ep21
14:58, 16 October 2023" ဒန် ကိုကိုရော ကိုကိုကဘယ်မှာလဲ ဘာလို့နင်က သူတို့နဲ့အတူ ပြန်လာရတာလဲ "
ဒန်တို့ပြန်လာတဲ့အချိန်က မှောင်စပျိုးနေပြီ။ သူက အစ်ကိုဂျင်နဲ့သခင်လေးဂျွန်တို့ အရိပ်အကဲကြည့်ပြီး အပြင်ထွက်လာပေးခဲ့တော့ အပြင်ဘက်တွင် သခင်လေးဂျွန်ရဲ့ လက်ထောက်ကိန်းဝပ်နဲ့ သခင်လေးအယ်ရိုကို တွေ့လိုက်ရသည်။ သူတို့က သူ့ကိုစောင့်နေကြတာဖြစ်သည်။ သူပြန်ဖို့ကို အစ်ကိုဂျင်နဲ့မှ အတူပြန်ဖို့ လုပ်ထားပေမဲ့ လက်ထောက်ကိန်းဝပ်က ပြန်ဖို့ခေါ်တာနဲ့ အတူပြန်လိုက်လာခဲ့လိုက်သည်။ ကိန်းဝပ်က အစ်ကို့ကို သခင်လေးနှင့်ထားခဲ့လို့ ရတယ်ဆိုတာ သူ့ကိုပြောပြသည်။ သူလည်း နည်းနည်းရိပ်မိနေတာမလို့ သိပ်မတွေးနေတော့ဘဲ အတူပြန်လာခဲ့လိုက်သည်။
သူတို့ပြန်ရောက်တော့ ဧည့်ခန်းထဲတွင် လူစုံတက်စုံ ရှိနေကြသည်။ ကြည့်ရတာ သူတို့တွေ ပြန်မရောက်ကြသေးလို့ စောင့်နေပုံပါပဲ.. သူတို့အိမ်တော်ထဲဝင်ခဲ့သည်နှင့် မမလေးဂျယ်နီက ထလာပြီး အရင်မေးတော့သည်။ မစ္စမာရင်းတို့သားအမိက သခင်လေးဂျွန်နှင့် သခင်လေးအယ်ရိုကို စောင့်နေတာဖြစ်မည် သူတို့က သခင်လေးအယ်ရိုတစ်ယောက်တည်းသာ ပြန်လာသည်မြင်၍ သခင်လေးအယ်ရိုကို မေးမြန်းနေကြသည်။ သခင်လေးအယ်ရိုက ညနေတိုင်း သခင်လေးဂျွန်နဲ့အတူ သေနတ်ပစ်သင်ပြီး အတူပြန်လာနေကြဖြစ်သည်။ ဒီနေ့မှာတော့ သခင်လေးအယ်ရိုက သူတို့နဲ့ပါလာတဲ့အပြင် အဓိကလူနှစ်ယောက်က မပါလာတော့ မေးစရာဖြစ်နေသည်။
ရုတ်တရက်ဖြစ်သလို သူတို့ကိုလည်း ဒီလိုမျိုးမေးလာမည်မထင်မှတ်ထား၍ သူဘာပြန်ဖြေရမတွေးထားမိ။ အစ်ကိုနဲ့သခင်လေးဂျွန်အတူရှိပါတယ်ဆိုတာတော့ ပြောလိုက်လို့မဖြစ်ဘူး။ အထူးသဖြင့် မမလေးဂျယ်နီ သိလို့မဖြစ်ဘူး။ အစ်ကိုကလည်း သိခံမှာမဟုတ်ဘူး။
" အစ်ကိုက အရင်ပြန်လိုက်ဖို့ လွှတ်လိုက်တာပါ ဒီနေ့ သခင်လေးအယ်ရိုသင်တန်းကို လိုက်ကြည့်ရင်း အရာရှိမိတ်ဆွေဟောင်းတွေနဲ့တွေ့ပြီး ကျန်နေခဲ့တာပါ "
" သခင်လေးဂျွန်ရောအတူလား.. "
မမလေးဟယ်လင်ရဲ့ အမေးကြောင့် အားလုံးက သူ့ကို ကြည့်လာကြသည်။
" ကျွန်တော်သေချာမသိဘူး သူတို့စကားလက်ဆုံကျနေကြတာမလို့ ဖြတ်မေးလို့မကောင်းလို့ ကျွန်တော်တို့အရင် ပြန်ခဲ့လိုက်တာပါ "
ထိုအခါ လက်ထောက်ကိန်းဝပ် ကားသိမ်းပြီးကပြန်လာတော့ လက်ထောက်ကိန်းဝပ်ဆီ ဦးတည်သွားကြသည်။
" လက်ထောက်ကိန်းဝပ် သခင်လေးဂျွန်က ဘယ်အချိန်ပြန်လာမှာလဲ မင်းသွားကြိုရအုံးမှာလား "
" သခင်လေးက ဘာမှမမှာခဲ့ပါဘူး "
" စစ်တပ်မှာပဲ ကျန်နေခဲ့တာမလား "
" ဟုတ်ကဲ့ "
ထိုအခါ ဘာမှထပ်မမေးလာကြတော့။ အားလုံးက အတွေးကိုယ်စီနဲ့ ငြိမ်ကျသွားကြသည်။ မမလေးဂျယ်နီကို သူတစ်ချက်လှမ်းကြည့်တော့ မမလေးဂျယ်နီက သူတို့ကိုပြန်ကြည့်နေသည်။ ထင်တဲ့အတိုင်း မမလေးဂျယ်နီက သံသယဝင်နေသည်။ အစ်ကို့ရည်ရွယ်ချက်တွေကို သိထားတော့လည်း အလွယ်တကူ ဘယ်ယုံပါ့မလဲ.. သူဘယ်လိုပဲ သံသယမရှိအောင် ပြောအုံးတော့ အစ်ကိုနဲ့သခင်လေးဂျွန် အတူရှိနေတယ်ဆိုကတည်းက ဒီကလူတွေက အတွေးကိုယ်စီနဲ့ ရှိသွားကြတော့သည်။ သူတို့ကလည်း မစ္စမာရင်းတို့သားအမိချည်းပဲဆို ဂရုမစိုက်ပါဘူး။ အခုက မမလေးဂျယ်နီနဲ့ အစ်ကိုနဲ့ ထိုကိစ္စကြောင့် ထပ်ပြီးအမြင်စောင်းကြမှာ စိုးမိသည်။
ဒန်အပေါ်တက်ခဲ့ပြီး အစ်ကို့အခန်းထဲ စာရွက်စာတန်းတွေ ဝင်ထားနေတုန်း မမလေးဂျယ်နီ ဝင်လာခဲ့သည်။ သူမက အစ်ကို့စားပွဲတွင် ဝင်ထိုင်ပြီး စာရွက်စာတမ်းတွေကို အေးအေးလူလူ ကိုင်ကြည့်နေသည်။
" မမလေးဂျယ်နီ ဘယ်လိုကိစ္စများ ရှိလို့ပါလဲ "
" ဒန်.. ကိုကို့စက်ရုံကိစ္စရော ဘယ်လိုဖြစ်သွားပြီလဲ ကိုကိုက ဆက်မလုပ်တော့ဘူးလို့လည်း ပြောတယ် ဂျယ်နီ့ကိုလည်း သူစီစဉ်ထားသလို မလုပ်ခိုင်းတော့ဘူးလေ.. နောက်တော့ သခင်လေးဂျွန်နဲ့အတူ မြေနေရာသွားကြည့်ကြတယ် အဲဒါက ဘယ်လိုဖြစ်တာလဲသိလား သခင်လေးဂျွန်က ကူညီတာလား "
" နင်က ကိုကို့လူမှန်းလည်း သိပါတယ် ကိုကို့ကိုလည်း မေးမှာပါ နင်က နင်သိသလောက် ပြောပြချင်ပြောပြပေါ့.. ကိုကိုနဲ့သခင်လေးဂျွန် တစ်ခုခုအပေးအယူလုပ်ခဲ့ကြတယ်မလား မဟုတ်ဘဲ ကိုကို့စက်ရုံကိစ္စက ဘယ်လိုမှ အဆင်ပြေသွားမှာမဟုတ်ဘူး ဟမ်း.. အဲဒါ ဘယ်လိုအပေးအယူမျိုးလဲ "
သူဘာမှပြန်မဖြေနိုင်။ ဘယ်လိုပြန်ဖြေရမလဲပင် မသိ။ ထိုမေးခွန်းတွေက အစ်ကိုကိုယ်တိုင်ပင် ဖြေရခက်လောက်တဲ့ မေးခွန်းတွေ..
" အစကတော့ ဂျယ်နီနဲ့လက်ထပ်ပေးပြီး အမွေတွေသုံးလို့ရအောင် လုပ်ရမယ်လို့ စီစဉ်ခဲ့တယ်လေ.. နောက်ပိုင်း ဂျယ်နီ့ကို သူနဲ့ပတ်သက်စရာမလိုတော့ဘူး ပြန်ပြောတယ် ပြီးတော့ သူတို့မြေကွက် အတူသွားကြည့်ကြတယ် ဘာတွေလဲ.. ဒီတစ်ခါရော ညီမလေးကို နှမြောလို့ ကိုယ်တိုင်အနစ်အနာခံလိုက်ပြန်တာလား ဟမ်း.. "
" ဘယ်လိုပဲဖြစ်နေပါစေအုံး အစ်ကိုက အားလုံးအဆင်ပြေမဲ့လမ်းကို ရွေးတာပါပဲ မမလေးအစ်ကို့ကို ယုံကြည်ပေးလိုက်ပါ အစ်ကိုက အားလုံးအတွက်ကြည့်ပြီး အားလုံးကောင်းဖို့အတွက်ပဲ စိတ်ထဲရှိတယ် "
" နင်က ကိုကို့လူလို့မပြောရဘူး လေသံက တစ်ချိုးတည်းပဲ ကိုကိုဘာလုပ်လုပ် နင်တို့က အကုန် ခေါင်းညိတ်ထောက်ခံနေပြီးသားပဲ ကျေးဇူးရှင်ကြီးလိုပဲနော် ဒါဆို ကိုကိုကပဲ အားလုံးအပေါ်ကောင်းပြီး သူ့ညီမလေးအပေါ်မှာတော့ လုပ်ချင်သလိုတွေ လုပ်နေခဲ့လားမသိဘူး.. ကိုယ့်ညီမလေးနဲ့ သင့်တော်တယ်ဆိုပြီး ရည်ရွယ်ထားတဲ့သူကိုမှ.. ပထမတစ်ခါတုန်းက နားလည်ပေးလို့ရပေမဲ့ အခုက ဂျယ်နီကိုယ်တိုင်က စိတ်ဝင်စားပါတယ်လို့ ပြောထားပြီးမှ တမင်လုပ်နေတာကြီးမဟုတ်ရင် ဘာလဲ ဘယ်လိုမှ နားလည်ပေးလို့မရတော့ဘူး "
မမလေးဂျယ်နီ ဒေါသတကြီး အခန်းထဲက ထွက်သွားတော့ သူသက်ပြင်းချမိသည်။ အစ်ကိုလည်း ဘာကိုမှတမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမှမဟုတ်တာ..
________________________________
" ဂျယ်နီ အစောကြီးနိုးလို့ပါလား "
ဆော့ဂျင်ရေချိုးခန်းထဲက ထွက်လာတော့ သူ့အခန်းထဲတွင် ဂျယ်နီရောက်နေသည်။ သူညက ပြန်မရောက်တာနှင့်ပတ်သက်ပြီး တစ်ခုခုမေးချင်၍ထင်ပါရဲ့.. ဂျယ်နီမရောက်ခင် သူနိုးနိုးချင်း ဒန်က သူ့အနိုးကိုစောင့်ပြီး မနေ့ကဖြစ်စဉ်တွေကို အကျဉ်းချုံးပြောပြသွားပြီပြီ။ ဒန်က သူဂျွန်ဂျောင်ဂုနဲ့ပတ်သက်နေတာနဲ့ ပတ်သက်ပြီး တစ်ခါက ဝန်ကြီးချုပ်နဲ့ဖြစ်ခဲ့သလို သူတို့မောင်နှမ ထပ်ဖြစ်ကြမှာကို စိုးရိမ်နေသည်။
" ညက အိပ်မပျော်လို့.. ကိုကိုညက ဘယ်အချိန်ပြန်ရောက်လဲ "
" ဂျယ်နီစောင့်နေသေးတာလား "
" အင်း.. ကိုကိုဘာလုပ်နေတာလဲ အဲအချိန်ထိကြီးလေ.. "
" ဂျယ်နီ့ကို ဒန်မပြောပြထားဘူးလား ကိုကိုနောက်ကျမယ်ဆိုတာလေ.. "
" ပြောတယ်လေ သူပြောတာထက် ကိုကို့ကို ကိုယ်တိုင်မေးချင်လို့ "
" မနေ့က ကိုကိုတို့ အယ်ရို့လေ့ကျင့်ရေးကွင်းဆီ သွားလည်ကြတယ်လေ အပြန် ကိုကိုက လုပ်စရာလေးတွေရှိနေလို့ နောက်ကျနိုင်လို့ သူတို့ကို အရင်ပြန်လွှတ်လိုက်တာ ဘာဖြစ်လို့လဲ ကိုကိုအလုပ်ကိစ္စနဲ့ အပြင်မှာညဉ့်နက်သွားတယ်လေ "
" အလုပ်ကိစ္စ! ကိုကို့စက်ရုံကိစ္စလား အဲဒါက အဆင်ပြေသွားပြီလား "
" အင်း ပြေသလောက်ဖြစ်နေပေမဲ့ မသေချာဘူး အဆင်ပြေသလောက်ပေါ့.. ဘာလို့ဂျယ်နီက ရုတ်တရက်ကြီး စက်ရုံအကြောင်းတွေ သိချင်လာရတာလဲ "
" စိတ်ဝင်စားလို့ ရုတ်တရက်ကြီး ကိုကို့စက်ရုံကိစ္စက အဆင်ပြေသွားလို့ မယုံနိုင်ဖြစ်နေတာ ဘယ်လိုများအခုလို အဆင်ပြေသွားရတာလဲလို့.. "
" အဆင်ပြေသွားတော့ မကောင်းဘူးလား "
စကားအသွားအလာတွေအရ ဂျယ်နီဘယ်ကို ဦးတည်နေမှန်း သူသိနေပြီ။ ဂျယ်နီသူ့ကို ဂျောင်ဂုနှင့် သံသယဝင်နေထားပြီ။ ဒါပေမဲ့ ဘယ်လိုနေနေ ဂျယ်နီသိသွားစေအုံးတော့ သူလုပ်နေတာတွေက အကောင်းဆုံးနည်းလမ်းတွေပဲ.. သူအခု သူ့မတ်လေး၊သူ့ယောကျာ်းရဲ့ညီနဲ့ လူသိမခံတဲ့ ဇာတ်လမ်းတွေရှိနေပြီ။ သူတို့အများကြီးလည်း ကျူးလွန်မိပြီးသွားပြီ။ ထိုအတွက်ကြောင့် သူ့ဘက်က ပြန်ရခဲ့တဲ့ အခွင့်အလမ်းကလည်း များသည်။ ဂျွန်ဂျောင်ဂုနှင့်သူအတူနေ၍ သူစက်ရုံဆောက်ဖို့ကိစ္စက အထမြှောက်လာသည်။ ဟုတ်ပါတယ် အစက သူလည်း ဒီယောကျာ်းကို သူ့ညီမလေးနဲ့ ပေးစားပြီး အမွေတွေလိုချင်ခဲ့တာပါပဲ ဒါပေမဲ့ အခုအခြေအနေတွေက တူမှမတူတော့တာလေ ထင်ထားသလိုမှ မဖြစ်လာခဲ့တာ.. ဂျွန်ဂျောင်ဂုဂျယ်နီ့ကိုအတည်ကြိုက်ပြီး လက်ထပ်ချင်ခဲ့ရင် သူ့အတွက်က အကောင်းဆုံးတောင် ဖြစ်လာအုံးမှာ အခုသူက သူမှ အတည်မကြိုက်ဘူး၊ ယူဖို့မဖြစ်နိုင်ဘူး၊ သူ့ရှေ့မှာ ပေါ်တင်ပြောခဲ့ဖူးတဲ့သူကို သူကဘာလို့ သူ့ညီမလက်ထဲ ထည့်ပေးရအုံးမှာလဲ..
သူ့ကိုအတည်မယူလည်း သူကမနစ်နာဘူး အဓိကသူ့ရည်ရွယ်ချက် ပြည့်ရင်ရပြီ။ သူ့ရည်ရွယ်ချက်တွေပြည့်တဲ့အချိန်အထိတော့ ဂျွန်ဂျောင်ဂုကို သူဆွဲထားရအုံးမှာပဲ.. ပြီးတော့ ဂျယ်နီနဲ့လည်း ဘယ်လိုမှမဖြစ်အောင် တားဆီးရအုံးမှာ ဂျယ်နီ ဂျွန်ဂျောင်ဂုအပေါ် စိတ်ရှိနေတာသိပေမဲ့ သူအစွမ်းကုန် တားသွားရလိမ့်မယ် သူတို့ဘယ်လိုမှ မဖြစ်ရဘူး။ ယောကျာ်းတစ်ယောက်ကို မောင်နှမနှစ်ယောက်က အတူမျှဝေသုံးဖူးခဲ့တာမျိုး အဖြစ်မခံနိုင်ဘူး။ သူညီမလေးကိုလည်း မကောင်းမှန်းသိလျက်နဲ့ သူ့လက်ထဲရောက်သွားမှာမျိုး သူအဖြစ်မခံဘူး။
" ကိုကို ဂျယ်နီမသိဘူးထင်နေလား.. ကိုကိုနဲ့သူနဲ့ တစ်ခုခုဖြစ်ခဲ့တယ်မဟုတ်လား မနေ့က ကိုကိုတို့အတူရှိနေခဲ့တာမဟုတ်လား ဟမ် အဲလိုမဟုတ်ဘဲ ကိုကို့စက်ရုံကိစ္စတွေက အလကားအဆင်ပြေမလာဘူး သူနဲ့တစ်ခုခု အပေးအယူမလုပ်ထားဘဲ သူကကိုကို့ကို ကူညီမှာမဟုတ်ဘူး "
" ဂျယ်နီ.. ကိုကိုပြောမယ် ကိုကို့အတွက် ဘယ်လိုအပေးအယူပါ့လုပ်ရရ စက်ရုံကိစ္စအဆင်ပြေရင် ရပြီ။ ကိုကိုတို့အတွက် အရေးအကြီးဆုံးက ကိုကိုတို့ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ပဲ ဟုတ်တယ်မလား ဒါကြောင့် တခြားမတွေးနဲ့တော့.. ကိုကိုတို့ သူ့အကူအညီလိုအပ်တယ် သူကူညီမှဖြစ်မယ် "
" ကိုကို!! ကိုကိုကလေ ဂျယ်နီသူ့ကိုသဘောကျတယ်ဆိုတာ ပြောထားပါလျက်နဲ့ ကိုကိုကအခုလိုဖြတ်ခုတ်တယ် ဟမ် ရည်ရွယ်ချက် ဘာရည်ရွယ်ချက်လဲ အခုလည်း ကောင်းကောင်းမနေနေရလို့လား ဟမ် ကိုကိုကိုက လောဘကြီးလွန်းနေတာ သူများပြောလည်း ပြောစရာပဲ ကိုကိုကကို ရသလောက်နဲ့ မတင်းတိမ်နိုင်ဖြစ်နေတာ ညီမလေးသဘောကျတဲ့သူကိုပါ ကိုကိုကမချန် လုပ်နေတာ ကိုကိုအခုလို သူနဲ့ပတ်သက်နေတာက အရမ်းရှက်ဖို့ကောင်းတယ်သိရဲ့လား "
" ဂျယ်နီ မင်းဘာပြောပြော အကုန်လုံးက ဖြစ်ပြီးသွားပြီ ငါတို့အခြေအနေက မသင့်တော်ဘူးဆိုအုံးတော့ ငါတို့က ပေါ်ပေါ်ထင်ထင် ရှိနေမှာမဟုတ်ဘူး နောက်ထပ်သဘောပေါက်ရမှာက သူက ကိုကိုနဲ့အဲလိုမျိုးဖြစ်နေတဲ့သူမျိုးမလို့ သူနဲ့ထပ်ပြီးပတ်သက်ဖို့ မကြိုးစားနဲ့တော့ ကိုကိုတို့က ရှက်ဖို့ကောင်းတယ်ဆိုရင် သူအဲလိုလူမျိုးမှန်း သိလျက်နဲ့ ပတ်သက်နေတာက ပိုရှက်ဖို့ကောင်းတယ် နားလည်လား သူ့လိုလူထက် သာတဲ့ယောကျာ်းတွေ အများကြီးရှိတယ် သူနဲ့ပတ်သက်ဖို့ မကြိုးစားနဲ့တော့ "
" ဟား.. ဒါက အစ်ကိုတစ်ယောက်က ညီမကို ဆုံးမတဲ့စကားပေါ့ ဟား.. ရတယ်လေ ဟက် ကိုကို့ညီမလေးက ဘယ်တုန်းက ကိုကို့စကား နားထောင်ခဲ့ဖူးလို့လဲ.. ရတယ်လေ ယောကျာ်းတစ်ယောက်ကို မောင်နှမနှစ်ယောက် အတူပတ်သက်ကြတာပေါ့ တကယ်လို့ ဂျယ်နီသာ သခင်လေးဂျွန်နဲ့ အဆင့်တွေတက်ပြီး မတော်တရော်ကိစ္စတွေ ဖြစ်လာခဲ့ရင် ကိုကိုလက်ခံပေးဖို့ ပြင်ထားလိုက်တော့ ဂျယ်နီသူနဲ့ ဘယ်လိုပတ်သက်မှုမျိုးပါ့နေနေ ရအောင်ပတ်သက်ပြမယ် ကိုကို့လိုဖြစ်သွားရင်လည်း ကောင်းတာပေါ့ မောင်နှမနှစ်ယောက် အတူတူဖြစ်သွားတာပေါ့ "
" ဂျယ်နီ!! မင်းကိုကို့ကို ရွဲ့ချင်တာနဲ့ လျှောက်လုပ်ဖို့မကြိုးစားနဲ့ မင်းကိုကို့ကို ရွဲ့နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး မင်းကိုယ်မင်း တန်ဖိုးရှိအောင်နေစမ်းပါ အရေးမပါတာ လျှောက်မလုပ်ချင်နဲ့ ငါတို့ပတ်သက်နေတယ်ဆိုတာ ဘာခံစားချက်မှမပါဘဲ အကုန်အပေးအယူသဘောနဲ့ပဲ မင်းသူနဲ့ပတ်သက်တော့ ဘာရမှာလဲ မင်းတန်ဖိုးပဲမဲ့သွားမှာ ဟမ် "
" ဂျယ်နီဘာမှမရရင်တောင် ကိုကိုစိတ်ထိခိုက်သွားရလိမ့်မယ် အဲဒါကိုကို့အတွက်အပြစ်ဒဏ်ပဲ "
ဂျယ်နီက ပြတ်ပြတ်သားသားပြောပြီး အခန်းထဲမှ ထွက်သွားသည်။ ဂျယ်နီထွက်သွားတော့ သူခုတင်ပေါ် အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။ ဂျယ်နီသာ ဂျွန်ဂျောင်ဂုရှေ့ လည်စင်းပေးရင် တကယ်ဘဝပျက်ရမဲ့သူက သူ.. ဂျယ်နီက တကယ်လုပ်နိုင်တယ်.. သူလည်း ဒီလိုအဖြစ်မျိုး မမျှော်လင့်ထားခဲ့ပေမဲ့ သူဂျွန်ဂျောင်ဂုနဲ့ ဒီလိုမျိုးတွေဖြစ်လာတာ အကောင်းဆုံးနည်းလမ်းလို့ ထင်နေမိသည်။ ဂျယ်နီက ဘာလို့ အမှန်ကိုမမြင်နိုင်နေရတာလဲ။ ဂျွန်ဂျောင်ဂုရဲ့ အပေါ်ယံစကားတွေကို အဟုတ်တကယ်ကြီး ထင်နေတာ.. ဟမ်း.. သူ့စိတ်တွေ ရှုပ်ထွေးလို့နေပြီ။
___________________________________
စက်ရုံအသစ်ဆောက်လုပ်ရေးအတွက် လိုအပ်သလောက်ငွေကို အိမ်တော်ရဲ့အမွေထဲမှ လိုသလောက် ထုတ်ယူသုံးစွဲနိုင်ခဲ့သည်။ သူတို့စက်ရုံဆောက်လုပ်ရေးကြီးကို ချောချောမွေ့မွေ့ဖြင့် စတင်နိုင်ခဲ့ပြီး ယနေ့ဆိုရင် တစ်ပတ်လောက်ရှိလောက်ပြီ ဆောက်လုပ်ရေးစတင်နေခဲ့တာ.. သူအလုပ်ဆင်းတိုင်း စက်ရုံဘက် သွားသွားစစ်ဆေးတတ်ပြီး အပြန်တွင်တော့ သူနှင့်ဒန်တို့ အယ်ရိုနှင့်အတူ သေနတ်ပစ်သင်ဖို့ လေ့ကျင့်ကွင်းဆီရောက်လာကြပြီး သင်ခန်းစာပြီးမှ အတူပြန်လာဖြစ်သည်။
ဒန်ကိုတော့ သူတောင်းဆိုထားတဲ့အတိုင်း ကိန်းဝပ်က သင်ပေးသည်။ သူနှင့်အယ်ရိုကိုတော့ ဂျွန်ဂျောင်ဂုက သင်ပေးသည်။ သူဂျွန်ဂျောင်ဂုနဲ့ အခုလို အနေအထားနှင့် အနီးကပ်နေလိုက်ရတော့ သူမသိသေးတဲ့ ဂျွန်ဂျောင်ဂုပုံစံတစ်မျိုးကို သိလိုက်ရသည်။ သူက သူအာရုံစူးစိုက်နေတဲ့ တစ်ခုခုအပေါ်မှာပဲ အာရုံအပြည့်ရှိပြီး တိကျပြတ်သားသည်။ ဩဇာရှိသည်။
" မဟုတ်သေးဘူး "
" မဟုတ်သေးဘူး "
" မဟုတ်သေးဘူး "
" ကိုယ်ဟန်ကကို မှားနေတယ် မဟုတ်သေးဘူး "
" မဟုတ်သေးဘူးလို့ အခုထိ ကိုယ်ဟန်အနေအထားတောင် မှားနေသေးတာ ရှေ့ဆက်ဘယ်လိုသင်မှာလဲ "
သူခြေထောက်တွေကို ပြန်စုရပ်လိုက်သည်။ သူက သူ့ကိုလည်း ကလေးတစ်ယောက်လို အမိန့်ပေးနေသည်။ အရင်က သူ့ရှေ့မှာဆို အမြဲစနောက် အနှောင့်အယှက်ပေးခဲ့တဲ့သူက အခုသူ့ကို အာဏာပေးခိုင်းစေနေတာခံရတော့ သူခံပြင်းစိတ်က ဝင်လာသည်။ သူကဘာလို့ သူ့အမိန့်တွေကို နာခံနေရမှာလဲ.. သူကသူ့ဆီက တအားတွေ သင်ချင်နေတယ်များ ထင်နေလို့လား..
" မသင်တော့ဘူး မင်းလည်း စိတ်မရှည်ဘူးမလား ငါ့အတွက် ဘာမှအရေးမကြီးပါဘူး။ မဖြစ်မနေတတ်ထားဖို့လည်း လိုတာမှမဟုတ်တာ "
ဂျွန်ဂျောင်ဂုက သူ့ကိုမျက်မှောင်တွေကျုံ့ရင်းသာ စိတ်မရှည်သလို ကြည့်နေခဲ့သည်။ သူလက်လျှော့လိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ သူကမဖြစ်မနေသင်ချင်တယ်လို့ ပြောထားလို့ အခုလိုမျိုး သည်းခံသင်နေရမှာလား.. သူနောက်နားတွင်သာ သွားထိုင်နေလိုက်ပြီး အယ်ရိုသင်ယူနေတာကိုပဲ တိတ်တဆိတ်စောင့်ကြည့်နေလိုက်သည်။ အယ်ရိုကတော့ သူ့ဦးလေးငယ်စိတ်မရှည်ဖြစ်နေလည်း သေချာသင်ယူနေသည်။ ကြည့်ရင်း သူပျင်းလာတာနဲ့ စက်ရုံကပါလာတဲ့ စာရင်းဇယားတွေ ကြည့်နေတော့မှသာ အချိန်ကုန်မှန်းမသိ ကုန်သွားတော့သည်။
" မဒမ်ကင်မ် ပြန်လို့ရပြီ "
အယ်ရိုခေါ်သံကြားမှသာ သူပတ်ဝန်းကျင်ကို ပြန်အာရုံရောက်သွားသည်။ ထိုအခါ အယ်ရိုက ပြန်ဖို့ပင် အဆင်သင့်ဖြစ်လို့နေပြီဖြစ်သည်။
" မင်းပြီးသွားပြီပေါ့ ဒါဆိုလည်း ပြန်ကြမယ်လေ "
သူပေါင်ပေါ်က ဖတ်လက်စ စာရွက်စာတန်းတွေကို သိမ်းလိုက်ပြီး ထရပ်လိုက်သည်။ ထိုအခါ သူ့လက်ကိုဆွဲကိုင်ပြီး ချက်ခြင်းတားဆီးခံလိုက်ရသည်။ သူသူ့လက်ကိုကိုင်ထားတဲ့ လက်တွေကို ကြည့်ပြီး ဂျွန်ဂျောင်ဂုကို ပြန်ကြည့်လိုက်သည်။
" ခင်ဗျားပြန်လို့မရသေးဘူး.. "
" ... "
" ဘာမှမတတ်သေးဘဲ ဘယ်ကိုပြန်ချင်တာလဲ အယ်ရို ဟိုဘက်အခန်းက ကိန်းဝပ်တို့ကို သွားရှာလိုက် အတူတူပြန် "
" ဟုတ်ကဲ့ဦးလေးငယ် ဒါဆို မဒမ်ကင်မ်တာဝန်ကျေလိုက်ပါအုံး "
အယ်ရိုက သူတို့ကိုနှုတ်ဆက်ကာ လှစ်ခနဲ ပြေးထွက်သွားသည်။ သူသူ့ကိုဆွဲကိုင်ထားတဲ့လက်တွေထဲက ရုန်းထွက်ပစ်လိုက်သည်။ ဘယ်သူကသင်ချင်တယ်ပြောနေလို့လဲ..
" မြန်မြန်အဆင်သင့်လုပ်တော့ ဟိုနေ့ကလို အိမ်ပြန်နောက်ကျလို့ တစ်မျိုးထင်မခံချင်ရင် မြန်မြန်စိတ်ဝင်တစား လိုက်လုပ် မဟုတ်ရင်တော့ အထင်ခံရတာခြင်းအတူတူ အကျိုးရှိတာပဲ လုပ်လိုက်တာကောင်းတယ် "
နောက်ဆုံးတော့ သူသူပြောတဲ့အတိုင်းသာ လုပ်လိုက်ရသည်။ တစ်ခါတည်းနဲ့ လက်လျှော့တတ်တာက သူ့ပုံစံလည်း မဟုတ်ဘူးလေ.. သူ သူ့ကိုယ်ပေါ်တွင် ကိရိယာတချို့ ပြန်တပ်ဆင်လိုက်ပြီး သူက သူ့အတွက် ကျည်ဆန်အသင့်ထည့်ထားတဲ့ သေနတ်တစ်လက်ကို ထည့်ပေးသည်။ သူကိုယ်နေဟန်ထား ပြင်လိုက်ပြီး သေနတ်ကို ပစ်မှတ်ဆီ ချိန်ရွယ်လိုက်သည်။
" အခုထိလည်း မှားနေတုန်းပဲ.. "
" မင်း!.. "
သူပြန်ပြောဖို့ပြင်လိုက်ပေမဲ့ သူ့နောက်ကျောတွင် ကပ်လျက်နီးကပ်သွားတဲ့ခန္ဓာကိုယ် အနေအထားကြောင့် သူခေါင်းလှည့်ကြည့်ဖို့ရာပင် မစွမ်းသာလိုက်။ အသက်ရှူငွေ့တွေက သူ့နားရွက်နားတွင် ခပ်သာသာထုတ်လွှတ်နေသည်။ သူက သူနောက်ကျောကနေ သိုင်းဖက်လာပြီး သူ့ကိုယ်ဟန်အနေအထားကို သေချာပြင်ပေးနေသည်။
" စိတ်မပျံ့လွှင့်စေနဲ့ ပစ်မှတ်တစ်ခုတည်းကိုပဲ သေချာအာရုံစိုက်ထား "
သူ့အနေအထားငြိမ်ပြီထင်ရတဲ့အခါမှသူ့နောက်ကျောပြင်ကနေ ဖယ်ခွာသွားသည်။ သူ့ရဲ့အချက်ပေးအသံနှင့်အတူ ကျည်ဆန်သည်လည်း သူ့လက်ထဲက ထွက်သွားပြီး ပစ်မှတ်ဆီသို့ ရောက်ရှိဖြိုခွင်းသွားသည်။ ပစ်မှတ်ကိုတော့ ထိမသွားဘဲ ဘေးဘောင်နံရံသားတွင်သာ ပစ်မှတ်ထိရုံစွန်းစွန်းလေး သွားထိမှန်သည်။
" မဆိုးပါဘူး ဘောင်ကိုတော့ ထိသွားပါသေးတယ် ဒီအနေအထားအတိုင်း ဆက်လေ့ကျင့်ရင်တော့ ပစ်မှတ်ကို ထိလာနိုင်ပါတယ် "
ဆော့ဂျင်သူ့ကိုအထင်သေးပြောနေတဲ့ထိုကောင်ရဲ့စကားတွေကို လျစ်လျှူရှုထားလိုက်ပြီး ထိုအနေအထားအတိုင်း ပြန်နေရာယူလိုက်သည်။ သူ့စကားတွေကို လိုက်ပြန်ပြောနေရင် အလကားအချိန်ကုန်တယ် သူပစ်မှတ်ဆီသို့ ချိန်ရွယ်ထားလိုက်ပြီး ကျည်ဆန်ကို နှစ်ချက်ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ ထိုအခါ ပစ်မှတ်ဘောင်ကိုပင် မထိမှန်တော့ဘဲ လေထဲအလဟဿကျသွားခဲ့သည်။ ရလဒ်ကြောင့် သူကိုယ်တိုင်ပင် ဒေါသထွက်မိသည်။ သူ့နောက်ကကောင်ကတော့ ပြောစရာပင်မလို အသံထွက်လှောင်ရယ်နေသည်။
" ကျုပ်ရဲ့မရီးကို နေရာတိုင်းမှာ တော်ပြီး ထက်မြက်လှတဲ့သူလို့ ထင်ထားတာ ဒီနေ့တော့ အထင်ကြီးထားသလို ဟုတ်မနေတာ မြင်လိုက်ရတာပဲ ဟင်း.. "
ဒိုင်း! ဒိုင်း! ဒိုင်း!
သူ့ရဲ့လှောင်ရယ်သံကြောင့် ဆော့ဂျင် ပိုလို့ဒေါသထွက်မိပြီး စိတ်ပေါက်ပေါက်နဲ့ ကျည်ဆန်တွေ အကုန်ပစ်ထုတ်လိုက်သည်။ သုံးခါဆက်ပစ်ပြီးတဲ့အချိန်မှာတော့ ကျည်ဆန်တွေ ထပ်မထွက်လာတော့.. ထိုအထိကို သူဆက်၍ဆက်၍ ခလုတ်ကို ဆက်တိုက်နှိပ်နေမိသေးသည်။ သူ့ဒေါသတွေ တော်တော်လေး ပုံထနေပြီဖြစ်သည်။
" တော်တော်လည်း စိတ်ကြီးပါလား ကျုပ်ကစတာပါဗျာ ကျုပ်မရီးက နေရာတိုင်းမှာ တော်နေပြီပဲ ချွင်းချက်လေးတော့ ရှိရမှာပေါ့ ဟုတ်တယ်မလား ချွင်းချက်အနေနဲ့ မရီးကိုတတ်အောင် မသင်ပေးတော့ပါဘူး အိုး.. "
ဆော့ဂျင်သူ့သေနတ်ကို သူ့နောက်ကသူဆီ ပြောင်းချိန်လိုက်သည်။ ထိုအခါ သူက နောက်တောက်တောက်နဲ့ လက်မြှောက်အရှုံးပေးပြသည်။ လက်ထဲကသေနတ်မှာ ကျည်ဆန်သာရှိသေးရင် သူတကယ်ပစ်လိုက်မိမယ်ထင်တယ် ဟမ်း! သူထိုနောက်ပြောင်နေတဲ့ မျက်နှာကို ကြည့်မရစွာ သေနတ်ကို ပစ်ချလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။
အလကားကောင်! ဆော့ဂျင်သူ့ကို သက်သက်စိတ်အနှောင့်အယှက်ဖြစ်အောင် စနောက်နေမှန်းသိလျက်နဲ့ ဒေါသထွက်နေမိသည်။ သူသူ့အိတ်နဲ့ ပါလာတဲ့ပစ္စည်းတွေကို ကောက်ယူလိုက်ပြီး ပြန်ဖို့ပြင်သည်။ သူဒီကောင်နဲ့ မျက်နှာချင်းကို မဆိုင်ချင်တော့ဘူး။
" မရီးရာ ကလေးကလားနဲ့.. "
ဂျွန်ဂျောင်ဂုက သူ့လက်တွေကို ဆွဲယူပြီး မျက်နှာချင်းဆိုင်လာစေတဲ့အခါ သူအားနှင့်ပင် ရုန်းပစ်လိုက်သည်။ သူ့လက်တွေက နည်းနည်းမှပင် ရုန်းမရတဲ့အပြင် သူ့တစ်ကိုယ်လုံးသည်လည်း သူနှင့်နီးကပ်သွားသည်။
" ကျုပ်ကစနေတာလေ ဘာလို့ဒေါသထွက်ရတာလဲ.. ဟမ်း.. ဒါပေမဲ့ သဘောကျစရာပဲ "
" ဖယ် လွှတ်စမ်း! ငါပြန်တော့မယ် "
သူသွားဖို့ပြင်လိုက်ပေမဲ့ တစ်လှမ်းပင် ရွှေ့လို့မရ။ ဂျွန်ဂျောင်ဂုက တမင်ပိတ်ရပ်ထားပြီး သူ့မျက်နှာကို စေ့စေ့လိုက်ကြည့်နေသည်။ သူသူ့မျက်နှာကို ထိကိုင်လာတဲ့လက်တွေကို မကြည်ဖြူစွာ ဖယ်ချပစ်လိုက်သည်။ ထိုအခါ ရယ်သံသဲ့သဲ့ထွက်လာပြီး ပိုလို့အားစိုက်ပင့်ခံလိုက်ရတဲ့ သူ့မျက်နှာ.. သူမရုန်းတော့ဘဲ သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲ ခပ်စူစူးပြန်စိုက်ကြည့်လိုက်သည်။
" မရီးမတတ်လည်း ကိစ္စမရှိပါဘူး ကျုပ်က မြို့တော်ရဲ့အတော်ဆုံးဗိုလ်လောင်းတစ်ယောက်ပဲ ကျုပ်ရှိနေရင် ဘယ်သူက ကျုပ်မရီးကို ထိရဲမှာလဲ ဟင် "
စနောက်ခြင်းအလျင်းမရှိ ညင်သာစွာစီးဝင်လာတဲ့ထိုအသံ မျက်ဝန်းတွေက ကြည်လင်နေပြီး သူ့မျက်လုံးအိမ်တွေထဲ တိုက်ရိုက်ကြည့်ကာ ထိုစကားတွေကိုဆိုရင်း တဖြည်းဖြည်းတိုးကပ်လာတဲ့မျက်နှာနှင့် ထိစပ်သွားကြတဲ့ နှုတ်ခမ်းအစုံ.. ထိုနှုတ်ခမ်းတွေက သူ့နှုတ်ခမ်းတွေပေါ် နူးညံ့စွာထိတွေ့လာခဲ့ပြီး ညင်သာတဲ့အနမ်းတစ်စုံအဖြစ်သို့ တဖြည်းဖြည်းဆင်းသက်လာသည်။ သူသည်လည်း ထိုအနမ်းတွေနောက် တဖြည်းဖြည်း လိုက်ပါသွားရင်း ရှည်ကြာတဲ့အနမ်းတစ်ခု ဖြစ်လာခဲ့သည်။
_______________TBC
ဒယ်လဘယ် လိုချင်လား ဆျာမရီးလို့ သုံးခါခေါ်သွားကြ ပေးမယ် လက်ဝါး စတာ မဟုတ်ဘူး
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



