ep11
15:42, 15 March 2024" ဦး အဲဒီသူဆီမှာ ရည်စားရှိလား "
" ဟမ်း... မရှိပါဘူး "
" တကယ်လား ဦးကဘယ်လိုသိလဲ "
" အော်.. ငါ့သူငယ်ချင်းလေ ဘာဖြစ်နေတာလဲ အသေးစိတ်လိုက်မေးနေတာက ဘာလုပ်မလို့လဲ "
" ဘာမှမလုပ်ပါဘူးဆို ဘာလုပ်လို့ရမှာလဲ "
ဆော့ဂျင်စိတ်မရှည်သလိုပြန်မေးတော့ ဂျောင်ဂုကလည်း စူအောင့်အောင့်နဲ့ ပြန်ဖြေသည်။ သူကဂျောင်ဂုကို ဒီနေ့သူ သူ့သူငယ်ချင်းနိုင်ငံခြားကနေ ပြန်ရောက်လာတော့သူနဲ့ချိန်းထားတာဖြစ်၍ သူကအွန်းလေးကို ဂျောင်ဂုနဲ့ထားခဲ့စေချင်သည်။ သူထိုအကြောင်းကို ဂျောင်ဂုကိုအကူအညီတောင်းတော့ ထိုကောင်လေးကအလွယ်တကူပင် လက်ခံသည်။ သို့သော် သူပြောပြီးကတည်းက သူက မေးခွန်းတွေမေးနေတာ မရပ်တော့။ အဲသူငယ်ချင်းက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာအလုပ်လုပ်တာလဲ၊ အခုရော ဘာလုပ်ဖို့တွေ့ကြမှာလဲ၊ ဘယ်နေရာမှာတွေ့ဖို့ချိန်းထားတာလဲ၊ တွေ့ပြီးဘာလုပ်ကြမှာလဲ စသည်စသည်ဖြင့် မပြီးနိုင်တဲ့မေးခွန်းတွေ။သူ့ကိုအကူအညီတောင်းမိတာ မှားပြီလားတောင် တွေးမိသည်။ ဒါပေမဲ့ သူဂျောင်ဂုနဲ့ဆိုရင်တော့ အွန်းလေးကို စိတ်ချသည်။ အွန်းလေးက ဂျောင်ဂုကို အိမ်ကသူတွေထက်ပင် သဘောတွေ့သလို။
" ဒါဆို အရင်ကထားဖူးတာတွေရော ရှိလား ဘယ်နှယောက်လောက်ရှိလဲ သူက မိန်းကလေးတွေကိုပဲ ကြိုက်တာလား "
သေချာပေါက်မိန်းကလေးပဲ ကြိုက်မှာပေါ့ ဘယ်လိုမေးခွန်းမျိုးလဲ!
သူဂျောင်ဂုကိုကြည့်လိုက်တော့ ဂျောင်ဂုက သူ့ကိုသာ စောင်းငဲ့ကြည့်ပြီး သူ့ဆီကအဖြေကို စောင့်နေသည်။ သူရုတ်တရက်အတွေးပေါက်သွားသည်က...
" မင်းသူ့ကိုစိတ်ဝင်စားလို့လား "
သူပြန်မေးလိုက်တော့ ဂျောင်ဂုက ရှုံ့မဲ့သွားသည်။ သူဂျောင်ဂုရဲ့တုံ့ပြန်မှုကို သဘောကျသွားသည်။
ဂျောင်ဂုနဲ့ပတ်သက်ပြီး အသေးစိတ်ကျတဲ့အချက်အလက်တစ်ခု သူကြားဖူးထားသည်။အဲဒါက ဂျောင်ဂုက သူ့ထက်အသက်ပိုကြီးတဲ့သူတွေကိုသာ စိတ်ဝင်စားသည်တဲ့။ ပြီးတော့ ယောကျာ်းလေးတွေကိုသာ ပိုစိတ်ဝင်စားသည်တဲ့ အထူးသဖြင့် လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းတွေကို..ဂျယ်ယောင်းကိုတွေးမိသွားတော့ သူ့အကြိုက်နဲ့ ကွက်တိပင် ပိုသာရင်တောင် သာနေအုံးမည်။ ဂျယ်ယောင်းက အရပ်မြင့်မြင့်၊ အသားအရည်ကောင်းကောင်းနဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိသည်။ ဒါကြောင့် သူထင်တာကို ထုတ်မေးလိုက်ပေမဲ့ ခုနကမျက်နှာပေးနဲ့တင် အဖြေပေါ်နေပြီ။
" ကြိုက်စရာလားဗျာ ခင်ဗျားဘိုးတော်ကြီးကို "
ခပ်ရိုင်းရိုင်းစကားဖြစ်ပေမဲ့ သူရယ်မိသွားသည်။သူရယ်တော့ ဂျောင်ဂုဆီက မကြည်ကြည့်တစ်ချက် ရလိုက်သည်။
" မသိဘူးလေ အဲလိုမျိုးက မင်းအကြိုက်မဟုတ်ဘူးလား မင်းက မင်းထက်အသက်ကြီးပြီး တည်ငြိမ်ရင့်ကျက်တဲ့သူမျိုးတွေကို ကြိုက်တာဆို "
" အင်း... ဦးလိုမျိုးလေ "
ဦးက သူ့ဘက်လှည့်ပြီး စနောက်ချင်နေပေမဲ့ သူတစ်ကွက်တည်းနဲ့ ဦးကို လှဲချနိုင်သွားသည်။ သူပြောတော့ဦးက တည်သွားပြီး စတီယာရင်ပေါ်ကလက်ကလေးတွေ တင်းတင်းကြပ်ကြပ်ဖြစ်သွားတာ မြင်လိုက်သည်။ သို့သော် ခဏပါပဲ ခဏပင် ဘာမှမဖြစ်သလို ပြန်လှည့်လာသည်။
" သူနဲ့ငါက ဘာမှမကွာဘူးလေ မင်းစံချိန်စံညွှန်းတွေနဲ့ဆို သူက ငါ့ထက်တောင် သာရင်သာနေအုံးမယ် "
" အင်းလေ ဒါပေမဲ့ ဦးမှမဟုတ်တာ "
ဦးမျက်နှာထပ်ပျက်သွားပြန်သည်။ ဦးက သူစထားတဲ့ဇာတ်လမ်းမလို့ သူ့ကိုအော်မထုတ်နိုင် ဖြစ်နေသည်။ သူကားမောင်းနေတဲ့ဦးကို ခပ်တင်းတင်းပင် ကြည့်ပေးလိုက်သည်။ ဦးက အရင်လိုပဲ သူ့ကိုဆို အော်တယ်၊မောင်းထုတ်တယ်၊အထင်သေးစကားတွေပြောနေသေးတယ် သူ့ကိုဆို လျစ်လျူရှုတာတွေရှိနေတုန်းပဲ။ ဒါပေမဲ့ အဲဒါတွေကို သူအရင်ကလို ထူးထူးခြားခြား မခံစားရတော့ဘူး။ မဖြုံတော့တာဘဲလား..အရင်ကဆို ကင်မ်ဆော့ဂျင်သူ့ကို ပစ်ပစ်ခါခါဆက်ဆံလာခဲ့ပြီဆို သူပေါက်ကွဲပြီး စိတ်ပြေသွားအောင် တစ်ယောက်ယောက်နဲ့ အီပစ်လိုက်သည်။ အဆင့်တက်ပြီး အိပ်ပစ်လိုက်သည်။ မေ့မေ့ပျောက်ပျောက်ဖြစ်လောက်ရင် ဦးဆီအမှတ်မရှိ ပြန်လာပြီး ထပ်ကပ်ပြန်သည်။ဒီလိုနဲ့သံသရာလည်ခဲ့တာ။ အခုတော့ ဦးနဲ့သူကဘာအဆင့်မှမရှိသေးပေမဲ့ ဦးမောင်းထုတ်လည်း ဦးမှဦးဖြစ်ကာ မနာတတ်တော့။ ပြီးတော့ တစ်ခါတလေဦးက သူ့အပေါ် ပျော့ပြောင်းလာသလို သူကိုလည်းအရင်ကလောက် ခါးခါးသီးသီး မဆက်ဆံတော့သလို ခံစားလာရသည်။ အခုတောင် သူ့ကို ပွင့်ပွင့်လင်းလင်းအကူအညီတောင်းလာသည်။ သူအပြုအမူတချို့အပေါ်မှာလည်း တုံ့ပြန်မှုပေးလာသည်။ ခုနကပဲကြည့်ရင် ဦးသူ့စကားအပေါ်မှာ အတွေးရှိသာ သူမြင်နေရသည်။
ဦးက သူကြည့်နေမှန်းသိတော့ ဘာမှမဖြစ်သလိုပင် တည်ငြိမ်ပြနေသည်။ ကျွန်တော့်အပေါ် ပွင့်ပွင့်လင်းလင်းပစ်လဲလိုက်စမ်းပါခင်ဗျားရဲ့။
" ဒါပေမဲ့ ငါနဲ့လည်း မဖြစ်နိုင်မဲ့အတူတူပေါ့ တခြားတစ်ယောက်ပြောင်းကြည့်တော့ မကောင်းဘူးလား "
ဦးကဒီစကားကို ဘာမှမဖြစ်သလိုပြောနေတယ်ဆိုတာ ယုံလား။ ဘာမှမဖြစ်ဘူးဆိုတာ ဦးတစ်ယောက်တည်းရဲ့ အတွေးပဲ။ ဦးလက်ဆစ်တွေ လှုပ်ရှားနေတယ် မျက်တောင်ကို ခဏကြား ပုတ်ခတ်ပြီးမှ စကားအဆုံးမှ သူ့နဲ့အကြည့်ချင်းလာဆုံသည်။ ဒီစကားလေးကိုတောင် သူနဲ့အကြည့်ချင်းဆုံမပြောရဲဘဲနဲ့...
" ဦးရှိနေတာကို တခြားတစ်ယောက်ကို ဘာလို့ကြိုက်ရမှာလဲ သူတို့က ကျွန်တော့်အကြိုက်ပုံစံဖြစ်ချင်ဖြစ်နေမယ် ဒါပေမဲ့ သူတို့က ဦးမှမဟုတ်တာ "
" ငါမင်းကိုမကြိုက်ဘူး မင်းမှမဟုတ်ဘူးဘယ်သူ့ကိုမှမကြိုက်ဘူး အဲဒါကြောင့် မင်းကိုသက်သက်အချိန်မကုန်စေချင်တာဂျောင်ဂု အခုငါမင်းနဲ့အဆင်ပြေနေတယ်၊ မင်းကိုအကူအညီတောင်းမိတယ်ဆိုပေမဲ့ ကျေးဇူးပြုပြီး မရောထွေးလိုက်ပါနဲ့လား ငါပြန်ကြိုက်နိုင်မှာမဟုတ်ဘူး အားနာပြီးလည်း ပြန်ကြိုက်နိုင်မှာမဟုတ်ဘူး အဲဒါကြောင့် အထင်မမှားလိုက်နဲ့ "
" အင်း အထင်မမှားပါဘူး ဒါပေမဲ့ ကျွန်တော့်မှာ ကြိုးစားခွင့်တော့ ရှိနေတာပဲမလား ကျွန်တော်ကိုယ်တိုင်ကလည်း အားနာတာတွေ သနားတာတွေ မလိုချင်ဘူး ကျွန်တော့်အချစ်ကို ပြန်တုံ့ပြန်လာတာမျိုးပဲ လိုချင်တာ ဒါကြောင့် ကျွန်တော့်ကိုအလိုရှိသလို အကူအညီတောင်းလို့လည်း ရတယ် အကူအညီတောင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့ အဲဒါနဲ့ပတ်သက်ပြီးမှ ဦးဆီကအချစ်ကိုရယူဖို့ တစ်ခါမှမစဉ်းစားထားဘူး အဲလိုလုပ်မှ ဦးအချစ်ကိုရမယ်လို့လည်း ကျွန်တော်မတွေးထားဘူး ဦးရင်ဘတ်ထဲကို ကျွန်တော့်အချစ်တွေရောက်နိုင်ဖို့ ကျွန်တော့်မှာ နည်းလမ်းတွေရှိပြီးသားပါ "
သူအပြုံးတစ်ခုနဲ့ပြောပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ ဦးက ချက်ချင်းပြန်လှည့်သွားသည်။
" ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီး.. "
ဦးကမလှုပ်တလှုပ်ပြောလိုက်ပေမဲ့ သူကောင်းကောင်းကြားလိုက်သည်။ ပြောပါတယ် ဦးဘက်က စပြောင်းလဲနေပါတယ်လို့။ အရင်လိုသာ သူအဲလိုတွေပြောရင် ဦးက ဒီလိုခပ်ပေါ့ပေါ့ပဲ တုံ့ပြန်မည်မဟုတ်။ မျက်နှာတွေနီတဲ့အထိ ဒေါသထွက်ပြီး ကားပေါ်ကတောင် နှင်ချခံရအုံးမည်။
ဂျွန်ဂျောင်ဂု ဦးရင်ဘတ်ထဲရောက်ဖို့ ဘယ်လောက်မှမလိုတော့ဘူး။
.....................................
ဆော့ဂျင်ပြန်လာတော့ ဆယ်နာရီကျော်နေပြီ။ဒါတောင် ဂျယ်ယောင်းကို မနည်းပြန်မယ်ဆိုပြီး ပြန်ပို့ခဲ့ရတာ။ သူက ညအပြင်ထွက်တာရှားတော့ အွန်းလေးကိုစိတ်ပူသည်။ ဂျောင်ဂုရှိတယ်ဆိုပေမဲ့ ဂျောင်ဂုကလည်း အွန်းလေးအကြောင်း သိပ်သိသေးသည်မဟုတ်။ အွန်းလေးကို သူ့လောက်ဘယ်သူမှ နားမလည်ဘူး။ သူ့စိတ်ကိုနားမလည်ဘဲ အတင်းတွေဖိအားပေးနေမှာ စိုးရိမ်မိသည်။ ထိုအခါမျိုးဆို အွန်းလေးက ထူပူပြီး ဘာမှနားမဝင်တတ်တော့။ သူမှာတော့မှာထားခဲ့ပေမဲ့ စိုးရိမ်လွန်နေတုန်း။ အိပ်ခါနီး သူ့ကိုမမြင်လို့ ငိုနေမှာလည်း စိုးနေသည်။ အွန်းလေးက ငိုမိရင် တိတ်ခဲတယ် အကြာကြီးရှိုက်ငိုပြီး တက်သွားတတ်သည်။
ပြန်ရောက်တော့ သူအခန်းထဲအရင်မဝင်ဘဲ အွန်းလေးအခန်းဘက် အရင်ထွက်ခဲ့သည်။ စေ့စေ့ပိတ်ထားတဲ့တံခါးကို အသာတွန်းဖွင့်ရင်း အထဲဝင်လာခဲ့သည်။ အိပ်ရာဘက်လျှောက်လာရင်း ခုတင်ဘေးစာကြည့်စားပွဲတွင် မှောက်အိပ်နေတဲ့ဂျောင်ဂုကို အရင်တွေ့လိုက်ရသည်။ ပြီးမှ အွန်းလေးအိပ်နေတာ မြင်ရသည်။ ဂျောင်ဂုက ဒီထဲဘာလို့...
သူအနားရောက်သွားလိုက်ပြီး အွန်းလေးကို သေချာစောင်တွေ၊ဖက်လုံးတွေ ပြင်ပေးလိုက်ပြီး နဖူးလေးကို ဖွဖွနမ်းလိုက်သည်။ ဂျောင်ဂုသေချာလုပ်ပေးထားသည်ပဲ။ဂျောင်ဂုက ဘာလို့ဒီမှာလာအိပ်နေရသည်လဲ သူဂျောင်ဂုနားသွားလိုက်ပြီး အနားကပ်ကြည့်လိုက်သည်။ဂျောင်ဂုက အွန်းလေးရဲ့ပုံဆွဲစာရွက်တွေကြား ခေါင်းဖိအိပ်ပျော်နေသည်။ ကြည့်ရတာ အွန်းလေးနဲ့ပုံဆွဲကြရင်း အိပ်ပျော်သွားကြသည်ထင်။ သူဂျောင်ဂုဖိအိပ်ထားတဲ့စာရွက်တွေကို ဂျောင်ဂုမနိုးအောင် ဖွဖွဆွဲယူလိုက်သည်။ သူဆွဲယူလိုက်တာနဲ့ ဂျောင်ဂုက တန်းနိုးလာတော့သည်။
" အွင်း... ဦးပဲ.. ပြန်ရောက်ပြီလား "
" အင်း မင်းဘာလို့ဒီမှာအိပ်နေတာလဲ "
ဆော့ဂျင်သူ့လက်ထဲပါလာတဲ့ ပုံဆွဲစာရွက်လေးဆီ အကြည့်ပို့ရင်း မေးလိုက်သည်။ ပုံက ဂျောင်ဂုဆွဲလက်စပုံ ဖြစ်လောက်မည်။ မျက်နှာပုံကိုမှ မျက်လုံးမတပ်ရသေးပေ။လက်ရာမြှောက်လောက်အောင်မလို့ ကြည့်လိုက်တာနဲ့ ဘယ်သူ့ပုံတူဆိုတာ တန်းသိသည်။
" ဦးပြန်လာရင် ဒီကိုလာမယ်ဆိုတာသိလို့ ဒီမှာဦးကိုစောင့်ရင်း ပုံဆွဲနေတာ ပေါက်စကိုလည်းသင်ပေးရင်း... ဒီမှာ ပေါက်စဆွဲထားတာတွေက.. ဒါက ကျွန်တော်သင်ပေးရင်းဆွဲထားတာ "
ဆော့ဂျင် ဂျောင်ဂုပြတဲ့ စာရွက်လေးတွေကို ယူကြည့်လိုက်သည်။
" ဒါကဦး ပခုံးကျယ်ကျယ်နဲ့ ဒါကပေါက်စပိစိကွေးလေး ဒါကကျွန်တော် ကျွန်တော်ကချောတယ်မလား "
" အင်း ပုံထဲမှာတော့ ချောနေတာပဲ "
" အပြင်မှာချောလို့ ပုံထဲလဲချောတာပါနော် အဲတစ်ခုကြ ပေါက်စဆွဲထားတာ ကြည့်လိုက်အုံး ဆီနဲ့ရေ မျက်လုံးတွေက အမဲစက်ပဲ ဆွဲထားတယ် ညံ့ချက် "
" ကလေးပဲရှိသေးတာကို မင်းကလေးတုန်းကရော အဲလောက်ဆွဲတတ်မယ်ထင်နေလား အွန်းလေးပိုတော်လာပြီ "
သူလက်ထဲကပုံတွေ ကြည့်လိုက်ရင်း မှတ်ချက်ချလိုက်သည်။ဂျောင်ဂုအွန်းလေးကို ပြောတာလည်းမပြောနဲ့ သူ့ပုံတွေက အလွန်ကောင်းနေသည်။ ဒါပေမဲ့ အွန်းလေးလည်း ပိုပိုတော်လာပြီ။ အခုပုံတွေဆို သူဘာကိုဆိုလိုချင်မှန်း နားလည်လာပြီ။ဂျောင်ဂုသင်ပေးထားတာကြောင့်လည်း ဖြစ်မယ်
" ကျေးဇူးပဲဂျောင်ဂု ဒီနေ့အတွက်ကျေးဇူးပဲ အွန်းလေးအိပ်ရင် အိပ်လိုက်လို့ရတာကို အိပ်ရေးပျက်တော့မှာပဲ "
" ဦးနဲ့တွေ့ချင်သေးလို့ စောင့်နေတာ ဦးကျေးဇူးတင်တာကို ကျေကျေနပ်နပ်လက်ခံပါ့မယ် ဦးဆီကမလို့ ပျော်တယ် "
" ဒါဆို အိပ်တော့လေ ပင်ပန်းသွားပြီဒီနေ့ "
ဆော့ဂျင်သူ့စကားတွေကို ရိုးရိုးရှင်းရှင်းတုံ့ပြန်လိုက်ပြီး လေထုကိုပုံမှန်ဖြစ်ဖို့ ကြိုးစားလိုက်သည်။ ဂျောင်ဂုဆီက ပုံမှန်မဟုတ်တဲ့ ထိုလိုစကားတွေကြားရတိုင်း သူအရင်ကလို ဒေါသထွက်လို့မရတော့။ အမှန်ဆို ဒေါသထွက်စရာမှ ရှာမတွေ့တာ သူ့ဟာသူတကူးတကသွား အကူအညီတောင်းထားတဲ့ကိစ္စကို သူကပြဿနာရှာချင်ရင်တောင် သွားရှာလို့မှ မရတာ။ ဂျောင်ဂုရဲ့အပြောတွေနဲ့အကြည့်တွေကို သူဘယ်လိုရန်တွေ့လို့ရမှာလဲ ဒီအတိုင်းရှောင်ထွက်သွားဖို့ပဲရှိတာကို..ထို့ကြောင့် သူနှုတ်ဆက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ဂျောင်ဂုလည်း သူနဲ့အတူလိုက်ပါလာပြီး အခန်းတံခါးအသာပိတ်ကာ နှစ်ယောက်သားတစ်ချက်ကြည့်ရင်း အခန်းကိုယ်စီပြန်ခဲ့ကြသည်။
သူအခန်းထဲပြန်ရောက်တော့ အဝတ်အစားတွေချွတ်လိုက်ပြီး ရေချိုးခန်းဝင်လိုက်သည်။ ရေပန်းကိုဖွင့်ချလိုက်ပြီး သူ့ရင်ထဲက အရှုပ်အထွေးတွေ ဖြည်ချလိုက်သည်။ ဟူး... ဂျောင်ဂုကိုပြောပြီး တကယ်တမ်း မတင်မကျခံစားနေရတာက သူဖြစ်နေတယ်။သူကအခု ဂျောင်ဂုအပေါ် တန်ပြန်တုံ့ပြန်မှုမပေးနိုင်လို့ ခံစားနေရတာလား။ ဂျောင်ဂုအပေါ် အားနာနေသည်လား..ဘယ်လိုဆိုဆို သူတို့ကမဖြစ်နိုင်တဲ့ဆက်ဆံရေးပါ ဘယ်လိုမှအစမပျိုးသင့်တဲ့ ဆက်ဆံရေးမျိုး ဒီလောက်ပဲ သူခံစားပေး အားနာပေးရင် ရနေပြီပဲ။ ရှေ့လျှောက် သူဘယ်လိုဆက်သွားရင်ကောင်းမလဲတောင် မသိတော့ဘူး။ သူအခုလိုလုပ်နေတာရော မှန်နေရဲ့လား။မဖြစ်နိုင်တာကို မျှော်လင့်ချက်ပေးနေသလိုများ ဖြစ်နေမိပြီလား... သူအတွေးများစွာနဲ့ ရေချိုးခန်းက ထွက်လာခဲ့သည်။ ဒီညလည်းသူ့အတွက် ရှည်ကြာတဲ့ညတစ်ည ဖြစ်လာအုံးမည်သေချာသည်။
....................................
" ဟေ့ရောင် သောက်ပါဟ မင်းနဲ့ငါ အကြာကြီးခွဲနေရတာ အမုန်းချရအောင် "
" နောက်လည်းတွေ့ကြရမှာကို အပြီးပြန်လာတာဆို! "
" အင်းလေ ဒါတော့ဒါကွာ ဒါပေမဲ့လည်း သောက်ကွာ "
နှစ်ယောက်အတူ ဘားထိုင်သောက်နေကြပေမဲ့ ဆော့ဂျင်သိပ်မသောက်ချင်။ နှစ်ယောက်စလုံးမူးကုန်လို့မဖြစ်သေး။ ပြီးတော့ သူအရမ်းကြီး ညဉ့်မနက်ချင်ဘူး။ သူအွန်းလေးအိပ်ပျော်မှ အပြင်ထွက်ခဲ့တာဖြစ်ပေမဲ့ ညဥ့်နက်တဲ့အထိ နေလို့မဖြစ်။သူက အများကြီးသောက်နိုင်သူတော့မဟုတ် သောက်လေ့သောက်ထမရှိသူ။
" သောက်တာအသာထားအုံး အလုပ်ကရောဘယ်လိုစီစဉ်ထားလဲ ငါ့ဆီမလာဘူးလား "
" မသိသေးပါဘူးကွာ ကိုယ်ပိုင်လုပ်ငန်းစရမလားလို့လည်း စိတ်ကူးရှိသလို ကမ်းလှမ်းထားတာမှာပဲ ဝင်လုပ်ရမလားပေါ့ လောလောဆယ်တော့ ငါပြန်ရောက်တာ တစ်ပတ်မပြည့်သေးဘူး အဲဒါတွေ ခေါင်းထဲမထည့်ဖြစ်သေးဘူး သောက်ဖို့စားဖို့ပဲရှိသေးတယ် "
" ကိုယ်ပိုင်လုပ်ငန်းစဖို့က ကောင်းပါတယ် ငါလည်းအားပေးတယ် ဒါပေမဲ့ တခြားသူဆီမှာ လုပ်မယ်ဆိုရင်တော့ သေခန်းပြတ်ပေါ့ "
" ငါ့ကိုအသည်းအသန်လိုအပ်နေတယ်ပေါ့ "
" ဒါပေါ့ နိုင်ငံခြားပြန်ကြီးကို ကုမ္မဏီတိုင်းကအလုအယက်လိုချင်နေတာ ငါလည်းလိုချင်မိတာမှားလား "
" မမြှောက်နဲ့ မြှောက်လည်းငါမင်းဆီမလာဘူး "
ထိုအချိန် သူတို့ကြားတွင် ခဏတိတ်ဆိတ်သွားသည်။အမှန်တော့ ဂျယ်ယောင်းနိုင်ငံခြားသွားလိုက်တာ သိပ်တော့မရိုးရှင်းဘူးပေါ့ ဦးလေးဂျယ်ဝမ်ဆုံးတော့ သူကုမ္မဏီကိုဦးစီးရမဲ့အချိန်ထိ အကုန်အဆင်ပြေပြေရှိနေကြပါသေးတယ်။ သူရှင်းရဲ့သမက်ဖြစ်လာတော့မှ ကိစ္စတွေက စတော့သည်။ သူရှင်းရဲ့သမက်၊စီးအီးအိုနေရာတွေဖြစ်လာရတာက ရိုးကိုမရိုးရှင်းတာ။ သူ့အနီးကပ်သူငယ်ချင်းဖြစ်တဲ့ ဂျယ်ယောင်းက အသိဆုံးပေါ့။ တကယ်တော့ သူကရှင်းရဲ့အမည်ခံစီအီးအိုပင် သူ့မှာရှယ်ယာ 1%နှုန်းပင်ရှိမနေ။ အကုန်ရှင်းကပိုင်ထားပြီး အချိန်တန်ရင် သူကဖယ်ပေးရမည်ပင်။ ဒါက အစတည်းက သူတို့သဘောတူထားပြီးသားအချက်ပင်။ ထိုအကြောင်း သူတို့စပြောကတည်းက သူကအဲကိစ္စကို လွယ်လွယ်ပင် သဘောတူခဲ့သည်။
ဒါကို စသိကတည်းက ဂျယ်ယောင်းက မကျေနပ်ပင်။ သူ့ကိုသက်သက်အသုံးချပြီး မျှတမှုမရှိဟုဂျယ်ယောင်းက ထင်မှတ်သည်။ သူလည်းအဲလိုဆိုတာသိပေမဲ့ သူ့အပေါ် ရှင်းကကျေးဇူးမနည်းပင်။ဦးလေးဂျယ်ဝမ်မျက်နှာလည်း ထောက်ထားရအုံးမည်။သူဆိုတာ ကျေးဇူးတရားကိုထိပ်ထားပြီး တစ်ရာယူထားရင် တစ်ရာပြန်ပေးရမည်လို့ ခံယူထားပြီးသား။ မျှတသည် မမျှတသည်ထက် ဦးလေးဂျယ်ဝမ်ဆုံးသွားတော့ ဖရိုဖရဲဖြစ်နေတဲ့ရှင်းကို သူမျက်ကွယ်မပြုနိုင်ခဲ့။ ထိုကိစ္စတွေဖြစ်ပြီး မကြာ နိုအွန်းနဲ့လက်ထပ်ဖို့ ဖြစ်လာတော့ ဂျယ်ယောင်းက ကန့်ကွက်ပြီး သူတို့စတင်အငြင်းပွားလာကြသည်။ ဂျယ်ယောင်းသူ့မင်္ဂလာပွဲကိုတောင်မတက်ဘဲ နိုင်ငံခြားထွက်သွားခဲ့သည်။သူကိုတောင် အသိမပေးခဲ့။ မနက်အလုပ်စားပွဲတွင် အလုပ်ထွက်စာရောက်နေတော့မှ သူသိတာနောက်ကျသွားခဲ့ပြီဖြစ်သည်။
" ဘာလို့ငြိမ်သွားတာလဲ ငါအဲကိုမလာပေမဲ့ မင်းထွက်ခဲ့ရင် ရတာပဲ "
ဆော့ဂျင်လှည့်ကြည့်လိုက်သည်။ ဂျယ်ယောင်းကအရက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး သူ့ကိုကြည့်လာသည်။
" မင်းနဲ့ငါ နှစ်ယောက်အတူစလို့ရတာပဲ "
" ဒါပေမဲ့.. "
" မင်းဘယ်အချိန်အထိ အဲမှာပဲ မင်းဘဝကို နစ်မြှုပ်နေတော့မှာလဲ မင်းအသက်သုံးဆယ်ကျော်ပြီ ဘယ်မှာလဲမင်းအတွက် အနာဂတ်၊ဘယ်မှာလဲမင်းဘဝ မင်းကိုယ်မင်းအဲလောက်ထိ သူတို့အပေါ် ပေးဆပ်ထားစရာမလိုဘူးလို့ထင်တာပဲ "
" မင်းအခုချိန်ဆို ကိုယ်ပိုင်အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ဘဝတစ်ခု ရှိသင့်နေပြီ ဘာလို့သူများမိသားစုအတွက် လုပ်ပေးနေမှာလဲ မင်းတာဝန်ရှိတယ်ဆိုရင်လည်း မင်းတာဝန်ကျေသင့်သလောက် ကျေခဲ့ပြီးပြီပဲ မင်းအတွက်မင်းကြည့်ပြီး ဘဝအသစ်ကို စသင့်ပြီ "
" မင်းနဲ့ငါ အသက်အတူတူပဲနော် "
" အဲတော့.. "
" မင်းဘဝကရော ဘယ်မလဲ မင်းလည်းငါ့အရွယ်ရောက်နေပြီပဲ ဘယ်မှာလဲမင်းဘဝ နိုင်ငံခြားမှာကျန်ခဲ့ပြီလား "
" ငါအတည်ပြောနေတာကွ ငါကလူလွတ် ငါ့အတွက်က ဘယ်အချိန်ကောက်ရှာရှာ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက်ကတော့ အေးဆေး .. မင်းသာ ကွာရှင်းဖို့လုပ်ပြီး အဲမိသားစုက မြန်မြန်ထွက်ခဲ့ပါတော့ "
" အွန်းလေးရှိသေးတယ်လေ.. "
" အဲကလေးကရော မင်းကလေးလား တော်ပါတော့ သူလည်းအရွယ်ရောက်သင့်သလောက်ရောက်နေပြီပဲ သူများအတွက်ကြည့်ပေးတာ များနေပြီ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ပါတော့လို့ ငါဒီလောက်ပြောနေတာကို သူ့မှာအမေရှိတယ် သူ့သွေးသားရင်းချာတွေရှိတယ် မင်းသာ သူတို့နဲ့ဆို သူစိမ်း ကြားလား... သူတို့ဘက်က ပိုင်ဆိုင်မှုတွေ သတ်သတ်ကန့်ထားကတည်းက မင်းကိုသူတို့မိသားစုစာရင်း မသွင်းဘူးဆိုတာသိလား မင်းလည်းသဘောပေါက်ရဲ့သားနဲ့ "
" ကျေးဇူးတရားတွေလည်း ရှိသေးတာကို... "
" တော်ပါတော့ ကျေးဇူးတရားတွေကလည်း ပင်လယ်ရေလို ဆပ်လို့မကုန်နိုင်တော့ဘူး ငါပြောတာကိုယုံ မင်းအခုတာဝန်ကျေတာထက် ပိုနေပြီကျေးဇူးက တစ်သက်လုံးဆပ်ဖို့မဟုတ်ဘူး သူတို့လိုအပ်နေတဲ့အချိန်တုန်းက မင်းကူညီခဲ့ပြီးပြီပဲ အခုငါက မင်းဘဝအတွက်ပြောနေတာ "
" ငါနားလည်ပါတယ် ငါလည်းအမြဲဒီလိုနေသွားဖို့ အစီအစဉ်မရှိပါဘူး ဒါပေမဲ့.. "
" ဒါပေမဲ့ ပြောမထွက်ဘူးမလား ဒါမှမဟုတ် မင်းကသူတို့စွန့်ပစ်မဲ့အချိန်ထိ စောင့်နေတာလား အကုန်စီမံခန့်ခွဲလို့ကုန်မှ သူတို့ကန်ချမဲ့အချိန်ကို စောင့်နေမလား ကိုယ်ကစီမံခန့်ခွဲခဲ့ပြီးမှ ကိုယ့်ဟာကိုယ်ထွက်လာမလားဘယ်ဟာပိုကောင်းလဲ မင်းသိမှာပါ သူတို့မင်းကိုလိုအပ်တယ်၊ အားကိုးတယ်ဆိုတာ သူတို့ပိုင်ဆိုင်မှုတစ်ပြားတစ်ချပ်တောင် ပေးဖို့စိတ်မရှိဘဲနဲ့လေ "
" ငါလည်းမယူချင်ပါဘူးလေ ငါကလည်း ငါ့နေရာကောင်းကောင်းယူနိုင်မဲ့သူရှိရင် ငါလည်းအဲလောက် ပေတေမနေပါဘူး အခုက ဂျူအွန်းကလည်း အစပဲရှိသေးတယ်လေ သူ့ကိုလွဲပေးလို့ရရင် ငါလည်းပတ်သက်ဖို့ စိတ်ကူးမရှိတော့ပါဘူး "
အွန်းလေးကိုတော့ ဘယ်လိုလုပ်ရမလဲ အခုထိမစဉ်းစားရသေးဘူး။ အွန်းလေးကို ခေါ်ထားလို့ရရင် သူဘာကိုမှ နောက်ဆံတင်းနေမည်မဟုတ်။
" ကောင်းပြီလေ အဲဒါဆို ငါမင်းကို အဲအချိန်ထိစောင့်မယ် မင်းစကားတည်မယ်မလား "
" အင်း... ငါ့မှာမင်းပဲရှိတာပါဂျယ်ယောင်းရာ မင်းကသာ ငါ့ကိုအရင်ထားသွားတာ မဟုတ်ဘူးလား "
" အခုလည်း ကိုယ့်စကားအတိုင်းကိုယ်မလုပ်နိုင်ရင် ထပ်ထားသွားမှာ အဲချိန်ကြရင်တော့ သေခန်းပြတ်ပေါ့ လာ ငါတို့လုပ်ငန်းသစ်အတွက် ဂုဏ်ပြုရအောင် "
ဂျယ်ယောင်းကိုတော့ သူမစွန့်လွှတ်နိုင်ဘူး။ဂျယ်ယောင်းနိုင်ငံခြားထွက်သွားတော့ သူအားကိုးရာမဲ့သလိုကို ခံစားလိုက်ရတာ။နှစ်ယောက်သား ဆင်းရဲအတူ ချမ်းသာအတူ ဘဝကိုဖြတ်သန်းလာခဲ့ရတာ သံယောဇဉ်က မသေးဘူး။ သူလည်းရှင်းအတွက်၊ ဦးလေးဂျယ်ဝမ်အတွက် တာဝန်ကျေသင့်သလောက်ကျေခဲ့ပြီးပြီပဲ အခုချိန်မှာ ရှင်းနဲ့ဂျယ်ယောင်းဆို သေချာပေါက်ဂျယ်ယောင်းကိုပဲ ရွေးဖြစ်တော့မှာ။သူ့ဖြစ်တည်မှုတွင် ဂျယ်ယောင်းက အဓိပ္ပာယ်အများကြီးရှိသည်။
" ဘယ်မှာလဲလုပ်ငန်းက စဖြင့်မစရသေးဘဲ "
ဆော့ဂျင်ခွက်မြှောက်ဖို့ကမ်းလာတဲ့ ဂျယ်ယောင်းခွက်ကို တွန်းထုတ်ပစ်ပြီး တစ်ခွက်မော့လိုက်သည်။
" လာမှာပေါ့ဟ မင်းနဲ့ငါသာ လက်တွဲလိုက်ရင် စီးပွားရေးလောကကြီး တုန်လှုပ်သွားလိမ့်မယ် မင်းနဲ့ငါက ဘယ်သူတွေမလို့လဲ လာစမ်းပါ မင်းသာအဲအိမ်ကထွက်ရအောင် မြန်နိုင်သမျှမြန်မြန်ရှင်းခဲ့ လာ အကြိုဂုဏ်ပြုပွဲ ဆင်နွှဲရအောင် "
သုံးဆယ်ကျော်အရွယ်မှ ကလေးဆန်ချင်နေတဲ့ဂျယ်ယောင်းကို သူခေါင်းအသာယမ်းရင်း သူ့အရက်ခွက်ပေးလိုက်သည်။ တစ်ခါတလေလည်း ကလေးအလုပ် လူကြီးအလုပ် မတွေးဘဲ ပျော်ပျော်ပါးပါးပေါ့။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



