Fanfics

15

20:00, 23 June 2025

" ငိုရင်လည်း ကိုယ့်အရှေ့မှာပဲ ငို "

စကားသံအဆုံး ရှေ့ကလူအား မော့ကြည့်မိသည် ။ သူ့အားငုံ့ကာကြည့်နေသူ၏ မျက်နှာသည် ပကတိကြည်လင်ရှင်းလင်းနေပါသည် ။ ကြည့်နေရင်းမှာပင် မြင်ကွင်းသည် မှုန်ဝါးလာပြန်သည်မို့ Santa အောက်နှုတ်ခမ်းကို ခပ်တင်းတင်းလေးကိုက်လိုက်သည် ။ ယခုအချိန်၌ သူ၏ စိတ်အာရုံအားလုံးသည် ဗလာကြီးသက်သက်သာရှိလေသည် ။

နာကျင်ခြင်း မနာကျင်ခြင်း စသော ခံစားချက်တို့သည် ရှိမနေပါချေ ။ အဲ့ဒီအစား ရင်ထဲ၌ ဘာမှမရှိသော ခံစားချက်တို့ကြောင့် သူ့ဦးနှောက်သည် ဘာကိုမှ မစဉ်းစားနိုင်တော့ပေ ။ သူ့အားတင်းကျပ်စွာ ဖက်တွယ်ထားသူ၏ ရင်ခွင်၌နေကာ သူသည်လမ်းပျောက်နေသည် ။ သူ့နေရာမှာအခြားလူဆိုရင်ရော ဘာဆက်လုပ်မှာတဲ့လဲ ။ သူ့အတွေးမဆုံးခင်မှာပင် ပါးပြင်ပေါ်သို့ ထပ်မှန်ရွေ့လျားသွားသော မျက်ရည်စကြောင့် ပါးပြင်ထက် ရောက်လာသော လက်ဖဝါးခပ်နွေးနွေး ။

Perth Tanapon ဟာ သိပ်ထူးဆန်းတယ်မျက်ရည်ကျအောင်လုပ်ပြီးသူကိုယ်တိုင် မျက်ရည်သုတ်ပေးနေပြန်တယ် ။ဒါဆိုရင် Santa ကရောSanta ဟာလည်း မျက်ရည်လွယ်ပြီးထိခိုက်ရှလွယ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပါရောလား ။

" အခုတော့ မငိုပါနဲ့တော့ မင်းငိုရင် ကိုယ့်ရင်ဘတ်တွေနာတယ် "

စကားအဆုံး ပိုမိုတိုးကာ ဝမ်းနည်းလာစိတ်ကြောင့် ဖက်တွယ်ထားသူ၏ ရင်ခွင်ထဲအတင်းတိုးဝင်မိသည် ။ ပြီးနောက် လက်မောင်းအာ တင်းတင်းဆုပ်ကိုင်ကာ ဆက်မငိုမိအောင် ထိန်းသည် ။ သို့သော်ငြား စို့တက်လာသည့် ဝမ်းနည်းမှုတို့သည် မျက်ရည်တို့အား တားစီးခွင့်မပေး ။

ဆုတ်လည်းစူးစားလည်းရူးတဲ့သူ အစူးခံရမလား အရူးခံရမလား ။

တကယ်ပင်ဘာမျှ မသိတော့ပါချေ ။

Phi Perth ရဲ့လက်တွေသည်လည်း သူ့ခန္ဓာတစ်ခုလုံးကို ထွေးပွေ့ထားကာ ကျောကိုပါပွတ်သတ်ချော့မြူနေသည် ။ သူဘာဆက်လုပ်ရမလဲ ရှေ့တိုးရမလား ။ ဒီလူကို ပိုင်ဆိုင်ရဖို့ ရှေ့ဆက်တိုးသင့်ရဲ့လား ။ သူအတ္တကြီးသင့်ရဲ့လား ။ သူချစ်တဲ့လူကို အခြားသူလက်ထဲထည့်ပေးလိုက်ဖို့ သူတကယ်ပဲ ကြည်ဖြူနိုင်ပါ့မလား ။ ကြည့်နေနိုင်ပါ့မလား ။

တွေးကြည့်လေလေ ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်လာသလို ဖြစ်လာတော့သည် ။

ဘာဆက်လုပ်ရမလဲ ကျွန်တော် ဘယ်လမ်းကိုရွေးရမှာလဲ ။ ခင်ဗျားကရော ဘယ်သူ့ကို ရွေးချယ်မှာလဲ ။ ပြီးတော့ ကျွန်တော်က ခင်ဗျားအတွက်ဘာလဲ ။

ကျွန်တော် ဆက်သွားမယ် Perth Tanaponကျွန်တော် ခေါင်းမာကြည့်မယ် ။

------

ရက်ပိုင်းအတွင်းပဲ ရုံးပြန်တက်ဖြစ်ကြသည် ။ အခြေအနေသည် ထူးထူးခြားခြားရှိမနေပါဘဲ ပုံမှန်အလားတည်ငြိမ်နေသည် ။ ဦးလေးကလည်း နေကောင်းနေပြီဆိုပေမယ့် အကောင်းကြီးတော့ ဟုတ်မနေသေးပေ ။

သို့သော် မင်္ဂလာရက်ကတော့ ရှေ့တိုးလာခဲ့သည် ။ phi Perth သည် သူ့ရှေ့တွင် ထိုကိစ္စအကြောင်း သေးသေးလေးမျှ စကားမဟခဲ့ပါ ။ သူကိုယ်တိုင်လည်း ထုတ်မေးခြင်းမပြုမိသလို မကျိုးနွံပြုလိုက်ပါသည် ။

ပုံမှန်ရုံးတက်တယ် ရုံးဆင်းတယ် ။ phi Perth ကိုလည်း ထူးပြီးမရှောင်ဖြစ်တော့ပေ ။ မထူးတော့မည့် အခြေအနေတစ်ခုတွင် သူနောက်ဆုတ်ပါသည်ဟု ခေါင်းစဉ်တပ်ပြရင်တောင် လွန်ဆန်နိုင်ခြင်းမရှိသည့်လူကို သူတွန်းမထုတ်နိုင်ခဲ့ပါ ။ အဲ့ဒီအစား မလုပ်နိုင်သည့် မာနတွေကသာ ပိုပြီးရှက်စရာကောင်းတယ် မဟုတ်လား ။ သေချာစဉ်းစားကြည့်ပါလျှင် သူ့ဘက်က အတ္တထားဖူးခဲ့ခြင်းမရှိပါ ။ သို့သော် ဒီတစ်ကြိမ်တွင် သူခေါင်းမာချင်နေသည် ။ သူမှားနေရင်တောင် ဆက်မှားကြည့်ချင်သည် ။

အကြောင်းပြချက်သည် အတိအကျမရှိ ။ သူသည် ထိုမိန်းကလေးထက် ပိုချစ်ခဲ့ရသည့်လူဖြစ်သည် ။ ထိုမိန်းကလေးထက် အရင်ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်သည် ။ သူအောက်ကျို့ခံပြီး နောက်ဆုတ်ခဲ့သော်လည်း ထိုမိန်းကလေးသည် သူ့မာနကို ထိခိုက်စွာ စည်းတားပြခဲ့သည်ဟု ယူဆသည် ။ ထိုအကြောင်းအရာတို့အား တွေးကြည့်လေလေ သူ့အား နောက်မဆုတ်ဖို့ ဖိအားပေးလေလေဖြစ်ပါသည် ။ အနည်းဆုံးတော့ သူတမင်လုပ်ယူခဲ့တာမျိုး မရှိတာမို့ လိပ်ပြာလုံပါသည် ။ နောက်တစ်ကြိမ်ထပ်ပြောရလျှင် သူသည် ပိုချစ်ခဲ့ရတဲ့လူ ချစ်နေဆဲလူ ဖြစ်ပါသည် ။

" Tata .... "

အတွေးလွန်နေချိန် နာမည်ခေါ်သူ၏ အသံကိုကြားမှ သူအသိဝင်လာသည် ။

" စားလို့မကောင်းဘူးလား မှိုင်နေသလိုပဲ နေမကောင်းလို့လား "

ပြန်ဖြေချိန်ပင် မရလိုက် နဖူးပေါ်သို့ရောက်လာသော လက်ဖဝါးတစ်ဖက်ကြောင့် Santa ပြုံးမိသည် ။ တကယ်ပဲ ဒါဟာ သူအမြဲလိုချင်ခဲ့တဲ့နွေးထွေးမှု မဟုတ်လား ။ အခုရနေပြီလေ ။ phi Perth နားမှာနေခွင့်ရသည် ။ ဂရုစိုက်မှုအပြည့်အဝရသည် ။ ညီလေးတစ်ယောက်လား ..... မဟုတ်တာလည်း သေချာနေသည့် အခြေအနေ ။ သို့သော် သူလုံးလုံးတော့ မပျော်ရွှင်နေမိသေးပါ ။

" ကိုယ်လည်း မပူနေပါဘူး "

" ကျွန်တော် နေကောင်းပါတယ် ဒီတိုင်း .... တွေးစရာတွေများနေလို့ "

ခပ်ယေးယေးပြုံးကာ ပြောလိုက်တော့ မျက်နှာပျက်သွားသူက Santa ဆိုလိုချင်တာကို သိပုံပေါ်ပါသည် ။

" ကိုယ်တောင်းပန်ပါတယ် "

အသံက တိုးဖွဖွလေးရယ် ။ တောင်းပန်တယ်တဲ့ ဘာကိုတောင်းပန်တာလဲ ။ Santa လိုချင်သော ကြားချင်သော စကားသည် ထိုကဲ့သို့ တောင်းပန်ခြင်းမဟုတ်ပါ ။ ဒီအခြေအနေကြီးကို ရပ်တန့်ချင်တာ ။ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးစေချင်တာ ။ သူတို့က ဘာအခြေအနေလဲဆိုတာ တိတိကျကျ ဖြေရှင်းပြစေချင်တာ ။ အဲ့ဒီလို အဖြေရဖို့ သူမှားတဲ့လမ်းကိုရွေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီမဟုတ်လား ။

အခြေအနေနဲ့ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည် ။ နေလယ်စာ စားပြီး ရုံးခန်းပြန်ရောက်တဲ့အထိ သူတို့ကြား စကားရှိမနေ ။ phi Perth မှာ သူအားပြောဖို့ တစ်ခုတစ်လေတောင်ရှိနေဟန်မတူပါ ။ Santa သူ့စားပွဲနားတွင်ရပ်နေကာ ရှေ့မှသွားနေသူ၏ ကျောပြင်အားကြည့်ရင်း အဖြေတစ်ခုခုကို တိတိကျကျ သိချင်လာစိတ်သာ ရှိတော့သည် ။ ထို့ကြောင့်

" phi Perth ! "

သူခေါ်လိုက်တော့ ချက်ချင်းလှည့်ကြည့်လာသူသည် သူ့အား ပြောလေဟူသော အမေးမျက်ဝန်းဖြင့် ညှင်သာစွာကြည့်လာသည် ။ ထိုမျက်ဝန်းနှင့်ထိုအကြည့်တို့သည် သူ့အား ပို၍ မျှော်လင့်ချက်တိုးစေသည် ။

" ကျွန်တော် ... "

" ...... "

" ကျွန်တော့်ကို အခု ဘယ်လိုသဘောထားလဲ "

မေးပြီးသည်လျှင် မျက်လွှာချပစ်မိကာ ကြမ်းပြင်ကို ကြည့်ရင်းပင် အောက်နှုတ်ခမ်းအားဖိကိုက်ပစ်မိသည် ။ သူ့အမေးကို တစ်ဖက်လူ ဘယ်လိုထင်သွားမလဲ ။ ဘယ်လို ပြန်ဖြေမှာလဲ ။ ဖြေနေကျ စကားအတိုင်း ညီလေးပဲလား ။

ဒီတစ်ခါ ညီလေးလို့ထပ်ဖြေရင် သူတကယ် ဆွဲထိုးမိလား မပြောတတ်ဘူး ။

ဒီရက်ပိုင်း သူ့စိတ်အခြေအနေသည် ရဲတင်းချင်စိတ် အမှားတွေကို ခေါင်းမာမာနဲ့ ကျူးလွန်ချင်စိတ်သာရှိသည် ။ ထို့အတူ တစ်ခုခုကို အနိုင်လိုချင်စိတ်သည်လည်း ပြင်းပြင်းပြပြရှိလှသည်မဟုတ်လား ။

" Tata .... ! "

" ..... "

Santa ချက်ချင်းပြန်မော့ကြည့်လိုက်သည် ။

" မင်းလိုချင်တဲ့အဖြေ ကိုယ့်မှာရှိနေသလား ကိုယ်မပြောတတ်ဘူး ဒါပေမယ့် ကိုယ့်အဖြေက မိုက်ရူးရဲဆန်လိမ့်မယ် မင်းကိုယ်နဲ့အတူတူ အမှားလုပ်ရဲသလား "

" အဲ့ဒီတော့ အဖြေက ... "

" သေချာပေါက် ညီလေးတော့ မဟုတ်ဘူးပေါ့ "

ဟုတ်တယ် ။ ညီလေးလို့ မတွေးနိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ။ ကိုယ့်ကိုကိုယ် သတ်တဲ့စိတ်က ပိုနာကျင်ရတယ်တဲ့ ။ ဘယ်လောက်ညာညာ ဒီကောင်လေးရဲ့နှုတ်ခမ်းတွေက သူ့ကို ချောက်ထဲတွန်းချနေတယ် ။ မဟုတ်သေးဘူး သူကိုယ်တိုင်က ဘယ်အချိန်ကတည်းက ချောက်ထဲရောက်နေခဲ့တာလဲ ။ အစစအရာရာမှာ သူဘယ်လောက် အတ္တတွေဖုံးနေခဲ့တာလဲ ။ သူကိုယ်သူပြန်ပြီး အဖြေရှာတဲ့အချိန် ညီလေးဆိုတဲ့ အတ္တတစ်ခုအောက် သူဖုံးမိနေခဲ့တာ ဖြစ်နိုင်သည်မလား ။ အရာတစ်ခုအတွက် နောင်တတစ်ခုဆိုတာ အချိန်လွန်မှ ရောက်လာတတ်တယ်ထင်ပါသည် ။ အခုအချိန်မှာ သူကိုယ်တိုင်း ပိတ်လှောင်နေပြီ ။ ဒီပိတ်လှောင်မှုအကြား သူ Tata ကို ခေါ်လို့ ဖြစ်မှာလား ။ မဟုတ်သေး သူ့အတ္တတွေက သူ့ကို ဖုံးလွှမ်းနေခဲ့ပြီးပြီလေ ။

Tata က ပြုံးတယ် ။ သူ့အဖြေအဆုံးသူ့ကို ခနဲ့သလိုပြုံးတယ် ။ ဖြစ်သင့်ပါတယ် ။ ဒီထက်တောင် ပိုလှောင်ခံရသင့်သေးတာ မဟုတ်လား ။

" ဘာဆက်လုပ်မှာလဲ "

" ..... "

" ညီလေး မဟုတ်ရင် phi ဘာဆက်လုပ်မှာလဲ "

မေးခွန်းအဆုံး Santa ရှေ့သို့ရောက်လာသူသည် မျက်မှောင်ကျုံ့လျက် သူ့အားကြည့်သည် ။ ထိုမျက်ဝန်းတို့သည် မျက်မှောင်ကျုံ့ထားပါသော်လည်း ဒေါသထွက်နေခြင်းမဟုတ် ။ သူ့မေးခွန်းအတွက် သုံမှုန်နေခြင်းသာ ဖြစ်ပေလိမ့်မည် ။

" ကျွန်တော့်မှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူး phi "

" Tata ဘာကို ပြောချင်တာလဲ "

phi Perth က ကျွန်တော့်လူမဟုတ်ဘူးဆိုတဲ့ စကားကို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်သည် ။ ထိုအစား ခပ်ဖွဖွလေးပြုံးရင်းသာ အခြေအနေကို မြန်မြန်ပြီးသွားစေချင်သည် ။ သူသည် phi Perth နဲ့ပတ်သက်ရင် အားနည်းတယ်မဟုတ်လား ။ မျက်ရည်လွယ်တယ်မဟုတ်လား ။ ထပ်မငိုပြချင်တော့ပါ ။ စကားဆက်ပြောမိပါလျှင် သူငိုမိချင်ငိုမိမယ် ။ မဟုတ်ရင် .... ဒေါသထွက်မိရင် ထွက်မိမယ် ။ ထို့ကြောင့် စိတ်ကိုသာ ထိန်းချုပ်ရင်း phi Perth မျက်နှာကိုသာ စေ့စေ့ကြည့်မိသည် ။ သူ့အား ကြည့်နေသော phi Perth ရဲ့မျက်ဝန်းတွေက သူ့ကို အဖြေရှာနေသလိုဖြစ်နေသည် ။

သူထင်သည် ။ ယခု သူ့ရှေ့မှာရှိနေသော phi Perth သည် ပုံစံတစ်ခု ပြောင်းလဲနေသည် ။ ဖြစ်ချင်တာကို  ရသလို တဇွတ်ထိုးလုပ်လေ့ရှိတဲ့ phi Perth မဟုတ်တော့ဘဲ တစ်ခုခုကို အတွေးနက်နက်ဝင်ရောက်နေသူ တစ်ဦးကဲ့သို့ ဖြစ်နေသည် ။

" မင်းကိုနာကျင်စေဖို့ ကိုယ်မရည်ရွယ်ဘူး ဒါပေမယ့် ကိုယ်လုပ်သမျှက မင်းကိုနာကျင်စေတယ် "

" ..... "

" Tata ကိုယ်လေ .... ကိုယ်မင်းကို တောင်းပန်ပါတယ် ပြီးတော့ ကိုယ်အားလုံးကို ဖြေရှင်းပေးပါ့မယ် "

ဖြေရှင်းပေးမယ် ။ဘာကို ဖြေရှင်းပေးမှာလဲ ။ဒီလို စကားကြားရတော့ သူသည် အပြစ်သားတစ်ဦးကဲ့သို့ ချက်ချင်းခံစားလိုက်ရသည် ။မဟုတ်သေး သူ့လုပ်ရပ်တွေမှားနေမှန်း သူသိနေသည် ။ သို့သော် နောက်မဆုတ်ချင် ။သူသည် .... သူမကျူးလွန်ချင်သော အပြစ်အား စိတ်လိုလက်ရ ကျူးလွန်နေသူ ဖြစ်နေပြီ ။

ချစ်လို့ .... သူ phi Perth ကို သိပ်ချစ်လို့ ဟိုးငယ်ငယ်ကတည်းက သိပ်ချစ်ခဲ့ရတဲ့လူမို့ .... ။

-----

ဘာနဲ့တူသလဲ ။ဘာနဲ့တူသလဲဆိုရင် ကောင်းကင်မျက်နှာပြင်မှာစိတ်ကူးနဲ့ အရုပ်လေးတွေ ရေးခြစ်နေရသလိုမသေချာပဲ လှမ်းရတဲ့ခြေလှမ်းတွေလို ။

" သား .... မအိပ်သေးဘူးလား "

မေမေ့အသံကြားသည်မို့ Perth လှည့်ကြည့်လိုက်သည် ။ ဝရန်သာတွင် ထွက်ရပ်နေတာ အတော်လေးကြာနေပြီမို့ မေမေ မေးလာသည်မှာ မဆန်းပေ ။ ဒီရက်ပိုင်း လူရော စိတ်ရော ပင်ပန်းသလိုရှိသည် ။ ဘာကိုဖြစ်ချင်ပြီး ဘာကမရနေသလဲ သူကိုယ်တိုင်မသိပါ ။ အဲ့ဒီအစား စိတ်ရှုပ်ထွေးလာမှုများသာ တိုးလာရသည် ။

" ဖေဖေ အိပ်ပြီလား မေမေ "

" ခုဏကပဲ အိပ်သွားပြီ သားကရော ဘာလို့ မအိပ်သေးတာလဲ အဆင်မပြေတာ ရှိလို့လား "

မေမေက အဲ့ဒီလို အမျိုးသမီးပါ ။ သူ့ကို အမြဲတမ်းအရိပ်အခြေကြည့်ပြီး သူမူမမှန်တာနဲ့ တန်းသိတဲ့ အမျိုးသမီး ။

" မေမေ "

မေမေက သူ့ဘေးနားတွင်လာရပ်ကာ ပြောလေဆိုသောပုံဖြင့် ပြုံးကာကြည့်သည် ။ သူမေမေ့ကို ဘယ်ကစပြီး ပြောပြရမည် မသိပါ ။ ထို့ကြောင့်

" မေမေ အချစ်ဆိုတာ ဘယ်လိုမျိုးလဲဟင် "

ထိုအခါ မေမေက သူ့အားစူးစိုက်ကြည့်ကာ ခပ်ဖွဖွရယ်လေသည် ။ ဟုတ်ပါသည် ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး မေမေ့ကို တစ်ခါမျှ သူမပြောဖူးပါချေ ။

" မကြာခင်ဘဲ လက်ထပ်တော့မယ့်ငါ့သားက အချစ်ကို တကယ်မသိဘူးလား "

အချစ်ကို တကယ်မသိဘူးလားတဲ့လက်ထပ်ရမယ်ဆိုတဲ့ ကိစ္စကြောင့်ဆိုရင်တော့ Perth အနေနဲ့ အချစ်ဆိုတဲ့အရာကို မသိပါ ။ Wan နဲ့ကိစ္စတွေမှာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်က မဟုတ်ဘဲ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အတ္တအောက်မှာ ရှိနေခဲ့ပြီး သူရွေးချယ်ခဲ့သည် ။ အချစ်ရှိသည် မရှိသည်ဆိုတာ သူမသိချင်ခဲ့ ။ သိဖို့လည်း မလိုဘူးဟူ၍ ထင်မှတ်ခဲ့မိသည် ။ သို့သော် ယခုအခြေအနေ၌ သူလမ်းပျောက်နေပါသည် ။ သူကိုယ်တိုင် စိတ်လိုလက်ရ စီစဉ်ခဲ့သောအရာအား သူမနှစ်သက်တော့ပါ ။ ဒါဟာ မကောင်းတဲ့လုပ်ရပ်မှန်းသိသည် ။

သို့သော် မင်္ဂလာပွဲရက် နီးလာလေလေ သူပိုပြီး စိတ်ရှုပ်လာရလေလေ ဖြစ်ပါသည် ။ အထူးသဖြင့် Tata ။ Tata ကို တွေ့လိုက်ချိန်တိုင်း အားလုံးကို ပစ်ချခဲ့ပြီး အဝေးဆုံးကို ခေါ်ထုတ်သွားချင်စိတ်သာ ရှိသည် ။ ဒါဆိုရင် ဒါကရော အချစ်လား ။

သေချာတာ တစ်ခုကသူ Santa Pongsapak ကို ချစ်တယ်အဲ့ဒီအချစ်က ညီလေးလို့ လွဲချပြလို့မရတော့မှန်းပါ သူနားလည်နေပြီ ။ သို့သော် သူကွဲကွဲပြားပြားမသိသည်က သူ Santa ဆိုတဲ့ အဲ့ဒီကောင်လေးကို ဘယ်အတိုင်းအတာထိ ချစ်နေတာလဲ ။ ပြီးတော့ ဘယ်တုန်းကတည်းက ဒီလိုမျိုး .....

Perth တစ်ဖက်ခြံထဲသို့ စောင့်ငဲ့ကြည့်လိုက်သည် ။ ပြီးနောက် သက်ပြင်းကို ဖွဖွချမိသည် ။ မေမေ့ရှေ့မှာပင် သူဟန်မဆောင်နိုင်တော့ပေ ။

" သား .... သား Wan ကို ချစ်သလား "

" ...... "

မေမေ့အမေးကို သူမဖြေမိ ။ထိုအခါ မေမေကပါ သက်ပြင်းဖွဖွချသည် ။

" ဒါဆို သား ဘယ်သူ့ကိုချစ်သလဲ သားနှလုံးသားက သိပြီလား "

" ...... "

" သားကို မေမေ ခဏခဏသတိပေးခဲ့သားပဲကွယ် အချိန်တွေလွန်ကုန်ပြီ သားဘာလုပ်ချင်သလဲ "

Perth ပင် ဖြေစရာမလို ။ မေမေက သိနေသည့်အလား ဆက်ပြောလေသည်မို့ သူငြိမ်ကာ နားထောင်နေရုံသာ တတ်နိုင်သည် ။

" သား Ta လေးကို ချစ်တယ်မဟုတ်လား "

" မေမေ .... ကျွန်တော့်မှာ အချိန်ရှိသေးရဲ့လား "

မေမေက သူ့ကို ဂရုဏာသက်စွာကြည့်သည် ။ ပြီးနောက် စိတ်မကောင်းဖြစ်နေပုံလည်း ရပါသည် ။ ဒါဖြင့် သူ့မှာ အချိန်မရှိတော့ဘူးလား ။ အားလုံးကို ပြန်ပြင်ဆင်ခွင့်လေးပဲ ဖြစ်ဖြစ်လေ ။

" လူတွေက ကစားစရာမဟုတ်ဘူး သားက အတ္တသိပ်ကြီးခဲ့တာကိုး .... တစ်ဖက် မိန်းကလေးကို သားထည့်မတွက်တော့ဘူးလား Ta ကရော သားလုပ်သမျှ လက်ခံမယ်ထင်လား "

" ကျွန်တော် မသိဘူးမေမေ Tata ကို အားလုံးဖြေရှင်းပေးမယ်လို့ ကျွန်တော် ပြောထားတယ် သူလက်ခံမယ်လို့ ထင်တယ် "

" သားရယ် .... "

Tata က တကယ်လက်ခံနိုင်ပါ့မလား သူမသိပါ ။ ပြီးတော့ Wan ကရော ။ မသိတော့ဘူး ။ တွေးကြည့်လေလေ ဘာလုပ်ရမှန်း မသိလေလေဖြစ်လာရသည် ။ Wan ကို အားလုံးပြောပြပြီး တောင်းပန်ရမလား ။ အဲ့ဒီအခါ Wan က လွယ်လွယ် လက်ခံပါ့မလား ။ သူအဲ့လို လုပ်လိုက်ရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ ။

နောက်ဆုံးတွင်သူ့အာရုံတို့၌ ဖေဖေ့၏ စကားသံကိုသာ အခေါက်ခေါက်အခါခါ ကြားနေမိတော့သည် ။

" သူနောင်တမရမှာ သေချာဖို့ပဲ လိုတယ် " တဲ့

အခု သူနောင်တရနေပြီလား ....သူကိုယ်တိုင်ပင် မသိတော့ပေ ။

------

လမ်းမတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်နေသည် ။ကားတစ်စီးစ နှစ်စီးစသာ သွားလာနေကြသည်မို့ လမ်းမထက် တိတ်ဆိတ်သောအငွေ့အသက်နှင့် သူတို့ကားသာ ရှိသည် ။

ည၏အလှသည် ကောင်းကင်ထက် ကြယ်ရောင်စုံကြောင့်လား ။ လမ်းမီးတိုင်တို့၏ အလင်းကြောင့်လား ။ အမိုးဖွင့်ထားသည့်ကားမို့ တဖြူးဖြူးတိုက်ခတ်လျက်ရှိသော လေအေးအေးတို့ကြောင့်လား ။ဒါမှမဟုတ်ဘေးရှိ ချစ်ရသူကြောင့်လား ။လှပနေကာ အေးချမ်းမှုရှိနေပါသည် ။

ကားစမောင်းကတည်းက ဆုပ်ကိုင်လာမိသည့် လက်ကလေးကိုလည်း သူမလွတ်ပေးမိပါ ။ ထို့အတူ တစ်ဖက်ကကောင်လေးသည်လည်း ရုန်းဖယ်သွားခြင်းမပြုပါ ။

" ကိုယ်တို့ ကားပတ်မောင်းကြရအောင် " လို့ခေါ်တော့ မငြင်းဘဲ လိုက််ခဲ့ပါသည် ။ အိမ်နေရင်း T-shirt အနက်ကလေးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့် ဘောင်းဘီတိုလေးကြောင့် ငယ်ငယ်တုန်းက မြင်နေကျ အကောင်ပေါက်ကလေးလို ဖြစ်နေသည် ။ တစ်ဖက်သို့ မျက်နှာလွှဲကာ နောက်ကိုမှီလျက်လိုက်ပါသည့် ကောင်လေးသည် သူ့အားပြောစရာရှိဟန်မတူပါ ။ ဒီအတိုင်းဆို အိမ်ပြန်ရောက်တဲ့အထိ လှည့်ကြည့်မည်လည်း မဟုတ် ။ ထို့ကြောင့် ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည် ။ ထိုအခါမှ သူ့အားလှည့်ကြည့်လာသည့် ကောင်လေးသည် မျက်ဝန်းတွေကအစ ငြိမ်သက်နေသည် ။

လက်ဖဝါးနုနုအား ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့ လက်တွေကို တစ်ချက်ငုံ့ကြည့်ကာ ဘေးတစ်ဖက်သို့ မျက်နှာပြန်လွှဲသွားပြန်သည် ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သည်ထက် တိတ်ဆိတ်လာသလို ကောင်ငယ်လေးသည်လည်း ပို၍ ငြိမ်သက်လာသည်ဟုထင်မိသည် ။

သူ့ရင်ထဲမွန်းကျပ်မှုသည် အတိုင်းမသိတော့ပါ ။ထို့အတူ ဒီကောင်လေးရော သူ့လို ခံစားနေရမလားလို့ တွေးမိသေးသည် ။

" ကိုယ့်ကို ပြောစရာမရှိဘူးလား "

ထိုအခါ Perth ဆီသို့ အကြည့်ပြန်ရောက်လာကာ ခပ်စူးစူးစိုက်ကြည့်သည် ။ မျက်ဝန်းလှလှလေးတို့သည် နက်မှောင်နေကာ တစ်ခုခုကို အလေးအနက်တွေးတောနေဟန်ရှိပါသည် ။ ပြောဖို့စကားရှာနေတာများလား ။

" ဟင့်အင်း မရှိဘူး "

" ..... "

အခြေအနေသည် တစ်ခါပြန်တိတ်ဆိတ်သွားသည် ။ သို့သော် ဒီတစ်ကြိမ်တွင်တော့ အကြည့်မလွဲပစ်မိကြပါ ။ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ရင်း အဖြေရှာမိကြသည် ။

သူတို့ ရင်ထဲမှာ ဘာတွေရှိနေကြသလဲ ။တစ်ယောက်ကိုတစ်ယောက်သိအောင်ရော ဖော်ပြတတ်ကြပါ့မလား ။ ပြီးတော့ ဘာကြောင့် အဆုံးသတ်တစ်ခုကဲ့သို့ ခံစားချက်မျိုး ဝင်လာနေရတာလဲ ။

" Tata .... "

" ...... "

" ကိုယ်  .... ကိုယ် အခုသေချာ သိပြီထင်တယ် "

" ..... "

" ကိုယ် မင်းကို ညီလေးတစ်ယောက်လိုချစ်ခဲ့တာ မဟုတ်ဘူး ကိုယ် ... ကိုယ်မင်းကို ချစ်တယ် အဲ့ဒီအချစ်က ချစ်သူရည်းစားတစ်ယောက်ကို ချစ်သလိုမျိုး အဲ့လိုအချစ်မျိုးနဲ့ချစ်ခဲ့တာ Tata "

သူ့စကားအဆုံး တုန်ယင်လှုပ်ခတ်သွားသည့် မျက်ဝန်းငယ်အား အတိအကျ တွေ့လိုက်ရသည် ။ ထို့အတူ သူ့လက်ဖဝါးအောက်မှ လက်ဖဝါးငယ်လေးသည်လည်း အနည်းငယ် တွန့်ဆုတ်သွားဟန်တူသည် ။

" Tata .... "

" ဟင့်အင်း "

အကြည့်ချင်းဆုံစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားသော်လည်း အတင်းရှောင်ဖယ်နေတဲ့ ကောင်လေးသည် ခုဏက ငြိမ်သက်နေသော ကောင်လေးမဟုတ်တော့ပေ ။ မဟုတ်သေး တုန်လှုပ်နေတဲ့ကောင်လေးက တစ်ခုခုကို စိုးရိမ်ကြီးပုံပေါ်သည် ။ ပြီးနောက် သူ့လက်ထဲမှ ရုန်းထွက်နေတာမို့ လွှတ်မထွက်သွားစေရန် အတင်းဆွဲယူ ဖမ်းချုပ်လိုက်သည် ။ အားပါသွားတာမို့ ကောင်လေး၏ ခန္ဓာကိုယ်ကပါ သူ့အနားသို့ ယိမ်းလာသည် ။ ထိုအခါမှ သူ့အားမော့ကြည့်လာသည့် မျက်ဝန်းငယ်သည် နွမ်းလျနေကာ အားမရှိတော့သည့် လူတစ်ယောက်လို ။

" ကိုယ် မင်္ဂလာပွဲကို ဖျက်မယ် "

ထိုအခါ စူးခနဲ ဖြစ်သွားသည့် မျက်ဝန်းလေးသည် သူ့အား အမေးများစွာဖြင့် ကြည့်လာသည် ။

သူတို့ကြား ခဏသာ တိတ်ဆိတ်သွားခြင်းနဲ့အတူ တိုးဝင်တိုက်ခတ်လာသော လေအဝှေ့ကြောင့် ယိမ်းနွဲ့သွားသော ဆံနွယ်စများသည် တစ်ခုခုကို ဆိုလိုနေကြသလို ။

" Tata .... ကိုယ်ပြောတာ ကြားရဲ့လား "

" ဟင့်အင်း မဖြစ်ဘူး .... ! "

ဟုတ်သည် ။ အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး ။ အထူးသဖြင့် သူ့ကိုရွေးချယ်လိုက်လို့ မင်္ဂလာပွဲပျက်ရတယ်ဆိုတဲ့ အဖြစ်မျိုး Santa လုံးဝ လက်မခံချင်ပါ ။ ပြီးတော့ အဲ့ဒီအခြေအနေနဲ့ ရလာမည့်လူကိုလည်း Santa မလိုချင် ။ ဒါဆိုရင် ဘာဆက်ဖြစ်မှာလဲ ။ သူတိုးမိခဲ့တဲ့ ခြေလှမ်းတွေ မှားယွင်းနေခဲ့ပြီလား ။ နည်းနည်းလေး လောဘတက်မိတာနဲ့ ဦးတည်ချက်ဟာ ဆိုးဆိုးဝါးဝါးဖြစ်နေခဲ့ချေပြီ ။

သူအကြားချင်ဆုံး စကားကိုလည်း သူကြားခဲ့ရပြီးပြီမဟုတ်လား ။ ဒါပေမယ့် သူတို့ ရှေ့ဆက်လို့ မရပြန်ဘူး ။ အခါခါ သိနေခဲ့တဲ့ အသိစိတ်လိုပဲ phi Perth က သူအပိုင်မဟုတ်ဘူး ။

ခေါင်းကို သွင်သွင်ခါရမ်းနေမိသည် ။ မဖြစ်ဘူး .... မဖြစ်ဘူးမဟုတ်လား ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူးလေ ။

" Tata ... ကိုယ့်ကိုကြည့် "

" ဟင့်အင်း "

" Tata ..... ကိုယ်ပြောနေတယ်လေကွာ ကိုယ်အားလုံးကို ဖြေရှင်းပေးမှာပေါ့ အခုလို မလုပ်ပါနဲ့ကွာ နော် "

မသိတော့ဘူး ။ သူထပ်ငိုမိပြန်ပြီထင်ပါသည် ။ မျက်ရည်တို့အားလိုက်သုတ်ပေးနေသူသည်လည်း ပြာပြာသလဲ ဖြစ်နေသည် ။

" ကိုယ့်အမှားပါ အားလုံးမှာ ကိုယ်မှားခဲ့တာမို့ Tata က မငိုပါနဲ့တော့ "

သူ့ကြောင့်နဲ့ အကြိမ်ကြိမ်မျက်ရည်ကျခဲ့သော ဒီကောင်လေးကို သူဘယ်လို လုပ်ပေးရမှန်းမသိပါ ။ သူသာ အစစအရာရာကို ဟိုးအရင်အချိန်တွေကတည်းက နားလည်ခဲ့မည်ဆိုပါလျှင် ....

" အဲ့ဒီလို အခြေအနေမျိုးရောက်အောင် မလုပ်ပါနဲ့ ကျွန်တော်က ..... ကျွန်တော်က phi Perth ကို အဲ့လိုပုံစံနဲ့ ရအောင်ယူချင်ခဲ့တာ မဟုတ်ပါဘူး ..... ကျွန်တော်ကြောင့်နဲ့ ဖြစ်ရတယ်ဆိုရင် ဘာကိုမှပြောင်းလဲဖို့ မကြိုးစားပါနဲ့တော့ ကျွန်တော်လည်း ရှေ့ဆက်မတိုးဘူး phi Perth လည်း ရပ်ရမယ် ပြီးတော့ phi Wan ကိုပဲ လက်ထပ်ပါတော့ .... "

" မဟုတ်သေးဘူး Tata ..... ကိုယ်အသိနောက်ကျ ခဲ့ရုံလေးပါ အားလုံးရဲ့ အဆုံးသတ်မဟုတ်ဘူး ကိုယ်ပြောတာ နားလည်လား "

Perth စိတ်တွေပြာဝေနေသည် ။ Tata က တကယ်ပဲ လက်မခံတော့ဘူးလား ။ မေမေပြောခဲ့သလို Tata က လက်ခံနိုင်မယ့်လူ မဟုတ်ဘူးဆိုတာ သေချာနေတာပေါ့ ။ ဟင့်အင်း မဖြစ်ရဘူး Tata နားလည်အောင်သူရှင်းပြမယ် ။ ဒီအခြေအနေနဲ့ အဆင်မပြေရင် အဝေးဆုံးကို ထွက်သွားလို့ရတာပဲ ။ အားလုံးကို ကျောခိုင်းပြီးမေ့ပစ်မယ်ဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ အပြစ်မရှိနိုင်တော့ဘူးလေ ။ မဟုတ်ဘူး Santa Pongsapak က ဘယ်နေရာမှာမှ အပြစ်ရှိခဲ့တဲ့လူ မဟုတ်ပါ ။ သူကသာ .... သူကသာ အရာရာမှာ မှားနေခဲ့တာ ။ အပြစ်လုပ်ခဲ့တာ ။

" မဟုတ်ဘူး Tata ရယ် .... ကိုယ်တို့က ဘာလို့ ရပ်ရမှာလဲ ကိုယ်တောင်းပန်ပါတယ်ကွာ အဲ့လို လွယ်လွယ်မဆုံးဖြတ်ပါနဲ့ ကိုယ်တို့ ဖြစ်နိုင်ပါသေးတယ် ကိုယ်တို့ ငယ်ငယ်ကတည်းက ချစ်ခဲ့ကြတာလေကွာ နော် "

ငိုနေသူ ကောင်လေးကို သူဘယ်လို ချော့ရမလဲမသိတော့ပါ ။ အဲ့ဒီအစား သူကိုယ်တိုင်ပင် အမြင်တွေမှုန်ဝါးလာသည် ။ စည်းချက်မှန်မှန်ထိုးနက်နေသော ရင်ဘတ်တစ်ခုလုံး၏အောင့်သက်မှုသည် ဘာနှင့်မျှ ခိုင်းနိုင်း၍မရ ။

ဒါဟာ အဆုံးသတ်မဟုတ်ဘူး ။ကိုယ် ဒီလောက်နဲ့လက်မလျှော့နိုင်ဘူး ။

အဆုံး၌ ကောင်လေးအား သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည် ။ ဒီတစ်ကြိမ်တော့ ဒီကောင်လေး အငိုတိပ်စေဖို့ ဆိုတာထက် သူကိုယ်တိုင် အငိုတိပ်စေဖို့ ရည်ရွယ်ခဲ့သည် ။ တင်းကျပ်စွာဖက်တွယ်ရင်း သူမျက်ရည်ကျမိဆဲဖြစ်သည် ။

ကိုယ်တကယ်ရူးတော့မှာကိုယ်မင်းကို ချစ်မှန်းသိနေပါပြီဒါဆို ဘာကြောင့် မဖြစ်နိုင်မှာလဲ ။

------

ဇာတ်လမ်း၏ အစအဆုံးဇာတ်ကွက်ကျကျ စီစဉ်ထားပြီးသားအဲ့ဒီတော့ ဇာတ်သိမ်းရောက်ရင်သေချာပေါက် ကျွန်မဆီရောက်လာမှာပေါ့ဟုတ်တယ် မဟုတ်လား Perth ။

လက်ထဲရှိ ဝိုင်ခွက်အား လှုပ်ခါရင်း ကောင်းကင်ထက်ကို မော့ကြည့်နေမိသည် ။ သူမ အိပ်မရတဲ့ညတွေ အတော်လေးများနေခဲ့ပြီ ။ အရာရာမှာ သူမရှုံးနေပြီလား ။

အို မဟုတ်တာကွယ်သူမ ပြောခဲ့သားပဲ ။အဲ့ဒီလူက Santa ဖြစ်နေရင်တောင်ခွင့်လွှတ်ပါ့မယ်လို့ ။ အချိန်တန်ရင် သူမနဲ့လက်ထပ်ရင် ရပြီ ။

သူမသည် သဘောထားကြီးပါတယ် ။ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့လူလေ ။သူမငယ်ငယ်ကတည်းက တိတ်တခိုးသဘောကျခဲ့ရတဲ့လူ ။ သူမ ဇွဲ့မလျော့ပါဘူး ။ မာနကို ထိခိုက်ရရင်တောင် သူမလုပ်မယ် ။

ဘယ်သူ့ခြေဖဝါးအောက်ပဲ ဝင်ရဝင်ရပေါ့ကျွန်မဟာ ရှင့်ကို ပိုင်ဆိုင်ရမယ်ဆိုရင် လုပ်ပါ့မယ် ။

အဆုံး၌ message တစ်စောင်ပို့လိုက်သည် ။*တို့ မင်းနဲ့ခဏလောက် တွေ့လို့ရမလား*

------

🤍

There are no comments yet. Log in to be the first to leave a review!

Similar stories