Fanfics

17

05:14, 1 July 2025

အချိန်အားဖြင့် နံနက်၄နာရီ ။

ချစ်ရသူသည် သူ့မျက်စိရှေ့တွင် နက်ခြိုက်စွာအိပ်ပျော်နေပြီး သူသည် ချစ်ရသူမျက်နှာအား ငေးကြည့်ရင်း မအိပ်နိုင်ဖြစ်ရပါသည် ။ သူ့ခါးတွေအားတင်းကျပ်စွာဖက်တွယ်ထားသူက သူထွက်သွားမှာ ကြောက်နေပုံရသည် ။

သူ့လက်များဖြင့် ချစ်ရသူ၏ပါးပြင်အား ခပ်ဖွဖွတို့ထိမိသည် ။ အရာရာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းသူသည် အိပ်နေချိန်မှာတောင် ဟာကွက်မရှိပါချေ ။ တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းပါးအား သူ့နှုတ်ခမ်းတို့ဖြင့် ခပ်ဖွဖွတို့ထိကာ နမ်းရှိုက်မိသည် ။ အိပ်နေသူကတော့ သိမည်မထင်ပါချေ ။

အချိန်တော်တော်လေးကြာတဲ့အထိ phi Perth ၏ မျက်နှာအား သူငေးကြည့်ပြီးမှ သူ့ခါးတို့တွင် ဖက်တွယ်လျက်ရှိနေသော phi Perth ရဲ့လက်တွေကို အသာဖယ်ချလိုက်သည် ။ ပြီးနောက် နောက်တစ်ကြိမ် ခပ်စေ့စေ့ပြန်ကြည့်မိတော့ သူ့ရင်တွေအောင့်သက်လာသည် ။ ထို့ကြောင့် နဖူးပေါ်ဝဲကျနေသော ဆံပင်တို့အား သပ်တင်လိုက်ကာ နဖူးထက်ကိုလည်း နောက်တစ်ကြိမ်ထပ်နမ်းရှိုက်မိပြန်သည် ။

" ကျွန်တော်ထွက်သွားမှ ဖြစ်မှာမို့ပါ .... အဲ့ဒီ မိန်းကလေးနဲ့လက်ထပ်ပြီး ကျွန်တော့်ကို မေ့လိုက်ပါနော် "

သူ၏ တိုးဖွဖွစကားသံတို့အား phi Perth မကြားနိုင်မှန်း သူသိပါသည် ။ သို့သော်

" ချစ်တယ် phi Perth ..... "

ပြီးနောက်ကုတင်ပေါ်က ဆင်းလိုက်ကာ ခြေသံမထွက်စေရန် ခြေလှမ်းတို့အားခပ်ဖွဖွ လှမ်းလိုက်သည် ။ ဗီရိုပေါ်တွင် တင်ထားသော အရုပ်ကလေးနှစ်ရုပ်အား မြင်လိုက်ချိန်တွင် ဝဲတက်လာတဲ့ သူ့မျက်ရည်တွေ ။

ဟင့်အင်း ။ သူ့ခံစားချက်ကို ညှာနေလို့မရဘူး ။ သူ့ထွက်သွားရမယ် ။ ကံကြမ္မာကို ဘယ်သူက ပြင်ရေးနိုင်မှာ မို့လို့လဲ ။ အရာရာဟာ သတ်မှတ်ထားသည့်အတိုင်းသာ ဖြစ်လိမ့်မည် ။ ထိုသတ်မှတ်ချက်များတွင် သူသည် အပိုလူသာ ဖြစ်ပါသည် ။

အံကိုတင်းတင်းကြိတ်ကာ ထိုအခန်းထဲမှာ ခပ်သွက်သွက်လေး ထွက်လာလိုက်သည် ။ ဆက်နေမည်ဆိုပါလျှင် သူ့ဆုံးဖြတ်ချက်များသည် ပြောင်းလဲ သွားနိုင်သည် ။ မလုပ်သင့်တာကို သူလုပ်မိလိမ့်မည် ။ ထို့ကြောင့် ..... ထို့ကြောင့် သူ ရင်နာနာနဲ့ ကျောခိုင်းပါရစေ ။

အခန်းပြင်ရောက်ပြီးသည့်နောက် သူ့၏ ခြေလှမ်းတိုင်းသည် လေးလံနေသည် ။ ပြီးနောက် အဆက်မပြတ်စီးဆင်းလာသော မျက်ရည်တွေ ။ ထုံထိုင်းနေတဲ့ ရင်ဘတ်တစ်ခုလုံးကလည်း နာနေသည်လား အောင့်သက်နေသည်လား ခွဲခြားမရတော့ပေ ။

phi Perth နိုးလာရင်ကျွန်တော့်ကို ရှာနေမလားဟင် ..... ။

-------

အလင်းရောင် နုနုသည် သူ့မျက်ဝန်းတို့အား လာရောက်နှောက်ယှက်သည်ကြောင့် သူနိုးလာခဲ့သည် ။ နိုးလာသည်နှင့် သူ့ရင်ထဲသို့ တဟုန်ထိုး တိုးဝင်လာသည့် အသိစိတ်တစ်ခု ။ သူ့လက်တွေမှာ ပွေ့ဖက်မှုတွေမရှိတော့ဘူး ။ သူ့ပတ်ဝန်းကျင်မှာလည်း ကိုယ်သင်းနံ့သင်းသင်းလေးဟာ မရှိတော့ဘူး ။

" Tata ! "

အိပ်ရာမှ ကယောင်ကတမ်းထထိုင်လိုက်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဝှေ့ကြည့်လိုက်သည် ။ Tata ရော ...... ။

သူ့ရင်ဘတ်တစ်ခုလုံးပူလောင်လာသည် ။ ရေချိုးခန်းထဲမှာများရှိနေမလား ။ မျှော်လင့်ချက်ကြီးစွာဖြင့် သူ့ခြေလှမ်းတွေသည် ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည် ။ သို့သော် တံခါးကို ဆွဲဖွင့်လိုက်ချိန် သူ့ရင်ထဲ စို့တက်လာသည့် ခံစားချက်တွေ ။ မဟုတ်သေးဘူး ။ ဘာကြောင့် ဒီလောက်ပူပန်နေရတာလဲ ။ Tata က အိမ်ပြန်သွားတာလည်း ဖြစ်နိုင်တာပဲလေ ။

သူခြေလှမ်းကျဲများဖြင့် အခန်းပြင်သို့ပြေးထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။ သူ့ဦးနှောက်နဲ့ နှလုံးသားသည် ရိုက်ချက်မှန်မှန်ဖြင့် အားကုန်ရိုက်နက်ခံနေရသလို နာကျင်နေပြီ ။

" Tata !! ဘယ်မှာလဲ "

အိမ်ကြီးထဲ အော်ကြီးဟစ်ကျယ်ဖြင့် သူလိုက်ရှာနေမိသည် ။ သေချာပေါက် ညက သူ့ထွေးပွေ့မှုအောက်မှာ ရှိနေခဲ့တာ မဟုတ်လား ။ သူနိုးလာတဲ့အခါမှာလည်း သူ့ရင်ခွင်ထဲမှာ သူ့ထွေးပွေ့မှုအောက်မှာ ရှိနေစေချင်ခဲ့တာ ။ ရှိဖို့မျှော်လင့်ခဲ့တာ ။

" Tata ! "

ထမင်းစားခန်းထဲအထိပါ သူလိုက်ရှာနေမိတော့ မေမေကပါ စိုးရိမ်တကြီးဖြစ်လာသည် ။

" သား .... ဘာဖြစ်လို့လဲ "

" မေမေ Tata အိမ်ပြန်သွားတာလားဟင် ! မေမေတွေ့လိုက်လား "

" ဟေ .... Ta လေးကို မေမေ မတွေ့ပါဘူး Ta က သူ့အိမ်မှာသူရှိမှာပေါ့ "

သားဖြစ်သူကို ကြည့်ကာ သူမကိုယ်တိုင်ပါ စိတ်ပူပန်လာသည် ။ ခါတိုင်းစောစောထတတ်တဲ့သားက အိပ်ရာထနောက်ကျနေပြီး ထလာတော့လည်း Ta လေးကို အပြေးတပိုင်းလိုက်ရှာနေသည် ။ သူမ မနက်နိုးလာကတည်းက Ta လေးကို မမြင်ပါ ။ ညက Ta လေးက သူမတို့ အိမ်မှာ အိပ်တာများလား ။

" ဟဲ့ သား .... ဘယ်သွားမှာလဲ ! "

" မင်းသားက ဘာဖြစ်ပြန်တာတဲ့လဲ "

ဝုန်းဒိုင်းကျဲပြေးထွက်သွားတဲ့ သားနောက် လိုက်ရနိုးနိုးဖြစ်နေချိန် နောက်မှခင်ပွန်းဖြစ်သူ၏ အသံကြောင့် သူမ ခေါင်းကိုက်ချင်ချင်ဖြစ်သွားသည် ။

" ဘယ်သိမှာလဲ ရှင်ကလည်း တစ်မျိုး ! "

Perth တစ်ယောက်သည်တော့ တစ်ဖက်ခြံဆီသို့ အရူးတစ်ပိုင်းပြေးလာမိသည် ။ သူ့စိတ်တွေ အစိုးမရပါချေ ။ ဘာကြောင့် Tata မရှိတော့ဘူးလို့ ခံစားနေမိတာလဲ ။ Tata သူ့ကို ထားခဲ့ပြန်ပြီလို့ ဘာကြောင့် ခံစားနေမိတာလဲ ။

" Ta .... Tata .... Santa !! "

အိမ်ရှေ့ရောက်တော့ သူအသံကုန်အော်ခေါ်ပေမယ့် အိမ်ကြီးထဲမှ မည်သူမှထွက်မလာချေ ။

" Tata !! "

အိမ်ထဲသို့ ပြေးဝင်ကာ ထပ်၍ အော်ခေါ်မိပြန်သည် ။ ဖြေသူမရှိပါ ။ အဲ့ဒီအစား ထမင်းစားခန်းထဲမှ ပြေးထွက်လာသော Tata တို့ အိမ်အကူအဒေါ်ကြီး ။

" သား Perth .... Ta တို့ သားအမိ သွားပြီလေ "

" ဗျာ .... ဘယ်သွားတာလဲ "

" ဟေ Ta လေးတို့က ဘယ်ကိုသွားကြတာတဲ့လဲ "

" အဲ့တာတော့ ကျွန်မလည်း မသိဘူး phi Ning မနက်စောစောကတည်းက အထုတ်သိမ်းပြီး ထွက်သွားကြတာပဲ ကျန်တဲ့ပစ္စည်းတွေတော့ နောက်မှလာယူမယ်တဲ့ ကျွန်မကိုလည်း နောက်မှ ပြန်လာခေါ်မယ်ပြောတယ် Ta က အလျှင်လိုနေတဲ့ပုံပဲ "

မေမေကပါ နောက်ကနေရောက်လာပြီး ဝင်မေးသည်မို့ ခေါင်းကုတ်ကာ ဖြေလာသူဒေါ်ကြီးသည် တကယ်ပဲ မသိပုံပေါက်ပါသည် ။

သူ့ရင်တွေ ပူလောင်လွန်းနေလို့ ဘာလုပ်ရမှန်း မသိတော့ပါ ။ ဘယ်နားသွားရှာရမှာလဲ ဆိုတာပါ သူမသိတော့ဘူး ။ သူ့မှာ နည်းလမ်းတွေ တကယ်မရှိတော့ဘူးလား ။ တစ်ညလုံးနီးပါး ထွက်မသွားဖို့ မထားခဲ့ဖို့ တဖွဖွပြောနေခဲ့ပေမယ့် Tata က ငြိမ်နေရုံသာ တုံ့ပြန်ခဲ့သည် ။ ထိုတုံ့ပြန်မှုများကိုသာ သူနားလည် သဘောပေါက်ခဲ့ရင် ဒီကောင်လေးထွက်သွားခွင့်ရမည် မဟုတ်ပါ ။ အခုတော့ သူဘာဆက်လုပ်ရတော့မှာတဲ့လဲ ။ သူ့အတွေးအားရုံ အစုံစုံသည် မွန်းကျပ်ကာ တင်းကျပ်လာသည် ။

နောက်တစ်ကြိမ်နောက်တစ်ကြိမ် သူ့ကိုထားခဲ့ပြန်ပြီဘယ်အချိန် ပြန်ရောက်လာမှာလဲဘယ်အချိန် သူ့ဆီပြန်လာမှာလဲဘယ်ကို ထွက်သွားတာလဲ

သေချာပေါက် ညတုန်းကတော့ သူတို့နှစ်ယောက်ကို အဆင်ပြေပြေရှိနေခဲ့ကြတယ်မလား ။

" သား !! "

ထိုအိမ်ထဲက ထွက်လာခဲ့ပြီး အိမ်ဘက်သို့ သူပြန်ပြေးခဲ့သည် ။ ပြီးသည့်နောက် သူ့အခန်းဆီသို့ ဦးတည်သွားလိုက်ပြီး ကုတင်ပေါ်ရှိ ဖုန်းကို အမြန်ရှာသည် ။ အရူးလို့ပဲဆိုဆို ဖုန်းတော့ ဆက်ကြည့်ရမည် မဟုတ်လား ။ မကိုင်ဘူးဆိုအုံးတော့ သူရှာနေတာကို သိစေချင်သည် ။

ဖုန်းလေးသည် ပထမတစ်ကြိမ် တတီတီဝင်သည် ။သို့သော် ဖြေသူရှိမနေ ။ ဖုန်းကျသွားချိန်တွင် သူ့ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်လာသည် ။ ဒါပေမယ့် သူဇွဲမလျော့ ဖုန်းနံပါတ်တစ်ခုတည်းကိုသာ သဲကြီးမဲကြီး အကြိမ်ကြိမ်ခေါ်ဆိုနေမိသည် ။ သို့သော် ဖြေဆိုသူမဲ့နေဆဲ ။

နောက်ဆုံးတစ်ကြိမ်တွင်တော့ဖုန်းစက်ပိတ်သွားခဲ့ပါပြီတဲ့ ။

" ဟာကွာ !! "

*ဒုန်း!!*

နံရံဆီသို့ ပစ်ပေါက်ခြင်းခံလိုက်ရသည့် ဖုန်းလေးသည် အစိတ်စိတ်အမွှာမွှာ ။ သူ့နှလုံးသားတစ်ခုလုံးသည်လည်း အစိတ်စိတ်အမွှာမွှာ ။

" သား .... !! "

" မေမေ ! "

သူမရတော့ဘူး ။ သူ့ခံစားချက်တွေကို ဘယ်လိုမှ ထိန်းမရတော့ပေ ။ ထို့ကြောင့် မေမေ့အား အားကိုတကြီးပြေးဖက်ကာ သူငိုမိသည် ။ သူ့ရင်ထဲ၌ ရှိနေသော နာကျင်မှု အတိမ်အနက်သည် ပြောပြဖို့ ခဲယဉ်းလှသည် ။ ရှိုက်ကြီးတင်ငိုနေသော သူ့ကြောင့် မေမေက ကျောကိုပုတ်ပေးကာ ချော့သည် ။

" မေမေ .... Tata က ကျွန်တော့်ကို ထားသွားပြန်ပြီ Tata ကျွန်တော့်ဆီက ထွက်သွားပြန်ပြီ "

" သားရယ် .... "

" ထွက်မသွားဖို့ အကြိမ်ကြိမ်ပြောနေတဲ့ကြားက ကျွန်တော့်ကို ထားသွားပြန်ပြီ ..... "

သူမ၏သားသည် နောင်တရသူတစ်ဦးဟန်ဖြင့် အကြီးအကျယ် ငိုလေသည် ။ သားဒီလို မငိုခဲ့တာ ဘယ်လောက်ကြာနေပြီလဲ ။ အမြဲလိုလို သူ့အတ္တကို ရှေ့တန်းတင်ခဲ့တဲ့သားက အခုအကြိမ်မှာ ပြိုလဲတတ်တဲ့ ကောင်လေးဖြစ်နေခဲ့ပြီ ။ သူမဘက်က ဘာမှ လုပ်မပေးနိုင်တာကို ပိုပြီး စိတ်မကောင်းဖြစ်ရပါသည် ။ သားကို ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့ပါ ။ Ta လေးကို ကူရှာပေးရအောင်လည်း ဒီတစ်ကြိမ်တွင် သူမကိုယ်တိုင် Ta လေးရှိတဲ့နေရာကိုမသိပါ ။ Ta လေးက သားဆီကနေ အကွက်ကျကျ ရှောင်ထွက်သွားတာ မဟုတ်လား ။ Ta လေးလည်း ခံစားနေရမယ်ဆိုတာ သူမသိသည် ။

" မေမေ Tata ကို ပြန်ခေါ်ပေးလို့မရဘူးလား ..... Tata ကျေနပ်တဲ့အထိ ကျွန်တော် တောင်းပန်ပါ့မယ် .... ကျွန်တော် Tata နဲ့ ထပ်မခွဲနိုင်ဘူး မေမေရ "

တံခါးပေါက်တွင် ရပ်နေသော သားအဖေကိုပါ သူမ မြင်နေရသည် ။ အရူးတစ်ပိုင်းလို ငိုကြွေးနေတဲ့သားဖြစ်သူကို ကြည့်ကာ ခင်ပွန်းဖြစ်သူကပါ စိတ်မကောင်းဟန်တူပါသည် ။

" ကျွန်တော် နောင်တရပါပြီ မေမေရယ် .... ကျွန်တော် Wan ကို မချစ်ဘူး ကျွန်တော် Tata ကိုပဲ ချစ်ခဲ့တာ ..... ကျွန်တော် အားလုံးကို သေချာသိတဲ့အချိန် ဘာလို့ .... ဘာလို့ ဘာမှလုပ်လို့မရတော့တာလဲ "

" သားရယ် သားကို မေမေ အကြိမ်ကြိမ်ပြောခဲ့သားပဲကွယ် "

သူမကိုယ်တိုင် မျက်ရည်ကျမိတဲ့အထိ စိတ်မကောင်းဖြစ်ရသည် ။ သားက နောင်တရနေပြီ ။ သို့သော် အချိန်တွေကျော်လွန်ခဲ့ပြီ ။ လက်ထပ်ပွဲရက်လည်း နီးလာပြီ ။ သားမှာ ပြင်ဆင်ချိန်ဘာမျှ ရှိမနေ ။ ဒါက သားကိုပိုပြီး နာကျင်စေလိမ့်မည် ။ ခင်ပွန်းဖြစ်သူကတော့ သားကိုမကြည့်ရက်တော့ပုံဖြင့် နေရာမှထွက်သွားလေသည် ။

-----

ဒီနောက်ပိုင်းရက်တွေမှာ သူ Company လည်း မသွားဖြစ်တော့ပါ ။ သူ့အစား ဖေဖေက ရုံးပြန်တက်နေပြီ ။ အရင် secretary လည်း အလုပ်ပြန်ဆင်းနေပြီမို့ အဆင်ပြေသည် ။ သူကတော့ နေ့စဉ်ရက်ဆက် နေရာအနှံ့ Tata ကိုသာ အရူးတစ်ပိုင်းလိုက်ရှာနေခဲ့ပါသည် ။

ပျောက်သောသူ ရှာရင်တွေ့တဲ့ ။Tata သည် ပျောက်ဆုံးနေသူမဟုတ်ဘဲ သူ့အား တမင်ပုန်းရှောင်နေသူဖြစ်သည် ။ ထို့ကြောင့် ဘယ်လိုရှာရှာ သတင်းအစအနတောင် ရှာမရခဲ့ပါချေ ။

" မင်း ဘာဆက်လုပ်မှာလဲ Perth "

Perth ကို ကြည့်ပြီး Pond ရော Phuwin ပါ စိတ်မချမ်းသာတော့ပါ ။ မိုးလင်းတာနဲ့ Tata ကိုရှာဖို့လုပ်တယ် ။ ကောက်ရိုးပုံထဲ အပ်ရှာသလို ဘယ်လိုလုပ်တွေ့မှာတဲ့လဲ ။ Tata က ဘယ်မှာလည်းဆိုတာ ဘယ်သူကမှ မသိတာ ။ တစ်နေကုန်လိုက်ရှာလို့မတွေ့ရင် ညဘက်ကျ အရက်ဆိုင်မှာ အချိန်လာဖြုန်းပြန်ရော ။ ဒီအခြေအနေအတိုင်းဆက်သွားရင် ဘယ်လိုလုပ်ကောင်းတာရှိတော့မှာတဲ့လဲ ။ Wan ဆီက ဖုန်းတွေ တဂွမ်ဂွမ်လာနေရင်လည်း Perth က မကိုင် ။

" ငါမသိဘူး ! "

ပြောပြီးသည်နှင့် ရှေ့ရှိ ခပ်ပြင်းပြင်းအရက်ခွက်ကို မော့ပြန်သည် ။

" Perth မင်း ဒီလိုလုပ်နေလို့မရဘူး မင်းမင်္ဂလာရက်လည်း နီးလာပြီ "

ဟုတ်သည် ။ wedding day ရောက်ဖို့ ကြားထဲမှာ ဆယ်ရက်လောက်သာ လိုတော့သည် ။ ဒီဆယ်ရက်မှာ Tata ကို သူတွေ့မှ ဖြစ်မည် ။

" Tata ကို တွေ့အောင်ရှာမှာ "

" အေး တွေ့ပြီပဲထားအုံး မင်းဘာဆက်လုပ်မှာလဲ "

Phuwin အမေးကြောင့် Perth တွေဝေသွားသည် ။ သူဘာဆက်လုပ်မှာလဲ ။ Tata ကိုတွေ့ရင် သူဘာလုပ်ရမှာလဲ ။ မသိဘူး ။ သူမသိဘူး ။ သူသိတာက Tata ကို ပြန်ရှာတွေ့ဖို့ပဲ ။ Tata ကို ရှာတွေ့တဲ့အခါ ဘာဆက်လုပ်ရမလဲ သူသိရင်သိလာမှာပေါ့ ။

" ငါမသိဘူး "

" ကျစ် !! မင်း မသိဘူးဘဲပြောနေလို့ ပြီးမလား မင်း Wan ကိုလည်း လက်မထပ်ချင်တော့ဘူးမလား မင်းဘာလုပ်မှာလဲ Ta ကို ဒီရက်အတွင်းရှာမတွေ့ရင်ရော ! "

Phuwin က ဒေါသသံဖြင့်ဝင်ပြောလိုက်တော့ Perth မျက်ဝန်းတွေ စူးခနဲဖြစ်သွားသည် ။ ပြီးနောက် အံကိုတင်းတင်းကြိတ်ထားပုံရတာ ပြောစရာစကားတွေကို အောင့်လိုက်သလိုမျိုး ။ Pond ကတော့ Phuwin ကို ဝင်တားလိုက်ကာ မပြောနဲ့တော့ဆိုသည့်သဘောဖြင့် ခေါင်းရမ်းပြသည် ။ Phuwin အနေနဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဒေါသဖြစ်တာဆိုပေမယ့် အားမလိုအားမရဖြစ်ခြင်းလည်း ပါဝင်သည် ။ တစ်ချိန်လုံး တတွတ်တွတ်ဘေးကနေ သတိပေးပြောပြနေခဲ့ပေမယ့် Perth က ဂရုမစိုက်ခဲ့ ။ အခုဖြစ်ခဲ့တော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့တဲ့အခြေအနေ ။

" တော်တော့ Perth ! မင်းလည်း ဆက်မသောက်နဲ့တော့ ဒါက ဖြေရှင်းတဲ့နည်း မဟုတ်ဘူး "

Pond က Perth ငှဲ့ဖို့လုပ်နေသော အရက်ပုလင်းကို ဆွဲယူလိုက်တာ တားသည် ။ သူသိတာပေါ့ ။ ဒါဟာဖြေရှင်းတဲ့နည်း မဟုတ်မှန်း ။ ဖြေရှင်းဖို့နည်းကို ရှာမတွေ့လို့ သူအခက်တွေ့နေတာမဟုတ်လား ။ အရာအားလုံးကို သူဘာမှမလုပ်နိုင်တော့လို့ သူ့စိတ်သူဖြေဖို့က မူးအောင်သောက်ဖို့တစ်နည်းပဲရှိတယ် ။ သူအသိစိတ်တွေ လွတ်သွားရင် သူ့ရင်ထဲက နာကျင်မှုတွေ ခဏလောက်ဖြစ်ဖြစ် ပျောက်ရင် ပျောက်သွားမှာပေါ့ ။ ဒါမှမဟုတ် ပိုပြီးနာကျင်လာရင်တောင် သူအမူးနေတဲ့အရှိန်နဲ့ သက်သာရာရချင်ရမှာပေါ့ ။

" Perth !! မင်းသေချာဆုံးဖြတ် မင်း Ta ကိုတွေ့ရင် ဘာလုပ်မှာလဲ မင်းဘက်က Wan ကို ပြတ်သားနိုင်တာသေချာလား "

" Tata ကိုတွေ့ရင် သူကျေနပ်တဲ့အထိ တောင်းပန်မယ် ပြီးရင် Tata ကိုခေါ်ပြီး အဝေးတစ်နေရာကို ထွက်သွားမယ် ငါ Tata နားလည်အောင် ပြောပြမယ် "

" Ta က လက်မခံရင်ရော .... "

" မတတ်နိုင်ဘူး ငါမှမခွဲနိုင်တာ လုပ်စရာတစ်ခုပဲရှိတယ် ..... အဲ့ဒါက "

နောက်ဆက်တွဲ ဆက်ပြောလိုက်သော စကားကြောင့် Pond က ခေါင်းတငြိမ့်ငြိမ့်လုပ်ပေမယ့် Phuwin ကတော့ ရင်လေးနေသည် ။ အရာရာဟာ ပြောသလောက်မလွယ်ကူပါ ။ တစ်ဖက်မိန်းကလေးဘက်ကရော Ta ဘက်ကရော အဆင်ပြေပါ့မယ်လို့ ဘယ်လိုမှ အာမခံချက်ရှိမနေ ။ အဆိုးဆုံးအခြေအနေတစ်ခုအထိတောင် ရောက်သွားနိုင်သည် ။ ဒါပေမယ့် Perth ကို ဖြောင့်ဖြနေလည်း ရမှာ မဟုတ်မှန်း Phuwin သိသည် ။ အရာရာမှာ အကောင်းတွေကြီး ဖြစ်လာဖို့သာ ဆုတောင်းနေရတော့မည် ။

ရေစက်တွေက ဆိုးလှပါရောလားလောကကြီးကလည်း ရက်စက်တယ်တစ်ခါတစ်လေ လွဲမှားတဲ့လူတွေကိုမှချစ်စေချင်ကြတယ် ။

-----

" ကို ..... ဒါလေးဆိုရင်ရော "

" ကိုယ်ပြောပြီးပြီ Wan အဆင်ပြေတာယူ ! "

လေသံခပ်သန်းသန်းကြောင့် Wan မျက်နှာပျက်သွားသည် ။ ဘေးရှိဆိုင်ဝန်းကောင်မလေးတွေကပါ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်မို့ Wan နည်းနည်းရှက်မိသွားတာလည်းပါသည် ။ wedding dress ရွေးတဲ့အချိန်မှာ ဘယ်သတို့သားက အခုလို လစ်လျှူရှုကြမှာမို့လို့လဲ ။ သို့သော် Wan အားတင်းကာ ရှက်အမ်းအမ်းပြုံးလိုက်ရင်း ဝန်ထမ်းကောင်မလေးတွေကိုပဲ ရွေးခိုင်းလိုက်သည် ။ အခြေအနေကို ကြည့်နေကာ စိတ်မကောင်းဖြစ်ဟန်တူတဲ့ ကောင်မလေးတွေကလည်း စိတ်လိုလက်ရ လိုက်ရွေးပေးကြရှာသည် ။ ပြီးနောက် Perth အတွက် wedding suit ကိုပါ Wan သေချာရွေးလိုက်သည် ။ ပြီးနောက် ငူငိုင်ငိုင်ထိုင်နေသူနားပြန်သွားလိုက်ကာ

" ကို ဒါလေးတော့ ဝတ်ကြည့်လိုက်ပါလား "

Perth မော့ကြည့်လိုက်တော့ မျက်နှာငယ်ဖြင့်ပြောလာသူ သူမက အများကြီးကျိုးနွံမှုပါသည် ။ တကယ်တော့ Perth ဒီကိစ္စတွေအပေါ် သေးသေးလေးတောင် စိတ်မပါတော့ပါ ။ အခုလိုက်ခဲ့ရခြင်းသည်လည်း ဖေဖေ့ရဲ့အမိန့်ကြောင့်ဖြစ်သည် ။ ကိုယ်လုပ်ထားတဲ့ကိစ္စကို တာဝန်ယူရမယ်တဲ့ ။ ဟုတ်တာပေါ့ ။ သူဒီကိစ္စတွေကနေ ရှောင်လွဲလို့မရဘူး ။ သူဟာ သူ့ထောင်ချောက်နဲ့သူပိတ်မိနေပြီဖြစ်သည် ။

နှလုံးသားရဲ့အတိမ်အနက်နဲ့ ကျွမ်းဝင်မှုကိုသူသိတတ်နားလည်တဲ့အခါမှသူ့မှာ လွတ်လမ်းမရှိဖြစ်နေရသည် ။

Wan လက်ထဲက suit ကို ယူပြီး သူဝတ်ကြည့်လိုက်သည် ။ ထို့နောက် မှန်ထဲတွင် ပေါ်နေသော သူ့ကိုယ်သူ ကြည့်ကာ ရယ်ချင်လာသည် ။ တကယ့်ကို ခါးခါးသီးသီး ရယ်ချင်လာမိတာပါ ။ အခုက ဘာလဲ ။ သူဘာတွေလုပ်နေရတာလဲ ။ သူသိပ်ဖြစ်ချင်ခဲ့တဲ့ လက်ထက်ပွဲအတွက်လား ။

" ကိုနဲ့ လိုက်သားပဲ ဒါလေးယူမလား ထပ်ဝတ်ကြည့်အုံးမလား "

Wan ရဲ့မျက်နှာက ခုဏကနဲ့မတူတော့ပါ ။ ပြုံးရွှင်လာသည် ။ ဘေးရှိဆိုင်ဝန်ထမ်းကောင်မလေးများကလည်း ခပ်ယေးယေးပြုံးကာ လိုက်ဖက်ကြောင်းပြောနေကြသည် ။ Wan က wedding dress ကို ဝတ်ကာ သူ့ဘေးတွင် ရပ်နေသည်လေ ။ သူများတွေအပြင်မှာတော့ သူတို့ဟာ လိုက်ဖက်တဲ့စုံတွဲ ဖြစ်ကောင်းဖြစ်နေမှာပေါ့ ။

" ကိုယ်မသိဘူး မင်းသဘောကျရင် ယူလိုက် "

တစ်ခွန်းသာပြောပြီး အဝတ်လဲခန်းထဲဝင်ကာ ချက်ချင်း ပြန်လဲပစ်လိုက်သည် ။ သူ့စိတ်လိုလက်ရမဟုတ်သည့်အတွက် သူကြိုက်သည် မကြိုက်သည် မဆုံးဖြတ်ချင် ။ ပြီးတော့ ဒီဝတ်စုံကို ဝတ်ဖြစ်ပါ့မယ်လို့လည်း သူအာမမခံနိုင်ပါ ။ သူ့အသိအာရုံမှာ Tata သာ ရှိသည် ။

ဟုတ်တယ် ။သူ့ဆီကနေ စနစ်တကျ ပုန်းရှောင်သွားတဲ့Santa Pongsapak သာလျှင်သူ့အာရုံမှာ ရှိတော့သည် ။

ပြီးနောက် Wan က ဝယ်စရာရှိသည်ဟုဆိုကာ shopping mall ထဲသို့ လိုက်ပို့ခိုင်းသည် ။ ဝယ်စရာများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်မေးကာ ဝယ်နေသူကတော့ ပြုံးပျော်နေပေမယ့် သူကတော့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ကာ Tata ကို တွေ့လို့တွေ့ငြားရှာနေမိသည် ။ Tata ကို မတွေ့ရမချင်း သူ့ရက်ထဲက အပူမီးသည် ငြိမ်းနိုင်မည်မထင်ပါ ။

" ကို Wan ကို ဒါလေး ရွေးပေးပါလား "

ခေါင်းစည်းကြိုးလေးနှစ်ခုယူလာပြကာ ရွေးခိုင်းနေသူမိန်းကလေးအား အရင်လိုအခြေအနေအရဆိုရင်တော့ သူအဆင်ပြေတာတစ်ခုကို လက်ညှိုးထိုးပြလိုက်မှာပေမယ့် အခုအချိန်မှာ ထိုခေါင်းစည်းကြိုးတွေက သူ့ကို စိတ်ရှုပ်စေသည် ။

" အပြာလေး ယူရမလားဟင် ဒါပေမယ့် Wan က အပန်းလေးကိုလည်း သဘောကျတယ် "

" နှစ်မျိုးလုံးယူလိုက် "

" ကို တကယ်ပြောတာလား ဒါဆို Wan နှစ်ခုလုံးယူလိုက်မယ်နော် "

ပျော်ရွှင်သွားတဲ့မိန်းကလေးနဲ့ ဆိုင်ထဲကမိန်းကလေးကတော့ သူ့ကို ရက်ရောပြီး ချစ်သူကောင်မလေးလိုချင်တာကို အကုန်ဝယ်ပေးသူဟု ထင်ကောင်းထင်နိုင်သည် ။ အမှန်စင်စစ်တွင် သူအာရုံနောက်မခံချင်လို့ ပြောလိုက်ခြင်းတာ ဖြစ်ပေသည် ။ ပြီးသည်နောက် အိတ်ကပ်ထဲမှ ကဒ်ကို ထုတ်ပေးထားလိုက်ကာ ဆိုင်ထဲမှ ထွက်ကာ စောင့်နေလိုက်သည် ။

ထိုအချိန်တွင် မျက်စိရှေ့သို့ ဝင်လာသည့် အရိပ်ငယ်လေး ။ သူနဲ့ခပ်လှမ်းလှမ်းနေရာတစ်ခုတွင်ဖြစ်ပြီး Tata ဖြစ်သည်ဟု သူ့နှလုံးသားက အချက်ပေးနေသည် ။ တဒုတ်ဒုတ်ခုန်လာသော နှလုံးနှင့်အတူ သူ့တစ်ကိုယ်လုံး တုန်ယင်လာသည့်ခံစားချက် ။ အရိပ်ငယ်လေးသည် သူမြင်ကွင်းက တဖြေးဖြေး ပျောက်ကွယ်တော့မည် ။ မဖြစ်ပါချေ ။ ထပ်ပြီး ပျောက်သွားလို့မဖြစ်ဘူး ။

" Tata .... ! "

နှုတ်ကနေ ရေရွက်မိကာ ထိုကောင်လေးရှိရာဆီသို့ သူခြေလှမ်းကျဲတွေဖြင့် ခပ်မြန်မြန်သွားလိုက်သည် ။ သူ့စိတ်လောနေသည့်ကြောင့် ထင်ပါရဲ့ ။ ကောင်လေးကို ခဏလေးနဲ့ အမှီလိုက်နိုင်သည် ။

ကိုယ် မင်းကိုတွေ့ပြီ ။ကိုယ် ဒီတစ်ခါတော့ မင်းကိုထွက်သွားခွင့်မပေးတော့ဘူး ။

သူ ထိုကောင်လေး၏ ပုခုံးအား လှမ်းဆွဲလိုက်သည် ။

" Tata .... ကိုယ်မင်းကို လိုက်ရှာနေတာ ! "

သို့သော် သူ့မျှော်လင့်ချက်အားလုံး ရိုက်ချိုးခံလိုက်သလို ။

" လူမှားနေတယ်ဗျ "

မျက်မှောင်ကျုံ့ကာ ပြောလာသည့် ရှေ့ကကောင်လေးသည် Tata ဟုတ်မနေပါ ။ ထို့ကြောင့် သူ့ရင်ဘတ်ထဲ အောင့်သက်မှုသည်လည်း ချက်ချင်းစို့တက်လာသည် ။

မင်းမဟုတ်ဘူးပေါ့ ။မင်းဆိုတာ သေချာနေတာကိုဘာဖြစ်လို့ ....... ။

" ကို ဘာဖြစ်လို့လဲ !! "

နောက်မှ ရောက်လာသော Wan က သူအခြေအနေကို ပြာပြာသလဲ ကြည့်ကာမေးလေသည် ။ ရှေ့ကကောင်လေးကလည်း သူ့ကို အရူးတစ်ယောက်ကဲ့သို့ မျက်လုံးဖြင့်ကြည့်ကာ ထွက်သွားလေသည် ။

မဟုတ်ဘူး သူလူမှားတာမှ ဟုတ်မနေပဲTata ကို သူတကယ်တွေ့လိုက်တာTata ဆိုတာကို သူ့နှလုံးသားထဲကနေတိတိကျကျ ခံစားမိခဲ့တာ မဟုတ်လား ။

" ကို ! "

*တောက်စ်!!*

တောက်ခေါက်ကာ နေရာမှ ဝုန်းဒိုင်းကျဲထွက်လာမိသည် ။ သူ့စိတ်တွေ ရှုပ်ထွေးကာ ယောက်ယပ်ခတ်နေသည် ။ သူ့အာရုံတွေမှာ ဘာဆိုဘာမှ အစိုးမရတော့ချေ ။ မြင်မြင်သမျှကိုသာ ထုရိုက်ဖောက်ခွဲချင်နေတော့သည် ။

Tata ကိုသူ ဘယ်တော့ရှာတွေ့မှာလဲ ။Tata ကရော ဘယ်နေရာမှာ ပုန်းနေတာလဲ ။သူ့ဆီကိုရော ဘယ်ချိန် ပြန်လာမှာလဲ ။

အခြေအနေအားလုံးကို တစ်နေရာကနေ ကြည့်နေသော ကောင်လေးသည်လည်း နာကျင်မှုတစ်ခုအား လှိုက်လှိုက်လှဲလှဲခံစားနေရသည် ။ သူကို phi Perth တွေ့သွားတော့ သူ့စိတ်တွေပြာဝေသွားရသည် ။ မထင်မှတ်ဘဲ တွေးလိုက်ရတဲ့အချိန် သူ့စိတ်ထဲ ကြောက်ရွံမှုတစ်ခုသာ ရှိတော့သည် ။ phi Perth သူ့ကို ရှာတွေ့သွားမှာ ။ အရင်အခြေအနေတွေလို အဖြစ်အပျက်တွေကြား သူဟာအရှုပ်ထုပ်တစ်ခုဖြစ်နေမှာ ။ အစစအရာရာကို သူကြောက်သည် ။ သူကျောခိုင်းခဲ့သော ရပ်ဝန်းကို သူထပ်ခြေမချချင်တော့ပါ ။ အပြီးအပိုင် ထွက်သွားဖို့ ရည်ရွယ်ထားပြီမို့ အဲ့ဒီနေရာ အဲ့ဒီလူဆီ သူဘယ်တော့မှ ပြန်သွားတော့မည်မဟုတ်ပါ ။

သူဘယ်လောက် ခံစားရသလဲနာကျင်ရသလဲမျက်ရည်တွေ ဘယ်လောက်ရင်းရသလဲ

အစစအရာရာမှာ အရှုံးတွေသာ ရှိနေမည့်ရပ်ဝန်းကို သူထပ်ခြေချဖို့ ကြောက်ရွံပါသည် ။

စိုးထိတ်နေသော phi Perth မျက်ဝန်းတွေကို သူမြင်လိုက်ရတယ် ။ မျှော်လင့်ချက်ပျက်ကျသွားတဲ့ မျက်ဝန်းတွေကိုလည်း သူသေချာမြင်လိုက်ပါတယ် ။ ပြီးတော့ ပိုင်ရှင်မိန်းကလေး ရောက်လာတာကိုလည်း သူမြင်လိုက်တယ် ။

ဟုတ်တယ်ပိုင်ရှင်မိန်းကလေးသည် သူ့ထက်ပိုပြီးသက်ဆိုင်တယ်မဟုတ်လား ။

-----

မင်္ဂလာရက်ရောက်ဖို့ ငါးရက်အလို ။

လူကြီးတွေလည်း မင်္ဂလာပွဲအတွက် စီစဉ်စရာများကို သေချာစီစဉ်ပြီးနေကြပြီ ။ ဖိတ်စာတွေလည်း ဝေပြီးနေပြီ ။ ဒီမင်္ဂလာပွဲဟာ တစ်ရက်ထပ်တစ်ရက်နီးလာသည်နှင့် ဖျက်ဖို့ခဲယဉ်းလာသည် ။ မဟုတ်ဘူး ဘယ်လိုနည်းနဲ့မှ သူ့ဆန္ဒအတိုင်း ဖျက်လို့မရပါ ။ သူ့စိတ်တွေ လုံးထွေးနေကာ ဘယ်ကိုခြေချလိုက်ရမည်မသိ ။

Tata က သူ့ကို တကယ်ထားသွားနိုင်ပြီလား ။

ထိုအချိန် ဖုန်းထဲသို့ ဝင်လာသော message တစ်စောင် ။

*ငါ Ta ကိုတွေ့ပြီ location ပို့ပေးမယ် ချက်ချင်းလိုက်လာခဲ့ *

သူ့မျက်ဝန်းတွေ ဝင်းလက်သွားသည် ။ မျော်လင့်ချက်အလင်းရောင်လေးတစ်ခု ရနေပြီမလား ။ Tata ကို တွေ့ပြီတဲ့ ။ ကားသော့ကို ဆွဲယူကာ အိမ်ထဲမှပြေးထွက်လာခဲ့သည် ။ သူ့ခြေလှမ်းတိုင်းဟာ လေပေါ်လွင့်နေသလို ပေါ့ပါးသွက်လက်နေသည် ။

Tata ကိုယ် မင်းကိုလာခေါ်မယ် ။

Pond ပို့ပေးထားသော Location အတိုင်းသူမောင်းလာခဲ့သည် ။ သူ့နှလုံးတွေ အခုန်မြန်နေသည် ။ ပြီးတော့ သူ့လက်တွေတုန်ယင်နေသည် ။ ပို့ထားသော နေရာနှင့် နီးလာလေလေ သူပိုပြီး ရင်မောလာရလေလေဖြစ်လာတော့သည် ။

နေရာအရောက်တွင်တော့ ကားကိုမှီကာ ရပ်နေသော Pond ကို တွေ့လိုက်ရသည် ။ Pond အနားတွင် ကားရပ်လိုက်ကာ မှန်ကိုချလိုက်သည် ။

" မင်းကို စောင့်နေတာ ငါ့ကားကို ဒီမှာရပ်ထားခဲ့မယ် ဒီရပ်ကွက်က ကားနှစ်စီးပြိုင်သွားဖို့ မကျယ်ဘူး "

ဟုတ်ပါရဲ့ ။ ဆင်ခြင်ဖုံးရပ်ကွက်သာသာလေးမှာ Tata က လာပုန်းနေခဲ့တာလား ။ သူဒီနေရာတွေကို ရှာဖို့ မေ့နေခဲ့တာပဲ ။ သူမရှာဖြစ်မယ့်နေရာကိုလည်း Tata က ကြိုသိနေခဲ့ဟန် တူပါသည် ။

ကားလေးသည် ရပ်ကွက်ငယ်လေးအတွင်းသို့ တရွေ့ရွေ့ဝင်လာခဲ့သည် ။ Pond က အလုပ်ကိစ္စနဲ့ ဒီဘက်လာရင်း Ta ကို တွေ့တာနဲ့ နောက်ကနေလိုက်ကြည့်ခဲ့လို့ Ta နေတဲ့နေရာကို သိခဲ့ရတဲ့အကြောင်း Perth ကို ပြောပြသည် ။ သိပ်မကြာလိုက်ပါ Ta နေတဲ့ အိမ်ငယ်လေးရှေ့သို့ သူတို့ကားထိုးရပ်လိုက်သည် ။

သူ့ရင်တွေ အခုန်မြန်ကာ မောဟိုက်နေသည် ။ Tata က သူ့ကိုတွေ့ရင် ဘယ်လိုတုံ့ပြန်မှာလဲဆိုတာ သူသိချင်သည် ။

အိမ်ရှေ့ ဘဲလ် အသေးလေးအား သူတီးလိုက်သည် ။ ပထမ ... ဒုတိယ

" လာပြီဗျ ! "

အိမ်ထဲမှာ ထွက်လာသော အသံလေးကြောင့် သူ့အသိစိတ်တစ်ခုလုံး ဗလောင်ဆူသွားသည် ။ ဒီအသံလေး သူဘယ်လောက်လွမ်းနေခဲ့ရသလဲ ။ သူတွေးနေတုန်းမှာပင် ပွင့်လာသော တံခါးချပ်နှင့်အတူ မြင်လိုက်ရသော မျက်နှာလေး ။

" Tata .... "

မထင်မှတ်ထားပဲ သူ့ကို မြင်တော့ အံ့ဩသွားဟန်တူတဲ့ကောင်လေးကာ နေရာတွင် အကြောင်သားရပ်နေသည် ။ ပြီးနောက် ချက်ချင်းဆိုသလို တည်တင်းလာသောမျက်နှာ ။

" ခင်ဗျား ဘာလာလုပ်တာလဲ "

" ကိုယ် မင်းကို ပြန်လာခေါ်တာလေ Tata ... ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါနော် ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကို မထားခဲ့ပါနဲ့ ကိုယ့်ကို မပုန်းရှောင်နေပါနဲ့တော့ "

Perth ထိုကောင်လေးအနားသို့ တိုးကပ်သွားလိုက်ကာ လက်ဖဝါးနုနုအား ဆွဲယူတော့ ချက်ချင်းဆိုသလို ရုန်းကန်လာသည် ။ ပြီးနောက် ပို၍ စူးရဲလာသော မျက်နှာလေးသည် သူ့ကို လက်မခံချင်တဲ့သဘော ။

" Tata ကိုယ်တောင်းပန်ပါတယ်ကွာ .... ကိုယ်မင်းနဲ့မခွဲနိုင်လို့ပါ ကိုယ်ရူးသွားလိမ့်မယ် ! "

Santa ရှေ့ရှိ မထင်မှတ်ဘဲ ရောက်လာသူကြောင့် စိုးရိမ်ထိတ်လန့်မှုသည် ပြောမပြတတ်အောင်ပင် ။ မတွေ့အောင် လာပုန်းနေခဲ့တာကို ဘာကြောင့် စိုက်စိုက်မြိုက်မြိုက်ရောက်ချလာတာတဲ့လဲ ။

" Tata .... ကိုယ်တောင်းပန်ပါတယ်ကွာ "

" ဟင့်အင်း ပြန်ပါတော့ ခင်ဗျား ပြန်လိုက်ပါတော့ "

Santa အတင်းရုန်းကာ ငြင်းပယ်မိသည် ။ သူထွက်ပြေးခဲ့ပြီးပြီ ။ သို့သော် မလွတ်မြောက်နိုင်သေးပါချေ ။ ရှေ့က မှိုင်းညှို့နွမ်းဖက်နေသော လူသည်လည်း အရင်လို တက်ကြွခြင်းလန်းဆန်းခြင်း သေးသေးလေးပင်မရှိချေ ။ သူနောက်ဆုံးတွေ့ခဲ့တဲ့ ညကထက်ပင် အများကြီး ချောင်ကျသွားသေးသည် ။ သို့သော်လည်း သူမသနားနိုင် ။ သနားစရာလည်း မလိုတော့ပေ ။ ထိုလူနဲ့ သူသည် မည်သည့်အကြောင်း ကိစ္စနဲ့မျှ မဆိုင်ချင်တော့ပေ ။ မဆိုင်တော့အောင်လည်း သူတတ်နိုင်သမျှ ပြေးပါမည် ။ ဒီလောင်းရိပ်အောက်တွင် သူရှိမနေချင်တော့ပါ ။

" Tata ..... ကိုယ်တို့ ထွက်သွားကြမယ်လေကွာ နော် ကိုယ်တို့ ဖြေရှင်းလို့ရပါသေးတယ် Tata ကိုယ်ကို ချစ်တယ် မဟုတ်လား "

" မချစ်ဘူး .... ကျွန်တော် ခင်ဗျားကို မချစ်ဘူး ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးပါတော့ !! "

Perth မျက်ရည်ကျမိသည်အထိ တောင်းပန်ပါသော်လည်း ခါးခါးသီးသီးငြင်းဆန်နေသော ကောင်လေးသည် တကယ်အဆုံးသတ်ဖို့ တွေးထားဟန်တူပါသည် ။ သူဘာဆက်လုပ်ရမလဲ ။ Tata က ငြင်းဆန်နေတယ် ။ ဒါပေမယ့် သူ Tata ကို မခွဲနိုင်ဘူး ။ သူဘာလုပ်သင့်သလဲ ။

" Ta !! "

" phi Joong .... "

အိမ်ထဲမှ ထွက်လာသော သူစိမ်းတစ်ယောက် ။ Tata က သူ့လက်တွေကို ဖယ်ချလိုက်ကာ ထိုသူစိမ်းနားသို့ အမြန်တိုးကပ်သွားသည် ။ ပြီးနောက် အားကိုးတကြီး ခေါ်လိုက်သံသည် သူ့ရင်ဘတ်ကို စုတ်ပြတ်သတ်သွားစေသည် ။ အဲ့တာထက် Tata က အဲ့ဒီသူစိမ်းရဲ့ လက်ကိုပါ အားကိုးတကြီးဖက်တွယ်လိုက်တာလား ။ သူအမြင်မှားတာ မဟုတ်ပါ ။ Ta က အဲ့ဒီလူရဲ့လက်ကို ဖက်တွယ်လိုက်ပြီး အဲ့ဒီလူကလည်း Tata ပုခုံးကို ပိုင်ပိုင်နိုင်နိုင်ဖက်တွယ်လိုက်ကာ သူ့နောက်ကို သိသိသာသာ ဆွဲပို့လိုက်သည် ။

ဘာအခြေအနေလဲ ။အဲ့ဒီလူ ဘယ်သူလဲ ။သူ့ရင်ထဲ မေးခွန်းတွေ အထပ်ထပ်ဖြစ်လာသည် ။

" ဒီကလူတွေက Ta နဲ့ ဘယ်လိုပတ်သက်လဲဗျ "

ဘယ်လို ပတ်သက်လဲ ။Perth မျက်ဝန်းတွေက Tata ဆီသို့ အားကိုတကြီး ပြေးဝင်သွားသည် ။ ဘယ်လို ပတ်သတ်သက်သလဲတဲ့ မင်းဖြေပေးမလား ။ ဒါမှမဟုတ် မဖြေချင်ဘူးလား ။

Tata က မျက်လွှာချထားကာ အဲ့ဒီလူရဲ့နောက်မှာ ခပ်ကုတ်ကုတ်ရပ်နေတယ် ။ မဟုတ်သေး Tata က သူ့နောက်လိုက်ခဲ့ရမှာ မဟုတ်လား ။ ဘာကြောင့် အဲ့ဒီလူနောက်မှာ အခုလို .....

သူ့ရင်ထဲ မွန်းကျပ်မှုနှင့် စိုးထိတ်မှုတို့သည် သူ့နှလုံးသားတစ်ခုလုံးကို ထိုးနက်လေသည် ။

" Tata ...... "

Perth ထပ်ပြီး မျှော်လင့်တကြီး ခေါ်မိသည် ။Tata ကိုယ့်ကို အဲ့လို မလုပ်ပါနဲ့ ။အဲ့ဒီလူက ဘယ်သူလဲ ။

" Tata .... ဒီလူက "

သူ့အသံသည် ထိန်းနေသည့်ကြားမှာ အဖျားခပ်တိမ်ဝင်သွားသည် ။ သူကြောက်တယ်နေမိသည် ။ သူဘာကြောင့် ရင်ဘတ်တွေ သေအောင်နာနေတာလဲ ။

" ကျွန်တော် .... ကျွန်တော့် ချစ်သူ "

" ဟင် .... "

မဟုတ်သေး ။ သူအကြားမှားတာ ဒါမှမဟုတ် Tata က နောက်နေတာ ။ ဟုတ်တယ်မလား ။ သူမျက်နှာတင် အပြုံးတု တစ်ခုကို ဆင်မြန်းလိုက်ကာ မရယ်ရတဲ့ဟာသအတွက် ခပ်ဟဟ ရယ်မောနေမိသည် ။ ပြီးနောက် Tata မျက်ဝန်းတွေကို သူအဖြေလိုက်ရှာနေမိသည် ။

" နောက်နေတာမလား .... "

" ကျွန်တော်က ဘာလို့နောက်ရမှာလဲ phi Joong က ကျွန်တော့်ချစ်သူပါ ! "

သွားပြီ ။ Perth ကမ္ဘာကြီးတစ်ခုလုံး မီးလောင်သိုက်သွင်းခံလိုက်ရသလိုမျိုး ။ ဟိုးအမြင့်ဆုံးနေရာကနေ တွန်းချခံလိုက်သလိုမျိုး ။

Tata ဘာပြောလိုက်တာလဲ ။သူနားကြားထပ်မှားတာရော မဖြစ်နိုင်ဘူးလား ။

" ဒီမှာဗျ ခွန်တို့မှာ ဘာကိစ္စတွေရှိနေသလဲတော့ ကျွန်တော်မသိဘူး ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ သွားစရာလေးရှိသေးလို့ .... "

" မဟုတ်ဘူး Tata လိမ်နေတာ ကိုယ်သိတယ် .... Tata ကိုယ့်ကို အဲ့လို မလုပ်ပါနဲ့ကွာ .... တခြားနည်းနဲ့ အပြစ်ပေးပါ မဟုတ်ရင် ကိုယ်ရူးလိမ့်မယ် "

အရူးတစ်ပိုင်းလို ပြောချင်ရာပြောပြီး Tata လက်ကို လှမ်းဆွဲတော့ Tata ချစ်သူဆိုသူက Perth ကို ဆွဲယူကာ အားဖြင့် ဆောင့်တွန်းလိုက်သည် ။ မထင်မှတ်ထားတာမို့ အငိုက်မိသွားကာ အိမ်ရှေ့လမ်းပေါ်သို့ လှဲကျသွားသည့် Perth ။

" Tata .... ကိုယ်တောင်းပန်ပါတယ် "

Pond က ပြေးကာဆွဲထူပေးတော့ ချက်ချင်းပြန်ထလာကာ Tata ဆီသို့ ခပ်သွက်သွက်ရောက်လာပြန်သည့်လူ ။ မျက်ဝန်းတွေက မှိုင်းကျနေသည် ။ တော်တော်လေးကို မှိုင်းကျနေကာ အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လိုဖြစ်နေသည် ။

" Perth ပြန်ကြရအောင်ကွာ ! "

" မပြန်ဘူး ငါ Tata ကို ရအောင် ပြန်ခေါ်သွားမှာ "

" Ta ကို ခေါ်ချင်ရင် ငါ့ကို ကျော်နိုင်မှရမယ် ! ငါဆွဲမထိုးခင် မင်းထွက်သွားတော့ ဟျောင် အခုအချိန်မှာ Ta က ငါ့ချစ်သူ မင်းသေးသေးလေးတောင် လာမထိနဲ့ !! "

အသံကုန်ဟစ်ကာ ဒေါသတကြီးပြောနေတဲ့ Joong ရဲ့ စကားတို့ထဲတွင် Ta က ငါ့ချစ်သူ ဟူသော အသံကိုသာ Perth ကြားရသည် ။ ထိုစကားသည် Perth နှလုံးသားကို ဓားဖြင့် အစိမ်းလိုက်ထိုးနက်နေသလို နာကျင်ရသည် ။ မဟုတ်ဘူး ။ Tata က သူ့အပိုင် ။ Tata ကို သူပဲပိုင်တယ် ။

" ခင်ဗျား ပြန်လိုက်ပါတော့ ! "

Tata သည် သူ့ချစ်သူဆိုသူ၏ လက်အားဆွဲကာ ခပ်မာမာလေသံဖြင့် လှမ်းပြောသည် ။ ဟိုလူသည်လည်း သူ့အား ဆွဲထိုးတော့မည့်ပုံဖြင့် လက်သီးလက်မောင်းသန်းနေသည် ။ သို့သော် သူမပြန်ချင်ဘူး ။ သူ Tata ကို ခေါ်ဖို့လာခဲ့တာ ။ Tata သူ့ကို ချစ်တာလည်း သူသိနေတယ် ။

ထိုးလိုက်စမ်းပါ ။ကြိုက်သလောက် ထိုးပြီး Tata ကို ငါ့ဆီပြန်ပေးမလားလို့ မေးလိုက်ချင်ပေမယ့် သူ့နှုတ်ခမ်းတွေ လေးဖင့်နေကာ သူ့တစ်ကိုယ်လုံး အောင့်သက်နာကျင်လာသည် ။

" ပြန်ရအောင် Perth !! "

Pond က သူ့ကို ဆွဲခေါ်ကာ ပြန်ဖို့ကိုသာ အကြိမ်ကြိမ်ပြောနေလေသည် ။ ဒီအခြေအနေနဲ့ သူဘယ်လို ပြန်မလဲ ။ အဲ့ဒီကောင်လက်ထဲမှာ Ta ကို ထားခဲ့ပြီး သူဘယ်လို စိတ်ချလက်ချ ပြန်မလဲ ။

အရင်အတိုင်းဆို သူဒေါသထွက်နိုင်ပေမယ့် အခု သူဒေါသ တစ်စိုးတစ်စိမှ မထွက်နိုင်ပါ ။ အဲ့ဒီအစား သူဝမ်းနည်းကြေကွဲနေသည် ။ Tata မျက်နှာကို ကြည့်လေလေ သူပိုပြီး နာကျင်ခံစားရလေလေ ဖြစ်လာသည် ။ သူ Tata ကို မခွဲချင်ဘူး ။ မဆုံးရှုံးချင်ဘူး ။ သို့သော် အခြေအနေတွေကို သူနားမလည်တော့ဘူး ။ ရှုံးပွဲချ ငိုချင်စိတ်သာ ရှိတော့သည် ။

Tata ကိုတွေ့တဲ့အချိန် ဘာဆက်လုပ်ရမလဲ သူသိလာလိမ့်မယ်လို့ ယုံကြည်ထားခဲ့တာ ။ အခုတော့

ရင်တွေ နာလွန်းလို့ သေတော့မယ်ထင်တယ် ။Tata က တကယ်ပဲအဲ့ဒီလူကို ...... ။

-----

🤍

( ကျွန်မ လိုင်းမကောင်းတဲ့နေရာရောက်နေလို့ မန့်တွေ ပြန်မပေးနိုင်တာ ခွင့်လွှတ်နော် အရင်လိုပဲ ညနက်ထသုံးရတဲ့ဘဝ ပြန်ရောက်နေလို့ပါရှင့် 😭💕

ဒါနဲ့ ဒီအပိုင်းတွေကိုဖတ်ရင်းငါတို့ဝေးသွားရင် ပြန်မဆုံဖြစ်ကြရင် ဆိုတဲ့သီချင်းလေး နားထောင်ကြည့်မလားကျွန်မအတွက်တော့ အဲ့သီချင်းနားထောင်ရင်ဒီအပိုင်းတွေကို မြင်ယောင်လာလို့ရယ် 🥹🤍 )

There are no comments yet. Log in to be the first to leave a review!

Similar stories