော်လမ်းမထဲ ရောက်ခဲ့တော့ အိမ်တော်ကလူတွေ ရှေ့ထွက်ကြိုနေကြတာ မြင်လိုက်သည်။ အနက်ရောင်ဝတ်စုံတွေက အိမ်တော်ရဲ့ အမှတ်အသားတွေပဲ။ အိမ်တော်ကအလုပ်သမားတိုင်း အနက်ရောင်ကုတ်နဲ့ စကတ်၊စတိုင်ပင်န်တို့ကို ဝတ်ဆင်ရသည်။ ဒီထဲတွင် မစ္စမာရင်းတို့သားအမိကလွဲရင် ကျန်တာအနက်ရောင်တွေချည်း ဝတ်ထားကြသည်။ သူတို့ကားလေး ထိုလူတန်းရှေ့တွင် ရပ်လိုက်တော့ အလုပ်သမားတစ်ယောက်က တံခါးလာဖွင့်ပေးပြီး သူ့ကိုအရိုအသေပေးသည်။
" ဒုတိယသခင်လေးဂျွန် ကြိုဆိုပါတယ် "
" ကြိုဆိုပါတယ် သခင်လေးဂျွန်.. "
မစ္စမာရင်းရဲ့ ကြိုဆိုစကားနောက်တွင် မဝံ့မရဲကပ်ပါလာတဲ့ အသံငယ်လေးက ပန်းနုရောင်ဂါဝန်နှင့် မိန်းကလေးဟယ်လင်.. အရည်အသွေးမြင့် ဇာဂါဝန် တန်ဖိုးကြီးမားတဲ့ ပုလဲလက်ဝတ်ရတနာ တစ်ဆင်စာနဲ့ ဂုတ်ထောက်ဆံပင်ဝဲဝဲလေးကို သေချာပုံသွင်းထားပြီး ပန်းရဲရဲတစ်ပွင့်ပန်ထားသည်က တော်ဝင်မင်းသမီးအလား..မစ္စမာရင်းက သူ့သမီးကို တော်တော်လေးပွဲထုတ်ချင်နေပုံရပါသည်။ ဒါတွေက သူ့အတွက်ပြင်ထားပုံပါပဲ.. အလှအပဆိုတာ ခံစားလို့ကောင်းပါတယ်လေ... သူခဏမျှ အကဲခတ်လိုက်တာနဲ့ ထိုသားအမိရဲ့ လှည့်ကွက်တွေကို အကုန်ရိပ်စားမိပြီးသွားပြီ။ သူတို့က ဒီနေ့အတွက် အများကြီးပြင်ဆင်ထားပုံပါပဲ။ သူသူ့ကို မဝံ့မရဲဖြစ်နေတဲ့ မိန်းကလေးဟယ်လင် ခဏမျှစိုက်ကြည့်ရင်း ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။
" မိန်းကလေးဟယ်လင်ထင်တယ် မတွေ့ရတာကြာပြီ "
" ဟုတ်ပါတယ်သခင်လေး "
" အိုး ဂျွန်လို့ပဲခေါ်ပါ ကိုယ်တို့နောက်လည်း ရင်းနှီးကြအုံးမှာမလား "
" ရှင် "
" ဟုတ်တာပေါ့ သခင်လေးဂျွန်က ကြင်နာတတ်လိုက်တာ ကျွန်မတို့ဟယ်လင့်ကိုလည်း သခင်လေးဆီအပ်ပါတယ် စောင့်ရှောက်ပေးပါအုံး "
" သေချာတာပေါ့ ကျုပ်ကဒီအိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ "
ဂျောင်ဂုက ပြောလိုက်ရင်း သူ့အကြည့်တွေက အလုပ်သမားတွေနောက်နားမှာ ရှိနေတဲ့ ပိန်ပိန်ပါးပါးအရိပ်လေးဆီ ရောက်သွားသည်။ထိုသူက ဝတ်စုံအပြည့်ဝတ်စားထားပြီး အနက်ရောင်သာ ဝတ်ဆင်ထားတော့ အလုပ်သမားတွေနဲ့ရောပြီး ပျောက်နေသည်။ ထိုသူက သူ့ကိုသာမန်ကာလျှံကာလောက်သာ မျှော်နေပုံရပြီး သူလာတာကို မကြိုဆိုသလို မသိမသာပျောက်ကွယ်နေသလိုမျိုး ဖော်ပြထားနေသည်။ ဟက် စာထဲမှာတော့ ရိုကျိုးလွန်နေပြီး လက်တွေ့မှာတော့ သူ့ကိုခယချင်ပုံမရှိဘဲ သူ့ကိုလည်း လိုလားဟန်မရှိ။ သူကသူ့အတွက် လိုအပ်နေလို့သာ သူ့ကို ဖားလျားစာပို့ပြီး ဆက်သွယ်လာတယ်ဆိုတာ သူဖတ်လိုက်ကတည်းက သိသည်။ သူသိလျက်နဲ့ ဘာလို့ရောက်လာလည်းဆိုတော့ ဒါက စိတ်ဝင်စားဖို့ကောင်းမဲ့ ကစားပွဲတစ်ခု ဖြစ်လာမယ်ထင်လို့.. သူက အိမ်တော်ကို ပစ်ထားဖို့ထိတော့ အစီအစဉ်မရှိပါဘူး သူတွေးထားတာထက် စောစောရောက်ခဲ့ရုံပဲ..
" ဦးလေးငယ် ကျွန်တော်က အယ်ရို "
" အိုး မင်းက အရပ်အရှည်ကြီးပါလား အသက်ဘယ်လောက်ရှိပြီလဲ "
" ဆယ့်လေးနှစ်ပါဦးလေးငယ် ဒီနေ့ ဦးလေးငယ်ကိုကြိုဖို့ ကျောင်းကခွင့်ယူထားတယ် ကျွန်တော်ဦးလေးငယ်နဲ့ တွေ့ချင်နေတာ "
" ဟိုးဟိုး မင်းကငါ့ကိုမျှော်နေတယ်ပေါ့ "
သူသူ့ကိုနှုတ်ဆက်လာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးကို ခေါင်းပုတ်နှုတ်ဆက်လိုက်သည်။ ထိုကောင်လေးက သူနောက်ဆုံးမြင်ခဲ့တဲ့ထက်ကို ပိုထွားလာတာပဲ..
" သခင်လေး ကျွန်ုပ်က အိမ်ထိန်းမင်ပါ သခင်လေးဖခင်လက်ထက်ကတည်းက ဂျွန်အိမ်တော်ကို အလုပ်အကျွေးပြုလာတာ သခင်လေးကိုလည်း ဆက်ပြီး အလုပ်အကျွေးပြုပါရစေ "
" အိုး ခင်ဗျားကိုတော့ ကျုပ်မှတ်မိနေတယ် "
သူတစ်ယောက်ခြင်းစီတိုင်းကို နှုတ်ဆက်ခဲ့ပြီး တဖြည်းဖြည်းနဲ့ နောက်နားဆီက အမူအရာမရှိတည်တံ့နေတဲ့ သူ့မရီးဆ်ိုသူနား ရောက်လာခဲ့သည်။ သူကသူ့ကိုစာပို့ခိုင်းစေပြီး ဖိတ်ခေါ်ခဲ့တဲ့သူက သူမဟုတ်သလိုပင် မျက်နှာတွင် ကြိုဆိုခြင်းမရှိဆိုတဲ့ စာကပ်ထားသည်။ သူထိုသူရှေ့ ရပ်လိုက်ပြီး ဘာစကားမှမဆိုဘဲ ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ သူ့ရဲ့သတင်းစာဖြတ်ပိုင်းထဲကပုံလိုပင် ပခုံးကျယ်ကျယ် ခါးသွယ်သွယ်နဲ ပြီးတော့ ခြေကျင်းဝတ်သေးလေးတွေ။ သူ့မျက်လုံးတွေ အပေါ်ပြန်ရောက်သွားပြီး မျက်နှာကို ကြည့်လိုက်သည်။ ထိုအခါ ထိုလူကလည်း သူ့ကိုကြည့်နေသည်။ အကြည့်သေမျက်ဝန်းတွေနဲ့ သူခဏမျှ အကြည့်ချင်းဆုံမိသွားပြီး တစ်ယောက်နှင့်တစ်ယောက် ဘာစကားမှမပြောဘဲ စိုက်ကြည့်နေကြသည်။ ခဏကြာမှ သူ့နှုတ်ခမ်းတွေကို စတင်လှုပ်ရှားလိုက်သည်။
" မရီး "
သူ့အခေါ်အဝေါ်ကြောင့် ကင်မ်ဆော့ဂျင်က စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။ တည်တင်းနေတဲ့ နှုတ်ခမ်းအစုံက လှုပ်ရွလာသည်။
" ကြိုဆိုပါတယ် ဒုတိယသခင်လေး "
" ကျုပ်မရီး နေကောင်းကျန်းမာပါရဲ့လား ဒီအတောအတွင်း မဆက်သွယ်နိုင်ခဲ့လို့ မျက်နှာမပြဝံ့ပါဘူး ကျုပ်က ကျုပ်အစ်ကိုနဲ့ဇနီးလောင်း.. "
" သခင်လေးဂျွန်အခုမှပြန်ရောက်တာ အနားယူတော့မလား "
သူကင်မ်ဆော့ဂျင်ရဲ့ သူ့ကိုပေးပို့လာတဲ့စာထဲကအတိုင်း ရွတ်ပြဖို့ရာ ရှိနေတုန်း ထိုလူက သူ့စကားတွေကို ဆက်မပြောစေဖို့ရာဖြတ်ပြောလာသည်။ ပျော်ဖို့တော့ကောင်းသားပဲ သူအခုမှ အိမ်တော်ကို ခြေချလိုက်တာ အစမှာတင် သူအိမ်တော်မှာ ဆက်နေဖို့ စိတ်ဝင်စားလာအောင် လုပ်နိုင်သားပဲ။ အဲဒီအပြုံးအရယ်မရှိ တည်တင်းနေတဲ့ သူ့မရီးဆိုသူက အနှောင့်အယှက်ပေးချင်စရာ ကောင်းနေသည်။ သူ့ရဲ့ရဲတင်းတဲ့အကြည့်တွေကို ထိုသူက မမြင်ချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်သလို ပြုမှုနေပုံက ဆက်ပြီး သိသာအောင် လုပ်စေခိုင်းနေသလိုပင် သူ့အားဆွဲဆောင်နိုင်သည်။
ကင်မ်ဆော့ဂျင်က သူ့ရဲ့သတင်းစာဖြတ်ပိုင်းထဲကထက် အများကြီးကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိပါသည်။ အထူးသဖြင့် တည်တင်းပြီး အမူအရာမရှိဖြစ်နေတဲ့ ထိုအေးစက်စက်မျက်နှာ။ သူ့ရှေ့မလို့ တမင်လုပ်ယူထားပုံလည်း ပေါ်နေသည်။ ထိုအရာကလည်း သူ့အတွက်စိတ်ဝင်စားစရာပဲ ထိုသူက သူ့ကိုလိုအပ်လို့ ဆက်သွယ်လာပြီးမှ မကြိုဆိုတဲ့အပြင် သိသိသာသာ မနှစ်မြို့သလိုပင် ပြုမှုနေသည်။ ဘယ်လိုအချိုးလဲ။ သူက မစ္စမာရင်းနဲ့ဟယ်လင်တို့ရဲ့ လွန်ကဲတဲ့အပြုအမှုတွေကိုလည်း ပိုလွန်းလို့ မကြည့်နိုင်ဖြစ်နေသည်။ တကယ်ဆို သူကလည်း သူ့ကိုလိုအပ်နေတာပဲမလား သူ့မှာဘာချုပ်ကိုင်စရာရှိသေးလို့ အခုလိုမျိုး တည်တင်းနေနိုင်ရတာလဲ။ စာထဲမှာပါတဲ့ သူနဲ့လက်ထပ်မဲ့အမျိုးသမီးဆိုသူကရော သူကရော ဘယ်မလဲ.. သူကသူ့ကိုချုပ်ကိုင်ဖို့ အကောင်းဆုံးလက်နက်ဖြစ်နေလို့ ကင်မ်ဆော့ဂျင်က ရိုးကျိုးပုံမပြတာလား ဒါဆို သူ့ကိုလျှော့တွက်လွန်းနေပြီ! သူစုံစမ်းပြီးသွားပြီ အဲဒီအမျိုးသမီးက သူ့မရီးကင်မ်ဆော့ဂျင်ရဲ့ ညီမဖြစ်သူဆိုတာ.. ထိုမိန်းမက သူ့ကိုချုပ်ကိုင်ခြယ်လှယ်နိုင်မလား သူမသိပေမဲ့ လက်ရှိမှာတော့ သူ့မရီးက ပိုစိတ်ဝင်စားဖို့ ကောင်းနေသည်။
___________________________
ဆော့ဂျင်ဦးဆောင်ပြီး အိမ်တော်ထဲ ဝင်လာခဲ့ကြသည်။ ဆော့ဂျင်သူ့အတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ အခန်းရှိရာဆီသို့ ဦးတည်သွားနေပေမဲ့ မစ္စမာရင်းတို့ လောကဝတ်ပြုနေသည့်အတွက် ဂျွန်ဂျောင်ဂုက တော်တော်နှင့် မရောက်လာနိုင်။ သူထိုကောင်အတွက် ပြင်ထားတဲ့အခန်းရှေ့တွင်သာ စိတ်မရှည်နိုင် ရပ်စောင့်နေရသည်။ ပြောရရင် သူထိုကောင်ကို မျက်နှာချင်းဆိုင် မတွေ့ဖူးခင်ကတည်းက ကြည့်မရဖြစ်နေတာ အခုပိုလို့ပင် ဆိုးဝါးလာခဲ့သည်။ လေးစားမှုမရှိတဲ့အပြုအမှု၊ အပြောအဆို၊ အကြည့်တွေကအစ ယဉ်ကျေးမှုမရှိဘူး။ သူ့မှာသာ ရည်ရွယ်ချက်မရှိရင် ထိုလိုကောင်ကို ဟန်လုပ်ပြီးတောင် ခေါ်ပြောနေမှာမဟုတ်ဘူး။
သူခဏအကြာ ရပ်စောင့်လိုက်ရပြီး ဖိနပ်သံ တဒေါက်ဒေါက်နဲ့အတူ လှေကားဆီမှ အသံကြားလာရတော့ သူအနေအထားကို ပြင်လိုက်သည်။ အိမ်ပေါ်ထိ ဖိနပ်စီးလာတာသာကြည့်တော့ ခုနကတည်းက အိမ်ထဲဝင်ကတည်းက သူဖိနပ်မချွတ်တာ သတိထားမိသည်။ အိမ်ပေါ်ထိ စီးလာတာကတော့ ဘယ်လိုအသိတရားမရှိတာလဲ သူဘယ်အထိ စီးဝင်အုံးမလဲ အိပ်ရာထဲထိလား..
" မရီး "
ထိုအခေါ်အဝေါ်ကြောင့် စိတ်မရှည်ဖြစ်နေတဲ့သူ မထိန်းနိုင်လောက်အောင် သူ့စိတ်တိုနေမှုတွေ ပေါ်လာပြန်သည်။
" ဒါက သခင်လေးဂျွန်နေဖို့ ပြင်ဆင်ထားတဲ့အခန်းပါ သခင်လေးဂျွန်အနားယူပါ သခင်လေးကို အိမ်တော်မှ ကြိုဆိုပါတယ် "
သူထိုမျှသာ ခပ်ပြတ်ပြတ်ပြောပြီး ထိုသူနဲ့စကားဖြတ်ဖို့ ပြင်လိုက်သည်။ မဟုတ်ရင် သူ့ထိန်းချုပ်ထားတဲ့ အမူအရာတွေ အကုန်လုံးသိအောင် ပြသမိတော့မှာ..
" မရီး မရီးကို မေးစရာရှိလို့ မရီးအားရဲ့လား "
စကားအခွန်းတိုင်းက မရီး မရီးနဲ့ သူ့ကိုတမင် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်ထင်ပါရဲ့.. သူအနှောင့်အယှက်ဖြစ်နေတာကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ပြန်ပြောလိုက်သည်။
" ပြောပါ ဒီနေ့သခင်လေးဂျွန်အတွက် ခွင့်ယူထားပါတယ် "
" အိုး.. ကျေးဇူးပါမရီး "
" မလိုတာပါ။ မေးစရာရှိတယ်ဆိုတာ ပြောပါ "
" အာ အဲဒီတုန်းက မရီးပြောတဲ့ ကျုပ်နဲ့လက်ထပ်ပေးချင်တယ်ဆိုတဲ့ မိန်းမ အဲမိန်းမက ဘယ်မလဲ သူကကျုပ်ကို ကြိုဆိုဖို့ ရှိမနေပါလား "
" သူ့ကို သခင်လေးပြန်ရောက်တဲ့အကြောင်း အသိမပေးရသေးလို့ နောက်ကျရင် သခင်လေးနဲ့တွေ့ဆုံဖို့ ခေါ်သွားပါ့မယ် "
ဆော့ဂျင်သူ့ညီမလေးကို ရည်ညွှန်းပြီးခေါ်တဲ့ ယဉ်ကျေးမှုမရှိတဲ့ အသုံးအနှုန်းကို မနှစ်မြို့ဖြစ်နေမိသည်။ ဒီထက်ပိုပြီး ထိပါးလာရင် သူသည်းမခံနိုင်တော့မှာ စိုးသည်။ မဟုတ်ဘူး သူသည်းခံနိုင်မှာ မဟုတ်ဘူး။ သူရဲ့ မနှစ်မြို့ဖြစ်နေတဲ့ အမှုအရာကြောင့် ထိုကောင်က ပိုပြီးတောင် ရွှင်ပြလာသလို..
" မရီး ကျုပ်အပေါ်သဘောထားကိုတော့ ကျုပ်အသိအမှတ်ပြုပါတယ် လက်လည်းလက်ခံချင်ပါတယ် ဒါပေမဲ့ဗျာ ကျုပ်အကြိုက်ဖြစ်ဖို့တော့ လိုလိမ့်မယ် "
" ပြောပါ "
" ကျုပ်သဘောကျတာက ရင်သားကြီးကြီးနဲ့ တင်ပါးကြီးတဲ့မိန်းမတွေကိုပဲ အဲလိုမိန်းမတွေကမှ အိပ်ရာပေါ်မှာ ဆွဲဆောင်မှု ရှိကြတာ ပြီးတော့ အချိန်တိုင်းလိုလို ရမ္မက်ထန်ပြီး မြဲလုပ်ပေးဖို့ တောင်းဆိုနေတတ်တာမျိုး-.. "
" မင်း! မင်းကအိမ်ထောင်ပြုမှာ အပျော်မယားရှာနေတာမဟုတ်ဘူး သူကအဲလိုမိန်းကလေးမျိုး မဟုတ်ဘူး "
ဆော့ဂျင်သူ့ညီမလေးကို သွယ်ဝှိုက်စော်ကားနေတာမျိုး တိုက်ရိုက်ကြားလိုက်ရတော့ သည်းမခံနိုင် ဒေါသထွက်လာမိသည်။ သူတန်ဖိုးထားရတဲ့ သူ့ချစ်ညီမလေးကို အရိုင်းအစိုင်းကောင်က ပါးစပ်စည်းကမ်းမရှိ ပြောထွက်ရဲတယ်!
" မရီးက ဒေါသထွက်နေတာလား ဒါမှမဟုတ် ကျုပ်ကို ကောင်းစေချင်လို့ ပြောတာလား မရီးက ကျုပ်အတွက်ကြည့်ပေးချင်တယ်ဆိုရင် ကျုပ်သဘောမကျရင် တခြားတစ်ယောက် ရှာပေးရမယ်လေ ကျုပ်သဘောကျတဲ့သူမျိုး ရှာပေးရမှာ မဟုတ်ဘူးလား "
သူသူ့ဒေါသတွေကို အမြန်ပြန်ထိန်းလိုက်ရသည်။ မဟုတ်တောင် သူက သူ့ညီမလေးနဲ့ လက်ထပ်ပေးမယ်ဆိုတာ သိထားတာမှ မဟုတ်သေးတာ.. ပြီးတော့ သူပြောတာကလည်း အကျိုးအကြောင်းဆီလျော်နေသည်။
" မဟုတ်ဘူး! ကျွန်ုပ်က ကောင်းစေချင်လို့ သခင်လေးအရင်တွေ့ကြည့်လိုက်ပါ သခင်လေးသူ့ကိုကြိုက်မှာပါ သူကချောတယ် ဒီမြို့ပေါ်မှာ အချောဆုံးလို့တောင် ပြောလို့ရတဲ့အထိ ချောတယ် "
" မရီးလောက် ချောပါ့မလား "
" ကျွန်ုပ်ကိုမရီးလို့ မခေါ်နဲ့တော့ ကျွန်ုပ်ကယောကျာ်းလေး နားထောင်လို့မကောင်းဘူး "
ဒီတစ်ခါတော့ သူသည်းမခံနိုင်တော့ဘဲ ပြောလိုက်တော့သည်။ ထိုအခါ ထိုကောင်က အခုမှ ကျေနပ်သွားသလို ခေါင်းတညိတ်ညိတ်လုပ်နေသည်။ တကယ်ဆို သူစခေါ်ကတည်းက ဆော့ဂျင်သဘောမကျတဲ့ အမူအရာပြနေတာ သူသိသည်။ တမင်သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်လို့ ခဏခဏခေါ်နေခဲ့တာ.. တကယ့်ကို ဂြိုလ်ဆိုးပဲ.. သူဂြိုလ်ဆိုးနဲ့ ပတ်သက်ဖို့ ကြိုးစားနေခဲ့တာလား..
" အိုး.. ဟုတ်ပါပြီ ဒါဖြင့် ကျုပ်ကို ဘယ်လိုခေါ်စေချင်လဲ "
" အဆင်ပြေသလို တစ်ခုခုခေါ်ပါ "
" ဒါဆို အင်္ဂလိပ်နာမည်ရှိလား "
" အင်း.. ဂျန် ဂျန်လို့ခေါ်တယ် "
" ဂျန်.. ကျုပ်အင်္ဂလိပ်နာမည်ကလည်း ဂျွန်ပဲ မရီးအဲလိုခေါ်လို့ရတယ် ဂျန် "
" အင်း.. ဒါဆို လိုအပ်တာရှိရင် ခေါ်လိုက်ပါ အခုတော့ အနားယူလိုက်ပါအုံး နောက်နေ့ကျမှ လုပ်ငန်းကိစ္စတွေ ပြောကြတာပေါ့ "
" ကောင်းပါပြီ "
ဆော့ဂျင်နှုတ်ဆက်ပြီး အရင်ထွက်လာခဲ့လိုက်သည်။ သူထွက်လာခဲ့ပေမဲ့ သူ့နောက်ပြင်တစ်ခုလုံးကို စိုက်ကြည့်နေသလိုခံစားရ၍ သူလှည့်ကြည့်လိုက်ချင်ပေမဲ့ အဆုံးမှာတော့ သူသည်းခံရင်းသာ မြင်ကွင်းမှ ပျောက်ကွယ်တဲ့အထိ ထွက်လာခဲ့လိုက်သည်။ ရောက်တာ တစ်ရက်တောင်မပြည့်သေးဘူး စိတ်အနှောင့်အယှက် ဖြစ်လိုက်တာ!
_________________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



