Fanfics

14

19:14, 17 September 2025

ဆန်းဝန်း သူ့ရဲ့ လက်ထဲက ဖုန်းကို ကြည့်ပြီး ငိုင်နေမိသည်။ ဖုန်းမျက်နှာပြင်က အမှောင်အတိ။သူ လီယိုကို နောက်ဆုံး မက်ဆေ့ခ်ျပို့ခဲ့တာ မနေ့ညကဖြစ်ပြီး လီယို့ဆီက ဘာအကြောင်းပြန်ချက်မှ မရှိ။ သူထပ်ပြီး ခေါ်ကြည့်လိုက်တယ်။ တစ်ဖက်က ဖုန်းပိတ်ထားတယ်ဆိုတဲ့ စကားသံကိုပဲ ကြားရပြန်သည်။

ရင်ဘတ်ထဲမှာ တစ်ခုခု လစ်ဟာနေသလိုခံစားရပြီး သူအလုပ်လုပ်တဲ့ ကော်ဖီဆိုင်ကို နေ့တိုင်းသွားကြည့်တော့လည်း မတွေ့ရ။ ဆိုင်ကနေ ခွင့်ယူထားဟန်တူသည်။

ဆန်းဝန်း စိတ်ပျက်လက်ပျက်နဲ့ ဆိုင်ရှေ့ကနေ ထွက်လာခဲ့ကာ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ လီယို အလုပ်လုပ်နေကျ ဂေဟာကို ထပ်သွားဖို့ ကားကိုဦးတည်လိုက်သည်။

ဂေဟာရှေ့ ရောက်တော့ အရင်လိုပဲ တိတ်ဆိတ်နေသည်။ သူ အထဲကို ဝင်သွားပြီး ရုံးခန်းထိ သွားကြည့်မိသည်။ အဝင်ဝမှာပဲ ဝန်ထမ်းတစ်ယောက်နဲ့ တွေ့ပြီး

"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့် "

"ဒီမှာ အလုပ်လုပ်တဲ့ လီယိုဆိုတဲ့သူကို ရှာနေတာပါ"

ဝန်ထမ်းက မျက်မှောင်ကြုတ်ပြီး တွေးလိုက်တယ်။ "လီယိုလား... သူခွင့်ယူထားတာ ရက်ပိုင်းလောက်ရှိနေပြီ "

သူဂေဟာကနေ ချက်ချင်း လှည့်ထွက်လာပြီးသွားနေကြ မဟုတ်တဲ့ bar တစ်ခုကို စိတ်ပြေလို ပြေငြား ကားမောင်းထွက်လာခဲ့လိုက်သည်။

ညအမှောင်ကို ခွဲထွက်ပြီး မြို့ရဲ့အလယ်ခေါင်က ဘားတစ်ခုဆီကို ဆန်းဝန်း မောင်းလာခဲ့သည်။တံခါးကို တွန်းဖွင့်လိုက်တာနဲ့ သူ့ကို ဦးဆုံး ကြိုဆိုလိုက်တာက ကျယ်လောင်တဲ့ ဂီတသံနဲ့ ရောင်စုံမီးရောင်တွေရဲ့ ရောယှက်နေတဲ့ အရာ။

နာကျင်မှုတွေနဲ့ ပြည့်နေတဲ့ သူ့စိတ်က ဒီနေရာမှာ ခေတ္တခဏတော့ ပျောက်ကွယ်သွားနိုင်မလားလို့ မျှော်လင့်မိသည်။ဘားရဲ့အတွင်းပိုင်းမှာတော့ လူအုပ်ကြီးက သီချင်းရဲ့စည်းချက်အတိုင်း ခန္ဓာကိုယ်တွေကို လှုပ်ရှားနေကြသည်။

အပြာ၊ ခရမ်း၊ အနီရောင်တွေနဲ့ တဖျတ်ဖျတ်လက်နေတဲ့ မီးရောင်တွေကလည်း တစ်ခါတရံမှာ အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ခါတရံမှာတော့ အမှောင်ထုအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြန်သည်။

ပတ်ဝန်းကျင်က လူတွေရဲ့ ရယ်သံတွေ စကားသံတွေကလည်း ပျောက်ဆုံးသွားတဲ့ အရာတစ်ခုကို အစားထိုးဖို့အတွက် ကြိုးစားနေသလို။ ဆန်းဝန်း စိတ်ထဲမှာ လီယိုနဲ့ပတ်သက်တဲ့ အတွေးတွေကို ခဏလောက် ဖယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ဂီတရဲ့ စည်းချက်တိုင်းမှာ လီယိုရဲ့ပုံရိပ်က ပြန်ပေါ်လာနေပြန်သည်။

သူ့လက်ထဲက ဖန်ခွက်ကို ငေးကြည့်နေတဲ့ မျက်လုံးတွေထဲမှာ အထီးကျန်စွာ ရှိနေသည်။သူ့ခန္ဓာကိုယ်က ညှိုးနွမ်းနေသော်လည်းဘားထဲက လူတွေကတော့ ပျော်ရွှင်နေကြသည်။

ကောင်တာနားက မှိန်ပျပျအလင်းရောင်အောက်မှာ အမျိုးသမီးတစ်ဦးထိုင်နေပြီးဆန်းဝန်းကို အကဲခတ်နေသည်။

သူမရဲ့ပုံစံက ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီစွာ..တစ်ကိုယ်တည်းဖြစ်နေပေမယ့် တည်ငြိမ်နေသည်။ ဘားကောင်တာရဲ့ ထောင့်တစ်နေရာမှာ နေရာယူထားတဲ့ သူမဟာ Topအနက်ရောင်ကို ဘောင်းဘီအနက်ရောင်နဲ့ တွဲဝတ်ထားသည်။ ရိုးရှင်းတဲ့ဖက်ရှင်ဖြစ်ပေမယ့် ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျနေတဲ့ပုံစံကြောင့် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးပေါ်လွင်စေသည်။

ဆံပင်အရှည်ကိုလည်း ပခုံးတစ်ဖက်ပေါ် ပစ်ချထားပြီး ကျန်တစ်ဖက်ကတော့ ပုံမှန်အတိုင်းပဲ နောက်ကျောဘက်မှာရှိနေသည်။ ဘားထဲက တခြားသူတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ မျက်နှာပေါ်က စိတ်ခံစားချက်က တည်ငြိမ်နေသည်။

သူမ ဆန်းဝန်းအနားကို လျှောက်လာသည်။

ဘေးက ထိုင်ခုံတစ်ခုကနေ အရိပ်တစ်ခုက သူ့ဘေးကို ရွှေ့လာတာကို ဆန်းဝန်းသတိထားမိလိုက်သည်။

"ဒီမှာ ဘာလို့ တစ်ယောက်တည်း ထိုင်နေတာလဲ"

စူးရှတဲ့ အသံတစ်ခုက သူ့နားထဲကို ဝင်လာသည်။ဆန်းဝန်း ခေါင်းလှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး သူမရဲ့ မျက်လုံးတွေက တောက်ပနေသည်။

သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဆင်မြန်းထားပြီး ဘားထဲက ပျော်ရွှင်နေတဲ့လူတွေထဲက တစ်ယောက်ဖြစ်ဟန်တူသည်။ဆန်းဝန်းက ဘာမှ မပြန်ဘဲ သူ့ဖန်ခွက်ကိုသာ ငေးကြည့်နေသည်။

ထိုအမျိုးသမီးက သူ့ဘေးနား ကပ်ထိုင်လိုက်ရင်း

"စိတ်ညစ်နေပုံရတယ်နော် သီချင်းနားထောင်ရင်း အရက်သောက်ရတာ ကောင်းပေမယ့် တစ်ယောက်တည်းဆို ပိုပြီး အဆင်မပြေဖြစ်တာပေါ့"

သူမရဲ့ စကားတွေက ဆန်းဝန်းရဲ့ နားထဲ ဝင်မလာာ။ ထို မိန်းကလေးက သူ့ရဲ့ လက်တစ်ဖက်ကို စားပွဲပေါ်တင်လိုက်ပြီး ဆန်းဝန်းရဲ့ လက်နားကို တိုးလိုက်သည်။

" ဒီမှာ တို့နဲ့ စကားပြောလို့ ရတယ် "

ဆန်းဝန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြော။ သူ ဒီနေရာကို ပျော်ဖို့လာတာမဟုတ်။ ခဏလောက် မူးသွားရင်ဖြစ်ဖြစ် လီယို့ကို မေ့နိုင်လောက်မယ်လို့ သူတွေးထားခဲ့သည်။

မိန်းကလေးက သူ့လက်ကို ကိုင်လိုက်ပြီး ဆန်းဝန်းကို ဆွဲခေါ်ဖို့ ကြိုးစားသည်။

"လာပါ ဒီညအတွက်တော့ အရာအားလုံးကို မေ့ထားလိုက်"

ဆန်းဝန်း သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

"ငါ တစ်ယောက်တည်း နေချင်လို့ပါ" လို့ သူ တိုးတိုးလေး ပြောလိုက်သည်။

မိန်းကလေးက မျက်မှောင်ကြုတ်သွားပြီး

"ဘာလို့လဲ "

"ငါ ဒီမှာ ငါ့ကိစ္စနဲ့ ငါလာတာ ငါ့ကို တစ်ယောက်တည်း နေခွင့်ပေးပါ"

ဆန်းဝန်း စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တော့ ထိုမိန်းကလေးက သူ့ကို မလိုအပ်တာနားလည်သွားဟန်တူသည်။သက်ပြင်းချလိုက်ပြီး "ကျွန်မကို ငြင်းဖူးတာ ရှင် ပထမဆုံးပဲ" လို့ ပြောလိုက်ပြီး သူမ နေရာကနေ ထပြီး ဘားထဲက လူအုပ်ကြားထဲကို ပျောက်ကွယ်သွားသည်။

ဒီညမှာတော့ လီယိုနဲ့ပတ်သက်တဲ့ အတွေးတွေကို ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သူ လက်ခံလိုက်ရတော့သည်လေ။

အေးစက်နေတဲ့ အရက်ဖန်ခွက်ကို ဆန်းဝန်း တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့ရှေ့မှာတော့ အရက်ပုလင်း အလွတ်တွေ တစ်လုံးပြီးတစ်လုံး စီတန်းနေပြီ။

သီချင်းသံတွေက သူ့နားထဲမှာ ပဲ့တင်ထပ်နေပေမယ့် သူတို့ရဲ့စည်းချက်ကိုတော့ မခံစားနိုင်တော့။ နာကျင်နေတဲ့ ဝေဒနာကို အရက်နဲ့ပဲ မေ့ဖျောက်ဖို့ ကြိုးစားနေမိသည်။

ဆန်းဝန်း အရက်ကို တစ်ခွက်ပြီးတစ်ခွက် မော့ချလိုက်ရင်း ခံတွင်းထဲမှာ ပူလောင်သွားတဲ့ အရသာက သူ့ရင်ထဲက နာကျင်မှုတွေကို ခဏတာလောက်တော့ ထုံကျင်သွားစေသလိုပဲ။ အမြင်တွေလည်း ဝါးလာသည်။ ဘားထဲက လူတွေက အရိပ်တွေလိုပဲ လှုပ်ရှားနေကြတာကို တွေ့နေရသည်။ လီယိုရဲ့ ပုံရိပ်ကလည်း အရက်နဲ့အတူ သူ့မျက်လုံးထဲမှာ ပျော်ဝင်နေသည်။

သူ့ခေါင်းထဲမှာ လီယိုရဲ့ အပြုံး၊ လီယိုရဲ့ ရယ်သံတွေက ပဲ့တင်ထပ်နေသည်။

"ကျွန်တော့် ကို ဘာလို့ တစ်ယောက်တည်း ထားခဲ့တာလဲ" သူ တိုးတိုးလေး ရေရွတ်လိုက်မိသည် ။

ခေါင်းငိုက်စိုက်ကျခါစ ပြုနေတဲ့ ဆန်းဝန်းက မျက်လုံးများပင် သေချာမဖွင့်နိုင်တော့ ။သူ လီယို့ရဲ့ ဖုန်းနံပါတ်ကို ဆက်တိုက်ခေါ်ကြည့်နေသော်လည်း တစ်ဖက်က မကိုင်။-----ဆန်းဝန်းဟာ အရက်တွေ အများကြီး သောက်ထားတာမို့ သူ့မျက်လုံးအမြင်တွေက ဝါးနေသည်။ ခေါင်းကလည်း မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတာမို့ ဘားကောင်တာမှာပဲ ခေါင်းမှီပြီး ငြိမ်နေမိသည်။

ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ မီးရောင်တွေက သူ့အသိစိတ်ကို ပိုပြီး ဝေဝါးသွားစေသည်။ အဲဒီအချိန်မှာ နူးညံ့တဲ့လက်တစ်စုံက သူ့လက်ထဲက ဖန်ခွက်ကို ယူလိုက်တာကို သတိထားလိုက်မိသည်။ နောက်တော့ အေးစက်နေတဲ့ ပုဝါတစ်ထည်က သူ့နဖူးပေါ်ကို ရောက်လာသည်။

"အိမ်ပြန်ရအောင်"လို့ တိုးတိုးလေးပြောတဲ့အသံကို ကြားလိုက်ရသည်။ အဲဒီအသံက ရင်းနှီးပေမယ့် ဆန်းဝန်း ဘယ်သူလဲဆိုတာကို ခွဲခြားလို့မရ။

လူတစ်ယောက်ရဲ့ လက်မောင်းက သူ့ပခုံးကို ဖြည်းညှင်းစွာ ထောက်ပေးတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ထူပေးလိုက်သည်။ ဆန်းဝန်းဟာ ခေါင်းမဖော်နိုင်တော့ဘဲ အဲဒီလူရဲ့ ပခုံးပေါ်မှာ ခေါင်းကို မှီထားလိုက်သည်။

အဲဒီလူရဲ့ ကိုယ်သင်းနံ့က လီယိုရဲ့ ကိုယ်သင်းနံ့နဲ့ တူနေတာကို ခံစားမိသည်။ ဒီကိုယ်သင်းနံ့ကို ဆန်းဝန်း ဘယ်တော့မှ မေ့လောက်မှာမဟုတ်။

ဘားအပြင်ဘက်ကို ရောက်သွားတော့ အေးစက်နေတဲ့လေက သူ့မျက်နှာကို ရိုက်ခတ်သွားတသည်။ သူဟာ မျက်လုံးကို တင်းတင်းမှိတ်ထားပြီး သူ့ကို ထူပေးထားတဲ့လူရဲ့ ခြေလှမ်းတွေကို လိုက်လျှောက်နေမိသည်။

ကားပေါ် ရောက်တော့မှ Aircon ရဲ့အေးစက်မှုက ဆန်းဝန်းရဲ့ မျက်နှာကို ရိုက်ခတ်သွားသညါ။ဆန်းဝန်း မူးနေတာမို့ မျက်လုံးပင်မပွင့် လမ်းတစ်လျှောက်မှာ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ အိပ်၍ လိုက်လာခဲ့သည်။

" ဘယ်လောက်တောင် မူးအောင်သောက်တာလဲ ဆန်းဝန်းရဲ့ "

လီယို သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်ရင်း ကားကို လမ်းဘေးသို့ခဏ ချရပ်လိုက်သည်။

မှောင်နေတဲ့ ကားအတွင်းထဲမှာ လမ်းမီးတိုင်တွေရဲ့ မှိန်ပျပျအလင်းရောင်က ဆန်းဝန်း မျက်နှာပေါ်ကို တစ်ချက်တစ်ချက် ဖြတ်သန်းသွားသည်။ အမြဲတမ်းသပ်ရပ်နေတဲ့ ဆံပင်တွေကလည်း ပုံပျက်ပန်းပျက်ဖြစ်နေပေမယ့် သူ့ရဲ့ဖြူလွန်းတဲ့အသားအရေနဲ့ လိုက်ဖက်ညီနေသည်။

ပါးပြင်ပေါ်မှာတော့ မျက်ရည်စတစ်စကခြောက်ခါစလို နေရာယူထားသည်။နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကလည်း ပွင့်ဟနေပြီး အသက်ရှူသံက ပုံမှန်မဟုတ်ဘဲ နက်ရှိုင်းနေသည်။ လျှပ်တစ်ပြက်ဖြတ်သွားတဲ့ အလင်းရောင်အောက်မှာတော့ သူ့ရဲ့ မျက်တောင်ကော့ကော့လေးတွေက အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေသည်။

ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့ပုံရိပ်ကလည်း အရက်မူးပြီး အိပ်ပျော်နေတဲ့အခါမှာတော့ တည်ငြိမ်မှုနဲ့ အစားထိုးနေသည်။ အဲဒီပုံစံက လီယိုရဲ့ နှလုံးသားကို နာကျင်စေပါသည်။

အမြဲတမ်း ကြံ့ခိုင်တယ် ပျော်ရွှင်တယ်လို့ ထင်ခဲ့ရတဲ့ ဆန်းဝန်းဟာ အခုတော့ အားနွဲ့နေတဲ့ လူတစ်ယောက်လို။ လီယိုဟာ အိပ်ပျော်နေတဲ့ ဆန်းဝန်းကို အကြာကြီးငေးကြည့်နေမိပြီးသူ့လက်တစ်ဖက်က ဆန်းဝန်းရဲ့နဖူးပေါ်ကို ရောက်သွားသည်။

ဆန်းဝန်းရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ကြည့်ရင်း အလွမ်းတွေက ရင်ထဲမှာ ဆောင့်တိုးလာသည်။ လမ်းခွဲလိုက်ကတည်းက တင်းထားတဲ့ စိတ်တွေက ဒီအခိုက်အတန့်မှာတော့ ရုန်းကန်လို့ မရတော့။လီယို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး ဆန်းဝန်းရဲ့ နှုပါးပြင်ကို အသာအယာ ခပ်ဖွဖွ နမ်းမိလိုက်သည်။

" လွမ်းနေတာ "

လီယို အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆန်းဝန်းရဲ့ နှုတ်ခမ်းတွေကို အသာလေး ထပ်မံ ငုံ့နမ်းလိုက်သည်။

အနမ်းက အေးစက်နေပေမယ့် သူတို့နှစ်ဦးကြားက ချစ်ခြင်းတရားတွေကတော့ နွေးထွေးနေဆဲ။လီယိုရဲ့ မျက်ရည်တွေက ဆန်းဝန်းရဲ့ ပါးပြင်ပေါ်ကို စီးကျလာပြီး အဲ့ဒီမျက်ရည်တွေရဲ့ အရသာက အချစ်နဲ့ အလွမ်းတွေ ရောထွေးနေသည်။

အိပ်ပျော်နေတဲ့ ဆန်းဝန်းက လီယိုကို မဖက်တွယ်နိုင်ပေမဲ့ လီယို့ရဲ့ လက်တွေကတော့ ဆန်းဝန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားမိနေပြန်သည်။

"တောင်းပန်တယ်နော် ဆန်းဝန်း"

တစ်ချိန်က သူ့ရင်ခွင်ထဲမှာ အမြဲရှိနေခဲ့တဲ့ ကောင်လေးက အခုတော့ အနားမှာ ရှိပေမယ့် ဘယ်လိုမှ မပိုင်ဆိုင်နိုင်တော့တဲ့ အနေအထားကို ပြန်ရောက်နေသည်။

ဆက်ရန်။

There are no comments yet. Log in to be the first to leave a review!

Similar stories