Fanfics

6

22:41, 10 May 2025

* ဒုန်း! ... ဒုန်း! *

အခန်းတံခါးကို တဒုန်းဒုန်းထုရိုက်နေတာမို့ Perth ချက်ချင်းထကာ သွားဖွင့်လိုက်သည် ။ ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က မျက်ရည်အပြည့်နှင့်မေမေ့မျက်နှာ ။ ချက်ချင်းဆိုသလို စိတ်ပူစိတ်များဟာ လှိုက်တက်လာခဲ့သည် ။

" မေမေ ဘာဖြစ်လို့လဲ ! "

" သားအဖေ ... ဟင့် သားအဖေ accident ဖြစ်လို့တဲ့ ! "

" ဗျာ ! .... အခုဖေဖေက ဘယ်မှာလဲ! "

" ဆေးရုံမှာ ! "

ဖေဖေက သူ့မိတ်ဆွေ dinner ရှိတာကြောင့် အိမ်ပြန်မလာဘဲ Company ကအပြန် တန်းသွားတာဖြစ်သည် ။ ခါတိုင်းလည်း dinner ရှိရင် သူ့ထက်နောက်ကျမှ အိမ်ပြန်တတ်တာမို့ Perth စိတ်ထဲသိပ်မထားခဲ့ပေ ။ ဖေဖေက လိုက်ခဲ့ဖို့ခေါ်တာတောင် အဖိုးကြီးတွေပွဲမို့ မလိုက်ချင်တော့ဘူးဟုပြောကာ ငြင်းပြီးအိမ်ပြန်ခဲ့တာဖြစ်သည် ။ အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဘာလုပ်လို့လုပ်ရမှန်းမသိပါ ။

မေမေ့လက်ကိုဆွဲပြီး ချက်ချင်းဆေးရုံသို့ လိုက်လာခဲ့သည် ။ ဆေးရုံရောက်တော့ အရေးပေါ်ခွဲစိတ်ခန်းထဲ ဝင်လိုက်ရတဲ့ဖေဖေက တော်တော်နဲ့ထွက်မလာပါ ။ တအီအီရှိုက်ငိုနေတဲ့မေမေ့ကိုလည်း ဖေဖေအဆင်ပြေမှာပါလို့ တတွတ်တွတ်ပြောကာ ချော့နေရသည် ။ တော်နေကြာ စိတ်အပူလွန်ပြီး မေမေပါ မေ့လှဲသွားမှာဆိုးနေရသည် ။ မေမေလည်း ကျန်းမာရေးက လုံးလုံးကောင်းနေတဲ့လူ ဟုတ်မနေပေ ။ မေမေ့လက်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး တစ်ခြားအားပေးစကား တစ်လုံးတစ်လေတောင်ထွက်မလာမိတော့ပေ ။ သူကိုယ်တိုင်လည်း ဖေဖေ့အတွက် အတော်လေးစိတ်ပူနေမိတာမဟုတ်လား ။ ပြေးကြည့်မှ ဒီမိသားစု သုံးယောက်ဘဲရှိတာ ဖေဖေသာ တစ်ခုခုဖြစ်သွားရင်ဆိုပြီး တွေးတောင်တွေးမကြည့်ခဲ့ဖူးပေ ။

"  Ning ! "

" phi  Saung .... "

မေမေရှိရာသို့ စိုးရိမ်တကြီးပြေးလာသည့် ဒေါ်လေး Saung ကြောင့် Perth နေရာမှဖယ်ပေးလိုက်သည် ။ ထိုအခါ ဒေါ်လေး Saung က သူ့နေရာတွင်ဝင်ထိုင်ကာ မေမေ့အား အားပေးစကားပြောရှာသည် ။ Perth မေမေတို့ဆီမှ အာရုံလွှဲလိုက်ပြီးမှ နောက်မှအဖြူရောင်အရိပ်ကလေးအား သတိထားမိသည် ။ ကိုယ့်အပူနဲ့ကိုယ်မို့ ဒီကောင်လေးပါလာမှန်းမသိလိုက်ဖြစ်သွားသည် ။ ဒေါ်လေး Saung လာပြီး ခဏအကြာမှ ရောက်လာပုံပေါ်ပါသည် ။ Perth ကြည့်နေတာသိတော့ မျက်လွှာချကာ ခေါင်းငုံ့သွားလေသည် ။ မျက်နှာမကောင်းသည့်ကောင်လေးသည်လည်း ဖေဖေ့အတွက် စိတ်မကောင်းဖြစ်နေသည့်ပုံ ။ Perth လည်း ခပ်လှမ်းလှမ်းကခုံတန်းတစ်ခုတွင်သာ သွားထိုင်လိုက်ပြီး ဖေဖေ့အတွက်သာ ဆုတောင်းပေးနေမိတော့သည် ။ ဖေဖေ့ကားကို အရှိန်ပြင်းပြင်းနှင့်ဖြတ်တိုက်ခံလိုက်ရတာမို့ အထိအခိုက်ကတော်တော်လေးများသည်ဟုဆိုရမည် ။ မွက်မွက်ကျေသွားသည့်ကားကိုလည်း မြင်ခဲ့ပြီးပြီမို့ အခြေအနေဟာ ခန့်မှန်း၍မရပါ ။ ဖေဖေ့ရဲ့ကံတရားအပေါ်မှာဘဲ မူတည်နေလိမ့်မည် ။

" Ning အရမ်းကြီး ဝမ်းမနည်းပါနဲ့ phi တို့ အကောင်းဆုံးကိုဘဲ မျှော်လင့်ကြရအောင် "

တီ Ning အားနှစ်သိမ့်ပေးနေသော မေမေက သူကိုယ်တိုင်ပါ မျက်ရည်ဝဲလို့ ။ နှစ်အိမ့်တစ်အိမ်လိုနေလာခဲ့တဲ့လူတွေမို့ အခုလိုဖြစ်ချိန်မှာ ကိုယ့်မိသားစုနဲ့မခြားဝမ်းနည်းရတာတော့ အမှန်ပါ ။ ပြီးတော့ ဦးလေးက Santa တို့မိသားစုအပေါ် အများကြီးကူညီစောင့်ရှောက်ခဲ့တဲ့လူမဟုတ်လား ။ ဖေဖေဆုံးသွားပြီးကတည်းက အမျိုးတွေကလည်းအဝေးမှာရှိနေခဲ့တာမို့ ဦးလေးတို့ရဲ့ အကူအညီနဲ့ဘဲ သူတို့သားအမိလုံလုံခြုံခြုံနေနိုင်ခဲ့တာဖြစ်သည် ။ ဒီနေ့ dinner မှာလည်း ဦးလေးက Santa ကို အရင်ပြန်နားခိုင်းခဲ့တာ ။ ဦးလေးရဲ့မိတ်ဆွေဟောင်း dinner ဆိုတော့ အလုပ်နဲ့လည်းဆိုင်မနေတာကြောင့် Santa ပျင်းမည်ကို စိုးရိမ်ခဲ့ပုံရပါသည် ။ ထို့ကြောင့် Santa ကိုအရင်ပြန်ခိုင်းပြီး driver နဲ့သာ ပြန်ခဲ့မည်ဖြစ်ကြောင်း သေချာကိုပြောခဲ့သေးတာ ။ အခုတော့ ကြားရသည့်သတင်းကြောင့် မေမေနဲ့အတူတူချက်ချင်းလိုက်ရခဲ့ရသည် ။

Santa ခပ်လှမ်းလှမ်းက ခုံတွင်ထိုင်နေသူကိုလည်း ဂရုဏာသက်စွာကြည့်မိသည် ။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းငုံ့နေသူက ဦးလေးအတွက် ဘယ်လောက်ထိစိတ်ပူနေသလဲဆိုတာ အထင်သားမြင်နေရသည် ။ သူ့ကိုမြင်တိုင်း တစ်ခုမဟုတ်တစ်ခု ပြဿနာရှာတတ်တဲ့လူက ငြိမ်နေတယ်ဆိုကတည်းက phi Perth ရဲ့ဝမ်းနည်းမှုကို ခန့်မှန်းလို့ရလေသည် ။ အနားမှာသွားထိုင်ပြီး နှစ်သိမ့်ပေးလိုက်ချင်ပေမယ့် သူတို့အခြေအနေအရ မဖြစ်နိုင်ဘူးမဟုတ်လား ။ အရင်အခြေအနေအတိုင်းသာဆိုရင် သေချာပေါက် အဲ့ဒီလူအနားမှာ အားပေးစကားကို တတွတ်တွတ်ဆိုနေမိမှာ သေချာပါသည် ။ အခုတော့ စိတ်မကောင်းစွာဖြင့် ဒီအတိုင်းရပ်ကြည့်နေဖို့သာတတ်နိုင်တော့ ။

-----

Company တစ်ခုလုံးရုတ်ရုတ်သဲသဲအခြေအနေဖြစ်နေသည် ။ အကြောင်းအရင်းကတော့ CEO ၏ accident သတင်းကြောင့်ဖြစ်သည် ။

" ရုတ်တရက်ခေါ်လိုက်ရတဲ့ အစည်းအဝေးကတော့ အခြားမဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ CEO သတင်းကို အားလုံးကြားပြီးကြမှာပါ "

ပထမဆုံးထပြောသူက အခြားမဟုတ်ပါ ။ Company ရဲ့ ဒါရိုက်တာကြီးတစ်ဦးဖြစ်သူဖြစ်သည် ။ ဖေဖေနဲ့လက်တွဲလုပ်လာတာကြာပြီဖြစ်တဲ့ ဖေဖေ့ရဲ့မိတ်ဆွေတစ်ဦးဖြစ်သည့်အပြင် Company ၏ အထူးရှယ်ယာရှင်ကြီးတစ်ဦးလည်း ဖြစ်သည် ။

" CEO ရဲ့လက်ရှိအခြေအနေအရ ရုံးတက်နိုင်အုံးမှာမဟုတ်တဲ့အပြင် ဘာအလုပ်ကိုမှလည်း လက်ခံပြီးလုပ်နိုင်မှာ မဟုတ်ပါဘူး "

" ဒါဆို ဘယ်လိုလုပ်မှာလဲ "

" CEO တာဝန်ယူဖို့ တစ်ယောက်ယောက်လိုအပ်မှာပေါ့ "

" CEO နေပြန်ကောင်းဖို့ ဘယ်လောက်ကြာမှာလဲ "

တစ်ယောက်တစ်ပေါက်ထွက်လာသည့် စကားသံတွေကြား ငြိမ်လျက်သားထိုင်နေသည့်လူသည် Perth ဖြစ်သည် ။ Santa ကတော့ Perth ၏ အရှေ့မှာထိုင်နေတာမို့ အစည်းအဝေးရှိလူများကိုတစ်လှည့် Perth ကိုတစ်လှည့် အကဲခတ်နေရုံမှလွဲရင် ဘာတစ်ခုမှဝင်မပြောမိပေ ။

" ဟုတ်ပါတယ် ကျွန်တော်အခု အစည်းအဝေးခေါ်လိုက်တဲ့ ကိစ္စဟာလည်း ဒီအကြောင်းပြောချင်လို့ပါဘဲ "

စကားသံအဆုံး အားလုံးဟာ ငြိမ်သက်သွားလျက်စိတ်ဝင်တစားနားထောင်ကြသည် ။

" CEO နေပြန်ကောင်းဖို့ဆိုတာက ခန့်မှန်းလို့မရသေးတဲ့အခြေအနေပါ ကျွန်တော်တို့အနေနဲ့ CEO မရှိဘဲ Company လည်ပတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး အဲ့ဒီအတွက် CEO ရဲ့ သားဖြစ်တဲ့ Perth Tanapon ကိုဘဲ ယာယီ CEO အဖြစ် တာဝန်ပေးအပ်ချင်ပါတယ် အားလုံးရဲ့သဘောထားကိုလည်း အတိအကျသိချင်ပါတယ် "

အစည်းအဝေးရှိလူအားလုံးသည် တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောဆိုကာ တိုင်ပင်နေပုံရှိကြသည် ။ Santa ကတော့ ရှေ့ရှိထိုင်နေသူအားကြည့်ကာ မျက်လုံးသည် အဝိုင်းသား ။ phi Perth ကတော့ ဒီအကြောင်းကို သိပြီးသားကဲ့သို့ မတုန်မလှုပ် ။ ဟုတ်တော့လည်း ဟုတ်သား ။ ဦးလေးနေရာဝင်မယ့်လူသည် ဦးလေးရဲ့သားဖြစ်သူကလွဲရင် မည်သူရှိမှာတဲ့လဲ ။ Santa ဒါကို မေ့နေခဲ့တာအမှန်ပါ ။ phi Perth ရဲ့ အရည်အချင်းနဲ့ဆိုရင် ကန့်ကွက်မည့်လူလည်းရှိမှာမဟုတ် ။ အဲ့ဒီအစား ပိုပြီးတောင်သဘောကျကြအုံးမှာ ။ သို့သော် အဆင်မပြေနိုင်သည်က Santa သာဖြစ်သည် ။ သူသည် CEO ၏ Secretary ။ phi Perth သာ CEO ဖြစ်ခဲ့ရင် သူက သေချာပေါက် phi Perth ရဲ့ Secretary ဖြစ်လာလိမ့်မည် ။ သူတို့နှစ်ယောက်ရဲ့ အခြေအနေနဲ့ အဲ့ဒီလိုအလုပ်တွဲလုပ််ဖို့က ခက်ခဲလိမ့်မည် ။

Santa အတွေးလွန်ကာ စိုက်ကြည့်နေမိတုန်းမှာပင် မျက်လွှာချထားသူက သူ့အားရုတ်တရက်ကြည့်လာသည်ကြောင့် ချက်ချင်းအကြည့်လွဲလိုက်ရသည် ။ သူခိုးလူမိသလို ခံစားချက်ကြောင့် ရှေ့ကရေကိုပါ ကောက်မော့မိလိုက်သေးသည် ။

" ကန့်ကွက်ချင်တဲ့လူ ရှိပါသလားခင်ဗျ "

မည်သူမျှ ကန့်ကွက်မည့်ပုံမပေါ်ပေ ။ Perth ရဲ့ လုပ်ငန်းပိုင်း တိကျမှုကိုအားလုံးသိကြသည်မဟုတ်လား ။ နောင်တစ်ချိန်မှာလည်း Perthက ဒီ CEO နေရာကို ရောက်ကိုရောက်လာမှာဘဲ ။ အခုကတည်းက ကြိုပြီး CEO ကို ဝင်လုပ်လိုက်ရသည့် သဘောသာရှိလိမ့်မည် ။

အစည်းအဝေးအဆုံး Perth ကို ယာယီ CEO အဖြစ် အားလုံးကလက်ခံကြသည် ။ အားလုံးကြားမှာ နောက်ရက်တွေအတွက် ရင်လေးနေမိသူဟာ တစ်ယောက်သာရှိလိမ့်မည် ။ phi Perth နဲ့အဆင်ပြေပါ့မလား ဆိုပြီး အတွေးတွေဟာခေါင်းထဲ တောက်လျှောက်ဝင်လာခဲ့သည် ။ ဦးလေး သက်သာလာဖို့ကလည်း ကြာအုံးမှာပင် ။ ထို့ကြောင့် Santa ဆုံးဖြတ်ချက်တစ်ခုသာ ချလိုက်တော့သည် ။

" ဘယ်လို ! "

" ကျွန်တော် အလုပ်နားချင်တယ် "

အစည်းအဝေးပြီးလို့မှ ဘယ်လောက်မှမကြာသေး ရုံးခန်းထဲရောက်လာသူဟာ သူ့အားလာပြီး နောက်နေသလို ။ မဟုတ်ဘူး ဒါသက်သက်စိန်ခေါ်တာ ။ သူနဲ့အတူ အလုပ်မလုပ်ချင်ပါဘူး ဆိုတဲ့သဘော ။

" နားလို့မရဘူး မင်းဆက်လုပ်ရမယ် ! "

သူပြောလိုက်တော့ သူ့အားမော့ကြည့်လာသူက မေးခွန်းများစွာနဲ့ ။

" ကျွန်တော်က ဦးလေးရဲ့ Secretary လုပ်ဖို့ဘဲ သဘောတူခဲ့တာ "

" ကျစ်! အခုလည်း ငါကဖေဖေ့နေရာကို ခဏတာဝန်ယူပေးထားတာ အဲ့တော့ မင်းကအခု ဖေဖေ့ရဲ့ Secretary ဘဲ ! "

အစည်းအဝေးမှာ တစ်ချိန်လုံးအတွေးတွေဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့သူ့ကိုကြည့်နေခဲ့တာက ဒီကိစ္စကိုစဉ်းစားနေခဲ့တာလားလို့ပင် တွေးလိုက်မိသေးသည် ။ အခုလည်း အကျပ်ရိုက်သွားတဲ့မျက်နှာနဲ့ကောင်လေးက မျက်ခုံးတွေကအစ တွန့်ချိုးချင်နေသည် ။ မတတ်နိုင်ပါ ။ Secretary အသစ်တစ်ယောက်ရှာလိုက်ဖို့က လွယ်တယ်ဆိုပေမယ့် အဆင်ပြေမယ့်လူတွေ့ဖို့က ခဲယဉ်းသည် ။ ပြီးတော့ ဖေဖေက ဒီကောင်လေးကို သေချာအကူအညီတောင်းပြီး ဒီရာထူးမှာထား ထားတာ ။ သူ CEO ဖြစ်မှဘဲ အလုပ်ထထွက်တယ် အလုပ်နားလိုက်တယ်ဆိုရင် ဖေဖေက သူ့ကိုဘဲကောနေမှာ ။ အဲ့ဒီအခါကျ သူ့အပြစ်ပါဆိုပြီးထပ်ပြောမှာတွေမခံချင်ပါ ။

" ဘာအခက်အခဲရှိတာလဲ ဒီ Company မှာ မင်းနဲ့အဆင်မပြေတာဘာရှိလဲ ! "

Santa စိတ်ထဲကနေပြီး ကျွန်တော်နဲ့အဆင်မပြေတာ phi Perth ပါ ။ phi Perth နဲ့အလုပ်အတူတူလုပ်ဖို့ အခက်အခဲရှိတာပါလို့ ပြောလိုက်ချင်ပေမယ့် နှုတ်ကနေတော့ ထွက်မလာမိပါ ။ အဲ့ဒီအစား

" မရှိဘူး "

" မရှိရင် သွားတော့ "

ထိုအခါ သူ့အားတစ်ချက်မော့ကြည့်ကာ ခေါင်းပြန်ငုံ့သွားသူက မျက်နှာကလည်း အလိုမကျတော့သည့်ဟန် ။ ပြီးကာမှ နေရာမှလှည့်ထွက်သွားသူကြောင့်

" နေအုံး ! "

ဆိုတော့လည်း ချက်ချင်းပြန်လှည့်ကြည့်လာတဲ့ မထုံတတ်တေးမျက်မှာ ။ မြင်လား ပြောပြန်ရင် Perth ဘဲ အပြစ်ဖြစ်ရပြန်အုံးမှာ ။

" မင်းစားပွဲကို ငါ့ရုံးခန်းကို ရွေ့လာခဲ့ ! "

" ဘာလို့လဲ "

" ဖေဖေ့ရုံးခန်းအထိ ငါအလုပ်သွားမလုပ်နိုင်ဘူး မင်းစားပွဲကိုဘဲ ငါ့ဆီရွေ့လာခဲ့ အခုမင်းက ငါရဲ့Secretary ! "

Santa နေရာတွင်ရပ်ကာ သူ့အားအမိန့်ပေးနေသူအား ကြည့်လိုက်မိသည် ။ ဒီနေ့မှ CEO ဖြစ်လို့သာတော်တော့တယ် မာလိုက်တဲ့လေသံ ။ Santa ကြည့်နေတုန်းမှာပင် အလုပ်ထဲသို့ အာရုံစိုက်သွားပြီဖြစ်တဲ့လူကြောင့် ထိုနေရာမှသာ ထွက်လာခဲ့လိုက်တော့သည် ။ ရွေ့ဆိုတော့လည်းရွေ့ရုံပေါ့ ။ အခုအချိန်မှာ အဲ့ဒီလူက သူ့ထက် ရာထူးအကြီးလေ ။ အတွန့်တက်ရင်လည်း ရန်ဖြစ်မိရုံကလွဲပြီး ပိုလာမှာမဟုတ် ။ ဒီလိုအချိန်မှာတော့ စကားမများချင်မိတာ အမှန်ပါ ။

----

Company မှာ CEO ပြောင်းသွားပြီးကတည်းက ပိုပြီးတင်းကျပ်လာတဲ့စည်းကမ်းတွေနဲ့ အလုပ်ချိန်မှာ ပေါ့ပျက်ပျက်လုပ်တာမျိုးတွေ အလုပ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ အချိန်ဖြုန်းနေတတ်တာမျိုးတွေကို လုံးဝကြီးတားမြစ်လိုက်သည် ။ အကယ်၍ လုပ်ခဲ့ရင်လည်း CEO က ထိုက်တန်တဲ့အပြစ်ကို ချက်ချင်းပေးသည်မို့ ဝန်ထမ်းတွေအနေနဲ့ ပိုပြီးငြီးလာကြကာ အလုပ်လည်း ပိုကြိုးစားကြရတော့သည် ။ အထက်လူကြီးတွေအနေနဲ့ကတော့ ယာယီ CEO အသစ်ကို တော်တော်လေး သဘောကျနေကြလေသည် ။ နောင်လာမယ့် အနာဂတ်အတွက်ကိုပါ ကြိုပြီးဟောကိန်းထုတ်နေကြသေးသည် ။

" နေ့လယ် ၂ နာရီကျရင် NC project အတွက် တစ်ဖက် Company ရဲ့ ကမ်းလှမ်းချက်ကို သွားဆွေးနွေးပေးဖို့ ချိန်းထားတာရှိပါတယ် "

Santa ပြောနေပေမယ့် တစ်ချက်မှလှည့်ကြည့်မလာသူက ခေါင်းသာငြိမ့်ပြသည် ။

" ပြီးရင်တော့ ဘာမှမရှိတော့ပါဘူး "

ထိုအခါမှ လုပ်လက်စအလုပ်ကိုရပ်ကာ Santa အားကြည့်လာသူက တစ်ခုခုကို စဉ်းစားနေပုံပေါ်သည် ။ ပြီးကာမှ

" ရုံးဆင်းရင် မင်းသွားစရာရှိလား "

" မရှိပါဘူး "

" အဲ့ကအပြန် ဖေဖေ့ဆီဝင်မယ် ! အလုပ်တွေရှိရင် တစ်ခါတည်း လက်စသတ်ထားခဲ့ "

ထိုသို့ပြောကာ အလုပ်ကိုဆက်လုပ်နေပြီဖြစ်သူကြောင့် Santa လည်း ကိုယ့်စားပွဲကိုယ်သာ ထလာခဲ့လိုက်တော့သည် ။ ဒီရက်ပိုင်း တော်တော်လေးတည်ငြိမ်နေသည့် phi Perth က အလုပ်ကိုသာဖိလုပ်နေသည် ။ Santa ကိုလည်း အရင်နေ့တွေလို ပြဿနာရှာခြင်းမရှိသည်ကြောင့် သက်တောင့်သက်သာအလုပ်လုပ်နိုင်နေသည် ။ ထို့ကြောင့် တော်သေးသည်ဟုပြောရမည် ။

နေ့လယ် ၂ နာရီထိုးတော့ ချိန်းထားတဲ့နေရာကို phi Perth နဲ့အတူသွားရပြန်သည် ။ အလုပ်ပြီးသည့်အချိန်မှာတော့ ၄ နာရီကျော်နေလေပြီ ။ ပြောထားသည့်အတိုင်း ဦးလေးရှိသည့် ဆေးရုံသို့ နှစ်ယောက်သား ရောက်လာခဲ့ကြသည် ။ ဆေးရုံရောက်တော့ ပတ်တီးအဖွေးသားနှင့်ဦးလေးက လှုပ်ရှားမှုတွေသိပ်မလုပ်နိုင်သေးပေမယ့် nurse တွေအကူအညီနှင့် ကျောမှီပြီးထိုင်လို့တော့ ရနေပြီ ။ အောက်ပိုင်းကိုအဓိကထိသွားတာမို့ ခြေထောက်တွေ လှုပ်ရှားလို့တော့မရသေးပေ ။

" Company ကအပြန် ဝင်လာကြတာလား "

တီ Ning က ဦးလေးအတွက် နို့ဖျော် ဖျော်နေရင်း သူတို့ကို မေးလာသည် ။  အဝတ်အစားတွေမလှဲရသေးတဲ့အပြင် သူတို့နှစ်ယောက်လုံး အတူတူလာခဲ့တာမို့ Company က လာခဲ့တာမှန်းသိပုံပေါ်သည် ။ မဟုတ်လျှင် သူတို့နှစ်ယောက်က အတူတူလာစရာအကြောင်းမှ မရှိဘဲလေ ။

ဘာတစ်ခုမှပြန်မဖြေဘဲ အဖေဖြစ်သူအနား သွားကာစကားပြောနေသူကြောင့် Santa ကဘဲ ပြန်ဖြေလိုက်ကာ တီNing အနားသို့သွားလိုက်သည် ။

" Ta လေး အလုပ်မှာအဆင်ပြေကြရဲ့လား "

" ဟုတ် ပြေပါတယ် တီNing "

" Ta အစ်ကိုက ခေါင်းမာတယ် သူ့စိတ်သူလည်းသေချာသိတာမဟုတ်ဘူး Taကဘဲဒီကြားထဲ ဂရုစိုက်ပေးအုံးနော် "

" ဟုတ်ကဲ့ တီ Ning "

တီ Ning နဲ့စကားပြောပြီးသည့်နောက် ဦးလေးနဲ့phi Perth အားလှည့်ကြည့်လိုက်သည် ။ သူတို့စကားပြောလို့ပြီးပုံရမှ Santa ဦးလေးအနားသွားကာ နှုတ်ဆက်လိုက်သည် ။ ထိုအခါ သူ့အားပြုံးပြကာ ပြန်နှုတ်ဆက်လာတဲ့ဦးလေးက ဒီတစ်ရက်နှစ်ရက်အတွင်း တော်တော်လေး သက်သာလာသည်ဟုပြောရမည် ။ မဟုတ်လျှင် အခုလိုထိုင်နေနိုင်ဖို့မပြောနဲ့ စကားပြန်ပြောဖို့တောင် အနိုင်နိုင် ။ သို့သော် စကားအများကြီး ပြောနိုင်တာမျိုးမဟုတ်သေးပါ ။

ခဏအကြာတော့ ဆေးသောက်ချိန်ဟုဆိုကာ nurse တွေရောက်လာကြသည် ။ ဦးလေးကို ဆေးတိုက်သူကတိုက် အခြားတိုင်းတာစရာများကိုလည်း တိုင်းကြကာ ပြန်ထွက်သွားကြသည် ။ ပြီးနောက် သိပ်မကြာလိုက် ဦးလေးက ဆေးအရှိန်ကြောင့်အိပ်ပျော်သွားလေသည် ။

" သားတို့ ပင်ပန်းရင်သွားနားကြတော့လေ တစ်နေကုန်အလုပ်ထဲမှာမဟုတ်လား "

" မပင်ပန်းပါဘူး တီ Ning ! "

သူ့အဖြေကြောင့် သူ့အားကြည့်လာကာ ဘာမှပြန်မဖြေတော့သူကြောင့် Santa အဖြေများမှားသွားသလားဟုပင်ထင်မိလိုက်သည် ။

" မေမေက အိမ်မပြန်ဘူးလား "

" ဒီညမပြန်တော့ဘူး မေမေ ဆေးရုံမှာဘဲအိပ်လိုက်တော့မယ် "

" မနက်ကျ Company မသွားခင်ဝင်ခဲ့မယ် မေမေဘာမှာအုံးမလဲ "

" မမှာတော့ဘူး မေမေ မနက်ကျ ခဏပြန်အုံးမှာ "

မေမေက ဖေဖေ့အားစောင့်ရင်း ဆေးရုံမှာဘဲနေနေတာများသည် ။ Perth ကသာ အလုပ်နဲ့အိမ် အလုပ်ရှုပ်နေကာ ဆေးရုံကိုတောင် နေ့တိုင်းမလာဖြစ်ပေ ။

" ပြန်မယ် ! "

သူ့အားကြည့်ကာ ပြောလာသူကြောင့် Santa ထိုင်နေရာမှ ယောင်ယောင်အအ ထလိုက်မိသည် ။ ဒီရက်ပိုင်းမှာ ဘာပြောပြော အာဏာသံနဲ့လူကို Santa တကယ်မလွန်ဆန်နိုင်ဖြစ်နေမိသည် ။

" ဂရုစိုက်ပြီးပြန်ကြနော် သား Perth က ကားကိုသေချာမောင်းအုံး Ta လေးလည်း ဂရုစိုက် "

" ဟုတ်ကဲ့ တီ Ning "

တီ Ning ကိုသေချာနှုတ်ဆက်ပြီးသည့်နောက် နှစ်ယောက်အတူ ဆေးရုံထဲမှထွက်လာခဲ့ကြသည် ။ ဘာစကားမှမပြောဘဲ ကားထဲရောက်သည်အထိ တိတ်ဆိတ်နေကြတုန်း ။ ကြာလာလေလေ စိမ်းသက်လာလေလေဖြစ်နေသည့် လေထုကြောင့် Santa သက်ပြင်းသာဖွဖွချနေမိသည် ။ ဒီလိုအခြေအနေတွေကို သူတကယ်မကြိုက်ဘူး ။

" ဘာစားချင်လဲ "

" ဟင့်အင်း အိမ်ရောက်မှ "

အိမ်ပြန်သည့်လမ်းတွေမဟုတ်ဘဲ အခြားလမ်းအချိုးအကွေ့တွေဖြစ်နေတာကြောင့် Santa အဖြေဟာ အလုပ်မဖြစ်မှန်းသိလိုက်သည် ။ ဒါနဲ့များမေးနေသေးတယ် ။ သို့သော် ဆိုင်လေးကို ရောက်သည့်အချိန်မှာတော့ မျက်လုံးအဝိုင်းသားဖြစ်နေရသူက Santa ပင် ။ ဒီဆိုင်လေးက ...

" ကားပေါ်က မဆင်းတော့ဘူးလား "

ကားပေါ်ကဆင်းသွားပြီဖြစ်သူနောက် အမြန်လိုက်ဆင်းကာလိုက်ရပြန်သည် ။ ပြီးနောက် မရောက်တာကြာပြီဖြစ်တဲ့ ဆိုင်ခန်းလေးထဲဝင်လိုက် ထိုင်နေကျ ဝိုင်းလေးမှာဘဲ နေရာယူလိုက်သူသည် ဒီနေရာကို ကျွမ်းကျင်ပိုင်နိုင်စွာ ။ Santa လည်း အမြန်သွားထိုင်လိုက်ကာ ဆိုင်တစ်ခုလုံးကို ပြန်၍ဝေ့ဝှဲကြည့်နေမိသည် ။ နှစ်တွေကြာသွားတာတောင် မပြောင်းဘဲသေးဘူးဘဲ ။ သစ်သားအိမ်ပုံစံလေးသာ တည်ဆောက်ထားတဲ့ဆိုင်ကလေးသည် ဘာပကာသနမှမပါဘဲ အေးချမ်းလွန်းသည် ။ အလှဆင်ထားတဲ့ ပန်းပင်အချို့ဟာလည်း မြင်ရသူအဖို့မျက်စိအေးစေသည် ။ ပြီးတော့ ဒီဆိုင်လေးက သူတို့ငယ်ငယ်က မကြာခဏရောက်ဖြစ်တဲ့ဆိုင်လေး ။

" ခေါက်ဆွဲနှစ်ပွဲပေးပါ ကြက်သားရော ကြက်ဥရောထည့်မယ် ! "

" ဟုတ်ကဲ့ ခဏလေးစောင့်ပါရှင့် "

သိပ်မကြာလိုက်ပါ မျက်စိရှေ့သို့ အငွေ့တထောင်းထောင်းဖြင့်ရောက်လာသည့် ခေါက်ဆွဲအရည်ပျော်က စားချင်စရာအတိ ။ ငယ်ငယ်ကလို ဆွဲဆောင်လွန်းသည့် ရနံ့လေးကလည်း Santa ကိုဗိုက်ဆာလာစေသည် ။ Santa ကြည့်နေတုန်းမှာပင် ပန်းကန်ထဲသို့ရောက်လာသည့် ကြက်ဥခြမ်းကြောင့် မော့ကြည့်မိလိုက်သည် ။ ထိုအခါ သူ့အားမှင်သက်စွာ စိုက်ကြည့်နေသူကြောင့် Santa လည်း တော်တော်နဲ့အကြည့်မလွဲမိပေ ။ ပြီးနောက် ဒီဆိုင်မှာ ခေါက်ဆွဲစားတိုင်း သူ့ပန်းကန်ထဲ ကြက်ဥခြမ်းလာထည့်ပေးတတ်တဲ့ အမှတ်တရများအား မျက်လုံးထဲတန်းစီဝင်လာခဲ့သည် ။ ဒါက phi Perth လုပ်နေကျ အလုပ်တစ်ခု ။

အချိန်ခဏအကြာတော့ စတင်အကြည့်လွှဲသွားသူက ဘာမှလည်း ဆိုမလာ ။ ခေါက်ဆွဲကိုသာ စားနေပြီဖြစ်တာကြောင့် Santa လည်း ဘာမှဆက်မစဉ်းစားတော့ဘဲ ခေါက်ဆွဲကိုသာ စားနေလိုက်တော့သည် ။ ငယ်ငယ်ကအတိုင်း မပြောင်းလဲတဲ့ လက်ရာကြောင့် Santa တကယ်ပင် ပျော်ရွှင်သွားမိသည် ။ ပြီး​တော့ ပုံမှန်ထက်အရသာရှိနေတဲ့ ကြက်ဥခြမ်းလေးကြောင့် ရင်ထဲနွေးထွေးလာမှုကိုခံစားလိုက်ရသည် ။

" မနက်ဖြန်မနက် ဆေးရုံကိုလိုက်ခဲ့ ပြီးမှ Company ကိုသွားမယ် "

" ဟုတ်ကဲ့ "

အပြန်လမ်းတွင်လည်း လေထုဟာတိတ်ဆိတ်လျက် ။ Perth အနေနဲ့ ဒီကောင်လေးအပေါ်မှာ အာရုံသိပ်မထားဖြစ်ဘဲ အလုပ်ကိုသာဖိလုပ်နေခဲ့တာ ။ တကယ်တော့ သူနဲ့အလုပ်မလုပ်ချင်ဘူးဆိုတဲ့ ဒီကောင်လေးကို နေရမခက်စေချင်လို့ တမင်လုပ်နေခဲ့တာဆိုရင်လည်း မှန်လိမ့်မည် ။ မဟုတ်လျှင် သူစိတ်မကြည်တာနဲ့ ချက်ချင်းအလုပ်ထထွက်မည့်သဘောမှာ ရှိလေသည် ။

Perth ဘေးက အဖြူရောင်လေးကို လှည့်ကြည့်တော့ ဘေးပတ်ဝန်းကျင်ကိုငေးကာ လိုက်ပါလာသူက ငြိမ်သက်လို့ ။ ခုဏက ခေါက်ဆွဲဆိုင်မှာတုန်းကလည်း ကြက်ဥတစ်ခြမ်းထည့်ပေးတတ်တာက အကျင့်လိုဖြစ်နေတော့ ကိုယ့်စိတ်ကိုယ်တောင် မသိလိုက်မိဘူးဖြစ်သွားသည် ။ ထည့်ပေးလိုက်ပြီးကာမှ သူ့အားမျက်လုံးအဝိုင်းသားနှင့်ကြည့်နေသူကို သတိထားမိခဲ့သည် ။ နည်းနည်းကို့ယို့ကားယားနိုင်နေတာကြောင့် ဘာမှမပြောဘဲ နေလိုက်မိသည် ။ ဒီတော့လည်း ဘာမှပြန်မပြောဘဲ ခေါက်ဆွဲကိုသာ အားရပါးရစားနေသူက မျက်လုံးတွေပါ ဝင်းလက်လို့ ။ ဒီကောင်လေးက အစားစားနေတဲ့အချိန် အပျော်ဆုံးဆိုတာ Perth သိပါသည် ။

သူတို့ကြားမှာ ဘာကြောင့်မှားသွားခဲ့ရမှန်းမသိပေမယ့် Tata က သူ့အတွက်နှစ်ယောက်မရှိတဲ့ အဖိုးတန်ညီလေးတစ်ယောက်ပါဘဲ ။

-----

❤️

There are no comments yet. Log in to be the first to leave a review!

Similar stories