Fanfics

ep19

07:53, 13 December 2023

" အစ်ကို ဒီမှာ စက်ရုံအတွက် မူကြမ်းတွေနဲ့ ကုန်ကျစရိတ်အကြမ်းဖျင်းပါ အားလုံးအဆင့်သင့်ဖြစ်သလောက် ဖြစ်နေပြီ "

" ကုန်ကျစရိတ်အကြမ်းဖျင်းလည်း ထွက်ပြီးပြီ အဆောက်အအုံမူကြမ်းလည်း ရပြီးပြီဆိုတော့ ငါတို့ မြန်မြန်ပဲ ရက်သတ်မှတ်ပြီး ဆောက်လုပ်ရေးစသင့်ပြီပေါ့ "

" ဟုတ်တယ်အစ်ကို ကျွန်တော်တို့ရည်ရွယ်ချက်ကြီး အကောင်အထည်ပေါ်လာဖို့ ဘယ်လောက်မှမလိုတော့ဘူး ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ရင် ဆောက်လုပ်ရေးက စလို့ရပြီအစ်ကို "

" အင်း မြန်မြန်ဆန်ဆန်ပဲ စသင့်တယ် ဆောက်လုပ်ရေးခေါင်းဆောင်နဲ့ တွေ့ပြီး ဒီရက်ပိုင်းအတွင်းပဲစမယ်.. "

စက်ရုံအတွက် အဆောက်အအုံဆောက်လုပ်ခွင့်၊စက်ရုံတည်ထောင်ခွင့်တွေပါ အကုန်ကျလာပြီဖြစ်ပြီး ယခု သူတို့ဘက်က အဆင်သင့်ဖြစ်ရမဲ့ဟာတွေလည်း အားလုံးအသင့်ဖြစ်နေပြီမလို့ သူတို့ရည်ရွယ်ချက်ကြီး အစပျိုးလာဖို့ ဘယ်လောက်မှမလိုတော့ဘူး.. ဒီလိုမျိုးဖြစ်လာခဲ့တာကို တွေးမိတော့ သူဂျွန်ဂျောင်ဂုကို ကျေးဇူးတင်သလို ဖြစ်မိသည်။ ဒါက သူ့ကျေးဇူးတွေ အများကြီးပါသည်။ သူသာ သူ့ကိုလိုက်လျောဖို့မရှိရင် သူသည်လည်း အခုလိုအထမြှောက်ဖို့ လမ်းစရလာအုံးမည် မဟုတ်။ သူတို့အပေးအယူကြောင့် အခုလို ဖြစ်သွားခဲ့ပေမဲ့ ဒီလိုအခွင့်အလမ်းမျိုးကလည်း လွယ်လွယ်ရခဲ့တဲ့ အမျိုးမဟုတ်ဘူး။ ပြောရရင် ဝန်ကြီးချုပ်တုန်းကတောင် ချဉ်းကပ်ဖို့ အခက်အခဲတွေ အများကြီးရှိခဲ့သေးတယ်။ အခုလိုတွေးမိတော့ သူတကယ်ပဲ ယောကျာ်းတွေ ကြိုက်တတ်တာလား သူတွေးမိသွားသည်။ သူက သူ့အကြိုက်ပုံစံထဲ ရှိနေတာကိုလည်း ကျေးဇူးတင်မိသည်။ မဟုတ်ရင် သူဘယ်တော့မှ ဒီလိုအခွင့်အရေးမျိုး ရလာမည်မထင်ဘူး။ သူ့အနား မိန်းမတွေရွေးလို့မကုန်တဲ့အထဲက ယောကျာ်းလေးတွေကို စမ်းသပ်ချင်ခဲ့တဲ့ စိတ်ကိုလည်း ကျေးဇူးတင်သင့်သည်။

တစ်စပ်တည်းမှာပဲ သူတွေးမိသွားသည်က သူတကယ်ပဲ ယောကျာ်းတွေကို ကြိုက်သွားပြီလား သူအဖြေရှာရသွားပြီလား.. တကယ်လို့ ကြိုက်တယ်ဆိုခဲ့ရင်ရော တခြားယောကျာ်းတွေနဲ့ အိပ်အုံးမှာလား..  တကယ်လို့ မကြိုက်ဘူးဆိုရင်ရော သူနှင့်ဘယ်လိုတွေ ဆက်ဖြစ်အုံးမလဲ.. မိန်းမတွေနဲ့ရော အရင်လိုနေဖြစ်သေးလား.. ထိုအချက်က သူ့ခေါင်းကို ထူပူသွားစေသည်။ သူသာ စိတ်ပြောင်းသွားရင်..

" ဒန် မင်းသိလား.. သူဒီရက်ထဲ မိန်းမတွေဆီသွားသေးလား ဘယ်နှရက်တစ်ခါ သွားတတ်လဲ "

" ... "

ရုတ်တရက်သိချင်စိတ်ကြောင့် အဆက်အစပ်မရှိ မေးလိုက်မိသည်။ သူ့အမေးကြောင့် ဒန်က ကြောင်အသွားကာ သူ့ကိုပြန်ကြည့်လာသည်။ အိုး.. သူမေးတာ နည်းနည်းလောသွားတယ် သူ့မေးခွန်းက ဂျွန်ဂျောင်ဂုအပေါ် သဝန်တိုစိတ်ပါနေတဲ့ သဘောတရားဘက် အနည်းငယ်သက်ရောက်သွားသည်။ တကယ်တော့ သူသိချင်တာက သူက ယောကျာ်းတွေကို ကြိုက်တယ်လို့ မဆိုလိုနိုင်သေးတဲ့အချိန်မှာ မိန်းမတွေနဲ့ ဘယ်နှစ်ကြိမ်နေသေးလဲ.. တကယ်လို့ သူက သူနဲ့စမ်းသပ်ပြီးသွားလို့ ယောကျာ်းတွေကို မကြိုက်ဘူး စမ်းသပ်ချင်ရုံပဲဆိုရင်.. သူကသူ့အတွက် အကူအညီ ထပ်ဖြစ်လာတော့မှာမဟုတ်ဘူး။ သူတို့အခုမှ လုပ်ငန်းက အစပျိုးဖို့ပဲ ရှိသေးတယ် ကြားထဲမှာ သူသာစိတ်ပြောင်းသွားရင် ရှေ့ဆက်ဖို့က ခက်အုံးမည်။ အခုထိတော့ သူ့မှာလုပ်ပိုင်ခွင့်တွေ ရှိနေသေးပေမဲ့ မသေချာသေးဘူး..

" ကျွန်တော်.. "

" ငါပြောချင်တာက သူက ယောကျာ်းတွေကို မကြိုက်ဘူးဆိုရင်.. သူထပ်ပြီး မိန်းမတွေနဲ့ ပတ်သက်နေအုံးမှာပဲ.. သူအဲလိုနဲ့ မိန်းမတွေဆီသာ အလုံးစုံ စိတ်ပြန်ရောက်သွားတော့ရင်.. ဒန်.. သူကငါ့ကို ဘာအတွက်ဘာဆိုပြီး ပိုင်းခြားပေးထားတာမဟုတ်ဘူး။ မြေကွက်ကိစ္စကနေ စလိုက်ပေမဲ့ ငါပြောတယ်မလား ငါတို့ဘာမှ အာမခံထားတာမရှ်ိဘူး။ သူကငါ့ကို ဘာပေးမယ် ဘာကူညီမယ်လို့လည်း မပြောထားဘူး။ ငါလည်း တောင်းဆိုထားတာမျိုးမရှိဘူး။ "

တောင်းဆိုတာကတော့ တမင်မလုပ်ခဲ့တာ.. သူဖြစ်စဉ်တွေအကုန်လုံးကို သုံးသပ်ကြည့်တော့ သူက ငမ်းငမ်းတက်လိုချင်တာမျိုး မကြိုက်ဘူး ဆိုတာ သူသိလာရသည်။ သူဘေးက သူ့နားမှာရှိနေတဲ့သူတွေအကုန်လုံးက သူ့ဆီက ငမ်းငမ်းတက် လိုချင်လို့ ဖားလျားနေကြတဲ့သူတွေချည်းပဲ.. သူကဒါကို နှာခေါင်းရှုံ့ပြီး အထင်သေးသည်။ သူသာတောင်းဆိုမှုလုပ်လိုက်ရင် သူသည်လည်း ထိုလူတွေနဲ့ သွားတူသွားလိမ့်မည်။ သူသူ့ဘေးနားမှာရှိနေတဲ့တစ်လျှောက်လုံး သူ့စိတ်ကို လေ့လာကြည့်ရင်းမှ သူကဘယ်လိုမျိုးကို စိတ်ဝင်စားနှစ်သက်လည်းဆိုတာ သူသိလာခဲ့သည်။ သူ့ကိုငြင်းဆန်တာမျိုးကလည်း ထိရောက်မှုရှိသည်။ ဒါကြောင့် သူသူ့ကို အလွယ်တကူချဉ်းကပ်မခံဘဲ ငြင်းဆန်ကြည့်တာ ဒါက အကျိုးသက်ရောက်မှုရှိသည်။ ဒါပေမဲ့ ရေရှည်အတွက်ကတော့..

" သူကယောကျာ်းတွေကြိုက်သလား ငါ့ကိုစိတ်ဝင်စားမှုရှိသလားလည်း ငါသိတာမဟုတ်ဘူး။ သူသာယောကျာ်းတွေကို စိတ်မဝင်စားဘူးဆိုရင် ငါတို့ရှေ့ဆက်ပြီး အခြေခိုင်အောင် သေချာလုပ်ထားသင့်တယ် "

သူသာယောကျာ်းတွေကို မကြိုက်ဘူးဆိုရင် သူနဲ့ဇာတ်လမ်းလည်း မြန်မြန်ပဲ အဆုံးသတ်သွားလိမ့်မယ်.. သူသာ ယောကျာ်းတွေကို စိတ်မဝင်စား‌ရင် သူ့ဘက်က ဘာလုပ်လုပ် အချည်းအနှီးပဲ ဖြစ်လာလိမ့်မယ်။ ထို့ကြောင့် ဒီအခြေအနေအတွင်း သူ့ဘက်က ဇာတ်လမ်းထပ်ဖန်တီးဖို့ လိုလိမ့်မည်။

" ကျွန်တော် အသေးစိတ်အထိတော့ မသိဘူးအစ်ကို သခင်လေးဂျွန်က တခြားမိန်းကလေးတွေဆီကိုလည်း မကြာခဏ အလည်အပတ်သွားတယ်အစ်ကို သူတို့ဘာဆက်ဖြစ်ကြမလဲတော့ ကျွန်တော်လည်း မသိဘူး.. တကယ်လို လိုအပ်တယ်ဆိုရင် ကျွန်တော် စုံစမ်းထားပါ့မယ်။ "

" အင်း.. သူကအကုန်လုံးကို မျှကစားနေတာ.. သူကဘယ်အရာကိုမှ အတိတကျ စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့ ဘောင်အတွင်းမှာ နေနေတာ ကြာလေကြာလေ သူ့အကြောင်း ပိုသိလာရတာက သူက ထင်သလောက် ပေါ့တန်တန်နေတတ်တဲ့ လူစားတော့မဟုတ်ဘူး။ လွယ်လွယ်ပြောရရင် ရူးချင်ယောင်ဆောင်နေတာ.. လူတွေသူ့ကို သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လိုက်နေပြနေတာ သူ့ကိုသိလာရလေ သူက ငါအရင်က ကြားခဲ့ဖူးတဲ့ သတင်းစကားတွေနဲ့ မတူလာလေဘဲ.. "

ဂျွန်ဂျောင်ဂုကို သူသိထားတဲ့ပုံစံတွေက ကြာလေ လုံးဝလွဲလာလေ။ သူ့ကို မိန်းမလိုက်စားတတ်တဲ့သူလို့ သိထားပေမဲ့ တကယ်တမ်း သူကသာ ကစားနေတာ မျက်စိရှေ့မှာတင် ဟယ်လင်နဲ့ဂျယ်နီ.. နောက် သူ့ဆီ စာတွေပို့နေတဲ့ မိန်းမတွေ.. သူကအကုန်လုံးနဲ့ ရန်ငြိုးမရှိ အလိုက်အထိုက်နေနေတာ.. သူ့ကို ပေါ့ပျက်ပျက်နဲ့ အခြေမရှိတဲ့သူလို့ ထင်ထားခဲ့တာ တကယ်က သူကသာ အကုန်လုံးကို အကွက်ချပြီး လုပ်ကိုင်ခဲ့တာ.. အခုချိန်ထိ အမွေတွေက ဘယ်သူ့လက်ထဲမှ မရောက်သေးတာပဲကြည့်.. သူမလိုချင်ပေမဲ့လည်း သေချာကို အကွက်ရွှေ့ကစားနေခဲ့တာ.. ကိုယ်ကာယ‌စွမ်းဆောင်ရည်မှာလည်း ထင်ထားသလိုမျိုး ဝန်ကြီးချုပ်ကြောင့် အရာရှိဖြစ်လာရတယ်လို့ ထင်နေခဲ့ပေမဲ့ သူအထင်နဲ့အမြင် လွဲခဲ့ရပြန်တယ်။

နောက်ဆုံးတစ်ချက်တော့ သူမလွဲချင်တော့ဘူး။ သူယောကျာ်းတွေကို တကယ်ပဲ စိတ်ဝင်စားသလား.. သူ့ကိုတကယ်ပဲ စမ်းသပ်ချင်ရုံ အသုံးချချင်တာလား သူသိထားဖို့ လိုတယ်။ သူသာဒီတစ်ချက် လွဲခဲ့ရင် သူတကယ်ကြီး အခွင့်အရေးတွေ ဆုံးရှုံးဖို့ ရှိလာနိုင်သည်။

_________________________________

သူတို့ကားလေးသည် စက်ရုံကအပြန်တွင် အိမ်သို့မဦးတည်သေးဘဲ အယ်ရိုရဲ့ သေနတ်ပစ်သင်တန်းဘက် ဦးတည်လိုက်သည်။ အယ်ရိုသင်တန်းက ဂျွန်ဂျောင်ဂုအကူအညီဖြင့် သူတာဝန်ကျမဲ့ တပ်မတွင်သာ လေ့ကျင့်သင်ကြားခွင့်ရသည်။ သူ့တာဝန်ထမ်းဆောင်ရမဲ့ အချိန်တွေလည်း နီးကပ်လာပြီ။ စစ်တပ်မှာ တရားဝင်တာဝန်ထမ်းဆောင်ခွင့်ကျတဲ့အချိန်ကျရင်လည်း ဘာ‌တွေဖြစ်လာအုံးမလဲ.. ထိုအချိန်တွင် ဂျွန်ဂျောင်ဂုသည်လည်း ဘဝတစ်ဆစ်ချိုး ပြောင်းလဲရတော့မည့်အချိန်ပင်။ အရာရှိဖြစ်လာတဲ့အခါ သူ့တွင် လက်ထပ်ဖို့မိန်းကလေးတွေလည်း အဆင်သင့်ရှိနေတော့မည်။ ထိုအချိန်ဆို အခုလို အပျော်မယားတွေထက် တရားဝင်လက်ထပ်ဖို့သာ စဉ်းစားရတော့မည်။

ဂျွန်ဂျောင်ဂုမှာသာ တရားဝင်လက်ထပ်ယူရမဲ့ အိမ်ထောင်ဖက်ရှိလာခဲ့ရင်.. သူတို့ရည်ရွယ်ထားတဲ့ ကိစ္စတွေလည်း အားလုံး ပြတ်တောက်သွားလိမ့်မယ် ထင်တယ်.. အခုတောင် သူတို့ဆက်ဆံရေးက အနည်းငယ်အေးဆေးလာသည်။ အရင်ကလို ဘာအကြောင်းနဲ့မှလည်း အခန်းထဲမရောက်လာတော့သလို အိပ်ရာပေါ်ထပ်ရောက်လာတာမျိုးလည်း မရှိတော့။ သာမန်အချိန်တွေ့တဲ့အခါတောင် သူက သူနဲ့မသိခဲ့သလို အမူအရာတည်နေသည်။ ခါတိုင်းသူပဲ သူစိတ်အနှောင့်အယှက်ဖြစ်အောင် မရီး မရီးချင်း ထပ်ခေါ်နေခဲ့တဲ့သူက သူမဟုတ်သလို... အရင်တုန်းကဆို သူ့ကို အနှောင့်အယှက်ပေးဖို့လည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနေကြပဲ မဟုတ်ဘူးလား..

" ရောက်ပြီ အစ်ကို.. ကျွန်တော် ဒီမှာပဲ စောင့်နေရမလား.. "

" မဟုတ်ဘူး မင်းကိုလည်း သင်ပေးမယ်လို့ ပြောထားတယ်မလား.. ဒီနေ့တစ်ခါတည်း အပ်ပေးမယ် "

" အစ်ကို ဖြစ်ပါ့မလား.. သခင်လေးဂျွန်က သခင်လေးအယ်ရိုကိုတောင် တူလေးမလို့ သင်ပေးတာမဟုတ်ဘူးလား ကျွန်တော့်ကို သင်ပေးဖို့ တောင်းဆိုရခက်လိမ့်မယ်ထင်တယ် "

" ပြောကြည့်တာပေါ့ သူမသင်ပေးတော့လည်း ဘာဖြစ်လဲ စစ်တပ်မှာ အရာရှိတွေပေါနေတာပဲ သူ့ရှေ့မှာတင် တခြားအရာရှိတစ်ယောက်ကို အကူအညီတောင်းပစ်လိုက်လို့ ရနေတာပဲ သူ့ဆီမှာတော့ ခခယယတောင်းမနေပါဘူး "

သူတို့စစ်တပ်ထဲဝင်လာခဲ့ကြပြီး စစ်သားတစ်ယောက်အကူအညီဖြင့် သူတို့ကို ဂျွန်ဂျောင်ဂုရှိတဲ့နေရာ လိုက်ပြပေးခဲ့သည်။ လေ့ကျင့်ရေးကွင်းတွင် စစ်သားတွေအပြင် အယ်ရိုလိုနောက်ထပ်ကလေးတွေပါ တွေ့လိုက်ရသည်။ အယ်ရိုတို့ကျောင်းက အရာရှိသားသမီးတွေများတာမလို့ အပြိုင်အဆိုင်ဖြင့် အတော်ဆုံးသောဆရာတွေနဲ့ သင်ပေးနေကြသည်။ အများသောသူတွေကတော့ သူတို့သားသမီးတွေသာ ဖြစ်သည်။ ဒါကြောင့် အယ်ရိုက သူ့ဦးလေးငယ်နဲ့ သင်ချင်တာပေါ့.. ဆွေမျိုးရင်းဖြစ်တဲ့အပြင် အတော်ဆုံးအရာရှိလောင်းလည်း ဖြစ်နေတာကိုး..

အရာရှ်ိဗိုလ်တွေရဲ့ သားဖြစ်ရတာက ထင်သလောက်မလွယ်လှဘူး။ စည်းကမ်းတင်းကြပ်တဲ့ အရာရှိအဖေက အရာရာမှာ အတော်ဆုံးဖြစ်စေချင်သည်။ သူတို့က ဒီငယ်ရွယ်တဲ့ကလေးတွေရဲ့ လက်ရည်တွေအပေါ်မှာလည်း စိတ်မရှည်ဖြစ်နေကြပြီး ကလေးတွေရဲ့ ရလဒ်ကိုကြည့်ပြီး လေ့ကျင့်ချိန်တွေလည်း အကြာကြီးပေးထားသည်။

သူနေရာအများအပြားကို ကျော်လာခဲ့ပြီးတော့ အယ်ရိုလေ့ကျင့်နေတဲ့နေရာဆီ ရောက်လာခဲ့သည်။ အယ်ရိုက ကိရိယာအပြည့်အစုံဝတ်ဆင်ထားပြီး ပစ်မှတ်ကို ချိန်ရွယ်ထားကာ ရှေ့တူရှုကိုပဲ အကြည့်ပို့ထားသည်။ ထို့ကြောင့် သူတို့ရောက်လာသည်ကိုမသိ။ သူအယ်ရိုတစ်ယောက်တည်းဖြစ်နေ၍ နောက်တစ်နေရာကို ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုက သူ့လက်ထောက်နဲ့ နောက်နားတွင် အေးဆေးထိုင်နေသည်။ သူက ထိုင်ခုံတွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့ပြီး စီးကရက်ဖွာရင်း အယ်ရိုလှုပ်ရှားမှုကို ကြည့်နေသည်။ ဘေးတွင် ကိန်းဝပ်က သတိအနေအထားနဲ့ မတ်မတ်ရပ်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။

သူတခြား အယ်ရိုနဲ့ရွယ်တူကလေးတွေရဲ့ လေ့ကျင့်သင်ကြားမှုကို မြင်တွေ့ခဲ့ပြီးတော့ အယ်ရို့သင်ကြားမှုကို တွေ့ရတဲ့အခါ ကွာခြားမှုကို မတွေးဘဲမနေနိုင်။ တခြားအရာရှိတွေက သူတို့ကလေးကို အရမ်းဖိအားပေးပြီး အလိုမကျကြိမ်းမောင်းအော်ဟစ်နေကြတာပါ အခုမြင်ကွင်းက အရမ်းကို အေးဆေးလွန်းနေတာ မဟုတ်ဘူးလား.. သူအယ်ရိုကို စိတ်မပါဘဲ သင်‌ကြားပေးနေတာလား..

" မဒမ်.. "

သူအလိုမကျစွာ တွေးနေမိရင်း လက်ထောင်ကိန်းဝပ်မှ သူ့ကိုမြင်သွားပြီး နှုတ်ဆက်လာသည်။ ထိုအခါ အယ်ရိုကပါ အသံကြောင့်ထင်ပါရဲ့ လှည့်ကြည့်လာသည်။

" ဂျွန်အယ်ရို မင်းအခုလို အာရုံပျံ့နေတာနဲ့ ဘယ်လိုများပစ်မှတ်ကို အာရုံစိုက်နေအုံးမှာလဲ မင်းပစ်မှတ်ကိုချိန်ရွယ်ထားတဲ့အခါ မင်းအာရုံအလုံးစုံက ပစ်မှတ်မှာပဲ ရှိမနေရင် မင်းဘယ်တော့မှ ချက်ကောင်းကို ထိမှန်အောင် ပစ်နိုင်မှာမဟုတ်ဘူး "

အယ်ရိုက သူ့ကိုလှည့်ကြည့်ရုံနဲ့တင် အဆူခံလိုက်ရသည်။ အယ်ရိုက အဆူခံလိုက်ရတော့ ချက်ချင်းပင် ရှေ့ပြန်လှည့်သွားပြီး ရှေ့ကိုသာ အာရုံပြန်ပို့သွားသည်။ သူလည်း အယ်ရိုကို ကြည့်ဖို့ ဂျွန်ဂျောင်ဂုတို့ရှိနေသည့် နေရာမလှမ်းမကမ်းနား ဝင်ရပ်လိုက်သည်။ အယ်ရိုက အသင့်အနေအထားနှင့်ဖြစ်နေသည်။ လက်ထောက်ကိန်းဝပ်က အသင့်အနေအထားပြင်ဖို့အော်ပြီးနောက် ဝီစကီကို အားပြင်းပြင်းနဲ့ မှုတ်ချလိုက်သည်။ ထိုအခါ တစ်စပ်တည်းထွက်လာတဲ့ သေနတ်သံ။ ရုတ်တရက် မိုးချုန်းသံပမာ ကျယ်လောင်တဲ့အသံက အသိမပေးဘဲ ထွက်လာတော့ သူလန့်ပြီး အာမေဍိတ်အသံထွက်ကာ ဘေးမှာထိုင်နေတဲ့ ဂျွန်ဂျောင်ဂုပခုံးကို အားကိုးတကြီး လှမ်းကိုင်လိုက်သည်။ သူတစ်ကိုယ်လုံးတုန်နေပြီး ပခုံးပေါ်ကိုင်ထားတဲ့ သူ့လက်တွေလည်း တုန်ယင်နေသည်။ သူနှလုံးခုန်သံသည်လည်း တဒိန်းဒိန်းဖြစ်နေပြီး လက်တစ်ဖက်က သူ့ရင်ဘတ်ကို ဖိထားရသည်။

" ရရဲ့လား ခင်ဗျား.. "

ဂျွန်ဂျောင်ဂုက သူ့ပခုံးပေါ်က လက်တွေကို ကိုင်ရင်း သူ့ကိုယ်လေးကို ထိန်းကိုင်ကာ သူ့ကို သူ့နေရာမှာ ထိုင်ဖို့နေရာချပေးသည်။ ထိတ်လန့်မှုကြောင့် သူမူးဝေသွားသလို သေနတ်သံတွေကလည်း ဆက်တိုက်ထွက်ပေါ်နေတုန်းမလို့ သူ့ကိုထိန်းကိုင်ထားတဲ့ လက်တွေကို အလွှတ်မပေးဘဲ ကိုင်ထားမိသည်။

" လန့်သွားတယ်ထင်တယ် ကိန်းဝပ် နားဆို့ရှင်ပေး.. "

" ဒီမှာပါ.. "

သူ့နားထဲ ပိတ်ဆို့မှုတစ်ခုရောက်လာပြီး သာမန်အသံလောက်သာ ကြားရတော့မှ သူတည်ငြိမ်သွားပြီး နှလုံးခုန်သံတွေလည်း မှန်သွားသည်။ ထိုအခါမှ သူထိန်းကိုင်ထားတဲ့ လက်တွေကို ပြေလျှော့လိုက်ပြီး မော့ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုသည် သူ့ကိုငုံ့မိုးကြည့်နေပြီး မျက်ဝန်းတွေတွင်လည်း သူတစ်ခါမှ မမြင်ဖူးတဲ့ စိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်တွေနှင့် ဂရုတစိုက် စောင့်ကြည့်နေသည်။

" အဆင်ပြေသွားပြီလား.. "

စိုးရိမ်ပူပန်တဲ့ အရိပ်အယောင်တွေတင်မကဘဲ ဂရုတစိုက်မေးမြန်းနေတဲ့ အသံနေအသံအထားကြောင့် သူပြန်ဖြေဖို့ မေ့လျော့နေခဲ့ပြီး ထိုမျက်ဝန်းတွေထဲ ဝဲနေခဲ့သည်။

" ကြားရလား ကျုပ်ပြောတာကြားရလား နားအူသွားတယ်ထင်တယ် "

သူပြန်မဖြေမိတော့ ထပ်ပြီးထွက်လာတဲ့အသံ.. ထိုအသံတွေသည် လွဲမှား၍လား နားထဲသာယာပျော်မွေ့စွာ စီးဝင်လာခဲ့သည်။ သူနားတစ်ခုခုဖြစ်သွားတာ ဟုတ်တယ်မလား.. ခုနက အသံနက်ကြီးကြောင့် သူ့နားတစ်ခုခု ချို့ယွင်းသွားတာ ဖြစ်နိုင်သည်။ ဟမ်း.. ဒီလိုဆိုရင်တောင် သူ့မျက်လုံးတွေက ဘာပြဿနာမှ မရှိထားပါဘူး။ သူအမြင်တွေလွဲမှားနေသည်လား..

" ကင်မ်ဆော့ဂျင်.. "

" ဟမ် "

သူ့ခန္ဓာကိုယ်ကို လှုပ်ကိုင်ပြီး သူ့အား ခေါ်လာတော့မှ လက်ရှိအနေအထားဆီ ပြန်ရောက်သွားသည်။ ဂျွန်ဂျောင်ဂုက သူ့ကိုယ်ကို ငုံ့ကိုင်းထားရင်း မျက်တောင်မခတ် ကြည့်နေသည်။

" ခင်ဗျားအဆင်ပြေလားလို့.. ကြားရလား ကျုပ်ပြောနေတာ "

" ဟမ်.. ဟမ်း.. ကြား ကြားရတယ် ခုနက မထင်မှတ်ထားမိလို့ လန့်သွားတာ အဆင်ပြေတယ် "

သူအဆင်ပြေကြောင်း ပြန်ပြောလိုက်တော့မှ သူ့ကိုယ်ပေါ် ဆုပ်ကိုင်ထားတဲ့လက်တွေ ဖယ်ခွာသွားပြီး မတ်မတ်ပြန်ရပ်သွားသည်။ သူလည်း ထိုအခါမှ အနေအထားကို ပြန်ပြင်လိုက်ပြီး ဘေးပတ်ပတ်လည်ကို စူးစမ်းလိုက်သည်။ သူ့ကိုစိတ်ပူနေတာက ဂျွန်ဂျောင်ဂုတစ်ယောက်တည်းတော့မဟုတ် ဒန်ရော လက်ထောက်ကိန်းဝပ်ကပါ ဘေးကနေ အခြေအနေကြည့်နေသည်။ သူ သူတို့ကိုပါ အဆင်ပြေကြောင်း လှမ်းအသိပေးလိုက်သည်။ ဒန်သည်လည်း သူ့လိုပဲ လန့်သွားသည်ထင် သူ့လိုနားအဆို့ရှင်တစ်ခု တပ်ဆင်ထားသည်။

သူအဆင်ပြေသွားမှ အားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြပြီး အယ်ရိုရှိရာ အာရုံပြန်ရောက်သွားကြသည်။ အယ်ရိုက ခုနက အဆူခံထားရ၍ထင် နောက်ထပ် နောက်မှာ ဘာဖြစ်ဖြစ် လှည့်ကြည့်မလာတော့.. ‌ပြောလို့ပြောသာမဟုတ် ခုနက ဂျွန်ဂျောင်ဂုအသံမာမာက ကလေးတစ်ယောက်ကို ကြောက်လန့်နာခံသွားစေဖို့ လုံလောက်သည်။ သူတို့ တစ်ခါမှမှ ဂျွန်ဂျောင်ဂုအဲလို သေချာပေါက်ဖြစ်နေတဲ့ ပုံစံမျိုးကို မမြင်ဖူးခဲ့တာ..

" ဒီနေ့တော့ ဒီလောက်ပဲ မင်းလက်မောင်းကြွက်သားတွေအတွက် လိမ်းဆေးလိမ်းပြီး နှိပ်နယ်ထား.. ကြွက်သားတွေ တောင့်ခံနိုင်ဖို့ လေ့ကျင့်ခန်းကို ပုံမှန်လုပ် "

" ဟုတ်ကဲ့ ဦးလေးငယ် "

သူတို့က ပြီးပြီဆိုတော့ ဆော့ဂျင် နားထဲက အဆို့ရှင်ကို ဖြုတ်လိုက်ပြီး အယ်ရိုနား သွားလိုက်သည်။ အယ်ရိုက သူတပ်ဆင်ထားတဲ့ ကိရိယာတွေချွတ်ပြီး သေနတ်တွေကို မူလအတိုင်း နေရာပြန်ချနေသည်။ သူအယ်ရိုနားသွားရင်း သင်ရအဆင်ပြေလား မေးလိုက်သည်။ အယ်ရိုက ချက်ချင်းပင် အဆင်ပြေကြောင်း ပြန်ဖြေသည်။ သူထပ်ပြီး ဂျွန်ဂျောင်ဂုနဲ့သင်ရတာရော အဆင်ပြေရဲ့လား မေးလိုက်သည်။ ထိုအခါ အယ်ရိုက သူ့ဦးလေးငယ်ဘက် တစ်ချက်ကြည့်ပြီး ခဏငိုင်သွားသည်။

" ဦးလေးငယ်က အိမ်မှာတုန်းကလို မတူတော့ဘူး ကြောက်ဖို့ကောင်းတယ် ဒါပေမဲ့ မိုက်တယ် ဦးလေးငယ်နဲ့ သင်ရတာ အဆင်ပြေတယ် မဒမ်ကင်မ် "

" အင်း အင်း အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ.. ခုနက ဒီအလာ တခြားမင်းအတန်းဖော်ကလေးတွေလည်း တွေ့ခဲ့တယ် သူတို့လည်း သေချာသင်ယူနေကြတာမလို့ မင်းလည်းကြိုးစား "

ဆော့ဂျင် အယ်ရိုနဲ့ စကားပြောပြီး ဂျွန်ဂျောင်ဂုတို့နား ပြန်လျှောက်လာခဲ့သည်။ သူက ဆေးလိပ်ခဲလျက် သေနတ်ကို‌စစ်ဆေးနေသည်။ သူအနားရောက်လာတော့ မော့မကြည့်ဘဲ ဆေးလိပ်ကို ချလိုက်သည်။

" ခင်ဗျား ဘာလာလုပ်တာလဲ သူအဆင်ပြေလား လာကြည့်တာလား "

" ဟုတ်တယ် သူအဆင်ပြေရဲ့လားမသိလို့ ကိုယ်တိုင်လာကြည့်တာ.. သူ့ရဲ့ကိစ္စတိုင်းက ငါ့အတွက်တာဝန်ရှိတယ်.. "

" ကြည့်ပြီးပြီမလား မသွားသေးဘူးလား.. ခေါ်သွားလို့ရပြီ "

ဆော့ဂျင် ဂျွန်ဂျောင်ဂုက သူ့ကိုတစ်ခုခု စိတ်ဆိုးနေသည်ဟု ထင်နေမိသည်။ ခါတိုင်း သူတို့ဆက်ဆံရေးက အခုလို မစိမ်းသက်နေပါဘူး။ ဘာလို့ပါလိမ့်.. သူတို့ မျက်နှာချင်းဆိုင် ကြာကြာမတွေ့ရတာဘဲ တစ်ပတ်လောက်ရှိတော့မယ်.. ဘာလို့အခုလို သူတို့ကြား စိမ်းနေသလို ဖြစ်သွားရတာလဲ..

" ခင်ဗျားပြောစရာတစ်ခုခုရှိလို့လား.. "

" ဟမ်း.. ငါ.. "

ဂျွန်ဂျောင်ဂုက သူ့ကို စိတ်မဝင်စားသလိုမေးပြီး သေနတ်ဆီသို့သာ အာရုံပြန်ရောက်သွားသည်။ သူသည်လည်း ဘာဆက်ပြောရမလဲမသိတော့.. ထိုအချိန် လက်ထောက်ကိန်းဝပ်နဲ့ဒန်က သူတို့အနား ပြန်ရောက်လာခဲ့သည်။ သူလက်ထောက်ကိန်းဝပ်ကို ကြည့်မိတော့ အတွေးတစ်ခု ဝင်လာမိသည်။ လက်ထောက်ကိန်းဝပ်က စစ်သားတစ်ယောက်ပဲမလား သူက ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နှင့် မြင့်မားတဲ့အရပ်ကို ‌ပိုင်ဆိုင်ထားသည်။ မျက်ခုံးတွေက ဖြောင့်တန်းနေပြီး တည်ကြည်ဖြောင့်မတ်ပုံလည်း ပေါ်သည်။

" လက်ထောက်ကိန်းဝပ်ရော ကိုယ်ကာယစွမ်းရည် ဘယ်လောက်တော်လဲ သေနတ်ပစ်တတ်လား "

သူ့အမေးကြောင့် အားလုံးက သူ့ကိုကြည့်လာကြသည်။ သူ့အမြင်တော့ လက်ထောက်ကိန်းဝပ်ကလည်း သာမန်လူမဟုတ်လို့ ထင်မိသည်။ ဂျွန်ဂျောင်ဂုဘေးမှာ အကြာကြီးမြဲနေတဲ့သူက ဂျွန်ဂျောင်ဂုလို ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေ ရှိမည်ပဲ..

" ဦးဦးကိန်းဝပ်က ခြေလျင်တပ်သား ထိပ်တန်းအဆင့်နှစ်ဆယ်စာရင်းဝင် သေနတ်ပစ်ကို တပ်သားတွေထဲမှာ ပထမရထားတာ မနှစ်က မြို့တော်ရဲ့ နပန်းပြိုင်ပွဲမှာလည်း ဆုရထားသေးတယ် ဟုတ်တယ်မလား ဦးဦးကိန်းဝပ် "

" ဟုတ် ဟုတ်ပါတယ် သခင်လေးအယ်ရို "

ဆော့ဂျင်က အယ်ရိုပြောတဲ့ လက်ထောက်ကိန်းဝပ်အကြောင်းကို ကြားမိတော့ အံ့ဩစွာသာ လက်ထောက်ကိန်းဝပ်ကို ကြည့်နေမိသည်။ တကယ်တော်တာပဲ.. တော်မယ်လို့တော့ ထင်ထားပေမဲ့ အယ်ရိုပြောတဲ့ စာရင်းဇယားနဲ့ ထိပ်တန်းအဆင့်ဝင် တပ်သားတစ်‌ယောက်ဆိုတော့ ပိုလို့အံ့ဩမိသည်။

" ခင်ဗျားက ဘာလုပ်မလို့ သိချင်နေရတာလဲ "

ဂျွန်ဂျောင်ဂုက သူ့ကို မျက်မှောင်ကုတ်ရင်း မေးခွန်းထုတ်လာသည်။ သူထိုအခါမှ သူ့မူလရည်ရွယ်ချက်ကို သတိရသွားတော့သည်။

" အာ.. ငါက အဟမ်း.. လက်ထောက်ကိန်းဝပ် ဒီလောက်တော်နေမယ်ဆိုတာ မထင်ထားဘူး လက်ထောက်ကိန်းဝပ်ကို ကျွန်ုပ် အကူအညီတစ်ခုလောက် တောင်းလို့ရနိုင်မလား.. "

" မဒမ်.. ကျွန်တော်ကူညီနိုင်မလား သေချာမသိဘူး .. မဒမ် ဘာများအကူအညီလိုပါသလဲ "

လက်ထောက်ကိန်းဝပ်က ဂျွန်ဂျောင်ဂုလူမလို့ သူက သူ့သခင်မျက်နှာကြည့်ရင်း သူ့ကိုမဝံ့မရဲ ပြန်မေးသည်။ ဂျွန်ဂျောင်ဂုက သူ့ကိုမျက်မှောင်ကုတ်ရင်းသာ ကြည့်နေသည်။ သူဂျွန်ဂျောင်ဂုကို ကြည့်ရင်း လက်ထောက်ကိန်းဝပ်ကို ထိုအကြောင်းပြောလိုက်သည်။ ဒန့်ကို သေနတ်ပစ် သင်ပေးစေဖို့.. အစက ဂျွန်ဂျောင်ဂုကို အကူအညီတောင်းမလို့ပါဘဲ မထင်မှတ်ထားဘဲ လက်ထောက်ကိန်းဝပ်ကလည်း တော်နေတဲ့သူမလို့ သူကိန်းဝပ်ကိုသာ ကူညီပေးဖို့ တောင်းဆိုလိုက်သည်။

" မဒမ်.. အဲဒါက ကူညီဖို့ဆိုတာ.. "

သူက ဂျွန်ဂျောင်ဂုကိုကြည့်ရင်း သူ့ကိုမလုပ်ဘူး လုပ်နိုင်မယ် အတိအကျမပြောနိုင်ဖြစ်နေသည်။ ဂျွန်ဂျောင်ဂုက သူ့ကို မျက်လုံးတွေမှေးစင်းပြီး ကြည့်လာသည်။

" ကျုပ်လက်ထောက်က ကျုပ်အမိန့်ရမှ လုပ်ပေးဖို့တတ်နိုင်မှာ.. ခင်‌ဗျားသူ့ကို သွားပြောနေလို့လဲ အပိုပဲ.. ကိန်းဝပ် အယ်ရိုကို ပြန်ပို့ပေးလိုက်တော့.. "

" ဟုတ်ကဲ့ "

လက်ထောက်ကိန်းဝပ်က ဂျွန်ဂျောင်ဂုစေခိုင်းလိုက်သည်နှင့် သူက အယ်ရိုကို အိမ်ပြန်ပို့ဖို့ ချက်ချင်းလုပ်ဆောင်သည်။ ဒန်ကလည်း သူတို့ကြားက အခြေအနေကို အကဲခတ်ရင်း အပြင်ထွက်သွားပေးသည်။ အခန်းထဲတွင် သူနှင့် ဂျွန်ဂျောင်ဂုသာလျှင် ကျန်ခဲ့သည်။ သူက သူ့ပေါင်ပေါ်က ပြောင်လက်နေတဲ့ သေနတ်ကိုသာ ဆက်သုတ်နေရင်း အချိန်အနည်းငယ်အထိ တိတ်ဆိတ်နေသည်။

" ဘာအတွက် သေနတ်ပစ်သင်ပေးချင်ရတာလဲ သူ့မှာလိုင်စင်မရှိဘူး ရနိုင်ဖို့လည်း အခွင့်အရေးမရှိဘူး "

" လိုင်စင်အတွက် ငါ့နာမည်နဲ့ လျှောက်လို့ရတာပဲ သူက ငါနဲ့အတူ အဝေးခရီးတွေမှာ ညအထိ အတူလိုက်ပါရမှာမလို့ ငါတို့လုံခြုံရေးအတွက် လိုလို့ သူ့အတွက် သင်ခိုင်းထားတာ သူကလည်း သင်ယူချင်စိတ် ရှိနေတာမလို့.. မင်းအပန်းမကြီးရင် သင်ဖို့ခွင့်ပြုပေးလိုက် "

" ခင်ဗျားကဘာလို့မသင်လဲ "

" ငါက.. "

" ခင်ဗျားကိုယ်တိုင်ကလွဲရင် ဘယ်သူ့ကိုမှ မယုံသင့်ဘူး.. ခင်ဗျားကိုယ်တိုင်တတ်ထားတာက ပိုစိတ်မချရဘူးလား "

ဆော့ဂျင်က သင်ဖို့စိတ်မကူးဖူးဘူး။ သူက လုပ်ငန်းကိစ္စ ဘယ်လိုချဲ့ထွင်ရမလဲကလွဲရင် တခြားကိစ္စတွေကို သူသိပ်စိတ်မဝင်စား။ အခုတောင် ဒန်နဲ့ ထိုအကြောင်း ပြောဖြစ်ကြရင်းမှ ဒန်ကလည်း သင်ယူဖို့စိတ်ဝင်စားနေတာမလို့ ဖြစ်သွားတာ မဟုတ်ရင် သူ့ခေါင်းထဲတောင် ရှိမည်မဟုတ်။ ဒါပေမဲ့လည်း.. သူ့ရည်ရွယ်ချက်က ခေါင်းထဲဝင်လာတဲ့အခါ..

" မင်းကိုယ်တိုင်သင်ပေးချင်တယ်ဆိုရင်တော့ ငါသင်လိုက်ပါ့မယ်လေ .. "

သူထိုသို့ပြောလိုက်တော့ ဂျွန်ဂျောင်ဂုသူ့ကို မော့ကြည့်လာသည်။ သူလည်းပြန်ကြည့်နေရင်း သူတို့ခဏကြာသည်အထိ အကြည့်ချင်းဆုံ စိုက်ကြည့်နေမိကြသည်။ ခဏကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြရင်း ဂျွန်ဂျောင်ဂုကအရင် လှုပ်ရှားလာပြီး သူ့လက်တွေကို အားနှင့် ဆောင့်ဆွဲလာသည်။ သူ့ခန္ဓာကိုယ်သည် ဂျွန်ဂျောင်ဂုထိုင်နေတဲ့ ပေါင်ပေါ် ထိုင်လျက်သား ကျသွားခဲ့သည်။ သူ့မျက်နှာကို သူနှင့်မျက်နှာချင်း‌ဆိုင် ဆွဲလှည့်စေတော့ သူမျက်လုံးချင်းဆုံ ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွေထဲတွင် အပြုံးပါးပါးလေးက မြင်နေရသည်။

" ခင်ဗျားဒီကိုလာတဲ့ အကြောင်းအရင်းအစစ်အမှန်ကို ပြောလိုက်တော့ "

_____________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories