Fanfics

[09]

14:44, 16 June 2024

Psychopath

"သူက မယားငယ်ရဲ့သားတဲ့..."

"သူများ မိသားစုကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ကြတာပဲနော်... တကယ်အရှက်မရှိကြဘူး"

"မယားကြီးဖြစ်တဲ့ အမျိုးသမီးက သဘောထားကြီးပြီး သည်းခံလို့ပေါ့... မဟုတ်ရင် သူတို့သားအမိနှစ်ယောက်လုံး သေပြီးနေပြီ"

Phuwin ကျောင်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ကျောင်းသူများ၏ တီးတိုးပြောသံများကိုကြားလိုက်ရသည် ။ မျက်လုံးတွေအားလုံးကလည်း Phuwin ကို အထူးအဆန်းလုပ်၍ကြည့်နေကြသည်... ထိုမျှမက နှာခေါင်းရှုံ့ကြ၏။Phuwinအတွက်တော့ ထိုအရာတွေက ရိုးနေလေပြီ ။ ငယ်ငယ်ကတည်းက ဆင်းရဲတာကြောင့် အနိုင်ကျင့်ခံခဲ့ရသည် ။ချမ်းသာသည့်အဖေက Phuwin ကိုတရားဝင်သားဟု ထုတ်ပြောပြန်တော့လည်း အဖေ့မှာ တရားဝင် ဇနီးမယားရှိနေပြီးသားမို့ Phuwinအမေက အငယ်အနှောင်းဖြစ်ကာ Phuwinသည်လည်း အငယ်အနှောင်း၏သားဖြစ်သွားရပြန်သည် ။ ထိုအခါ အငယ်အနှောင်း၏သားပေမို့ အားလုံး၏ ပြစ်တင်ကဲ့ရဲ့မှုကို Phuwinခံရပြန်သည် ။ကြုံတွေ့နေရသမျှအရာအားလုံးက Phuwinအတွက်တော့ ခါးသီးလွန်း၏ ။

"Phuwin ..."

အနောက်ကနေလှမ်းခေါ်လိုက်သည့် ထိုအသံကြောင့် Phuwinတံတွေးကိုအသာမျိုချလိုက်သည် ။ ကြားရပေမယ့် Phuwin လှည့်မကြည့်ရဲခဲ့ပေ ။

"Phuwin ...ငါခေါ်နေတာကိုမကြားဘူးလား"

ခပ်ဆက်ဆက်လေသံကြောင့် Phuwin အလျင်အမြန်လှည့်ကြည့်လိုက်သည်။ Phuwin သိပ်မုန်းပြီး ကြောက်ရပါတဲ့ Phuwin ရဲ့ဖအေတူမအေကွဲအစ်မ Veeပင်။အများအမြင်မှာ သိပ်လှပြီး ကိုးကွယ်ချင်စရာကောင်းတဲ့ထိုအမျိုးသမီးက Phuwin အပေါ်မှာတော့ ငယ်ငယ်ကတည်းက နည်းမျိုးစုံနှင့် နှိပ်စက်ခဲ့သည် ။ Phuwin မည်သူ့ကိုမျှ ပြန်မတိုင်ရဲအောင်အထိ အကြောက်တရားတို့ကို ရိုက်သွင်းပေးခဲ့သည် ။

"အစ်မ Vee"

"ဒီကိုလာခဲ့"

Phuwin ကြောက်ကြောက်ရွံ့ရွံ့နှင့် သူမအနားသို့သွားလိုက်၏ ။ ထို့နောက်ခေါင်းလေးကိုအသာငုံ့ထားလိုက်သည် ။

"ငါအိမ်စာမလုပ်ခဲ့မိဘူး ။ နင့်ရဲ့စာအုပ်ငါ့ကိုပေး"

"ဒါပေမဲ့ ..."

"ငါကပေးဆိုရင်ပေးလိုက်လေ..ဘာလဲ.. နင်အပြစ်ပေးခံချင်လို့လား"

အပြစ်ပေးခံချင်လို့လားဆိုသည့်မေးခွန်းကြောင့် Phuwin၏ မျက်လုံးလေးတွေဝိုင်းစက်သွားခဲ့သည် ။ ထိုမျက်လုံးအိမ်လေးထဲတွင် ကြောက်ရွံမှုများကိုအထင်းသားမြင်တွေ့နေရပါ၏ ။ Phuwin အလျင်အမြန်ပင်ခေါင်းကိုခါရမ်းလိုက်သည် ။ ထို့နောက် အိတ်ထဲက အိမ်စာစာအုပ်လေးအား သူမလက်ထဲသို့ ထိုးထည့်ပေးလိုက်၏ ။

"တော်တယ်... နင်သွားတော့"

သွားခွင့်ပေးလိုက်သည်နှင့် Phuwin တစ်ချိုးတည်း ထွက်ပြေးလာခဲ့လိုက်သည်။သူမနှင့် အနီးဆုံးမှာရှိနေသည်က Phuwinအတွက် အန္တရာယ်များပြီး ကြောက်စရာကောင်းသည်။ Phuwin သူမကို သေလောက်အောင်မုန်းသလို ရူးလောက်အောင်လည်းကြောက်သည် ။ သူမက Phuwin အတွက်တော့ နတ်ဆိုးမနှင့် အလားသဏ္ဌာန်တူ၏။

Phuwin အိမ်သာထဲတွင် ငိုချင်းချနေမိသည်။ အခုလိုအခြေအနေတွေကို Phuwin သိပ်မုန်း၏။ လူအများ၏ ကဲ့ရဲ့အနိုင်ကျင့်မှု ၊ မိသားစု၏ နှိပ်စက်မှု ... ထိုအရာအားလုံးကို Phuwin ခံနိုင်ရည်မရှိတော့ပေ ။ ဖြစ်နိုင်မယ်ဆိုရင် Phuwin လွတ်မြောက်ချင်မိ၏။

"ဟေ့ကောင်တွေ ကြည့်စမ်း... ဒီမှာ ငကြောက်လေးတစ်ကောင် ငိုနေတယ်ကွ"

ပြောရင်းဆိုရင်းပင် Phuwinကို အနိုင်ကျင့်လေ့ရှိသည့် အစ်မVee၏ အစေအပါးကောင်များရောက်လာ၏ ။ ထိုအုပ်စုက Phuwin ကြောင့်အစ်မVee စိတ်ညစ်ရသည်ဟုဆိုကာ Phuwinကို အမြဲတမ်း အငြိုးထားပြီး အနိုင်ကျင့်ကြသည် ။

"ညစ်ပတ်နေတာပဲကွာ... ကြောင်ချီးရုပ်လေးဖြစ်အောင် ငိုထားတာပဲ"

Jackဆိုသည့်တစ်ယောက်က Phuwin၏မျက်နှာကို မထိတထိလုပ်နေသည်မို့ Phuwinအနောက်ကိုဆုတ်လိုက်သည် ။ ထိုအခါ Phuwinကိုကြည့်၍ ဟားတိုက်ကာရယ်ကြ၏ ။

"Jack...မင်းကောင်လေးက မင်းထိတာကိုမကြိုက်ဘူးထင်တယ်"

"အေးကွာ... ညစ်ပတ်နေတဲ့ကြောင်ကလေးကို ရေချိုးပေးကြရအောင်"

လေးယောက်တစ်ယောက်မို့ Phuwin လုံးဝမယှဥ်နိုင်ပေ ။ Jack တို့အဖွဲ့က Phuwinကိုအိမ်သာခန်းတစ်ခုထဲ ထိုးထည့်၍  ရေပန်းဖြင့်ပတ်ဖျန်းပေးကြသည် ။ Phuwin တစ်ကိုယ်လုံး ရေများစိုရွှဲသွားသည်အထိ စိတ်ကြိုက်ရေနှင့်ပတ်ပြီးတော့မှ တဟားဟားအော်ရယ်ကာ ထွက်သွားကြ၏ ။

Phuwin ငိုဖို့တောင်မှမျက်ရည်မရှိတော့ပါပေ။Phuwin ရဲ့ဖြစ်တည်မှုက လူတကာ အနိုင်ကျင့်ခံရဖို့ပေလား ။

---

ရေများစိုရွှဲနေသော်လည်း Phuwin အင်္ကျီမလဲမိသေး ။ လူရှင်းသည့် အပင်လေးအောက်တွင် အသိစိတ်မဲ့နေသည့်လူတစ်ယောက်ပမာ  တစ်ယောက်တည်း ကုတ်ကုတ်ကတ်ကတ်ထိုင်နေမိသည် ။ ကျောင်းထဲမှာရှိသမျှ လူအားလုံး ပျော်ရွှင်နေကြသည် ၊ ရယ်မောနေကြသည် ... ထိုအထဲတွင် Phuwinတော့မပါခဲ့ ။

"တစ်ကိုယ်လုံး စိုရွှဲနေတာပဲ... လေတွေလည်းတိုက်နေတယ်"

နူးညံ့စွာထွက်ပေါ်လာတဲ့ ထိုအသံလေးကြောင့် Phuwin သတိကပ်ကာခေါင်းလေးမော့၍ကြည့်လိုက်သည် ။ Phuwin တစ်ခါမှမမြင်ဖူးသည့် သိပ်ကိုချောမောလွန်းတဲ့အမျိုးသားတစ်ယောက်ပင် ။ ထိုအမျိုးသားက Phuwin ကိုကြင်နာစွာဖြင့်ပြုံးပြလို့နေသည် ။ ထိုမျှမက သူ၏အပေါ်ဝတ်အင်္ကျီ အနက်ရောင်လေးကိုချွတ်ကာ Phuwin ကိုယ်ပေါ်သို့ လွှမ်းခြုံလို့ပေး၏ ။Phuwin ဘာမှမတုံ့ပြန်နိုင်ဘဲ ထိုအမျိုးသားကိုငေးစိုက်ကြည့်ကာ ငြိမ်သက်နေမိသည်။Phuwin နွေးထွေးသွားသည်က အနက်ရောင်အင်္ကျီလေးတစ်ခုတည်းကြောင့်တော့မဖြစ်နိုင်ပါပေ ။

"ကိုယ့်နာမည်က Pond Naravitပါ ။ တွေ့ရတာဝမ်းသာပါတယ်နော် ကောင်လေး.. မင်းလည်း ဗိသုကာကထင်တယ်။ ကိုယ်က မင်းတို့ရဲ့ စီနီယာပါ"

Phuwin ကြားပေမယ့်ဘာမှပြန်မပြောနိုင်ဘဲ စီနီယာအစ်ကို၏ မျက်နှာကိုသာ မျက်တောင်မခတ်တမ်းငေးကြည့်နေမိ၏ ။ Phuwin ကိုစကားလာပြောပေးပြီး ကြင်နာပေးသည်မှာ စီနီယာအစ်ကိုက ပထမဆုံးပါပင်။

"ဟိတ်... စကားပြောတတ်ရဲ့လား"

စီနီယာအစ်ကိုက နဖူးလေးကိုအသာလာတောက်တော့မှ Phuwin သတိဝင်လာခဲ့သည်။ပြီးမှ  အငေးလွန်နေတဲ့အဖြစ်ကို သတိရမိ၍ ရှက်ပြုံးလေးပြုံးကာ ခေါင်းလေးငုံ့လိုက်မိ၏ ။

"မိတ်ဆက်ပေးအုံးလေ"

"ကျွန်တော့်နာမည်က Phuwinပါအစ်ကို"

"ချစ်စရာကောင်းတယ်"

"ဗျာ"

"နာမည်လေးကချစ်စရာကောင်းတယ်လို့ပြောတာ"

"အော်... အင်း"

"အစိုကြီးနဲ့ဘာဖြစ်လို့ထိုင်နေတာလဲ.. မင်း နေမကောင်းဖြစ်လိမ့်မယ် ။ မြန်မြန်အဝတ်အစားလဲလိုက်နော်... ကိုယ်လုပ်စရာလေးရှိသေးလို့ သွားတော့မယ်"

"ဟို.. အစ်ကို့ရဲ့အင်္ကျီကရော.."

"ထပ်တွေ့မှပေးလေ... ဟုတ်ပြီလား"

မျက်လုံးတစ်ဖက်မှိတ်ပြီး ပြုံးပြသွားတဲ့အစ်ကို့ကြောင့် Phuwin၏ ရင်ခုန်သံတွေက ဗရမ်းဗတာဖြစ်လာခဲ့သည် ။ Phuwin ပထမဆုံးအကြိမ်အခုလိုခံစားဖူးတာဖြစ်၏ ။ အခုလိုခံစားမှုကို Phuwin ခေါင်းစဉ်တပ်စရာမရှိပါပေ ။

**

~Pond Naravit~

ထိုနာမည်လေးကို Phuwin နံရံတွင်ရေးခြစ်လိုက်သည် ။ ထို့နောက် တစိမ့်စိမ့်ကြည့်ရင်းပြုံးမိ၏ ။

"အစ်ကိုပြောကြည့်... ကျွန်တော့် ဒိုင်ယာရီထဲမှာအစ်ကိုပါချင်လား ။ ပါချင်တယ်ဆိုရင်တောင်မှ ကျွန်တော်ကအစ်ကို့အတွက် ဒိုင်ယာရီစာအုပ်အသစ်လေးနဲ့ရေးပေးမှာပါ။ လက်ရှိရေးနေတဲ့ ဒိုင်ယာရီစာအုပ်ကညစ်ပတ်လို့လေ"

လက်ရှိရေးနေသည့် ဒိုင်ယာရီစာအုပ်ကို Phuwin ကြည့်လိုက်သည် ။ ထိုစာအုပ်ထဲတွင် အစ်မVee၏ နာမည်ကတော့ အများဆုံးပါ၏။Phuwin ဤအိမ်ကိုစရောက်ကတည်းက Phuwinအပေါ်ကို အစ်မVee မည်သို့ဆက်ဆံခဲ့သလဲဆိုတာကို Phuwin အသေးစိတ်ချရေးထားသည် ။ Phuwin ကို နှိပ်စက်ခဲ့သည့် နှိပ်စက်နည်းမျိုးစုံကိုလည်း Phuwin မှတ်သားလို့ထား၏ ။

"အစ်ကိုသိလား... တစ်ခါတလေကျရင် ကျွန်တော်သူတို့ကို အသေသတ်ပစ်ချင်တယ်။ ဘယ်လိုမှမကျေနပ်နိုင်ဘူး..... ကျွန်တော်က နာကျင်တတ်တဲ့လူသားဆိုတာကို သူတို့ထည့်တွေးမပေးကြဘူး... ကျွန်တော်လည်း လူသားပဲမို့ နာကျင်တတ်တယ်"

Phuwin သန်မာချင်ရင်တောင်မှ ကြိမ်ဖန်များလာသည့်အခါ ပြိုလဲချင်လာတော့သည်။ Phuwin ၏နာကျင်မှုတွေက နည်းနည်းနောနောမှမဟုတ်ခဲ့ဘဲ။

"ဒီနေ့တော့ Jackတို့အဖွဲ့ကို ကျွန်တော်နည်းနည်းလောက် ကျေးဇူးတင်မိတယ် ။ သူတို့ကြောင့်သာ အစ်ကိုနဲ့တွေ့ခဲ့ရတာမို့လေ..."

အစ်ကို့မျက်နှာလေးကို မြင်ယောင်မိတော့ Phuwin ပြုံးလိုက်မိသည် ။ ညစ်ပတ်တဲ့ပတ်ဝန်းကျင်မှာ အစ်ကို့လိုကြင်နာတတ်တဲ့လူတစ်ယောက်ရှိနေသေးတာနှင့်တင် Phuwin အသက်ရှင်ဖို့ လုံလောက်ပါသည်။နာကျင်စရာတွေသာ ပြည့်နှက်နေခဲ့သည့် Phuwin ကမ္ဘာထဲသို့ Pond Naravitဆိုသည့် အလင်းရောင်လေးရောက်ရှိလို့လာခဲ့သည်။ထိုအလင်းရောင်လေးအား Phuwin အရအမိ ဖမ်းဆုပ်ထားချင်မိပါ၏ ။

----

ကျောင်းဆင်းချိန်တွင် သဲသဲမဲမဲရွာသွန်းနေသည့် မိုးတို့ကို Phuwin ငေးကြည့်လိုက်သည် .. ထီးပါသည်မို့သာတော်သေး၏ ။ မဟုတ်လျှင် လမ်းလျှောက်ပြန်ရမည်မို့ Phuwin ကြွက်စုတ်ကလေးဖြစ်နေတော့မည် ။

"Phuwin ... ငါ့ကိုထီးပေးလိုက်"

အစ်မ Veeရောက်လာ၍ Phuwinလက်ထဲကထီးကိုတောင်းသည် ။Phuwin လည်းမပေးလို့မရသည်ကြောင့် အသာတကြည်ပေးလိုက်၏။

"မိုးရွာထဲ ပြန်လာရင်လည်း အိမ်ကျရင်ပေးစရာဆင်ခြေရှာခဲ့နော်... ငါနင့်ထီးကိုယူသွားတယ်လို့ ပြန်တိုင်ရင် နင်အသေပဲမှတ်"

Phuwin ရဲ့ထီးကိုဆောင်းကာ ကျော့ကျော့မော့မော့နှင့်ထွက်သွားသည့် အစ်မVeeအား Phuwin မျက်ထောင့်နီနှင့်လှမ်းကြည့်လိုက်သည် ။ လက်သီးကိုလည်းတင်းနေအောင်ဆုပ်ထားလိုက်၏ ။

မိုးတိတ်အောင်စောင့်လျှင်လည်း Phuwin ကျောင်းမှာပဲအိပ်ရကိန်းရှိသည်။ ထို့ကြောင့် မိုးရေထဲပြေးဖို့ကိုပဲ တွေးလိုက်၏။

"ဟင်.."

Phuwinလက်ကိုဖမ်းဆွဲထားသည့်လက်အစုံကြောင့် Phuwin တုန်လှုပ်သွားခဲ့သည်။ ပြေးဖို့ပြင်နေသည့် ခြေလှမ်းတို့သည်လည်း ရပ်တန့်သွားခဲ့၏။Phuwin မဝံ့မရဲနှင့် လှည့်ကြည့်လိုက်တော့ စီနီယာအစ်ကို Pondဖြစ်လို့နေခဲ့သည် ။

"အစ်ကို..."

"မိုးရေထဲမှာ ဒီအတိုင်းပြေးမလို့လား အရူးလေး"

"ကျွန်တော့်မှာ ထီးမပါဘူး"

"ရော့... ဒါကိုယူလိုက်"

Phuwin လက်ထဲသို့ ထိုးထည့်ပေးလာသည့် ခေါက်ထီးလေးကို Phuwin ငေးကြည့်နေမိသည် ။ Phuwinမိုးရေထဲတွင် ကြိမ်ဖန်များစွာပြေးခဲ့ဖူးသည် ။ သို့ပေမဲ့ Phuwin အတွက်ကြင်နာမှုအပြည့်နှင့် ထီးကမ်းပေးသူက အစ်ကိုတစ်ယောက်တည်းသာရှိဖူး၏ ။

"ဒါပေမဲ့ အစ်ကိုကရော...."

"ကိုယ့်မှာထီးအပိုပါတယ်လေ"

အစ်ကို့လက်ထဲမှာ ထီးအပိုတစ်ချောင်းရှိနေသည်ကိုလည်း Phuwin မြင်လိုက်ရတာမို့ စိတ်အေးသွားရသည် ။ ထို့ကြောင့် အစ်ကို့ကိုအလျင်အမြန်ပြုံးပြလိုက်ပြီး

"ကျေးဇူးပါနော် အစ်ကို... အစ်ကို့ရဲ့အင်္ကျီရော ထီးရောကို ကျွန်တော်ပြန်ပေးပါ့မယ်။အစ်ကို့ရဲ့ကြင်နာမှုတွေကိုလည်း ကျွန်တော်မမေ့ပါဘူး"

"အဲ့ဒီလောက်စိတ်ထဲမထားပါနဲ့ ... ကိုယ်မင်းကို ကူညီပေးတာက ကျေးဇူးအတင်ခံချင်လို့မဟုတ်ပါဘူး"

Phuwin၏ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း ပြုံးပြသွားတဲ့အစ်ကို့ကြောင့် Phuwin ကြောင်အအလေးဖြစ်ကာကျန်နေခဲ့သည် ။Phuwin ဒုတိယအကြိမ်ရင်ခုန်မိပြန်သည်။အစ်ကိုက Phuwin ကိုအကြိမ်ကြိမ်ပြုစားလို့နေ၏ ။ဒီအတိုင်းသာဆိုရင် Phuwin ခက်ရချည်ရဲ့လေ..... ။

***

သေချာ လျှော်ဖွပ်ထားသည့် အစ်ကို့ရဲ့အင်္ကျီလေးကိုနမ်းကြည့်ရင်း Phuwin ကျေနပ်စွာပြုံးလိုက်သည် ။ ထို့နောက်သေချာခေါက်၍ အိတ်လှလှလေးထဲသို့ထည့်လိုက်၏ ။

"သားPhu... အမေဝင်လာခဲ့မယ်နော်"

"ဟုတ်.. တံခါး Lockမချထားဘူးအမေ"

Phuwin အသံပေးလိုက်တော့ တံခါးပေါက်ဖွင့်သံနှင့်အတူအမေဝင်လာခဲ့သည်။Phuwin အိပ်ရာတစ်ဖက်ကို တိုးကပ်ပေးပြီး အမေထိုင်ဖို့နေရာပေးလိုက်သည် ။

"သားPhu ပြုံးနေတာပဲ.. ပျော်စရာတစ်ခုခုရှိနေလို့လား"

Phuwin ပြုံးနေမိတာကို ကိုယ်တိုင်တောင်သတိမထားလိုက်မိပေ ။ အစ်ကို့အကြောင်းတွေးမိရုံနှင့်တောင်မှ Phuwinက အရူးတစ်ယောက်လိုမျိုး ပြုံးနေမိခဲ့သည်တဲ့လေ ။

"အဲ့ဒီလိုမဟုတ်ပါဘူး ...ဒီအတိုင်းပါပဲ"

"ကျောင်းမှာရော အဆင်ပြေရဲ့လားသားPhu... သားရဲ့အစ်မ Veeကလည်း သားကိုကောင်းကောင်းဂရုစိုက်တယ်မို့လား"

Phuwin ခေါင်းလေးသာငြိမ့်ပြလိုက်သည်။ အစ်မ Veeက သူတော်ကောင်းယောင်ဆောင်သည့်နေရာမှာတော်လွန်းသည်မို့ Phuwin ဘက်ကအမှန်အတိုင်းပြောရင်တောင်မှ Phuwinကိုယုံမယ့်သူမရှိပေ။ အမေ့ကိုလည်း Phuwinမပြောပြချင်ပေ... အမေသိလျှင်လည်း စိတ်ဆင်းရဲရရုံပဲရှိလိမ့်မည်။ အငယ်အနှောင်းဖြစ်တဲ့အမေ့မှာ လုပ်ပိုင်ခွင့်နှင့် အာဏာဆိုတာ ဘာမှရှိမနေတာကို Phuwin သိသည်လေ ။ ဒီမှာရှိနေသည်က အနည်းဆုံးတော့ အမေချမ်းချမ်းသာသာနေရသေးသည်.. Phuwin အတွက်တစ်ယောက်တည်း ရုန်းကန်နေစရာမလိုသည်မို့ အဆိုးထဲကအကောင်းဟုသာ Phuwinမှတ်ယူထား၏ ။ ဤအိမ်ကြီးမှာ အမေဆက်ရှိနေနိုင်ဖို့အတွက် Phuwin အရာအားလုံးကို ကြိတ်မှိတ်ကာသည်းခံပေးရမည် ။

"သားမှာ သုံးစရာရောရှိသေးရဲ့လား"

"ဟုတ် ရှိပါသေးတယ်အမေ ။ အဖေက ပေးထားပါတယ်"

"တစ်ခုခုအဆင်မပြေတာရှိရင် အမေ့ကိုပြောနော် ။ အမေသားဘက်မှာရှိတယ်"

Phuwin ခေါင်းငြိမ့်၍ အမေ့ရင်ခွင်လေးထဲသို့ တိုးဝင်လိုက်သည် ။ အဆင်မပြေတာတွေကို တန်းစီထုတ်ပြော၍ ၅နှစ်သားကလေးလေးလိုမျိုး အော်ဟစ်ကာပင် ငိုလိုက်ချင်ပေမယ့်လည်း မလုပ်နိုင်။Phuwin မျိုသိပ်ထားမှသာ အရာအားလုံးက အဆင်ပြေလိမ့်မည် ။

>>>

"Pond... ဟိုဂျူနီယာလေးက မင်းကိုကြည့်နေတယ် ။ မင်းနဲ့အသိလား"

Nuuရဲ့စကားကြောင့် Pondလှမ်းကြည့်လိုက်တော့ Phuwin ပါပင် ။ လက်ထဲမှာလည်း အထုပ်ကလေးနှင့် Pondကို ငေးကြည့်လို့နေ၏။ ထိုကလေးကို မြင်လိုက်ရမှ ညစ်ညူးနေသည့် Pond ရဲ့စိတ်တွေက လန်းဆန်းသွားခဲ့သည် ။ Nuuကိုနှုတ်ဆက်၍ Phuwin ဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့လိုက်၏။

"အစ်ကို့ဆီလာတာလား"

"ဟုတ်"

"ဒါဆိုရင် ဘာလို့လှမ်းမခေါ်တာလဲ"

"ဟို... အစ်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"

Pond စိတ်လိုလက်ရပြုံးလိုက်မိသည် ။ ပြောနေသည့်ပုံလေးက ချစ်စရာကောင်းလွန်းတာကြောင့် ဆံပင်လေးကိုအသာထိုးဖွာလိုက်သည် ။ နူးညံ့သည့် Phuwin ၏ဆံသားထဲတွင် Pondရဲ့လက်ချောင်းလေးများ နစ်မြုပ်လို့နေ၏ ။

"အစ်ကိုဘာလုပ်တာလဲ"

"မင်းကချစ်ဖို့ကောင်းလွန်းလို့လေ... တကယ့်ကလေးလေးပဲ"

Pond စကားကြောင့် နှုတ်ခမ်းစူသွားတဲ့ပေါက်စက ဘာကိုအလိုမကျဖြစ်သွားသည်လဲမသိ ။ ထိုပုံစံလေးက ချစ်ဖို့ကောင်းနေပြန်တာပဲ Pondသိသည် ။

"အစ်ကို့ရဲ့အင်္ကျီနဲ့ထီးလေး ပြန်လာပေးတာ"

"နောက်မှပေးလို့မရဘူးလား"

"ဟင်... ဘာလို့လဲ"

"မင်း ကိုယ့်ကိုထပ်ပြီးလာတွေ့အောင်လို့လေ"

Pondရဲ့စကားကြောင့် ခေါင်းလေးငုံ့သွားသည်မှာ မြေကြီးထဲသို့ စိုက်ဝင်လုမတတ်ပါပင် ။ မျက်နှာလေးနီသွားသည်ကိုလည်း Pondသတိထားလိုက်မိပါ၏ ။ အရှက်သည်းနေသည့် Phuwin ကြောင့် Pondထပ်မံ၍ပြုံးမိပြန်သည် ။

"ကိုယ်တို့ ထမင်းအတူသွားစားရအောင်"

"ဟင်.."

အူကြောင်ကြောင်လေးဖြစ်နေတဲ့ Phuwinကို ဘာမှရှင်းပြမနေတော့ဘဲ လက်ကလေးကိုဖမ်းဆွဲ၍ ခေါ်လာလိုက်တော့သည် ။Pond၏ မျက်နှာထက်ကအပြုံးတွေသည်လည်း တစ်လောကလုံးကို အပိုင်စားရထားသလိုနှယ်.........

***

~အစ်ကိုက အစပ်အရမ်းစားနိုင်တယ် ... ကျွန်တော်နဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ကျွန်တော်ကတော့ အစပ်ကိုနည်းနည်းလေးမှမစားနိုင်ဘူးလေ ။အစ်ကိုနဲ့ကျွန်တော့်မှာ မတူညီမှုတွေ ဘယ်လောက်အထိရှိနေအုံးမယ်ဆိုတာ ကျွန်တော်မသိနိုင်ဘူး .... ဒါပေမဲ့ အတူရှိနေရရင်ပျော်တယ် ... အဲ့ဒီလောက်ဆိုရင် လုံလောက်ပြီလို့ ကျွန်တော်ထင်တယ် ။ ကျွန်တော် အစ်ကို့ကိုသိပ်ပြီးချစ်မိခဲ့ပြီမို့~

ထိုအကြောင်းအရာလေးကိုရေးပြီးသည်နှင့် ဒိုင်ယာရီစာအုပ်လေးကို Phuwin ပိတ်လိုက်သည် ။ မျက်နှာထက်ကအပြုံးတို့သည်လည်း  တောက်ပလို့နေ၏ ။ အချစ်နှင့်ထိတွေ့မိတဲ့လူတိုင်းက အခုလိုပဲပျော်ရွှင်ရတာဖြစ်လိမ့်မည်ဟု Phuwin ယူဆမိသည် ။ Phuwin ကိုယ်တိုင်လည်း အခုမှသာအချစ်ဆိုတဲ့အရာကို စတင်ခံစားဖူးသည်မို့ ကောင်းကောင်းနားမလည်နိုင်သေးပေ ။

'ဒါပေမဲ့ ... ကျွန်တော့်လိုကောင်လေးတစ်ယောက်ကို အစ်ကိုကပြန်ချစ်နိုင်ပါ့မလား..'

အစ်ကိုက နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်သည့်အပြင် ချမ်းသာသည့် အသိုင်းအဝိုင်းကဖြစ်၏ ။ အစ်ကို့ကို စိတ်ဝင်စားနေကြသည့် ယောက်ျားလေး၊ မိန်းကလေးမှာ ဒုနဲ့ဒေး ။ Phuwinလို အပယ်ခံကောင်လေးတစ်ယောက်ကို အစ်ကိုကပြန်ပြီး သဘောကျပေးဖို့ဆိုတာ မဖြစ်နိုင်ပါပေ။

'ကျွန်တော်လက်လျှော့သင့်လား အစ်ကို ... အစ်ကိုသာ ငြင်းလိုက်ရင်ခံစားနိုင်မှာမဟုတ်လို့ ဖွင့်မပြောမိအောင်ကြိုးစားတာပဲ ကောင်းမယ်ထင်တယ်'

Phuwin စိတ်ပျော့သွားခဲ့ရပြန်သည် ။ အစ်ကို့ဘေးကလူတွေနှင့် Phuwin ယှဥ်နိုင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ ။ Phuwin အပေါ်ကြင်နာပေးသည်ကလည်း သနားတာကြောင့်သာဖြစ်နိုင်သည် ။

'ကျွန်တော် ဘာဆက်လုပ်ရမှာလဲအစ်ကို'

***

အစ်ကို့ ဦးလေး၏နာရေးသတင်းက ကျောင်းမှာ ပလူပျံလို့နေသည် ။ သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ အသတ်ခံရသည်မို့ ထိုသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့တာဖြစ်၏။

"အစ်ကို အဆင်ပြေရဲ့လား"

အစ်ကို့အတွက်တွေးလိုက်မိတော့ Phuwin ရင်ထဲနာကျင်လာရသည်။ အစ်ကို့မှာမိသားစုဆိုလို့ သူ့ဦးလေးတစ်ယောက်သာရှိသည်ဟု Phuwin သိရသည် ။ အခုလိုမျိုး တစ်ဦးတည်းသော မိသားစုဝင်က အသတ်ခံလိုက်ရသည်ဆိုတော့ အစ်ကို ဘယ်လောက်တောင် ခံစားနေရမယ်ဆိုတာ Phuwin တွေးတောင်မတွေးရဲတော့ပေ ။

Phuwin တွန့်ဆုတ်မနေတော့ဘဲ အစ်ကို့အိမ်ကိုသွားဖို့ ဆုံးဖြတ်လိုက်သည် ။ အစ်ကို့မိသားစုက တော်ရုံတန်ရုံမဟုတ်သည်မို့ အစ်ကို့အိမ်ကိုလည်း Phuwin သိနေခဲ့သည်လေ။

မြန်မြန်ဆန်ဆန် ပြေးလာလိုက်တော့ အစ်ကို့အိမ်ကို Phuwin ရောက်လာခဲ့သည်။ ခြံထဲမှာတော့ လူအတော်လေးရှင်းနေပြီဖြစ်၏ ။Phuwin ခြံထဲကိုမဝင်ရဲခဲ့ပါ ၊ ခြံအပြင်ကနေသာ အစ်ကို့ကိုလိုက်လံရှာဖွေနေမိသည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အစ်ကိုက ဒန်းလေးပေါ်တွင်ငြိမ်သက်စွာထိုင်လို့နေသည်ကို Phuwin တွေ့လိုက်ရသည်။ ထိုမြင်ကွင်းလေးကို မြင်လိုက်ရရုံနှင့် Phuwin ရင်ထဲတွင် မချိမဆံ့နာကျင်လာရသည် ။အစ်ကို့ရဲ့နာကျင်မှုတွေ ၊ ဝမ်းနည်းမှုတွေကို Phuwin ကိုယ်တိုင်လည်း ထပ်တူခံစားနေမိသည် ။

Phuwin အားတင်း၍ ခြံထဲကိုဝင်ကာ အစ်ကို့ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည် ။

"အစ်ကို..."

"Phuwin "

အစ်ကိုက Phuwin ကိုမြင်မြင်ချင်းပင် အံ့အားသင့်သွားဟန်တူသည် ။ ပြီးမှပြုံးပြ၍ သူ့ဘေးမှာလာထိုင်ဖို့ခေါ်၏ ။

"အစ်ကို အဆင်ပြေရဲ့လားဟင် .. အရမ်းဝမ်းနည်းနေမှာကို သိပါတယ် .. ဒါပေမဲ့ အားတင်းထားနော်"

"ကိုယ် အဆင်ပြေပါတယ်"

"အစ်ကို ကျွန်တော့်ရှေ့မှာ သန်မာနေစရာမလိုဘူးနော်.. အစ်ကို ပြိုလဲလို့ရပါတယ်"

Phuwin စကားကြောင့် အစ်ကိုက Phuwinကို စေ့စေ့ကြည့်လာသည် ။ ထို့နောက်မျက်ရည်တွေ စီးကျလို့လာ၏ ။ မှီခိုစရာ ပခုံးရှိလာသည့်အခါ ပြိုလဲလာတာမျိုးကလည်း လူ့သဘာဝပင်မဟုတ်လား ။

"ကျွန်တော့် ပခုံးပေါ်ကိုမှီပြီးငိုပါ... အစ်ကို စိတ်ပေါ့သွားတဲ့အထိ ငိုလိုက်နော်"

Phuwin ပခုံးငှားပေးတာဖြစ်ပေမယ့် အစ်ကိုကတော့ Phuwinရင်ခွင်ထဲသို့တိုးဝင်ကာ ခါးသိမ်သိမ်ကိုလည်း တင်းကျပ်စွာဖက်တွယ်ထား၏ ။Phuwinလည်း အလိုက်သင့်လေးပင် ငြိမ်သက်ပြီး အစ်ကို့ကျောပြင်လေးကို ပွတ်သပ်ပေးနေလိုက်သည် ။

"ကိုယ့်မှာ ဘယ်သူမှမရှိတော့ဘူး"

"ကျွန်တော်ရှိပါတယ်....အနည်းဆုံးတော့ ကျွန်တော်ရှိနေသေးတယ်"

Phuwin စကားကြောင့် ခေါင်းထောင်လာသည့် အစ်ကို ။ ထို့နောက် မျက်ရည်တွေကြားကနေ Phuwinကိုစေ့စေ့ကြည့်၏ ။ အကြည့်မလွှဲဘဲ ပြန်လည်စိုက်ကြည့်မိတော့ မျက်နှာအနီးသို့ ငုံ့ဆင်းလာသည့် အစ်ကို့နှုတ်ခမ်း။Phuwin အလိုက်သင့်ခေါင်းလေးကို စောင်းပေးလိုက်တော့ နှုတ်ခမ်းချင်းထိကပ်လာသည် ။ Phuwin ရဲ့ခေါင်းကို ထိန်းကိုင်ပြီး တောင့်တမက်မောစွာနမ်းရှုပ်နေသည့်အစ်ကို့ကို Phuwin မငြင်းနိုင်ခဲ့ ၊ အစ်ကို့အင်္ကျီကော်လံလေးကို ဆုပ်ကိုင်ကာ ပြန်လည်တုံ့ပြန်၍ နမ်းရှုပ်ပေးလိုက်၏ ။နှစ်ယောက်သား အနမ်းတွေကြားတွင်ပျော်ဝင်သွားကြသည် ။

နှစ်သိမ့်အနမ်းဆိုပေမယ့် ချိုမြိန်လွန်းသည်ဆိုတဲ့ အမှန်တရားကိုတော့ မငြင်းဆန်နိုင်ပါပေ ။

****

"အစ်မ Vee"

Phuwin ရှေ့ကနေ ပိတ်ရပ်လာသည့်ခြေအစုံကြောင့် Phuwin ခေါင်းကိုမော့ကြည့်လိုက်သည် ။ သူမက Phuwin ဆီကိုဘာဖြစ်လို့ရောက်လာရပြန်တာလဲ ။

"ငါနင့်ကို မေးစရာရှိတယ်"

"ဟုတ်ကဲ့"

"စီနီယာအစ်ကို Pondနဲ့ ဘယ်လိုသိတာလဲ...မနေ့က သူ့ဦးလေး စျာပနအခမ်းအနားကို နင်ရောက်သွားတယ်လို့ ငါ့သူငယ်ချင်းကပြောတယ်... အဲ့တာဟုတ်လား"

Phuwin လိမ်လို့မရသည်မို့ ခေါင်းငြိမ့်ပြလိုက်သည် ။ ထိုအခါ သူမ၏မျက်နှာက သိသိသာသာပျက်ယွင်းသွားသည် ။ Phuwinကို မနှစ်မြို့ဟန်ဖြင့်ကြည့်လာပြီး

"ငါ အစ်ကို့ကိုသဘောကျနေတာနော်... ဒီလောက်ဆိုရင် နင်သဘောပေါက်မှာပါ"

သူမ ထွက်သွားသည့်တိုင်အောင် Phuwin မလှုပ်မယှက်ဖြင့် ငြိမ်သက်ကာရပ်နေမိဆဲ...အစ်မVeeကလည်း အစ်ကို့ကိုသဘောကျနေသည်တဲ့လေ ။ Phuwin ကိုရှေ့ဆက်တိုး၍မရအောင် ပိတ်ပင်လိုက်တဲ့သဘောက Phuwinရဲ့စိတ်ကို အကဲခတ်မိဟန်တူသည်။Phuwin မပျော့ညံ့ချင်ပေမယ့် မျက်ရည်တို့က စီးကျလာခဲ့သည်။အရာရာမှာ Phuwin အလျှော့ပေးခဲ့ရသလို အချစ်ရေးကိစ္စမှာလည်း Phuwin ရှုံးနိမ့်ရတော့မည်လား ။

----

Phuwin စိတ်မကြည်မလင်ဖြင့်ကျောင်းကို စောစောရောက်လာခဲ့သည် ။ တစ်ညလုံးငိုထား၍ မျက်လုံးတို့သည်နီရဲနေလေ၏ ။ ဖောင်းအစ်နေလျှင် အမေရိပ်မိမှာစိုးတာကြောင့် ရေခဲကပ်ထား၍သာမျက်လုံးတို့က ဖောင်းအစ်နေတာမျိုးမရှိတာဖြစ်သည်။

Phuwinတို့ အတန်းအပြင်မှာရပ်နေသည့်အစ်ကို ။နောက်ကျောလေးကိုမြင်ရုံနှင့် အစ်ကို့ကို Phuwin သိပါသည် ။ အခုချိန်မှာ အစ်ကို့ကို ပြေးပြီးဖက်တွယ်ထားချင်မိပါ၏။သို့ပေမဲ့ နားထဲသို့ အစီအရီဝင်ရောက်လာသည့်အစ်မ Vee၏စကားသံများကြောင့် Phuwin ရှေ့ဆက်မတိုးရဲတော့ပေ ။လက်သီးကိုတင်းတင်းဆုပ်၍ နေရာကနေထွက်ခွာဖို့သာ ဆုံးဖြတ်လိုက်သည် ။

"Phuwin ..."

ရုတ်တရက်နာမည်ခေါ်သံကြားလိုက်တာမို့ Phuwin၏ ခြေလှမ်းလေးများကရပ်တန့်သွားခဲ့သည် ။ သို့ပေသည့် ခေါ်ဆိုသူကိုသိနေသည်မို့ Phuwin လှည့်မကြည့်ရဲခဲ့ပေ ၊ ကျောပေး၍သာရပ်နေမိ၏။

"ကိုယ့်ကို ရှောင်နေတာလား"

ထိုမေးခွန်းနှင့်အတူ အစ်ကိုက Phuwinနှင့် မျက်နှာချင်းဆိုင်ကိုရောက်လာခဲ့သည်။ Phuwinရဲ့မျက်နှာကိုစေ့စေ့ကြည့်၍လည်း အကဲခတ်နေသေး၏။

"မဟုတ်ပါဘူး ... ကျွန်တော်မရှောင်ပါဘူး"

"ညာနေတာ... မင်းပြောတာအမှန်ဆိုရင် ကိုယ့်မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးပြောလေ... ဘာဖြစ်လို့အကြည့်လွှဲနေတာလဲ"

"ကျွန်တော် တောင်းပန်ပါတယ်အစ်ကို"

"ဘာအတွက်လဲ"

ရှေ့ဆက်မတိုးရဲတော့တာကြောင့် Phuwin တောင်းပန်မိသည် ။ ချစ်နေလျှက်နှင့် နောက်ဆုတ်ရသည်က Phuwinအတွက်လည်း အမှန်တကယ်ပင်ခက်ခဲပါ၏ ။

"Phuwin ... ကိုယ်မင်းကိုချစ်တယ်"

"ဟင်.."

ရုတ်တရက်ကြီးဖွင့်ပြောလာသည့်အစ်ကို့ကြောင့် Phuwin ကြောင်သွားရသည်။ အစ်ကိုက Phuwin ကိုချစ်တယ်တဲ့လေ... Phuwin တိတ်တခိုးချစ်ခဲ့ရသည့်အစ်ကိုက Phuwin ကိုချစ်တယ်တဲ့ ။

"Phuwinလည်း အစ်ကို့ကိုချစ်တယ်မဟုတ်လား"

ထိုမေးခွန်းအတွက် Phuwinမှာအဖြေမရှိပါပေ ။ မဖြေရဲတာဆိုလျှင်ပိုပြီးမှန်ပါလိမ့်မည်။အစ်မ Veeသဘောကျနေတဲ့အစ်ကို့အား မည်သည့်အင်အားနှင့် Phuwinပြန်ချစ်ရဲမှာတဲ့လဲ။

"ကျွန်တော် အစ်ကို့ကိုမချစ်နိုင်ဘူး"

"ဘာလို့လဲ... ဘာလို့ညာတာလဲ ... မင်းရဲ့မျက်ဝန်းတွေက ကိုယ့်ကိုချစ်နေတာ သိသာနေတာပဲလေ"

"ကျွန်တော်တောင်းပန်ပါတယ်"

"တောင်းပန်စကားပြောရမှာမဟုတ်ဘူး Phuwin ...အကြောင်းပြချက်ပေးရမှာ... မင်းကိုယ့်ကို တကယ်မချစ်နိုင်ဘူးဆိုရင် ကိုယ် မင်းနဲ့အဝေးဆုံးကိုထွက်သွားမှာ"

Phuwin ဟန်မဆောင်နိုင်တော့ပေ ။ အစ်ကို့ရင်ခွင်ထဲသို့ဝင်တိုး၍ ရှိုက်ကာငင်ကာငိုလိုက်မိ၏ ။ Phuwin ရဲ့အခက်အခဲတွေအား အစ်ကို့ကိုသိစေချင်သည် ။

----စတင်တွေ့ဆုံခဲ့သည့် အပင်လေးအောက်မှာ နှစ်ယောက်အတူရှိနေကြသည် ။အခြေအနေတွေကတော့ မတူညီတော့ပေ ။Pond ရဲ့ရင်ခွင်ထဲသို့ Phuwin အားကိုးတကြီးတိုးဝင်ပြီး အခက်အခဲအားလုံးကို ရင်ဖွင့်နေမိသည် ။ ထိုအခါ Pondသည်လည်း Phuwinကို တင်းကျပ်စွာဖက်တွယ်ထားပြီး Phuwin ပြောသမျှကိုဂရုတစိုက်နားထောင်ပေးနေလေ၏။

"မငိုနဲ့တော့ ... မင်းငိုတာမြင်ရရင် ကိုယ့်ရင်ဘက်တွေအောင့်တယ် ...သိရဲ့လား"

"တောင်းပန်ပါတယ် အစ်ကို ... ကျွန်တော်အစ်ကို့ကိုမချစ်တာ မဟုတ်ရပါဘူး"

"အရူးလေးရယ်... မင်းကတကယ်အရူးလေးပဲ... ဘာဖြစ်လို့မင်းက နောက်ဆုတ်ပေးရမှာလဲကွာ ... ကိုယ်ကမင်းရဲ့အစ်မကိုကြိုက်တာမှမဟုတ်ဘဲ ... သူ့ကြောင့်နဲ့ ကိုယ်ချစ်တဲ့မင်းက နောက်ဆုတ်ပေးတယ်ဆိုတာ အဓိပ္ပာယ်မှမရှိတာ"

"ကျွန်တော်သူ့ကိုကြောက်တယ်"

"မင်းကို အပြည့်အဝကာကွယ်ပေးမယ့် ကိုယ်ရှိပါတယ်... မင်း ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး"

Phuwin ပြုံးလိုက်မိသည်။ ချစ်ရသူတစ်ယောက်လုံးက Phuwin ဘက်မှာရှိနေသည်မို့ ကျန်တာ ဘာလိုအပ်အုံးမှာတဲ့လဲ ။ Phuwin သတ္တိရှိရှိနှင့် ချစ်ဖို့သာအရေးကြီးသည်။

"ကျေးဇူးပါ အစ်ကို"

"ဘာဖြစ်လို့ ကျေးဇူးတင်တာလဲ"

"ကျွန်တော့်ကိုချစ်ပေးလို့လေ"

"ဒါဆိုရင် ကျေးဇူးအစား နှုတ်ခမ်းလေးပေးလို့ရမလား ... ကိုယ်မင်းကိုနမ်းချင်တယ်"

Phuwin ခေါင်းငြိမ့်မိလား ၊ ခေါင်းခါမိလားဆိုတာပင်မသိတော့ပေ ။ Phuwin သိတာက Phuwin နှုတ်ခမ်းတွေကို အစ်ကိုစိတ်ကြိုက် ခြယ်လှယ်နေခဲ့တာပါပဲ ။Phuwin ကိုယ်တိုင်လည်း အစ်ကို့ရဲ့အဲ့ဒီအနမ်းတွေမှာ ပျော်ဝင်နေခဲ့မိသည် ။

**

"သား Phu... သားPhu"

အခန်းအပြင်ကနေ Phuwinနာမည်ကို အထိတ်တလန့်နှင့် အော်ဟစ်နေတာကြောင့် Phuwin ဆက်ခနဲထလိုက်သည် ။ ထို့နောက် အလျင်အမြန်ပင် တံခါးဖွင့်ပေးလိုက်၏။

"အမေ... အမေဘာဖြစ်လို့လဲ"

တုန်ရီနေတဲ့အမေ့ရဲ့လက်လေးနှစ်ဖက်ကို Phuwin ဆုပ်ကိုင်ရင်း မေးခွန်းထုတ်လိုက်သည် ။ အမေ့ရဲ့ပုံစံက ဖျော့တော့ပြီး လက်လေးတွေကအစ အေးစက်စက်ဖြစ်လို့နေသည် ။ တစ်ခုခုကို ကြောက်လန့်နေသည့်ပုံ ။

"သား Phu.. သားအစ်မ Vee... Vee"

"အစ်မ ဘာဖြစ်လို့လဲအမေ"

"Clubမှာ အသတ်ခံလိုက်ရတယ်သား။ အခုပဲရဲတွေဖုန်းဆက်လို့ သားအဖေနဲ့ မေမေကြီးလိုက်သွားတယ်"

"ဗျာ..."

အစ်မ Vee အသတ်ခံလိုက်ရသည်တဲ့ ။ညနေကတောင် Phuwin ကိုပြောစရာရှိတယ် စောင့်နေဟု ပြောခဲ့သည့်အစ်မVeeက ညတွင်းချင်း အသတ်ခံလိုက်ရသည်။

"တရားခံကိုမိလားအမေ"

"ဟင့်အင်း .. အခုမှ စစ်ဆေးတုန်းပဲရှိသေးတယ် ။ Veeမှာ ရန်သူတွေဘာတွေရှိလားသား"

"ကျွန်တော်မသိဘူး"

Phuwin သိရသလောက်တော့ အစ်မVeeမှာ ရန်သူဟူ၍မရှိ ။ အလှဘုရင်မလို့တင်စားရသည့် သူမကို ချစ်ခင်သူတွေသာရှိသည် ။သူမကို မုန်းသည့်လူဆိုလို့ Phuwinသာရှိပါသည် ။

"အမေ လိုအပ်တာလေးတွေလိုက်လုပ်ပေးလိုက်အုံးမယ် ...သားလည်းနားလိုက်အုံး.."

Phuwin ခေါင်းငြိမ့်၍အခန်းထဲကို ပြန်ဝင်လာလိုက်သည် ။ ထို့နောက် ဒိုင်ယာရီစာအုပ်ကိုကိုင်၍ ပြုံးလိုက်၏ ။

"စောစောစီးစီး သေသွားခဲ့တာပဲ... ကျွန်တော်ဝမ်းမနည်းသင့်ဘူးထင်တယ်... ကျွန်တော့်ကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့အစ်မက သေသင့်ပါတယ်"

Phuwin မျက်ရည်တွေကြားကနေ ပြုံးလိုက်မိသည် ။ Phuwin ကိုနှိပ်စက်ခဲ့သည့်လူတစ်ယောက်ရဲ့ သေဆုံးမှုအတွက် Phuwin ဝမ်းမနည်းတာ လွန်မည်မထင် ။ Phuwin အနားကနေ အခုလိုထွက်သွားတာကိုပဲ Phuwin ကျေးဇူးတင်မိ၏ ။ မဟုတ်လျှင် Phuwin နှင့်အစ်ကို့ကြားမှာဝင်ပြီးရှုပ်နေအုံးမည် ။

"အခုလိုသေပေးလို့ ကျေးဇူးပါပဲ"

Phuwin စိတ်လိုလက်ရပင်အော်ဟစ်ကာ ရယ်လိုက်မိ၏ ။ Phuwin ရဲ့နာကျင်မှုတွေလည်း အနည်းငယ်သက်သာလို့သွားခဲ့သည်။

----

"Veeအခုလိုဖြစ်သွားတာတောင်မှ မင်းက စိတ်အေးလက်အေးနဲ့ကျောင်းတက်နိုင်တယ်ပေါ့!!"

"အင့်"

ဒေါသထွက်နေသည့် Jackက Phuwin ကိုတွန်းပစ်သည် ။ Phuwinလည်း မြေပြင်တွင် အတိုင်းသား လဲကျသွားရ၏ ။Veeရဲ့ သေဆုံးမှုအပေါ် မခံမရပ်နိုင်ဖြစ်နေသည့်Jackက Phuwinအား ထိုးကြိတ်ဖို့ လက်ရွယ်သည် ။ သို့ပေမဲ့ ထိုလက်အားဖမ်းဆွဲခံလိုက်ရတာကြောင့် လေထဲမှာပင်ရပ်တန့်သွားရ၏။

"စီနီယာ Pond"

Jack သူငယ်ချင်းများကတော့ စီနီယာတစ်ယောက်ရောက်လာသည်မို့ ခေါင်းငုံ့ကာ အနောက်ကိုဆုတ်ပေးကြသည်။

"Veeသေတဲ့ကိစ္စက Phuwinနဲ့ဘာဆိုင်လို့လဲ... သူက မင်းတို့အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ့်သူလို့ မင်းထင်နေတာလား"

"စီနီယာနဲ့ ဘာဆိုင်လို့လဲ"

"Phuwinက ငါ့ချစ်သူ... ဒါဆိုဆိုင်လား ပြောကြည့်"

Pond၏ စကားကြောင့် Jackငြိမ်သက်လို့သွားသည် ။ ထို့နောက် တောက်ခေါက်၍နေရာကနေထွက်သွားတော့သည် ။

"Phuwin ... ဘာဖြစ်သွားသေးလဲ"

လဲကျနေသည့် Phuwinကို Pond ပွေ့ထူလိုက်သည် ။

"အစ်ကို... ကျေးဇူးတင်ပါတယ်နော်"

"ကိုယ်ကမင်းကို ကာကွယ်ပေးမယ်လို့ပြောထားတယ်လေ... ကိုယ်ရှိနေသ၍ မင်းကိုဘယ်သူမှမစော်ကားစေရဘူး"

Phuwin ပြုံး၍ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်သည် ။ Phuwin အတွက်တော့ အစ်ကိုက ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုသာဖြစ်သည် ။ဘာတွေပဲဖြစ်လာပါစေ Phuwin မကြောက်တော့ပေ ၊ Phuwin ဘက်မှာ အစ်ကိုတစ်ယောက်လုံး ရှိနေသည်ပဲ။

---

Jack အသတ်ခံရသည့်အမှုကို Phuwin မထင်မှတ်ဘဲ တွေ့လိုက်ရသည် ။ မနက်ကတောင်မှ Phuwinကို အနိုင်ကျင့်နေသည့် Jackက ညမှာသေဆုံးသည် ။ သေခြင်းတရားက မျက်စိတစ်မှိတ်အတွင်းမှာပဲဟု Phuwin တွေးလိုက်မိ၏။မူးယစ်သောက်စားကာ ရန်ဖြစ်ကြရာကနေ Jack သေဆုံးခဲ့ရပြီး တရားခံကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သတင်းမှာဖော်ပြထားသည်။ တရားခံကလည်း Jackသူငယ်ချင်းထဲက တစ်ယောက်ဖြစ်၏ ။

Phuwin ပြုံးလိုက်မိသည် ။ ကံတရားကပါ Phuwin ဘက်မှာရှိနေခဲ့သည်ထင်၏ ။ Phuwinကို နာကျင်စေသူတိုင်းက လောကကြီးထဲကနေ စောစောစီးစီးပင်ထွက်ခွာသွားကြရသည် ။

"ဒီသတင်းကို အဖေလည်းအခုပဲတွေ့လာတာ... အဲ့ဒီကလေးက သားတို့ကျောင်းကပဲမို့လား"

Phuwin အနားကိုအဖေရောက်လာပြီးထိုင်သည် ။ Phuwin လည်း အဖေ့ကို လက်အုပ်ချီနှုတ်ဆက်ပြီး ခေါင်းငြိမ့်ပြလိုက်၏ ။

"အမှုက တော်တော်ဆိုးဝါးတယ်.... မျက်နှာတစ်ခုလုံးကို စုတ်ပြတ်နေအောင်ဖျက်ဆီးပြီးမှ အသတ်ခံလိုက်ရတာ .... သတ်တဲ့သူကလည်း သူ့သူငယ်ချင်းအရင်းကြီးကတဲ့ ... ကြောက်ဖို့ကောင်းလွန်းတယ်"

မကောင်းတဲ့သူတွေရဲ့ သွားရာလမ်းပဲလားဟုတောင် Phuwin မေးခွန်းထုတ်နေမိသည်။ အစ်မVeeရော Jackရောက အသေဆိုးနှင့်သေခဲ့ကြရသည် ။

"အစ်မ Veeကိုသတ်ခဲ့တဲ့တရားခံကိုရော မိလားအဖေ"

"ဘာ သဲလွန်စမှမရဘူး... အဲ့ဒီနားမှာ CCTVတွေမရှိတဲ့အပြင် တရားခံက လက်ဗွေရာပါမရှိအောင် ပိပိရိရိပြင်ဆင်ပြီးလုပ်ခဲ့တာ... သံသယဖြစ်စရာ ခြေရာလက်ရာမကျန်ဘူး"

"အဖေဘာဆက်လုပ်မှာလဲ"

"Veeအတွက် ကုသိုလ်ကောင်းမှုပဲများများလုပ်ပေးရမှာပေါ့လေ... တရားခံကိုမဖမ်းနိုင်ရင်တောင်မှ နောက်ဘဝမှာ အခုလိုအဖြစ်ဆိုးမျိုးမခံစားရအောင် အဖေတို့ကလုပ်ပေးရမှာပေါ့"

Phuwin ခေါင်းငြိမ့်ပြလိုက်သည် ။ အစ်မVeeအတွက် Phuwin ဝမ်းမနည်းမိပေမယ့် သွေးသားဆိုသည့်အသိကြောင့် ကောင်းမွန်တဲ့နောက်ဘဝမှာ ရှင်သန်စေချင်ပါသည် ။ နောက်ဘဝကျရင်တော့ စိတ်ထားလှတဲ့သူတစ်ယောက်အဖြစ် မွေးဖွားလာစေချင်မိ၏ ။

×××

"ငါမင်းကို ကြိုက်တယ် Phuwin "

Phuwin လက်ကိုဖမ်းဆွဲကာ ဖွင့်ပြောလာသည့် Mine ...ထိုလက်ကို Phuwin ဖြုတ်ချပေမယ့်မရပေ။Mineက Phuwinလက်ကို ကျစ်ကျစ်ပါအောင်ဖမ်းဆုပ်ထား၏။

"Mine! ငါ့လက်ကိုလွှတ်...."

"မင်းကိုကြိုက်တယ်လို့ ဖွင့်ပြောနေတယ်လေ"

လူရှင်းတဲ့နေရာမှာဖြစ်ပေမယ့် ဖြတ်သွားသည့် ကျောင်းသား တစ်ယောက်စနှစ်ယောက်စက Phuwin တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည် ။

"ငါ့မှာချစ်သူရှိတယ်"

"ငါဂရုမစိုက်ဘူး... မင်းငါ့ကိုပြန်ကြိုက်ပေး"

Phuwin အပေါ်ကို တဇွတ်ထိုးလုပ်နေတဲ့ Mineကြောင့် Phuwin အတော်လေးဒေါသထွက်လာသည် ။ Mineလက်ထဲကနေ အားကုန်သုံး၍ ရုန်းထွက်ပါသော်လည်းမရပေ ။

"ဘာကို ရုန်းကန်နေတာလဲ! ငါလိုလူက မင်းလို အပယ်ခံကိုကြိုက်ပေးတာပဲကျေးဇူးတင်လိုက်စမ်းပါ... ဘာကိစ္စနဲ့နစ်နာသူလိုလုပ်နေတာလဲ"

Phuwin ကိုနံရံမှာကပ်ပြီး နမ်းဖို့ကြိုးစားသည်။ Phuwinကလည်း လက်မခံတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လို့နေ၏။

'ခွပ်'

ထိုအခြေအနေတွင် Phuwin၏ ကယ်တင်ရှင်ပေါ်လာခဲ့သည် ။ Mine ကိုဆွဲရမ်း၍ မျက်ခွက်ကိုထိုးချလိုက်သည်မှာ မြေပြင်ပေါ်မှာ ပုံလဲကျ၏။

"အစ်ကို..."

Phuwin အားကိုးရသွားတာကြောင့် Pond၏အနောက်တွင်ပြေးကပ်ကာရပ်လိုက်သည် ။ Pondကတော့ Mineကိုသာ စူးစူးရဲရဲစိုက်ကြည့်လို့နေသည် ။

"ငါ့ကောင်လေးကို ဘာလုပ်တာလဲ"

"တောင်းပန်ပါတယ် ... စီနီယာ့လူမှန်းမသိလို့ပါ"

"တောင်းပန်ရုံနဲ့ပြီးသွားပြီလား... မင်းလုပ်ရက်က အလွယ်ခွင့်လွှတ်လို့ရလား ပြောကြည့်"

ပြဿနာတွေ ကြီးထွားလာမည်ကို Phuwinမလိုချင်ပါ ။ အထူးသဖြင့် အစ်ကို့ကိုထိခိုက်စေမည်ကိုလည်း Phuwin စိုးရိမ်သည်။ ထို့ကြောင့် အစ်ကို့ကို စိတ်ထိန်းဖို့တား၍ Mineကိုထွက်သွားစေလိုက်သည် ။ ဒေါသပြေပုံမရသေးတဲ့အစ်ကိုက ရှူးရှူးရှားရှားဖြစ်လို့နေဆဲ ......

"အစ်ကို စိတ်လျှော့လိုက်ပါနော်"

"မင်းမျက်နှာကြောင့်နော်... ကိုယ်မင်းကြောင့် အဲ့ဒီခွေးလိုကောင်ကို အလွတ်ပေးလိုက်တာ"

"ကျေးဇူးပါ ... ကျွန်တော့်ကြောင့်ဖြစ်ဖြစ် ဒေါသတွေလျှော့ပေးလို့ ကျေးဇူးတင်ပါတယ်အစ်ကို"

နှစ်ရက်အကြာတွင် ပျံ့နှံ့လာသည့် Mine ပျောက်ဆုံးသွားသည့်သတင်း ။ ရဲတွေ ကြိုးစားပမ်းစားနှင့် လိုက်လံရှာဖွေသော်လည်း သတင်းအစအနတောင်မရခဲ့ပေ။ အဲ့ဒီကိစ္စနှင့် ပတ်သက်၍ Phuwinကိုယ်တိုင်လည်း အစစ်ဆေးခံခဲ့ရသည် ။ သို့ပေမဲ့ သံသယဖြစ်စရာအခြေအနေမရှိတာကြောင့် အမှုကနေ ကင်းလွတ်ခဲ့ရ၏။အခုအခြေအနေမှာတော့ Phuwin မပျော်နိုင်တော့ပေ .. အနည်းငယ် စိတ်ထင့်လို့လာခဲ့သည် ။ တစ်ခုခုမှားယွင်းနေသည်ဆိုတာသေချာ၏။

'ဒါတွေက တိုက်ဆိုင်မှုဟုတ်ရဲ့လား'

Phuwin ဘယ်လိုပဲတွေးတွေး အဖြေမရပေ။ တိုက်ဆိုင်မှုကလွဲ၍ တခြားဖြစ်နိုင်စရာလည်းမရှိ ။ Phuwin အတွက် လောကကြီးကသူတို့ကို ဒဏ်ခတ်ပေးလေသလား ။

'မကောင်းတဲ့လူတွေက သေသွားတာပဲလေ.. ဒါက ဘုရားပေးတဲ့ပြစ်ဒဏ်ပဲမို့လား..."

---Phuwin စာသင်နှစ်တစ်လျှောက်လုံး အနှောင့်အယှက်မရှိဘဲ ကောင်းကောင်းမွန်မွန်နှင့်သင်ယူခဲ့ရသည်။အစ်ကိုကလည်း Phuwinကို အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ပေး၏။Phuwin ကျောင်းပြီးတော့ Phuwinနဲ့အစ်ကို့ရဲ့အခြေအနေကို မိဘတွေအားအသိပေးလိုက်သည် ။ Phuwin မိဘတွေကလည်း ကြည်ကြည်ဖြူဖြူပင်လက်ခံပေးကြသည်။အဲ့ဒီလိုနဲ့ပဲ Phuwinတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြသည်။အစ်ကို့မှာ မိသားစုဆိုပြီးတော့လည်း မရှိသည်မို့ လက်ထပ်ပြီးသည်နှင့် အစ်ကို့အိမ်မှာပဲ Phuwin လိုက်နေခဲ့သည် ။အခုဆိုရင် Phuwin တို့လက်ထပ်ထားသည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်၏ ။အစ်ကိုကတော့ အစ်ကို့မိဘတွေရဲ့လုပ်ငန်းကို ဦးဆောင်ကာလုပ်ကိုင်သည် ။ Phuwinကတော့ အိမ်မှာသာနေရ၏။

အားလပ်နေသည်မို့ Phuwinအိမ်သန့်ရှင်းရေးလုပ်နေသည်။ထို့နောက် အစ်ကို့အဝတ်ဗီရိုကိုပါ သန့်ရှင်းပေးလိုက်၏ ။အင်္ကျီတွေကိုအနည်းငယ်ဖယ်လိုက်တော့ အဝတ်ဗီရို၏ ထူးဆန်းမှုကို Phuwin သတိပြုလိုက်မိသည်။ လူတစ်ယောက်ကောင်းကောင်းဝင်လို့ရသည့် အဝတ်ဗီရိုက နံရံနှင့် တစ်ဆက်တည်းဖြစ်လို့နေသည် ။ အနည်းငယ် အားထည့်၍တွန်းလိုက်မိတော့ နံရံက အနောက်ကို ရွေ့သွားသည် ။Phuwin တအံ့တသြဖြင့် ထိုတံခါးကနေ ဝင်လာခဲ့လိုက်၏။

"ဟင်!"

လျှို့ဝှက်အခန်းတစ်ခုပင်ဖြစ်သည်။ အခန်းတစ်ခုလုံး ဓားတွေ ၊ သေနတ်တွေ ၊ လက်နက်တွေက နေရာယူထားသည် ။ နံရံပေါ်မှာ ကပ်ထားသည့်ပုံတွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ Phuwin အနောက်ကိုလန်လဲတော့၏။ပထမဆုံးပုံက အစ်ကို့ရဲ့ဦးလေးဖြစ်ပြီး ပုံကို အနီရောင် ကြက်ခြေခတ်ထားသည်။ ဒုတိယက အစ်မVee ၊ တတိယက Jack ဖြစ်ပြီး စတုတ္ထ က Mineပင် ... ထိုပုံများကိုလည်း အလားတူကြက်ခြေခတ်ထား၏ ။

Phuwin တစ်ကိုယ်လုံး တုန်ရီကာအသံတောင်မထွက်နိုင်တော့ပေ ။ တိုက်ဆိုင်မှုလို့ထင်ခဲ့သည့်အရာတွေက တိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံမှုဖြစ်လို့နေသည် ။

"ဒီနေရာကို ဘာလို့ရောက်နေတာလဲ Phuwin"

အနောက်ကကြားလိုက်ရသည့်အသံကြောင့် Phuwin သွေးမရှိတော့သလို ဖျော့တော့သွားသည် ။ ကြောက်လန့်နေ၍ လှည့်ကြည့်ဖို့တော့ အင်အားမရှိတော့ပေ ။

"ဦးလေးက လူကောင်းမဟုတ်ဘူး... ကိုယ့်မိဘတွေကို သူသတ်တာ... အကြောင်းပြချက်က အမွေတွေလိုချင်လို့ပဲ"

သွေးအေးစွာလျှောက်လှမ်းလာသည့်အစ်ကိုက နံရံမှာရှိနေသည့်ပုံများကိုကြည့်ကာပြောသည် ။ Phuwin ငြိမ်သက်၍ နားထောင်နေလိုက်၏။

"သူ့လူတွေကို ပိုက်ဆံပေးပြီး ဓားပြဟန်ဆောင်ခိုင်းခဲ့တယ်... ပြီးတော့ ကိုယ့်မိဘတွေကို ကိုယ့်မျက်စိရှေ့မှာပဲသေစေခဲ့တယ်... သူကတော့ကိုယ့်ကိုကယ်တင်ပြီး ဓားပြတွေကို ခုခံခဲ့တယ်ပေါ့လေ... တစ်လျှောက်လုံး သူ့ကို ကျေးဇူးရှင်လို့မြင်လာခဲ့တာ"

စားပွဲပေါ်ကဓားနှင့် ဦးလေးဆိုသူရဲ့ပုံကိုထိုးစိုက်လိုက်သည် ။ Phuwin ပင်လျှင် တုန်ရီသွားရသည် ။

"အမှန်တရားတွေကို ကိုယ်နောက်ကျမှသိခဲ့ရတာ... သိသိချင်းပဲ သူ့ကိုသတ်ပစ်လိုက်တယ်... ရင်ဘက်ကို ဓားနဲ့တစ်ချက်ပြီးတစ်ချက်....."

သွေးအေးအေးနှင့် ထိုအကြောင်းအရာများကိုပြောပြနေသည့်အစ်ကိုက Psychopath တစ်ယောက်နှင့်တူသည် ။မဟုတ်... အစ်ကိုက တကယ့်ကို Psychopath တစ်ယောက်။

"Veeကြောင့် မင်းကကိုယ့်ကိုမချစ်နိုင်ဘူးပြောတယ်... ပြီးတော့ နောက်ဆုတ်ပေးဖို့ကြိုးစားခဲ့တယ်.... ကိုယ်သူ့ကို သတ်သင့်တယ်မို့လား "

"Jackကမင်းကို အနိုင်ကျင့်ခဲ့တဲ့ကောင်... မင်းရဲ့မျက်နှာလှလှလေးကိုထိုးဖို့တောင်သူကလုပ်ခဲ့တာ ... အဲ့တာကြောင့် သူ့မျက်နှာကို ဖျက်ဆီးပစ်လိုက်တာ... သူလည်းသေသင့်တာပဲ"

Phuwin နားမလည်ပေ ။ Jack ကိစ္စမှာတရားခံပေါ်ခဲ့သည်မဟုတ်လား ။ အခုတော့ အစ်ကိုက သူသတ်တာဟုပြောဆိုနေသည်။

"Jackသူငယ်ချင်းနဲ့ အပေးအယူလုပ်ခဲ့တယ်...ဆင်းရဲတဲ့သူ့မိသားစုကို ထောက်ပံ့မှာမို့ ကိုယ့်အစား ထောင်ထဲဝင်ဖို့လေ.... ငွေမက်တဲ့ခွေးလိုကောင်က အမြီးနှန့်နေတာပဲ"

"ဒါပေမဲ့ သူဖွင့်ပြောလိုက်မှာကိုအစ်ကိုမကြောက်ဘူးလား"

"ဟားဟား... ကိုယ့်လက်ထဲမှာ သူ့မိသားစုရဲ့အသက်ရှိတာကို သူကောင်းကောင်းသိတယ်... သူသာအသေခံမှာ .. အမှန်တရားကို သူထုတ်မပြောရဲပါဘူး"

အစ်ကို့ရဲ့အခုပုံစံက Phuwin သိခဲ့သည့်စီနီယာအစ်ကိုနှင့် လားလားမျှမသက်ဆိုင်ပေ။ Phuwin ရဲ့အစ်ကိုက ကြင်နာပြီးနွေးထွေးသလောက် အခုကတော့ သွေးအေးပြီးရက်စက်သည် ။ လူသတ်တာကို ပုရွက်ဆိတ်သတ်တာလောက်သာ သဘောထားနေသည့်အစ်ကိုကတကယ့်ကို Psychopath ပင်။

"Phuwin အစ်ကို့ကိုကြောက်သွားလား"

Phuwinဘက်ကိုလှည့်လာပြီး အနားကိုတဖြေးဖြေးတိုးကပ်လာသည် ။ Phuwin တံတွေးကိုမျိုချ၍ အနောက်ကိုအနည်းငယ်ဆုတ်လိုက်မိ၏ ။

"ကိုယ့်ကိုမကြောက်ပါနဲ့... ကိုယ်ကမင်းကိုကာကွယ်ပေးဖို့ အရာအားလုံးကိုလုပ်ခဲ့တာ"

"ဒါပေမဲ့ လူသတ်ဖို့အထိတော့မလိုပါဘူးအစ်ကို"

"သူတို့သေတာကောင်းတာပဲလေ... ကိုယ်ကလေ ကိုယ့်မိဘတွေကိုမကာကွယ်နိုင်ခဲ့ဘူး Phuwin ရဲ့... ကိုယ့်မျက်စိရှေ့မှာတင်သေသွားခဲ့ရတာ... အဲ့တာကြောင့် ကိုယ်ချစ်ရတဲ့မင်းကိုတော့ အပြည့်အဝကာကွယ်ပေးချင်တာ... "

Phuwin မျက်ရည်တွေစီးကျလာတော့သည်။Phuwin အခုလိုအခြေအနေတွေကိုလိုချင်ခဲ့တာမဟုတ်ပေ ။ အစ်ကို့ကိုလည်း အခုလိုမျိုးမဖြစ်စေချင်ခဲ့ ... အစ်ကို့ကို Phuwin သိခဲ့တဲ့အစ်ကိုပဲ ဖြစ်စေချင်သည် ။

"မကြောက်ပါနဲ့ ကလေးရယ်... ကိုယ်ကမင်းကို အပြည့်အဝကာကွယ်ပေးမှာ"

Phuwin ခန္ဓာကိုယ်တစ်ခုလုံးကိုအားနှင့်ဖက်ပြီး ရင်ခွင်ထဲသို့ထိုးထည့်သည် ။ Phuwin ငိုရှိုက်ရုံသာတတ်နိုင်တော့၏ ။ အရာအားလုံးက နောက်ကျသွားခဲ့လေပြီ ....

"မင်း ကိုယ့်ဆီကနေထွက်မသွားနဲ့နော် Phuwin ... မင်းထွက်သွားဖို့ကြိုးစားရင် ဒီနံရံမှာ မင်းရဲ့ပုံရောက်လာလိမ့်မယ်... အဲ့တာကြောင့် ကိုယ့်ဆီကနေထွက်သွားဖို့မကြိုးစားနဲ့... ထွက်သွားဖို့ကြိုးစားတာနဲ့မင်းကိုသတ်ပစ်မှာ!"

"ကျ... ကျွန်တော်ထွက်မသွားပါဘူးအစ်ကို"

"မင်းက ကိုယ့်အပိုင်ပဲ Phuwin ... မင်းကကိုယ့်အပိုင်"

"ဟုတ်ပါတယ်... ကျွန်တော်ကအစ်ကို့အပိုင်ပါ"

လွတ်မြောက်ဖို့လမ်းလည်းမမြင် ၊ လွတ်မြောက်ဖို့ကိုလည်း Phuwin မကြိုးစားချင်တော့ပေ ။Phuwin အတွက်အရာအားလုံးလုပ်ပေးခဲ့သည့် ထိုလူ့ကို Phuwin ချစ်သည်။Psychopath တစ်ယောက်ဖြစ်နေခဲ့လျှင်တောင်မှ Phuwin ထိုလူ့ကို စွန့်လွှတ်ဖို့မဖြစ်နိုင်တော့ပေ ။အရာအားလုံး မမြင်ချင်ယောင် ၊ မသိချင်ယောင်ဆောင်၍သာ Phuwin နေလိုက်တော့မည် ။အချစ်နှင့် ပတ်သက်ပြီး Phuwin ကိုယ်တိုင်လည်း မျက်ကန်းတစ်ယောက်ဖြစ်သွားခဲ့ပြီမို့။

>>>>>>The End<<<<<<

There are no comments yet. Log in to be the first to leave a review!

Similar stories